ပြည်ထောင်စုမြန်မာနိုင်ငံတော်
နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥပဒေ
(နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီဥပဒေအမှတ် ၁၇/၂၀၁၀)
၁၃၇၂ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၁၃ ရက်
(၂၀၁၀ ပြည့်နှစ်၊ အောက်တိုဘာလ ၂၁ ရက်)
နိဒါန်း
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၄၃ တွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ အကောင်အထည်ဖော်ရေးအတွက် ကြိုတင်ဆောင်ရွက်ရန် လိုအပ်သည့်လုပ်ငန်းရပ်များကို နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီက ဆောင်ရွက်ပေးရန်ပြဋ္ဌာန်းထားသည့်အလျောက် နိုင်ငံတော်၏ဥပဒေပြုရေး၊အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးဆိုင်ရာလုပ်ငန်းများကိုချောမွေ့စွာဆောင်ရွက် နိုင်ရန်လည်းကောင်း၊ လွှတ်တော်အသီးသီးပေါ်ပေါက်လာသည့်အခါတွင် ဆောင်ရွက်ရန်ရှိသောလုပ်ငန်း များကိုဆောင်ရွက်နိုင်ရန်လည်းကောင်း၊ ကြိုတင်ဆောင်ရွက်ရမည့် လုပ်ငန်းရပ်များကို ဥပဒေနှင့်အညီ ဆောင်ရွက်နိုင်ရန်လည်းကောင်း သက်ဆိုင်ရာဥပဒေများကို ပြဋ္ဌာန်းရန် လိုအပ်လာ ပါသည်။
သို့ဖြစ်ပါ၍ နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ တော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့က အုပ်ချုပ်ရေးဆိုင်ရာလုပ်ငန်းများကို အဆင်ပြေချောမွေ့စွာအကောင်အထည်ဖော်ဆောင်ရွက် နိုင်ရန် အလို့ငှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၄၄၃ နှင့်အညီ ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။
အခန်း(၁)
အမည်၊ စတင်အာဏာတည်ခြင်းနှင့် အဓိပ္ပာယ်ဖော်ပြချက်
၁။ (က) ဤဥပဒေကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းသို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥပဒေဟု ခေါ်တွင်စေရမည်။
(ခ) ဤဥပဒေသည် ဖွဲ့စည်းပုံအခြေခံဥပဒေ အာဏာတည်သည့်နေ့မှစတင်၍ အာဏာတည်စေရမည်။
၂။ ဤဥပဒေတွင် ပါရှိသော အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပာယ်သက်ရောက် စေရမည်-
(က) ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုသည်မှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ကို ဆိုသည်။
(ခ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆိုသည်မှာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၅၆ တွင် သတ်မှတ်ထားသည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းနှင့် ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရ ဒေသကို ဆိုသည်။
(ဂ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စု ဆိုသည်မှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသကို ဆိုသည်။
(ဃ) ဦးစီးအဖွဲ့ ဆိုသည်မှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဦးစီးအဖွဲ့ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့ကိုဆိုသည်။
(င) ဦးစီးအဖွဲ့ဥက္ကဋ္ဌ ဆိုသည်မှာ သက်ဆိုင်ရာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဦးစီးအဖွဲ့ဥက္ကဋ္ဌ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌကို ဆိုသည်။ ထို့ပြင် သက်ဆိုင်ရာ ဦးစီးအဖွဲ့၏ အလုပ် အမှုဆောင် ကော်မတီ ဥက္ကဋ္ဌလည်းဖြစ်သည်။
(စ) ဦးစီးအဖွဲ့ဝင် ဆိုသည်မှာ သက်ဆိုင်ရာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဦးစီးအဖွဲ့ဝင် သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ဦးစီး အဖွဲ့ဝင်ကိုဆိုသည်။
အခန်း(၂)
ဖွဲ့စည်းခြင်းနှင့် ခန့်အပ်တာဝန်ပေးခြင်း
ဦးစီးအဖွဲ့ဖွဲ့စည်းခြင်း
၃။ (က) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများအတွက် ဦးစီးအဖွဲ့အသီးသီး ကို ဖွဲ့စည်းထားရှိသည်။
(ခ) ဦးစီးအဖွဲ့တွင် အဖွဲ့ဝင်ဦးရေ အနည်းဆုံး ၁၀ ဦးပါဝင်စေရမည်။
၄။ ဦးစီးအဖွဲ့ကို အောက်ပါပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းရမည်-
(က) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအတွင်းရှိမြို့နယ်များမှ ရွေးကောက်တင်မြှောက်ထား သော တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊
(ခ) လုံခြုံရေးတာဝန်ဖြစ်စေ၊ နယ်စပ်ရေးရာတာဝန်ဖြစ်စေ ပေးအပ်နိုင်ရန် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ဥပဒေနှင့်အညီ အမည်စာရင်းတင်သွင်းသည့် တပ်မတော်သားကိုယ်စားလှယ်များ၊
(ဂ) ပုဒ်မခွဲ(က)နှင့် (ခ) တို့ပါ ပုဂ္ဂိုလ်များက ပုဒ်မ ၁၀ အရ ရွေးချယ်ဖြည့်စွက်ခန့်ထားသည့် ကိုယ်စား လှယ်များ။
၅။ သက်ဆိုင်ရာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အကြီးအမှူးသည် ရာထူးအလျောက် ဦးစီးအဖွဲ့၏ အတွင်းရေးမှူးနှင့် အလုပ် အမှုဆောင်ကော်မတီ၏ အတွင်းရေးမှူးဖြစ်သည်။ ယင်း သည် ဆန္ဒမဲပေးပိုင်ခွင့်မရှိစေရ။
၆။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတို့သည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင် စုများဖြစ်ကြသည့် အားလျော်စွာ အဆင့်အတန်းတူညီကြသည်။
စိစစ်ရေးအဖွဲ့ဖွဲ့စည်းခြင်းနှင့် ကိုယ်စားလှယ်များကို စိစစ်ခြင်း
၇။ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီသည် ပုဒ်မ ၄၊ ပုဒ်မခွဲ (က)နှင့် (ခ)တို့ပါ ကိုယ်စားလှယ်များကို စိစစ်နိုင်ရန်နှင့် ဦးစီးအဖွဲ့ ဥက္ကဋ္ဌရွေးချယ်နိုင်ရန် သက်ဆိုင်ရာ ဦးစီးအဖွဲ့ အတွင်းရေးမှူးဦးဆောင်သည့် စိစစ်ရေးအဖွဲ့ကို ဖွဲ့စည်း တာဝန်ပေးအပ်ရမည်။
၈။ ပုဒ်မ ၇ အရ ဖွဲ့စည်းသော စိစစ်ရေးအဖွဲ့သည် ပုဒ်မ ၄၊ ပုဒ်မခွဲ(က)နှင့် (ခ) တို့ပါ ကိုယ်စားလှယ် များကို စိစစ်ရာတွင်-
(က) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအတွင်းရှိ မြို့နယ်များမှ ရွေးကောက်တင်မြှောက်ထားသော တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ ဖြစ်ပါက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပေးသည့် အသိအမှတ်ပြုလွှာဖြင့် စိစစ်ရမည်။
