နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်ကောင်စီဝင်များ၏ချီးမြှင့်ငွေ၊ စရိတ်နှင့်အဆောင်အယောင်များဆိုင်ရာဥပဒေ

ပြည်ထောင်စုမြန်မာနိုင်ငံတော်
နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ
နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်ကောင်စီဝင်များ၏ချီးမြှင့်ငွေ၊ စရိတ်နှင့်အဆောင်အယောင်များဆိုင်ရာဥပဒေ
(နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီဥပဒေအမှတ်၊ ၅/၂၀၁၁)
၁၃၇၂ခုနှစ်၊ ပြာသိုလဆန်း ၆ရက်
(၂၀၁၁ခုနှစ်၊ ဇန်နဝါရီလ ၁၀ရက်)
[ ပြင်ဆင် : 09.12.2014 ]
နိဒါန်း
နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီသည် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ တာဝန်ထမ်းဆောင်ကြသော နေပြည်တော် ကောင်စီ ဥက္ကဋ္ဌနှင့် ကောင်စီဝင်များအား နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးကို သယ်ပိုးထမ်းဆောင် ကြရသည့် လုပ်ငန်းတာဝန်နှင့်လျော်ညီသော ချီးမြှင့်ငွေ၊စရိတ်နှင့် အဆောင်အယောင်များကို ချီးမြှင့်နိုင် ရန် အလို့ငှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၄၃ နှင့်အညီ ဤဥပဒေ ကို ပြဋ္ဌာန်းလိုက်သည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၄၃ တွင် ဖွဲ့စည်းပုံအခြေခံဥပဒေ အကောင်အထည်ဖော်ရေးအတွက် ကြိုတင်ဆောင်ရွက်ရန်လိုအပ်သည့် လုပ်ငန်းရပ်များကို နိုင်ငံတော် အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီကဆောင်ရွက် ပေးရန်ပြဋ္ဌာန်းထားသည့်အလျောက် နိုင်ငံ တော်၏ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့်တရားစီရင်ရေး လုပ်ငန်းများကို ချောမွေ့စွာ ဆောင်ရွက်နိုင်ရန် လည်းကောင်း၊ လွှတ်တော်အသီးသီးပေါ်ပေါက်လာသည့်အခါတွင် ဆောင်ရွက်ရန်ရှိသောလုပ်ငန်းများကို ဆောင်ရွက်နိုင် ရန် လည်းကောင်း၊ ကြိုတင်ဆောင်ရွက်ရမည့်လုပ်ငန်းရပ်များကို ဥပဒေနှင့်အညီ ဆောင် ရွက်နိုင်ရန်လည်းကောင်း သက်ဆိုင်ရာဥပဒေများကို ပြဋ္ဌာန်းရန် လိုအပ်လာပါသည်။

အခန်း (၁)
အမည်နှင့်အဓိပ္ပာယ်ဖော်ပြချက်
၁။ ဤဥပဒေကို နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် ကောင်စီဝင်များ၏ ချီးမြှင့်ငွေ၊ စရိတ်နှင့် အဆောင်အ ယောင်များဆိုင်ရာဥပဒေ ဟုခေါ်တွင်စေရမည်။
၂။ ဤဥပဒေတွင်ပါရှိသော အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပာယ်သက်ရောက်စေရ မည်-
(က) ဖွဲ့စည်းပုံအခြေခံဥပဒေဆိုသည်မှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆိုသည်။
(ခ) နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဆိုသည်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် နေပြည်တော်ကောင်စီဥပဒေတို့ နှင့်အညီ နိုင်ငံတော်သမ္မတက ခန့်အပ် တာဝန်ပေးသော နေပြည်တော်ကောင်စီဥက္ကဋ္ဌကို ဆိုသည်။
(ဂ) ကောင်စီဝင်ဆိုသည်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် နေပြည်တော်ကောင်စီဥပဒေတို့နှင့်အညီ နိုင်ငံ တော်သမ္မတက ခန့်အပ်တာဝန်ပေးသော နေပြည်တော်ကောင်စီဝင်ကိုဆိုသည်။
(ဃ) ချီးမြှင့်ငွေ ဆိုသည်မှာ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်ကောင်စီဝင်များ ခံစားခွင့်ရှိသည့် ဤဥပဒေ တွင်သတ်မှတ်သော လစဉ်ချီးမြှင့်ငွေကိုဆိုသည်။
(င) စရိတ် ဆိုသည်မှာ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်ကောင်စီဝင်များ တာဝန်အရခရီးသွားလာခြင်း၊ ခရီးသွားလာစဉ်ရပ်နားခြင်း၊ တည်းခိုနေထိုင်ခြင်းနှင့် စားသောက်ခြင်းများအတွက်ခံစားခွင့်ရှိသည့် ဤဥပဒေတွင်သတ်မှတ်သော စရိတ်ငွေတို့ကိုဆိုသည်။
(စ) အဆောင်အယောင် ဆိုသည်မှာ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်ကောင်စီဝင်များ ထမ်းဆောင်ရသော တာဝန်နှင့်လျော်ညီစွာ ခံစားခွင့်ရှိသည့် ဤဥပဒေတွင်သတ်မှတ်သော အဆောင်အယောင်များကို ဆို သည်။

