ပြည်ထောင်စုမြန်မာနိုင်ငံတော်
နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့
နိုင်ငံခြားငါးဖမ်းရေယာဉ်များ ငါးလုပ်ငန်းလုပ်ကိုင်ခွင့်ဥပဒေ
(နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ ဥပဒေအမှတ် ၁၁/၈၉)
ရန်ကုန်မြို့၊ ၁၃၅၀ ပြည့်နှစ်၊ တပေါင်းလပြည့်ကျော် ၁၂ ရက်
(၁၉၈၉ခုနှစ်၊ ဧပြီလ ၂ ရက်)
[ ပြင်ဆင် : 25.10.1993 ]
နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့သည်အောက်ပါဥပဒေကိုပြဋ္ဌာန်းလိုက်သည်။
အခန်း(၁)
အမည်နှင့်အဓိပ္ပာယ်ဖော်ပြချက်
၁။ ဤဥပဒေကို နိုင်ငံခြားငါးဖမ်းရေယာဉ်များ ငါးလုပ်ငန်းလုပ်ကိုင်ခွင့်ဥပဒေ ဟုခေါ်တွင်စေရမည်။
၂။ ဤဥပဒေတွင်ပါရှိသော အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်းအဓိပ္ပာယ် သက်ရောက်စေရ မည်-
(က) ဝန်ကြီး ဆိုသည်မှာ မွေးမြူရေးနှင့်ရေလုပ်ငန်းဝန်ကြီးဌာန ဝန်ကြီးကိုဆိုသည်၊
(ခ) ဝန်ကြီးဌာန ဆိုသည်မှာ မွေးမြူရေးနှင့်ရေလုပ်ငန်းဝန်ကြီးဌာနကို ဆိုသည်၊
(ဂ) ဦးစီးဌာန ဆိုသည်မှာ ငါးလုပ်ငန်းဦးစီးဌာနကို ဆိုသည်၊
(ဃ) ညွှန်ကြားရေးမှူးချုပ် ဆိုသည်မှာ ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ကိုဆိုသည်၊
(င) စစ်ဆေးရေးမှူး ဆိုသည်မှာ ဦးစီးဌာန၏ပြည်နယ်/တိုင်း သို့မဟုတ်မြို့နယ်စု သို့မဟုတ် မြို့နယ်ဦးစီး ဌာနမှူးများကိုလည်းကောင်း၊ ညွှန်ကြားရေးမှူးချုပ်က စစ်ဆေးရေးမှူးအဖြစ်တာဝန်ပေးအပ်သော ဦးစီးဌာန၏ ဝန်ထမ်းတစ်ဦးဦးကိုလည်းကောင်း၊ ဝန်ကြီးဌာနက အခါအားလျော်စွာ စစ်ဆေးရေးမှူး အဖြစ် တာဝန်ပေးအပ်သော ပုဂ္ဂိုလ်တစ်ဦးဦးကိုလည်းကောင်းဆိုသည်၊
(စ) အခြေခံမျဉ်းများ ဆိုသည်မှာ ပိုင်နက်ပင်လယ်နှင့်ပင်လယ်ဇုန်များဥပဒေတွင် ဖွင့်ဆိုထားသည့် အတိုင်းဖြစ်သည်၊
(ဆ) မြန်မာနိုင်ငံ၏ပိုင်နက်ပင်လယ် ဆိုသည်မှာ အခြေခံမျဉ်းများမှ ပင်လယ်ဘက်သို့ ရေမိုင်တစ်ဆယ့် နှစ်မိုင် အထိကျယ်ဝန်းသော ရေပြင်နယ်နိမိတ်ကိုဆိုသည်။ ယင်းစကားရပ်တွင် အဆိုပါ ရေပြင်အောက်ရှိ ပင်လယ်ကြမ်းပြင် အောက်ခံမြေထုနှင့် ယင်းရေပြင်အထက်ရှိလေထုလည်းပါဝင်သည်၊
(ဇ) သီးသန့်စီးပွားရေးဇုန် ဆိုသည်မှာ မြန်မာနိုင်ငံ၏ပိုင်နက်ပင်လယ်ပြင်ပတွင် တည်ရှိပြီး ယင်းပိုင်နက် ပင်လယ်ပြင်နှင့် တစ်ဆက်တည်းဖြစ်၍ အခြေခံမျဉ်းများမှ ပင်လယ်ဘက်သို့ မျဉ်းမတ်အနေအထားဖြင့် ရေမိုင်နှစ်ရာ အထိကျယ်ဝန်းသော ရေပြင်နယ်နိမိတ်ကိုဆိုသည်၊
(ဈ) မြန်မာနိုင်ငံငါးလုပ်ငန်းရေပြင် ဆိုသည်မှာ မြန်မာနိုင်ငံ၏ သီးသန့်စီးပွားရေးဇုန်၊ ပိုင်နက်ပင်လယ်၊ ပင်လယ်ကမ်းဝေး၊ ပင်လယ်ကမ်းနီး၊ ကုန်းတွင်းဒေသရှိရေချိုရေငန်စပ်နှင့် ရေချိုရေပြင်အားလုံးကိုဆို သည်၊
(ည) ငါးဖမ်းရေယာဉ် ဆိုသည်မှာ ငါးဖမ်းသည့်ရေယာဉ်များနှင့် ယင်းတို့ကို အထောက်အကူပြုသော ယာဉ်များကို ဆိုသည်၊
(ဋ) နိုင်ငံခြားငါးဖမ်းရေယာဉ် ဆိုသည်မှာ နိုင်ငံခြားသားပိုင်ဖြစ်ပြီး နိုင်ငံခြားတိုင်းပြည်တစ်ခုခုတွင် မှတ်ပုံတင်ထားသောရေယာဉ်ကိုဆိုသည်၊
(ဌ) ရေယာဉ်မှူး ဆိုသည်မှာ နိုင်ငံခြားငါးဖမ်းရေယာဉ်ကို အမြဲတမ်းဖြစ်စေ၊ အခိုက်အတန့်ဖြစ်စေ ကြီးကြပ်အုပ်ချုပ်ရသူ၊ ဦးစီးရသူ သို့မဟုတ် ထိန်းသိမ်းရသူကိုဆိုသည်။ ယင်းစကားရပ်တွင် ရေကြောင်း ပြမပါဝင်၊
(ဍ) ပုဂ္ဂိုလ် ဆိုသည်မှာကုမ္ပဏီ၊အသင်း၊အဖွဲ့အစည်းတစ်ခုခု၊လူတစ်စုသို့မဟုတ်လူတစ်ဦးဦးကိုဆိုသည်၊
(ဎ) လုပ်ငန်းရှင်ဆိုသည်မှာ ဤဥပဒေအရ ငါးလုပ်ငန်းလုပ်ကိုင်ခွင့် ရရှိသူကိုဆိုသည်။ ယင်းစကားရပ် တွင်လုပ်ငန်းရှင်၏ကိုယ်စားလှယ်လည်း ပါဝင်သည်၊
(ဏ) ငါး ဆိုသည်မှာ ဘဝတစ်လျှောက်လုံးတွင်သော်လည်းကောင်း၊ ဘဝအစိတ်အပိုင်းတွင် တစ်ပိုင်း သော်လည်းကောင်း ရေထဲ၌နေထိုင်ကျက်စားသည့် ရေသတ္တဝါအားလုံး၊ ယင်းတို့၏ဥများ၊ သားလောင်း များ၊ သားပေါက်ကောင်များ၊ မျိုးစေ့များကိုဆိုသည်။ ယင်းစကားရပ်တွင် ရေတွင်ပေါက်ပွားသည့် အပင် များနှင့် ယင်းတို့၏ အပင်ပေါက်များ၊ မျိုးစေ့များလည်းပါဝင်သည်၊
