နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ ရွေးချယ်တင်မြှောက်ခြင်းဆိုင်ရာ ဥပဒေ

ပြည်ထောင်စုမြန်မာနိုင်ငံတော်
နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ
နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ ရွေးချယ်တင်မြှောက်ခြင်းဆိုင်ရာ ဥပဒေ
(နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥပဒေအမှတ် ၁၉/၂၀၁၀)
၁၃၇၂ ခုနှစ်၊ သီတင်းကျွတ် လပြည့်ကျော် ၅ ရက်
(၂၀၁၀ ပြည့်နှစ်၊ အောက်တိုဘာလ ၂၈ ရက်)
[ ပြင်ဆင် : 26.08.2015 ]
နိဒါန်း
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၄၃ တွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ အကောင်အထည်ဖော်ရေးအတွက် ကြိုတင်ဆောင်ရွက်ရန် လိုအပ်သည့်လုပ်ငန်းရပ်များကို နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက ဆောင်ရွက်ပေးရန် ပြဋ္ဌာန်းထားသည့် အ လျောက် နိုင်ငံတော်၏ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးဆိုင်ရာ လုပ်ငန်းများကို ချောမွေ့ စွာ ဆောင်ရွက်နိုင်ရန်လည်းကောင်း၊ လွှတ်တော်အသီးသီး ပေါ်ပေါက်လာသည့်အခါတွင် ဆောင်ရွက်ရန် ရှိသော လုပ်ငန်းများကို ဆောင်ရွက်နိုင်ရန်လည်းကောင်း၊ ကြိုတင်ဆောင်ရွက်ရမည့် လုပ်ငန်းရပ်များကို ဥပဒေနှင့်အညီ ဆောင်ရွက်နိုင်ရန်လည်းကောင်း သက်ဆိုင်ရာဥပဒေများကို ပြဋ္ဌာန်းရန် လိုအပ်လာပါ သည်။
သို့ဖြစ်ပါ၍နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ တော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများကို ရွေးချယ်တင်မြှောက်နိုင် ရန် အလို့ငှာပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၄၃ နှင့်အညီ ဤဥပဒေ ကို ပြဋ္ဌာန်းလိုက်သည်။

အခန်း (၁)
အမည်၊ စတင်အာဏာတည်ခြင်းနှင့် အဓိပ္ပာယ်ဖော်ပြချက်
၁။ (က) ဤဥပဒေကို နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ ရွေးချယ်တင်မြှောက်ခြင်းဆိုင်ရာ ဥပဒေ ဟုခေါ်တွင်စေရမည်။
(ခ) ဤဥပဒေသည် ဖွဲ့စည်းပုံအခြေခံဥပဒေအာဏာတည်သည့်နေ့မှစတင်၍ အာဏာတည်စေရမည်။
၂။ ဤဥပဒေတွင်ပါရှိသော အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပာယ်သက်ရောက်စေရမည်-
(က) ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုသည်မှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ကို ဆိုသည်။
(ခ) နိုင်ငံတော်သမ္မတ ဆိုသည်မှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ နိုင်ငံတော်သမ္မတကိုဆို သည်။
(ဂ) ဒုတိယသမ္မတများဆိုသည်မှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ဒုတိယသမ္မတများကိုဆို သည်။
(ဃ) နာယက ဆိုသည်မှာ ပြည်ထောင်စုလွှတ်တော် နာယကအဖြစ် တာဝန်ထမ်းဆောင်သော ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သို့မဟုတ် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌကို ဆိုသည်။
(င) ဒုတိယနာယက ဆိုသည်မှာ ပြည်ထောင်စုလွှတ်တော်ဒုတိယနာယကအဖြစ် တာဝန်ထမ်းဆောင် သော ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ သို့မဟုတ် အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌကို ဆိုသည်။
(စ) ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ဆိုသည်မှာ ပြည်ထောင်စုလွှတ်တော်တွင် ပါဝင်သော ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များကို ဆိုသည်။

