နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ

ပြည်ထောင်စုမြန်မာနိုင်ငံတော်
နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ
နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ
(နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီဥပဒေအမှတ်၊၂/၂၀၁၀)
၁၃၇၁ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၉ ရက်
(၂၀၁၀ ပြည့်နှစ်၊ မတ်လ ၈ ရက် )
[ ပြင်ဆင် : 04.11.2011, 30.09.2014 ]
နိဒါန်း
ပြည်ထောင်စုမြန်မာနိုင်ငံတော်တွင်ပြည်ထောင်စုမပြိုကွဲရေး၊တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးတို့ကို ဦးတည်ချက်ထားရှိသော၊ နိုင်ငံတော်၏ ကျေးဇူးသစ္စာကို စောင့်သိရိုသေသော၊ စစ်မှန်၍စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ကို လက်ခံ ကျင့်သုံးသော နိုင်ငံရေးပါတီများ ဖွဲ့စည်းနိုင်ရေးအတွက် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၄၄၃ နှင့်အညီ အောက်ပါဥပဒေကို ပြဋ္ဌာန်းလိုက်သည်။

အခန်း(၁)
အမည်နှင့် အဓိပ္ပာယ်ဖော်ပြချက်
၁။ ဤဥပဒေကို နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေဟုခေါ်တွင်စေရမည်။
၂။ ဤဥပဒေတွင်ပါရှိသော အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပာယ်သက်ရောက်စေရ မည်-
(က) နိုင်ငံတော် ဆိုသည်မှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကိုဆိုသည်။
(ခ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဆိုသည်မှာလက်ရှိ တိုင်းအသီးသီးသို့မဟုတ် ပြည်နယ် အသီးသီးကိုဆိုသည်။
(ဂ) ကော်မရှင် ဆိုသည်မှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကိုဆိုသည်။
(ဃ) နိုင်ငံရေးပါတီ ဆိုသည်မှာ စစ်မှန်၍ စည်းကမ်းပြည့်ဝသည့်ပါတီစုံဒီမိုကရေစီစနစ်ကို ယုံကြည် လက်ခံ၍ နိုင်ငံရေးဝါဒ သဘောတရားတစ်ရပ်အပေါ်တွင် အခြေခံပြီးမိမိတို့၏လုပ်ငန်းစဉ်များကို အ ကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ကော်မရှင်က ဤဥပဒေအရတည်ထောင်ခွင့်ပြုထားသော အဖွဲ့အ စည်းကိုဆိုသည်။
(င) ပါတီ ဆိုသည်မှာ ပြည်ထောင်စုတစ်ဝန်းလုံးတွင်ဖြစ်စေ၊ တိုင်းဒေသကြီးသို့မဟုတ်ပြည်နယ်တစ်ခုအ တွင်း၌သာဖြစ်စေစည်းရုံးဆောင်ရွက်သည့်နိုင်ငံရေးပါတီကိုဆိုသည်။ ယင်းစကားရပ်တွင်ပါတီ၏ ပါတီ အဖွဲ့ခွဲအဆင့်ဆင့်လည်းပါဝင်သည်။
(စ) ရွေးကောက်ပွဲ ဆိုသည်မှာပြည်သူ့လွှတ်တော်ရွေးကောက်ပွဲ၊အမျိုးသားလွှတ်တော်ရွေးကောက်ပွဲနှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ရွေးကောက်ပွဲတို့ကိုဆိုသည်။
(ဆ) အထွေထွေရွေးကောက်ပွဲ ဆိုသည်မှာ လွှတ်တော်ပုံမှန်သက်တမ်းတစ်ရပ်အတွက် ကော်မရှင်က သတ်မှတ်ကျင်းပသည့်ရွေးကောက်ပွဲကိုဆိုသည်။
(ဇ) ကြားဖြတ်ရွေးကောက်ပွဲ ဆိုသည်မှာ လွှတ်တော်ပုံမှန်သက်တမ်းတစ်ရပ်အတွင်း မဲဆန္ဒနယ်တစ်ခုခု ၌ရွေးကောက်ပွဲ ရွှေ့ဆိုင်းထားရခြင်းကြောင့်ဖြစ်စေ၊ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဦးနုတ်ထွက်ခြင်း၊ ကွယ်လွန်ခြင်း၊ ဥပဒေနှင့် အညီလွှတ်တော်ကိုယ်စားလှယ်အဖြစ်မှရပ်စဲခံရခြင်း သို့မဟုတ် တာဝန်မှ ရုပ် သိမ်းခံရခြင်းကြောင့်ဖြစ်စေ လစ်လပ်လျက်ရှိသော မဲဆန္ဒနယ်များအတွက် အခါအား လျော်စွာ ကော်မ ရှင်ကသတ်မှတ် ကျင်းပသည့်ရွေး ကောက်ပွဲကိုဆိုသည်။
