ပြည်ထောင်စုမြန်မာနိုင်ငံတော်
နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့အမိန့်
အမိန့်အမှတ် ၇/ ၉၀
ရန်ကုန်မြို့၊ ၁၃၅၂ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၄ ရက်
(၁၉၉၀ ပြည့်နှစ်၊ အောက်တိုဘာလ ၂၀ ရက်)
၁။ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့သည် သာသနာတော် သန့်ရှင်းတည်တံ့ ပြန့်ပွားရေး ကိုလည်းကောင်း၊ တရားဥပဒေစိုးမိုးရေးနှင့် နယ်မြေအေးချမ်းသာယာရေးကိုလည်းကောင်း ရှေးရှုလျက် ၁၉၉၀ ပြည့်နှစ်၊ အောက်တိုဘာလ ၂၀ ရက် နေ့စွဲဖြင့် အမိန့်အမှတ် ၆/ ၉၀ ကို ထုတ်ပြန်၍ တရားမဝင် သော သံဃာ့အဖွဲ့များဖြစ်သည့် သံဃသာမဂ္ဂီအဖွဲ့၊ ရဟန်းပျိုအဖွဲ့၊ ကျောင်းထိုင်ဆရာတော်များ သံဃသ မဂ္ဂအဖွဲ့နှင့် အလားတူ သံဃာ့အဖွဲ့စသည်တို့ကို ၁၃၅၂ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၃ ရက်နေ့ (၁၉၉၀ ပြည့်နှစ်၊ အောက်တိုဘာလ ၂၀ ရက်နေ့) ည ၁၂ နာရီအချိန်မှစ၍ ဖျက်သိမ်းခဲ့ပြီးဖြစ်သည်။ ထို့ပြင် ယင်း အမိန့်အရ အဆိုပါတရားမဝင် သံဃာ့အဖွဲ့များကိုဖျက်သိမ်းခြင်းမပြုဘဲ ဆက်လက်လှုပ်ရှားမှု ပြုလုပ်နေသူ ပုဂ္ဂိုလ်များသည် သမ္မုတိသံဃာအဖြစ်ရပ်တည်ခွင့်မရှိပါ။
၂။ ၁၉၈၈ ခုနှစ် အရေးအခင်းကာလ အတွင်းက မန္တလေးမြို့၌ သပိတ်တပ်ပေါင်းစုအတွင်းရေးမှူးအဖြစ် လည်းကောင်း၊ အိမ်တော်ရာစစ်ကြောင်း အမည်ခံသည့်အဖွဲ့အစည်းတစ်ခုကို ဦးဆောင် ဦးရွက်အဖြစ် လည်းကောင်း ဆောင်ရွက်ခဲ့သူ ရဟန်းတစ်ပါးအား မကြာမီက အရေးယူစစ်ဆေးခဲ့ရာတွင် အာဏာ အမြန် လွှဲပြောင်းရယူရေးအတွက် ကြိုးပမ်းရန်နိုင်ငံရေးပါတီ တစ်ခုသို့ တိုက်တွန်းခဲ့သည်ဟုဖော်ထုတ် ရရှိခဲ့ပါသည်။ ထို့ပြင် ၎င်းကိုယ်တိုင်လည်းရဟန်းသံဃာအချို့အား စည်းရုံး၍ ထိုပါတီအာဏာအမြန်ရရှိ ရေးနှင့် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့အစိုးရအား ဖြုတ်ချနိုင်ရေးအတွက် နိုင်ငံရေး လှုပ်ရှားမှုများ ပြုလုပ်ခဲ့ကြောင်းကိုလည်း ဖော်ထုတ်ရရှိခဲ့ပါသည်။ အလားတူပင် သမ္မုတိသံဃာအမည်ခံ ပုဂ္ဂိုလ်အချို့သည် ပါတီနိုင်ငံရေးကိစ္စရပ်များတွင် ပါဝင်ပတ်သက်နေသည်ကိုလည်း တွေ့ရှိရပါသည်။
၃။ တရားမဝင်ဖွဲ့စည်းထားသည့် သံဃာ့အဖွဲ့များတွင် ပါဝင်လှုပ်ရှားနေသည့် သမ္မုတိသံဃာအမည်ခံ ပုဂ္ဂိုလ်များသည် ရဟန်းသံဃာတော်တို့၏ လုပ်ငန်းတာဝန်များ ဖြစ်သည့် ပရိယတ္တိ၊ ပဋိပတ္တိ၊ ပဋိဝေဓ သာသနာတော် သုံးရပ် သန့်ရှင်းတည်တံ့ပြန့်ပွားရေးအတွက် လုပ်ဆောင်ခြင်း မပြုကြဘဲ ယင်းလုပ်ငန်းတာဝန် များနှင့် စပ်ဟပ်ခြင်း မရှိသောသာသနာတော် သန့်ရှင်းတည်တံ့ပြန့်ပွားရေးကို ပျက်ပြားစေသည့် လုပ်ရပ် များကို လုပ်ဆောင်နေကြကြောင်း တွေ့ရှိရသည်။
၄။ သို့ဖြစ်၍ အထက်ဖော်ပြပါပုဂ္ဂိုလ်များအား စိစစ်ဖော်ထုတ်ထိရောက်စွာအရေးယူရန်စစ်တိုင်းမှူးများ အား အာဏာအပ်နှင်းလိုက်သည်။
၅။ ဤအမိန့်အရ ဖော်ထုတ်ရရှိသည့် ပုဂ္ဂိုလ်များအား တရားဥပဒေအရ ဆက်လက်အရေးယူရန်လိုအပ် လျှင် ယင်းပုဂ္ဂိုလ်များအား စွဲဆိုသည့်အမှုများကို ထိရောက်မြန်ဆန်စွာ အရေးယူရန်အလို့ငှာ စစ်တိုင်းမှူး များအား တရားစီရင်ရေးဆိုင်ရာ မာရှယ်လော (Martial Law) အာဏာကို အပ်နှင်းလိုက်သည်။ ယင်းအမှုများကို စစ်ဆေးစီရင်စေရာတွင် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့၏ ၁၉၈၉ ခုနှစ်၊ ဇူလိုင်လ ၁၈ ရက် နေ့စွဲဖြင့် ထုတ်ပြန်ထားသော မာရှယ်လော (Martial Law) အမိန့်အမှတ် ၂/ ၈၉ ပါ လုပ်ပိုင်ခွင့်များနှင့်အညီဆောင်ရွက်ရမည်။
၆။ ဤအမိန့်သည် ဥပဒေကဲ့သို့ အာဏာတည်စေရမည်။
(ပုံ) စောမောင်
ဗိုလ်ချုပ်မှူးကြီး
ဥက္ကဋ္ဌ၊
နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့