ပြည်ထောင်စုမြန်မာနိုင်ငံတော်
နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ
နေပြည်တော်စည်ပင်သာယာရေးဥပဒေ
(နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥပဒေအမှတ် ၄/၂၀၀၉)
၁၃၇၁ ခုနှစ်၊ ပြာသိုလဆန်း ၁၄ ရက်
(၂၀၀၉ ခုနှစ်၊ ဒီဇင်ဘာလ၂၉ ရက်)
နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီသည် အောက်ပါဥပဒေကို ပြဋ္ဌာန်းလိုက် သည် –
အခန်း (၁)
အမည်နှင့် အဓိပ္ပာယ်ဖော်ပြချက်
၁။ ဤဥပဒေကို နေပြည်တော်စည်ပင်သာယာရေးဥပဒေ ဟုခေါ်တွင်စေရမည်။
၂။ ဤဥပဒေတွင်ပါရှိသော အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပာယ်သက်ရောက်စေရ မည် –
(က) ကော်မတီဆိုသည်မှာ ဤဥပဒေအရ ဖွဲ့စည်းသော နေပြည်တော်စည်ပင်သာယာရေးကော်မတီကို ဆိုသည်၊
(ခ) ရုံးအကြီးအကဲဆိုသည်မှာ နေပြည်တော်စည်ပင်သာယာရေးကော်မတီရုံး၏ ဝန်ထမ်းအကြီးအကဲကို ဆိုသည်၊
(ဂ) အရန်မြေဆိုသည်မှာ နေပြည်တော်စည်ပင်သာယာရေးနယ်နိမိတ်အတွင်း နိုင်ငံတော်အစိုးရက အနာ ဂတ်စီမံကိန်းများ ဆောင်ရွက်ရန် သတ်မှတ်ထားသောမြေကို ဆိုသည်။
အခန်း (၂)
ဖွဲ့စည်းခြင်း
၃။ နေပြည်တော်စည်ပင်သာယာရေးနယ်နိမိတ်အတွင်း စည်ပင်သာယာရေးလုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်နိုင်ရန် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဋ္ဌသည် –
(က) ကော်မတီကို အဖွဲ့ဝင်အနည်းဆုံး (၅)ဦးမှ အများဆုံး (၉) ဦးအထိဖြင့် ဖွဲ့စည်းရမည်၊
(ခ) ကော်မတီကို ဖွဲ့စည်းရာတွင် သင့်လျော်သော နိုင်ငံသားများဖြင့် ဖွဲ့စည်းပြီး ကော်မတီ၏ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့ကို တစ်ပါတည်း သတ်မှတ်ရမည်။
၄။ ကော်မတီ၏ ဥက္ကဋ္ဌသည် နေပြည်တော်၏ မြို့တော်ဝန်ဖြစ်သည်။
၅။ ကော်မတီ၏ ဒုတိယဥက္ကဋ္ဌသည် နေပြည်တော်၏ ဒုတိယမြို့တော်ဝန်ဖြစ်သည်။
၆။ ရုံးအကြီးအကဲသည် ကော်မတီ၏ တွဲဖက်အတွင်းရေးမှူးဖြစ်သည်။
၇။ ကော်မတီသည် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဋ္ဌအား တိုက်ရိုက်တာဝန်ခံ ရမည်။
အခန်း (၃)
ကော်မတီ၏ လုပ်ငန်းတာဝန်များ
၈။ ကော်မတီသည် နေပြည်တော်စည်ပင်သာယာရေးနယ်နိမိတ်အတွင်း အောက်ပါလုပ်ငန်းတာဝန်များ နှင့်စပ်လျဉ်း၍ မူ ချမှတ်ခြင်း၊ လမ်းညွှန်မှုပေးခြင်း၊ ကြီးကြပ်ကွပ်ကဲခြင်း သို့မဟုတ် အကောင်အထည် ဖော်ဆောင်ရွက်ခြင်းပြုရမည် –
(က) မြို့ပြစီမံကိန်းရေးဆွဲခြင်းနှင့် မြို့သစ်များ တည်ထောင်ခြင်း၊
(ခ) မြေများကို တည်ဆဲဥပဒေများနှင့်အညီ စီမံခန့်ခွဲခြင်း၊
(ဂ) အဆောက်အအုံများ ဆောက်လုပ်ခြင်း၊ ပြင်ဆင်ထိန်းသိမ်းခြင်း၊ ဖျက်သိမ်းခြင်းနှင့် စစ်ဆေးခြင်း၊
(ဃ) ကျူးကျော်အိမ်များ၊ ကျူးကျော်အဆောက်အအုံများ၊ ကျူးကျော်ရပ်ကွက်များ ဖျက်သိမ်းခြင်းနှင့် ပြောင်းရွှေ့နေရာချထားခြင်း၊