(ဈ) မဲဆန္ဒနယ် ဆိုသည်မှာ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးကို ရွေးကောက်တင်မြှောက်ရန် ဥပဒေနှင့် အညီ ကော်မရှင်က သတ်မှတ်သော ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်ကို ဆိုသည်။
(ည) ပါတီပိုင်ပစ္စည်း ဆိုသည်မှာ ပါတီပိုင်ရန်ပုံငွေနှင့် ပါတီပိုင် ရွှေ့ပြောင်းနိုင်သောပစ္စည်း သို့မဟုတ် မရွှေ့မပြောင်းနိုင်သော ပစ္စည်းတို့ကိုဆိုသည်။
(ဋ) သာသနာ့ဝန်ထမ်း ဆိုသည်မှာ အောက်ပါတို့ကိုဆိုသည်-
(၁) ဗုဒ္ဓဘာသာဝင်များအတွက် ဖြစ်လျှင် ဗုဒ္ဓဘာသာသာသနာ့ဝန်ကို ထမ်းရွက်နေသော ရဟန်း၊ သာမဏေ၊ ဖိုးသူတော်၊ မယ်သီလ၊
ရှင်းလင်းချက်။ သာသနာ့ဝန်ထမ်းဟုဆိုရာတွင် သာသနာရေးဆိုင်ရာရဟန်း သို့မဟုတ် သာသနာ့ ဝန်ထမ်း အဖြစ် ခေတ္တခံယူထားသူများနှင့်လည်း သက်ဆိုင်စေရမည်။
(၂) ခရစ်ယာန်ဘာသာဝင်များအတွက်ဖြစ်လျှင် ခရစ်ယာန်သာသနာ့ဝန်ကို ထမ်းဆောင်ရန် အဓိကအားဖြင့် မိမိကိုယ်ကိုဆက်ကပ်ပြီးသောပုဂ္ဂိုလ်ဟု သက်ဆိုင်ရာခရစ်ယာန်အသင်းတော်ကြီးများ (Churches) က အသိအမှတ်ပြု၍ သိက္ခာပေးထားခြင်းခံရသော သို့မဟုတ် တာဝန်ပေးခြင်းခံရသော ပုဂ္ဂိုလ်များနှင့် မိမိတို့ကိုးကွယ်သော ဘာသာအရ ဂိုဏ်းချုပ်၏ အုပ်ချုပ်ခြင်းကို ဆန္ဒအလျောက် လက်ခံ၍ ဘာသာရေး စည်းမျဉ်း သို့မဟုတ် အဓိဋ္ဌာန်ပြုချက်ဖြင့်စည်းရုံးထားသော ပုဂ္ဂိုလ်တစ်စုတွင် သို့မဟုတ် အဖွဲ့အစည်း တွင်ပါဝင်သော ပုဂ္ဂိုလ်များ၊
(၃) ဟိန္ဒူဘာသာဝင် များအတွက်ဖြစ်လျှင် စံယာစီ၊ မဟန့် သို့မဟုတ် ဟိန္ဒူဘုန်းတော်ကြီးများ။
(ဌ) ထောင်ဒဏ်ကျခံနေရသူ ဆိုသည်မှာတရားရုံးတစ်ခုခု၏ စီရင်ချက်အရ ထောင်ဒဏ်ကျခံနေရသူ ကိုဆို သည်။ယင်းစကားရပ်တွင် သက်ဆိုင်ရာတရားရုံး၏ ထောင်ဒဏ်စီရင်ချက်ကိုမကျေနပ်၍ အယူခံမှု သို့မဟုတ် ပြင်ဆင်မှု လျှောက်ထားသော ထောင်ဒဏ်ကျခံနေရဆဲဖြစ်သူလည်းပါဝင်သည်။

အခန်း(၂)
နိုင်ငံရေးပါတီ တည်ထောင်ခြင်းနှင့် မှတ်ပုံတင်ခြင်း
၃။ (က) ပါတီတစ်ရပ်တည်ထောင်၍ ပြည်ထောင်စုတစ်ဝန်းလုံးတွင် ဖြစ်စေ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုအတွင်း၌သာဖြစ်စေ စည်းရုံးဆောင်ရွက်လိုသည့် ပါတီတည်ထောင်လိုသူ အနည်းဆုံး ၁၅ ဦးသည် ယင်းတို့တည်ထောင်လိုသော ပါတီ၏အမည်ကိုဖော်ပြ၍ ပါတီဝင်များကို ဥပဒေနှင့်အညီ စည်းရုံး ခွင့်ပြုရန် ကော်မရှင်သို့လျှောက်ထားရမည်။ လျှောက်လွှာတွင် ယင်းတို့သည် ပုဒ်မ ၄ ပါ အချက်များ နှင့်ညီညွတ်သူများဖြစ်သည့်အပြင် ပုဒ်မ ၆ ပါအချက်များကိုလည်းလိုက်နာမည်ဖြစ်ကြောင်း ဝန်ခံ လက်မှတ် ရေးထိုးရမည်။
(ခ) ပုဒ်မခွဲ (က) အရ လျှောက်ထားသောလျှောက်လွှာကို လက်ခံရရှိလျှင် ကော်မရှင်သည် လျှောက် လွှာတွင် ဖော်ပြထားသော အချက်များကိုစိစစ်၍ ဥပဒေနှင့်ညီညွတ်ကြောင်း တွေ့ရှိပါက လျှောက်ထား ချက်ကိုခွင့်ပြုရမည်။ ဥပဒေနှင့်ညီညွတ်ခြင်းမရှိကြောင်း တွေ့ရှိပါက လျှောက်ထားချက်ကို ငြင်းပယ် ရမည်။
(ဂ) ပါတီတည်ထောင်လိုသူများသည် ပုဒ်မခွဲ (ခ) အရ ခွင့်ပြုချက်ရရှိလျှင် မိမိတို့အနက်မှ ခေါင်းဆောင် တစ်ဦးနှင့် ဒုတိယခေါင်းဆောင်တစ်ဦးတို့ကို ရွေးချယ်ရမည်။
၄။ ပါတီတည်ထောင်လိုသူများသည် အောက်ပါအချက်များနှင့်ကိုက်ညီရမည်-
(က) နိုင်ငံသားဖြစ်ခြင်း
(ခ) အသက် ၂၅ နှစ်ပြည့်ပြီးသူဖြစ်ခြင်း၊
(ဂ) သာသနာ့ဝန်ထမ်းမဟုတ်ခြင်း၊
(ဃ) နိုင်ငံ့ဝန်ထမ်းမဟုတ်ခြင်း၊