(တ) ငါးလုပ်ငန်း ဆိုသည်မှာ ငါးနှင့်ပတ်သက်သောလုပ်ငန်းများကို စနစ်တကျစီမံခန့်ခွဲရန်၊ စီးပွားဖြစ် လုပ်ကိုင်ရန်၊ မျိုးထိန်းသိမ်းရန်၊ ဖွံ့ဖြိုးတိုးတက်စေရန်ဆောင်ရွက်ခြင်းတို့ကိုဆိုသည်။ ယင်းစကားရပ် တွင် ငါးဖမ်းခြင်း၊ မွေးမြူခြင်း၊ စူးစမ်းရှာဖွေခြင်း၊ သုတေသနပြုခြင်း၊ မျိုးစိုက်ထည့်ပေးခြင်း၊ ပြန့်ပွားစေခြင်း၊ ပြုပြင်မွမ်းမံခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ သိုလှောင်ခြင်း၊ ရောင်းချခြင်းစသည့်လုပ်ငန်း များလည်းပါဝင်သည်၊
(ထ) ငါးဖမ်းခြင်း ဆိုသည်မှာ ငါးများအားဖမ်းယူခြင်း၊ စုဆောင်းခြင်း၊ ဆွဲဆောင်ခြင်း၊ လိုက်လံခြင်း၊ မူးမေ့စေခြင်း၊ သေစေခြင်းစသည်တို့ကိုဆိုသည်။ ယင်းစကားရပ်တွင် ငါးဖမ်းခြင်းလုပ်ငန်းများ အတွက် အထောက်အကူပြုလုပ်ငန်းနှင့် ပြင်ဆင်ခြင်းလုပ်ငန်းများလည်း ပါဝင်သည်၊
(ဒ) ငါးဖမ်းကိရိယာ ဆိုသည်မှာ ငါးဖမ်းရာတွင်အသုံးပြုသော ပစ္စည်းကိရိယာကိုဆိုသည်၊
(ဓ) ပြုပြင်မွမ်းမံခြင်း ဆိုသည်မှာငါးအား တစ်နည်းနည်းဖြင့်ပြုပြင်မွမ်းမံခြင်း၊ ပြင်ဆင်ခြင်းတို့ကိုဆို သည်။ ယင်းစကားရပ်တွင် ငါးမှစားသုံးကုန်ပစ္စည်းထုတ်လုပ်ခြင်းလည်းပါဝင်သည်၊
(န) လိုင်စင် ဆိုသည်မှာ ဦးစီးဌာနကထုတ်ပေးသော နိုင်ငံခြားငါးဖမ်းရေယာဉ်များ ငါးလုပ်ငန်း လုပ်ကိုင် ခွင့်ပြုသည့် လိုင်စင်ကိုဆိုသည်၊
(ပ) လိုင်စင်ခ ဆိုသည်မှာ ငါးဖမ်းကိရိယာအတွက် ပေးဆောင်ရန်အခ၊ ရေယာဉ်အတွက်ပေးဆောင်ရန် အခနှင့် အကယ်၍ ငါးဖမ်းကွက် သတ်မှတ်ပြီးတင်ဒါချထားလျှင် ပေးဆောင်ရမည့် တင်ဒါကြေး အပါ အဝင် ငါးလုပ်ငန်းလုပ် ကိုင်ခွင့်အတွက် ပေးဆောင်ရမည့် အခွန်အခများကိုဆိုသည်၊
(ဖ) ငါးစိုခွန် ဆိုသည်မှာ ဖမ်းယူခွင့်ပြုသော ငါးပမာဏနှင့် အမျိုးအစား သို့မဟုတ် ဖမ်းယူရရှိပြီးသော ငါးပမာဏနှင့် အမျိုးအစားအလိုက် သတ်မှတ်သည့် အတိုင်းပေးဆောင်ရမည့်အခွန်ကိုဆိုသည်။
အခန်း(၂)
အခွန်အခများပေးဆောင်ခြင်း
၃။ ဦးစီးဌာနသည် ငါးလုပ်ငန်းနှင့် စပ်လျဉ်း၍ လိုင်စင်သက်တမ်း၊ မှတ်ပုံတင်သက်တမ်း၊ လိုင်စင်ခ၊ ငါးစိုခွန်၊ အာမခံကြေး၊ မှတ်ပုံတင်ကြေးနှင့် ရက်လွန်ကြေးတို့ကို သတ်မှတ်ပေးရမည်။
၄။ ဦးစီးဌာနသည် အောက်ပါအခွန်အခများ ပေးဆောင်ခြင်းနှင့်စပ်လျဉ်း၍ နည်းလမ်းသတ်မှတ်ပေး ရမည်-
(က) လိုင်စင်ခ၊
(ခ) ငါးစိုခွန်၊
(ဂ) အာမခံကြေး၊
(ဃ) မှတ်ပုံတင်ကြေး၊
(င) ရက်လွန်ကြေး။
၅။ ဦးစီးဌာန၏လိုအပ်ချက်အရ လိုင်စင်သက်တမ်းမကုန်ဆုံးမီ လိုင်စင်ကိုရုပ်သိမ်းခြင်း၊ ရပ်စဲခြင်းပြု ပါက လုပ်ငန်းရှင်က ပေးဆောင်ထားသော လိုင်စင်ခနှင့်ငါးစိုခွန်ငွေများအနက် ပြန်အမ်းငွေကို ဦးစီး ဌာနက သတ်မှတ်၍ ပြန်လည်ထုတ်ပေးရမည်။ ထို့ပြင်လုပ်ငန်းရှင်က ပြန်လည်ရရန်ရှိသော အာမခံကြေး ကိုလည်းထုတ်ပေးရမည်။
အခန်း(၃)
လုပ်ငန်းရှင်၏တာဝန်နှင့်ဆောင်ရွက်နိုင်ခွင့်များ
၆။ ပြည်ပနေပုဂ္ဂိုလ်တစ်ဦးဦးကဖြစ်စေ၊ ယင်း၏ကိုယ်စားလှယ်ကဖြစ်စေ မြန်မာနိုင်ငံ၏ ပိုင်နက် ပင်လယ်ပြင်ပရှိ သီးသန့်စီးပွားရေးဇုန်တွင် ငါးလုပ်ငန်းလုပ်ကိုင်လိုလျှင် ဦးစီးဌာနသို့ သတ်မှတ်ထား သည့်လျှောက်လွှာပုံစံဖြင့် လျှောက်ထားရမည်။ သို့ရာတွင် ထူးခြားသောအကြောင်းရှိပါက အခြား ငါးလုပ်ငန်းရေပြင်တွင် ငါးလုပ်ငန်း လုပ်ကိုင်ခွင့် လျှောက်ထားနိုင်သည်။
၇။ ပုဒ်မ ၆ အရ လျှောက်ထားပြီးနောက် ငါးလုပ်ငန်းလုပ်ကိုင်ခွင့် ရရှိသောလုပ်ငန်းရှင်သည် ဦးစီးဌာန တွင် လိုင်စင်ရယူခြင်းနှင့် မှတ်ပုံတင်ခြင်းပြုရမည်။
၈။ လုပ်ငန်းရှင်၏တာဝန်များသည် အောက်ပါအတိုင်းဖြစ်သည်-
(က) ပေးဆောင်ရန်ရှိသော လိုင်စင်ခ၊ ငါးစိုခွန်၊ အာမခံကြေး၊ မှတ်ပုံတင်ကြေး၊ ရက်လွန်ကြေး၊ အခြား ပေးဆောင်ရန်ရှိသော ငွေများနှင့်အခြားကျသင့်ငွေများကို သတ်မှတ်သည့် နိုင်ငံခြားငွေဖြင့် ပေးဆောင် ရန်၊
(ခ) ဦးစီးဌာနကသတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများနှင့် ညွှန်ကြားချက်များကိုလိုက်နာရန်၊
(ဂ) ငါးလုပ်ငန်းသုတေသနများကို မြန်မာနိုင်ငံငါးလုပ်ငန်း ရေပြင်တွင်ဆောင်ရွက်လိုလျှင် ညွှန်ကြားရေး မှူးချုပ်ထံမှ ခွင့်ပြုချက်ရယူရန်၊
(ဃ) နိုင်ငံခြားငါးဖမ်းရေယာဉ်ပေါ်တွင် ဦးစီးဌာနကသုတေသနပြုရန် တာဝန်ပေးအပ်ခြင်းခံရသူများ၊ လေ့လာသူများ၊ သင်တန်းသားများနှင့် ပတ်သက်၍လိုအပ်သည်များကို အခမဲ့ဆောင်ရွက်ပေးရန်၊
(င) နိုင်ငံခြားငါးဖမ်းရေယာဉ်တွင် နိုင်ငံသားရေလုပ်သားနှင့် ရေယာဉ်အမှုထမ်းများကို ခန့်ထားပါက ယင်းတို့၏ အမည်စာရင်းကို ဦးစီးဌာနသို့တင်ပြရန်၊
(စ) မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေများကို လိုက်နာရန်။
၉။ လုပ်ငန်းရှင်၏ဆောင်ရွက်နိုင်ခွင့်များသည် အောက်ပါအတိုင်းဖြစ်သည်-
(က) လုပ်ငန်းအတွက် တာဝန်ယူဆောင်ရွက်နိုင်မည့် ကိုယ်စားလှယ်ခန့်ထားနိုင်ခွင့်၊
(ခ) ထူးခြားသောအကြောင်းရှိပါက အခြားငါးလုပ်ငန်းရေပြင်တွင် ငါးလုပ်ငန်းလုပ်ကိုင်လိုလျှင် ညွှန်ကြားရေးမှူးချုပ်ထံမှ အထူးခွင့်ပြုချက် တောင်းခံနိုင်ခွင့်၊
(ဂ) ပြည်တွင်းတွင်ငါးလုပ်ငန်းနှင့်သက်ဆိုင်သော ပစ္စည်းနှင့်ကိရိယာတန်ဆာပလာများကို ဝယ်ယူလို လျှင် ညွှန်ကြားရေးမှူးချုပ်ထံမှ ခွင့်ပြုချက်တောင်းခံနိုင်ခွင့်၊
(ဃ) ပြည်တွင်းတွင်ငါးများကို တင်ခြင်း၊ချခြင်း၊ ပြုပြင်မွမ်းမံခြင်းနှင့် လွှဲပြောင်းခြင်းတို့ အတွက် ညွှန်ကြားရေးမှူးချုပ်ထံမှခွင့်ပြုချက် တောင်းခံနိုင်ခွင့်၊
(င) ပြည်တွင်းဆိပ်ကမ်းတစ်ခုခုတွင် နိုင်ငံခြားငါးဖမ်းရေယာဉ်အား ပြင်ဆင်နိုင်ခွင့်၊
(စ) ညွှန်ကြားရေးမှူးချုပ်၏ ဆုံးဖြတ်ချက် သို့မဟုတ်အမိန့်ကို ဝန်ကြီးထံအယူခံနိုင်ခွင့်။
အခန်း(၄)
ညွှန်ကြားရေးမှူးချုပ်၏တာဝန်နှင့်လုပ်ပိုင်ခွင့်များ
၁၀။ ညွှန်ကြားရေးမှူးချုပ်သည် ပုဒ်မ ၆ အရ တင်ပြလာသော လျှောက်လွှာကို စိစစ်ပြီးနောက် အောက်ပါအချက်များနှင့် ကိုက်ညီလျှင် လိုင်စင်ထုတ်ပေးနိုင်သည်-
(က) သတ်မှတ်သည့် လျှောက်လွှာပုံစံ၌ ပြည့်စုံစွာ ဖြည့်စွက်ရေးသွင်းပြီးဖြစ်ခြင်း၊
(ခ) လိုင်စင်တွင်သတ်မှတ်သည့် စည်းကမ်းချက်များကို လျှောက်ထားသူက လက်ခံပြီးဖြစ်ခြင်း၊
(ဂ) ပေးဆောင်ရန်ရှိသောလိုင်စင်ခ၊ ငါးစိုခွန်၊ အာမခံကြေး၊ မှတ်ပုံတင်ကြေးနှင့် အခြားကျသင့်ငွေများကို သတ်မှတ်သည့် နိုင်ငံခြားငွေဖြင့်ပေးသွင်းပြီးဖြစ်ခြင်း။
၁၁။ ညွှန်ကြားရေးမှူးချုပ်သည်-
(က) လုပ်ငန်းရှင်တစ်ဦးချင်း လုပ်ကိုင်ခွင့်ရှိသော လုပ်ငန်းပမာဏကို သတ်မှတ်နိုင်သည်၊
(ခ) စည်းကမ်းချက်များကို လိုင်စင်ထုတ်ပေးရာတွင် တစ်ပါတည်းသတ်မှတ်ပေးရမည်။
၁၂။ လိုင်စင်တွင်သတ်မှတ်ထားသည့် စည်းကမ်းချက်များနှင့် စပ်လျဉ်း၍ ပြင်ဆင်ရန်လိုအပ်ပါက ညွှန်ကြားရေးမှူးချုပ်သည် လုပ်ငန်းရှင်နှင့်ညှိနှိုင်း၍ ပြင်ဆင်သတ်မှတ်နိုင်သည်။
၁၃။ လိုင်စင်တွင်သတ်မှတ်ထားသော စည်းကမ်းချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ပါက ညွှန်ကြားရေးမှူး ချုပ်သည် ယင်းလိုင်စင်ကို ဆိုင်းငံ့ခြင်း၊ ရုပ်သိမ်းခြင်း၊ ရပ်စဲခြင်းသို့မဟုတ် ပယ်ဖျက်ခြင်းပြုနိုင်သည်။
၁၄။ နိုင်ငံတော်၏အကျိုးငှာ လိုအပ်ပါက ညွှန်ကြားရေးမှူးချုပ်သည် ဝန်ကြီး၏ သဘောတူညီချက်ဖြင့် မည်သည့်လိုင်စင်ကိုမဆို ဆိုင်းငံ့ခြင်း၊ ရုပ်သိမ်းခြင်း၊ ရပ်စဲခြင်းသို့မဟုတ်ပယ်ဖျက်ခြင်းပြုနိုင်သည်။
၁၅။ ညွှန်ကြားရေးမှူးချုပ်သည် အောက်ပါကိစ္စရပ်များအတွက် လုပ်ငန်းရှင်က လျှောက်ထားလာလျှင် စိစစ်ပြီး ခွင့်ပြုချက်ထုတ်ပေး နိုင်သည်-
(က) ပြည်တွင်းတွင် ငါးလုပ်ငန်းနှင့်သက်ဆိုင်သော ပစ္စည်းနှင့်ကိရိယာတန်ဆာပလာများကို ဝယ်ယူ ခြင်း၊
(ခ) ပြည်တွင်းတွင်ငါးများကိုတင်ခြင်း၊ ချခြင်း၊ ပြုပြင်မွမ်းမံခြင်းနှင့် လွှဲပြောင်းခြင်း၊
(ဂ) ထူးခြားသောအကြောင်းရှိပါက အခြားငါးလုပ်ငန်းရေပြင်တွင် ငါးလုပ်ငန်းလုပ်ကိုင်ခွင့်ပြုခြင်း။
