ပစ္စည်းခွဲဝေခြင်းဆိုင်ရာအက်ဥပဒေ

ပစ္စည်းခွဲဝေခြင်းဆိုင်ရာအက်ဥပဒေ
[၁၈၉၃ ခုနှစ်၊အိန္ဒိယအက်ဥပဒေအမှတ် ၄]
(၁၈၉၃ ခုနှစ် မတ်လ ၉ ရက်)

ခြွင်းချက်
၁။ ဤအက်ဥပဒေပါ မည်သည့်အချက်ကမျှ အစိုးရသို့ အခွန်ထမ်းဆောင်ရသော မရွှေ့မပြောင်းနိုင်သည့် ပစ္စည်းခွဲဝေရန် ပြဋ္ဌာန်းထားသော ပြည်တွင်းဥပဒေတစ်ရပ်ရပ်ကို သက်ရောက်သည်ဟု မှတ်ယူခြင်း မရှိစေရ။
ပစ္စည်းခွဲဝေပေးရန် စွဲဆိုသောအမှုများတွင် ခွဲဝေပေးခြင်းအစား ရောင်းချရန်အတွက် အမိန့်ချမှတ်နိုင်သော တရားရုံး၏ အခွင့်အာဏာ
၂။ ပစ္စည်းခွဲဝေပေးရန် စွဲဆိုသော အမှုတစ်ခုခုတွင် မည်သည့်အချိန်၌မဆို ပစ္စည်းခွဲဝေရန် ဒီကရီတစ်ရပ်ချမှတ်ခဲ့ပြီးဖြစ်သည့်တိုင် ထိုအမှုသည် ဤအက်ဥပဒေအာဏာ သက်ရောက် ခြင်း မရှိမီက စွဲဆိုခဲ့သော အမှုဖြစ်လျှင် အမှုနှင့်သက်ဆိုင်သောပစ္စည်း၏ သဘောသဘာဝ ကြောင့်ဖြစ်စေ၊ အစုရှင် အရေအတွက်ကြောင့်ဖြစ်စေ၊ အခြားအထူးအကြောင်းတစ်ရပ်ရပ် ကြောင့်ဖြစ်စေ၊ ပစ္စည်းခွဲဝေခြင်းကို ကျိုးကြောင်းဆီလျော်စွာ သို့မဟုတ် အဆင်ပြေစွာ မပြုလုပ်နိုင်ကြောင်းနှင့် ပစ္စည်းများရောင်းချခြင်းနှင့် ရောင်းရငွေများကို ခွဲဝေပေးခြင်း သည် အစုရှင်အားလုံးအတွက် ပို၍အကျိုးရှိမည်ဖြစ်ကြောင်း တရားရုံးတွင် ပေါ်ပေါက်ပြီး တစ်ဦးချင်းသော်လည်းကောင်း၊ စုပေါင်း၍သော်လည်းကောင်း ဝေစုတစ်ခု သို့မဟုတ် ထို့ထက်ပို၍ ခံစားခွင့်ရှိသော အစုရှင် မည်သူမဆို ရောင်းချပေးရန် တောင်းဆိုခဲ့လျှင် တရားရုံးက သင့်သည်ဟု ထင်မြင်ပါက ပစ္စည်းကိုရောင်းချရန်နှင့် ရောင်းရငွေကို ဝေစု ခွဲဝေပေးရန် ညွှန်ကြားနိုင်သည်။
အစုရှင်က ဝယ်ယူရန်ဆောင်ရွက်သောအခါ လုပ်ထုံးလုပ်နည်း
၃။ (၁) အထက်တွင် ဖော်ပြခဲ့သော နောက်ဆုံးပုဒ်မအရ ရောင်းချရန်အတွက် ညွှန်ကြားရန် တရားရုံးကို တောင်းဆိုသည့်ကိစ္စတွင် ထိုသို့ရောင်းချရန် တောင်းဆိုသည့် အစုရှင် သို့မဟုတ် အစုရှင်များ၏ အစု သို့မဟုတ် အစုများ၏တန်ဖိုးအတိုင်း ဝယ်ယူခွင့်ပြုရန် အခြားအစုရှင် တစ်ဦးဦးက လျှောက်ထားလျှင် တရားရုံးသည် သင့်သည်ဟု ထင်မြင်သည့်အတိုင်း အစု သို့မဟုတ် အစုများ၏ တန်ဖိုးတစ်ရပ်ကို အမိန့်ချမှတ်၍ ထိုသို့ သတ်မှတ်ထားသော စျေးနှုန်းအတိုင်း ယင်းအစုများကို ဝယ်ယူခွင့်ပြုရန် လျှောက်ထားသည့် အစုရှင်သို့ ရောင်းချရန် ကမ်းလှမ်းရမည့်အပြင် ထိုကိစ္စရပ်အတွက် လိုအပ်သည့် သင့်လျော်သော ညွှန်ကြားချက်များ ပေးနိုင်သည်။