(င) ထောင်ဒဏ်ကျခံနေရသူ မဟုတ်ခြင်း၊
(စ) နိုင်ငံတော်အား လက်နက်ကိုင်ဆန့်ကျင်နေသော သောင်းကျန်းသူအဖွဲ့အစည်းဝင် သို့မဟုတ် အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်သည်ဟု နိုင်ငံတော်က သတ်မှတ်သော အဖွဲ့အစည်းဝင်နှင့် ပုဂ္ဂိုလ်များ သို့မဟုတ် တည်ဆဲဥပဒေတစ်ရပ်ရပ်အရ မတရားအသင်းအဖြစ် ကြေညာခြင်းခံရသော အဖွဲ့အစည်းဝင် သို့မဟုတ် ယင်းအဖွဲ့အစည်းဝင်များနှင့် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ဆက် သွယ်ခြင်း သို့မဟုတ် အားပေးကူညီခြင်းပြုသည့် အဖွဲ့အစည်းဝင်မဟုတ်ခြင်း၊
(ဆ) မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပါပြစ်မှုတစ်ရပ်ရပ်နှင့် ငြိစွန်းသူမဟုတ်ခြင်း၊
(ဇ) နိုင်ငံခြားသား သို့မဟုတ် နိုင်ငံခြားသားအဖြစ် ခံယူထားသူမဟုတ်ခြင်း။
<ပြင်ဆင် 30.09.2014>
၅။ ပါတီတည်ထောင်လိုသူများ၏ ခေါင်းဆောင်နှင့်ဒုတိယ ခေါင်းဆောင်တို့သည် သတ်မှတ်ထားသည့် မှတ်ပုံတင်ကြေးပေးသွင်း၍ မိမိတို့တည်ထောင်လိုသောပါတီကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ပေးပါရန် အောက်ပါအချက်များကို တင်ပြပြီးသတ်မှတ်သည့်အတိုင်း ကော်မရှင်သို့ လျှောက်ထားရမည်-
(က) တည်ထောင်လိုသောပါတီ၏ အမည်၊ အလံ နှင့် တံဆိပ်၊
(ခ) တည်ထောင်လိုသောပါတီ၏ နိုင်ငံရေးဝါဒသဘောတရားနှင့်လုပ်ငန်းစဉ်၊
(ဂ) ပါတီစည်းမျဉ်းနှင့်ဖွဲ့စည်းပုံ၊
(ဃ) ပုဒ်မ ၄ ပါအချက်များနှင့်ညီညွတ်သော ပါတီတည်ထောင်လိုသူများ၏ အမည်၊ အဘအမည်၊ အလုပ်အကိုင်၊ နေရပ်လိပ်စာ၊ မွေးသက္ကရာဇ်နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်
(င) ပုဒ်မ ၆ နှင့်အညီ ပြုလုပ်ထားသော ဝန်ခံချက်၊
(စ) ပြည်ထောင်စုတစ်ဝန်းလုံးတွင် စည်းရုံးမည့်ပါတီဖြစ်ပါက နိုင်ငံရေးပါတီအဖြစ်မှတ်ပုံတင်ခွင့်ပြုသည့် နေ့ရက်မှစ၍ရက်ပေါင်း ၉၀ အတွင်း ပါတီဝင်ဦးရေ အနည်းဆုံး ၁၀၀၀ ကိုစည်းရုံးမည်ဖြစ်ကြောင်း ဝန်ခံချက် (သို့မဟုတ်) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုအတွင်း၌သာ စည်းရုံးမည့်ပါတီဖြစ်ပါက နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုသည့်နေ့ရက်မှစ၍ ရက်ပေါင်း ၉၀ အတွင်း ပါတီဝင်ဦးရေ အနည်းဆုံး ၅၀၀ ကို စည်းရုံးမည်ဖြစ်ကြောင်း ဝန်ခံချက်။
<ပြင်ဆင် 30.09.2014>
၆။ အောက်ပါအချက်များအား စောင့်ထိန်းလိုက်နာမည်ဖြစ်ကြောင်း ဝန်ခံချက်ကို ပုဒ်မ ၅ အရ လျှောက်ထားသည့် လျှောက်လွှာတွင် ဖော်ပြရမည်
(က) ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးကို ထိန်းသိမ်းစောင့်ရှောက်ရေး၊
(ခ) တရားဥပဒေစိုးမိုးရေးနှင့် အေးချမ်းသာယာရေးကို ထိန်းသိမ်းစောင့်ရှောက်ရေး၊
(ဂ) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေကို လေးစားလိုက်နာရေး၊
(ဃ) လူမျိုးရေး သို့မဟုတ် ဘာသာရေး သို့မဟုတ် လူတစ်ဦးချင်း သို့မဟုတ် လူအများနှင့်ပတ်သက်၍ ပဋိပက္ခဖြစ်ပေါ်စေနိုင်သည့်၊ သိက္ခာနှင့် ကိုယ်ကျင့်တရားကို ထိခိုက်စေနိုင်သည့် ရေးသားမှု၊ ဟောပြောမှု သို့မဟုတ် စည်းရုံးလှုံ့ဆော်မှု မပြုလုပ်ရေး၊
(င) ဘာသာရေးကို နိုင်ငံရေးအတွက် အလွဲသုံးစားမပြုလုပ်ရေး၊