အခန်း (၂)
နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ၏ အရည်အချင်းများ
၃။ နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများအဖြစ် ရွေးချယ်တင်မြှောက်ခံနိုင်ရန် အောက်ပါအရည်အချင်း များနှင့် ပြည့်စုံရမည်-
(က) နိုင်ငံတော်နှင့် နိုင်ငံသားများအပေါ်သစ္စာရှိသူဖြစ်ရမည်။
(ခ) မိမိနှင့် မိမိ၏မိဘနှစ်ပါးလုံး နိုင်ငံတော်၏အာဏာပိုင်နက်အတွင်း၌ မွေးဖွားသော တိုင်းရင်းသားမှ ဖြစ်သည့် မြန်မာနိုင်ငံသားဖြစ်ရမည်။
(ဂ) ရွေးချယ်တင်မြှောက်ခြင်းခံရသူသည် အနည်းဆုံး အသက် ၄၅ နှစ်ပြည့်ပြီးသူ ဖြစ်ရမည်။
(ဃ) နိုင်ငံတော် အရေးအရာများဖြစ်သော နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ စစ်ရေး စသည့်အမြင်များ ရှိရမည်။
(င) သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရသည့် အချိန်နှင့် တစ်ဆက်တည်း အနည်းဆုံး အနှစ် ၂၀ နိုင်ငံတော်တွင် အခြေချနေထိုင်ခဲ့သူဖြစ်ရမည်။ခြွင်းချက်။ နိုင်ငံတော်၏ခွင့်ပြုချက်ဖြင့် နိုင်ငံခြားသို့ တရားဝင်သွားရောက်သည့်ကာလများကိုလည်း နိုင်ငံတော်တွင် အခြေချနေထိုင်ခဲ့သည့် ကာလအဖြစ် ထည့်သွင်းရေတွက် ရမည်။
(စ) မိမိကိုယ်တိုင်သော်လည်းကောင်း၊ မိမိ၏ မိဘတစ်ပါးပါးသော်လည်းကောင်း၊ မိမိ၏ ဇနီး သို့မဟုတ် ခင်ပွန်းသော်လည်းကောင်း၊ မိမိ၏ တရားဝင်သားသမီးတစ်ဦးဦးသော်လည်းကောင်း၊ ထို တရားဝင် သားသမီးတစ်ဦးဦး၏ ဇနီး သို့မဟုတ် ခင်ပွန်းသော်လည်းကောင်း နိုင်ငံခြားအစိုးရ၏ ကျေးဇူးသစ္စာ တော်ကို ခံယူစောင့်ရှောက်ရိုသေသူ သို့မဟုတ် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူ သို့မဟုတ် တိုင်း တစ်ပါး၏ နိုင်ငံသားဖြစ်သူများ မဖြစ်စေရ။ ထိုသူများသည် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံ ဖြစ်သူ သော်လည်းကောင်း၊ တိုင်းတစ်ပါး၏ နိုင်ငံသားသော်လည်းကောင်း ခံစားရသော အခွင့်အရေးများနှင့် ကျေးဇူးခံစားခွင့်များကို ခံစားနိုင်ခွင့်ရှိသူများ မဖြစ်စေရ။
(ဆ) လွှတ်တော်ရွေးကောက်ပွဲ၌ ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်အတွက် သတ်မှတ်ထားသည့် အရည်အချင်းများအပြင် နိုင်ငံတော်သမ္မတအတွက် သီးခြားသတ်မှတ်ထားသော အရည်အချင်းများ နှင့်လည်း ပြည့်စုံရမည်။