၁၆။ တည်ဆဲဥပဒေများတွင် မည်သို့ပင်ပြဋ္ဌာန်းထားစေကာမူ ဤဥပဒေပါပြဋ္ဌာန်းချက် တစ်ရပ်ရပ်ကို ဖောက်ဖျက် ကျူးလွန်သဖြင့်အရေးယူသည့်ကိစ္စတွင် ညွှန်ကြားရေးမှူးချုပ်သည် အောက်ပါအတိုင်း ဆောင်ရွက်နိုင်သည်-
(က) နိုင်ငံခြားငါးဖမ်းရေယာဉ်၊ ငါးဖမ်းကိရိယာများ၊ ငါးများ ၊ အခြားပစ္စည်းများနှင့် ငွေများကို ပြည်သူ့ ဘဏ္ဍာအဖြစ်သိမ်းယူခြင်း၊ ထုခွဲရောင်းချခြင်း၊ လိုအပ်သလိုစီမံခန့်ခွဲခြင်း၊
(ခ) နိုင်ငံခြားငါးဖမ်းရေယာဉ်နှင့် ငါးဖမ်းကိရိယာများကို လုပ်ငန်းရှင် သို့မဟုတ် ပိုင်ရှင်အား လုံလောက် သောခံဝန်ဖြင့်ပြန်လည်ပေးအပ်ထားခြင်း၊ ပြန်လည်လုပ်ကိုင်ခွင့်ပြုခြင်း၊
(ဂ) နိုင်ငံခြားငါးဖမ်းရေယာဉ်နှင့် ငါးဖမ်းကိရိယာများကို သင့်လျော်သော ဒဏ်ကြေးပေးဆောင်စေ၍ လုပ်ငန်းရှင် သို့မဟုတ် ပိုင်ရှင်အားပြန်လည်ရွေးယူခွင့်ပြုခြင်း၊
(ဃ) ရောင်းရငွေနှင့်ဒဏ်ကြေးငွေများကို ဘဏ်တွင်အပ်ငွေအဖြစ် ပေးသွင်းစေခြင်း။
၁၇။ လိုင်စင်ပျက်စီးပျောက်ဆုံးသွားသည့်ကိစ္စတွင် လုပ်ငန်းရှင်က လိုင်စင်မိတ္တူရလိုကြောင်း လျှောက်ထားသည့် အခါညွှန်ကြားရေးမှူးချုပ်က စိစစ်၍သတ်မှတ်ထားသည့် အခကြေးငွေ ပေးသွင်းစေ ပြီး လိုင်စင်မိတ္တူ ထုတ်ပေးနိုင်သည်။
၁၈။ လိုင်စင်ထုတ်ပေးသည့်နေ့မှ ၃ လ ပြည့်မြောက်သော်လည်း ခိုင်လုံသော အကြောင်းမရှိဘဲ ငါးလုပ် ငန်းကို စတင်ဆောင်ရွက်ခြင်းမပြုပါက ညွှန်ကြားရေးမှူးချုပ်သည် အောက်ပါအတိုင်း ဆောင်ရွက်နိုင် သည်-
(က) လိုင်စင်အား ပြန်လည်ရုပ်သိမ်းခြင်း၊
(ခ) ရုပ်သိမ်းထားသည့် လိုင်စင်ကို ပြန်လည်ထုတ်ပေးရန် လုပ်ငန်းရှင်က လျှောက်ထားလာလျှင် စိစစ်၍ ထုတ်ပေးသင့်က ထုတ်ပေးခြင်း။
၁၉။ လုပ်ငန်းရှင်သည် မိမိအား ထုတ်ပေးထားသော လိုင်စင်ကို အခြားသူတစ်ဦးတစ်ယောက်အား လွှဲပြောင်းခြင်းပြုလုပ်ပါက ညွှန်ကြားရေးမှူးချုပ်သည် အောက်ပါအတိုင်းဆောင်ရွက်နိုင်သည်-
(က) အာမခံကြေးကိုသိမ်းယူခြင်း၊
(ခ) လိုင်စင်ကိုရုပ်သိမ်းခြင်း၊
(ဂ) လုပ်ငန်းရှင်အားအမည်ပျက်စာရင်း၌ရေးသွင်းထားခြင်း။
၂၀။ သီးသန့်စီးပွားရေးဇုန်မှ အပအခြားသော ငါးလုပ်ငန်းရေပြင်တွင် ငါးလုပ်ငန်းသုတေသနများကို ဆောင်ရွက်လိုကြောင်းလုပ်ငန်းရှင် သို့မဟုတ်ပုဂ္ဂိုလ်တစ်ဦးဦးက လျှောက်ထားလာလျှင် ညွှန်ကြားရေး မှူးချုပ်သည် ဝန်ကြီး၏ သဘောတူညီချက်ဖြင့် ခွင့်ပြုနိုင်သည်။
၂၁။ ညွှန်ကြားရေးမှူးချုပ်၏ ဆုံးဖြတ်ချက်သို့မဟုတ် အမိန့်ကိုလုပ်ငန်းရှင် သို့မဟုတ် ပိုင်ရှင်ထံသို့ ပေးပို့ ရမည်။
အခန်း(၅)
စစ်ဆေးရေးမှူး၏တာဝန်နှင့်လုပ်ပိုင်ခွင့်များ
၂၂။ စစ်ဆေးရေးမှူးသည် သတ်မှတ်ထားသော နည်းလမ်းများနှင့်အညီ အောက်ပါတို့ကို ဆောင်ရွက် ရမည်-
(က) မိမိတာဝန်ခံရသည့် ငါးလုပ်ငန်းရေပြင်အတွင်း၌ ဖြစ်စေ၊ ဝန်ကြီးသို့မဟုတ် ညွှန်ကြားရေးမှူးချုပ် ၏ သီးခြား တာဝန်ပေးအပ်ချက်အရမြန်မာနိုင်ငံ ငါးလုပ်ငန်းရေပြင်အတွင်းရှိ မည်သည့်နေရာ၌ဖြစ်စေ ငါးဖမ်းရေယာဉ်နှင့် ငါးဖမ်းကိရိယာများ၊ ငါးများနှင့်ငါး လုပ်ငန်းများကိုစစ်ဆေးခြင်း၊
(ခ) မြန်မာနိုင်ငံငါးလုပ်ငန်း ရေပြင်အတွင်းတွင် မည်သည့်ငါးဖမ်းရေယာဉ်ကိုမဆို ဝရမ်းမပါဘဲ ရပ်တန့် ခြင်း၊ တက်ရောက်ခြင်း၊ လိုက်ပါခြင်း၊ စစ်ဆေးခြင်းနှင့် ရှာဖွေခြင်း၊
(ဂ) နိုင်ငံခြားငါးဖမ်းရေယာဉ်ပေါ်တွင် ထားရှိရမည့်လိုင်စင်၊ မှတ်ပုံတင်လက်မှတ်၊ မှတ်တမ်းများနှင့် အခြား စာရွက်စာတမ်းများအား တောင်းယူစစ်ဆေးခြင်း၊ ကူးယူခြင်း၊
(ဃ) ရေယာဉ်မှူး၊ရေယာဉ်အမှုထမ်းနှင့် ရေလုပ်သားများအား လိုအပ်သလိုမေးမြန်းခြင်း၊ ညွှန်ကြား ခြင်း၊
(င) ဤဥပဒေပါတားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်သော နိုင်ငံခြားငါးဖမ်းရေယာဉ်နှင့် တကွ တွေ့ရှိသောပစ္စည်းများကို သိမ်းဆည်းပြီးလုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ခြင်း၊
(စ) ဤဥပဒေပါတားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်သူကို လုပ်ထုံးလုပ်နည်းများနှင့်အညီ ဖမ်းဆီးခြင်း၊ တရားစွဲဆိုခြင်း၊
(ဆ) ငါးဖမ်းရာတွင် သုံးစွဲခွင့်မရှိသော ပေါက်ကွဲစေတတ်သည့် ပစ္စည်းများ၊ အဆိပ်အတောက်များ၊ ဓာတု ပစ္စည်းများနှင့် အခြားပစ္စည်းများအား သိမ်းဆည်းခြင်း၊
(ဇ) ဤဥပဒေပါတားမြစ်ချက် တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်သော နိုင်ငံခြားငါးဖမ်းရေယာဉ်ကို အပြည်ပြည်ဆိုင်ရာ ဥပဒေနှင့် အညီလိုက်လံဖမ်းဆီး၍ မြန်မာနိုင်ငံငါးလုပ်ငန်းရေပြင်အတွင်းသို့ ခေါ်ယူ လာခြင်း၊
(ဈ) ငါးနှင့်အခြားလျင်မြန်စွာ ပုပ်သိုးပျက်စီးနိုင်သည့် ပစ္စည်းများဖမ်းဆီးရမိပါက လုပ်ထုံးလုပ်နည်း များနှင့်အညီ အမြန်ဆုံး ထုခွဲရောင်းချပြီး ရောင်းရငွေကို ဘဏ်အပ်ငွေအဖြစ်ပေးသွင်းခြင်း၊
(ည) ငါးလုပ်ငန်းနှင့်ပတ်သက်၍ ဝန်ကြီးကဖြစ်စေ၊ ညွှန်ကြားရေးမှူးချုပ်ကဖြစ်စေ သီးခြားပေးအပ် သောတာဝန်ကို ဆောင်ရွက်ခြင်း။
အခန်း(၆)
ရေယာဉ်မှူး၏တာဝန်များ
၂၃။ နိုင်ငံခြားငါးဖမ်းရေယာဉ်၏ရေယာဉ်မှူးသည်-
(က) လိုင်စင်ပါစည်းကမ်းချက်များနှင့် သတ်မှတ်ချက်များကိုလိုက်နာရမည်၊
(ခ) လိုင်စင်နှင့်မှတ်ပုံတင်လက်မှတ်တို့ကို ရေယာဉ်၏ပဲ့ခန်းတွင် ထင်ရှားစွာချိတ်ဆွဲထားရမည်၊
(ဂ) ဦးစီးဌာနက သတ်မှတ်ပေးထားသည့်အတိုင်း ပြုစုထားရှိရမည့် ရေယာဉ်မှတ်တမ်းနှင့် ငါးဖမ်း မှတ်တမ်းတို့ကို ထိန်းသိမ်းထားရှိရမည်၊
(ဃ) ခွင့်ပြုချက်သို့မဟုတ်လိုင်စင်ရရှိပြီးဖြစ်သော နိုင်ငံခြား ငါးဖမ်းရေယာဉ်သည် မြန်မာနိုင်ငံ ငါးလုပ် ငန်းရေပြင်အတွင်းသို့ ဝင်ရောက်မည်ဆိုပါက သတ်မှတ်သည့်အချိန်ကာလအတွင်း ကြိုတင်၍ ရေယာဉ် နှင့် ပတ်သက်သည့်အချက်အလက်များ၊ ရေယာဉ်ဝင်ရောက်မည့်လမ်းကြောင်း၊ နေ့ရက်နှင့်အချိန်၊ သယ် ဆောင်လာသည့်ပစ္စည်းနှင့် ငါးဖမ်းကိရိယာများ၊ ရေယာဉ်ပါလူဦးရေစာရင်းတို့ကို ဦးစီးဌာနသို့ အကြောင်းကြားရမည်၊
(င) မြန်မာနိုင်ငံငါးလုပ်ငန်း ရေပြင်အတွင်းသို့ ဝင်ရောက်ပါက ယင်းနိုင်ငံခြား ငါးဖမ်းရေယာဉ်သည် စစ်ဆေးခံရန်သတ်မှတ်သည့်နေရာ သို့မဟုတ် သတ်မှတ်သည့်ဆိပ်ကမ်းသို့ တိုက်ရိုက်သွားရောက်ရမည်၊
(စ) မြန်မာနိုင်ငံငါးလုပ်ငန်းရေပြင်အတွင်းတွင်ပြည်ထောင်စုမြန်မာနိုင်ငံတော်အလံနှင့် နိုင်ငံခြားငါးဖမ်း ရေယာဉ်မှတ်ပုံတင်ထားသည့်နိုင်ငံ၏အလံတို့ကို ရေယာဉ်၌လွှင့်ထူထားရမည်၊
(ဆ) မြန်မာနိုင်ငံငါးလုပ်ငန်းရေပြင်မှ နိုင်ငံခြားငါးဖမ်းရေယာဉ် ထွက်ခွာသည့်အခါတိုင်း စစ်ဆေးခံရန် သတ်မှတ်သည့်နေရာ သို့မဟုတ် သတ်မှတ်သည့် ဆိပ်ကမ်းသို့သွားရောက်၍ စစ်ဆေးခြင်း ခံယူရမည်။ စစ်ဆေးမှုများပြုလုပ်ပြီးပါက ငါးဖမ်းခြင်းမပြုဘဲ မြန်မာနိုင်ငံငါးလုပ်ငန်းရေပြင်မှ ဦးစီးဌာနက ညွှန်ကြားသည့်အတိုင်း ထွက်ခွာသွားရမည်။
၂၄။ ရေယာဉ်မှူးသည်မိမိ၏ရေယာဉ်ပေါ်တွင် လိုက်ပါလာကြသော စစ်ဆေးရေးမှူး၊ သုတေသနပြုသူ များ၊ လေ့လာသူများနှင့် သင်တန်းသားများ၏အန္တရာယ်ကင်းရှင်းရေးအတွက် တာဝန်ယူဆောင်ရွက် ရမည်။
အခန်း(၇)
လိုင်စင်ပျက်ပြယ်ခြင်း
၂၅။ အောက်ပါအကြောင်းတစ်ရပ်ရပ်ပေါ်ပေါက်သည့်အခါလိုင်စင်ပျက်ပြယ်သည်-
(က) လိုင်စင်သက်တမ်းကုန်ဆုံးခြင်း၊
(ခ) လိုင်စင်ရုပ်သိမ်းခံရခြင်း၊
(ဂ) လုပ်ငန်းရှင်ကမိမိလုပ်ငန်းကို ဆက်လက်မလုပ်ကိုင်လို၍လိုင်စင်ကိုပြန်လည်အပ်နှံခြင်း။
၂၆။ ရေယာဉ်မှူးသည် ပုဒ်မ၂၅အရ ပျက်ပြယ်သော လိုင်စင်ကို ဦးစီးဌာန၏ပြည်နယ်/တိုင်း သို့မဟုတ် မြို့နယ်စု သို့မဟုတ် မြို့နယ် ဦးစီးဌာနမှူးထံ (၁၅) ရက်အတွင်းပြန်လည်အပ်နှံရမည်။
၂၇။ လုပ်ငန်းရှင်သည် လုပ်ငန်းကို ဆက်လက်မလုပ်ကိုင်တော့ကြောင်း ဦးစီးဌာနက စစ်ဆေးတွေ့ရှိလျှင် ယင်းလိုင်စင်အား ပျက်ပြယ်သည်ဟုမှတ်ယူနိုင်သည်။
အခန်း(၈)
အယူခံခြင်း