(ခ) ဦးစီးအဖွဲ့ဝင်အဖြစ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်းတင်သွင်းထားသည့် တပ်မတော်သား ကိုယ်စားလှယ်ဖြစ်ပါက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ထုတ်ပေးသည့် အသိအမှတ်ပြုလွှာဖြင့် စိစစ်ရမည်။
ဦးစီးအဖွဲ့ဥက္ကဋ္ဌနှင့် ဦးစီးအဖွဲ့ဝင်များ ရွေးချယ်ခန့်အပ်တာဝန်ပေးခြင်း
၉။ သက်ဆိုင်ရာ ဦးစီးအဖွဲ့ ဥက္ကဋ္ဌကို ရွေးချယ်ခန့်အပ်ရာတွင်-
(၁) ပုဒ်မ၄၊ ပုဒ်မခွဲ(က) နှင့် (ခ) တို့ပါ ဦးစီးအဖွဲ့ဝင်များသည် မိမိတို့ အချင်းချင်းညှိနှိုင်းလျက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအတွင်းရှိ မြို့နယ်များမှ ရွေးကောက်တင်မြှောက်ထားသော တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် များအနက် သင့်လျော်သူတစ်ဦးအား ဦးစီးအဖွဲ့ဥက္ကဋ္ဌ အဖြစ် အခန်း(၃) ပါ ပြဋ္ဌာန်းချက်များ နှင့်အညီ ရွေးချယ်ရမည်။ ထိုသို့ ရွေးချယ်သည့် ပုဂ္ဂိုလ်၏ အမည်စာရင်းကို သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဝန်ကြီးချုပ်မှ တစ်ဆင့် နိုင်ငံတော်သမ္မတထံ တင်ပြရမည်။
(၂) နိုင်ငံတော်သမ္မတသည် ပုဒ်မခွဲ (က) အရ တင်သွင်းလာသည့် အမည်စာရင်းပါ ပုဂ္ဂိုလ်အား သက်ဆိုင်ရာ ဦးစီးအဖွဲ့ ဥက္ကဋ္ဌ အဖြစ် ခန့်အပ်တာဝန်ပေးရမည်။
(၃) နိုင်ငံတော်သမ္မတသည် ဦးစီးအဖွဲ့ ဥက္ကဋ္ဌ အား ခန့်အပ်တာဝန်ပေးရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် သတ်မှတ်ထားသည့် အသက်ကန့်သတ်ချက်ကို လျော့ပေါ့ပေးရမည်။
၁၀။ ပုဒ်မ ၉ အရ ရွေးချယ်ခန့်ထားသည့် ဦးစီးအဖွဲ့ဥက္ကဋ္ဌနှင့် ပုဒ်မ ၄၊ ပုဒ်မခွဲ (က) နှင့် (ခ) တို့ပါ ဦးစီးအဖွဲ့ဝင်များသည်-
(က) သက်ဆိုင်ရာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း နေထိုင်ကြသည့် သက်ဆိုင်ရာ ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရ တိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ရရှိပြီးသော တိုင်းရင်းသားလူမျိုးများမှအပ ကျန်တိုင်းရင်းသား လူမျိုးများ အနက် လျော်ကန်သင့်မြတ်သော လူဦးရေဖြစ်သည့် လူဦးရေအနည်းဆုံး ၁၀၀၀၀ နှင့် အထက်ရှိကြောင်း သက်ဆိုင်ရာက သတ် မှတ်သည့် တိုင်းရင်းသားလူမျိုးများ ရှိလျှင် ယင်းတိုင်းရင်းသားလူမျိုးကိုယ်စားလှယ်တစ်ဦးကျစီကို ဦးစီးအဖွဲ့ဝင် အဖြစ် အခန်း (၄)ပါ ပြဋ္ဌာန်းချက်များနှင့်အညီ ရွေးချယ်ခန့်ထားရမည်။ ယင်းသို့ ရွေးချယ် ခန့်ထားခြင်းခံရသော ဦးစီးအဖွဲ့ဝင်သည် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၁၆၉ ပါ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များအတွက် သတ်မှတ်ထား သည့် အရည်အချင်းများနှင့် ပြည့်စုံရမည်။
(ခ) ဦးစီးအဖွဲ့တွင် အဖွဲ့ဝင်ဦးရေ ၁၀ ဦး မပြည့်သေးပါက အဖွဲ့ဝင်ဦးရေ အနည်းဆုံး ၁၀ ဦးပြည့်စေရန် လိုအပ်သည့် အဖွဲ့ဝင်ဦးရေ ကို သက်ဆိုင်ရာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း သို့မဟုတ် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသအတွင်းနေထိုင်သူများထဲမှ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၁၆၉ ပါ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များအတွက် သတ်မှတ်ထားသည့် အရည်အချင်းများနှင့် ပြည့်စုံသော သင့်လျော်သည့် ပုဂ္ဂိုလ်များအား အခန်း(၅)ပါ ပြဋ္ဌာန်းချက်များ နှင့်အညီ မိမိတို့ သဘောဆန္ဒ အလျောက် ရွေးချယ်ဖြည့်စွက်ခန့်ထားရမည်။
၁၁။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ဦးစီးအဖွဲ့တွင် ဦးစီးအဖွဲ့ဝင်စုစုပေါင်း၏ လေးပုံတစ်ပုံ ဖြစ်သည့် ဦးစီးအဖွဲ့ဝင်ဦးရေကို တပ်မတော် သားများဖြင့် လိုအပ်သလို ဖြည့်စွက်တာဝန်ပေးနိုင်သည်။
၁၂။ ဦးစီးအဖွဲ့ဝင်များအဖြစ် တာဝန်ပေးအပ်ရန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဥပဒေနှင့်အညီ အမည်စာရင်းတင်သွင်းသည့် တပ်မတော်သားများသည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ၏ အရည်အချင်းများနှင့် ပြည့်စုံရမည်။
၁၃။ အခန်း(၃)အရ ဦးစီးအဖွဲ့ ဥက္ကဋ္ဌရွေးချယ်ခြင်း၊ အခန်း(၄)အရ တိုင်းရင်းသားလူမျိုး ကိုယ်စားလှယ် ဦးစီးအဖွဲ့ဝင်များ ရွေးချယ်ခြင်းနှင့် အခန်း (၅)အရ သတ်မှတ်ဦးစီးအဖွဲ့ဝင်ဦးရေ ပြည့်မီရန် ရွေးချယ်ဖြည့်စွက် ခန့်ထားခြင်းတို့ကို ဆောင်ရွက်ပြီးသည့်အခါ ဦးစီးအဖွဲ့ဥက္ကဋ္ဌသည် ဦးစီးအဖွဲ့ဝင် များ၏ အမည်စာရင်းကို ကြေညာရမည်။
၁၄။ ဦးစီးအဖွဲ့ဥက္ကဋ္ဌသည် ဦးစီးအဖွဲ့ဝင်များ၏ ရှေ့မှောက်တွင်လည်းကောင်း၊ ဦးစီးအဖွဲ့ဝင်များသည် ဦးစီးအဖွဲ့ဥက္ကဋ္ဌ၏ ရှေ့မှောက်တွင်လည်းကောင်း နောက်ဆက်တွဲ (က)ပါ အတိုင်း ကတိသစ္စာပြုရမည်။
၁၅။ ဦးစီးအဖွဲ့ဥက္ကဋ္ဌသည်-
(က) ရာထူးအလျောက် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးဖြစ်သည်။
(ခ) သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်အား လည်းကောင်း၊ သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်မှတစ်ဆင့် နိုင်ငံတော်သမ္မတအားလည်းကောင်း တာဝန်ခံရမည်။
၁၆။ ဦးစီးအဖွဲ့ဝင်များသည် ယင်းတို့၏ ဦးစီးအဖွဲ့ဥက္ကဋ္ဌအား တာဝန်ခံရမည်။
ဦးစီးအဖွဲ့၏ အလုပ်အမှုဆောင်ကော်မတီ ဖွဲ့စည်းခြင်း
၁၇။ ဦးစီးအဖွဲ့၏ အုပ်ချုပ်ရေးဆိုင်ရာ လုပ်ငန်းတာဝန်များကို အချိန်ပြည့်တာဝန်ယူဆောင်ရွက်နိုင်ရန် ဦးစီးအဖွဲ့ဥက္ကဋ္ဌသည် အနည်းဆုံး သုံးဦးမှ အများဆုံး ငါးဦးအထိ ပါဝင်သော ဦးစီးအဖွဲ့၏ အလုပ်အမှုဆောင်ကော်မတီကို တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်၏ သဘောတူညီချက်နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်၏ အတည်ပြုချက်တို့ဖြင့် ရွေးချယ် ဖွဲ့စည်းရမည်။
၁၈။ ဦးစီးအဖွဲ့ဥက္ကဋ္ဌသည် ဦးစီးအဖွဲ့၏ အလုပ်အမှုဆောင်ကော်မတီနှင့် ညှိနှိုင်းပြီး ဦးစီးအဖွဲ့၏ တာဝန် နှင့် လုပ်ပိုင်ခွင့်များကို ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်စေရန် ဦးစီးအဖွဲ့၏ အလုပ်အမှုဆောင် ကော်မတီဝင်များအား စီးပွားရေး၊ လူမှုရေးနှင့် စီမံခန့်ခွဲရေးကဏ္ဍအသီးသီးတွင် တာဝန်ခွဲဝေပေးအပ် နိုင်သည်။
အခန်း(၃)
ဦးစီးအဖွဲ့ဥက္ကဋ္ဌ ရွေးချယ်ခြင်း
ဦးစီးအဖွဲ့ဥက္ကဋ္ဌရွေးချယ်ရန် စီစဉ်ဆောင်ရွက်ခြင်း
၁၉။ ပုဒ်မ၄၊ ပုဒ်မခွဲ(က)နှင့် (ခ)တို့ပါ ကိုယ်စားလှယ်များက ဦးစီးအဖွဲ့ဥက္ကဋ္ဌ ရွေးချယ်ရာတွင်-
