ပြည်ထောင်စုမြန်မာနိုင်ငံတော်
နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ
နေပြည်တော်ကောင်စီဥပဒေ
(နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီဥပဒေအမှတ် ၁၈/၂၀၁၀)
၁၃၇၂ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၁၃ ရက်
( ၂၀၁၀ ပြည့်နှစ်၊ အောက်တိုဘာလ ၂၁ ရက်)
နိဒါန်း
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၄၃ တွင် ဖွဲ့စည်းပုံအခြေခံဥပဒေ အ ကောင်အထည်ဖော်ရေးအတွက်ကြိုတင်ဆောင်ရွက်ရန် လိုအပ်သည့် လုပ်ငန်းရပ်များကို နိုင်ငံတော်အေး ချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီက ဆောင်ရွက်ပေးရန် ပြဋ္ဌာန်းထားသည့်အလျောက် နိုင်ငံတော်၏ ဥပဒေပြု ရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးဆိုင်ရာ လုပ်ငန်းများကို ချောမွေ့စွာ ဆောင်ရွက်နိုင်ရန် လည်းကောင်း၊ လွှတ်တော်အသီးသီးပေါ် ပေါက်လာသည့် အခါတွင် ဆောင်ရွက်ရန်ရှိသော လုပ်ငန်းများ ကို ဆောင်ရွက်နိုင်ရန်လည်းကောင်း၊ ကြိုတင်ဆောင်ရွက်ရမည့် လုပ်ငန်းရပ်များကို ဥပဒေနှင့်အညီ ဆောင်ရွက်နိုင်ရန်လည်း ကောင်း သက်ဆိုင်ရာ ဥပဒေများကို ပြဋ္ဌာန်းရန် လိုအပ်လာပါသည်။
သို့ဖြစ်ပါ၍ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီသည် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ နေပြည်တော်ကောင်စီက အုပ်ချုပ်ရေးဆိုင်ရာ လုပ်ငန်းများကို အဆင်ပြေချောမွေ့စွာ အကောင်အ ထည်ဖော်ဆောင်ရွက်နိုင်ရန်အလို့ငှာ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၄၄၃ နှင့်အညီ ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။
အခန်း(၁)
အမည်၊ စတင်အာဏာတည်ခြင်းနှင့် အဓိပ္ပာယ်ဖော်ပြချက်
၁။ (က) ဤဥပဒေကို နေပြည်တော်ကောင်စီဥပဒေ ဟု ခေါ်တွင်စေရမည်။
(ခ) ဤဥပဒေသည် ဖွဲ့စည်းပုံအခြေခံဥပဒေ အာဏာတည်သည့်နေ့မှစတင်၍ အာဏာတည်စေရမည်။
၂။ ဤဥပဒေတွင် ပါရှိသော အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပာယ်သက် ရောက်စေ ရမည်-
(က) ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုသည်မှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ကို ဆိုသည်။
(ခ) နေပြည်တော် ဆိုသည်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၈၄၊ ပုဒ်မခွဲ(က) အရ ပြည်ထောင်စုနယ် မြေဖြစ်သည့် နေပြည်တော် ကိုဆိုသည်။
(ဂ) ကောင်စီ ဆိုသည်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဤဥပဒေအရဖွဲ့စည်းသော နေပြည်တော်ကောင်စီကို ဆိုသည်။