(စ) နိုင်ငံခြားတိုင်းပြည်တစ်ခုခု၏ အစိုးရ သို့မဟုတ် ဘာသာရေးအဖွဲ့အစည်း သို့မဟုတ် အခြားအဖွဲ့အစည်းတစ်ခုခု သို့မဟုတ် ပုဂ္ဂိုလ်တစ်ဦးဦးထံမှ ငွေကြေး၊ ပစ္စည်း၊ အခြားအထောက်အပံ့ကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ရယူသုံးစွဲခြင်း သို့မဟုတ် ယင်းတို့၏ သြဇာခံယူခြင်းမပြုရေး။
<ပြင်ဆင် 04.11.2011>
၇။ အောက်ပါအဖွဲ့အစည်းတစ်ရပ်ရပ်သည် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ပေးရန် လျှောက်ထားခွင့်မရှိ စေရ-
(က) တည်ဆဲဥပဒေတစ်ရပ်ရပ်အရ မတရားအသင်းအဖြစ် ကြေညာခြင်းခံရသော အဖွဲ့အစည်း၊
(ခ) နိုင်ငံတော်အား လက်နက်ကိုင်ဆန့်ကျင်နေသာ သောင်းကျန်းသူအဖွဲ့အစည်း သို့မဟုတ် အကြမ်း ဖက်လုပ်ရပ်များကို ကျူးလွန်သည်ဟု နိုင်ငံတော်ကသတ်မှတ်သော အဖွဲ့အစည်းနှင့် ပုဂ္ဂိုလ်များ သို့မဟုတ် တည်ဆဲဥပဒေတစ်ရပ်ရပ်အရ မတရားအသင်းအဖြစ် ကြေညာခြင်းခံရသော အဖွဲ့အစည်း သို့မဟုတ် ယင်းအဖွဲ့အစည်းဝင်များနှင့် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေဆက်သွယ် ခြင်း သို့မဟုတ် အားပေးကူညီခြင်းပြုသည့် အဖွဲ့အစည်း၊
(ဂ) နိုင်ငံတော်ပိုင် ငွေကြေး၊ အဆောင်အအုံ၊ ယာဉ်၊ ပစ္စည်းတို့ကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ၊ ရယူသုံးစွဲသည့် အဖွဲ့အစည်း၊
(ဃ) နိုင်ငံခြားတိုင်းပြည်တစ်ခုခု၏ အစိုးရ သို့မဟုတ် ဘာသာရေးအဖွဲ့အစည်း သို့မဟုတ် အခြားအဖွဲ့အစည်းတစ်ခုခု သို့မဟုတ် ပုဂ္ဂိုလ်တစ်ဦးဦးထံမှ ငွေကြေး၊ပစ္စည်း၊ အခြားအထောက်အပံ့ကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေရယူသုံးစွဲခြင်း သို့မဟုတ် ယင်းတို့၏ သြဇာခံယူခြင်းပြုသည့် အဖွဲ့အစည်း၊
(င) ဘာသာရေးကို နိုင်ငံရေးကိစ္စအတွက် အလွဲသုံးစားပြုသောအဖွဲ့အစည်း။
၈။ (က) ပုဒ်မ ၅၊ ပုဒ်မခွဲ (က) အရ ပါတီ၏အမည်၊ အလံနှင့်တံဆိပ် တို့ကိုတင်ပြရာတွင် ဘာသာ၊ သာသနာနှင့် ယှက်နွယ်သော သို့မဟုတ် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး တို့ကိုထိခိုက်စေသော အမည်၊ အမှတ်အသား သို့မဟုတ် သင်္ကေတကို ရှောင်ရှားရမည်။
(ခ) မှတ်ပုံတင်ခွင့်ပြုရန် လျှောက်ထားသော ပါတီ၏ အမည်၊ အလံနှင့် တံဆိပ် တို့သည် မှတ်ပုံတင် ထားပြီးသော သို့မဟုတ် ပုဒ်မ ၅ အရ လျှောက်ထားပြီးသော အခြားပါတီတစ်ခု၏ အမည်၊ အလံ သို့မဟုတ် တံဆိပ်နှင့် တူညီနေလျှင်သော်လည်းကောင်း၊ ဆင်တူယိုးမှားဖြစ်နေလျှင်သော်လည်း ကောင်းကွဲပြားစေရေးအတွက် ဆောင်ရွက်ရန်ကာလသတ်မှတ်၍ ကော်မရှင်ကညွှန်ကြားနိုင်သည်။ ယင်းသို့ ညွှန်ကြားသည်ကို လိုက်နာဆောင်ရွက်ရန် ပျက်ကွက်လျှင် လျှောက်လွှာကိုပယ်ရမည်။
၉။ ပါတီတည်ထောင်လိုသူများ၏ ခေါင်းဆောင်နှင့် ဒုတိယခေါင်းဆောင်တို့က နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ပေးရန် လျှောက်ထားသည့်အခါ ကော်မရှင်သည်သတ်မှတ်ထားသော နည်းလမ်းများ နှင့်အညီစစ်ဆေးပြီး နောက်သတ်မှတ်ချက်နှင့်ညီညွတ်ပါကမှတ်ပုံတင်ခွင့်ပြုနိုင်သည် သို့မဟုတ် ညီညွတ် ခြင်းမရှိပါက မှတ်ပုံတင်ခွင့်ပြုရန် ငြင်းပယ်နိုင်သည်။
၁၀။ ပါတီဝင်များစည်းရုံးရာတွင်အောက်ပါအရည်အချင်းများနှင့်ကိုက်ညီသူများကိုသာ ပါတီဝင်အဖြစ်စည်းရုံးရမည်-
(က) နိုင်ငံသားနှင့် နိုင်ငံသားပြုခွင့်ရသူဖြစ်ခြင်း
(ခ) အသက် ၁၈နှစ် ပြည့်ပြီးသူဖြစ်ခြင်း၊
(ဂ) သာသနာ့ဝန်ထမ်း မဟုတ်ခြင်း၊
(ဃ) နိုင်ငံ့ဝန်ထမ်း မဟုတ်ခြင်း၊