(က) ပုဒ်မ ၇ အရ ဖွဲ့စည်းသော စိစစ်ရေးအဖွဲ့ခေါင်းဆောင်က အခမ်းအနားမှူးအဖြစ် ဆောင်ရွက်ရမည်။
(ခ) အခမ်းအနားမှူးသည်ဦးစီးအဖွဲ့ဥက္ကဋ္ဌရွေးချယ်နိုင်ရန်လိုအပ်သည်များကိုစီစဉ်ဆောင်ရွက်ပေးရမည်။
ဦးစီးအဖွဲ့ဥက္ကဋ္ဌ ရွေးချယ်ရန် နည်းလမ်း
၂၀။ (က) ပုဒ်မ၄၊ ပုဒ်မခွဲ (က)နှင့် (ခ) ပါ ကိုယ်စားလှယ်များသည် ပုဒ်မ၄၊ ပုဒ်မခွဲ (က)ပါ လွှတ်တော် ကိုယ်စားလှယ်များအနက်မှ သင့်လျော်သူ တစ်ဦးဦးအား ဦးစီးအဖွဲ့ဥက္ကဋ္ဌအဖြစ် မိမိတို့အချင်းချင်း ညှိနှိုင်း၍ရွေးချယ်ရမည်။
(ခ) ပုဒ်မခွဲ(က)အရ ညှိနှိုင်းရွေးချယ်ရရှိပါက အခမ်းအနားမှူးသည် ယင်းရွေးချယ်ခံရသူကို ဦးစီးအဖွဲ့ ဥက္ကဋ္ဌအဖြစ် ရွေးချယ်ကြောင်း ကြေညာရမည်။
၂၁။ ဦးစီးအဖွဲ့ဥက္ကဋ္ဌကို ပုဒ်မ ၂၀ အရ အချင်းချင်းညှိနှိုင်းရွေးချယ်၍မရပါက အောက်ပါ လျှို့ဝှက် ဆန္ဒမဲပေးသည့် နည်းလမ်း အတိုင်း ဆောင်ရွက်ရမည်-
(က) ဆန္ဒမဲပေးပွဲကို ဦးစီးအဖွဲ့အစည်းအဝေးခန်းမအတွင်း ဦးစီးအဖွဲ့ဝင်များ ရှေ့မှောက်၌ ပြုလုပ်ရမည်။
(ခ) လျှို့ဝှက်ဆန္ဒမဲပေးရာတွင် ပုဒ်မ ၄၊ ပုဒ်မခွဲ(က)ပါ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ၏ အမည်စာရင်းကို အက္ခရာအစဉ်အလိုက် ပြုစုရမည်။
(ဂ) စိစစ်ရေးအဖွဲ့သည် ဆန္ဒမဲပေးပွဲအတွက် လိုအပ်သော ဆန္ဒမဲလက်မှတ်များ၊ ဆန္ဒမဲစာရင်း၊ ဆန္ဒမဲ ပေးခြင်းနှင့်စပ်လျဉ်းသည့် စာရွက် စာတမ်းများ၊ ပုံစံများ စီစဉ်ထားရှိရမည်။ လျှို့ဝှက်ဆန္ဒမဲပေးနိုင်ရန် ဦးစီးအဖွဲ့အစည်းအဝေးခန်းမအတွင်း သီးသန့်နေရာများကို လည်းစီစဉ်ထားရှိရမည်။
(ဃ) အခမ်းအနားမှူးသည် ဆန္ဒမဲပေးပွဲမစတင်မီ ဆန္ဒမဲပေးမည့် ဦးစီးအဖွဲ့ဝင်ဦးရေ၏ နှစ်ဆဖြစ်သော ဆန္ဒမဲလက်မှတ် အရေအတွက်ကို ယူဆောင်လာပြီး မိမိယူလာသော ဆန္ဒမဲလက်မှတ်များကို ဦးစီးအဖွဲ့ဝင် များနှင့် စိစစ်ရေးအဖွဲ့ဝင်များရှေ့ မှောက်၌ ရေတွက်၍ မှတ်တမ်းတင်ထားရှိရမည်။
(င) စိစစ်ရေးအဖွဲ့သည် ဦးစီးအဖွဲ့ဝင်များ ရှေ့မှောက်တွင် ဆန္ဒမဲပုံးအတွင်း မည်သည့်အရာမျှမရှိကြောင်း ထင်ရှားအောင် ပြသပြီး ဆန္ဒမဲပုံးကို ဦးစီးအဖွဲ့ဝင်များ မြင်သာသောနေရာတွင် ထားရှိရမည်။
(စ) ဦးစီးအဖွဲ့ဝင်တစ်ဦးသည် ဆန္ဒမဲလက်မှတ်ပေါ်တွင် မှားယွင်းရေးသားမိလျှင် ယင်းဆန္ဒမဲ လက်မှတ်ကိုပယ်ဖျက်၍ ဆန္ဒမဲလက်မှတ်အသစ်လဲလှယ်ပေးရန် တောင်းခံနိုင်သည်။ ထိုသို့ လဲလှယ်သည့် နေရာ၌ပင် အဆိုပါဦးစီးအဖွဲ့ဝင်ကိုယ်တိုင် ဦးစီးအဖွဲ့ ဝင်များ၏ရှေ့မှောက်တွင် ဆန္ဒမဲလက်မှတ် အဟောင်းကို ဖျက်ဆီးပစ်ရမည်။ ဖျက်ဆီးသည့် ဆန္ဒမဲလက်မှတ် အရေအတွက်ကို အခမ်းအနားမှူးက သတ်မှတ်ပုံစံဖြင့် မှတ်တမ်းတင်ထားရမည်။
(ဆ) ဦးစီးအဖွဲ့ဝင်များသည် စိစစ်ရေးအဖွဲ့ထံမှ ဆန္ဒမဲလက်မှတ် လက်ခံရရှိကြောင်း သတ်မှတ်ပုံစံတွင် လက်မှတ်ရေးထိုးရယူ၍ သတ်မှတ်ထားသော နေရာတွင် လျှို့ဝှက်ဆန္ဒပြုရမည်။ ယင်းသို့ဆန္ဒပြုရာတွင် ဆန္ဒမဲလက်မှတ်၌ ထောက်ခံသူအား မင်ဖြင့် အမှန်အမှတ်အသား (√)ကို လည်းကောင်း၊ ကန့်ကွက်သူ အား မင်ဖြင့် ကြက်ခြေခတ်အမှတ်အသား (×) ကိုလည်းကောင်း အထင်အရှားပြုရမည်။ ထို့နောက် ဆန္ဒမဲလက်မှတ်ကို မိမိကိုယ်တိုင် မဲပုံးအတွင်းထည့်ရမည်။
(ဇ) ဆန္ဒမဲရေတွက်ခြင်းကို ဆောင်ရွက်ရာတွင် အခမ်းအနားမှူးသည် ဆန္ဒမဲပုံးကို ဦးစီးအဖွဲ့ဝင်များ၏ ရှေ့မှောက်တွင် စိစစ်ရေး အဖွဲ့ဝင်များအား ဖွင့်လှစ်စေ၍ ဆန္ဒမဲလက်မှတ်များကို ထုတ်ယူစေရမည်။ ဆန္ဒမဲပုံးကို ဖွင့်လှစ်ခြင်း မပြုမီ ဆန္ဒမဲပုံးပြင်ပတွင် ထားခဲ့သော ဆန္ဒမဲလက်မှတ်များကို တွေ့ရှိပါက အရေအတွက်ကို မှတ်တမ်းတင်၍ ပယ်မဲအဖြစ် သတ်မှတ်ရမည်။
(ဈ) ဦးစီးအဖွဲ့ဝင်များသို့ထုတ်ပေးထားသည့် ဆန္ဒမဲလက်မှတ်အရေအတွက်နှင့် ဆန္ဒမဲပုံးအတွင်းမှ ထုတ်ယူရရှိသည့် ဆန္ဒမဲ လက်မှတ်အရေအတွက် ကိုက်ညီခြင်းရှိမရှိ အခမ်းအနားမှူးက စိစစ်ရမည်။ ထုတ်ပေးထားသော ဆန္ဒမဲအရေအတွက်ထက် ဆန္ဒမဲ ပုံးအတွင်းမှ ထုတ်ယူရရှိသည့် ဆန္ဒမဲလက်မှတ်က ပိုနေလျှင် အခမ်းအနားမှူးသည် ဆန္ဒမဲပေးပွဲအထမမြောက်ကြောင်းနှင့် ဦးစီး အဖွဲ့ရွေးချယ်တင်မြှောက် နိုင်ရေးအတွက် ဆန္ဒမဲပေးပွဲကို အသစ်ပြုလုပ်မည်ဖြစ်ကြောင်း ကြေညာရမည်။
(ည) ထုတ်ပေးထားသည့် ဆန္ဒမဲလက်မှတ်အရေအတွက်ထက် ဆန္ဒမဲပုံးအတွင်းမှ ထုတ်ယူထားရှိသည့် ဆန္ဒမဲလက်မှတ်အရေအတွက် လျော့နည်းနေပါက လျော့နည်းသည့် အရေအတွက်ကိုလည်းကောင်း၊ လျော့နည်းသည့် ဆန္ဒမဲလက်မှတ်မရှိပါက မရှိကြောင်းကိုလည်းကောင်း ကြေညာ၍ ဆန္ဒမဲလက်မှတ်များ ကို ရေတွက်ရမည်။
၂၂။ ဆန္ဒမဲလက်မှတ်များကို ရေတွက်ရာတွင် အောက်ပါဆန္ဒမဲလက်မှတ်များကို တွေ့ရှိပါက ပယ်မဲအဖြစ် ဆုံးဖြတ် သတ်မှတ် ကြောင်း ကြေညာရမည်-
(က) ဆန္ဒမဲပုံးထဲသို့မထည့်ဘဲ ဆန္ဒမဲပုံးပြင်ပတွင် ထားခဲ့သော ဆန္ဒမဲလက်မှတ်၊
(ခ) တစ်ဦးထက်ပို၍ ထောက်ခံ ဆန္ဒပြုထားသည့် ဆန္ဒမဲလက်မှတ်၊
(ဂ) မည်သူတစ်ဦးတစ်ယောက်ကိုမျှ ဆန္ဒပြုထားခြင်းမရှိသော ဆန္ဒမဲလက်မှတ်၊
(ဃ) ဆန္ဒပြုသူကို သိနိုင်လောက်အောင် အမှတ်အသားရေးထားသည့် ဆန္ဒမဲလက်မှတ်၊
(င) မည်သူ့ကို ဆန္ဒပြုထားကြောင်း မသိနိုင်သည့် ဆန္ဒမဲလက်မှတ်၊
(စ) အတုပြုလုပ်ထားသော ဆန္ဒမဲလက်မှတ်။
၂၃။ (က) ဦးစီးအဖွဲ့ ဥက္ကဋ္ဌအဖြစ် ရွေးချယ်တင်မြှောက်ရန် ပုဒ်မ ၂၁နှင့် ၂၂ တို့အရ ဆောင်ရွက်ရာတွင် ထောက်ခံဆန္ဒမဲ အရေအတွက် အများဆုံးနေရာ၌ နှစ်ဦး သို့မဟုတ် နှစ်ဦးထက်ပို၍တူညီနေပါက ရရှိသည့် ထောက်ခံဆန္ဒမဲနည်းသူများကို ပယ်၍ ဆန္ဒမဲ တူညီနေသူများအတွက်သာ ဆန္ဒမဲပေးပွဲကို ပုဒ်မ ၂၁၊ ၂၂ နှင့် ၂၄ တို့ပါ အတိုင်း ကျင်းပရမည်။
(ခ) ပုဒ်မခွဲ(က)အရ ဒုတိယအကြိမ်ကျင်းပသည့် ဆန္ဒမဲပေးပွဲတွင် ထောက်ခံဆန္ဒမဲအများဆုံးနေရာ၌ နှစ်ဦး သို့မဟုတ် နှစ်ဦးထက် ပို၍ ထပ်မံတူညီနေလျှင် ဆန္ဒမဲပေးပွဲကို ရုံးပိတ်ရက်များမပါ သုံးရက်ခေတ္တ ရပ်နားရမည်။
(ဂ) ဆန္ဒမဲပေးပွဲကို ပြန်လည်ကျင်းပသည့်အခါ ပုဒ်မခွဲ (က)နှင့်အညီ လိုက်နာဆောင်ရွက်၍ အခမ်း အနားမှူးက ဦးစီးအဖွဲ့ ဥက္ကဋ္ဌ ရွေးချယ်ရရှိသည်အထိ ဆက်လက်ကျင်းပပေးရမည်။
၂၄။ အခမ်းအနားမှူးသည် ထောက်ခံဆန္ဒမဲအများဆုံး ရရှိသူကို ကြေညာရမည်။ ယင်းပုဂ္ဂိုလ်ကို ဦးစီးအဖွဲ့ ဥက္ကဋ္ဌအဖြစ် ခန့်အပ် တာဝန်ပေးနိုင်ရန် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်မှ တစ်ဆင့် နိုင်ငံတော်သမ္မတထံ တင်ပြရမည်။
