နိုင်ငံတော်ပိုင် စီးပွားရေးလုပ်ငန်းများ ဥပဒေ

ပြည်ထောင်စုမြန်မာနိုင်ငံတော်
နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့
နိုင်ငံတော်ပိုင် စီးပွားရေးလုပ်ငန်းများ ဥပဒေ
[နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ဥပဒေ အမှတ် ၉/၈၉]
ရန်ကုန်မြို့၊ ၁၃၅၀ ပြည့်နှစ်၊ တပေါင်းလပြည့်ကျော် ၁၀ ရက်
(၁၉၈၉ ခုနှစ်၊ မတ်လ ၃၁ ရက်)
[ ပြင်ဆင် : 04.03.1997 ]
နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့သည် အောက်ပါဥပဒေကို ပြဋ္ဌာန်းလိုက်သည်။

အခန်း (၁)
အမည်နှင့် အဓိပ္ပာယ်ဖော်ပြချက်
၁။ ဤဥပဒေကို နိုင်ငံတော်ပိုင် စီးပွားရေးလုပ်ငန်းများ ဥပဒေဟု ခေါ်တွင်စေရမည်။
၂။ ဤဥပဒေတွင်ပါရှိသော အစိုးရဆိုသည့်စကားရပ်တွင် အစိုးရလက်အောက်ရှိ ဦးစီးဌာန၊ ကော်ပိုရေး ရှင်းနှင့် အခြားအဖွဲ့အစည်း များပါဝင်သည်။