(င) လမ်းများ ဖောက်လုပ်ခြင်း၊ တံတားများ တည်ဆောက်ခြင်းနှင့် ယင်းတို့ကို ပြင်ဆင်ထိန်းသိမ်းခြင်း၊
(စ) အများပြည်သူနှင့် သက်ဆိုင်သော လမ်း၊ တံတား၊ ရေမြောင်း၊ ရေပိုက်လိုင်း၊ မိလ္လာပိုက် စသည်တို့နှင့် မလွတ်ကင်းသော အဆောက်အအုံများကို ဖယ်ရှားစေခြင်းနှင့် ဖယ်ရှားခြင်း၊
(ဆ) လမ်းစည်းကမ်းနှင့် လမ်းအသုံးပြုမှုစည်းကမ်းများ သတ်မှတ်ခြင်း၊ ရပ်ကွက်နှင့်လမ်းများ၏အ မည်ကို သတ်မှတ်ခြင်းနှင့် အဆောက်အအုံအမှတ် သတ်မှတ်ခြင်း၊
(ဇ) ယာဉ်နှင့် အနှေးယာဉ်များ သွားလာခြင်း၊ ရပ်နားခြင်း၊ ယာဉ်ရပ်နားစခန်းများ တည်ဆောက်ခြင်းတို့ နှင့်စပ်လျဉ်း၍ စည်းကမ်းများ သတ်မှတ်ခြင်း၊
(ဈ) သန့်ရှင်းရေး၊ သပ်ရပ်ရေး၊ သာယာရေး၊ လှပရေး၊ စိမ်းလန်းရေးနှင့် စိုပြည်ရေးလုပ်ငန်းများ ဆောင် ရွက်ခြင်း၊
(ည) ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊
(ဋ) ပန်းဥယျာဉ်၊ ပန်းခြံ၊ ကစားကွင်း၊ ရေကူးကန်နှင့် အပန်းဖြေနေရာများ တည်ဆောက်ခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်းနှင့် ကြီးကြပ်ခြင်း၊
(ဌ) လမ်းမီးပေးရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊
(ဍ) ရေပေးရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊
(ဎ) ရေကန်များ၊ ရေလောင်ကန်များ၊ ရေပိုက်လိုင်းများ တည်ဆောက်ခြင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်း၊
(ဏ) မိလ္လာလုပ်ငန်းနှင့် ရေဆိုးသန့်စင်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊
(တ) ရောဂါကြိုတင်ကာကွယ်ရေးနှင့် ပြည်သူ့ကျန်းမာရေးဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်ခြင်း၊
(ထ) ကော်မတီပိုင်စျေးများ တည်ဆောက်ခြင်း၊ ပြင်ဆင်ထိန်းသိမ်းခြင်း နှင့် စီမံခန့်ခွဲခြင်း၊
(ဒ) ပုဂ္ဂလိကပိုင်စျေးများ တည်ထောင်ခွင့်ပြုခြင်းနှင့် စီမံခန့်ခွဲခြင်း၊
(ဓ) အစားအသောက်ဆိုင်ရာ လုပ်ငန်းများ၊ စားသောက်ဆိုင်များ၊ လမ်းဘေးစျေးဆိုင်များနှင့် စပ်လျဉ်း၍ စည်းကမ်းများ သတ်မှတ်ခြင်း၊
(န) အန္တရာယ်ရှိစေနိုင်သော လုပ်ငန်းများနှင့်စပ်လျဉ်း၍ စည်းကမ်းများသတ်မှတ်ခြင်း၊
(ပ) မီးဘေး၊ ရေဘေး၊ လေဘေးနှင့် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင် ရွက်ခြင်း၊
(ဖ) ပြည်တွင်းခရီးသည်များသာ တည်းခိုမည့် တည်းခိုခန်းများ ဖွင့်လှစ်ခွင့်ပြုခြင်း၊
(ဗ) စည်ပင်သာယာရေးဆိုင်ရာ ကိစ္စများနှင့်စပ်လျဉ်း၍ ဟိုတယ်၊ မိုတယ်၊ ဧည့်ဂေဟာနှင့် တည်းခိုခန်း များအား စစ်ဆေးခြင်း၊
(ဘ) ကူးတို့လုပ်ငန်းများ၊ ပွဲရုံလုပ်ငန်းများနှင့် ပုဂ္ဂလိကအပေါင်ဆိုင်လုပ်ငန်းများ လုပ်ကိုင်ခွင့်ပြုခြင်း နှင့်စီမံခန့်ခွဲခြင်း၊