(ဃ) ကောင်စီဥက္ကဋ္ဌ ဆိုသည်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဤဥပဒေအရ ခန့်အပ်တာဝန်ပေးသော နေ ပြည်တော်ကောင်စီ၏ဥက္ကဋ္ဌ ကိုဆိုသည်။
(င) ကောင်စီဝင် ဆိုသည်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဤဥပဒေအရ ခန့်အပ်တာဝန်ပေးသော နေပြည် တော်ကောင်စီ၏ ကောင်စီဝင်ကို ဆိုသည်။
အခန်း(၂)
ဖွဲ့စည်းခြင်းနှင့် ခန့်အပ်တာဝန်ပေးခြင်း
ကောင်စီဖွဲ့စည်းခြင်း
၃။ (က) နိုင်ငံတော်သမ္မတသည် ကောင်စီဥက္ကဋ္ဌအပါအဝင် အဖွဲ့ဝင်ဦးရေအနည်းဆုံး ငါးဦးမှ အများဆုံး တစ်ဆယ်ဦးအထိ ပါဝင်သောကောင်စီတစ်ရပ်ကို ဖွဲ့စည်းရမည်။
(ခ) ကောင်စီဥက္ကဋ္ဌသည် ရာထူးအလျောက် နေပြည်တော်၏ မြို့တော်ဝန်ဖြစ်သည်။
(ဂ) နေပြည်တော်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ အကြီးအမှူးသည် ရာထူးအလျောက် ကောင်စီ အတွင်းရေးမှူးဖြစ်သည်။
ကောင်စီဥက္ကဋ္ဌနှင့် ကောင်စီဝင်များ ခန့်အပ်တာဝန်ပေးခြင်း
၄။ နိုင်ငံတော်သမ္မတသည် အောက်ဖော်ပြပါအရည်အချင်းများနှင့် ပြည့်စုံသည့် ပုဂ္ဂိုလ်များထဲမှ ကောင်စီ ဥက္ကဋ္ဌတစ်ဦးနှင့် ကောင်စီဝင်များကို ခန့်အပ်တာဝန်ပေးရမည်-
(က) အသက် ၃၅ နှစ် ပြည့်ပြီးသူ၊
(ခ) အသက်ကန့်သတ်ချက်မှအပ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၂၀ တွင် ဖော်ပြထားသည့် ပြည်သူ့လွှတ် တော်ကိုယ်စားလှယ်များအတွက် သတ်မှတ်ထားသောအရည်အချင်းများနှင့်ပြည့်စုံသူ၊
(ဂ) ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၂၁ တွင် ဖော်ပြထားသည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ အဖြစ် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့် မရှိစေသော ပြဋ္ဌာန်းချက်များနှင့်လည်း ငြိစွန်းခြင်းမရှိသူ၊
(ဃ) နိုင်ငံတော်သမ္မတက သတ်မှတ်သော အခြားအရည်အချင်းများနှင့်လည်း ပြည့်စုံသူ။
၅။ နိုင်ငံတော်သမ္မတသည် နေပြည်တော်၏ လုံခြုံရေးဆိုင်ရာကိစ္စရပ်များကို ညှိနှိုင်းပေါင်းစပ်ပေးနိုင် ရေးအတွက် ကောင်စီဝင် သို့မဟုတ် ကောင်စီဝင်များအဖြစ် တာဝန်ပေးအပ်နိုင်ရန် တပ်မတော်ကာကွယ် ရေးဦးစီးချုပ်ထံမှ သတ်မှတ်အရည်အချင်းနှင့် ပြည့်စုံသည့် သင့်လျော်သော တပ်မတော်သား သို့မဟုတ် တပ်မတော်သားများ၏ အမည်စာရင်းကို ရယူရမည်။
၆။ ကောင်စီဥက္ကဋ္ဌနှင့် ကောင်စီဝင်များသည်-
