ပြည်ထောင်စုမြန်မာနိုင်ငံတော်
နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ
နိုင်ငံတော်ကာကွယ်ရေးအဆောက်အအုံနှင့် လုပ်ငန်းများဥပဒေ
( နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥပဒေအမှတ်၊ ၃၁/၂၀၁၀)
၁၃၇၂ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၂ ရက်
(၂၀၁၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၄ ရက်)
နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီသည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။
အခန်း(၁)
အမည်နှင့် အဓိပ္ပာယ်ဖော်ပြချက်
၁။ ဤဥပဒေကို နိုင်ငံတော်ကာကွယ်ရေး အဆောက်အအုံနှင့် လုပ်ငန်းများ ဥပဒေဟုခေါ်တွင်စေရမည်။
၂။ ဤဥပဒေတွင်ပါရှိသော အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပာယ်သက်ရောက်စေရမည်-
(က) မြေ ဆိုသည်မှာ မြေနှင့်မြေမှဖြစ်ထွန်းပေါ်ပေါက်သည့် အကျိုးခံစားခွင့်များနှင့် မြေ၌တွဲလျက် တည်ရှိနေသည့်အရာများ သို့မဟုတ် မြေ၌တွဲလျက်တည်ရှိနေသည့် မည်သည့်အရာတွင်မဆို အမြဲစွဲကပ်ထားသည့် အရာများကို ဆိုသည်။
(ခ) အကျိုးသက်ဆိုင်သူ ဆိုသည်မှာ ဤဥပဒေအရ မြေကိုအသုံးပြုခွင့်နှင့် အကျိုးခံစားခွင့်အပေါ် ကန့်သတ် ချက်များ ချမှတ်ခြင်းကြောင့် ပေးလျော်ရမည့် လျော်ကြေးအား တောင်းဆိုပိုင်ခွင့်ရှိသူများကို ဆိုသည်။ ယင်း စကားရပ်တွင် မြေနှင့်စပ်လျဉ်း၍ မိမိရမြဲဖြစ်သော အကျိုးခံစားခွင့်များ ရရှိထားသူလည်း ပါဝင်သည်။
(ဂ) တပ်မှူး ဆိုသည်မှာ ကာကွယ်ရေးအဆောက်အအုံ သို့မဟုတ် လုပ်ငန်းတစ်ရပ်အား ကွပ်ကဲနေသူကို ဆိုသည်။
(ဃ) ကောလိပ်တော်အရာရှိ ဆိုသည်မှာ ဤဥပဒေအရမြေနှင့် အခွန်ကိစ္စလုပ်ငန်းတာဝန်များကို ဆောင်ရွက်နိုင် သော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ခရိုင်အုပ်ချုပ်ရေးမှူး/ အုပ်ချုပ်ရေးအရာရှိကို ဆိုသည်။
အခန်း(၂)
ကန့်သတ်ချက်များ ချမှတ်ခြင်း
၃။ (က) နိုင်ငံတော်ကာကွယ်ရေးအဆောက်အအုံ သို့မဟုတ် လုပ်ငန်း၏အနီးဝန်းကျင်ရှိ မြေတွင်ဖြစ်စေ၊ နိုင်ငံတော်ကာကွယ်ရေး အဆောက်အအုံ သို့မဟုတ် လုပ်ငန်းအတွက် အသုံးပြုရန် သို့မဟုတ် ရယူရန် ရည်ရွယ်သည့် အနီးဝန်းကျင်ရှိ မြေတွင်ဖြစ်စေ၊ အဆောက်အအုံနှင့် အခြားဆောက်လုပ်မှုများ မရှိစေရေးအတွက် အသုံးပြုခြင်းနှင့် အကျိုးခံစားခြင်းအပေါ် ကန့်သတ်ချက်များ ချမှတ်ရန် လိုအပ်သည်ဟု တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ထင်မြင်ယူဆသည့်အခါ ယင်းကိစ္စအတွက် ကြေညာချက် ထုတ်ပြန်ရမည်။