(မ) သားသတ်ရုံများ တည်ထောင်ခြင်း၊ စားသုံးရန် တိရစ္ဆာန်များ သတ်ဖြတ်ခွင့်ပြုခြင်းနှင့် အသား ရောင်းချခြင်းကို စည်းကမ်းများသတ်မှတ်ခြင်း၊
(ယ) ကျွဲ၊ နွား ပွဲစျေးများ တည်ထောင်ခြင်းနှင့် စီမံခန့်ခွဲခြင်း၊
(ရ) တိရစ္ဆာန်များ ထားရှိခြင်း၊ မွေးမြူခြင်းတို့နှင့်စပ်လျဉ်း၍ ခွင့်ပြုခြင်းနှင့် လေလွင့်သွားလာနေသော တိရစ္ဆာန်များကို ဖမ်းဆီးထိန်းသိမ်းခြင်း၊
(လ) လေလွင့်သွားလာနေသော ရူးသွပ်သူ၊ အနာကြီးရောဂါစွဲကပ်သူနှင့် တောင်းရမ်းစားသောက်သူများ ကို ထိန်းသိမ်းစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ခြင်း၊
(ဝ) သုသာန်များ သတ်မှတ်ခြင်း၊ ဖျက်သိမ်းခြင်း၊ သင်္ဂြိုလ်ခွင့်ပြုခြင်း၊ သင်္ဂြိုလ်စက်များတည်ဆောက် ခြင်း နှင့် စီမံခန့်ခွဲခြင်း၊
(သ) အများပြည်သူအကျိုးပြု အခြားစည်ပင်သာယာရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊
(ဟ) သတ်မှတ်ထားသော အစိုးရရုံးများ၊ နိုင်ငံတော်ပိုင်အိမ်ရာအဆောက်အအုံများကို ပြုပြင်ခြင်း၊ ထိန်းသိမ်းခြင်းနှင့် တိုးချဲ့ဆောက်လုပ်ခြင်းလုပ်ငန်းများအား နိုင်ငံတော်အစိုးရ၏ ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်ခြင်း၊
(ဠ) နိုင်ငံတော်ပိုင် အိမ်ရာအဆောက်အအုံများတွင် နေထိုင်သူများ လိုက်နာရန် စည်းကမ်းချက်များထုတ် ပြန်ခြင်း၊ စိစစ်ကြပ်မတ်ခြင်းနှင့် စည်းကမ်းဖောက်ဖျက်သူများကို စစ်ဆေးအရေးယူခြင်း၊
(အ) နိုင်ငံတော်ပိုင် အိမ်ရာအဆောက်အအုံများနှင့် တိုက်ခန်းများအား ထိန်းသိမ်းခြင်း၊ နေရာချထားခြင်း နှင့်စီမံခန့်ခွဲခြင်း၊
(ကက) နိုင်ငံတော်ပိုင် အိမ်ရာအဆောက်အအုံများနှင့် တိုက်ခန်းများအတွက် ငှားရမ်းခ သတ်မှတ်ခြင်း နှင့်ကောက်ခံခြင်း၊
(ခခ) နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဋ္ဌက အခါအားလျော်စွာ သတ်မှတ်ပေး သည့်လုပ်ငန်းတာဝန်များကို ဆောင်ရွက်ခြင်း။
၉။ ကော်မတီသည် မိမိ၏လုပ်ငန်းတာဝန်များကို ဆောင်ရွက်ရာတွင် လိုအပ်ပါက သက်ဆိုင်ရာအစိုးရ ဌာန၊ အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်နိုင်သည်။
အခန်း (၄)
ကော်မတီ၏ လုပ်ပိုင်ခွင့်များ
၁၀။ ကော်မတီ၏ လုပ်ပိုင်ခွင့်များမှာ အောက်ပါအတိုင်းဖြစ်သည် –
(က) နေပြည်တော်စည်ပင်သာယာရေးနယ်နိမိတ်ကို သတ်မှတ်ခြင်းနှင့် ပြင်ဆင်သတ်မှတ်ခြင်း၊
(ခ) ကော်မတီပိုင် ရန်ပုံငွေဖြင့် တည်ဆဲဥပဒေ၊ နည်းဥပဒေများ၊ စည်းမျဉ်းဥပဒေများ၊ စည်းကမ်းဥပဒေ များနှင့်အညီ စည်ပင်သာယာရေးလုပ်ငန်းများကို ဆောင်ရွက်ခြင်း၊
(ဂ) စည်ပင်သာယာရေးလုပ်ငန်းများနှင့် သက်ဆိုင်သော အခွန်အခနှင့် အခွန်အခနှုန်းထားများ သတ်မှတ်ခြင်း၊ ပြင်ဆင်သတ်မှတ်ခြင်း၊ စည်းကြပ်ခြင်းနှင့် ကောက်ခံခြင်း၊
(ဃ) ကော်မတီပိုင် အဆောက်အအုံနှင့်မြေများကို ငှားရမ်းခြင်း၊ စည်းကမ်းချက်တစ်ရပ်ရပ် ဖောက်ဖျက် သော အငှားယူသူများကို ဖယ်ရှားနှင်ထုတ်ခြင်း၊