(က) လွှတ်တော်တစ်ရပ်ရပ်၏ ကိုယ်စားလှယ်သော်လည်းကောင်း၊ နိုင်ငံ့ဝန်ထမ်းသော်လည်းကောင်း၊ တပ်မတော်သားသော်လည်းကောင်း၊ နိုင်ငံရေးပါတီတစ်ခုခု၏ အဖွဲ့ဝင်သော်လည်းကောင်းဖြစ်ပါက ဖွဲ့ စည်းပုံအခြေခံဥပဒေပုဒ်မ ၂၈၅၊ ပုဒ်မခွဲ(ဃ)၊ (င)၊ (စ) နှင့် (ဆ) တို့ပါ ပြဋ္ဌာန်းချက်များအတိုင်းဆောင် ရွက်ရမည်။
(ခ) ပုဒ်မခွဲ (က) အရ ဆောင်ရွက်ရာတွင် နိုင်ငံရေးပါတီတစ်ခုခု၏ အဖွဲ့ဝင်ဖြစ်လျှင် သော်လည်းကောင်း၊ တစ်သီးပုဂ္ဂလ ရွေး ချယ်ခံခဲ့သူဖြစ်လျှင်သော်လည်းကောင်း၊ သီးခြားခန့်အပ်တာဝန်ပေးခြင်းခံခဲ့ရသည့် နိုင်ငံသားတစ်ဦးဖြစ်လျှင်သော်လည်းကောင်း အဆိုပါ ပုဂ္ဂိုလ်သည် နောင်လာမည့် အထွေထွေရွေး ကောက်ပွဲတစ်ရပ်ရပ်တွင် ပါဝင်ရွေးချယ်ခံမည့်သူဖြစ်ပါက နိုင်ငံသားတစ်ဦးအား ဖွဲ့စည်းပုံအခြေခံ ဥပ ဒေပုဒ်မ ၃၈၊ ပုဒ်မခွဲ(က) အရ ပေးအပ်ထားသော ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်မဆုံးရှုံးစေရန် အလို့ ငှာ ရွေးကောက်ပွဲကျင်းပရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာသည့်နေ့မှစ၍ ဖွဲ့စည်း ပုံအခြေခံဥပဒေ ပုဒ်မ ၁၂၀ နှင့် ၁၂၁ တို့ပါ ပြဋ္ဌာန်းချက်များနှင့်ကိုက်ညီလျှင် ရွေးကောက်ပွဲဆိုင်ရာ ပါတီ စည်းရုံးရေးလုပ်ငန်းများကိုလည်းကောင်း၊ နယ်မြေစည်းရုံးရေးလုပ်ငန်းများကိုလည်းကောင်း ဆောင် ရွက်ခွင့်ရှိသည်။
၇။ (က) ကောင်စီဥက္ကဋ္ဌသည် နိုင်ငံတော်သမ္မတအား တာဝန်ခံရမည်။
(ခ) ကောင်စီဝင်များသည်ကောင်စီဥက္ကဋ္ဌအားလည်းကောင်း၊ကောင်စီဥက္ကဋ္ဌ မှတစ်ဆင့်နိုင်ငံတော်သမ္မတ အားလည်းကောင်း တာဝန်ခံရမည်။
အခန်း(၃)
ကောင်စီ၏တာဝန်နှင့်လုပ်ပိုင်ခွင့်များ
အုပ်ချုပ်ရေးဆိုင်ရာကိစ္စရပ်များ
၈။ ကောင်စီသည်-
(က) ပြည်ထောင်စုအစိုးရက နိုင်ငံတော်တည်ငြိမ်ရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေ စိုး မိုးရေးကို ထိန်းသိမ်းစောင့်ရှောက်ရာတွင် ကူညီရန်တာဝန်ရှိသည်။
(ခ) နေပြည်တော်၏ အထွေထွေအုပ်ချုပ်ရေးဆိုင်ရာ ကိစ္စရပ်များကို အကောင်အထည်ဖော် ဆောင် ရွက်ရမည်။
(ဂ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်နှင့် နေပြည်တော်အကြား၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စုနှင့် နေ ပြည်တော်အကြား ဖြစ်ပွားသည့် အုပ်ချုပ်ရေးဆိုင်ရာအငြင်းပွားမှုများနှင့်စပ်လျဉ်း၍ ပြည်ထောင်စုအစိုး ရက ပေါင်းစပ်ညှိနှိုင်းဖြေရှင်းပေးခြင်းနှင့် လိုအပ်၍ အဆုံးအဖြတ်ပေးခြင်းများကို လိုက်နာဆောင်ရွက် ရမည်။
(ဃ) မိမိနယ်မြေဒေသ၏ အခြေအနေအရပ်ရပ်နှင့် စပ်လျဉ်းသည့် အစီရင်ခံစာကို နိုင်ငံတော်သမ္မတထံ တင်ပြရမည်။
စီမံကိန်း၊ ဘဏ္ဍာရေးနှင့် အခွန်အကောက်ဆိုင်ရာ ကိစ္စရပ်များ