(ခ) ပုဒ်မခွဲ(က)အရ ထုတ်ပြန်သည့် ကြေညာချက်ကို မြန်မာနိုင်ငံပြန်တမ်းတွင် ထုတ်ပြန်ကြေညာရမည်။ ထို့အပြင် ၆ လက်မ ၁ မိုင် စကေးထက်မငယ်သော မြေပုံကြမ်းတွင် မြေတည်ရှိရာခရိုင် သို့မဟုတ် အခြား နယ်မြေအပိုင်းအခြားကို ဖော်ပြရမည့် အပြင် ပုဒ်မ ၆တွင် ရည်ညွှန်းထားသော နယ်နိမိတ်ကို ဖော်ပြရမည်။
(ဂ) ကောလိပ်တော်အရာရှိသည် ယင်းကြေညာချက်ပါ အကြောင်းအရာကို သက်ဆိုင်ရာနယ်မြေရှိ သင့်လျော် သည့် နေရာများတွင် အများပြည်သူသိရှိရန် နို့တစ်စာထုတ်ပြန်ကြေညာရမည်။
၄။ ပုဒ်မ ၃ အရ ထုတ်ပြန်သောကြေညာချက်သည် သက်ဆိုင်ရာမြေတွင် အဆောက်အအုံများနှင့် အခြား အတား အဆီးများရှိပါက ယင်းတို့မှအပ နောက်ထပ်အဆောက်အအုံနှင့် အတားအဆီးများ ထပ်မံဆောက်လုပ်ခြင်း၊ ထားရှိခြင်းမပြုရန် လိုအပ်ကြောင်းဖော်ပြသည့် အပြီးသတ်သက်သေခံချက် ဖြစ်စေရမည်။
၅။ ကောလိပ်တော်အရာရှိသည် အထက်ပါအတိုင်း ဆောင်ရွက်ခြင်းကြောင့် နစ်နာဆုံးရှုံးမှုအတွက် ပေးလျော်ရန် လိုအပ်သည့် လျော်ကြေးအားလုံးကို အကျိုးသက်ဆိုင်သူအား ပေးလျော်ရမည် သို့မဟုတ် ပေးလျော်ရန် ကမ်းလှမ်း ရမည်။
အခန်း(၃)
နိုင်ငံတော်ကာကွယ်ရေးအဆောက်အအုံ သို့မဟုတ် လုပ်ငန်းနှင့် ဆက်စပ်နေသောနယ်မြေများနှင့် စပ်လျဉ်း၍ တားမြစ်ချက်
၆။ အစိုးရအဖွဲ့သည် ပုဒ်မ ၃၊ ပုဒ်မခွဲ (ဂ)အရ ကောလိပ်တော်အရာရှိက နို့တစ်စာထုတ်ပြန်သည့် နေ့ရက်မှစ၍ အဆိုပါမြေ နှင့်စပ်လျဉ်း၍ လိုအပ်ပါက အောက်ပါကန့်သတ်ချက်တစ်ခုခုကို ကြေညာနိုင်သည်-
(က) နိုင်ငံတော်ကာကွယ်ရေးအဆောက်အအုံရှိရာ မြေကွက်၏ နယ်နိမိတ်မှ ကိုက် ၂၀၀၀ အထိ ကွာဝေးသည့် နယ်နိမိတ်အတွင်းတွင်-
(၁) တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ စာဖြင့်သဘောတူညီချက်အရ ဆောင်ရွက်ခြင်းမှအပ မြေပြင်တွင် မည်သည့်ပြောင်းလဲခြင်းကိုသော်လည်းကောင်း၊ မြေပြင်ပေါ်ရှိမည်သည့်အဆောက်အအုံ၊ နံရံ၊ တာ သို့မဟုတ် အခြားဆောက်လုပ်မှုအရာကိုမျှ ပြုပြင်ထိန်းသိမ်းခြင်း၊ တည်ဆောက်ခြင်း၊ တိုးချဲ့ဆောက်လုပ်ခြင်း၊ သို့မဟုတ် ပြောင်းလဲခြင်းကိုသော်လည်းကောင်း၊ မပြုရကြောင်း၊
(၂) တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏စာဖြင့် သဘောတူညီချက်အရ ဆောင်ရွက်ခြင်းမှအပ မည်သည့် သစ်သား၊ မြေကြီး၊ ကျောက်တုံး ကျောက်ခဲ၊ အုတ်၊ ကျောက်စရစ်၊ သဲ သို့မဟုတ် အခြားအရာကိုမျှ ဆင့်စီ ထားခြင်း၊ သိုလှောင် ခြင်း သို့မဟုတ် အခြားတစ်နည်းနည်းဖြင့် စုဆောင်းခြင်းမပြုရကြောင်း၊
(၃) စစ်ဘက်ဆိုင်ရာအာဏာပိုင်၏ ကွပ်ကဲမှုအောက်ရှိ မြေနှင့်သက်ဆိုင်သည့် ကိစ္စရပ်တွင်တပ်မှူးက ဤကိစ္စ အလို့ငှာ နည်းလမ်းတကျ လုပ်ပိုင်ခွင့်အပ်နှင်းခြင်းခံရသည့် ပြည်သူ့ဝန်ထမ်းကိုယ်တိုင်က ဆောင်ရွက်ခြင်းနှင့် အခြားကိစ္စရပ်တွင် ယင်း၏ ကြီးကြပ်မှုဖြင့် တပ်မှူး၏ သဘောတူညီချက်အရ ကောလိပ်တော်အရာရှိက ဆောင်ရွက်ခြင်းတို့မှအပ အခြားတစ်နည်းနည်းဖြင့် မြေတိုင်းတာခြင်း မပြုရကြောင်း၊
