ပင်လယ်ရေကြောင်းသွားလာမှု သဘောတူစာချုပ်များ အက်ဥပဒေ

ပင်လယ်ရေကြောင်းသွားလာမှု သဘောတူစာချုပ်များ အက်ဥပဒေ။
[၁၉၅၂ ခုနှစ်၊ အက်ဥပဒေ အမှတ် ၁၉။]
(၁၉၅၂ ခု၊ စက်တင်္ဘာလ ၃၀ ရက်။)
၁၉၁၀ ပြည့်နှစ်၊ ဘရပ်ဆယ်(လ်စ်)မြို့တွင် ကျင်းပသော အစည်းအဝေးကြီး၌ သင်္ဘောချင်း တိုက်မိသောမှုခင်းများနှင့် ပတ်သက်သည့် သဘောတူစာချုပ်ကို၎င်း၊ ဆယ်တင်မှုများနှင့် ပတ်သက်သည့် သဘောတူစာချုပ်ကို၎င်း၊ ဗြိတိသျှအစိုးရက မြန်မာနိုင်ငံအစိုးရကိုယ်စား လက်မှတ်ရေးထိုးခဲ့သည်လည်းတကြောင်း၊ ထိုသဘောတူစာချုပ်များကို အကျိုးသက်ရောက်စေခြင်းငှါ၊ ကုန်သင်္ဘောများနှင့် သက်ဆိုင်သောတရားဥပဒေတွင် ပြင်ဆင်ချက်များပြုလုပ်ရန် လိုအပ်သည်လည်းတကြောင်း၊ ထိုအကြောင်းများကြောင့် အောက်ပါအတိုင်း အက်ဥပဒေအဖြစ် ပြဋ္ဌာန်းလိုက်သည်။

သင်္ဘောချင်းတိုက်မိသော မှုခင်းစသည်များနှင့် ပတ်သက်သည့် ပြဋ္ဌာန်းချက်များ။
အမည်ကို အဓိပ္ပါယ် ကောက်ယူခြင်း။
၁။ ။ ဤအက်ဥပဒေကို၊ ၁၉၅၂ ခုနှစ်၊ ပင်လယ်ရေကြောင်းသွားလာမှု သဘောတူစာချုပ်များ အက်ဥပဒေဟု ခေါ်ရမည်။ ထို့ပြင် ဤအက်ဥပဒေသည် မြန်မာနိုင်ငံကုန်သင်္ဘောအက်ဥပဒေနှင့် တခုတည်းဖြစ်သည်ဟု အဓိပ္ပါယ်ကောက်ယူရမည်။
ဆုံးရှုံးမှုတာဝန်ခွဲဝေရန် နည်းလမ်း။
၂။ ။ (၁) သင်္ဘောနှစ်စင်း၏၊ သို့တည်းမဟုတ် နှစ်စင်းထက်ပိုသော သင်္ဘောများ၏အပြစ်ကြောင့် ၊ သင်္ဘောတစင်းကို ဖြစ်စေ၊ တစင်းထက်ပိုသော သင်္ဘောများကိုဖြစ်စေ၊ ထိုသင်္ဘောများ၏ကုန်စည်များကို၊ သို့တည်းမဟုတ် သင်္ဘော ကုန်တင်ခများကိုဖြစ်စေ၊သင်္ဘောပေါ်ရှိပစ္စည်းတခုခုကိုဖြစ်စေ၊ ပျက်စီး၊ သို့တည်း မဟုတ် ဆုံးရှုံးစေလျှင်၊ ထိုသို့ပျက်စီး၊ သို့တည်းမဟုတ် ဆုံးရှုံးသည့်အတွက် လျော်ကြေးပေးရန်တာဝန်ကို အပြစ်ရှိသည့်သင်္ဘောများက မိမိတို့အသီးသီး၏ အပြစ်ကြီးငယ်နှင့် လျော်ညီစွာ ခွဲဝေခံယူရမည်။
သို့ရာတွင်-