(င) နိုင်ငံတော်အား လက်နက်ကိုင်ဆန့်ကျင်နေသော သောင်းကျန်းသူအဖွဲ့အစည်းဝင် သို့မဟုတ် အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်သည်ဟု နိုင်ငံတော်က သတ်မှတ်သောအဖွဲ့အစည်းဝင်နှင့် ပုဂ္ဂိုလ်များ သို့မဟုတ် တည်ဆဲဥပဒေတစ်ရပ်ရပ်အရ မတရားအသင်းအဖြစ် ကြေညာခြင်းခံရသော အဖွဲ့အစည်းဝင် သို့မဟုတ် ယင်းအဖွဲ့အစည်းဝင်များနှင့် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေဆက်သွယ်ခြင်း သို့မဟုတ် အားပေးကူညီခြင်းပြုသည့်အဖွဲ့အစည်းဝင် မဟုတ်ခြင်း၊
(စ) မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေပါ ပြစ်မှုတစ်ရပ်ရပ်နှင့် ငြိစွန်းသူမဟုတ်ခြင်း၊
(ဆ) နိုင်ငံခြားသား သို့မဟုတ် နိုင်ငံခြားသားအဖြစ်ခံယူထားသူမဟုတ်ခြင်း၊
(ဇ) ပုဒ်မ ၆ ပါအချက်များကို စောင့်ထိန်းလိုက်နာမည်ဖြစ်ကြောင်း ဝန်ခံထားသူဖြစ်ခြင်း။
<ပြင်ဆင် 04.11.2011, 30.09.2014>
၁၁။ ပါတီတစ်ခုသည် ပုဒ်မ ၉ အရ မှတ်ပုံတင်ခွင့် ရရှိသည့်နေ့ရက်မှစ၍-
(က) သတ်မှတ်ချက်များနှင့်ကိုက်ညီသော ပါတီဝင်ခွင့်လျှောက်ထားသူများအား ပါတီဝင်အသိအမှတ်ပြု လွှာများ ထုတ်ပေးခြင်း၊ ပါတီဝင်များထံမှ ပါတီဝင်ကြေး၊ ပါတီလစဉ်ကြေးများကောက်ခံခြင်းနှင့် စည်းရုံးခြင်းများကို ပါတီစည်းမျဉ်းနှင့်အညီဆောင်ရွက်နိုင်သည်။
(ခ) ပါတီဝင်အသိအမှတ်ပြုလွှာများထုတ်ပေးပြီးသော ပါတီဝင်အင်အားစာရင်းကို ပြုစုထားရှိပြီး ယင်း စာရင်းကို သတ်မှတ်သည့်အတိုင်း ကော်မရှင်သို့တင်ပြရမည်။

အခန်း(၃)
ဆက်လက်ရပ်တည်ပိုင်ခွင့်မရှိခြင်း
၁၂။ (က) ပါတီတစ်ခုသည် အောက်ပါအချက်တစ်ရပ်ရပ်နှင့် ငြိစွန်းလျှင်နိုင်ငံရေးပါတီအဖြစ် ဆက်လက် ရပ်တည်ပိုင်ခွင့် မရှိစေရ-
(၁) အထွေထွေရွေးကောက်ပွဲ၌ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ်၊ တိုင်း ဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်များအနက် အနည်းဆုံးမဲဆန္ဒနယ် သုံးနယ်တွင် မိမိပါတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်းများ ဝင်ရောက်ယှဉ်ပြိုင်မှု မပြုနိုင်ခြင်း၊
ရှင်းလင်းချက်။ လွှတ်တော်သက်တမ်း တစ်ရပ်စီအတွက် အထွေထွေရွေးကောက်ပွဲကျင်းပပြီးသည့်နောက်ပိုင်းတွင် မှတ်ပုံတင်ခွင့်ရရှိသောပါတီသည် ယင်းလွှတ်တော်သက်တမ်းအတွင်း ကျင်းပပြုလုပ်သော ကြားဖြတ်ရွေးကောက်ပွဲများ၌ ဝင်ရောက်ယှဉ်ပြိုင်မှု မပြုနိုင်လျှင်ဖြစ်စေ၊ မဲဆန္ဒနယ် သုံးနယ်ထက် မနည်းကျင်းပပြုလုပ်သော ကြားဖြတ်ရွေးကောက်ပွဲများ၌ အနည်းဆုံးမဲဆန္ဒနယ်သုံးနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်မှုမပြုနိုင်လျှင်ဖြစ်စေ ယင်းသို့ ဝင်ရောက်ယှဉ်ပြိုင်မှုမပြုခြင်းသည် ဤပြဋ္ဌာန်းချက်နှင့် အကျုံးဝင်စေရမည်။
(၂) တည်ဆဲဥပဒေတစ်ရပ်ရပ်အရ မတရားအသင်းအဖြစ်ကြေညာခံရခြင်း၊
(၃) နိုင်ငံတော်အားလက်နက်ကိုင်ဆန့်ကျင်နေသော သောင်းကျန်းသူ အဖွဲ့အစည်းနှင့် ပုဂ္ဂိုလ်များ သို့မဟုတ် အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်သည်ဟု နိုင်ငံတော်ကသတ်မှတ်သော အဖွဲ့အစည်းနှင့် ပုဂ္ဂိုလ်များ သို့မဟုတ် မတရားအသင်းအဖြစ်ကြေညာခံထားရသော အဖွဲ့အစည်း သို့မဟုတ် ယင်းအဖွဲ့ အစည်းဝင်များနှင့် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ဆက်သွယ်ခြင်း သို့မဟုတ် အားပေး ကူညီခြင်း၊
(၄) ပုဒ်မ ၆ ပါဝန်ခံချက်တစ်ရပ်ရပ်ကို စောင့်ထိန်းလိုက်နာရန် ပျက်ကွက်ခြင်း၊