၂၈။ ညွှန်ကြားရေးမှူးချုပ်၏ ဆုံးဖြတ်ချက်ကိုဖြစ်စေ၊ အမိန့်ကိုဖြစ်စေ မကျေနပ်ပါက ယင်းဆုံးဖြတ် ချက် သို့မဟုတ် အမိန့်ကိုလက်ခံရရှိသည့်နေ့မှရက် (၃၀) အတွင်း ဝန်ကြီးထံအယူခံနိုင်သည်။
၂၉။ ဝန်ကြီးသည် ညွှန်ကြားရေးမှူးချုပ်၏ ဆုံးဖြတ်ချက်ကိုဖြစ်စေ၊ အမိန့်ကိုဖြစ်စေ အတည်ပြုခြင်း၊ ပယ်ဖျက်ခြင်း သို့မဟုတ် ပြင်ဆင်ပြောင်းလဲခြင်း ပြုလုပ်နိုင်သည်။
၃၀။ ဝန်ကြီး၏ ဆုံးဖြတ်ချက်သည် အပြီးအပြတ်ဖြစ်စေရမည်။
အခန်း(၉)
တားမြစ်ချက်များ
၃၁။ မည်သည့်နိုင်ငံခြား ငါးဖမ်းရေယာဉ်မဆို ခွင့်ပြုချက် သို့မဟုတ် လိုင်စင်မရရှိဘဲ မြန်မာနိုင်ငံ ငါးလုပ်ငန်း ရေပြင်အတွင်း သို့ ဝင်ရောက်၍ ငါးလုပ်ငန်းလုပ်ကိုင်ခြင်း မပြုရ။
၃၂။ မည်သည့်နိုင်ငံခြား ငါးဖမ်းရေယာဉ်မဆို ခွင့်ပြုချက်မရရှိဘဲ အောက်ပါတို့ကိုလုပ်ကိုင်ခြင်း မပြုရ-
(က) ပြည်တွင်းတွင် ငါးနှင့်ငါးဖမ်းကိရိယာတို့အား တင်ခြင်း၊ ချခြင်း၊ ပြုပြင်မွမ်းမံခြင်း၊ လွှဲပြောင်းခြင်း၊
(ခ) ဖမ်းဆီးခြင်းမပြုရဟု ဦးစီးဌာနက တားမြစ်ထားသောငါးများကိုနှောင့်ယှက်ခြင်း၊ ဖမ်းဆီးခြင်း၊ သတ်ဖြတ် ခြင်း၊ စုဆောင်းခြင်း၊သယ်ဆောင်ခြင်း၊ ပြုပြင်မွမ်းမံခြင်း၊ လွှဲပြောင်းခြင်း၊
(ဂ) ငါးဖမ်းရာတွင် သုံးစွဲခွင့်မရှိသော ပေါက်ကွဲစေတတ်သည့် ပစ္စည်းများ၊ အဆိပ်အတောက်များ၊ ဓာတု ပစ္စည်းများနှင့် အခြားပစ္စည်းများကို ငါးဖမ်းရေယာဉ်ပေါ်တွင် လက်ဝယ်ထားရှိခြင်း၊ သုံးစွဲခြင်း။
၃၃။ ရေယာဉ်မှူးသည် လိုင်စင်တွင် ခွင့်ပြုထားခြင်းမရှိသော-
(က) ငါးလုပ်ငန်းရေပြင်တွင် ငါးဖမ်းခြင်းမပြုရ၊
(ခ) ငါးဖမ်းကိရိယာကို သုံးစွဲခြင်းမပြုရ၊
(ဂ) အချိန်နှင့်ကာလတွင် ငါးဖမ်းခြင်းမပြုရ၊
(ဃ) ငါးအမျိုးအစားများအား ဖမ်းခြင်းမပြုရ။
၃၄။ ရေယာဉ်မှူးသည် ပုဒ်မ ၂၃ သို့မဟုတ် ၂၄ ပါတာဝန်တစ်ရပ်ရပ်အား လိုက်နာဆောင်ရွက်ရန် ပျက်ကွက်ခြင်းမရှိစေရ။
၃၅။ မည်သူမျှ တာဝန်ဝတ္တရားဆောင်ရွက်နေသော စစ်ဆေးရေးမှူးအား နှောင့်ယှက်ခြင်း ၊ လက်ရောက်မှုကျူးလွန်ခြင်း သို့မဟုတ် နာကျင်စေခြင်း မပြုရ။
၃၅-က။ ဤဥပဒေအရ အပ်နှင်းသည့် တာဝန်နှင့်လုပ်ပိုင်ခွင့်တစ်ရပ်ရပ်ကို ကျင့်သုံးသော မည်သည့် ပြည်သူ့ဝန်ထမ်းမဆို အောက်ပါတစ်ခုခုကို မပြုလုပ်ရ-
(က) ပြစ်မှုကျူးလွန်သူကို အခြားသူတစ်ဦးဦးဖြင့် အစားထိုးခြင်း သို့မဟုတ် ပြစ်မှုကျူးလွန်သူအား အရေးမယူဘဲ ထိမ်ချန်ခြင်း။
(ခ) ပြစ်မှုနှင့်သက်ဆိုင်သည့် သက်သေခံပစ္စည်းကို ဖျောက်ဖျက်ခြင်း၊ မသမာသောနည်းဖြင့် ပြောင်းလဲ ခြင်း၊ အစားထိုးခြင်း သို့မဟုတ် အလွဲသုံးစားပြုခြင်း။
<ပြင်ဆင် 25.10.1993>
၃၆။ မည်သူမျှ ငါး အခြားရေနေသတ္တဝါတို့အား အနှောင့်အယှက်ဖြစ်စေရန် သို့မဟုတ် ရေထုအား ညစ်ညမ်းစေရန် သက်ရှိသတ္တဝါကိုဖြစ်စေ၊ အရာဝတ္ထုပစ္စည်းတစ်ခုခုကိုဖြစ်စေ ငါးဖမ်းရေယာဉ်ပေါ်မှ စွန့်ပစ်ခြင်းမပြုရ။
၃၇။ မည်သူမျှစစ်ဆေးရေးမှူးက ငါးလုပ်ငန်းတစ်ခုခုအား စစ်ဆေးနေစဉ်ငါး ၊ငါးဖမ်းကိရိယာ၊ အခြား ပစ္စည်းနှင့် ငွေစသည်များ ကို ကွယ်ဝှက်ခြင်း သို့မဟုတ် စစ်ဆေးရေးမှူး၏ခွင့်ပြုချက်မရရှိဘဲ စွန့်ပစ် ခြင်းမပြုရ။
အခန်း(၁၀)
ပြစ်မှုနှင့် ပြစ်ဒဏ်များ
၃၈။ (က) ရေယာဉ်မှူးသည် ပုဒ်မ ၃၁ ပါ ပြဋ္ဌာန်းချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူ အား ထောင်ဒဏ် အနည်းဆုံး ၅-နှစ်မှ အများဆုံး၁၀-နှစ်အထိ ချမှတ်ရမည့်အပြင် ငွေဒဏ် အနည်းဆုံး ကျပ် ၂၀၀၀၀၀မှ အများဆုံး ကျပ် ၅၀၀၀၀၀အထိ ပေးဆောင်စေရမည်။ ငွေဒဏ်ပေးဆောင်ရန် ပျက်ကွက်ပါက ထောင်ဒဏ် အနည်းဆုံး ၁-နှစ်မှ အများဆုံး ၃-နှစ် အထိချမှတ်ရမည်။
(ခ) ရေယာဉ်အမှုထမ်းသည် ပုဒ်မ ၃၁ ပါ ပြဋ္ဌာန်းချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင် ခြင်းခံရလျှင် ထိုသူအား ထောင်ဒဏ် အနည်းဆုံး ၃-နှစ်မှ အများဆုံး ၇-နှစ်အထိ ချမှတ်ရမည့် အပြင် ငွေဒဏ် အနည်းဆုံး ကျပ် ၂၀၀၀၀မှ အများဆုံး ကျပ် ၅၀၀၀၀အထိ ပေးဆောင်စေရမည်။ ငွေဒဏ်ပေးဆောင်ရန် ပျက်ကွက်ပါက ထောင်ဒဏ် အနည်းဆုံး ၆-လမှ အများဆုံး ၁-နှစ် အထိချမှတ် ရမည်။