အခန်း (၃)
နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ ရွေးချယ်တင်မြှောက်ခြင်း
၄။ (က) နိုင်ငံတော်သမ္မတကို သမ္မတရွေးချယ်တင်မြှောက်ရေးအဖွဲ့ဖြင့် ရွေးချယ်တင်မြှောက်ရမည်။
(ခ) သမ္မတရွေးချယ်တင်မြှောက်ရေးအဖွဲ့ကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် အစုအဖွဲ့သုံးဖွဲ့ဖြင့် အောက်ပါအတိုင်း ဖွဲ့စည်းရမည်-
(၁) မြို့နယ်ကို အခြေခံ၍လည်းကောင်း၊ လူဦးရေကို အခြေခံ၍လည်းကောင်း ရွေးကောက်တင်မြှောက် သည့် ပြည်သူ့လွှတ်တော်ရှိ ရွေးကောက် တင်မြှောက်ခြင်းခံရသော ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် များ အစုအဖွဲ့၊
(၂) တိုင်းဒေသကြီးများနှင့် ပြည်နယ်များမှ ကိုယ်စားလှယ်ဦးရေတူညီစွာ ရွေးကောက်တင်မြှောက်သည့် အမျိုးသားလွှတ်တော်ရှိ ရွေးကောက်တင်မြှောက်ခြင်းခံရသော အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့၊
(၃) ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်အတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမည် စာရင်းတင်သွင်းသည့် တပ်မတော်သား ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် များအစုအဖွဲ့။
(ဂ) ယင်းအစုအဖွဲ့တစ်ဖွဲ့စီက ဒုတိယသမ္မတတစ်ဦးစီကို လွှတ်တော်ကိုယ်စားလှယ်များထဲမှ ဖြစ်စေ၊ လွှတ်တော်ကိုယ်စားလှယ်မဟုတ်သူများထဲမှဖြစ်စေ ရွေးချယ်တင်မြှောက်ရမည်။
(ဃ) ဒုတိယသမ္မတများသည် နိုင်ငံတော်သမ္မတအတွက် သတ်မှတ်ထားသည့် အရည်အချင်းများနှင့် ပြည့်စုံခြင်း ရှိ မရှိ ကို ပြည်ထောင်စုလွှတ်တော်နှင့် ပြည်ထောင်စုလွှတ်တော်တွင် ပါဝင်သော လွှတ်တော်နှစ်ရပ်၏ အကြီးအမှူးများနှင့် ဒုတိယအကြီးအမှူးများ ပါဝင်သည့် အဖွဲ့က စိစစ်ရမည်။
(င) ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အားလုံး ပါဝင်သော သမ္မတရွေးချယ်တင်မြှောက်ရေးအဖွဲ့က နိုင်ငံတော်သမ္မတလောင်းများဖြစ်သည့် ဒုတိယသမ္မတသုံးဦးအနက် မိမိတို့ကြိုက်နှစ်သက်သည့် ဒုတိယ သမ္မတတစ်ဦးကို နိုင်ငံတော်သမ္မတအဖြစ် ဆန္ဒမဲပေးရွေးချယ်တင်မြှောက်ရမည်။
၅။(က) နိုင်ငံတော်သမ္မတကို ရွေးချယ်တင်မြှောက်ရာတွင် ရွေးချယ်တင်မြှောက်ပွဲကို ကြီးကြပ်သည့် နာယကသည် အနိုင်မဲပေးခွင့် မရှိစေရ။ အခြားရွေးချယ်တင်မြှောက်ရေး အဖွဲ့ဝင်များနှင့်အတူ ဆန္ဒမဲပေး ရမည်။
(ခ) ဒုတိယသမ္မတများကို ရွေးချယ်တင်မြှောက်ရာတွင်-
(၁) မြို့နယ်ကို အခြေခံ၍လည်းကောင်း၊ လူဦးရေကိုအခြေခံ၍လည်းကောင်း ရွေးကောက် တင်မြှောက် သည့် ပြည်သူ့လွှတ်တော်ရှိ ရွေးကောက်တင်မြှောက်ခြင်းခံရသော ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့၏ ဒုတိယသမ္မတရွေးချယ်တင်မြှောက်ပွဲကို ကြီးကြပ်သည့် ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌသည် အနိုင်မဲပေးခွင့်မရှိစေရ။ အခြားရွေးချယ်တင်မြှောက်ရေးအဖွဲ့ဝင်များနှင့်အတူ ဆန္ဒမဲပေးရမည်။
(၂) တိုင်းဒေကြီးနှင့် ပြည်နယ်များမှ ကိုယ်စားလှယ်ဦးရေ တူညီစွာ ရွေးကောက်တင်မြှောက်သည့် အမျိုး သားလွှတ်တော်ရှိ ရွေးကောက်တင်မြှောက်ခြင်းခံရသော အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ အစု အဖွဲ့၏ ဒုတိယသမ္မတရွေးချယ်တင်မြှောက်ပွဲကို ကြီးကြပ်သည့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌသည် အနိုင် မဲပေးခွင့် မရှိစေရ။ အခြားရွေးချယ်တင်မြှောက်ရေးအဖွဲ့ဝင်များနှင့်အတူ ဆန္ဒမဲပေးရမည်။
(၃) ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်နှစ်ရပ်ရှိ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် များ အစုအဖွဲ့သည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဦးဆောင်မှုဖြင့် ဒုတိယသမ္မတတစ်ဦးကို ရွေးချယ်တင်မြှောက်ပေးရမည်။