(၂) ပုဒ်မခွဲ(၁)တွင် ဖော်ပြသည့်အတိုင်း အစုရှင် နှစ်ဦး သို့မဟုတ် နှစ်ဦးထက်ပို၍ ဝယ်ယူခွင့်ပြုရန် သီးခြားစီ လျှောက်ထားလျှင် တရားရုံးက သတ်မှတ်သည့် တန်ဖိုးအထက် အမြင့်ဆုံးစျေးကို ပေးရန် ကမ်းလှမ်းသော အစုရှင်များသို့ အစု သို့မဟုတ် အစုများကို ရောင်းချရန် တရားရုံးက အမိန့်ချမှတ်ရမည်။
(၃) အဆိုပါ အစုရှင်သည် သတ်မှတ်ထားသော စျေးနှုန်းအတိုင်း အဆိုပါ အစု သို့မဟုတ် အစုများကို ဝယ်ယူရန် ဆန္ဒမရှိခဲ့လျှင် လျှောက်ထားသူ သို့မဟုတ် လျှောက်ထားသူများသည် လျှောက်ထားမှု သို့မဟုတ် လျှောက်ထားမှုများအတွက် ကုန်ကျစရိတ် သို့မဟုတ် ဆက်စပ်သည့် စရိတ်အားလုံးကို ပေးချေရန် တာဝန်ရှိစေရမည်။
နေအိမ်အစုအတွက် လွှဲပြောင်းခံရသူက စွဲဆိုသော ပစ္စည်းခွဲဝေပေးစေလိုမှု
၄။ (၁) ပစ္စည်းခွဲဝေခြင်း မပြုရသေးသည့် မိသားစုပိုင် နေအိမ်၏ အစုတစ်စုကို မိသားစုဝင်မဟုတ်သူ တစ်ဦးသို့ လွှဲပြောင်းပေးအပ်ပြီးဖြစ်၍ ထိုသို့ လွှဲပြောင်းပေးခြင်းခံရသူက ခွဲဝေပေးရန် တရားစွဲဆို သောအခါ မိသားစုဝင် တစ်ဦးဦးက အဆိုပါလွှဲပြောင်းသည့် အစုကိုဝယ်ယူရန် ဆောင်ရွက်ပါက တရားရုံးသည် သင့်သည်ဟု ထင်မြင်သည့်အတိုင်း အဆိုပါ အစု၏ တန်ဖိုးကို သတ်မှတ်ပြီး ထိုအစုရှင်သို့ အဆိုပါ အစုကို ရောင်းချရန် ညွှန်ကြား၍ ထိုကိစ္စရပ်အတွက် လိုအပ်သည့် သင့်လျော်သော ညွှန်ကြားချက်များ ပေးနိုင်သည်။
(၂) ပုဒ်မခွဲ (၁) တွင် ဖော်ပြထားသည့် အစုရှင်၏ မိသားစုဝင်နှစ်ဦး သို့မဟုတ် နှစ်ဦးထက်ပို၍ အဆိုပါ လွှဲပြောင်းရောင်းချမည့် အစုကို သီးခြားဝယ်ယူလို သည့်ကိစ္စတွင် တရားရုံးသည် အထက်တွင် ဖော်ပြခဲ့သော နောက်ဆုံးပုဒ်မ၏ ပုဒ်မခွဲ (၂) တွင် ဖော်ပြထားသည့် လုပ်ထုံးလုပ်နည်းကို လိုက်နာရမည်။
မသန်မစွမ်းအမှုသည်များကို ကိုယ်စားပြုခြင်း
၅။ ပစ္စည်းခွဲဝေပေးရန် စွဲဆိုသော အမှုတစ်ခုခုတွင် မသန်မစွမ်းသူ၏ ကိုယ်စား ဆောင်ရွက်ရန် တရားဝင် လွှဲအပ်ခြင်းခံရသောသူ တစ်ဦးဦးက အဆိုပါ တရားစွဲဆိုသည့် အမှုတွင် မသန်မစွမ်းသူ၏ ကိုယ်စားရောင်းချခြင်း သို့မဟုတ် ဝယ်ယူခွင့်ပြုရန်အတွက် တာဝန်ယူခြင်း သို့မဟုတ် လျှောက်ထားခြင်း ပြုလုပ်ခဲ့သော်လည်း တရားရုံးသည် မသန်မစွမ်းသော အမှုသည်၏ အကျိုးအတွက် ရောင်းချခြင်း သို့မဟုတ် ဝယ်ယူခြင်း ဖြစ်သည်ဟု မယူဆလျှင် အဆိုပါ တောင်းဆိုမှု၊ တာဝန်ယူမှု သို့မဟုတ် လျှောက်ထားမှု တစ်ရပ်ရပ်ကို ဆောင်ရွက်ရန် တာဝန် မရှိစေရ။
သီးသန့်သတ်မှတ်ထားသောစျေးပြိုင် စနစ် နှင့် အစုရှင်ကစျေးပြိုင်စနစ်ခေါ်ယူခြင်း
