ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော်
နိုင်ငံတော်ကောင်စီ
နိုင်ငံသားများ၏ အခွင့်အရေးများကာကွယ်စောင့်ရှောက်ပေးသည့် ဥပဒေ
[၁၉၇၅ ခုနှစ်၊ ပြည်သူ့လွှတ်တော် ဥပဒေအမှတ် ၂]
ရန်ကုန်မြို့၊ ၁၃၃၆ ခု၊ ပြာသိုလပြည့်ကျော် ၁၀ ရက်။
(၁၉၇၅ ခု၊ ဖေဖေါ်ဝါရီလ ၅ ရက်။)
အောက်ဖေါ်ပြပါ ဥပဒေကို ထုတ်ပြန်ကြေညာသည်။
နိဒါန်း
အခြေခံဥပဒေနှင့် ရှိရင်းစွဲဥပဒေများပါ အခွင့်အရေးများကို နိုင်ငံသားများ အပြည့်အဝရရှိနိုင်စေရန် လည်းကောင်း၊ ယင်းအခွင့်အရေးတရပ်ရပ် ထိခိုက်ဆုံးရှုံးမှုမရှိစေရေးအတွက် ကာကွယ်စောင့်ရှောက်ပေးရန် လည်းကောင်း ပြည်သူ့လွှတ်တော်သည် အောက်ပါဥပဒေကို ပြဋ္ဌာန်းလိုက်သည်။
အခန်း(၁)
ဥပဒေအမည်
၁။ ဤဥပဒေကို နိုင်ငံသားများ၏ အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ပေးသည့် ဥပဒေ ဟု ခေါ်တွင်စေရမည်။
အခန်း(၂)
နိုင်ငံသားများ၏ အခွင့်အရေးများကို အပြည့်အဝရရှိစေခြင်း
၂။ နိုင်ငံသားတိုင်းသည် အခြေခံဥပဒေပါ အခွင့်အရေးများကိုလည်းကောင်း၊ ရှိရင်းစွဲဥပဒေများပါ အခွင့်အရေး များကိုလည်းကောင်း အပြည့်အဝရရှိစေရမည်။
၃။ နိုင်ငံသားတိုင်း၏ တရားဝင်ခံစားခွင့်ရှိသော အခွင့်အရေးများ ရရှိစေရန် နိုင်ငံတော်က ကာကွယ်စောင့်ရှောက် ပေးရမည်။
အခန်း(၃)
တိုင်တန်းခြင်းနှင့် အရေးယူဆောင်ရွက်ပေးခြင်း
၄။ နိုင်ငံသားတိုင်းသည် မိမိ၏တရားဝင်ခံစားခွင့်ရှိသော အခွင့်အရေးနှင့် စပ်လျဉ်းသည့် နစ်နာချက်ကို သက်ဆိုင် ရာအာဏာပိုင် အဖွဲ့အစည်းသို့ဖြစ်စေ၊ ယင်းအဖွဲ့အစည်းထက် အဆင့်မြင့်သော အာဏာပိုင်အဖွဲ့အစည်းသို့ဖြစ်စေ တိုင်တန်းနိုင်သည်။
၅။ တိုင်တန်းလွှာရရှိသော အာဏာပိုင်အဖွဲ့အစည်းသည် တိုင်တန်းလွှာပါ နစ်နာချက်နှင့်စပ်လျဉ်း၍ လိုအပ်သလို အမြန်ဆုံး စုံစမ်းစစ်ဆေးရမည်။ အဆင့်နိမ့်သော အာဏာပိုင်အဖွဲ့အစည်းကိုလည်း အမြန်ဆုံး စုံစမ်းစစ်ဆေး၍ တင်ပြစေရန် ညွှန်ကြားနိုင်သည်။
၆။ တိုင်တန်းလွှာပါ နစ်နာချက်သည် တရားဝင်ခံစားခွင့်ရှိသော အခွင့်အရေးနှင့်စပ်လျဉ်းသည့် နစ်နာချက် မှန်ကန်ကြောင်း တွေ့ရှိရသည့်အခါ တိုင်တန်းလွှာရရှိသော အာဏာပိုင် အဖွဲ့အစည်းသည် အရေးယူ ဆောင်ရွက် ပေးပိုင်ခွင့်ရှိလျှင် တိုင်တန်းသူ၏ တရားဝင် ခံစားခွင့်ရှိသော အခွင့်အရေးကို အပြည့်အဝရရှိစေရေးအတွက် အရေးယူ ဆောင်ရွက်ပေးရမည်။
၇။ တိုင်တန်းလွှာပါ နစ်နာချက်သည် တရားဝင် ခံစားခွင့်ရှိသော အခွင့်အရေးနှင့် စပ်လျဉ်းသည့် နစ်နာချက် မှန်ကန်ကြောင်းတွေ့ရှိသော်လည်း တိုင်တန်းလွှာရရှိသော အာဏာပိုင် အဖွဲ့အစည်းက အရေးယူဆောင်ရွက် ပေးပိုင်ခွင့်မရှိလျှင် အရေးယူဆောင်ရွက်ပေးပိုင်ခွင့်ရှိသော အာဏာပိုင် အဖွဲ့အစည်းသို့ တိုင်တန်းသူ၏ တရားဝင် ခံစားခွင့်ရှိသော အခွင့်အရေး အပြည့်အဝရရှိစေရေးအတွက် ဆက်လက်ဆောင်ရွက်နိုင်ရန် တွေ့ရှိချက်ကို တိုင် တန်းလွှာနှင့်အတူ ပေးပို့ရမည်။