အခန်း(၄)
တိုင်းရင်းသားလူမျိုးကိုယ်စားလှယ် ဦးစီးအဖွဲ့ဝင်များ ရွေးချယ်ခြင်း
၂၅။ ပုဒ်မ ၁၀၊ ပုဒ်မခွဲ (က)အရ တိုင်းရင်းသားလူမျိုးကိုယ်စားလှယ် တစ်ဦးကျစီကို ဦးစီးအဖွဲ့ဝင်အဖြစ် ရွေးချယ်ခန့်ထားနိုင်ရေး အတွက် ဦးစီးအဖွဲ့ ဥက္ကဋ္ဌသည်-
(က) သက်ဆိုင်ရာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအတွင်း နေထိုင် သော တိုင်းရင်း သားလူမျိုးများအနက် ပုဒ်မ ၁၀၊ ပုဒ်မခွဲ(က)အရ ဦးစီးအဖွဲ့ဝင်အဖြစ် ကိုယ်စားလှယ် တစ်ဦးကျစီ ပါဝင်ခွင့်ရရှိမည့် တိုင်းရင်းသားလူမျိုးအသီးသီး၏ စာရင်းကို သက်ဆိုင်ရာက တရားဝင် ထုတ်ပြန်ကြေညာထားသည့်အတိုင်း ရယူရမည်။
(ခ) ပုဒ်မခွဲ(က) အရ ရရှိသည့် တိုင်းရင်းသားလူမျိုးအသီးသီး၏ စာရင်းမှ ဦးစီးအဖွဲ့ဝင်အဖြစ် ရွေးချယ်မည့် ကိုယ်စားလှယ် လောင်းများကို ဦးစီးအဖွဲ့ဝင်များ၏ ဆန္ဒအရ ပဏာမရွေးချယ်ရမည်။
(ဂ) ပုဒ်မခွဲ(ခ) အရ ဦးစီးအဖွဲ့ဝင်အဖြစ် ပဏာမရွေးချယ်ထားသော ပုဂ္ဂိုလ်များထံမှ ဦးစီးအဖွဲ့တာဝန် ထမ်းဆောင်လိုခြင်းရှိ မရှိ ဆန္ဒကို ရယူရမည်။
၂၆။ ဦးစီးအဖွဲ့ဥက္ကဋ္ဌနှင့် ဦးစီးအဖွဲ့ဝင်များသည် ပုဒ်မ၂၅ အရ ရွေးချယ်ပြီး ဆန္ဒသဘောထားရယူပြီးသော ပဏာမအမည်စာရင်းပါ ပုဂ္ဂိုလ်များအနက်မှ တိုင်းရင်းသားလူမျိုး ကိုယ်စားလှယ်တစ်ဦးကျစီကို မိမိတို့အချင်းချင်း ညှိနှိုင်း၍ ဦးစီးအဖွဲ့ဝင်အဖြစ် ရွေးချယ် ခန့်ထားရမည်။
၂၇။ ပုဒ်မ ၂၆ အရ မိမိတို့အချင်းချင်း ညှိနှိုင်း၍ မရသည့်အခါ ဦးစီးအဖွဲ့ ဥက္ကဋ္ဌက သဘာပတိအဖြစ် ဆောင်ရွက်၍ တိုင်းရင်းသားလူမျိုး ကိုယ်စားလှယ်ဦးစီးအဖွဲ့ဝင်ရွေးချယ်သည့် ဆန္ဒမဲပေးပွဲကို ပုဒ်မ ၂၁၊ ၂၂ နှင့် ၂၃ တို့ပါအတိုင်း ကျင်းပရမည်။ ယင်းသို့ ဆန္ဒမဲပေးရာတွင် သဘာပတိသည် ဦးစီးအဖွဲ့ဝင် များနှင့်အတူ ဆန္ဒမဲပေးရမည်။ သဘာပတိသည် အနိုင်မဲပေးပြီး ဆုံးဖြတ် ပိုင်ခွင့်မရှိစေရ။ ဆန္ဒမဲအများ ဆုံးရရှိသူကို တိုင်းရင်းသားလူမျိုး ကိုယ်စားလှယ် ဦးစီးအဖွဲ့ဝင်အဖြစ် ရွေးချယ်ကြောင်း သဘာပတိက ကြေညာရမည်။
၂၈။ ဦးစီးအဖွဲ့ဥက္ကဋ္ဌနှင့် ဦးစီးအဖွဲ့ဝင်များသည် ရွေးချယ်ရရှိသည့် တိုင်းရင်းသားလူမျိုးကိုယ်စားလှယ် အား ဦးစီးအဖွဲ့ဝင်အဖြစ် ခန့်အပ်တာဝန်ပေးရမည်။
အခန်း(၅)
သတ်မှတ်ဦးစီးအဖွဲ့ဝင်ဦးရေ ပြည့်မီရန် ရွေးချယ်ဖြည့်စွက်ခန့်ထားခြင်း
၂၉။ ဦးစီးအဖွဲ့တွင် အဖွဲ့ဝင်ဦးရေ အနည်းဆုံး ၁၀ ဦးမပြည့်သေးပါက-
(က) ပုဒ်မ ၁၀၊ ပုဒ်မခွဲ (ခ) ပါ သတ်မှတ်ထားသည့်အတိုင်း အနည်းဆုံးဦးစီးအဖွဲ့ဝင်ဦးရေ ပြည့်စေရန် လိုအပ်သည့် အဖွဲ့ဝင် ဦး ရေကို ဦးစီးအဖွဲ့ဥက္ကဋ္ဌနှင့် ပုဒ်မ၄၊ ပုဒ်မခွဲ(က)နှင့် (ခ)တို့ပါ ဦးစီးအဖွဲ့ဝင်များက မိမိသဘောဆန္ဒအလျောက် ရွေးချယ်ဖြည့်စွက် ခန့်ထားရမည်။
(ခ) ပုဒ်မခွဲ(က) အရ မိမိသဘောဆန္ဒအလျောက် ရွေးချယ်၍ မရသည့်အခါ ပုဒ်မ ၂၁၊ ၂၂နှင့် ၂၃တို့ပါ လျှိုဝှက်ဆန္ဒမဲပေးသည့် နည်းလမ်းဖြင့် ရွေးချယ်ဖြည့်စွက်ခန့်ထားရမည်။
အခန်း(၆)
ဦးစီးအဖွဲ့ဥက္ကဋ္ဌ၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များ
ဥပဒေကြမ်းတင်ပြခြင်းနှင့် ထုတ်ပြန်ကြေညာခြင်းကိစ္စ
၃၀။ ဦးစီးအဖွဲ့က အတည်ပြုသော ဥပဒေကြမ်းကို သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်က လက်ခံရရှိ သည့် နေ့၏ နောက်တစ်နေ့မှ ၁၄ ရက်အတွင်း လက်မှတ်ရေးထိုး၍ ဥပဒေအဖြစ် ထုတ်ပြန်ကြေညာနိုင်ရန် ဦးစီးအဖွဲ့ဥက္ကဋ္ဌသည် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်ထံ တင်ပြရမည်။
၃၁။ သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်က လက်မှတ်ရေးထိုးပြီးသော ဥပဒေကို သက်ဆိုင်ရာ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့ရုံးက နိုင်ငံတော်ပြန်တမ်းတွင် ထုတ်ပြန်ရမည်။
ဒေသရေးရာတာဝန်နှင့် အခြားဝန်ကြီးဌာန တာဝန်များထမ်းဆောင်ခြင်းကိစ္စ
၃၂။ ဦးစီးအဖွဲ့ဥက္ကဋ္ဌသည်-
(က) ရာထူးအလျောက် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးဖြစ်သည်နှင့်အညီ နိုင်ငံတော်သမ္မတက တာဝန် ပေးအပ်သည့် မိမိနှင့် သက်ဆိုင်သော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသရေးရာများကို ဆောင်ရွက်ရမည်။
(ခ) နိုင်ငံတော်သမ္မတက တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဝန်ကြီးချုပ်နှင့် ညှိနှိုင်း၍ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရ အဖွဲ့တွင် အခြားဝန်ကြီးဌာန တာဝန်များကို ထမ်းဆောင်ရန် သီးခြားတာဝန်ပေးအပ်သည်ကို မိမိ၏ သဘောဆန္ဒအလျောက် လက်ခံခဲ့ပါက ယင်းသို့ ပေးအပ်သည့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးဌာနတာဝန်များကို နိုင်နင်းစွာ ထမ်းဆောင်နိုင်ရန် အလို့ငှာ ဦးစီးအဖွဲ့ဥက္ကဋ္ဌအဖြစ်မှ နုတ်ထွက်ရမည်။
၃၃။ ပုဒ်မ၃၂၊ ပုဒ်မခွဲ(ခ) အရ ဦးစီးအဖွဲ့ဥက္ကဋ္ဌသည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့တွင် အခြားဝန်ကြီးဌာန တာဝန်များကို ထမ်းဆောင်ရန် ဦးစီးအဖွဲ့ဥက္ကဋ္ဌ အဖြစ်မှ နုတ်ထွက်ရ၍ ယင်းရာထူး နေရာ လစ်လပ်ပါက ဦးစီးအဖွဲ့ ဥက္ကဋ္ဌ အသစ်ကို ဤဥပဒေပုဒ်မ၉ ပါ ပြဋ္ဌာန်းချက်များနှင့်အညီ ပြန်လည်ရွေးချယ်ခန့်အပ်ရမည်။
အခြားကိစ္စရပ်များ
၃၄။ ဦးစီးအဖွဲ့ဥက္ကဋ္ဌသည် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံး၏ အဓိပ္ပာယ်ဖွင့်ဆိုချက်၊ ဆုံးဖြတ်ချက်နှင့် သဘောထားရယူရန် ကိစ္စများကို သတ်မှတ်ထားသော နည်းလမ်းများနှင့်အညီ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးသို့ တင်သွင်းခွင့်ရှိသည်။
၃၅။ ဦးစီးအဖွဲ့ဥက္ကဋ္ဌသည်-
(က) ဦးစီးအဖွဲ့၏ လုပ်ငန်းတာဝန်များကို အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊ ညှိနှိုင်းခြင်း၊ ကြီးကြပ် ကွပ်ကဲခြင်းနှင့် လမ်းညွှန်ခြင်းများ ပြုရမည်။
(ခ) ဦးစီးအဖွဲ့ဝင်များ၏ လုပ်ငန်းတာဝန်များကို တစ်ဦးချင်းဖြစ်စေ၊ အဖွဲ့လိုက်ဖြစ်စေ ခွဲဝေသတ်မှတ် ပေးခြင်းနှင့် လိုအပ်ပါက ညှိုနှိုင်းပေးခြင်းပြုရမည်။
(ဂ) ဦးစီးအဖွဲ့အစည်းအဝေးများကို လိုအပ်သလို ခေါ်ယူကျင်းပနိုင်သည်။
၃၆။ ဦးစီးအဖွဲ့ဥက္ကဋ္ဌသည် ဦးစီးအဖွဲ့၏ နောင်သက်တမ်းများအတွက် ပထမအကြိမ် အစည်းအဝေးကို ခေါ်ယူပေးရမည့်အပြင် ဦးစီးအဖွဲ့ ဥက္ကဋ္ဌအသစ်ရွေးချယ်ခန့်အပ်ပြီးသည်အထိ ဥက္ကဋ္ဌအဖြစ် တာဝန်ယူ ဆောင်ရွက်ရမည်။