(က) ဖြစ်ပွါးသောအကြောင်းခြင်းရာအားလုံးကိုထောက်၍၊ သင်္ဘောအသီးသီး၏ အပြစ်မည်၍မည်မျှ ရှိသည်ကိုသေချာစွာ မဆုံးဖြတ်နိုင်လျှင် လျော်ကြေးပေးရန်တာဝန်ကို ညီတူညီမျှ ခံရမည်၊ ထို့ပြင်
(ခ) ဤပုဒ်မပါ စကားကြောင့် မည်သည့်သင်္ဘောမှာမျှ မိမိ၌ရှိသည့် အပြစ်ကြောင့်မဟုတ်ဘဲ၊ ပျက်စီး၊ သို့တည်းမဟုတ် ဆုံးရှုံးသည့်အတွက် လျော်ကြေးပေးရန် တာဝန်မရှိစေရ၊ ထို့ပြင်
(ဂ) ဤပုဒ်မပါစကားကြောင့်၊ သယ်ယူပို့ဆောင်မှု ပဋိညာဉ်စာချုပ်အရ၊ သို့တည်းမဟုတ် ပဋိညာဉ်စာချုပ် တခုခုအရ၊ လူတဦးတယောက်မှာရှိသည့်တာဝန်ကိုမထိခိုက်စေရ၊သို့တည်းမဟုတ် ပဋိညာဉ်စာချုပ်တခုခု အရဖြစ်စေ၊တရားဥပဒေပါ ပြဋ္ဌာန်းချက်တခုခုအရဖြစ်စေ၊ လူတဦးတယောက်အား ကင်းလွတ်ခွင့်ပြုထား သည့်တာဝန်ကို ထိုသူခံရမည်ဟူ၍သော်၎င်း၊ လူတဦးတယောက်ကတရားဥပဒေဖြင့် ပြဋ္ဌာန်းထားသည့် နည်းလမ်းအတိုင်း၊ မိမိ၏တာဝန်ကန့်သတ်နိုင်သည့် အခွင့်အရေးကို ထိခိုက်သည်ဟူ၍သော်၎င်း၊ အဓိပ္ပါယ် မကောက်ယူရ။
(၂) ဤအက်ဥပဒေပါကိစ္စများအလို့ငှါ “သင်္ဘောကုန်တင်ခ”ဆိုသည့်စကားရပ်တွင် သင်္ဘောခနှင့်ငှါးရမ်းခ များပါဝင်သည်။ ထို့ပြင် သင်္ဘောတစင်း၏အပြစ်ကြောင့်ဖြစ်ရသော ပျက်စီးမှုကို၊ သို့တည်းမဟုတ် ဆုံးရှုံးမှု ကိုရည်ညွှန်းရာ၌၊ ထိုအပြစ်ကြောင့် လျော်ကြေးအဖြစ် တရားစွဲဆို၍ အရတောင်းယူနိုင်သည့်ဆယ်တင်ခ၊ သို့တည်းမဟုတ် အခြားစရိတ်ကိုလည်း ရည်ညွှန်းသည်ဟူ၍ အဓိပ္ပါယ်ကောက် ယူရမည်။
ကိုယ်တွင်ဒဏ်ရာရရှိသည့်အတွက် လျော်ကြေး။
၃။ သင်္ဘောပေါ်ရှိ လူတဦးတယောက်သည်၊ ထိုသင်္ဘောနှင့်အခြားသင်္ဘောတစင်း၏၊ သို့တည်းမဟုတ် အခြားသင်္ဘောများ၏အပြစ်ကြောင့် အသက်ဆုံးရှုံးရလျှင်၊ သို့တည်းမဟုတ် ကိုယ်တွင်ဒဏ်ရာရရှိလျှင်၊ ထိုသင်္ဘောများ၏ပိုင်ရှင်များကပူးတွဲ၍၎င်း၊ သီးခြား၍၎င်း တာဝန်ခံရမည်။သို့ရာတွင် ဤပုဒ်မပါ စကား ကြောင့်လူတဦးတယောက်အပေါ်၌၊ ဒဏ်ရာရရှိသူကဖြစ်စေ၊ အသက်ဆုံးရှုံးသည့်အတွက် တရားစွဲဆိုပိုင်ခွင့် ရှိသူတဦးတယောက်က၊ သို့တည်းမဟုတ် တရားစွဲဆိုပိုင်ခွင့်ရှိသူများကဖြစ်စေ၊ စွဲဆိုသည့်အမှုတွင် တရား စွဲဆိုခံရသူက ဤပုဒ်မနှင့် မပတ်သက်ဘဲသုံးစွဲနိုင်မည့်၎င်း၏ထုချေ ပိုင်ခွင့်ကို ဆုံးရှုံးစေသည်ဟူ၍ အဓိပ္ပါယ် မကောက်ယူရ၊ သို့တည်းမဟုတ် ဤပုဒ်မနှင့် သက်ဆိုင်သည့်အမှုများ၌၊ တရား ဥပဒေဖြင့်ပြဋ္ဌာန်းထားသည့် နည်းလမ်းအတိုင်း မိမိ၏တာဝန်ကိုကန့်သတ်နိုင်သည့်လူတဦးတယောက်၏အခွင့်အရေးကို မထိခိုက်စေရ။
လျော်ကြေးဝေပုံကျအရ တောင်းယူ နိုင်သည့်အခွင့်အရေး။
၄။ ။ (၁) သင်္ဘောပေါ်ရှိလူတဦးတယောက်သည် ထိုသင်္ဘောနှင့် အခြားသင်္ဘောတစင်း၏၊ သို့တည်းမဟုတ် အခြား သင်္ဘောများ၏ အပြစ်ကြောင့်အသက်ဆုံးရှုံး၍၊ သို့တည်းမဟုတ် ကိုယ်တွင်ဒဏ်ရာများရရှိ၍ ထိုသင်္ဘောတစင်းစင်း၏ ပိုင်ရှင်များက ပေးရသည့်အချိုးကျလျော်ကြေးသည် ထိုသင်္ဘော၏အပြစ်အတွက် ပေးထိုက်သည့်အချိုးကျ လျော်ကြေးထက်ပိုလျှင်၊ ထိုပိုသောကြေးငွေကိုထိုသင်္ဘောပိုင်ရှင်များက အခြား သင်္ဘောတစင်း၏၊ သို့တည်းမဟုတ် အခြားသင်္ဘော များ၏ ပိုင်ရှင်များအပေါ်တွင်၊ ၎င်းတို့သင်္ဘော အသီးသီး၏ အပြစ်ကြီးငယ်နှင့်လျော်ညီသော လျော်ကြေးဝေပုံကျကို ပေးရန်အရ တောင်းယူနိုင်သည်။ သို့ရာတွင် လျော်ကြေးပေးရန်တာဝန်ကို၊ ဥပဒေအရဖြစ်စေ၊ ပဋိညာဉ်စာချုပ်အရ ဖြစ်စေ၊ ကန့်သတ်ထား သည့်၊ သို့တည်းမဟုတ် ကင်းလွတ်ခွင့်ပြုထားသည့်အကြောင်းကြောင့်သော်၎င်း၊ အခြား အကြောင်းတခုခု ကြောင့်သော်၎င်း၊ လျော်ကြေးအတွက်တရားစွဲဆိုပိုင်ခွင့်ရှိသူများက၊ ရှေးဦးစွာလျော်ကြေးအဖြစ်အရ မတောင်းယူနိုင်သည့် မည်သည့်ငွေကိုမျှ ထိုသို့ခွဲဝေ၍ အရတောင်းယူခြင်းမပြုရ။