<ပြင်ဆင် 25.10.1993>
၃၉။ (က) ရေယာဉ်မှူးသည် ပုဒ်မ ၃၂ ပုဒ်မခွဲ(က) သို့မဟုတ် ပုဒ်မခွဲ(ခ) ပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကို ဖောက်ဖျက် ကျူးလွန် ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူအား ငွေဒဏ် အနည်းဆုံး ကျပ် ၁၀၀၀၀၀မှ အများဆုံး ကျပ် ၃၀၀၀၀၀ အထိ ပေးဆောင်စေရမည်။ ငွေဒဏ်ပေးဆောင်ရန် ပျက်ကွက်ပါက ထောင်ဒဏ် အနည်းဆုံး ၁-နှစ်မှ အများဆုံး ၃-နှစ် အထိ ချမှတ် ရမည်။
(ခ) ရေယာဉ်မှူးသည် ပုဒ်မ ၃၂ ပုဒ်မခွဲ(ဂ) ပါပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်း ခံရလျှင် ထိုသူအား ထောင်ဒဏ် အနည်းဆုံး ၅-နှစ်မှ အများဆုံး ၁၀-နှစ်အထိ ချမှတ်ရမည့်အပြင် ငွေဒဏ်အနည်းဆုံး ကျပ် ၂၀၀၀၀၀မှ အများဆုံး ကျပ် ၅၀၀၀၀၀ အထိ ပေးဆောင်စေရမည်။ ငွေဒဏ်ပေးဆောင်ရန် ပျက်ကွက်ပါက ထောင်ဒဏ် အနည်းဆုံး ၁-နှစ်မှ အများဆုံး ၃-နှစ်အထိ ချမှတ်ရမည်။
<ပြင်ဆင် 25.10.1993>
၄၀။ ရေယာဉ်မှူးသည် ပုဒ်မ ၃၃ ပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူအား ထောင်ဒဏ်အနည်းဆုံး ၂-နှစ်မှ အများဆုံး ၅ နှစ်အထိ ချမှတ်ရမည့်အပြင် ငွေဒဏ် အနည်းဆုံး ကျပ် ၅၀၀၀၀မှ အများဆုံး ကျပ်၂၀၀၀၀၀ အထိ ပေးဆောင်စေရမည်။ ငွေဒဏ်ပေးဆောင်ရန် ပျက်ကွက်ပါက ထောင်ဒဏ်အနည်းဆုံး ၁-နှစ်မှ အများ ဆုံး၂-နှစ်အထိ ချမှတ်ရမည်။
<ပြင်ဆင် 25.10.1993>
၄၁။ ရေယာဉ်မှူးသည် ပုဒ်မ ၃၄ ပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှု ထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူအား ငွေဒဏ်အနည်းဆုံး ကျပ် ၅၀၀၀၀မှ အများဆုံးကျပ် ၁၀၀၀၀၀ အထိ ပေးဆောင်စေရမည်။ ငွေဒဏ်ပေးဆောင်ရန် ပျက်ကွက်ပါက ထောင်ဒဏ်အနည်းဆုံး ၁-နှစ်မှ အများဆုံး၂-နှစ် အထိ ချမှတ်ရမည်။
<ပြင်ဆင် 25.10.1993>
၄၂။ မည်သူမဆို ပုဒ်မ ၃၅ သို့မဟုတ် ပုဒ်မ ၃၆ ပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန် ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူအား ထောင်ဒဏ် ၃-နှစ်အထိ ချမှတ်ရမည့်အပြင် ငွေဒဏ် အနည်းဆုံး ကျပ် ၅၀၀၀၀ မှ အများဆုံး ကျပ် ၁၀၀၀၀၀ အထိ ပေးဆောင်စေရမည်။ ငွေဒဏ်ပေးဆောင် ရန် ပျက်ကွက်ပါက ထောင်ဒဏ်အနည်းဆုံး ၁-နှစ်မှ အများဆုံး၂-နှစ် အထိ ချမှတ်ရမည်။
<ပြင်ဆင် 25.10.1993>
၄၃။ မည်သည့်ပြည်သူ့ဝန်ထမ်းမဆို ပုဒ်မ ၃၅-က ပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူအား ထောင်ဒဏ် ၇-နှစ်အထိ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။ ထို့ပြင် ပြစ်မှုနှင့် သက်ဆိုင်သည့် သက်သေခံပစ္စည်းများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းရမည်။
<ပြင်ဆင် 25.10.1993>
၄၄။ မည်သူမဆို ပုဒ်မ ၃၇ ပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူအား ထောင်ဒဏ် ၃-နှစ်အထိ ချမှတ်ရမည့်အပြင် ငွေဒဏ်အနည်းဆုံး ကျပ် ၃၀၀၀၀မှ အများဆုံး ကျပ် ၅၀၀၀၀ အထိ ပေးဆောင် စေရမည်။ ငွေဒဏ်ပေးဆောင်ရန် ပျက်ကွက်ပါက ထောင်ဒဏ်အနည်းဆုံး ၆-လမှ အများဆုံး ၁-နှစ်အထိ ချမှတ်ရမည်။
<ပြင်ဆင် 25.10.1993>
၄၅။ မည်သူမဆိုဤဥပဒေအရ ပြစ်မှုတစ်ခုခုကျူးလွန်ခြင်းကိုအားပေးကူညီလျှင် သို့မဟုတ် ကျူးလွန်ရန် အားထုတ်လျှင် သို့မဟုတ် ကျူးလွန်ရန်ပူးပေါင်းကြံစည်လျှင် ယင်းပြစ်မှုအတွက် ဤဥပဒေတွင် ပြဋ္ဌာန်း ထားသည့် ပြစ်ဒဏ်ချမှတ်ခြင်းကို ခံရမည်။
အခန်း(၁၁)
အထွေထွေ
၄၆။ ဤဥပဒေအရ သီးသန့်စီးပွားရေးဇုန်အတွင်း စူးစမ်းရှာဖွေခြင်း၊ဖမ်းယူခြင်း၊ တူးဖော်ထုတ်လုပ်ခြင်း သို့မဟုတ် သုတေသနပြု ခြင်းတို့နှင့် စပ်လျဉ်း၍ ပိုင်နက်ပင်လယ်နှင့် ပင်လယ်ဇုန်များဥပဒေပုဒ်မ ၂၀ပါ ပြဋ္ဌာန်းချက်နှင့်အညီ ဖြစ်စေရမည်။
၄၇။ ဤဥပဒေအရ ဝန်ကြီးသည် မိမိသဘောအလျောက် ငါးလုပ်ငန်းလုပ်ကိုင်ခွင့်နှင့် စပ်လျဉ်း၍ အောက်ပါ အမိန့်များကို ချမှတ်နိုင်သည်-
