ပြည်ထောင်စုမြန်မာနိုင်ငံတော်
နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင်ကော်မတီဝင်များ၏ချီးမြှင့်ငွေ၊ စရိတ်နှင့် အဆောင်အယောင်များဆိုင်ရာ ဥပဒေ
(နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥပဒေအမှတ် ၊ ၄/၂၀၁၁)
၁၃၇၂ ခုနှစ်၊ ပြာသိုလဆန်း ၆ ရက်
(၂၀၁၁ ခုနှစ်၊ ဇန်နဝါရီလ ၁၀ ရက်)
[ ပြင်ဆင် : 09.12.2014 ]
နိဒါန်း
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲစည်းပုံအခြေခံဥပဒေပုဒ်မ ၄၄၃တွင်ဖွဲ့စည်းပုံအခြေခံ ဥပဒေအကောင်အထည် ဖော်ရေးအတွက် ကြိုတင်ဆောင်ရွက်ရန် လိုအပ်သည့်လုပ်ငန်းရပ်များကို နိုင်ငံတော်အေးချမ်းသာယာရေး နှင့်ဖွံ့ဖြိုးရေးကောင်စီက ဆောင်ရွက်ပေးရန် ပြဋ္ဌာန်းထားသည့် အလျောက်နိုင်ငံတော်၏ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးလုပ်ငန်းများကို ချောမွေ့စွာ ဆောင်ရွက်နိုင်ရန်လည်းကောင်း၊ လွှတ်တော်အသီးသီး ပေါ်ပေါက်လာသည့်အခါတွင် ဆောင်ရွက်ရန် ရှိသော လုပ်ငန်းများကို ဆောင်ရွက်နိုင်ရန်လည်းကောင်း၊ ကြိုတင်ဆောင်ရွက်ရမည့် လုပ်ငန်းရပ်များကို ဥပဒေနှင့်အညီ ဆောင်ရွက်နိုင်ရန် လည်းကောင်း သက်ဆိုင်ရာဥပဒေများကို ပြဋ္ဌာန်းရန်လိုအပ်လာ ပါသည်။
သို့ဖြစ်ပါ၍ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီသည် ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ တာဝန်ထမ်းဆောင်ကြသော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင် ကော်မတီဝင်များအား နိုင်ငံတော် နှင့် နိုင်ငံသားများ၏အကျိုးကို သယ်ပိုးထမ်းဆောင်ကြရသည့် လုပ်ငန်းတာဝန်နှင့် လျော်ညီသော ချီးမြှင့်ငွေ၊ စရိတ်နှင့် အဆောင်အယောင်များကို ချီးမြှင့်နိုင်ရန်အလို့ငှာ ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၄၃နှင့်အညီ ဤဥပဒေကိုပြဋ္ဌာန်း လိုက်သည်။
အခန်း(၁)
အမည်နှင့် အဓိပ္ပာယ်ဖော်ပြချက်
၁။ ဤဥပဒေကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဥက္ကဋ္ဌနှင့် အလုပ် အမှုဆောင် ကော်မတီဝင်များ၏ ချီးမြှင့်ငွေ၊ စရိတ်နှင့် အဆောင်အယောင်များဆိုင်ရာ ဥပဒေဟုခေါ်တွင် စေရမည်။
၂။ ဤဥပဒေတွင်ပါရှိသော အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပာယ်သက်ရောက် စေရ မည်-
(က) ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုသည်မှာပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ကိုဆိုသည်။