အခန်း(၇)
ဦးစီးအဖွဲ့နှင့် ဦးစီးအဖွဲ့၏ အလုပ်အမှုဆောင်ကော်မတီတို့၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များ
ဦးစီးအဖွဲ့၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များ
၃၇။ ဥပဒေပြုခွင့်။ ဦးစီးအဖွဲ့သည် ဖွဲ့စည်းပုံအခြေခံဥပဒေဇယား၃တွင် ဖော်ပြထားသော ဥပဒေပြု စာရင်းပါ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဥပဒေပြုခွင့်ရှိသည်။ ယင်းဥပဒေများကို ဦးစီးအဖွဲ့က အတည်ပြု နိုင်ရေးအတွက်-
(က) ဦးစီးအဖွဲ့၏ ကိုယ်စားဥက္ကဋ္ဌကဖြစ်စေ၊ ဦးစီးအဖွဲ့ဝင်တစ်ဦးချင်းကဖြစ်စေ ဦးစီးအဖွဲ့သို့ ဥပဒေ ကြမ်း တင်သွင်းခွင့်ရှိသည်။
(ခ) ဦးစီးအဖွဲ့ဥက္ကဋ္ဌက သတ်မှတ်ပေးသောနေ့တွင် ဥပဒေကြမ်းကို ဦးစီးအဖွဲ့အစည်းအဝေးသို့ တင်သွင်း ရမည်။
(ဂ) ဥပဒေကြမ်းကို ဥက္ကဋ္ဌကိုယ်တိုင်ဖြစ်စေ၊ ယင်းက တာဝန်ပေးအပ်သူကဖြစ်စေ၊ ဥပဒေကြမ်း တင်သွင်းသည့် ဦးစီးအဖွဲ့ဝင်ကဖြစ်စေ ဦးစီးအဖွဲ့အစည်းအဝေးတွင် ဖတ်ကြားတင်သွင်းရမည်။
(ဃ) ဥပဒေကြမ်းရေးဆွဲပြုစုရာတွင် သက်ဆိုင်ရာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုရှိ ဥပဒေရုံးနှင့် ညှိနှိုင်း ဆောင်ရွက်နိုင်သည်။
(င) ပုဒ်မခွဲ(က)အရ တင်သွင်းသော ဥပဒေကြမ်းကို ဦးစီးအဖွဲ့အစည်းအဝေးတွင် ဆွေးနွေးညှိနှိုင်း၍ ဦးစီးအဖွဲ့ဝင်များရာဆန္ဒဖြင့် အတည်ပြုချက်ရယူရမည်။
ဦးစီးအဖွဲ့၏ အလုပ်အမှုဆောင်ကော်မတီ၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များ
၃၈။ ဦးစီးအဖွဲ့၏ အလုပ်အမှုဆောင်ကော်မတီသည် သက်ဆိုင်ရာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၏ အုပ်ချုပ်ရေးအဖွဲ့ဖြစ်သည်။ ယင်းကော်မတီသည်-
(က) ဦးစီးအဖွဲ့ကို တာဝန်ခံရမည်။
(ခ) ဦးစီးအဖွဲ့၏ အုပ်ချုပ်ရေးဆိုင်ရာ လုပ်ငန်းတာဝန်များကို ဆောင်ရွက်ရမည်။
(ဂ) မိမိတို့၏ ဆောင်ရွက်ချက်များကို အနီးဆုံးဦးစီးအဖွဲ့ အစည်းအဝေးတွင် တင်ပြရမည်။
၃၉။ အုပ်ချုပ်မှု။ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်လျှင်ဦးစီးအဖွဲ့၏ ကိုယ်ပိုင် အုပ်ချုပ်မှုအာဏာသည် အောက်ပါကိစ္စရပ်များသို့ သက်ရောက်ပျံ့နှံ့သည့်အားလျော်စွာ ဦးစီးအဖွဲ့၏ အလုပ်အမှုဆောင်ကော်မတီသည် ယင်းကိစ္စရပ်များကို ဦးစီးအဖွဲ့အား တာဝန်ခံ၍ ဆောင်ရွက်ခွင့်ရှိသည်-
(က) ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌာန်းသည့် ဥပဒေတစ်ရပ်ရပ်အရ ဦးစီးအဖွဲ့အား ဆောင်ရွက်ခွင့် ပြုသည့် ကိစ္စရပ်များ၊
(ခ) သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်က ပြဋ္ဌာန်းသည့် ဥပဒေတစ်ရပ်ရပ်အရ ဦးစီးအဖွဲ့အား ဆောင်ရွက်ခွင့်ပြုသည့် ကိစ္စရပ်များ။
၄၀။ အရေးပေါ်အခြေအနေတင်ပြခြင်း။ ဦးစီးအဖွဲ့၏ အလုပ်အမှုဆောင်ကော်မတီသည် အောက်ဖော်ပြပါ အခြေအနေတစ်ရပ်ရပ်ပေါ် ပေါက်လျှင် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်ထံ အမြန်ဆုံးတင်ပြရမည်။ ယင်းသို့တင်ပြခြင်းနှင့် စပ်လျဉ်း၍ ဦးစီးအဖွဲ့သို့ဆောလျင်စွာ တင်ပြအတည် ပြုချက်ရယူရမည်-
(က) မိမိကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုအတွင်းအုပ်ချုပ်ရေးဆိုင်ရာ လုပ်ငန်းများကို ဖွဲ့စည်းပုံအခြေခံ ဥပဒေပါပြဋ္ဌာန်းချက်များ နှင့်အညီ ဆောင်ရွက်နိုင်စွမ်းမရှိသော အရေးပေါ်အခြေအနေ ပေါ်ပေါက်ခြင်း။
(ခ) မိမိကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုတွင်ဖြစ်စေ၊ ယင်း၏ တစ်စိတ်တစ်ဒေသတွင်ဖြစ်စေ ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို ထိပါးအန္တရာယ်ပြုမည့် အရေးပေါ်အခြေအနေပေါ်ပေါက်ခြင်း သို့မဟုတ် ထိုသို့ ပေါ်ပေါက်ရန် လုံလောက်သော အကြောင်းရှိခြင်း။
၄၁။ ဘဏ္ဍာရေးကိစ္စရပ်များ။ ဦးစီးအဖွဲ့၏ အလုပ်အမှုဆောင် ကော်မတီသည်-
(က) နောက်လာမည့် ဘဏ္ဍာရေးနှစ်အတွက် နှစ်စဉ် အရအသုံးခန့်မှန်းခြေငွေစာရင်းကို ရေးဆွဲလျက် ဦးစီးအဖွဲ့၏ အတည်ပြု ချက်ရယူပြီး ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရနှင့် ညှိနှိုင်း၍ သဘောတူညီချက် ရယူရမည်။
(ခ) သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေပါ မိမိဦးစီး အဖွဲ့နှင့် သက်ဆိုင်သည့် ခွင့်ပြုဘဏ္ဍာငွေကို သတ်မှတ်ထားသည့် ဘဏ္ဍာရေးစည်းမျဉ်း စည်းကမ်းများ နှင့်အညီ သုံးစွဲခွင့်ရှိသည်။
(ဂ) လက်ရှိဘဏ္ဍာရေးနှစ်မကုန်ဆုံးမီ သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်က နောက်လာမည့် ဘဏ္ဍာရေး နှစ်အတွက် ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကို ပြဋ္ဌာန်းခြင်းမပြုနိုင်သဖြင့် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ထံမှ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ခွင့်ပြု ချက်ကို အချိန်မှီမရရှိပါက တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်က နောက်ဆုံးပြဋ္ဌာန်း ထားသည့် ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေပါ ခွင့်ပြုထားသည့် သာမန်အသုံးစရိတ်ဘောင်အတွင်း သုံးစွဲခွင့် ရှိသည်။
၄၂။ ပြည်ထောင်စုအစိုးရ၊ တိုင်းဒေသကြီ: သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့နှင့် ဆက်သွယ်ခြင်း။
ဦးစီးအဖွဲ့၏ အလုပ်အမှုဆောင်ကော်မတီသည်-
(က) မိမိ၏လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ထိရောက်အောင်မြင်မှု ရှိစေရေး အတွက် ပြည်ထောင်စုအစိုးရ၏ ပေါင်းစပ်ညှိနှိုင်းပေးမှုနှင့်အညီ ဆောင်ရွက်ရမည်။
(ခ) မိမိနယ်မြေဒေသ၏ အခြေအနေအရပ်ရပ်နှင့် စပ်လျဉ်းသည့် အစီရင်ခံစာကို ပြည်ထောင်စုအစိုးရနှင့် သက်ဆိုင်ရာ တိုင်း ဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရထံ တင်ပြရမည်။
၄၃။ အငြင်းပွားမှုများနှင့် စပ်လျဉ်း၍ လိုက်နာဆောင်ရွက်ခြင်း။
ဦးစီးအဖွဲ့၏ အလုပ်အမှုဆောင်ကော်မတီသည်-
(က) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စု အကြားသော်လည်းကောင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုအချင်းချင်းသော်လည်းကောင်း ဖြစ်ပွားသည့် အုပ်ချုပ်မှုဆိုင်ရာ အငြင်းပွားမှုများနှင့်စပ်လျဉ်း၍ ပြည်ထောင်စုအစိုးရက ပေါင်းစပ်ညှိနှိုင်းဖြေရှင်းပေးခြင်းနှင့် လိုအပ်၍ အဆုံးအဖြတ်ပေးခြင်းများကို လိုက်နာဆောင်ရွက်ရမည်။