အခန်း (၄)
နိုင်ငံတော်သမ္မတ သို့မဟုတ် ဒုတိယသမ္မတ လစ်လပ်ရာထူးနေရာတွင် ရွေးချယ်တင်မြှောက်ခြင်း
၆။ နိုင်ငံတော်သမ္မတသည် ရာထူးသက်တမ်းမကုန်ဆုံးမီ နုတ်ထွက်သောကြောင့်ဖြစ်စေ၊ ကွယ်လွန်သော ကြောင့်ဖြစ်စေ၊ ထာဝစဉ်မစွမ်းဆောင်နိုင်သောကြောင့်ဖြစ်စေ၊ တစ်စုံတစ်ခုသော အကြောင်းကြောင့်ဖြစ်စေ နိုင်ငံတော်သမ္မတရာထူးနေရာ လစ်လပ်လျှင် ဒုတိယသမ္မတနှစ်ဦးအနက် နိုင်ငံတော်သမ္မတ ရွေးချယ် တင်မြှောက်စဉ်အခါက ဒုတိယဆန္ဒမဲအများဆုံးရရှိသည့် ဒုတိယသမ္မတက ယာယီသမ္မတအဖြစ် ထမ်း ဆောင်ရမည်။
၇။ (က) ပုဒ်မ ၆ အရ နိုင်ငံတော်သမ္မတ ရာထူးနေရာလစ်လပ်ခြင်းကို ယာယီသမ္မတသည် နာယကထံသို့ အကြောင်းကြားရမည်။
(ခ) နာယကသည် ယာယီသမ္မတထံမှ အကြောင်းကြားချက်ရရှိပါက လစ်လပ်သွားသည့် နိုင်ငံတော် သမ္မတရာထူးနေရာအတွက် ပုဒ်မ ၄ နှင့်အညီ သမ္မတ ရွေးချယ်တင်မြှောက်ရေးအဖွဲ့အား ရွေးချယ်တင် မြှောက်စေရမည်။
၈။ ဒုတိယသမ္မတ တစ်ဦးဦးသည် ရာထူးသက်တမ်း မကုန်ဆုံးမီ နုတ်ထွက်သောကြောင့်ဖြစ်စေ၊ ကွယ် လွန်သောကြောင့်ဖြစ်စေ၊ ထာဝစဉ် မစွမ်းဆောင်နိုင်သောကြောင့်ဖြစ်စေ၊ တစ်စုံတစ်ခုသော အကြောင်း ကြောင့်ဖြစ်စေ ဒုတိယသမ္မတရာထူးနေရာ လစ်လပ်လျှင် ယင်းဒုတိယသမ္မတကို ရွေးချယ်တင်မြှောက် ပေးခဲ့သော လွှတ်တော်ကိုယ်စားလှယ်များအစုအဖွဲ့က ဒုတိယသမ္မတတစ်ဦးကို သတ်မှတ်ချက်များနှင့် အညီ ရွေးချယ်တင်မြှောက်ရမည်။ ယင်းသို့ အသစ်ရွေးချယ်တင်မြှောက်ခံရသော ဒုတိယသမ္မတသည် ဒုတိယသမ္မတဝါစဉ်တွင် နောက်ဆုံးဖြစ်စေရမည်။

အခန်း (၅)
အထွေထွေ
၉။ ဤဥပဒေကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်အညီ ဖွဲ့စည်းသည့် ပြည်ထောင်စုလွှတ်တော်က ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း သို့မဟုတ် ရုပ်သိမ်းခြင်း ပြုလုပ်နိုင်သည်။ ပြည်ထောင်စု လွှတ်တော်က ရုပ်သိမ်းခြင်းမပြုလုပ်သရွေ့ ဤဥပဒေသည် အတည်ဖြစ်သည်။
၁၀။ ဤဥပဒေပါ ပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ပြည်ထောင်စုလွှတ်တော်သည် လိုအပ်သော နည်းဥပဒေများ၊ စည်းမျဉ်း၊ စည်းကမ်း၊ အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများကို ထုတ်ပြန်နိုင်သည်။
<ပြင်ဆင် 26.08.2015>

(ပုံ) သန်းရွှေ
ဗိုလ်ချုပ်မှူးကြီး
ဥက္ကဋ္ဌ
နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ

Leave a comment