(ခ) ဥက္ကဋ္ဌ ဆိုသည်မှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဋ္ဌ၊ ယင်းဦးစီးအဖွဲ့၏ အလုပ်အမှုဆောင်ကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဝန်ကြီးနှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်ဖြစ်သော ဦးစီးအဖွဲ့ဝင်ကို ဆိုသည်။
(ဂ) အလုပ်အမှုဆောင်ကော်မတီဝင် ဆိုသည်မှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရ ဒေသဦးစီးအဖွဲ့၏ အလုပ်အမှုဆောင်ကော်မတီဝင်အဖြစ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့ဥပဒေနှင့် အညီ ရွေးချယ်တာဝန်ပေးအပ်ခြင်းခံရသော ဦးစီးအဖွဲ့ ဝင်ကိုဆိုသည်။
(ဃ) ချီးမြှင့်ငွေဆိုသည်မှာ ဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင်ကော်မတီဝင်များ ခံစားခွင့်ရှိသည့် ဤဥပဒေတွင် သတ်မှတ်သော လစဉ် ချီးမြှင့်ငွေကို ဆိုသည်။
(င) စရိတ်ဆိုသည်မှာ ဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင်ကော်မတီဝင်များ တာဝန်အရ ခရီးသွားလာခြင်း၊ ခရီးသွားလာစဉ် ရပ်နားခြင်း၊ တည်းခိုနေထိုင်ခြင်းနှင့် စားသောက်ခြင်းများအတွက် ခံစားခွင့်ရှိသည့် ဤဥပဒေတွင် သတ်မှတ်သော စရိတ်ငွေတို့ကိုဆိုသည်။
(စ) အဆောင်အယောင်ဆိုသည်မှာ ဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင်ကော်မတီဝင်များ ထမ်းဆောင်ရသော တာဝန်နှင့် လျော်ညီစွာခံစားခွင့်ရှိသည့် ဤဥပဒေတွင်သတ်မှတ်သော အဆောင်အယောင်များကို ဆို သည်။
အခန်း(၂)
ချီးမြှင့်ငွေ
၃။ ဥက္ကဋ္ဌသည် ရာထူးအလျောက် သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးဖြစ်သည့် အားလျော်စွာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးရရှိသည့် လစဉ်ချီးမြှင့်ငွေ ကျပ်သိန်းနှစ်ဆယ် ခံစားခွင့်ရှိသည်။
၄။ အလုပ်အမှုဆောင်ကော်မတီဝင်သည် လစဉ်ချီးမြှင့်ငွေကျပ် တစ်ဆယ်သိန်း ခံစားခွင့်ရှိသည်။
၅။ (က) ဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင် ကော်မတီဝင်များသည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်ဖြစ်ပါက ပုဒ်မ ၃နှင့် ပုဒ်မ ၄ တို့ပါမိမိနှင့် သက်ဆိုင်သည့်လစဉ် ချီးမြှင့်ငွေနှင့် ယင်းလွှတ်တော် ကိုယ်စားလှယ်အဖြစ်ရရှိသည့် ချီးမြှင့်ငွေတို့အနက် မိမိနှစ်သက်ရာ ချီးမြှင့်ငွေကို တစ်မျိုးတည်းကိုသာ ခံစားခွင့်ရှိသည်။