၈။ တိုင်တန်းလွှာပါ နစ်နာချက်သည် တရားဝင်ခံစားခွင့်ရှိသော အခွင့်အရေးနှင့် စပ်လျဉ်းသည့် နစ်နာချက် မဟုတ်ကြောင်း တွေ့ရှိလျှင် တိုင်တန်းလွှာကို ပယ်နိုင်သည်။
၉။ တိုင်တန်းလွှာရရှိသော အာဏာပိုင်အဖွဲ့အစည်းသည် တိုင်တန်းလွှာနှင့် စပ်လျဉ်းသည့် ဆောင်ရွက်ချက်ကို တိုင်တန်းသူထံ အကြောင်းကြားရမည်။
အခန်း(၄)
နိုင်ငံသားများ၏အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ပေးခြင်း
၁၀။ ဗဟိုနှင့်ဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်း တရပ်ရပ်တွင် ပါဝင်သော အဖွဲ့ဝင်တစ်ဦးဦး သို့မဟုတ် ဗဟို နှင့်ဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်း တရပ်ရပ်သည် နိုင်ငံသားတိုင်း၏ တရားဝင်ခံစားခွင့်ရှိသော အခွင့် အရေးများ ထိခိုက်ဆုံးရှုံးမှု မရှိစေရန် ကာကွယ်စောင့်ရှောက်ပေးရမည်။
၁၁။ ဝန်ထမ်းတဦးဦး သို့မဟုတ် ဝန်ထမ်းအဖွဲ့အစည်း တရပ်ရပ်သည် မိမိ၏ လုပ်ပိုင်ခွင့်ဘောင်အတွင်း နိုင်ငံသား တိုင်း၏ တရားဝင်ခံစားခွင့်ရှိသော အခွင့်အရေးများ ထိခိုက်ဆုံးရှုံးမှု မရှိစေရန် ကာကွယ်စောင့်ရှောက်ပေးရ မည်။
၁၂။ နိုင်ငံသားတဦးဦး၏ တရားဝင်ရပိုင်ခွင့်ရှိသော အခွင့်အရေးတရပ်ရပ် ဆုံးရှုံးနစ်နာကြောင်း တွေ့ရှိလျှင် သက်ဆိုင်ရာ ဗဟိုနှင့် ဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းတရပ်ရပ်တွင် ပါဝင်သော အဖွဲ့ဝင် သို့မဟုတ် သက်ဆိုင်ရာ ဗဟိုနှင့် ဒေသဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းတရပ်ရပ် သို့မဟုတ် သက်ဆိုင်ရာဝန်ထမ်းတဦးဦး သို့မဟုတ် သက်ဆိုင်ရာ ဝန်ထမ်းအဖွဲ့အစည်း တရပ်ရပ်သည် နစ်နာဆုံးရှုံးသည့် အခွင့်အရေးများ တရားဝင် အပြည့်အဝရရှိစေရေးအတွက် လိုအပ်သလို အရေးယူ ဆောင်ရွက်ပေးရမည်။
၁၃။ သက်ဆိုင်ရာ ဗဟိုနှင့် ဒေသဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းတရပ်ရပ်တွင် ပါဝင်သော အဖွဲ့ဝင်တဦးဦး သို့မဟုတ် သက်ဆိုင်ရာဗဟိုနှင့်ဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်း တရပ်ရပ်သည် လုံလောက်သောအကြောင်း တစုံတရာမရှိပဲ နိုင်ငံသားတဦးဦး၏ တရားဝင်ရပိုင်ခွင့်ရှိသော အခွင့်အရေးနှင့် စပ်လျဉ်းသည့် နစ်နာချက်ကို တရားဝင်ရရှိစေရေးအတွက် အရေးယူဆောင်ရွက်ပေးရန် ပျက်ကွက်လျှင် နိုင်ငံတော်ကောင်စီက လိုအပ်သလို အရေးယူရမည်။