(ခ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စုနှင့် ပြည်ထောင်စုနယ်မြေအကြား ဖြစ်ပွားသည့် အုပ်ချုပ်ရေးဆိုင်ရာ အငြင်းပွားမှုများနှင့် စပ်လျဉ်း၍ ပြည်ထောင်စုအစိုးရက ပေါင်းစပ်ညှိနှိုင်းဖြေရှင်းပေးခြင်းနှင့် လိုအပ်၍ အဆုံးအဖြတ်ပေးခြင်းများကို လိုက်နာဆောင်ရွက် ရမည်။
၄၄။ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်များ။ ဦးစီးအဖွဲ့၏ အလုပ်အမှုဆောင်ကော်မတီသည် ပြည်ထောင်စုအစိုးရက ချမှတ်ထား သည့်မူဝါဒများနှင့် မဆန့်ကျင်စေဘဲ မိမိနယ်မြေဒေသအတွင်း ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် လုပ်ငန်းအစီအစဉ်များကို ရေးဆွဲလျက် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့နှင့် ညှိနှိုင်း ထားရှိရမည်။
၄၅။ ဝန်ထမ်းဆိုင်ရာကိစ္စရပ်များ။ ဦးစီးအဖွဲ့၏ အလုပ်အမှုဆောင် ကော်မတီသည် မိမိနယ်မြေ ဒေသအတွင်း တာဝန်ထမ်းဆောင် လျက်ရှိသော နယ်ဘက်ဝန်ထမ်းအဖွဲ့အစည်းများ၏ လုပ်ငန်း ဆောင်ရွက်မှုများကို ဥပဒေနှင့်အညီ ကြီးကြပ်ခြင်းနှင့် ပေါင်းစပ်ညှိနှိုင်းခြင်းများ ပြုနိုင်သည်။
၄၆။ အခြားကိစ္စရပ်များ။ ဦးစီးအဖွဲ့၏ အလုပ်အမှုဆောင်ကော်မတီသည်-
(က) ပြည်ထောင်စုအစိုးရက နိုင်ငံတော်တည်ငြိမ်ရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေ စိုးမိုးရေးကို ထိန်းသိမ်း စောင့်ရှောက်ရာတွင် ကူညီဆောင်ရွက်ရမည်။
(ခ) ပြည်ထောင်စုအစိုးရနှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့တို့က အခါအားလျော်စွာ ပေးအပ်လာသည့် လုပ်ငန်း တာဝန်များကို ထမ်းဆောင်ရမည်။
(ဂ) တည်ဆဲဥပဒေတစ်ရပ်ရပ်က ပေးအပ်သည့် လုပ်ငန်းတာဝန်များကို ထမ်းဆောင်ရမည်။
ဦးစီးအဖွဲ့အစည်းအဝေးများ ကျင်းပခြင်း
၄၇။ ဦးစီးအဖွဲ့၏ ပုံမှန်အစည်းအဝေးကို သာမန်အားဖြင့် တစ်နှစ်လျှင် အနည်းဆုံး နှစ်ကြိမ် ကျင်းပရ မည်။ လိုအပ်ပါက အထူး အစည်းအဝေးကို ခေါ်ယူကျင်းပနိုင်သည်။
၄၈။ (က) ဦးစီးအဖွဲ့၏ သက်တမ်းတစ်ရပ်တွင် ပထမအကြိမ် ကျင်းပသော အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသည့် ဦးစီးအဖွဲ့ဝင် စုစုပေါင်းဦးရေ၏ ၇၅ ရာခိုင်နှုန်းတက်ရောက်လျှင် အစည်းအဝေး အထမြောက်သည်။
(ခ) ဆက်လက်ကျင်းပသော အစည်းအဝေးများသို့ တက်ရောက်ခွင့်ရှိသည့် ဦးစီးအဖွဲ့ဝင်ဦးရေ စုစုပေါင်း ၏ ထက်ဝက်ကျော် တက်ရောက်လျှင် အစည်းအဝေးအထမြောက်သည်။
၄၉။ (က) ဦးစီးအဖွဲ့ဥက္ကဋ္ဌသည် အစည်းအဝေးများတွင် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ရမည်။
(ခ) ဦးစီးအဖွဲ့ ဥက္ကဋ္ဌအစည်းအဝေးမတက်ရောက်နိုင်လျှင် ဦးစီးအဖွဲ့ ဥက္ကဋ္ဌက လွှဲအပ်သည့် ဦးစီး အဖွဲ့ဝင်သည် အစည်းအဝေးတွင် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ရမည်။
၅၀။ ဦးစီးအဖွဲ့ဝင်တစ်ဦးသည် အစည်းအဝေးသို့ တက်ရောက်ရန် ခိုင်လုံသော အကြောင်းမရှိဘဲ ပျက်ကွက်ခြင်းမရှိစေရ။ အစည်းအဝေးသို့ မတက်ရောက်နိုင်ပါက ခိုင်လုံသော အကြောင်းပြချက်ဖြင့် ဦးစီးအဖွဲ့ဥက္ကဋ္ဌထံ ကြိုတင်ခွင့်ပန်ရမည်။
၅၁။ ဦးစီးအဖွဲ့ဝင်တစ်ဦးသည် ဦးစီးအဖွဲ့ဥက္ကဋ္ဌ၏ ခွင့်ပြုချက်မရဘဲ ဦးစီးအဖွဲ့၏ အစည်းအဝေးသို့ တက်ရောက်ရန် အစည်းအဝေး ရွှေ့ဆိုင်းထားသည့်ရက်များမပါ အနည်းဆုံးငါးရက် တစ်ဆက်တည်း ပျက်ကွက်လျှင်-
(က) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစီးအဖွဲ့ဝင်ဖြစ်ပါက ဦးစီးအဖွဲ့ဝင် အဖြစ်မှ ရပ်စဲနိုင်ရန် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌထံ ဦးစီးအဖွဲ့ ဥက္ကဋ္ဌက တင်ပြရမည်။
(ခ) တပ်မတော်သားဦးစီးအဖွဲ့ဝင်ဖြစ်ပါက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ညှိနှိုင်း၍ ဦးစီးအဖွဲ့ဝင် အဖြစ်မှ ရပ်စဲနိုင်ရန် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဝန်ကြီးချုပ်ထံ ဦးစီးအဖွဲ့ဥက္ကဋ္ဌ က တင်ပြရမည်။
(ဂ) ပုဒ်မခွဲ(က)နှင့် (ခ)တို့ပါ ဦးစီးအဖွဲ့ဝင်များမှအပ ကျန်ဦးစီးအဖွဲ့ဝင်များဖြစ်ပါက ဦးစီးအဖွဲ့ဝင်အဖြစ် မှ ရပ်စဲရန် ဦးစီးအဖွဲ့ ဥက္ကဋ္ဌ ကဆောင်ရွက်ရမည်။
၅၂။ (က) အစည်းအဝေးမှတ်တမ်းများကို ဦးစီးအဖွဲ့ရုံးက မှတ်တမ်းတင်ထားရမည်။
(ခ) အစည်းအဝေးဆုံးဖြတ်ချက်များကို အစည်းအဝေးပြီးဆုံးသည့်နေ့မှ ၃ ရက်အတွင်း ဦးစီးအဖွဲ့ ဥက္ကဋ္ဌထံ တင်ပြပြီး လက်မှတ် ရေးထိုးထားရမည်။
(ဂ) ထုတ်ပြန်ကြေညာခြင်းမပြုသေးသော ဦးစီးအဖွဲ့၏ ဆုံးဖြတ်ချက်များနှင့် အစည်းအဝေးမှတ်တမ်း များသည် နိုင်ငံတော်၏ လျှို့ဝှက်ချက်များဖြစ်သည်။
အခန်း(၈)
ရာထူးသက်တမ်း၊ ရာထူးမှနုတ်ထွက်ခြင်း၊ တာဝန်မှရပ်စဲခြင်းနှင့် အရေးယူခြင်း၊ စွပ်စွဲပြစ်တင်ခြင်းနှင့် လစ်လပ်ရာထူးနေရာတွင် ဖြည့်စွက်ခန့်ထားခြင်း
ဦးစီးအဖွဲ့ဥက္ကဋ္ဌနှင့် ဦးစီးအဖွဲ့ဝင်များ၏ ရာထူးသက်တမ်း
၅၃။ (က) ဦးစီးအဖွဲ့ဝင်ဥက္ကဋ္ဌ၏ ရာထူးသက်တမ်းသည် နိုင်ငံတော်သမ္မတ၏ ရာထူးသက်တမ်းအတိုင်း ဖြစ်သည်။
(ခ) ဦးစီးအဖွဲ့ဝင်များ၏ ရာထူးသက်တမ်းသည် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော်၏ သက်တမ်း အတိုင်းဖြစ်သည်။
(ဂ) ဦးစီးအဖွဲ့ဥက္ကဋ္ဌရာထူးနေရာလစ်လပ်သဖြင့် ယင်းရာထူးနေရာတွင် ဖြည့်စွက်ခန့်ထားခြင်းခံရသော ဦးစီးအဖွဲ့ဥက္ကဋ္ဌအသစ်၏ ရာထူးသက်တမ်းသည် နိုင်ငံတော်သမ္မတ၏ ကျန်ရှိသည့် ရာထူးသက်တမ်း ကုန်ဆုံးသည်အထိသာ ဖြစ်သည်။
(ဃ) ဦးစီးအဖွဲ့ဝင်ရာထူးနေရာလစ်လပ်သဖြင့် ယင်းရာထူးနေရာတွင် ဖြည့်စွက်ခန့်ထားခြင်းခံရသော ဦးစီးအဖွဲ့ဝင်အသစ်၏ ရာထူးသက်တမ်းသည် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော်၏ ကျန်ရှိသည့် သက်တမ်းကုန်ဆုံးသည် အထိ သာဖြစ်သည်။
ဦးစီးအဖွဲ့ဥက္ကဋ္ဌနှင့် ဦးစီးအဖွဲ့ဝင်များ ရာထူးမှ နုတ်ထွက်ခြင်း
၅၄။ ဦးစီးအဖွဲ့ဥက္ကဋ္ဌနှင့် ဦးစီးအဖွဲ့ဝင်များသည် ရာထူးသက်တမ်းမကုန်ဆုံးမီ အကြောင်းတစ်ခုခုကြောင့် မိမိသဘောဆန္ဒအလျောက် ရာထူးမှ နုတ်ထွက်လိုသည့်အခါ-
(က) ဦးစီးဥက္ကဋ္ဌ ဖြစ်ပါက ထိုသို့ရာထူးမှ နုတ်ထွက်လိုကြောင်း သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်မှ တစ်ဆင့် နိုင်ငံတော်သမ္မတထံ စာဖြင့် တင်ပြပြီး ရာထူးမှ နုတ်ထွက်နိုင်သည်။