(၅) နိုင်ငံတော်ပိုင် ငွေကြေး၊ မြေ၊ အိမ်၊ အဆောက်အအုံ၊ ယာဉ်၊ပစ္စည်းတို့ကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်သောနည်းဖြင့်ဖြစ်စေ ရယူသုံးစွဲသည့် အဖွဲ့အစည်းဖြစ်ကြောင်း တွေ့ရှိခြင်း၊
ခြွင်းချက်။ (၁) နိုင်ငံတော်ပိုင်ငွေကြေးဟူသော စကားရပ်တွင် ထိုပါတီ၌ပါဝင်သော ပုဂ္ဂိုလ်များ၏ အငြိမ်းစားလစာ၊ စရိတ်၊ ငွေကြေးသော်လည်းကောင်း၊ နိုင်ငံတော်အကျိုးအတွက် ဆောင်ရွက်သဖြင့် နိုင်ငံတော်က တရားဝင်ထောက်ပံ့ချီးမြှင့်ထားသော လစာ၊ စရိတ်၊ ငွေကြေးသော်လည်းကောင်း မပါဝင်၊
(၂) နိုင်ငံတော်ပိုင်မြေ၊ အိမ်၊ အဆောက်အအုံ၊ ယာဉ်၊ ပစ္စည်းဟူသောစကားရပ်တွင်ထိုပါတီ၌ပါဝင်သော ပုဂ္ဂိုလ်များအား ဥပဒေတစ်ရပ်ရပ်အရသော်လည်းကောင်း၊ တာဝန်အရသော်လည်း ကောင်းနိုင်ငံတော်က သုံးစွဲခွင့်ပြုထားသော သို့မဟုတ် နိုင်ငံတော်ထံမှ အခကြေးငွေဖြင့် ငှားရမ်းသုံးစွဲသော နိုင်ငံတော်ပိုင် မြေ၊ အိမ်၊ အဆောက်အအုံနှင့်အခန်းများ၊ အခြားအဆောက်အအုံနှင့်အခန်းများ၊ နိုင်ငံပိုင်လေယာဉ်၊ ရထား၊ သင်္ဘော၊ မော်တော်ယာဉ်၊ ပစ္စည်းစသည်တို့မပါဝင်။
(၆) ပုဒ်မ ၁၀ ပါအချက်တစ်ရပ်ရပ်နှင့် ကိုက်ညီခြင်းမရှိသောသူများကို ပါတီဝင်အဖြစ်မှ ထုတ်ပယ်ခြင်း မပြုဘဲ တမင်ထိမ်ချန်ထားရှိခြင်း၊
(၇) ပုဒ်မ ၅၊ ပုဒ်မခွဲ (စ) ပါသတ်မှတ်ချက်အတိုင်း ပါတီဝင်ဦးရေကို စည်းရုံးမှုမပြုနိုင်ကြောင်းတွေ့ ရှိခြင်း။
(ခ) ကော်မရှင်သည် ပုဒ်မခွဲ (က) ပါ အချက်တစ်ရပ်ရပ်နှင့် ငြိစွန်းသောပါတီအား နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်းကိုပယ်ဖျက်၍ ယင်းပါတီကိုလည်း ဖျက်သိမ်းရမည်။
<ပြင်ဆင် 04.11.2011>
၁၃။ ပါတီတစ်ခုသည် ပုဒ်မ ၅၊ ပုဒ်မခွဲ (စ) ပါအနည်းဆုံးပါတီဝင်အရေအတွက်ကို သတ်မှတ်ထား သည့်ရက်အတွင်းစည်းရုံးရရှိပြီးကြောင်း ကော်မရှင်သို့ တင်ပြရမည်။ယင်းသို့တင်ပြပြီးသည့်နောက်ပိုင်း တွင် ယင်းပါတီ၏ ပါတီဝင်အရေအတွက်မှာ သတ်မှတ်ထားသည့်အနည်းဆုံး ပါတီဝင်အရေအတွက် အောက်လျော့နည်းသွားပါက ရက်ပေါင်း ၉၀ အတွင်း သတ်မှတ်ချက်များအတိုင်း ပြည့်မီစေရေးအတွက် ဆောင်ရွက်ရမည်။ယင်းသို့ ဆောင်ရွက်ခြင်းမပြုနိုင်လျှင် ကော်မရှင်က ယင်းပါတီအား နိုင်ငံရေးပါတီအ ဖြစ် မှတ်ပုံတင်ထားခြင်းကို ပယ်ဖျက်၍ ပါတီကိုလည်း ဖျက်သိမ်းရမည်။

အခန်း(၄)
ရန်ပုံငွေနှင့်ပစ္စည်းများစုဆောင်းခြင်း၊ထိန်းသိမ်းခြင်း၊သုံးစွဲခြင်း၊စစ်ဆေးခြင်းနှင့် စာရင်းရှင်းလင်းဖျက်သိမ်းခြင်း
၁၄။ ပါတီပိုင်ပစ္စည်းများ ထိန်းသိမ်းခြင်းနှင့် သတ်မှတ်သည့်အတိုင်း စာရင်းများ စနစ်တကျပြုစုထား ရှိခြင်း တို့ကိုအောက်ပါပုဂ္ဂိုလ်များက တာဝန်ယူဆောင်ရွက်ရမည်-
(က) ပါတီဌာနချုပ်အတွက်ဖြစ်လျှင် ပါတီဗဟိုအလုပ်အမှုဆောင် အဖွဲ့ဥက္ကဋ္ဌ သို့မဟုတ် အတွင်းရေးမှူး၊
(ခ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်၊ ခရိုင်၊ မြို့နယ်ပါတီများအတွက်ဖြစ်လျှင် သက်ဆိုင်ရာပါတီ အလုပ်အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌ သို့မဟုတ် အတွင်းရေးမှူး၊ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု ပါတီအတွက် ဖြစ်လျှင် သက်ဆိုင်ရာ စည်းရုံးရေးမှူး။
၁၅။ (က) ပါတီပိုင်ရန်ပုံငွေကို အောက်ပါအတိုင်း ကောက်ခံစုစည်း၍ စာရင်းပြုစုထားရမည်-
(၁) ပုဒ်မ ၁၁ အရ ကောက်ခံရရှိထားသော ပါတီဝင်ကြေးနှင့်ပါတီလစဉ်ကြေး၊