(ခ) တပ်မတော်သားဖြစ်သော အလုပ်အမှုဆောင်ကော်မတီဝင်သည် မိမိနှင့်သက်ဆိုင်သည့် လစဉ်ချီးမြှင့် ငွေနှင့် တပ်မတော်မှရရှိသည့် လစာတို့အနက် မိမိနှစ်သက်ရာ ချီးမြှင့်ငွေ သို့မဟုတ် လစာတစ်မျိုးတည်း ကိုသာ ခံစားခွင့်ရှိသည်။
၆။ ဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင်ကော်မတီဝင်များသည် ဤဥပဒေပါ လစဉ်ချီးမြှင့်ငွေ ခံစားနေစဉ်အတွင်း နိုင်ငံ့ဝန်ထမ်း အငြိမ်းစားလစာကိုပါ ခံစားခွင့်ရှိသည်။ သို့ရာတွင်နိုင်ငံရေးပင်စင် ခံစားခွင့်ရရှိထား သူသည် ဤကာလအတွင်း အဆိုပါ နိုင်ငံရေးပင်စင်ကို ခံစားခွင့်မရှိစေရ။
အခန်း(၃)
စရိတ်
တည်းခိုနေထိုင်စရိတ်နှင့် အခြားအသုံးစရိတ်
၇။ ဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင် ကော်မတီဝင်များသည် တာဝန်အရ ခရီးသွားလာရခြင်းအတွက် နိုင်ငံတော်က အခမဲ့တည်းခိုနေထိုင်ရန် စီစဉ်ပေးနိုင်ခြင်းမရှိပါက တည်းခိုနေထိုင်စရိတ်ကျပ် ၂၀၀၀နှင့် အခြားအသုံးစရိတ် ကျပ် ၃၀၀၀ ခံစားခွင့်ရှိသည်။
၈။ ဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင်ကော်မတီဝင်များသည် အစည်းအဝေးတက်ရောက်ရသည့် ကိစ္စဖြစ်ပါက အဆိုပါ အစည်းအဝေးကျင်းပသည့် သတ်မှတ်ကာလအတွက်သာ တည်းခိုနေထိုင်စရိတ် ခံစားခွင့်ရှိ သည်။ သို့ရာတွင် ယင်းပုဂ္ဂိုလ်များသည် အစည်းအဝေး ကျင်းပရာအရပ်တွင် နေထိုင်ပါက တည်းခို နေထိုင်စရိတ် ခံစားခွင့်မရှိစေရ။
စားသောက်စရိတ်
၉။ ဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင် ကော်မတီဝင်များသည် တာဝန်အရ ခရီးသွားလာရခြင်းအတွက် စားသောက်စရိတ်ကို တစ်ရက်လျှင် ကျပ် ၅၀၀၀ ခံစားခွင့်ရှိသည်။
၁၀။ ဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင် ကော်မတီဝင်များသည် အစည်းအဝေး တက်ရောက်ရသည့် ကိစ္စဖြစ် ပါက အဆိုပါ အစည်းအဝေးကျင်းပသည့် သတ်မှတ်ကာလအတွက်သာ စားသောက်စရိတ် ခံစားခွင့်ရှိ သည်။
ခရီးစရိတ်
၁၁။ ဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင်ကော်မတီဝင်များသည် တာဝန်အရ ခရီးသွားလာရာတွင်-
(က) ခရီးစဉ်တစ်ခုအတွက် ပြည်ထောင်စုအစိုးရအဖွဲ့က သတ်မှတ်သည့်နှုန်းများအရ ခရီးစရိတ်ခံစားခွင့် ရှိသည်။
(ခ) အစည်းအဝေး ကိစ္စအတွက်ဖြစ်လျှင် တည်းခိုသည့်နေရာမှ အစည်းအဝေးကျင်းပသည့် နေရာသို့သွား လာရခြင်းအတွက်ကိုမူ ပုဒ်မ ၇ ပါအခြားအသုံးစရိတ်မှ ကျခံသုံးစွဲရန်ဖြစ်သည်။