(ခ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစီးအဖွဲ့ဝင်ဖြစ်ပါက ထိုသို့ရာထူးမှ နုတ်ထွက်လိုကြောင်း ဦးစီးအဖွဲ့ဥက္ကဋ္ဌမှတစ်ဆင့် သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌထံစာဖြင့် တင်ပြပြီး ရာထူးမှ နုတ်ထွက်နိုင်သည်။
(ဂ) တပ်မတော်သားဦးစီးအဖွဲ့ဝင်ဖြစ်ပါက ထိုသို့ရာထူးမှ နုတ်ထွက်လိုကြောင်း တပ်မတော်၏ လုပ်ထုံး လုပ်နည်းအတိုင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံ တင်ပြခွင့်ပြုချက် ရယူရမည်။
(ဃ) ပုဒ်မခွဲ (ခ)နှင့် (ဂ) တို့ပါ ဦးစီးအဖွဲ့ဝင်များမှအပ ကျန်ဦးစီးအဖွဲ့ဝင်များဖြစ်ပါက ထိုသို့ နုတ်ထွက် လိုကြောင်း ဦးစီးအဖွဲ့ ဥက္ကဋ္ဌထံ စာဖြင့် တင်ပြပြီး ရာထူးမှ နုတ်ထွက်နိုင်သည်။
၅၅။ ဦးစီးအဖွဲ့ဥက္ကဋ္ဌသည်-
(က) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ နုတ်ထွက်လျှင် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးအဖြစ်မှလည်းကောင်း၊ ဦးစီးအဖွဲ့ဥက္ကဋ္ဌအဖြစ်မှ လည်း ကောင်း၊ ဦးစီးအဖွဲ့၏ အလုပ်အမှုဆောင် ကော်မတီဥက္ကဋ္ဌအဖြစ်မှလည်းကောင်း နုတ်ထွက်ပြီးဖြစ် သည်ဟု မှတ်ယူရမည်။
(ခ) ဦးစီးအဖွဲ့မှနုတ်ထွက်လျှင် သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီး အဖြစ်မှ လည်းကောင်း၊ သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်အဖြစ်မှ လည်းကောင်း၊ ဦးစီးအဖွဲ့၏ အလုပ်အမှုဆောင်ကော်မတီ ဥက္ကဋ္ဌအဖြစ်မှလည်းကောင်း နုတ်ထွက်ပြီး ဖြစ်သည်ဟု မှတ်ယူရမည်။
(ဂ) ဦးစီးအဖွဲ့ဥက္ကဋ္ဌအဖြစ်မှ နုတ်ထွက်သော်လည်း ဦးစီးအဖွဲ့ဝင်အဖြစ် ဆက်လက်တာဝန် ထမ်းဆောင် လျှင် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးအဖြစ်မှလည်းကောင်း၊ ဦးစီးအဖွဲ့ဝင်၏ အလုပ်အမှုဆောင်ကော်မတီ ဥက္ကဋ္ဌအဖြစ်မှ လည်းကောင်း နုတ်ထွက်ပြီးဖြစ်သည်ဟု မှတ်ယူရမည်။
(ဃ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးအဖြစ်မှ နုတ်ထွက်လျှင် သက်ဆိုင်ရာ ဦးစီးအဖွဲ့ဥက္ကဋ္ဌ အဖြစ်မှလည်းကောင်း၊ ဦးစီးအဖွဲ့၏အလုပ်အမှုဆောင်ကော်မတီဥက္ကဋ္ဌအဖြစ်မှ လည်းကောင်း နုတ်ထွက် ပြီး ဖြစ်သည်ဟု မှတ်ယူရမည်။
၅၆။ ပုဒ်မ၄၊ ပုဒ်မခွဲ(က)ပါ ဦးစီးအဖွဲ့ဝင်တစ်ဦးသည်-
(က) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ နုတ်ထွက်လျှင် ဦးစီး အဖွဲ့ဝင်အဖြစ်မှ နုတ်ထွက်ပြီး ဖြစ်သည်ဟု မှတ်ယူရမည်။
(ခ) ဦးစီးအဖွဲ့ဝင်အဖြစ်မှ နုတ်ထွက်လျှင် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်အဖြစ်မှ နုတ်ထွက်ပြီးဖြစ်သည်ဟု မှတ်ယူရမည်။
ဦးစီးအဖွဲ့ဥက္ကဋ္ဌအား တာဝန်မှ ရပ်စဲခြင်းနှင့် အရေးယူခြင်း
၅၇။ (က) ဦးစီးအဖွဲ့ဝင်ဥက္ကဋ္ဌသည် လုပ်ငန်းတာဝန်ကို ကျေပွန်စွာ မထမ်းဆောင်နိုင်ပါက ယင်းအား ရာထူးမှ နုတ်ထွက်ရန် နိုင်ငံတော်သမ္မတက ညွှန်ကြားနိုင်သည်။ နိုင်ငံတော်သမ္မတ၏ ညွှန်ကြားချက်ကို မလိုက်နာလျှင် တာဝန်မှ ရပ်စဲရမည်။
(ခ) ဦးစီးအဖွဲ့ဥက္ကဋ္ဌသည် ပုဒ်မခွဲ(က)အရ တာဝန်မှ ရပ်စဲခံရလျှင် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးအဖြစ် မှလည်းကောင်း၊ ဦးစီးအဖွဲ့၏ အလုပ်အမှုဆောင်ကော်မတီ ဥက္ကဋ္ဌ အဖြစ်မှလည်းကောင်း ရပ်စဲပြီးဖြစ်သည်ဟု မှတ်ယူရမည်။
ဦးစီးအဖွဲ့ဥက္ကဋ္ဌအား စွပ်စွဲပြစ်တင်ခြင်း
၅၈။ ဦးစီးအဖွဲ့ဥက္ကဋ္ဌအား ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၆၃၊ ပုဒ်မခွဲ (က)ပါ အကြောင်းတစ်ရပ်ရပ်ဖြင့် စွပ်စွဲပြစ်တင်ပါက ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၆၃၊ ပုဒ်မခွဲ (ခ)၊ (ဂ)၊ (ဃ)နှင့် (င)တို့ပါ ပြဋ္ဌာန်းချက် များနှင့်အညီ ဆောင်ရွက်ရမည်။
ဦးစီးအဖွဲ့ဝင်များအား တာဝန်မှ ရပ်စဲခြင်းနှင့် အရေးယူခြင်း
၅၉။ ဦးစီးအဖွဲ့ဝင်တစ်ဦးကို အောက်ပါအကြောင်းတစ်ရပ်ရပ်ကြောင့် အရေးယူခွင့်ရှိသည်-
(က) နိုင်ငံတော်၏ ကျေးဇူးသစ္စာကို ဖောက်ဖျက်ခြင်း၊
(ခ) ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ခြင်း၊
(ဂ) အကျင့်သိက္ခာပျက်ပြားခြင်း၊
(ဃ) ဖွဲ့စည်းပုံအခြေခံဥပဒေတွင် သတ်မှတ်ထားသည့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်၏ အရည်အချင်းပျက်ယွင်းခြင်း၊
(င) ဥပဒေအရ ပေးအပ်သော တာဝန်များကို ကျေပွန်စွာ မဆောင်ရွက်ခြင်း။
၆၀။ ဦးစီးအဖွဲ့ ဥက္ကဋ္ဌသည် ပုဒ်မ ၅၉ ပါ အကြောင်းတစ်ရပ်ရပ်နှင့် ငြိစွန်းသော တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်ဦးစီးအဖွဲ့ဝင်အား ရာထူးမှ နုတ်ထွက်စေသင့်ကြောင်း ကျိုးကြောင်းဖော်ပြချက်ဖြင့် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌထံ တင်ပြရမည်။
၆၁။ ဦးစီးအဖွဲ့ဥက္ကဋ္ဌသည် ပုဒ်မ ၅၉ပါ အကြောင်းတစ်ရပ်ရပ်နှင့် ငြိစွန်းသော တပ်မတော်သား ဦးစီးအဖွဲ့ဝင်များနှင့် ပတ်သက်၍ မိမိ၏သဘောထားကို ကျိုးကြောင်းဖော်ပြချက်ဖြင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်မှ တစ်ဆင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ထံ တင်ပြရမည်။
၆၂။ (က) ဦးစီးအဖွဲ့ဥက္ကဋ္ဌသည် ပုဒ်မ ၅၉၊ ပုဒ်မခွဲ(င)ပါ အကြောင်းနှင့်ငြိစွန်းသော ပုဒ်မ ၁၀ အရ ရွေးချယ်ဖြည့်စွက်ခန့်ထား သည့် ဦးစီးအဖွဲ့ဝင်များကို ရာထူးမှ နုတ်ထွက်စေရန် ပုဒ်မ ၄၊ ပုဒ်မခွဲ (က)နှင့် (ခ)တို့ပါ မူလရွေးချယ်ဖြည့်စွက်ခန့်ထားရာတွင် ပါဝင်သည့် ဦးစီးအဖွဲ့ဝင်များနှင့် ညှိနှိုင်းပြီး ရာထူးမှ နုတ်ထွက်ရန် ညွှန်ကြားရမည်။ ညွှန်ကြားသည့်အတိုင်း လိုက်နာခြင်းမပြု သည့် ဦးစီးအဖွဲ့ဝင်ကို တာဝန်မှ ရပ်စဲရမည်။
(ခ) ပုဒ်မ ၁၀ အရ ရွေးချယ်ဖြည့်စွက်ခန့်ထားသော ဦးစီးအဖွဲ့ဝင်ကို ပုဒ်မ ၅၉၊ ပုဒ်မခွဲ(က)၊ (ခ)၊ (ဂ)နှင့် (ဃ)တို့ပါ အကြောင်း တစ်ရပ်ရပ်ဖြင့် အရေးယူရန် အကြောင်းပေါ်ပေါက်လျှင်-
(၁) ဦးစီးအဖွဲ့ဥက္ကဋ္ဌသည် စုံစမ်းစစ်ဆေးရန် စုံစမ်းစစ်ဆေးရေးအဖွဲ့ကို သင့်လျော်သော ဦးစီးအဖွဲ့ဝင်များ ပါဝင်စေလျက် ဖွဲ့စည်းရ မည်။ ယင်းသို့ဖွဲ့စည်းရာတွင် စုံစမ်းစစ်ဆေးရမည့်ကာလကို သင့်လျော်သလို သတ်မှတ်ပေးရမည်။
(၂) စုံစမ်းစစ်ဆေးရေးအဖွဲ့သည် စစ်ဆေးတွေ့ရှိချက်များကို သုံးသပ်ချက်၊ သဘောထားမှတ်ချက် တို့နှင့်တကွ သတ်မှတ်ကာလ အတွင်း ဦးစီးအဖွဲ့ထံ တင်ပြရမည်။