(၂) တရားဥပဒေအရပြဋ္ဌာန်းထားသည့် အခြားသက်သာခွင့်အပြင်၊ အထက်တွင်ဆိုခဲ့သည့်အတိုင်း လျော်ကြေးဝေပုံကျကို တောင်းယူပိုင်ခွင့်ရှိသူများသည်၊ ထိုလျော်ကြေးဝေပုံကျကို အရတောင်းယူရန်ကိစ္စ အလို့ငှါ ဤအက်ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်ဘဲ၊ ရှေးဦးစွာလျော်ကြေးအတွက် တရားစွဲဆို ပိုင်ခွင့်ရှိသူများ ရရှိသည့်အခွင့်အရေးများနှင့် အာဏာများကိုရရှိရမည်။
ဆယ်တင်ခြင်းနှင့် ပတ်သက်သည့် ပြဋ္ဌာန်းချက်များ။
ပင်လယ်တွင် ဘေးအန္တရာယ်နှင့်ကြုံသူများအား အကူအညီပေးရန် ယေဘုယျတာဝန်ဝတ်တရား။
၅။ ။ (၁) သင်္ဘောသူကြီးသည်၊ သို့တည်းမဟုတ် သင်္ဘောကြီးကြပ် အုပ်ချုပ်သူသည်၊ ပင်လယ်တွင် အသက် ဆုံးရှုံးမည့် ဘေးအန္တရာယ်နှင့်ကြုံနေသူကိုတွေ့ရှိလျှင်၊ ထိုသူသည်၊ ပြည်ထောင်စု မြန်မာနိုင်ငံနှင့်စစ်ဖြစ် နေသည့် အခြားနိုင်ငံ၏ နိုင်ငံသားပင်ဖြစ်စေကာမူ၊ ထိုသူအားမိမိ၏သင်္ဘောကို၊ ၎င်း၊ သင်္ဘောသား များကို၎င်း၊ (ခရီးသည်များပါရှိလျှင်)ခရီးသည် များကို၎င်း၊အကြီးအကျယ်ဘေးအန္တရာယ်မဖြစ်စေဘဲ၊ တတ်နိုင်သမျှ အကူအညီပေးရမည်။ ထိုသို့ အကူအညီပေးရန် ပျက်ကွက်လျှင်၊ ထိုသင်္ဘောသူကြီးသည် ၊ သို့တည်းမဟုတ် ထိုသင်္ဘောကြီးကြပ်အုပ်ချုပ်သူသည်၊ ငွေငါးရာထက်မပိုသည့် ငွေဒဏ်ကို စီရင်ခြင်းခံရ မည်။
(၂) သင်္ဘောသူကြီးကဖြစ်စေ၊ သင်္ဘောကြီးကြပ်အုပ်ချုပ်သူကဖြစ်စေ၊ ဤပုဒ်မပါပြဋ္ဌာန်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်ခြင်းသည် ထိုသင်္ဘောသူကြီး၏၊ သို့တည်းမဟုတ် ထိုသင်္ဘောကြီးကြပ်အုပ်ချုပ်သူ၏၊ သို့တည်းမဟုတ် အခြားသူတဦးတယောက်၏ ဆယ်တင်ခရနိုင်သည့် အခွင့်အရေးကို ထိခိုက်ခြင်းမရှိစေရ။
နိုင်ငံခြားသင်္ဘောပိုင်ရှင် စသည်များကို ဆယ်တင်ခ ခွဲဝေပေးခြင်း။
၆။ ။ နိုင်ငံခြားသင်္ဘောပိုင်ရှင်များ၊ သင်္ဘောသူကြီး၊ ရေကြောင်းပြအရာရှိ၊ သင်္ဘောသားများနှင့် သင်္ဘောတွင် အလုပ်လုပ်ကိုင်သည့် အခြားသူများကို ဆယ်တင်ခခွဲဝေပေးခြင်းနှင့်ပတ်သက်၍ အငြင်းပွါးမှုပေါ်ပေါက်ခဲ့ သော်၊ ထိုဆယ်တင်ခကို ခွဲဝေပေးမည့်တရားရုံးက၊ သို့တည်းမဟုတ် ပုဂ္ဂိုလ်က၊ ထိုသင်္ဘောဆိုင်ရာ နိုင်ငံ၏ တရားဥပဒေနှင့်အညီ ခွဲဝေပေးရမည်။