အခန်း(၂)
ချီးမြှင့်ငွေ
၃။ နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် လစဉ်ချီးမြှင့်ငွေကျပ် သိန်းသုံးဆယ် ခံစားခွင့်ရှိသည်။
၄။ ကောင်စီဝင်သည် လစဉ်ချီးမြှင့်ငွေကျပ် သိန်းနှစ်ဆယ် ခံစားခွင့်ရှိသည်။
၅။ နေပြည်တော်၏လုံခြုံရေးဆိုင်ရာကိစ္စရပ်များကို ပေါင်းစပ်ညှိနှိုင်းပေးနိုင်ရေးအတွက် ခန့်အပ်တာ ဝန် ပေးခြင်းခံရသည့်တပ်မတော်သား ကောင်စီဝင်သည် ပုဒ်မ ၄ ပါ မိမိနှင့် သက်ဆိုင်သည့်လစဉ်ချီးမြှင့် ငွေနှင့် တပ်မတော်သားအဖြစ် ခံစားခွင့်ရှိသည့်လစာတို့အနက် မိမိ နှစ်သက်ရာ ချီးမြှင့်ငွေ သို့မဟုတ် လ စာ တစ်မျိုးတည်းကိုသာ ခံစားခွင့်ရှိသည်။
၆။ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်ကောင်စီဝင်များသည် ဤဥပဒေပါ လစဉ်ချီးမြှင့်ငွေ ခံစားနေစဉ်အ တွင်း နိုင်ငံ့ဝန်ထမ်း အငြိမ်းစားလစာကိုပါ ခံစားခွင့်ရှိသည်။ သို့ရာတွင် နိုင်ငံရေးပင်စင်ခံစားခွင့် ရရှိ ထားသူများသည် ဤကာလအတွင်း အဆိုပါ နိုင်ငံရေးပင်စင်ကို ခံစားခွင့်မရှိစေရ။

အခန်း(၃)
စရိတ်
တည်းခိုနေထိုင်စရိတ်နှင့်အခြားအသုံးစရိတ်
၇။ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် ကောင်စီဝင်များသည် တာဝန်အရ ခရီးသွားလာရခြင်းအတွက် နိုင်ငံ တော်က အခမဲ့တည်းခိုနေထိုင်ရန် စီစဉ်ပေးနိုင်ခြင်းမရှိလျှင် တစ်ရက်လျှင် တည်းခိုနေထိုင်စရိတ် ကျပ် ၂၀၀၀ နှင့် အခြားအသုံးစရိတ်ကျပ် ၃၀၀၀ ခံစားခွင့်ရှိ သည်။
၈။ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် ကောင်စီဝင်များသည် အစည်းအဝေးတက်ရောက်ရသည့် ကိစ္စဖြစ် ပါက အဆိုပါ အစည်းအဝေးကျင်းပသည့် သတ်မှတ်ကာလအတွက်သာတည်းခိုနေထိုင် စရိတ်ခံစားခွင့် ရှိသည်။ သို့ရာတွင် ယင်းပုဂ္ဂိုလ်များသည် အစည်းအဝေး ကျင်းပရာအရပ်တွင် နေထိုင်ပါက တည်းခိုနေ ထိုင်စရိတ်ခံစားခွင့်မရှိစေရ။
စားသောက်စရိတ်
၉။ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် ကောင်စီဝင်များသည် တာဝန်အရ ခရီးသွားလာရခြင်းအတွက် စား သောက်စရိတ်ကို တစ်ရက်လျှင် ကျပ် ၅၀၀၀ ခံစားခွင့်ရှိသည်။
၁၀။ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် ကောင်စီဝင်များသည် အစည်းအဝေးတက်ရောက်ရသည့် ကိစ္စဖြစ် ပါက အဆိုပါ အစည်းအဝေး ကျင်းပသည့် သတ်မှတ်ကာလအတွက်သာ စားသောက်စရိတ်ခံစား ခွင့်ရှိသည်။
ခရီးစရိတ်
၁၁။ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် ကောင်စီဝင်များသည် တာဝန်အရ ခရီးသွားလာရာတွင်-
(က) ခရီးစဉ်တစ်ခုအတွက် ပြည်ထောင်စုအစိုးရအဖွဲ့က သတ်မှတ်သည့်နှုန်းများအတိုင်း ခရီးစရိတ် ခံ စားခွင့်ရှိသည်။
(ခ) အစည်းအဝေးကိစ္စအတွက်ဖြစ်လျှင် တည်းခိုသည့်နေရာမှ အစည်းအဝေးကျင်းပရာနေရာသို့ သွား လာရခြင်းအတွက်ကိုမူ ပုဒ်မ ၇ ပါ အခြားအသုံးစရိတ်မှ ကျခံသုံးစွဲရန်ဖြစ်သည်။

