ပြည်ထောင်စုမြန်မာနိုင်ငံတော်
နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ
နိုင်ငံတော်သီချင်းဥပဒေ
(နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥပဒေအမှတ်၁၀/၂၀၁၀)
၁၃၇၂ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၁၃ ရက်
(၂၀၁၀ ပြည့်နှစ်၊ အောက်တိုဘာလ ၂၁ ရက်)
နိဒါန်း
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၄၃ တွင်ဖွဲ့စည်းပုံအခြေခံ ဥပဒေ အကောင်အထည်ဖော်ရေးအတွက် ကြိုတင်ဆောင်ရွက်ရန် လိုအပ်သည့်လုပ်ငန်းရပ်များကို နိုင်ငံ တော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက ဆောင်ရွက်ပေးရန် ပြဋ္ဌာန်းထားသည့် အလျောက် နိုင်ငံတော်၏ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးဆိုင်ရာလုပ်ငန်းများကို ချောမွေ့စွာဆောင် ရွက်နိုင်ရန်လည်းကောင်း၊ လွှတ်တော်အသီးသီး ပေါ်ပေါက်လာသည့် အခါတွင်ဆောင်ရွက်ရန်ရှိ သော လုပ်ငန်းများကို ဆောင်ရွက်နိုင်ရန်လည်းကောင်း၊ ကြိုတင်ဆောင်ရွက်ရမည့် လုပ်ငန်းရပ်များကို ဥပဒေ နှင့်အညီ ဆောင်ရွက်နိုင်ရန်လည်းကောင်း သက်ဆိုင်ရာဥပဒေများကို ပြဋ္ဌာန်းရန် လိုအပ်လာပါသည်။
သို့ဖြစ်ပါ၍ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီသည် နိုင်ငံတော်တွင် တရားမျှတ ခြင်း၊ လွတ်လပ်ခြင်းနှင့် ညီမျှခြင်းတည်းဟူသော လောကပါလတရားများ ပိုမိုထွန်းကားရေး၊ ဘိုးဘွား များ၏ အသက်၊ သွေး၊ ချွေးတို့ဖြင့် ရယူပေးခဲ့သည့် လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင် မြဲရေး၊ ပြည်ထောင်စုကြီးကို အသက်ပေးပြီး ကာကွယ်စောင့်ရှောက်ရေး၊ နိုင်ငံတော်၏ အကျိုးကို ညီညာ စွာ သယ်ပိုးထမ်းဆောင်ရေး စသည့် နိုင်ငံတော်၏ ဂုဏ်ထူးဝိသေသများကို ဖော်ကျူးနိုင်ကြစေရန် အလို့ ငှာပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၄၃ နှင့်အညီ ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။
အခန်း (၁)
အမည်နှင့် အဓိပ္ပာယ်ဖော်ပြချက်
၁။ ဤဥပဒေကို နိုင်ငံတော်သီချင်းဥပဒေဟု ခေါ်တွင်စေရမည်။
၂။ ဤဥပဒေတွင် ပါရှိသော အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပာယ်သက်ရောက်စေ ရမည် –
(က) ဖွဲ့စည်းပုံအခြေခံဥပဒေဆိုသည်မှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ကို ဆိုသည်။
(ခ) နိုင်ငံတော်သီချင်းဆိုသည်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၃၉၊ ပုဒ်မခွဲ (က) တွင် ပြဋ္ဌာန်းသတ်မှတ် ထားသည့် အောက်ပါသီချင်းကို ဆိုသည် –
နိုင်ငံတော်သီချင်း
တရားမျှတ-လွတ်လပ်ခြင်းနဲ့မသွေ-
တို့ပြည်-တို့မြေ-
များလူခပ်သိမ်း-ငြိမ်းချမ်းစေဖို့-