(င) အဆောက်အအုံနှင့်မြေများ ငှားရမ်းခြင်းဖြင့်ဖြစ်စေ၊ အခြားနည်းဖြင့်ဖြစ်စေ ရရှိသည့်ငွေများကို တည်ဆဲ စည်းမျဉ်းစည်းကမ်းများနှင့်အညီ စည်ပင်သာယာရေးလုပ်ငန်းများအတွက် သုံးစွဲခြင်း၊
(စ) ပြည်တွင်းပြည်ပမှ အဖွဲ့အစည်း သို့မဟုတ် ပုဂ္ဂိုလ်တို့နှင့်ဆက်သွယ်၍ စည်ပင်သာယာရေးကို အထောက်အကူပြုသော လုပ်ငန်းများ ဆောင်ရွက်ခွင့်ရှိခြင်း၊
(ဆ) အစိုးရထံမှဖြစ်စေ၊ ပြည်တွင်းပြည်ပ အဖွဲ့အစည်းများထံမှဖြစ်စေ ချေးငွေရယူခြင်းနှင့် အထောက် အပံ့များရယူခြင်း၊
(ဇ) စည်ပင်သာယာရေးလုပ်ငန်းများအလိုက် လိုအပ်သော ဆပ်ကော်မတီများဖွဲ့စည်း၍ ဆောင်ရွက်ခြင်း၊
(ဈ) စည်ပင်သာယာရေးလုပ်ငန်းများ ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန် ခေတ်မီတိုးတက်သည့် နည်း ပညာနှင့် နည်းစနစ်များကို အသုံးပြုဆောင်ရွက်ခြင်း၊
(ည) အရန်မြေများတွင် မည်သည့်ပုဂ္ဂိုလ်၊ အဖွဲ့အစည်း၊ ဌာနဆိုင်ရာမျှ ကျူးကျော်မှု မရှိစေရန် ထိန်းသိမ်း စောင့်ရှောက်ခြင်းနှင့် ယင်းအရန်မြေပေါ်တွင် နိုင်ငံတော်အစိုးရ၏ ခွင့်ပြုချက်ဖြင့်သာ ဆောင်ရွက်ရသော စီမံကိန်းလုပ်ငန်းများကို စနစ်တကျစီမံခန့်ခွဲခြင်း၊
(ဋ) ကော်မတီပိုင်မြေများတွင် မည်သည့်ပုဂ္ဂိုလ်၊ အဖွဲ့အစည်း၊ ဌာနဆိုင်ရာမျှ ကျူးကျော်မှုမရှိစေရန် ထိန်းသိမ်းစောင့်ရှောက်ခြင်းနှင့် စီမံခန့်ခွဲခြင်း၊
(ဌ) နေပြည်တော်စည်ပင်သာယာရေးနယ်နိမိတ်အတွင်းတွင် သစ်တောနယ်မြေနယ်နိမိတ် သတ်မှတ်ရေး အတွက် သစ်တောရေးရာဝန်ကြီးဌာနနှင့် ညှိနှိုင်းဆောင်ရွက်ခြင်း၊
(ဍ) နေပြည်တော်စည်ပင်သာယာရေးနယ်နိမိတ်အတွင်းတွင် တပ်မြေနယ်နိမိတ် သတ်မှတ်ရေးအတွက် ကာကွယ်ရေးဝန်ကြီးဌာနနှင့် ညှိနှိုင်းဆောင်ရွက်ခြင်း၊
(ဎ) နေပြည်တော်စည်ပင်သာယာရေးနယ်နိမိတ်အတွင်း သဘာဝအလျောက်ပေါက်ရောက်လျက်ရှိသော သစ်ပင်များ၊ နိုင်ငံတော်ပိုင် အိမ်ရာများတွင် စိုက်ပျိုးထားသော နှစ်ရှည်သီးပင်စားပင် အရိပ်ရပင်များ၊ လမ်းဘေးဝဲယာလမ်းလယ်ကျွန်းများနှင့် အဝိုင်းများတွင် စိုက်ပျိုးထားသော သစ်ပင်ပန်းပင်များကို ကော်မတီ၏ခွင့်ပြုချက်မရှိဘဲ ချိုးဖဲ့ခြင်း၊ ခုတ်ထွင်ရှင်းလင်းခြင်း၊ ရွှေ့ပြောင်းခြင်း သို့မဟုတ် ခုတ်လှဲ ခြင်းမပြုရန် တားမြစ်ခြင်းနှင့် စစ်ဆေးကြပ်မတ်ခြင်း၊
(ဏ) နေပြည်တော်စည်ပင်သာယာရေးနယ်နိမိတ်အတွင်းရှိ သတ်မှတ်ထားသော လမ်းနယ်နိမိတ်များ အတွင်း မည်သည့်ပုဂ္ဂိုလ်၊ အဖွဲ့အစည်း၊ ဌာနဆိုင်ရာမျှကျူးကျော်ဆောက်လုပ်ခြင်း မရှိစေရန် တားမြစ် ခြင်းနှင့် စစ်ဆေးကြပ်မတ်ခြင်း၊
(တ) နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဋ္ဌက အခါအားလျော်စွာ အပ်နှင်းသည့် လုပ်ပိုင်ခွင့်များကို ကျင့်သုံးခြင်း။
အခန်း (၅)
ဘဏ္ဍာရေး