အခန်း(၄)
အဆောင်အယောင်
၁၂။ ဥက္ကဋ္ဌသည် အဆောင်အယောင်အဖြစ် အောက်ပါတို့ကို ခံစားခွင့်ရှိသည်-
(က) အစိုးရနေအိမ်တွင် အခမဲ့နေထိုင်ရမည်။ အစိုးရနေအိမ်စီစဉ်ပေးနိုင်ခြင်း မရှိသေးပါက သင့်လျော် သည့်ငှားရမ်းခ ရခွင့်ရှိသည်၊
(ခ) လုံခြုံရေး အစောင့်အရှောက်၊
(ဂ) ပြည်တွင်းအခမဲ့ဆေးကုသခွင့်၊
(ဃ) ရေအခမဲ့သုံးစွဲခွင့်၊
(င) လျှပ်စစ်ဓာတ်အားအခမဲ့သုံးစွဲခွင့်၊
(စ) မြို့တွင်းခေါ်ဆိုမှုအတွက် တယ်လီဖုန်းအခမဲ့သုံးစွဲခွင့်၊
(ဆ) ကိုယ်ရေးအရာရှိတစ်ဦး၊
(ဇ) အိမ်အကူတစ်ဦး၊
(ဈ) ဥယျာဉ်လုပ်သားတစ်ဦး၊
(ည) မော်တော်ယာဉ်သုံးစီး၊
(ဋ) ယာဉ်မောင်းသုံးဦး၊
(ဌ) မော်တော်ယာဉ်သုံးစီးအတွက် တစ်စီးလျှင်စက်သုံးဆီ တစ်လ ဂါလံ ၆၀ နှုန်း၊
(ဍ) မော်တော်ယာဉ်သုံးစီးအတွက် အမှန်ကုန်ကျသည့် စက်ဆီနှင့် ချောဆီဖိုးကုန်ကျစရိတ်။
၁၃။ အလုပ်အမှုဆောင်ကော်မတီဝင်သည် အဆောင်အယောင်အဖြစ် အစိုးရနေအိမ်တွင် အခမဲ့နေထိုင်ခွင့် ကိုဖြစ်စေ၊ အစိုးရက နေအိမ်စီစဉ်ပေးနိုင်ခြင်းမရှိလျှင် သို့မဟုတ် မိမိနေအိမ်တွင် နေထိုင်လျှင်သတ်မှတ် ထားသောဒေသန္တရ ငှားရမ်းခကိုဖြစ်စေ ခံစားခွင့်ရှိသည်။
အခန်း(၅)
အထွေထွေ
၁၄။ ဥက္ကဋ္ဌသည် နိုင်ငံတော်သမ္မတက ခန့်အပ်သည့်နေ့မှစ၍လည်းကောင်း၊ အလုပ်အမှုဆောင်ကော်မတီ ဝင်များသည် သက်ဆိုင်ရာဥက္ကဋ္ဌက သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်၏ သဘောတူညီချက်နှင့် သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်၏ အတည်ပြုချက် ဖြင့် အလုပ်အမှုဆောင်ကော်မတီ ဖွဲ့စည်းသည့်နေ့မှစ၍ လည်းကောင်း ဤဥပဒေပါချီးမြှင့်ငွေ၊ စရိတ်နှင့် အဆောင်အယောင်များကို ခံစားခွင့်ရှိစေရမည်။
၁၅။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့၏ ချီးမြှင့်ငွေ၊ စရိတ်နှင့် အဆောင်အယောင် တို့အတွက် ယင်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရ ဒေသဦးစီးအဖွဲ့၏ နှစ်စဉ်အရအသုံး ခန့်မှန်းခြေငွေစာရင်းတွင် ထည့်သွင်းရေးဆွဲ၍ သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေတွင် ခွဲဝေသတ်မှတ်ထားရှိ ရမည်။
၁၆။ ဤဥပဒေပါပုဂ္ဂိုလ်များနှင့် ယင်းတို့၏ကိုယ်ရေးအရာရှိများအတွက် လစာနှင့်စရိတ်များကိုသက်ဆိုင် ရာရုံးများကလည်းကောင်း၊ အဆောင်အယောင်နှင့်စပ်လျဉ်း၍ နောက်ဆက်တွဲဇယားတွင် ဖော်ပြထား သည့် အစိုးရဌာန၊ အဖွဲ့အစည်းများကလည်းကောင်း တာဝန်ယူဆောင်ရွက်ပေးရမည်။