(က) နိုင်ငံခြားငါးဖမ်းရေယာဉ်အား မြန်မာနိုင်ငံငါးလုပ်ငန်းရေပြင်တစ်ခုခုတွင် ငါးလုပ်ငန်းလုပ်ကိုင်ရန် ခွင့်ပြုခြင်း၊
(ခ) နိုင်ငံတော်အကျိုးငှာလိုအပ်ပါက ငါးလုပ်ငန်းလုပ်ကိုင်ရန် ခွင့်ပြုမိန့် သို့မဟုတ် လိုင်စင်အား ဆိုင်း ငံ့ခြင်း၊ ရပ်ဆိုင်းခြင်း၊ ရပ်စဲခြင်း သို့မဟုတ် ပယ်ဖျက်ခြင်း၊
(ဂ) ငါးလုပ်ငန်းလုပ်ကိုင်ခွင့်နှင့် စပ်လျဉ်း၍ အခြားလျော်ကန်သင့်မြတ်သည်ဟု ထင်မြင်သောအမိန့် သို့မဟုတ် ညွှန်ကြားချက်တစ်ရပ်ရပ် ချမှတ်ခြင်း၊ ထုတ်ပြန်ခြင်း။
၄၈။ ဤဥပဒေအရ ဖောက်ဖျက်ကျူးလွန်သောပြစ်မှုကို တရားစွဲဆိုတင်ပို့ရာတွင် ယင်းပြစ်မှုနှင့် စပ်လျဉ်း၍ ဥပဒေနှင့်အညီ သိမ်းဆည်းရမိသောငါးများ၊ ရေယာဉ်နှင့် ငါးဖမ်းကိရိယာများ၊ လက်တွေ့ တွင် တရားရုံးရှေ့မှောက်သို့ သယ်ယူရန်မလွယ်ကူသော အခြားပစ္စည်းများကို သက်သေခံပစ္စည်းအဖြစ် တင်ပြရန်မလိုဘဲ ယင်းပစ္စည်းများအား မည်သို့စီမံဆောင်ရွက်ထားကြောင်းကို အစီရင်ခံစာဖြင့်သော် လည်းကောင်း၊ အခြားစာရွက်စာတမ်း အထောက်အထားများဖြင့်သော်လည်းကောင်း တရားရုံးသို့ တင်ပြရမည်။
၄၉။ ဤဥပဒေပါတားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားသဖြင့် တရားရုံးက ဒဏ်ငွေချမှတ်ရာတွင် တရားခံသည် နိုင်ငံခြားသားဖြစ်ပါက မြန်မာငွေနှင့်ညီမျှသော အစိုးရ က သတ်မှတ်သည့် နိုင်ငံခြားငွေဖြင့် ပေးဆောင်ရမည်။
၅၀။ ပြစ်မှုတစ်ရပ်ရပ်နှင့်စပ်လျဉ်း၍ ပြစ်မှုထင်ရှားစီရင်ခြင်း သို့မဟုတ် အပြီးအပြတ်လွှတ်ခြင်း အမိန့်ချ မှတ်ပြီးဖြစ်လျှင် ယင်းပြစ်မှုအတွက် ထပ်မံစစ်ဆေးစီရင်ခြင်းမပြုရဟု ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၄၀၃ ပုဒ်မခွဲ(၁)ပါပြဋ္ဌာန်းချက်သည် ဤဥပဒေ ပုဒ်မ ၁၆ အရ ညွှန်ကြားရေးမှူးချုပ်၏ အရေးယူ ဆောင်ရွက်ခြင်းနှင့် သက်ဆိုင်ခြင်းမရှိစေရ။
၅၁။ တည်ဆဲဥပဒေတစ်ရပ်ရပ်တွင် မည်သို့ပင် ပြဋ္ဌာန်းပါရှိစေကာမူတရားရုံးတစ်ရုံးရုံးက ဤဥပဒေအရ ချမှတ်သောအမိန့်သည် ဤဥပဒေပုဒ်မ ၁၆ အရ ညွှန်ကြားရေးမှူးချုပ်၏ အရေးယူဆောင်ရွက်ခြင်း အပေါ် ထိခိုက်မှုမရှိစေရ။
၅၂။ မည်သည့်နိုင်ငံခြား ငါးဖမ်းရေယာဉ်မဆို သီးသန့်စီးပွားရေးဇုန်အတွင်းတွင် ဖြစ်စေ၊ လိုင်စင်တွင် ခွင့်ပြုထားခြင်းမရှိသော ရေပြင်တွင်ဖြစ်စေ ဖြတ်သန်းသည့်အခါငါးဖမ်းကိရိယာများအား သတ်မှတ်ထား သည့်အတိုင်း သိမ်းဆည်းထားခြင်းမပြုပါက ငါးဖမ်းသည်ဟု မှတ်ယူရမည်။
၅၃။ ပုဒ်မ၃၁အရ တရားစွဲဆိုခြင်းခံရသူသည် ယင်းပြဋ္ဌာန်းချက်ကို ဖောက်ဖျက်ကျူးလွန်ခြင်း မရှိ ကြောင်း သက်သေပြရန်တာဝန် ရှိသည်။
၅၄။ ဤဥပဒေအရ ငါးလုပ်ငန်းလုပ်ကိုင်ခြင်းကြောင့် ဖြစ်ပေါ်လာသည့် ဆုံးရှုံးနစ်နာမှုအတွက် ဦးစီးဌာနက မည်သူ့ကိုမဆို တရားမကြောင်း စွဲဆိုနိုင်သည်။
၅၅။ ဤဥပဒေအရ သဘောရိုးဖြင့်ဆောင်ရွက်သော ကိစ္စတစ်ရပ်ရပ်အတွက် ပြည်သူ့ဝန်ထမ်းတစ်ဦးဦးကို တရားမကြောင်းဖြင့်သော်လည်းကောင်း ၊ပြစ်မှုကြောင်းဖြင့်သော်လည်းကောင်း တရားစွဲဆိုခြင်း၊ အခြား နည်း အရေးယူခြင်းမပြုရ။
၅၅-က။ ပုဒ်မ ၄၃ အရ ပြည်သူ့ဝန်ထမ်းတစ်ဦးဦးကို အရေးယူရန် လိုအပ်လျှင် ဝန်ကြီးဌာန၏ ကြိုတင်ခွင့်ပြုချက်ဖြင့်သာ တရားစွဲဆိုခြင်း ပြုရမည်။
<ပြင်ဆင် 25.10.1993>
၅၆။ ဤဥပဒေပါပြဋ္ဌာန်းချက်များကို ဆောင်ရွက်နိုင်ရန်ဝန်ကြီးဌာနသည်-
(က) လိုအပ်သောလုပ်ထုံးလုပ်နည်းများကို အစိုးရအဖွဲ့၏သဘောတူညီချက်ဖြင့် ထုတ်ပြန်ရမည်၊
(ခ) လိုအပ်သော အမိန့်ကြော်ငြာစာ၊ ညွှန်ကြားချက်တို့ကို ထုတ်ပြန်နိုင်သည်။
၅၇။ ၁၉၅၄ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံ ပင်လယ်ငါးဖမ်းလုပ်ငန်းဆိုင်ရာဒေသများ လုပ်ကိုင်နိုင်သော အခွင့်အရေးပေးရေးအက်ဥပဒေကို ဤဥပဒေဖြင့် ရုပ်သိမ်းလိုက်သည်။
(ပုံ) စောမောင်
ဗိုလ်ချုပ်ကြီး
ဥက္ကဋ္ဌ
နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့