၁၁။ ကော်မတီသည် မိမိရန်ပုံငွေဖြင့် ရပ်တည်ရမည်။ လိုအပ်ပါက ဖြည့်ဆည်းလိုသော ရန်ပုံငွေအတွက် အစိုးရထံမှ အထောက်အပံ့ရယူနိုင်သည်။ ထို့အပြင် မိမိ၏ဘဏ္ဍာရေးဆိုင်ရာ ကိစ္စရပ်များကိုလည်း တာဝန်ယူရမည်။
၁၂။ ကော်မတီသည် မိမိရန်ပုံငွေကို သီးခြားဘဏ်စာရင်း ဖွင့်လှစ်ထားရှိ၍ စည်ပင်သာယာရေး လုပ်ငန်း များအတွက် သုံးစွဲပိုင်ခွင့်ရှိသည်။
၁၃။ ကော်မတီသည် ရန်ပုံငွေကို တိုးပွားစေရန် သင့်လျော်သောနည်းလမ်းဖြင့် စီမံခန့်ခွဲနိုင်သည်။
၁၄။ ကော်မတီသည် ရရှိသော နိုင်ငံခြားငွေကို သီးခြားဘဏ်စာရင်း ဖွင့်လှစ်ထားရှိ၍ လုပ်ထုံးလုပ် နည်းများ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ စည်ပင်သာယာရေးလုပ်ငန်းများအတွက် သုံးစွဲ နိုင်သည်။
၁၅။ ကော်မတီသည် –
(က) ရုံးအကြီးအကဲက ရေးဆွဲတင်ပြလာသော နှစ်စဉ် ရသုံးမှန်းခြေငွေစာရင်းကို စိစစ်ပြီး နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဋ္ဌထံ တင်ပြ၍ အတည်ပြုချက်ရယူရမည်။ ထို့အပြင် အစိုးရထံမှ အထောက်အပံ့ရယူရန် လိုအပ်သော ရန်ပုံငွေအတွက် အစိုးရအဖွဲ့သို့ တင်ပြရမည်၊
(ခ) နှစ်စဉ် မိမိ၏ဘဏ္ဍာရေးအခြေအနေနှင့် စာရင်းစစ်ဆေးတွေ့ရှိချက်တို့ကို ဘဏ္ဍာရေးနှစ်ကုန်ဆုံးပြီး ရက်ပေါင်း (၉၀) အတွင်း နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဋ္ဌထံ တင်ပြရမည်။
အခန်း (၆)
ဝန်ထမ်းဖွဲ့စည်းပုံ
၁၆။ ကော်မတီသည် လုပ်ငန်းတာဝန်များကို အခြေခံလျက် လိုအပ်သော ဝန်ထမ်းဖွဲ့စည်းပုံကို နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဋ္ဌ၏ အတည်ပြုချက်ဖြင့် ရေးဆွဲထားရှိရမည်။
၁၇။ ကော်မတီသည် ပုဒ်မ ၁၆ အရ ဝန်ထမ်းဖွဲ့စည်းပုံကို ရေးဆွဲထားရှိရာတွင် စည်ပင်သာယာရေးလုပ် ငန်းများကို အထောက်အကူပြုသည့် အောက်ဖော်ပြပါဝန်ထမ်းများကိုလည်းသက်ဆိုင်ရာ အစိုးရဌာန၊ အဖွဲ့အစည်းများနှင့်ညှိနှိုင်း၍ ဖွဲ့စည်းပုံတွင် ထည့်သွင်းနိုင်သည် –
(က) ရောဂါကြိုတင်ကာကွယ်ရေးနှင့် ပြည်သူ့ကျန်းမာရေးဆိုင်ရာ လုပ်ငန်းတာဝန်ကို ဆောင်ရွက်သော ဝန်ထမ်းများ၊
(ခ) မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းတာဝန်ကို ဆောင်ရွက်သော ဝန်ထမ်းများ၊
(ဂ) လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေးလုပ်ငန်းတာဝန်ကို ဆောင်ရွက်သော စည်ပင်သာယာရေး ရဲတပ်ဖွဲ့ဝင်များနှင့် အခြားဝန်ထမ်းများ။
၁၈။ ကော်မတီသည် –
(က) တည်ဆဲစည်းမျဉ်းဥပဒေများ၊ စည်းကမ်းများနှင့်အညီ ဝန်ထမ်းဖွဲ့စည်းပုံအတွင်း ဝန်ထမ်းများကို ခန့်ထားပိုင်ခွင့်ရှိသည်၊
(ခ) စည်ပင်သာယာရေးလုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်နိုင်မည့် ဝန်ထမ်းများကို သက်ဆိုင်ရာ အစိုးရဌာန၊ အဖွဲ့အစည်းများနှင့် ညှိနှိုင်း၍ လွှဲပြောင်းရယူပြီး စည်ပင်သာယာရေး ဝန်ထမ်းအဖြစ်ခန့် ထားနိုင်သည်။