အရပ်ရပ်ပြဋ္ဌာန်းချက်များ။
အမှုစွဲဆိုခြင်းကို ကန့်သတ်ခြင်း။
၇။ ။ သင်္ဘောတစင်းသည်၊ မိမိ၏အပြစ်သက်သက်၊ သို့တည်းမဟုတ် အပြစ်တစိတ်တဒေသကြောင့် အခြားသင်္ဘောတစင်းကိုဖြစ်စေ၊ ထိုသင်္ဘော၏ကုန်စည်ကို၊ သို့တည်းမဟုတ် ထိုသင်္ဘောကုန်တင်ခကို ဖြစ်စေ၊ ထိုသင်္ဘောပေါ်ရှိပစ္စည်း တခုခုကိုဖြစ်စေပျက်စီးစေခြင်း၊ သို့တည်းမဟုတ် ဆုံးရှုံးခြင်းနှင့် ပတ်သက် ၍သော်၎င်း၊ ထိုသင်္ဘောပေါ်ရှိလူတဦး တယောက်၏ အသက်ဆုံးရှုံးခြင်း၊ သို့တည်းမဟုတ် ကိုယ်တွင်ဒဏ် ရာရရှိခြင်းနှင့်ပတ်သက်၍သော်၎င်း၊ ဆယ်တင်သည့်ကိစ္စများကို ဆောင်ရွက်ခြင်းနှင့်ပတ်သက်၍သော်၎င်း၊ ထိုအပြစ်ရှိသည့်သင်္ဘောထံမှ၊ သို့တည်းမဟုတ် ထိုသင်္ဘော၏ ပိုင်ရှင်များထံမှလျော်ကြေး၊ သို့တည်းမဟုတ် ပစ္စည်းလက်ရှိထားခွင့်ရထိုက်ကြောင်း တောင်းဆိုသည့်အမှုကို၊ ယင်းသို့ ပျက်စီးခြင်း၊ သို့တည်းမဟုတ် ဆုံးရှုံးခြင်းဖြစ်စေသည့်၊ သို့တည်းမဟုတ် ဒဏ်ရာရရှိစေသည့်၊ သို့တည်းမဟုတ် ဆယ်တင်သည့်ကိစ္စ ဆောင်ရွက်ပေးရသည့် နေ့ရက်မှ ၂ နှစ်အတွင်း စတင်မစွဲဆိုလျှင်၊ နောင်မည်သည့်အခါမျှ စွဲဆိုပိုင်ခွင့် မရှိစေရ။ ထို့ပြင်အသက်ဆုံးရှုံးသည့်၊ သို့တည်းမဟုတ် ကိုယ်တွင်ဒဏ်ရာရရှိသည့်အတွက် အချိုးကျ လျော်ကြေး ထက်ပို၍ပေးထားသည့်ကြေးငွေနှင့်စပ်လျဉ်း၍ လျော်ကြေးဝေပုံကျ တောင်းဆိုသည့်အမှုကို၊ ထိုလျော်ကြေးပေးသည့် နေ့ရက်မှ တနှစ်အတွင်း စတင်မစွဲဆိုလျှင်၊ နောင်မည်သည့်အခါမျှ၊ ဤအက်ဥပဒေ အရ စွဲဆိုပိုင်ခွင့်မရှိစေရ။