၉။ ကောင်စီသည်-
(က) ပြည်ထောင်စုအစိုးရက ချမှတ်ထားသည့် မူဝါဒများနှင့်သော်လည်းကောင်း၊ ပြည်ထောင်စုဥပဒေ များနှင့်သော်လည်းကောင်း မဆန့်ကျင်စေဘဲ နေပြည်တော်အတွင်း သက်ဆိုင်ရာ အစိုးရဌာန၊ အစိုးရ အဖွဲ့အစည်းက အကောင်အထည်ဖော်ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့်စပ်လျဉ်းသည့် စီမံကိန်းများကို နိုင်ငံတော်သမ္မတ၏ လမ်းညွှန်မှုနှင့်အညီ ကြီးကြပ်ခြင်းနှင့် ပေါင်းစပ်ခြင်းများ ပြုနိုင်သည်။
(ခ) ပြည်ထောင်စုအစိုးရ၏ မူဝါဒများနှင့် မဆန့်ကျင်စေဘဲ မိမိနယ်မြေဒေသအတွင်း ဘက်စုံဖွံ့ဖြိုးတိုး တက်ရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် လုပ်ငန်းအစီအစဉ်များ ရေးဆွဲလျက် နိုင်ငံ တော်သမ္မတထံ တင်ပြရမည်။
(ဂ) နှစ်စဉ် အရအသုံးခန့်မှန်းခြေငွေစာရင်းကို ရေးဆွဲလျက် ပြည်ထောင်စု၏ဘဏ္ဍာငွေ အရအသုံးဆိုင် ရာ ဥပဒေတွင် ထည့်သွင်းနိုင်ရန်အလို့ငှာ ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြရမည်။
(ဃ) ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေပါ မိမိနှင့်သက်ဆိုင်သည့် ခွင့်ပြုဘဏ္ဍာငွေကို သတ်မှတ်ထားသည့် ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းများနှင့်အညီ သုံးစွဲခွင့်ရှိသည်။
(င) နောက်လာမည့် ဘဏ္ဍာရေးနှစ်အတွက် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းကို လက်ရှိ ဘဏ္ဍာရေးနှစ် မကုန်ဆုံးမီအထိ ပြည်ထောင်စုလွှတ်တော်က အချိန်မီပြဋ္ဌာန်းခြင်းမပြုနိုင်လျှင် နောက်လာမည့် ဘဏ္ဍာရေးနှစ်၏ အသုံးစရိတ်များအနက် သာမန်အသုံးစရိတ်များကိုသာ ပြည်ထောင်စုလွှတ်တော်က နောက်ဆုံးပြဋ္ဌာန်းထားသည့် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေပါ သာမန်အသုံးစရိတ် ခွင့်ပြုချက်ဘောင်အတွင်း သုံးစွဲခွင့်ရှိသည်။
(စ) နေပြည်တော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရာတွင် မိမိ၏ ဘဏ္ဍာငွေနှင့် မလုံလောက်၍ ရန်ပုံငွေထပ်မံလိုအပ်သဖြင့် နိုင်ငံတော်မှ ထောက်ပံ့နိုင်ရန် နေပြည်တော် စည်ပင်သာယာရေးကော်မတီက တင်ပြလာလျှင် ပြည်ထောင်စုအစိုးရသို့ ဆက်လက် တင်ပြတောင်းခံပေးရမည်။
၁၀။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များက ကောက်ခံရန်သတ်မှတ်ထားသည့် ရငွေများနှင့် အခွန်အ ခအမျိုးအစားများကို နေပြည်တော်အတွက် ကောက်ခံရန်ရှိပါက ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၃၁၊ ပုဒ်မ ခွဲ(ခ) နှင့်အညီ ကောက်ခံပြီး ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေသို့ပေးသွင်းရမည်။