၁၉။ ဝန်ထမ်းများကို ကြီးကြပ်ကွပ်ကဲနိုင်ရန်အလို့ငှာ ကော်မတီသည် ဝန်ထမ်းရေးရာလုပ်ပိုင်ခွင့်များကို ရုံးအကြီးအကဲအား လိုအပ်သလို လွှဲအပ်ဆောင်ရွက်စေနိုင်သည်။
အခန်း (၇)
ရန်ပုံငွေထိန်းသိမ်းခြင်းနှင့် စာရင်းစစ်ဆေးခြင်း
၂၀။ ကော်မတီသည် ရုံးအကြီးအကဲက စာရင်းများကို နည်းလမ်းတကျ ထိန်းသိမ်းထားရှိနိုင်ရန်နှင့် စစ်ဆေးခြင်းပြုနိုင်ရန်အလို့ငှာ ငွေစာရင်းလုပ်ထုံးလုပ်နည်းများကို စာရင်းစစ်ချုပ်နှင့်ညှိနှိုင်း၍ သတ်မှတ် ရမည်။
၂၁။ ရုံးအကြီးအကဲသည် –
(က) ကော်မတီက သတ်မှတ်ထားရှိသည့် ငွေစာရင်းလုပ်ထုံးလုပ်နည်းများနှင့်အညီ စာရင်းများ ပြုစု ထိန်းသိမ်းထားရှိရမည်၊
(ခ) ပုဒ်မခွဲ (က) အရ ပြုစုထိန်းသိမ်းထားရှိသည့် စာရင်းများနှင့်စပ်လျဉ်း၍ စာရင်းစစ်ချုပ်က တာဝန် ပေးအပ်ခြင်းခံရသူ၏ စစ်ဆေးခြင်းကို ခံယူရမည်။
အခန်း (၈)
စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူခြင်း
၂၂။ ဤဥပဒေအရ ထုတ်ပေးသောလိုင်စင်ရရှိသူကဖြစ်စေ၊ မှတ်ပုံတင်လက်မှတ်ရရှိသူကဖြစ်စေ၊ ခွင့်ပြု ချက်ရရှိသူကဖြစ်စေ သတ်မှတ်ထားသည့် စည်းကမ်းချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်လျှင်သော်လည်း ကောင်း၊ ဤဥပဒေပါ ပြစ်မှုတစ်ရပ်ရပ်ကို ကျူးလွန်ကြောင်း သတ်မှတ်ထားသော တရားရုံးက ပြစ်မှု ထင်ရှား စီရင်ခြင်းခံရလျှင်သော်လည်းကောင်း သက်ဆိုင်ရာလိုင်စင်၊ မှတ်ပုံတင်လက်မှတ် သို့မဟုတ် ခွင့်ပြုချက်ရရှိသူအား ကော်မတီသည် အောက်ပါစီမံခန့်ခွဲရေးဆိုင်ရာ အမိန့်တစ်ရပ်ရပ်ကို ချမှတ်နိုင် သည် –
(က) သတိပေးခြင်း၊
(ခ) သတ်မှတ်ထားသည့် ဒဏ်ကြေးငွေ တပ်ရိုက်ခြင်း၊
(ဂ) လိုင်စင်၊ မှတ်ပုံတင်လက်မှတ် သို့မဟုတ် ခွင့်ပြုချက်ကို ကာလအကန့်အသတ်ဖြင့် ရပ်ဆိုင်းခြင်း၊
(ဃ) လိုင်စင်၊ မှတ်ပုံတင်လက်မှတ် သို့မဟုတ် ခွင့်ပြုချက်ကို ပယ်ဖျက်ခြင်း။
၂၃။ စီမံခန့်ခွဲရေးဆိုင်ရာ အမိန့်အရ ချမှတ်သည့်ဒဏ်ကြေးငွေကို ပေးဆောင်ရန် ပျက်ကွက်ပါက ထိုဒဏ်ကြေးငွေကို မြေခွန်မပြေ ကျန်ငွေဖြစ်ဘိသကဲ့သို့ ကောက်ခံရမည်။
အခန်း (၉)
ပြစ်မှုနှင့် ပြစ်ဒဏ်များ
၂၄။ မည်သူမဆို ဤဥပဒေအရ ကော်မတီကထုတ်ပြန်သည့် နည်းဥပဒေတစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူး လွန်ကြောင်း သို့မဟုတ် လိုက်နာရန် ပျက်ကွက်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို တစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်နှစ်သိန်းထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်ရမည်။