(၂) ပြည်တွင်းရှိနိုင်ငံသား တစ်ဦးချင်းကဖြစ်စေ၊ အဖွဲ့အစည်းအလိုက်ဖြစ်စေ၊ နိုင်ငံသားပိုင်ကုမ္ပဏီ သို့မဟုတ် ကုမ္ပဏီအစုအဖွဲ့ကဖြစ်စေ၎င်းတို့တရားဝင်ရရှိထားသော ငွေကြေးပစ္စည်းများထဲမှ ပါတီသို့ လှူဒါန်းထည့်ဝင်သည့် ငွေကြေး သို့မဟုတ် ပစ္စည်း၊
(၃) ပါတီပိုင်စီးပွားရေးလုပ်ငန်းများမှ တရားဝင်ရရှိသောငွေနှင့် အမြတ်အစွန်း။
(ခ) ပုဒ်မခွဲ(က)၊ ပုဒ်မခွဲငယ်(၁) နှင့် (၂) တို့အရရရှိသောငွေကြေးပစ္စည်းများပေါ်တွင် ထမ်းဆောင်ရမည့် အခွန် အခများကို ကင်းလွတ်ခွင့်ပြုသည်။
၁၆။ ပါတီတစ်ခုသည် လွှတ်တော်သက်တမ်းတစ်ရပ်အတွင်း-
(က) မိမိပါတီစည်းရုံးရေးအတွက် ပါတီစည်းမျဉ်းနှင့်အညီ သတ်မှတ်ထားသော အသုံးစရိတ်များကို သုံးစွဲခွင့် ရှိသည်။
(ခ) အထွေထွေရွေးကောက်ပွဲ၌ဖြစ်စေ၊ ကြားဖြတ်ရွေးကောက်ပွဲ၌ဖြစ်စေ မိမိပါတီကိုကိုယ်စားပြု၍ ရွေးကောက်ခံ သောလွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦးစီအတွက် သတ်မှတ်ထားသော အသုံးစရိတ်များကို သုံးစွဲခွင့်ရှိ သည်။
၁၇။ ပါတီတစ်ခုသည် မိမိ၏နှစ်စဉ် ငွေစာရင်းရှင်းတမ်းကို ဘဏ္ဍာရေးနှစ်အလိုက်ရေးဆွဲခြင်း၊ ပါတီပိုင်ပစ္စည်း များနှင့်စပ်လျဉ်းသည့် နှစ်ချုပ်စာရင်းပြုစုခြင်း၊ ပါတီစည်းမျဉ်းနှင့်အညီ အတည်ပြုချက်ရယူခြင်း တို့ကို သတ်မှတ်သည့် အတိုင်းဆောင်ရွက်ရမည်။
၁၈။ ပါတီတစ်ခု၏စာရင်းများကို စစ်ဆေးရန် လိုအပ်လျှင် ကော်မရှင်က စစ်ဆေးနိုင်သည်။ကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်အားလည်း စစ်ဆေးစေနိုင်သည်။ ယင်းသို့စစ်ဆေးရာတွင် ကော်မရှင် သို့မဟုတ် ကော်မရှင်အဖွဲ့ခွဲသည် အစိုးရဌာန၊ အဖွဲ့အစည်းများထံမှ အကူအညီရယူနိုင်သည်။
၁၉။ (က) ပါတီတစ်ခုသည် မိမိဆန္ဒအလျောက် ဖျက်သိမ်းလျှင်ဖြစ်စေ၊ ဤဥပဒေအရ မှတ်ပုံတင်ထားခြင်းကို ပယ်ဖျက်ခံရလျှင်ဖြစ်စေ ပါတီပိုင်ပစ္စည်းများကို နိုင်ငံတော်အစိုးရက သတ်မှတ်ပေးသည့်ဌာန၊ အဖွဲ့အစည်းသို့ သတ်မှတ်သည့် နည်းလမ်းအတိုင်းအပ်နှံရမည်။
(ခ) ပုဒ်မခွဲ (က) အရ အပ်နှံသည့်ပစ္စည်းနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းသည် နိုင်ငံတော်အစိုးရ၏ ညွှန်ကြားချက်အတိုင်း လိုက်နာဆောင်ရွက်ရမည်။

အခန်း(၅)
အထွေထွေ
၂၀။ ဤဥပဒေပါ ပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ခြင်းနှင့်စပ်လျဉ်း၍ –
(က) ကော်မရှင်၏ဆုံးဖြတ်ချက်သည် အပြီးအပြတ်ဖြစ်စေရမည်။
(ခ) မည့်သည့်တရားရုံးတွင်မျှ တရားစွဲဆိုပိုင်ခွင့် မရှိစေရ။
၂၁။ ပုဂ္ဂိုလ်တစ်ဦးသည် တစ်ချိန်တည်းတွင် ပါတီတစ်ခု၌သာ ပါဝင်ဆောင်ရွက်ခွင့်ရှိသည်။
၂၂။ ပါတီအဆင့်ဆင့်ဖွဲ့စည်းမှုသည် အုပ်ချုပ်ရေးဆိုင်ရာ နယ်နိမိတ် အတိုင်းဖြစ်စေရမည်။
၂၃။ ကော်မရှင်သည် ပါတီများကိုတည်ဆဲဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ၊ အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်စေရန် ကြီးကြပ်နိုင်သည်။ ကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်အား ကော်မရှင်ကိုယ်စား ကြီးကြပ်ရန် တာဝန်ပေးအပ်နိုင်သည်။