(ခ) နိုင်ငံတော်ကာကွယ်ရေးအဆောက်အအုံ သို့မဟုတ် လုပ်ငန်းရှိရာမြေကွက်၏ နယ်နိမိတ်မှ ကိုက် ၁၀၀၀ ထိ ကွာဝေးသည့် နယ်နိမိတ်အတွင်းတွင်-
(၁) ပုဒ်မခွဲ (က)ပါ ကန့်သတ်ချက်များကို မပြုရကြောင်း၊
(၂) တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏စာဖြင့် သဘောတူညီချက်အရ ဆောင်ရွက်ခြင်းမှအပ မြေပေါ်တွင် ခိုင်ခံ့သည့် ပစ္စည်းများဖြင့် တည်ဆောက်သည့် မည်သည့်အဆောက်အအုံ၊ နံရံ၊ တာ သို့မဟုတ် အခြား ဆောက်လုပ်မှုကိုမျှ ပြုပြင်ထိန်းသိမ်းခြင်း သို့မဟုတ် ဆောက်လုပ်ခြင်း မပြုရကြောင်း၊
(၃) သစ်ပင်တန်း ခြံစည်းရိုးများ၊ သစ်ပင်တန်းများ သို့မဟုတ် သစ်ပင်အုပ်များ သို့မဟုတ် သစ်သီးခြံများကို ပြုပြင်ထိန်းသိမ်းခြင်း၊ စိုက်ပျိုးခြင်း၊ တိုးချဲ့ခြင်း သို့မဟုတ် ပြောင်းလဲခြင်း မပြုရကြောင်း၊
(ဂ) နိုင်ငံတော်ကာကွယ်ရေးအဆောက်အအုံ သို့မဟုတ် လုပ်ငန်းရှိရာမြေကွက်၏ နယ်နိမိတ်မှ ကိုက် ၅၀၀အထိ ကွာဝေးသည့် နယ်နိမိတ်အတွင်းတွင်-
(၁) ပုဒ်မခွဲ (က)နှင့် (ခ) တို့ပါ ကန့်သတ်ချက်များကို မပြုရကြောင်း၊
(၂) သက်ဆိုင်ရာတပ်မှူး၏စာဖြင့် သဘောတူညီချက်အရ ယာယီခြံစည်းရိုးငယ်များ ပြုလုပ်ခြင်းမှအပ မြေပြင် တွင် မည်သည့်အဆောက်အအုံ သို့မဟုတ် အခြားဆောက်လုပ်မှုကိုဖြစ်စေ၊ မြေအောက်တွင်မည်သည့်တူးဖော်မှု သို့မဟုတ် အဆောက်အအုံ သို့မဟုတ် အခြားဆောက်လုပ်မှုကိုဖြစ်စေ ပြုပြင်ထိန်းသိမ်းခြင်း သို့မဟုတ် ဆောက်လုပ်ခြင်း မပြုရကြောင်း။
အခန်း(၄)
မြေကို အမှတ်အသားပြုလုပ်ခြင်း၊ တိုင်းတာခြင်း၊ မှတ်ပုံတင်ခြင်းနှင့် အသေးစိတ်ပုံရေးဆွဲခြင်း
၇။ ပုဒ်မ ၆ အရ အစိုးရအဖွဲ့က ကြေညာချက်ထုတ်ပြန် ပြီးလျှင်ပြီးချင်း ကောလိပ်တော်အရာရှိသည် သက်ဆိုင်ရာ မြေကို အမှတ်အသားပြုစေခြင်း၊ တိုင်းတာစေခြင်း၊ မှတ်ပုံတင်စေခြင်း၊ အဆောက်အအုံ၊ သစ်ပင်နှင့်အခြား အတားအဆီး အားလုံးကို သတ်မှတ်ချက်များနှင့်အညီ ရေးဆွဲစေခြင်း ပြုရမည်။
အခန်း(၅)
ပြစ်မှုနှင့်ပြစ်ဒဏ်များ
၈။ မည်သူမဆို ပုဒ်မ ၆ အရ ကြေညာသည့် ကန့်သတ်ချက်တစ်ရပ်ရပ်ကို တမင်ဆန့်ကျင်ခြင်းပြုကြောင်း သော်လည်းကောင်း၊ ပုဒ်မ ၇ အရ ဆောင်ရွက်နေသူတစ်ဦးဦးကို တမင်တားဆီးပိတ်ပင်ခြင်းသော်လည်းကောင်း၊ ပုဒ်မ ၇ အရ ဆောင်ရွက်သည့်လုပ်ငန်း သို့မဟုတ် မြေမျက်နှာပြင်ကို တမင်ဖျက်ဆီးခြင်း၊ တမင်ထိခိုက်နစ်နာစေ ခြင်း၊ တမင်ပြောင်းလဲခြင်း သို့မဟုတ် အခြားနည်းဖြင့် တမင်နှောင့်ယှက်ခြင်းပြုကြောင်းသော်လည်းကောင်း၊ ဤဥပဒေအရထုတ်ပြန်သော နည်းဥပဒေများပါ တားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်းသော် လည်းကောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို တစ်လ ထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ် တစ်သိန်း ထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ကျခံရမည်ဖြစ်ပြီး ယင်းပြစ်မှုကို ဆက်လက် ကျူးလွန်ပါက ဆက်လက်ကျူးလွန်သော နေ့အသီးသီးအတွက် တစ်ရက်လျှင် ငွေဒဏ် ကျပ် ၁၅၀၀၀စီ ထပ်မံ ကျခံရမည်။ ထို့ပြင် ပြစ်မှုနှင့်သက်ဆိုင်သောပစ္စည်းများကို ဖယ်ရှားရခြင်းကြောင့် ကျသင့်သော ကုန်ကျစရိတ်များ ကို တရားရုံးက ဒဏ်ငွေအရ ကောက်ခံသည့်နည်းလမ်းအတိုင်း ကောက်ခံနိုင်သည်။
အခန်း(၆)
အထွေထွေ
၉။ ကောလိပ်တော်အရာရှိသည် ဤဥပဒေအရ ညွှန်ကြားထားသော သို့မဟုတ် ခွင့်ပြုထားသော မည်သည့် ကိစ္စကိုမဆို ဆောင်ရွက်ရာတွင် တမင်တားဆီးခြင်းခံရလျှင်ဖြစ်စေ၊ နှောင့်ယှက်ခြင်းခံရလျှင်ဖြစ်စေ၊ လိုအပ်သည့် အကူအညီကို မြန်မာနိုင်ငံရဲတပ်ဖွဲ့ထံမှ ရယူဆောင်ရွက်နိုင်သည်။
၁၀။ ဤဥပဒေအရပြုလုပ်သော မည်သည့်ဆုံးဖြတ်ချက် သို့မဟုတ် သဘောတူညီချက်ကိုမျှ တံဆိပ်ခေါင်းခွန် စည်းကြပ်ခြင်း မပြုရ။ ထို့ပြင် အဆိုပါဆုံးဖြတ်ချက် သို့မဟုတ် သဘောတူညီချက်တစ်ရပ်ရပ်အရ တောင်းဆိုသူ မည်သူ့ကိုမဆို ယင်းကို မိတ္တူတစ်စောင်ကူး ယူရန်အတွက် အခကြေးငွေပေးဆောင်ရန် တာဝန်မရှိစေရ။
၁၁။ ပုဒ်မ ၅ အရ ကောလိပ်တော်အရာရှိက ပေးအပ်သည့်လျော်ကြေးငွေနှင့်စပ်လျဉ်း၍-
(က) ကောလိပ်တော်အရာရှိ၏ ဆုံးဖြတ်ချက်ကို မကျေနပ်သူသည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အုပ်ချုပ်ရေးမှူး/ အုပ်ချုပ်ရေးအရာရှိထံသို့ အယူခံနိုင်သည်။
(ခ) ပုဒ်မခွဲ(က)အရ အယူခံခြင်းနှင့်စပ်လျဉ်း၍ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အုပ်ချုပ်ရေးမှူး/အုပ်ချုပ်ရေးအရာရှိက ချမှတ်သောဆုံးဖြတ်ချက်ကို မကျေနပ်သူသည် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ထံသို့ အယူခံဝင်ခွင့်ရှိသည်။ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်သည် ပြည်ထဲရေးဝန်ကြီး၏ သဘောတူညီချက်ဖြင့် ဆုံးဖြတ်ချက်ချမှတ်ရမည်ဖြစ်ပြီး ယင်း ဆုံးဖြတ်ချက်သည် အပြီးအပြတ်ဖြစ်သည်။
၁၂။ ဤဥပဒေပါ ပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ကာကွယ်ရေးဝန်ကြီးဌာနသည် လိုအပ်သော နည်းဥပဒေများကို အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့်လည်းကောင်း၊ လိုအပ်သော လုပ်ထုံး လုပ်နည်းများ၊ အမိန့်ကြော်ငြာစာ၊ အမိန့်နှင့်ညွှန်ကြားချက်များကိုလည်းကောင်း ထုတ်ပြန်နိုင်သည်။
၁၃။ The Works of Defence Act, 1903 ကို ဤဥပဒေဖြင့် ရုပ်သိမ်းလိုက်သည်။
(ပုံ)သန်းရွှေ
ဗိုလ်ချုပ်မှူးကြီး
ဥက္ကဋ္ဌ
နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