၂၅။ ပုဒ်မ ၂၄ အရ ပြစ်ဒဏ်ချမှတ်ခြင်းခံရသူသည် အဆိုပါ နည်းဥပဒေတစ်ရပ်ရပ်ကို ဆက်လက်၍ ဖောက်ဖျက်ကျူးလွန်လျှင် သို့မဟုတ် လိုက်နာရန် ပျက်ကွက်လျှင် ထိုသူကို ဆက်လက်၍ ဖောက်ဖျက် ကျူးလွန်ခြင်း သို့မဟုတ် ပျက်ကွက်ခြင်းပြုသည့်နေ့အသီးသီးအတွက် တစ်နေ့လျှင် အနည်းဆုံး ငွေဒဏ် ကျပ်တစ်သောင်းမှ အများဆုံး ငွေဒဏ်ကျပ်ငါးသောင်းအထိ ချမှတ်ရမည်။
၂၆။ မည်သူမဆို ဤဥပဒေအရ ကော်မတီကထုတ်ပြန်သည့် စည်းကမ်းတစ်ရပ်ရပ်ကိုဖြစ်စေ၊ အမိန့် တစ်ရပ်ရပ်ကိုဖြစ်စေ ဖောက်ဖျက်ကျူးလွန်ကြောင်း သို့မဟုတ် လိုက်နာရန် ပျက်ကွက်ကြောင်း ပြစ်မှု ထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို သုံးလထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်တစ်သိန်း ထက်မပို သော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။
၂၇။ ပုဒ်မ ၂၆ အရ ပြစ်ဒဏ်ချမှတ်ခြင်းခံရသူသည် အဆိုပါ စည်းကမ်းတစ်ရပ်ရပ်ကိုဖြစ်စေ၊ အမိန့် တစ်ရပ်ရပ်ကိုဖြစ်စေ ဆက်လက်၍ ဖောက်ဖျက်ကျူးလွန်လျှင် သို့မဟုတ် လိုက်နာရန် ပျက်ကွက်လျှင် ထိုသူကို ဆက်လက်၍ ဖောက်ဖျက်ကျူးလွန်ခြင်း သို့မဟုတ် ပျက်ကွက်ခြင်းပြုသည့် နေ့အသီးသီး အတွက် တစ်နေ့လျှင် အနည်းဆုံး ငွေဒဏ် ကျပ်တစ်သောင်းမှ အများဆုံး ငွေဒဏ် ကျပ်ငါးသောင်းအထိ ချမှတ်ရမည်။
အခန်း (၁၀)
အထွေထွေ
၂၈။ အများပြည်သူနှင့် ဝန်ထမ်းများသည် နေပြည်တော်စည်ပင်သာယာရေးနယ်နိမိတ်အတွင်း သန့်ရှင်း၊ သပ်ရပ်၊ သာယာ၊ လှပ၊ စိမ်းလန်း၊ စိုပြည်ရေးအတွက် ဆောင်ရွက်ထားရှိမှုများကို ကာကွယ်စောင့်ရှောက် ရန်နှင့် ပြုစုထိန်းသိမ်းရန် တာဝန်ရှိသည့်အလျောက် ကော်မတီက ထုတ်ပြန်ထားသည့် အမိန့်၊ စည်းကမ်း နှင့် ညွှန်ကြားချက်များကို လိုက်နာရမည်။
၂၉။ ကော်မတီသည် မိမိ၏လုပ်ငန်းတာဝန်များနှင့် လုပ်ပိုင်ခွင့်များကို ကျင့်သုံးဆောင်ရွက်ရာတွင် မူဝါဒ သဘောပါရှိသော လုပ်ငန်းများကိုလည်းကောင်း နေပြည်တော်စည်ပင်သာယာရေးနယ်နိမိတ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်မည့် အထူးစီမံကိန်းများကိုလည်းကောင်း နိုင်ငံတော်အေးချမ်းသာယာ ရေးနှင့်ဖွံ့ဖြိုးရေးကောင်စီဥက္ကဋ္ဌ၏ ခွင့်ပြုချက်ရရှိပြီးမှ ဆောင်ရွက်ရမည်။
၃၀။ ကော်မတီသည် ကိုယ်ပိုင်အမည်၊ တံဆိပ်ဖြင့် ဆောင်ရွက်ပိုင်ခွင့်၊ စဉ်ဆက်မပြတ်ဆောင်ရွက်ပိုင်ခွင့်၊ တရားစွဲဆိုနိုင်ခွင့်နှင့် တရားစွဲဆိုခံနိုင်ခွင့်တို့ ရှိစေရမည်။
၃၁။ ကော်မတီသည် မိမိပိုင် မရွှေ့မပြောင်းနိုင်သော ပစ္စည်းများကို နိုင်ငံတော်သို့ လွှဲပြောင်းပေးရသည့် အတွက် သင့်တင့်မျှတသောတန်ဖိုး ရရှိခြင်းမရှိပါက တာဝန်ရှိသည့်ဌာနနှင့် အဖွဲ့အစည်းများအား တရားစွဲဆို၍ တောင်းခံနိုင်ခွင့်ရှိသည်။