(၃) ဦးစီးအဖွဲ့သည် စုံစမ်းစစ်ဆေးရေးအဖွဲ့က တင်ပြသော စုံစမ်းစစ်ဆေးတွေ့ရှိချက်များအရ အရေးယူရန်ပေါ်ပေါက်သည့် အကြောင်းသည် မှန်ကန်မှုရှိမရှိ ဆုံးဖြတ်ရမည်။
(၄) အရေးယူရန်ပေါ်ပေါက်သည့် အကြောင်းသည် မှန်ကန်သည်ဟု ဆုံးဖြတ်လျှင် ဦးစီးအဖွဲ့ဥက္ကဋ္ဌက ယင်းဦးစီးအဖွဲ့ဝင်အား တာဝန်မှ ရပ်စဲရမည်။ မှန်ကန်ခြင်းမရှိဟု ဆုံးဖြတ်လျှင် ဆက်လက်တာဝန် ထမ်းဆောင်စေရမည်။
ဦးစီးအဖွဲ့ဥက္ကဋ္ဌ၊ ဦးစီးအဖွဲ့ဝင်များနှင့် ဦးစီးအဖွဲ့၏ အလုပ်အမှုဆောင် ကော်မတီဝင်များ၏ လစ်လပ်ရာထူးနေရာတွင် ဖြည့်စွက်ခန့်ထားခြင်း
၆၃။ ရာထူးမှ နုတ်ထွက်ခြင်းကြောင့်ဖြစ်စေ၊ တာဝန်မှ ရပ်စဲခံရခြင်းကြောင့်ဖြစ်စေ၊ ကွယ်လွန်ခြင်း ကြောင့်ဖြစ်စေ၊ အခြား အကြောင်းတစ်ခုခုကြောင့်ဖြစ်စေ ဦးစီးအဖွဲ့ဥက္ကဋ္ဌ ရာထူးနေရာ လစ်လပ်လျှင် နိုင်ငံတော်သမ္မတသည် ပုဒ်မ၄၊ ပုဒ်မခွဲ(က)ပါ ဦးစီးအဖွဲ့ဝင်များအနက်မှ သင့်လျော်သည့် ပုဂ္ဂိုလ်တစ်ဦးဦးကို ယာယီဦးစီးအဖွဲ့ဥက္ကဋ္ဌ အဖြစ် ခန့်အပ်တာဝန်ပေးရမည်။ ယင်းသို့ လစ်လပ်သည့် နေရာနှင့် စပ်လျဉ်း၍ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ထပ်မံ ရွေးကောက်တင်မြှောက် ပြီးသည့်အခါတွင် နိုင်ငံတော်သမ္မတသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဤဥပဒေပုဒ်မ ၉ နှင့် ၁၀ တို့ပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဦးစီးအဖွဲ့ဥက္ကဋ္ဌကိုဖြည့်စွက်ခန့်ထားရမည်။
၆၄။ ရာထူးမှ နုတ်ထွက်ခြင်းကြောင့်ဖြစ်စေ၊ တာဝန်မှ ရပ်စဲခံရခြင်းကြောင့်ဖြစ်စေ၊ကွယ်လွန်ခြင်းကြောင့် ဖြစ်စေ၊ အခြားအကြောင်းတစ်ခုခုကြောင့်ဖြစ်စေ ဦးစီးအဖွဲ့ဝင် သို့မဟုတ် ဦးစီးအဖွဲ့၏ အလုပ်အမှုဆောင် ကော်မတီဝင်နေရာ လစ်လပ်လျှင် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဤဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ လစ်လပ်သည့် ရာထူးနေရာတွင် ဖြည့်စွက်ခန့်ထားနိုင်သည်။
၆၅။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်ဖြစ်သည့် ဦးစီးအဖွဲ့ဝင်နေရာ လစ်လပ်လျှင် ဦးစီးအဖွဲ့ဥက္ကဋ္ဌသည် သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲသို့ အကြောင်းကြား ရမည်။
အခန်း (၉)
အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်နှင့်ဦးစီးအဖွဲ့
၆၆။ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၇ အရ အရေးပေါ်အခြေအနေ ပေါ်ပေါက်သဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၄၁၈ အရ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်အား နိုင်ငံတော်၏ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးအာဏာများကိုလွှဲအပ် ကြောင်းကြေညာသည့် နေ့မှစ၍ ဦးစီးအဖွဲ့များ၏ ဥပဒေပြုရေးဆိုင်ရာ လုပ်ငန်းများကို ရပ်ဆိုင်းထားသည်ဟု မှတ်ယူရမည်။ သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်သက်တမ်းကုန်ဆုံးသည့်အခါ သက်ဆိုင်ရာ ဦးစီးအဖွဲ့များသည် အလို အလျောက် ဖျက်သိမ်းပြီးဖြစ်သည်ဟု မှတ်ယူရမည်။
၆၇။ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၇ အရ အရေးပေါ်အခြေအနေ ပေါ်ပေါက်သဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၄၁၈ အရ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား နိုင်ငံတော်၏ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးအာဏာများကို နိုင်ငံတော် သမ္မတက လွှဲအပ်ဆောင်ရွက်စေသည့် နေ့ရက်မှစ၍ ဦးစီးအဖွဲ့ဝင်များသည် တာဝန်မှ ရပ်စဲပြီးဖြစ်သည်ဟု မှတ်ယူရမည်။
၆၈။ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၈ အရ သက်ဆိုင်ရာ ဦးစီးအဖွဲ့များ၏ ဥပဒေပြုရေးဆိုင်ရာ လုပ်ငန်းများ ယာယီရပ်ဆိုင်းထားခြင်းကို နိုင်ငံတော်သမ္မတက ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၂၃ အရ ပယ်ဖျက်လိုက်ပါက ဦးစီးအဖွဲ့ဝင်အသစ်များကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဤဥပဒေပါ ပြဋ္ဌာန်းချက် နှင့်အညီ ဖွဲ့စည်းတာဝန်ပေးအပ်ရမည်။ ယင်းဦးစီးအဖွဲ့ဝင်များသည် ကျန်ရှိသော ဦးစီးအဖွဲ့သက်တမ်း အတွက်သာ တာဝန်ထမ်းဆောင်ရမည်။
အခန်း (၁၀)
အထွေထွေ
၆၉။ ဤဥပဒေအာဏာမတည်မီ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက ဤဥပဒေကို အကောင်အထည်ဖော်ရေးအတွက် ကြိုတင်ဆောင်ရွက်သည့် လုပ်ငန်းရပ်များသည် ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ဆောင်ရွက်သည်ဟု မှတ်ယူရမည်။
၇၀။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနသည် သက်ဆိုင်ရာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီး အဖွဲ့ရုံးဖြစ်သည်။
၇၁။ ဤဥပဒေကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဖွဲ့စည်းသည့် ပြည်ထောင်စုလွှတ်တော်က ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း သို့မဟုတ် ရုပ်သိမ်းခြင်း ပြုလုပ်နိုင်သည်။ ပြည်ထောင်စုလွှတ်တော်က ရုပ်သိမ်းခြင်းမပြုလုပ်သရွေ့ ဤဥပဒေသည် အတည်ဖြစ်သည်။
၇၂။ ဤဥပဒေပါ ပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ဦးစီးအဖွဲ့သည်-
(က) လိုအပ်သော နည်းဥပဒေများ၊ စည်းမျဉ်းစည်းကမ်းများကို သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ထုတ်ပြန်နိုင်သည်။
(ခ) လိုအပ်သောအမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများကို ထုတ်ပြန်နိုင် သည်။
နောက်ဆက်တွဲ(က)
“ကျွန်ုပ်—-သည် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ပြီး နိုင်ငံတော် ၏ ဥပဒေများကိုလည်း လိုက်နာပါမည်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် နိုင်ငံသားများအပေါ် သစ္စာစောင့်သိရိုသေပါမည်။ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့ကို ထာဝစဉ် ဦးထိပ်ပန်ဆင် ဆောင်ရွက်ပါမည်။ ထို့ပြင် ယခု ကျွန်ုပ် ထမ်းဆောင်မည်ဖြစ်သော တာဝန်ဝတ္တရားများကို ဖြောင့်မတ်မှန်ကန်စွာ ဆောင်ရွက်မည်ဟု လေးနက်တည်ကြည်စွာ ကတိသစ္စာပြုပါသည်”
(ပုံ) သန်းရွှေ
ဗိုလ်ချုပ်မှူးကြီး
ဥက္ကဋ္ဌ
နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