နယ်နိမိတ်ဆိုင်ရာကိစ္စရပ်များ
၁၁။ ကောင်စီသည် နေပြည်တော်အတွင်း၌ရှိသော ကျေးရွာ၊ ကျေးရွာအုပ်စု၊ ရပ်ကွက်၊ မြို့၊ မြို့နယ် သို့မဟုတ် ခရိုင်နယ်နိမိတ်များ ပြင်ဆင်ရန်၊ ဖွဲ့စည်းရန် သို့မဟုတ် အမည်ပြောင်းလဲရန် ပေါ်ပေါက်လျှင် နိုင်ငံတော်သမ္မတထံ ထောက်ခံတင်ပြရမည်။
ဥပဒေကြမ်းများတင်သွင်းခြင်း
၁၂။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုဖြစ်စေ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဦးစီးအဖွဲ့ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့ကိုဖြစ်စေ ဥပဒေပြုခွင့်အပ်နှင်းထားသော ကိစ္စနှင့်စပ် လျဉ်း၍ နေပြည်တော်အတွက် ဥပဒေပြဋ္ဌာန်းရန် လိုအပ်ပါက ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌာန်းပေး နိုင်ရေးအတွက် ကောင်စီသည် ဥပဒေကြမ်းကိုသတ်မှတ်ထားသည့် နည်းလမ်းများနှင့်အညီ ပြုစု၍ ပြည် ထောင်စုလွှတ်တော်သို့ တင်သွင်းခွင့်ရှိသည်။
အခြားကိစ္စရပ်များ
၁၃။ ကောင်စီသည်-
(က) နေပြည်တော်အတွင်း လုံခြုံရေးဆိုင်ရာ ကိစ္စများကို ဆောင်ရွက်ရာတွင် သက်ဆိုင်ရာ လုံခြုံရေးအ ဖွဲ့အစည်းများနှင့် ညှိနှိုင်း ဆောင်ရွက်ရမည်။
(ခ) သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများ၏နေပြည်တော်အတွင်း လုပ်ငန်းများကို အကောင် အထည်ဖော်ဆောင်ရွက်ရာတွင် လိုအပ်ပါက ပေါင်းစပ်ညှိနှိုင်းခြင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်းပြုနိုင် သည်။
(ဂ) နေပြည်တော်အတွင်းသဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေးနှင့် ဘက်စုံဖွံ့ ဖြိုးတိုးတက်စေရေးအတွက် ကြီးကြပ်လမ်းညွှန်ရမည်။
(ဃ) နေပြည်တော်အတွင်း သဘာဝဘေးအန္တရာယ်များ ကာကွယ်တားဆီးရေးအတွက် စည်းရုံးဆောင် ရွက်ခြင်းနှင့် ယင်းအန္တရာယ်များ ပေါ်ပေါက်လာပါက ကယ်ဆယ်ရေးလုပ်ငန်းများကို ကြီးကြပ်ဆောင် ရွက်ခြင်းပြုရမည်။
(င) နေပြည်တော်အတွင်း တာဝန်ထမ်းဆောင်လျက်ရှိသော နယ်ဘက်ဝန်ထမ်းအဖွဲ့အစည်းများ၏ လုပ် ငန်းဆောင်ရွက်မှုများကို ဥပဒေနှင့်အညီ ကြီးကြပ်ခြင်း၊ စစ်ဆေးခြင်းနှင့် ပေါင်းစပ်ညှိနှိုင်းပေးခြင်း ပြုနိုင်သည်။
(စ) ဖွဲ့စည်းပုံ အခြေခံဥပဒေအရလည်းကောင်း၊ တည်ဆဲဥပဒေများအရလည်းကောင်း ပေးအပ်သော လုပ်ငန်းတာဝန်များကို ထမ်းဆောင်ရမည်။
(ဆ) နိုင်ငံတော်သမ္မတက ဥပဒေနှင့်အညီ ပေးအပ်သော လုပ်ငန်းတာဝန်များကို ထမ်းဆောင်ရမည်။