၁၄။ သက်ဆိုင်ရာဝန်ထမ်းတဦးဦး သို့မဟုတ် သက်ဆိုင်ရာဝန်ထမ်းအဖွဲ့အစည်းတရပ်ရပ်သည် လုံလောက်သော အကြောင်း တစုံတရာမရှိပဲ နိုင်ငံသားတဦးဦး၏ တရားဝင်ရပိုင်ခွင့်ရှိသော အခွင့်အရေးနှင့် စပ်လျဉ်းသည့် နစ်နာချက်ကို တရားဝင်ရရှိစေရေးအတွက် အရေးယူဆောင်ရွက်ပေးရန် ပျက်ကွက်လျှင် သက်ဆိုင်ရာ ဗဟို အာဏာပိုင်အဖွဲ့အစည်းက လိုအပ်သလို အရေးယူရမည်။
၁၅။ နိုင်ငံသားတဦးဦးက မိမိတရားဝင်ရပိုင်ခွင့်ရှိသော အခွင့်အရေး တရပ်ရပ်နှင့် စပ်လျဉ်း၍ အကြံဉာဏ် တောင်းခံလာလျှင် ပြည်သူ့ဥပဒေအကျိုးဆောင်အဖွဲ့ သို့မဟုတ် အဆင့်ဆင့်သော ဥပဒေဝန်ထမ်းများက လိုအပ် သော အကြံဉာဏ်များ ပေးရမည်။
၁၆။ ပြည်သူ့ဥပဒေ အကျိုးဆောင်အဖွဲ့သည် နိုင်ငံသားတဦးဦး၏ တရားဝင်ရပိုင်ခွင့်ရှိသော အခွင့်အရေး တရပ်ရပ် နစ်နာဆုံးရှုံးကြောင်း တွေ့ရှိပါက ယင်းအခွင့်အရေးကို တရားဝင်ခံစားပိုင်ခွင့် ရရှိစေရေးအတွက် သက် ဆိုင်ရာတို့နှင့် ညှိနှိုင်း၍ ဆောင်ရွက်ပေးရမည်။ လိုအပ်ပါက နိုင်ငံတော်ကောင်စီသို့ တင်ပြရမည်။
အခန်း(၅)
အခွင့်အာဏာအလွဲသုံးစားပြုသဖြင့် နစ်နာ၍ အရေးယူခြင်း
၁၇။ ဗဟိုနှင့် ဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်း တရပ်ရပ်တွင် ပါဝင်သော အဖွဲ့ဝင်တဦးဦး သို့မဟုတ် ဗဟိုနှင့် ဒေသဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းတရပ်ရပ် သို့မဟုတ် ဝန်ထမ်းတစ်ဦးဦး သို့မဟုတ် ဝန်ထမ်းအဖွဲ့အစည်း တရပ်ရပ်က ပြည်သူတို့ အပ်နှင်းထားသော အခွင့်အာဏာကို အလွဲသုံးစားပြုသဖြင့် နိုင်ငံသားတဦးဦး၏ အခွင့် အရေးတရပ်ရပ် သို့မဟုတ် အကျိုးခံစားခွင့်တရပ်ရပ် ထိခိုက်နစ်နာခဲ့လျှင် ယင်းပုဂ္ဂိုလ် သို့မဟုတ် ယင်းအဖွဲ့ အစည်းကို ရှိရင်းစွဲဥပဒေများနှင့်အညီ တရားစွဲဆိုပိုင်ခွင့်ရှိသည်။ ထိခိုက်နစ်နာမှုအတွက်ကိုလည်း ရှိရင်းစွဲ ဥပဒေများနှင့်အညီ လျော်ကြေးတောင်းခံနိုင်ခွင့်ရှိသည်။
အခန်း(၆)
အထွေထွေ
၁၈။ တရားဝင်အပ်နှင်းထားသော လုပ်ပိုင်ခွင့်များအရ ဥပဒေစည်းကမ်းနှင့်အညီ မိမိတာဝန်ကို သဘောရိုးဖြင့် နိုင်စွမ်းသမျှ ထမ်းဆောင်သော အာဏာပိုင်အဖွဲ့အစည်း တရပ်ရပ်တွင်ပါဝင်သော အဖွဲ့ဝင်တဦးဦး သို့မဟုတ် အာဏာပိုင်အဖွဲ့အစည်းတရပ်ရပ် သို့မဟုတ် ဝန်ထမ်းတဦးဦး သို့မဟုတ် ဝန်ထမ်းအဖွဲ့အစည်း တရပ်ရပ်၏ လုပ်ဆောင်ချက်သည် ဤဥပဒေအရ ပြစ်မှုသော်လည်းကောင်း၊ တရားမကြောင်း တာဝန်သော်လည်းကောင်း မမြောက်စေရ။
(ပုံ) နေဝင်း၊
ဥက္ကဋ္ဌ၊
နိုင်ငံတော်ကောင်စီ၊
ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော်။
ရန်ကုန်မြို့၊ ၁၃၃၆ ခု၊ ပြာသိုလပြည့်ကျော် ၁၀ ရက်။
(၁၉၇၅ ခု၊ ဖေဖေါ်ဝါရီလ ၅ ရက်။)
အမိန့်အရ၊
(ပုံ) မြကျော်၊
ညွှန်ကြားရေးမှူးချုပ်၊
ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော်၊
နိုင်ငံတော်ကောင်စီရုံး။