ပြည်ထောင်စုမြန်မာနိုင်ငံတော်
နိုင်ငံတော်အေ:-) .းချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ
နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်ဥပဒေ
(နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ ဥပဒေအမှတ် ၉/ ၂၀၁၀)
၁၃၇၂ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၁၃ ရက်
(၂၀၁၀ ပြည့်နှစ်၊ အောက်တိုဘာလ ၂၁ ရက်)
နိဒါန်း
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၄၃ တွင် ဖွဲ့စည်းပုံအခြေ ခံဥပဒေ အကောင်အထည်ဖော်ရေးအတွက် ကြိုတင်ဆောင်ရွက်ရန် လိုအပ်သည့်လုပ်ငန်းရပ်များကို နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီကဆောင်ရွက်ပေးရန် ပြဋ္ဌာန်းထားသည့်အလျောက် နိုင်ငံတော်၏ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးဆိုင်ရာလုပ်ငန်းများကို ချောမွေ့စွာဆောင် ရွက်နိုင်ရန်လည်းကောင်း၊ လွှတ်တော်အသီးသီးပေါ်ပေါက်လာသည့်အခါတွင် ဆောင်ရွက်ရန်ရှိသောလုပ် ငန်းများကို ဆောင်ရွက်နိုင်ရန်လည်းကောင်း၊ ကြိုတင်ဆောင်ရွက်ရမည့်လုပ်ငန်းရပ်များကို ဥပဒေနှင့်အ ညီဆောင်ရွက်နိုင်ရန်လည်းကောင်း သက်ဆိုင်ရာဥပဒေများကို ပြဋ္ဌာန်းရန် လိုအပ်လာပါသည်။
သို့ဖြစ်ပါ၍ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီသည်နိုင်ငံတော်အထိမ်းအမှတ်တံဆိပ် ကို ယင်း၏ ဂုဏ်ကျက်သရေနှင့်အညီနည်းလမ်းတကျသုံးစွဲနိုင်ရန်နှင့် ထိန်းသိမ်းစောင့်ရှောက်ကြစေရန် အလို့ငှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၄၃ နှင့်အညီ ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။
အခန်း (၁)
အမည်နှင့် အဓိပ္ပာယ်ဖော်ပြချက်
၁။ ဤဥပဒေကို နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်ဥပဒေဟု ခေါ်တွင်စေရမည်။
၂။ ဤဥပဒေတွင် ပါရှိသော အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်းအဓိပ္ပာယ်သက်ရောက်စေရ မည်-
(က) ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုသည်မှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ကို ဆိုသည်။
(ခ) နိုင်ငံတော်အထိမ်းအမှတ်တံဆိပ် ဆိုသည်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၃၈၊ ပုဒ်မခွဲ (က) တွင် ပြဋ္ဌာန်းသတ်မှတ်ထားသောအထိမ်းအမှတ်ပုံသဏ္ဌာန်ပါဝင်သည့် တံဆိပ်ကို ဆိုသည်။ ယင်းစကားရပ် တွင် မည်သည့်အရာဝတ္ထုဖြင့်မဆို ပြုလုပ်ထားသည့် သို့မဟုတ် မည်သည့်အရာဝတ္ထုပေါ်တွင်မဆို ဖော်ပြထားသည့် အဆိုပါ အထိမ်းအမှတ်ပုံသဏ္ဌာန်ပါဝင်သော တံဆိပ်တစ်ခုလုံးဖြစ်စေ၊ အစိတ်အပိုင်း တစ်ခုခုဖြစ်စေ ပါဝင်သည်။
အခန်း (၂)
နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်ပါ အမှတ်အသားများ
၃။ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်ပါ အမှတ်အသားများမှာ အောက်ပါအတိုင်းဖြစ်သည်-
(က) နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်၏ အလယ်တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်မြေပုံ ပါရှိ သည်။ အရွက် ၁၄ ရွက်စီ ပါဝင်သောသပြေခက်များသည် မြေပုံ၏တစ်ဖက်တစ်ချက်စီတွင် ပါရှိသည်။
(ခ) သပြေခက်များ၏ တစ်ဖက်တစ်ချက်တွင် အနုပညာမြောက် မြန်မာခြင်္သေ့တစ်စီးစီရှိသည်။ လက်ဝဲ ဘက်မှ ခြင်္သေ့သည် လက်ဝဲဘက်သို့လည်းကောင်း၊ လက်ယာဘက်မှ ခြင်္သေ့သည် လက်ယာဘက်သို့ လည်းကောင်း မျက်နှာမူလျက်ရှိသည်။
(ဂ) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဟူသော စာတမ်းကို နိုင်ငံတော်အထိမ်းအမှတ်တံဆိပ် အောက် ခြေဖဲပြားပေါ်တွင် ဖော်ပြထားသည်။