ခွင့်တူညီမျှ-ဝါဒဖြူစင်တဲ့ပြည်-
တို့ပြည်-တို့မြေ-
ပြည်ထောင်စုအမွေ-အမြဲတည်တံ့စေ-
အဓိဋ္ဌာန်ပြုပေ-ထိန်းသိမ်းစို့လေ။
(ကမ္ဘာမကျေ-မြန်မာပြည်-
တို့ဘိုးဘွားအမွေစစ်မို့-ချစ်မြတ်နိုးပေ)၂
ပြည်ထောင်စုကို-အသက်ပေးလို့-တို့ကာကွယ်မလေ။
ဒါတို့ပြည်-ဒါတို့မြေ-တို့ပိုင်နက်မြေ။
တို့ပြည်-တို့မြေ-အကျိုးကို-ညီညာစွာ-တို့တစ်တွေ
ထမ်းဆောင်ပါစို့လေ-တို့တာဝန်ပေ
အဖိုးတန်မြေ။
အခန်း (၂)
နိုင်ငံတော်သီချင်းကို အသုံးပြုခြင်း
၃။ နိုင်ငံတော်သီချင်းကို သတ်မှတ်ချက်များနှင့်အညီ သီဆိုတီးမှုတ်ခြင်း ပြုရမည်။
အခန်း (၃)
တားမြစ်ချက်နှင့် ပြစ်ဒဏ်
၄။ နိုင်ငံတော်သီချင်းနှင့်စပ်လျဉ်း၍ မည်သူမျှ အောက်ဖော်ပြပါ တစ်ခုခုကို မပြုလုပ်ရ –
(က) နိုင်ငံတော်သီချင်း၏ တေးသွားနှင့်စာသားကို ဂုဏ်သိက္ခာမဲ့သော နည်းလမ်းဖြင့် အသုံးပြုခြင်း၊
(ခ) နိုင်ငံတော်သီချင်းတစ်ခုလုံးကိုဖြစ်စေ၊ အစိတ်အပိုင်းတစ်ခုခုကိုဖြစ်စေဖျက်ခြင်း၊ ပျက်စီးစေခြင်း သို့မဟုတ် သေးသိမ်စေအောင် သီဆိုခြင်း၊
(ဂ) နိုင်ငံတော်သီချင်း၏ ဂုဏ်ကျက်သရေကို ထိခိုက်စေရန် တမင်သက်သက် ပြုခြင်း သို့မဟုတ် မလေး မစားပြုခြင်း၊
(ဃ) နိုင်ငံတော်သီချင်းကို စာသားဖျက်၍ သီဆိုခြင်း သို့မဟုတ် နိုင်ငံတော်သီချင်းသံစဉ်နှင့် တီးလုံး ကို အခြားစာသားများသွင်း၍ သီဆိုတီးမှုတ်ခြင်း၊
(င) နိုင်ငံတော်သီချင်းကဲ့သို့ သဘောသက်ရောက်သော သီချင်းမျိုးကို ထပ်မံစပ်ဆိုသုံးစွဲခြင်း။
၅။ မည်သူမဆို ပုဒ်မ ၄ ပါ တားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီ ရင်ခြင်းခံရလျှင် ထိုသူကို သုံးနှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်သုံးသိန်းထက်မပိုသော ငွေဒဏ် ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။
အခန်း (၄)
အထွေထွေ
၆။ ဤဥပဒေကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဖွဲ့စည်းသည့် ပြည်ထောင်စုလွှတ်တော်က ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း သို့မဟုတ် ရုပ်သိမ်းခြင်း ပြုလုပ်နိုင်သည်။ ပြည်ထောင်စုလွှတ်တော်က ရုပ်သိမ်းခြင်းမပြုလုပ်သရွေ့ ဤဥပဒေသည် အတည်ဖြစ်သည်။
၇။ ဤဥပဒေပါ ပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် –
(က) နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီသည် လိုအပ်သောနည်းဥပဒေများကို ထုတ် ပြန်နိုင်သည်။
(ခ) သက်ဆိုင်ရာဝန်ကြီးဌာနသည် လိုအပ်သော အမိန့်ကြော်ငြာစာ၊ အမိန့်နှင့် ညွှန်ကြားချက်များကို ထုတ်ပြန်နိုင်သည်။
(ပုံ) သန်းရွှေ
ဗိုလ်ချုပ်မှူးကြီး
ဥက္ကဋ္ဌ
နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