အခန်း (၂)
အစိုးရကသာ လုပ်ကိုင်ဆောင်ရွက်မည့် စီးပွားရေးလုပ်ငန်းများ
၃။ အောက်ဖော်ပြပါ စီးပွားရေးလုပ်ငန်းများကို အစိုးရကသာ နိုင်ငံတော်ပိုင် စီးပွားရေးလုပ်ငန်းများ အဖြစ် လုပ်ကိုင် ဆောင်ရွက် ခွင့်ရှိသည်-
(က) ကျွန်းသစ် ထုတ်လုပ်ခြင်းလုပ်ငန်းနှင့် ပြည်တွင်းပြည်ပ ရောင်းချခြင်းလုပ်ငန်း၊
(ခ) ကျေးရွာလူထုက စိုက်ပျိုးပြုစုထားသော မိမိသုံးကျေးရွာပိုင် ထင်းစိုက်ခင်းများမှအပ သစ်တော စိုက်ခင်းပြုစုပျိုးထောင်ခြင်း လုပ်ငန်းနှင့် ထိန်းသိမ်းခြင်းလုပ်ငန်း၊
(ဂ) ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေထုတ်လုပ် ဝယ်ယူရောင်းချခြင်းလုပ်ငန်းနှင့် ရေနံနှင့် သဘာဝ ဓာတ်ငွေ့ထွက်ပစ္စည်းများ ထုတ်လုပ်ခြင်းလုပ်ငန်း၊
(ဃ) ပုလဲ၊ ကျောက်စိမ်းနှင့် တွင်းထွက်ကျောက်မျက်ရတနာပစ္စည်းများရှာဖွေထုတ်လုပ်ခြင်းလုပ်ငန်းနှင့် ပြည်ပသို့တင်ပို့ ရောင်းချခြင်းလုပ်ငန်း၊
(င) အစိုးရက သုတေသနပြုလုပ်ရန် သတ်မှတ်ထားသော အင်းများ၌ ငါးပုဇွန် မွေးမြူထုတ်လုပ်ခြင်း လုပ်ငန်း၊
(စ) စာတိုက်နှင့်ကြေးနန်း ဆက်သွယ်ရေးလုပ်ငန်း၊
(ဆ) လေကြောင်းပို့ဆောင်ရေးလုပ်ငန်းနှင့် ရထားပို့ဆောင်ရေးလုပ်ငန်း၊
(ဇ) ဘဏ်လုပ်ငန်းနှင့် အာမခံလုပ်ငန်း၊
(ဈ) အသံလွှင့် လုပ်ငန်းနှင့် ရုပ်မြင်သံကြား ထုတ်လွှင့်ခြင်းလုပ်ငန်း၊
(ည) သတ္တုရှာဖွေ ထုတ်လုပ်ခြင်းလုပ်ငန်းနှင့် ပြည်ပသို့ တင်ပို့ရောင်းချခြင်းလုပ်ငန်း၊
(ဋ) ဥပဒေအရ ပုဂ္ဂလိကနှင့် သမဝါယမတို့အား သတ်မှတ်ခွင့်ပြုသော လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး လုပ်ငန်းမှအပ အခြား လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်း၊
(ဌ) အစိုးရအဖွဲ့က အခါအားလျော်စွာ အမိန့်ကြော်ငြာစာဖြင့် သတ်မှတ်သည့် လုံခြုံရေးနှင့် ကာကွယ်ရေး ဆိုင်ရာ ပစ္စည်းထုတ်လုပ် ခြင်းလုပ်ငန်း။
၄။ အစိုးရအဖွဲ့သည် ပုဒ်မ ၃ အရ အစိုးရကသာ လုပ်ကိုင်ဆောင်ရွက်ရန် သတ်မှတ်ထားသော စီးပွားရေး လုပ်ငန်းတစ်ရပ်ရပ်ကို ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ အကျိုးစီးပွားအလို့ငှာ အစိုးရနှင့်အခြား မည်သည့်ပုဂ္ဂိုလ် သို့မဟုတ် မည်သည့်စီးပွားရေးအဖွဲ့ အစည်းကမဆို ဖက်စပ်လုပ်ကိုင် ဆောင်ရွက်နိုင်ရန် ဖြစ်စေ၊ ပုဂ္ဂိုလ်တစ်ဦးဦး သို့မဟုတ် စီးပွားရေးအဖွဲ့အစည်းတစ်ခုခုက စည်းကမ်းသတ်မှတ်ချက်ဖြင့် လုပ်ကိုင်ဆောင်ရွက်နိုင်ရန်ဖြစ်စေ အမိန့်ကြော်ငြာစာထုတ်ပြန်၍ ခွင့်ပြု နိုင်သည်။
၅။ အစိုးရအဖွဲ့သည် ပုဒ်မ ၃အရ အစိုးရကသာ လုပ်ကိုင်ဆောင်ရွက်ရန် သတ်မှတ်ထားသော စီးပွားရေး လုပ်ငန်းများမှ ထွက်ရှိသည့် သို့မဟုတ် ထုတ်လုပ်သည့် သို့မဟုတ် ယင်းလုပ်ငန်းများတွင် အသုံးပြုသည့် ပစ္စည်းများကို ဝယ်ယူခြင်း၊ ရယူခြင်း၊ ပြုပြင်မွမ်းမံခြင်း၊ သိုလှောင်ခြင်း၊ လက်ဝယ် ထားရှိခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ ရောင်းချခြင်း၊ လွှဲပြောင်းပေးခြင်းတို့နှင့်စပ်လျဉ်းပြီး အမိန့်ကြော်ငြာ စာထုတ် ပြန်၍ စည်းကမ်းသတ်မှတ်နိုင်သည် သို့မဟုတ် တားမြစ်နိုင်သည်။

အခန်း (၃)
အခြားစီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ခွင့်
၆။ မည်သူမဆို ပုဒ်မ၃ အရ အစိုးရကသာ လုပ်ကိုင်ဆောင်ရွက်ရန် သတ်မှတ်ထားသော စီးပွားရေး လုပ်ငန်းများမှအပ အခြား မည်သည့် စီးပွားရေးလုပ်ငန်းကိုမဆို လုပ်ကိုင်ဆောင်ရွက်ပိုင်ခွင့်ရှိသည်။
၇။ ပုဒ်မ ၆ ပါ ပြဋ္ဌာန်းချက်ကို မထိခိုက်စေဘဲ အစိုးရသည် ပုဒ်မ ၃ အရ အစိုးရကသာ လုပ်ကိုင် ဆောင်ရွက်ရန်သတ်မှတ် ထားသော စီးပွားရေးလုပ်ငန်းများအပြင် ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ အကျိုးစီးပွားအလို့ငှာ လိုအပ်သည်ဟု ယူဆပါက အခြားစီးပွားရေး လုပ်ငန်းတစ်ရပ်ရပ်ကိုလည်း လုပ်ကိုင် ဆောင်ရွက်နိုင်သည်။