ပြည်ထောင်စုဟူသောစာတမ်းကိုလက်ဝဲဘက်ရှိ ခြင်္သေ့အောက်တွင်လည်းကောင်း၊ သမ္မတဟူသော စာတမ်းကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် မြေပုံအောက်ရှိ အလယ်ဗဟိုတွင်လည်းကောင်း၊ မြန်မာနိုင်ငံတော်ဟူသော စာတမ်းကို လက်ယာဘက်ရှိ ခြင်္သေ့အောက်တွင်လည်းကောင်း ထားရှိသည်။
(ဃ) နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်၏ ထိပ်တွင် ကြယ်လက်တံငါးခုရှိသော ကြယ်တစ်လုံးသည် အ ထက်သို့ မတ်မတ်ညွှန်းလျက်ရှိသည်။
(င) ကြယ်၏တစ်ဖက်တစ်ချက်တွင် မြန်မာပန်းပုံသဏ္ဌာန် ပန်းခက်ပြားများရှိသည်။
(စ) နိုင်ငံတော်တံဆိပ် နမူနာပုံစံမှာ နောက်ဆက်တွဲပါအတိုင်းဖြစ်သည်။
၄။ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်ကို ဤဥပဒေနှင့် နည်းဥပဒေများပါပြဋ္ဌာန်းချက်များအရ အရွယ်အစားအမျိုးမျိုး အသုံးပြုရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၃၈၊ ပုဒ်မခွဲ (က) ပါပုံသဏ္ဌာန်၊ အ ချိုးအစားတို့နှင့်ကိုက်ညီနိုင်သမျှ ကိုက်ညီစေရမည်။
အခန်း (၃)
နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်ကို သုံးစွဲခြင်း
၅။ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်ကို သတ်မှတ်ချက်များနှင့်အညီ သုံးစွဲရမည်။
အခန်း (၄)
တားမြစ်ချက်နှင့် ပြစ်ဒဏ်
၆။ နိုင်ငံတော် အထိမ်းအမှတ်တံဆိပ်နှင့် စပ်လျဉ်း၍ မည်သူမျှအောက်ဖော်ပြပါတို့ကို မပြုလုပ်ရ-
(က) ပြည်ထောင်စုအစိုးရအဖွဲ့၏ ခွင့်ပြုချက်မရဘဲ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်ကို အသုံးပြုခြင်း၊
(ခ) နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်တစ်ခုလုံးကိုဖြစ်စေ၊ အစိတ်အပိုင်းတစ်ခုခုကိုဖြစ်စေ ဖျက်ဆီးခြင်း သို့မဟုတ် ဖျက်ဆီးစေခြင်း၊
(ဂ) နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်ကို အတုအပပြုလုပ်၍ ကိုယ်ကျိုးအတွက် အသုံးပြုခြင်း၊ အသုံးပြု စေခြင်း၊
(ဃ) နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်ကို ကြော်ငြာရန်ဖြစ်စေ၊ ကုန်ပစ္စည်းတံဆိပ် အမှတ်အသားပြုလုပ် ရန်ဖြစ်စေ အသုံးပြုခြင်း။
၇။ မည်သူမဆို ပုဒ်မ ၆ပါ တားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို သုံးနှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်သုံးသိန်းထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေချမှတ်ရမည်။
အခန်း (၅)
အထွေထွေ
၈။ ဤဥပဒေကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဖွဲ့စည်းသည့် ပြည် ထောင်စုလွှတ်တော်က ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း သို့မဟုတ် ရုပ်သိမ်းခြင်း ပြုလုပ်နိုင်သည်။ ပြည် ထောင်စုလွှတ်တော်က ရုပ်သိမ်းခြင်း မပြုလုပ်သရွေ့ဤဥပဒေသည် အတည်ဖြစ်သည်။
၉။ ဤဥပဒေပါ ပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင်-
(က) နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီသည် လိုအပ်သောနည်းဥပဒေများကို ထုတ်ပြန်နိုင်သည်။
(ခ) သက်ဆိုင်ရာ ဝန်ကြီးဌာနသည် လိုအပ်သော အမိန့်ကြော်ငြာစာ၊ အမိန့်နှင့် ညွှန်ကြားချက်များကို ထုတ်ပြန်နိုင်သည်။
၁၀။ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်ဥပဒေ (၁၉၇၄ ခုနှစ်၊ ပြည်သူ့လွှတ်တော် ဥပဒေအမှတ် ၂) ကို ဤဥပဒေဖြင့် ရုပ်သိမ်းလိုက်သည်။
(ပုံ) သန်းရွှေ
ဗိုလ်ချုပ်မှူးကြီး
ဥက္ကဋ္ဌ
နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ
—– Attachment —–
[ ပူးတွဲဖော်ပြသော စာရင်း 1 ] 01 နောက်ဆက်တွဲ