၃၂။ ဤဥပဒေအရ ထုတ်ပြန်သည့် နည်းဥပဒေများ၊ စည်းကမ်းများနှင့် အမိန့်တစ်ရပ်ရပ်ကို ဖောက်ဖျက် ကျူးလွန်သဖြင့် တရားစွဲဆိုသည့် စည်ပင်သာယာရေးမှုခင်းများကို မြန်မြန်ဆန်ဆန် စစ်ဆေး စီရင်နိုင် ရန်အလို့ငှာ နေပြည်တော်စည်ပင်သာယာရေးနယ်နိမိတ်အတွင်း သင့်လျော်သည့်နေရာများတွင် တရားရုံး နှင့်ဥပဒေရုံးများ ဖွင့်လှစ်ထားရှိနိုင်ရေးအတွက် ကော်မတီသည် တရားရုံးချုပ်နှင့်လည်းကောင်း၊ ရှေ့နေ ချုပ်ရုံးနှင့်လည်းကောင်း ညှိနှိုင်းဆောင်ရွက်ရမည်။
၃၃။ ပုဒ်မ ၂၂ အရ ကော်မတီက ချမှတ်သည့် စီမံခန့်ခွဲရေးဆိုင်ရာ အမိန့် သို့မဟုတ် ဆုံးဖြတ်ချက်သည် အပြီးအပြတ်ဖြစ်စေရမည်။
၃၄။ ကော်မတီသည် စည်ပင်သာယာရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် တည်ဆဲစည်ပင်သာယာရေး အဖွဲ့များ ဥပဒေ၊ ယင်းဥပဒေအရ ထုတ်ပြန်သော နည်းဥပဒေများ၊ စည်းမျဉ်းဥပဒေများ၊ စည်းကမ်းများ၊ လုပ်ထုံးလုပ်နည်းများ၊ အမိန့်ကြော်ငြာစာ၊ အမိန့်နှင့် ညွှန်ကြားချက်များကို ဤဥပဒေ၏ ရည်ရွယ်ချက် သဘောထားများနှင့် မဆန့်ကျင်သရွေ့ကျင့်သုံးနိုင်သည်။
၃၅။ ကော်မတီသည် နေပြည်တော်စည်ပင်သာယာရေးနယ်နိမိတ်အတွင်းရှိ ယခင်မြို့နယ် စည်ပင် သာယာရေးအဖွဲ့များနှင့် နေပြည်တော်စည်ပင်သာယာရေးကော်မတီပိုင် ရန်ပုံငွေများ၊ ရွှေ့ပြောင်းနိုင်သော ပစ္စည်းများနှင့် မရွှေ့မပြောင်းနိုင်သော ပစ္စည်းများ၊ ဆောင်ရွက်ဆဲလုပ်ငန်းများနှင့် ဆောင်ရွက်ပြီး လုပ်ငန်းများ၊ ရရန်ပိုင်ခွင့်နှင့် ပေးရန်တာဝန်များကို ဆက်ခံရမည်။
၃၆။ (က) နေပြည်တော်စည်ပင်သာယာရေးနယ်နိမိတ်အတွင်းရှိ မရွှေ့မပြောင်းနိုင်သောပစ္စည်း လွှဲပြောင်း သည့်စာချုပ်စာတမ်းများ ချုပ်ဆိုရာတွင် အခွန်တံဆိပ်ခေါင်း ထမ်းဆောင်ရမည့်ပုဂ္ဂိုလ်သည် မြန်မာနိုင်ငံ တံဆိပ်ခေါင်းအက်ဥပဒေအရ ထမ်းဆောင်ရမည့် အခွန်တံဆိပ်ခေါင်းတန်ဖိုးအပြင် သတ်မှတ်သည့် ရာခိုင် နှုန်းကို တိုးမြှင့်ထမ်းဆောင်ရမည်။
(ခ) ကော်မတီသည် ပုဒ်မခွဲ (က) အရ တိုးမြှင့်ထမ်းဆောင်သည့် အခွန်တံဆိပ်ခေါင်းတန်ဖိုးကို လွှဲပြောင်း ရယူရေးနှင့်စပ်လျဉ်း၍ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနနှင့် ညှိနှိုင်းဆောင်ရွက်ရမည်။
၃၇။ ကော်မတီသည် မိမိ၏လုပ်ငန်းတာဝန်နှင့် လုပ်ပိုင်ခွင့်များ ကျင့်သုံးဆောင်ရွက်ရာတွင် လိုအပ်ပါက မိမိလက်အောက်ရှိ သက်ဆိုင်ရာ ဌာနတစ်ခုခုကိုဖြစ်စေ၊ အဖွဲ့ဖွဲ့စည်း၍ဖြစ်စေ၊ ပုဂ္ဂိုလ်တစ်ဦးဦးကိုဖြစ်စေ လွှဲအပ်ဆောင်ရွက်စေနိုင်သည်။
၃၈။ ကော်မတီသည် ဤဥပဒေပါ ပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် –
(က) လိုအပ်သော နည်းဥပဒေများကို နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဋ္ဌ၏ အတည်ပြုချက်ဖြင့် ထုတ်ပြန်နိုင်သည်၊
(ခ) လိုအပ်သော လုပ်ထုံးလုပ်နည်းများ၊ စည်းကမ်းများ၊ အမိန့်ကြော်ငြာစာ၊ အမိန့်နှင့် ညွှန်ကြားချက် များကိုထုတ်ပြန်နိုင်သည်။
(ပုံ) သန်းရွှေ
ဗိုလ်ချုပ်မှူးကြီး
ဥက္ကဋ္ဌ
နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