၁၄။ နေပြည်တော်ကောင်စီသည် အောက်ဖော်ပြပါ အခြေအနေတစ်ရပ်ရပ်ပေါ်ပေါက်လျှင် နိုင်ငံတော်သမ္မတထံ အမြန်ဆုံးတင်ပြရမည်-
(က) မိမိဒေသအတွင်း အုပ်ချုပ်ရေးဆိုင်ရာလုပ်ငန်းများကို ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များ နှင့်အညီ ဆောင်ရွက်နိုင်စွမ်းမရှိသော အရေးပေါ်အခြေအနေပေါ်ပေါက်ခြင်း၊
(ခ) မိမိဒေသအတွင်း ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို ထိပါးအန္တရာယ်ပြုမည့် အရေးပေါ် အခြေအနေပေါ်ပေါက်ခြင်း သို့မဟုတ် ထိုသို့ပေါ်ပေါက်ရန် လုံလောက်သောအကြောင်းရှိခြင်း။
ကောင်စီအစည်းအဝေးများ
၁၅။ ကောင်စီ၏ ပုံမှန်အစည်းအဝေးကို သာမန်အားဖြင့်တစ်လလျှင် အနည်းဆုံးနှစ်ကြိမ်ကျင်းပရမည်။ လိုအပ်ပါက အထူးအစည်းအဝေးကို ခေါ်ယူကျင်းပနိုင်သည်။
၁၆။ ကောင်စီဥက္ကဋ္ဌသည် အစည်းအဝေးတွင် ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ရမည်။
၁၇။ (က) အစည်းအဝေးဆုံးဖြတ်ချက်များကို နေပြည်တော်ကောင်စီရုံးက မှတ်တမ်းတင်ထားရမည်။
(ခ) အစည်းအဝေးမှတ်တမ်းများကို နောက်တစ်ကြိမ်အစည်းအဝေးတွင် တင်ပြ၍ အတည်ပြုချက်ရယူ ရမည်။
(ဂ) ထုတ်ပြန်ကြေညာခြင်းမပြုသေးသော ကောင်စီ၏ ဆုံးဖြတ်ချက်များနှင့် အစည်းအဝေးမှတ်တမ်း များသည် နိုင်ငံတော်၏ လျှို့ ဝှက်ချက်များဖြစ်သည်။
အခန်း(၄)
ရာထူးသက်တမ်း၊ ရာထူးမှနုတ်ထွက်ခြင်း၊ တာဝန်မှရပ်စဲခြင်းနှင့် လစ်လပ်ရာထူးနေရာတွင် ဖြည့်စွက် ခန့်ထားခြင်း
ကောင်စီဥက္ကဋ္ဌနှင့် ကောင်စီဝင်များ၏ ရာထူးသက်တမ်း
၁၈။ ကောင်စီဥက္ကဋ္ဌနှင့် ကောင်စီဝင်တို့၏ ရာထူးသက်တမ်းသည် နိုင်ငံတော်သမ္မတ၏ ရာထူးသက်တမ်း အတိုင်းဖြစ်သည်။
ကောင်စီဥက္ကဋ္ဌနှင့်ကောင်စီဝင်များ ရာထူးမှနုတ်ထွက်ခြင်းနှင့် တာဝန်မှရပ်စဲခြင်း
၁၉။ (က) ကောင်စီဥက္ကဋ္ဌသည် ရာထူးသက်တမ်းမကုန်ဆုံးမီ အကြောင်းတစ်ခုခုကြောင့် မိမိသဘော ဆန္ဒ အလျောက်ရာထူးမှ နုတ်ထွက်လိုလျှင် ထိုသို့ နုတ်ထွက်လိုကြောင်းနိုင်ငံတော်သမ္မတထံ စာဖြင့်တင်ပြပြီး ရာထူးမှ နုတ်ထွက်နိုင်သည်။
(ခ) ကောင်စီဝင်တစ်ဦးသည် ပုဒ်မခွဲ(က) ပါအတိုင်း ရာထူးမှ နုတ်ထွက်လိုလျှင် ထိုသို့ နုတ်ထွက်လို ကြောင်း ကောင်စီဥက္ကဋ္ဌမှ တစ်ဆင့် နိုင်ငံတော်သမ္မတထံ စာဖြင့်တင်ပြပြီး ရာထူးမှနုတ်ထွက်နိုင်သည်။
၂၀။ (က) ကောင်စီဥက္ကဋ္ဌ သို့မဟုတ် ကောင်စီဝင်တစ်ဦးဦးသည် ပေးအပ်သည့် တာဝန်ကို ကျေပွန်စွာမ ထမ်းဆောင်နိုင်ပါက ယင်းအား ရာထူးမှ နုတ်ထွက်ရန် နိုင်ငံတော်သမ္မတက ညွှန်ကြားနိုင်သည်။ နိုင်ငံ တော်သမ္မတ၏ ညွှန်ကြားချက်ကို လိုက်နာခြင်းမပြုလျှင် တာဝန်မှရပ်စဲခြင်းခံရမည်။