အခန်း (၄)
အဖွဲ့အစည်းများ ဖွဲ့စည်းပိုင်ခွင့်
၈။ (က) အစိုးရအဖွဲ့သည် ပုဒ်မ ၃ နှင့် ပုဒ်မ ၇ ပါစီးပွားရေးလုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်နိုင်ရန် အမိန့်ကြော်ငြာစာ ထုတ်ပြန်၍-
(၁) တာဝန်ခံ လုပ်ကိုင်ဆောင်ရွက်ရမည့် အဖွဲ့အစည်းများကို ဖွဲ့စည်းပြီး ယင်းတို့၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များကို သတ်မှတ်ပေးရမည်၊
(၂) ဤဥပဒေစတင်အာဏာတည်ချိန်တွင် ဖွဲ့စည်းပြီးဖြစ်သည့် အဖွဲ့အစည်းများကို လိုအပ်ပါက ပြင်ဆင် ဖွဲ့စည်းပြီး ယင်းတို့၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များကို ပြင်ဆင်သတ်မှတ်ပေးနိုင်သည်၊
(၃) လိုအပ်ပါက ပုဒ်မခွဲငယ် (၁)နှင့် (၂)ပါ အဖွဲ့အစည်းများကို ကြီးကြပ်ကွပ်ကဲနိုင်ရန် အဖွဲ့အစည်း တစ်ခု သို့မဟုတ် အများကိုဖွဲ့ စည်းပြီး ယင်းတို့၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များကို သတ်မှတ်ပေးနိုင်သည်။
(ခ) ပုဒ်မခွဲ (က) အရ ဖွဲ့စည်းသည့် အဖွဲ့အစည်း အသီးသီးသည် ကိုယ်ပိုင်အမည်နှင့်တံဆိပ်တို့ဖြင့် ဆောင်ရွက်ပိုင်ခွင့်၊ စဉ်ဆက်မပြတ် ဆက်ခံဆောင်ရွက်ပိုင်ခွင့်၊ တရားစွဲဆိုနိုင်ခွင့်နှင့် တရားစွဲဆို ခံနိုင်ခွင့် ရှိစေရမည်။
၈-က။ (က) အစိုးရအဖွဲ့သည် နိုင်ငံတော်၏စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုစေရန်လည်းကောင်း၊ နိုင်ငံတော်၏ဘဏ္ဍာငွေမှ ကုန်ကျစရိတ်သက်သာစေရန်လည်းကောင်း၊ နိုင်ငံဝန်ထမ်းများ၏ သက်သာချောင်ချိရေးကို ရှေးရှု၍လည်းကောင်း နိုင်ငံတော်၏ ဘဏ္ဍာငွေထည့်ဝင်ခြင်းမပြုဘဲ သက်ဆိုင်ရာဝန်ထမ်းအဖွဲ့အစည်းပိုင်ရန်ပုံငွေကို မတည်ရင်းနှီးစေပြီး သတ်မှတ်ခွင့်ပြုသည့် စီးပွားရေးလုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်နိုင်ရန် အမိန့်ကြော်ငြာစာထုတ်ပြန်၍ အဖွဲ့အစည်းတစ်ရပ်ရပ်ကို ဖွဲ့စည်းတည်ထောင်နိုင်သည်။
(ခ) ပုဒ်မခွဲ (က) အရ ထုတ်ပြန်သည့် အမိန့်ကြော်ငြာစာတွင် အောက်ပါအချက်များပါဝင်စေရမည်-
(၁) လုပ်ကိုင်ဆောင်ရွက်ခွင့်ပြုသည့် စီးပွားရေးလုပ်ငန်းအမျိုးအစားများ၊
(၂) အုပ်ချုပ်မှုအဖွဲ့ ဖွဲ့စည်းခြင်းနှင့် ယင်းအဖွဲ့၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များ၊
(၃) လက်အောက်ခံလုပ်ငန်းဆိုင်ရာအဖွဲ့များ ဖွဲ့စည်းခြင်းနှင့် ယင်းအဖွဲ့များ၏ လုပ်ငန်းတာဝန်များ၊
(၄) မတည်ရင်းနှီးငွေနှင့် ပစ္စည်းများ၊
(၅) ငွေရေးကြေးရေးဆိုင်ရာ ကိစ္စများ၊
(၆) စာရင်းစစ်ဆေးခြင်းဆိုင်ရာ ကိစ္စများ၊
(၇) အခြားလိုအပ်သည့် အချက်များ။
(ဂ) ပုဒ်မခွဲ (က) အရဖွဲ့စည်းသည့် အဖွဲ့အစည်း၏ လုပ်ငန်းဆောင်ရွက်မှုများကို ကြီးကြပ်ကွပ်ကဲနိုင်ရန် သက်ဆိုင်ရာဝန်ကြီးဌာနတွင် ဖွဲ့စည်းထားသည့် သို့မဟုတ် သီးခြားဖွဲ့စည်းသည့် အဖွဲ့အစည်းတစ်ရပ်ရပ်အား လုပ်ပိုင်ခွင့်များ သတ်မှတ်ပေးနိုင်သည်။
(ဃ) ပုဒ်မခွဲ (က) အရ ဖွဲ့စည်းသည့် အဖွဲ့အစည်းအသီးသီးသည် ကိုယ်ပိုင်အမည်နှင့် တံဆိပ်တို့ဖြင့် ဆောင်ရွက်ပိုင်ခွင့်၊ စဉ်ဆက်မပြတ် ဆက်ခံဆောင်ရွက်ပိုင်ခွင့်၊ တရားစွဲဆိုနိုင်ခွင့်နှင့် တရားစွဲဆိုခံနိုင်ခွင့် ရှိစေရမည်။
<ပြင်ဆင် 04.03.1997>