၆။ (၁) ပုဒ်မ ၂ အရ ရောင်းချမှုတိုင်းသည် သတ်မှတ်ထားသော စျေးပြိုင်စနစ်နှင့်အညီ ဖြစ်ရမည့်အပြင် အဆိုပါ စျေးပြိုင်စနစ်၏တန်ဖိုးကို တရားရုံးက သင့်သည်ဟု ထင်မြင်သည့်အတိုင်း သတ်မှတ်၍ အခါအားလျော်စွာ ပြောင်းလဲ နိုင်သည်။
(၂) အစုရှင်တစ်ဦးဦးသည် တရားရုံးက သင့်သည်ဟု ထင်မြင်သောငွေကို ပေးမည့် အစား အဆိုပါ ရောင်းချမှုအပေါ် စပေါ်ငွေပေးရန် မလိုခြင်း သို့မဟုတ် ဝယ်ယူမည့်ငွေ သို့မဟုတ် ယင်းငွေ၏တစ်စိတ်တစ်ပိုင်းအတွက် ခုနှိမ်ခြင်း သို့မဟုတ် ပေးဆပ်ရန် တာဝန်ရှိခြင်းတို့ဆိုင်ရာ စည်းကမ်းချက်များနှင့် အညီ လွတ်လပ်စွာ လေလံဆွဲနိုင်သည်။
(၃) အကယ်၍ နှစ်ဦး သို့မဟုတ် နှစ်ဦးထက်ပိုသောသူများအနက် တစ်ဦးဦးသည် ပစ္စည်းတွင် အစုရှင်ဖြစ်ပါက အဆိုပါ ရောင်းချမှု၌ လေလံစနစ်ကျင့်သုံးရာတွင် တူညီသော ငွေပမာဏကို အသီးသီးကြိုတင်ပေးခဲ့လျှင် အဆိုပါ လေလံဆွဲခြင်း သည် အစုရှင်၏ လေလံဆွဲခြင်းဖြစ်သည်။
ရောင်းချသည့် ကိစ္စတွင် လိုက်နာရမည့် လုပ်ထုံးလုပ်နည်း
၇။ အထက်တွင် ပြဋ္ဌာန်းထားသည်မှတစ်ပါး ဤဥပဒေအရ မည်သည့်ပစ္စည်းကိုမဆို ရောင်းချရန် ညွှန်ကြားသောအခါ အောက်ပါ လုပ်ထုံးလုပ်နည်းကို ဖြစ်နိုင်သရွေ့ ကျင့်သုံးရမည်။ ၎င်းတို့မှာ –
(က) အကယ်၍ တရားလွှတ်တော်၏ ဒီကရီ သို့မဟုတ် အမိန့်အရ ပစ္စည်းကို ရောင်းချခဲ့လျှင် အတွင်းဝန်က ပစ္စည်းရောင်းချရာတွင် မူလတရားမ စီရင်ပိုင်ခွင့်ရှိသော တရားရုံး၏ လုပ်ထုံးလုပ်နည်း၊
(ခ) အကယ်၍ အခြားတရားရုံး တစ်ရုံးရုံး၏ ဒီကရီ သို့မဟုတ် အမိန့်အရ ပစ္စည်းကို ရောင်းချသည့်ကိစ္စတွင် တရားလွှတ်တော်က နည်းဥပဒေများအရ အခါအားလျော်စွာ သတ်မှတ်သည့် လုပ်ထုံးလုပ်နည်းနှင့် အဆိုပါ နည်းဥပဒေ များကို မထုတ်ပြန်မီ ဒီကရီများကို အတည်ပြုရာတွင် ရောင်းချခြင်းနှင့် စပ်လျဉ်း၍ တရားမကျင့်ထုံးဥပဒေတွင် ပြဋ္ဌာန်းထားသည့် လုပ်ထုံးလုပ်နည်း။
ရောင်းချရန် ချမှတ်သည့် အမိန့်များကို ဒီကရီများဟု မှတ်ယူခြင်း
၈။ ရောင်းချမှုအတွက် တရားရုံးက ပုဒ်မ ၂၊ ၃ သို့မဟုတ် ၄ အရ ချမှတ်သော အမိန့်တစ်ရပ်ရပ်ကို တရားမကျင့်ထုံးဥပဒေ ပုဒ်မ ၂ ၏ အဓိပ္ပာယ်အတွင်း ကျရောက်သော ဒီကရီအဖြစ် မှတ်ယူရမည်။
တစ်စိတ်တစ်ပိုင်းခွဲဝေ ခြင်းနှင့် တစ်စိတ် တစ်ပိုင်းရောင်းချခြင်း အမိန့်ချရန် အာဏာကို ခြွင်းချက်ပြုခြင်း
၉။ ပစ္စည်းခွဲဝေပေးရန် စွဲဆိုသော အမှုတစ်ခုခုတွင် တရားစွဲဆိုမှုနှင့် သက်ဆိုင်သော ပစ္စည်း၏ တစ်စိတ်တစ်ပိုင်းကို ခွဲဝေရန်နှင့် ဤအက်ဥပဒေအရ ကျန်ရှိသောအပိုင်းကို ရောင်းချရန် တရားရုံးက သင့်သည်ဟု ထင်မြင်သည့် ဒီကရီကို ချမှတ်နိုင်သည်။

Leave a comment