၂၄။ (က) ပါတီတစ်ခုသည် ဤဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ၊ အမိန့်ကြော်ငြာစာ၊ အမိန့်နှင့် ညွှန်ကြားချက်များပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ် သို့မဟုတ် တည်ဆဲဥပဒေပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကို လိုက်နာ ခြင်းမရှိကြောင်း ကော်မရှင်ကတွေ့ရှိလျှင် ကော်မရှင်သည် ထိုပါတီအား လိုအပ်သည်များကို လိုက်နာဆောင်ရွက် ရန် အချိန်ကာလ သတ်မှတ်၍ ညွှန်ကြားနိုင်သည်။
(ခ) ပါတီတစ်ခု၏ ပါတီတွင်းကိစ္စရပ်များနှင့်စပ်လျဉ်း၍ တစ်ဦးဦးက ကော်မရှင်သို့ တင်ပြတိုင်ကြားလာပါက ကော်မရှင်သည် စုံစမ်းစစ်ဆေး၍ လိုအပ်လျှင်နိုင်ငံတော်၏အကျိုးငှာ ထိုပါတီအားလိုက်နာ ဆောင်ရွက်ရမည့် အချက်များကို အချိန်ကာလ သတ်မှတ်၍ ညွှန်ကြားနိုင်သည်။
(ဂ) ပုဒ်မခွဲ (က) သို့မဟုတ် (ခ) အရ ညွှန်ကြားသည့်အတိုင်းတိကျစွာ လိုက်နာဆောင်ရွက်ရန် ပျက်ကွက်ပါက ကော်မရှင်သည် ယင်းပါတီအား နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်းကို သုံးနှစ်အထိ ယာယီရပ်ဆိုင်းနိုင် သည်။
(ဃ) ပုဒ်မခွဲ (ဂ) အရ ပါတီ၏မှတ်ပုံတင်ထားခြင်းကို ယာယီရပ်ဆိုင်းခြင်းခံရလျှင် ယင်းပါတီသည် ထိုယာယီ ရပ်ဆိုင်းထားသော ကာလအတွင်းကော်မရှင်က ညွှန်ကြားထားသောလုပ်ငန်းများမှအပ ပါတီ၏ကျန်လုပ်ငန်း အားလုံးကို ရပ်ဆိုင်းထားရမည်။
(င) ပုဒ်မခွဲ (ဂ) ပါထိုယာယီရပ်ဆိုင်းထားသည့် ကာလကုန်ဆုံးသည်အထိ ညွှန်ကြားချက်အတိုင်းလိုက်နာဆောင် ရွက်ရန် ပျက်ကွက်လျှင် ကော်မရှင်သည် ယင်းပါတီအား နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင် ထားခြင်းကို ပယ်ဖျက် ၍ ပါတီကိုလည်း ဖျက်သိမ်းရမည်။
၂၅။ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ (နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ ဥပဒေအမှတ်၊ ၄ /၈၈) အရ တည်ရှိနေသော ပါတီများသည် ဤဥပဒေအရ နိုင်ငံရေးပါတီအဖြစ် ဆက်လက် တည်ထောင် လိုပါက ဤဥပဒေပြဋ္ဌာန်းသည့် နေ့ရက်မှစ၍ ရက်ပေါင်း ၆၀ အတွင်း ကော်မရှင်သို့လျှောက်ထားရမည်။ ကော်မရှင်၏ ခွင့်ပြုချက်ရရှိသည့်အခါ ဤဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဆက်လက်ဆောင်ရွက်ခွင့်ရှိသည်။ ယင်းသို့ လျှောက်ထားခြင်းမရှိပါက နိုင်ငံရေးပါတီအဖြစ်မှ အလိုအလျောက် ပျက်ပြယ်ပြီးဖြစ်သည်ဟုမှတ်ယူရမည်။
၂၅-က။ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့်ဥပဒေမပြဋ္ဌာန်းမီ မူလနိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေအရ တည်ရှိခဲ့သည့် နိုင်ငံရေးပါတီများသည် ဤပြင်ဆင်သည့်ဥပဒေနှင့်အညီဖွဲ့စည်းထားသည့် နိုင်ငံရေးပါတီနှင့် ပါတီဝင်များဖြစ်သည်ဟု မှတ်ယူရမည်။ ယင်းပါတီများကို ဤပြင်ဆင်သည့် ဥပဒေနှင့်အညီ ပြင်ဆင်လုပ်ကိုင်ဆောင်ရွက်ရန်အတွက် သင့်လျော်သည့်အချိန်ကာလတစ်ခုကို ကော်မရှင်က ညှိနှိုင်းသတ်မှတ်ပေးရမည်။
<ပြင်ဆင် 30.09.2014>
၂၆။ ကော်မရှင်သည် ဤဥပဒေပါပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် လိုအပ်သော နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ၊ အမိန့်ကြော်ငြာစာ၊ အမိန့်နှင့် ညွှန်ကြားချက်များကို ထုတ်ပြန်နိုင်သည်။
၂၇။ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ (နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ ဥပဒေအမှတ်၊ ၄/၈၈) ကို ဤဥပဒေဖြင့် ရုပ်သိမ်းလိုက်သည်။

(ပုံ) သန်းရွှေ
ဗိုလ်ချုပ်မှူးကြီး
ဥက္ကဋ္ဌ
နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ

Leave a comment