(ခ) ရာထူးမှ နုတ်ထွက်ရမည့် သို့မဟုတ် တာဝန်မှရပ်စဲခြင်းခံရမည့် တပ်မတော်သားကောင်စီဝင်နှင့် ပတ်သက်လျှင် နိုင်ငံတော် သမ္မတသည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ညှိနှိုင်းဆောင်ရွက်ရမည်။
ကောင်စီဥက္ကဋ္ဌနှင့် ကောင်စီဝင်များ၏ လစ်လပ်ရာထူးနေရာတွင် ဖြည့်စွက်ခန့်ထားခြင်း
၂၁။ ကောင်စီဥက္ကဋ္ဌနှင့် ကောင်စီဝင်တစ်ဦးဦးသည် ရာထူးမှနုတ်ထွက်ခြင်းကြောင့်ဖြစ်စေ၊ တာဝန်မှ ရပ်စဲ ခံရခြင်းကြောင့်ဖြစ်စေ၊ ကွယ်လွန်ခြင်းကြောင့်ဖြစ်စေ၊ အခြားအကြောင်းတစ်ခုခုကြောင့်ဖြစ်စေ ကောင်စီဥက္ကဋ္ဌ သို့မဟုတ် ကောင်စီဝင်ရာထူးနေရာ လစ်လပ်ပါက နိုင်ငံတော်သမ္မတသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဤဥပဒေများပါ ပြဋ္ဌာန်းချက်နှင့်အညီ ကောင်စီဥက္ကဋ္ဌ အသစ် သို့မဟုတ် ကောင်စီဝင်အသစ်အား ခန့်အပ်တာဝန်ပေးနိုင်သည်။ ထိုသို့ ခန့်အပ်တာဝန်ပေးခြင်းခံရသည့် ကောင်စီဥက္ကဋ္ဌအသစ် သို့မဟုတ် ကောင်စီဝင်အသစ်၏ ရာထူးသက်တမ်းသည် နိုင်ငံတော်သမ္မတ၏ ကျန်ရှိသည့် ရာထူးသက်တမ်းအတွက်သာ ဖြစ်စေရမည်။
အခန်း(၅)
အထွေထွေ
၂၂။ ဤဥပဒေအာဏာမတည်မီ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက ဤဥပဒေကို အကောင်အထည်ဖော်ရေးအတွက်ကြိုတင်ဆောင်ရွက်သည့် လုပ်ငန်းရပ်များသည် ဖွဲ့စည်းပုံအခြေခံဥပ ဒေအရ ဆောင်ရွက်သည်ဟု မှတ်ယူရမည်။
၂၃။ နေပြည်တော် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသည် ကောင်စီ၏ရုံးကိစ္စအဝဝကို တာဝန်ယူရမည်။
၂၄။ ကောင်စီဝင်များသည် ကောင်စီဥက္ကဋ္ဌက ခွဲဝေသတ်မှတ်သော တာဝန်နှင့် လုပ်ပိုင်ခွင့်များကို ဆောင် ရွက်ရမည်။
၂၅။ ဤဥပဒေကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဖွဲ့စည်းသည့် ပြည်ထောင်စုလွှတ်တော်က ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း သို့မဟုတ် ရုပ်သိမ်းခြင်းပြုလုပ်နိုင်သည်။ ပြည်ထောင်စုလွှတ်တော်က ရုပ်သိမ်းခြင်းမပြုလုပ်သရွေ့ ဤဥပဒေသည် အတည်ဖြစ်သည်။
၂၆။ ဤဥပဒေပါ ပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ကောင်စီသည်-
(က) လိုအပ်သော နည်းဥပဒေများနှင့် စည်းမျဉ်း၊ စည်းကမ်းများကို နိုင်ငံတော်သမ္မတ၏ သဘောတူညီ ချက်ဖြင့် ထုတ်ပြန်နိုင် သည်။
(ခ) လိုအပ်သောအမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများကို ထုတ်ပြန်နိုင်သည်။
(ပုံ) သန်းရွှေ
ဗိုလ်ချုပ်မှူးကြီး
ဥက္ကဋ္ဌ
နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