သို့ရာတွင် ဤပုဒ်မနှင့် သက်ဆိုင်သည့်အမှုကို စီရင်ပိုင်ခွင့်ရှိသောတရားရုံးက၊ တရားရုံး၏နည်းဥပဒေများ နှင့်အညီ၊ အဆိုပါကာလအပိုင်းအခြားကို၊ မိမိသင့်သည်ထင်မြင်သည့်ကာလအပိုင်းအခြားသို့၊ မိမိသင့်သည် ထင်မြင်သည့် စည်းကမ်းချက်များဖြင့် တိုးချဲ့ပေးနိုင်သည်။ ထို့ပြင်တရားရုံးကအဆိုပါကာလ အပိုင်းအခြား အတွင်းတရားခံသင်္ဘောကို၊ တရားရုံး၏ စီရင်ပိုင်ခွင့်ရှိသော နယ်နိမိတ်အတွင်းတွင်ဖြစ်စေ၊ တရားလို၏ သင်္ဘောဆိုင်ရာနိုင်ငံ၏၊ သို့တည်းမဟုတ် တရားလိုနေထိုင်သည့်၊ သို့တည်းမဟုတ် တရားလို၏အဓိက လုပ်ငန်းဌာနတည်ရှိသည့်နိုင်ငံ၏ပင်လယ်နယ်နိမိတ် အတွင်းတွင်ဖြစ်စေ၊ ဖမ်းဆီးရန်အခါအခွင့်မရသေးဟု ယူဆလျှင်၊ အဆိုပါကာလ အပိုင်းအခြားကို၊ ဖမ်းဆီးရန်အခါ အခွင့်ရနိုင်မည့် ကာလအပိုင်းအခြားထိ တိုးချဲ့ပေးရမည်။
အက်ဥပဒေသက်ဆိုင်ခြင်း။
၈။ ။ (၁) ဤအက်ဥပဒေသည်၊ ၎င်းကို အတည်မပြုမီစွဲဆိုသည့်အမှုများနှင့် မသက်ဆိုင်ရ။ ဤအက်ဥပဒေကို အတည်မပြုဘိသကဲ့သို့ ထိုအမှုအားလုံးကို ဆုံးဖြတ်ရမည်။
(၂) “ပိုင်ရှင်များ” ဆိုသည့် စကားရပ်တွင်၊ ပိုင်ရှင်များအပြင် သင်္ဘော၏အပြစ်အတွက် တာဝန်ရှိသည့် အခြားသူများလည်း ပါဝင်ဘိသကဲ့သို့၊ ဤအက်ဥပဒေသည် ထိုအခြားသူများနှင့်လည်း သက်ဆိုင်ရမည်။ ထို့ပြင်သင်္ဘောပိုင်ရှင်များသည်၊ သင်္ဘောကို အငှါးချထားသောကြောင့်ဖြစ်စေ၊ လွှဲပြောင်းထားသောကြောင့်ဖြစ်စေ၊ အခြားအကြောင်း တရပ်ရပ်ကြောင့်ဖြစ်စေ၊ သင်္ဘောသွားလာမှုနှင့် စီမံကြီးကြပ်မှုအတွက် တာဝန်မရှိလျှင်၊ ပိုင်ရှင်များဆိုသည့် ရည်ညွှန်းချက်များအစား၊ တာဝန်ရှိနေသော သင်္ဘောအငှါးယူထားသူများ၊ သို့တည်းမဟုတ် အခြားသူများဆိုသည့် ရည်ညွှန်းချက်များကို ထည့်သွင်းထားဘိသကဲ့သို့ ဤအက်ဥပဒေကို အဓိပ္ပါယ်ကောက်ယူရမည်။

—– Footnote —–
(၁) ပင်လယ်ရေကြောင်းသွားလာမှု သဘောတူစာချုပ်များ အက်ဥပဒေ။ = မြန်မာနိုင်ငံပြန်တမ်း၊ ၁၉၅၂ ခု၊ အပိုင်း ၁၊ စာမျက်နှာ ၉၅၃ တွင် ထုတ်ပြန်ကျေညာသည်။

[ပင်ရင်း- The Burma Code Volume (VII) မှ ကူးယူတင်ပြသည်။]

Leave a comment