အခန်း (၅)
ပြစ်မှုနှင့် ပြစ်ဒဏ်များ
၉။ မည်သူမဆို ပုဒ်မ ၃ အရ အစိုးရကသာ လုပ်ကိုင်ဆောင်ရွက်ရန် သတ်မှတ်ထားသော စီးပွားရေး လုပ်ငန်းတစ်ရပ်ရပ်ကို အစိုးရအဖွဲ့၏ခွင့်ပြုချက်မရရှိဘဲ လုပ်ကိုင်ဆောင်ရွက်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို ၅ နှစ်အထိ ထောင်ဒဏ်ချမှတ် ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။ ထို့အပြင် ထိုသူ၏ စီးပွားရေးလုပ်ငန်းနှင့် သက်ဆိုင်သည့် ရွှေ့ပြောင်းနိုင်သောပစ္စည်းနှင့် မရွှေ့မပြောင်း နိုင်သော ပစ္စည်းများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်သည်။
၁၀။ မည်သူမဆို ပုဒ်မ ၄ သို့မဟုတ် ပုဒ်မ ၅ အရ ထုတ်ပြန်ထားသော အမိန့် သို့မဟုတ် စည်းကမ်း သတ်မှတ်ချက် တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို ၃ နှစ်အထိ ထောင်ဒဏ်ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။

အခန်း(၆)
အထွေထွေ
၁၁။ ဤဥပဒေပါ ပြဋ္ဌာန်းချက်များကို ဆောင်ရွက်နိုင်ရန် လိုအပ်သော လုပ်ထုံးလုပ်နည်းများကို အစိုးရ အဖွဲ့ကလည်းကောင်း၊ လိုအပ်သောအမိန့်၊ ညွှန်ကြားချက်များကို သက်ဆိုင်ရာ ဝန်ကြီးဌာနများကလည်း ကောင်း ထုတ်ပြန်နိုင်သည်။
၁၂။ ၁၉၆၅ ခုနှစ်၊ ဆိုရှယ်လစ်စီးပွားရေးစနစ် တည်ဆောက်မှုအတွက် လုပ်ပိုင်ခွင့်များ အပ်နှင်းသည့် ဥပဒေကို ဤဥပဒေဖြင့် ရုပ်သိမ်းလိုက်သည်။

(ပုံ)
စောမောင်
ဗိုလ်ချုပ်ကြီး
ဥက္ကဋ္ဌ
နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့

Leave a comment