၁၇။ ဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင်ကော်မတီဝင်များသည်-
(က) သက်တမ်းကာလအပြည့် တာဝန်ကိုကျေပွန်စွာထမ်းဆောင်ပါက မိမိရရှိသည့် လစဉ်ချီးမြှင့်ငွေကို အခြေခံ၍ ပြည်ထောင်စု အစိုးရအဖွဲ့က သတ်မှတ်သည့် တစ်လုံးတစ်ခဲတည်းသော နိုင်ငံရေးပင်စင် ချီးမြှင့်ငွေကို ခံစားခွင့်ရှိသည်။
(ခ) အပြစ်တစ်စုံတစ်ရာမရှိဘဲ သက်တမ်းကာလမပြည့်မီ ကျန်းမာရေးချို့ယွင်းခြင်းကြောင့် ဆက်လက် တာဝန်ထမ်းဆောင် နိုင်ခြင်းမရှိလျှင်ဖြစ်စေ၊ သက်တမ်းတစ်ခုတွင် လစ်လပ်ရာထူးအတွက် တာဝန် ပေးအပ်ခြင်းကြောင့် တာဝန်ထမ်းဆောင်ရလျှင်ဖြစ်စေ ယင်းတာဝန်ထမ်းဆောင်သည့် ကာလအတွက် မိမိရရှိသည့်လစဉ်ချီးမြှင့်ငွေကို အခြေခံ၍ ပြည်ထောင်စုအစိုးရအဖွဲ့က သတ်မှတ်သည့် တစ်လုံးတစ်ခဲ တည်းသော နိုင်ငံရေးပင်စင်ချီးမြှင့်ငွေကို ခံစားခွင့်ရှိသည်။
(ဂ) သက်တမ်းကာလမပြည့်မီ ကွယ်လွန်ပါက ယင်းတို့ရရှိသည့် လစဉ်ချီးမြှင့်ငွေကို အခြေခံ၍ ပြည်ထောင်စုအစိုးရအဖွဲ့က သတ်မှတ်သည့် တစ်လုံးတစ်ခဲတည်းသော မိသားစုနိုင်ငံရေး ပင်စင်ချီးမြှင့် ငွေကို ခံစားခွင့်ရှိသည်။
(ဃ) နိုင်ငံရေးပင်စင် တစ်ရပ်ထက်ပို၍ ခံစားခွင့်ရှိသူဖြစ်ပါက ယင်းတို့အနက် မိမိနှစ်သက်ရာတစ်မျိုး တည်းကိုသာ ခံစားခွင့်ရှိသည်။
၁၈။ ဤဥပဒေအရ ခံစားခွင့်ပြုသည့် ချီးမြှင့်ငွေအပေါ် ဝင်ငွေခွန်ကောက်ခံရမည်။ သို့ရာတွင် စရိတ်အပေါ် ဝင်ငွေခွန်ကောက်ခံခြင်းမှ ကင်းလွတ်စေရမည်။
<ပြင်ဆင် 09.12.2014>
၁၉။ ဤဥပဒေကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဖွဲ့စည်းသည့် ပြည်ထောင်စုလွှတ်တော်က ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း သို့မဟုတ် ရုပ်သိမ်းခြင်း ပြုလုပ်နိုင်သည်။ ပြည်ထောင်စုလွှတ်တော်က ရုပ်သိမ်းခြင်းမပြုလုပ်သရွေ့ ဤဥပဒေသည်အတည်ဖြစ်သည်။
၂၀။ ပြည်ထောင်စုအစိုးရအဖွဲ့သည် ဤဥပဒေပါ ချီးမြှင့်ငွေ၊ စရိတ်၊ အဆောင်အယောင်များနှင့် စပ်လျဉ်း၍ လိုအပ်သော အမိန့်နှင့် ညွှန်ကြားချက်များကို ထုတ်ပြန်နိုင်သည်။
(ပုံ)သန်းရွှေ
ဗိုလ်ချုပ်မှူးကြီး
ဥက္ကဋ္ဌ
နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ
—– Attachment —–
[ ပူးတွဲဖော်ပြသော စာရင်း 1 ] 01 နောက်ဆက်တွဲဇယား အဆောင်အယောင်နှင့် စပ်လျဉ်း၍တာဝန်ယူ ဆောင်ရွက်ပေးရမည့် အစိုးရဌာန၊ အဖွဲ့အစည်းများ