အခန်း(၄)
အဆောင်အယောင်
၁၂။ နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် အဆောင်အယောင်အဖြစ် အောက်ပါတို့ကို ခံစားခွင့်ရှိသည်-
(က) အစိုးရနေအိမ်တွင်အခမဲ့နေထိုင်ရမည်၊
(ခ) လုံခြုံရေးအစောင့်အရှောက်၊
(ဂ) ပြည်တွင်းအခမဲ့ဆေးကုသခွင့်၊
(ဃ) ရေအခမဲ့သုံးစွဲခွင့်၊
(င) လျှပ်စစ်ဓာတ်အားအခမဲ့သုံးစွဲခွင့်၊
(စ) ပြည်တွင်းခေါ်ဆိုမှုအတွက်တယ်လီဖုန်းအခမဲ့သုံးစွဲခွင့်၊
(ဆ) ကိုယ်ရေးအရာရှိတစ်ဦး၊
(ဇ) အိမ်အကူနှစ်ဦး၊
(ဈ) ဥယျာဉ်လုပ်သားနှစ်ဦး၊
(ည) မော်တော်ယာဉ်လေးစီး၊
(ဋ) ယာဉ်မောင်းလေးဦး၊
(ဌ) မော်တော်ယာဉ်လေးစီးအတွက် တစ်စီးလျှင် စက်သုံးဆီ တစ်လဂါလံ ၆၀ နှုန်း၊
(ဍ) မော်တော်ယာဉ်လေးစီးအတွက် အမှန်ကုန်ကျသည့် စက်ဆီနှင့်ချောဆီ။
၁၃။ ကောင်စီဝင်သည် အဆောင်အယောင်အဖြစ် အောက်ပါတို့ကို ခံစားခွင့်ရှိသည်-
(က) အစိုးရနေအိမ်တွင်အခမဲ့နေထိုင်ရမည်၊
(ခ) လုံခြုံရေးအစောင့်အရှောက်၊
(ဂ) ပြည်တွင်းအခမဲ့ဆေးကုသခွင့်၊
(ဃ) ရေအခမဲ့သုံးစွဲခွင့်၊
(င) လျှပ်စစ်ဓာတ်အားအခမဲ့သုံးစွဲခွင့်၊
(စ) ပြည်တွင်းခေါ်ဆိုမှုအတွက်တယ်လီဖုန်းအခမဲ့သုံးစွဲခွင့်၊
(ဆ) ကိုယ်ရေးအရာရှိတစ်ဦး၊
(ဇ) အိမ်အကူတစ်ဦး၊
(ဈ) ဥယျာဉ်လုပ်သားတစ်ဦး၊
(ည) မော်တော်ယာဉ်နှစ်စီး၊
(ဋ) ယာဉ်မောင်းနှစ်ဦး၊
(ဌ) မော်တော်ယာဉ်နှစ်စီးအတွက် တစ်စီးလျှင်စက်သုံးဆီတစ်လဂါလံ ၆၀ နှုန်း၊
(ဍ) မော်တော်ယာဉ်နှစ်စီးအတွက် အမှန်ကုန်ကျသည့် စက်ဆီနှင့်ချောဆီ။

အခန်း(၅)
အထွေထွေ
၁၄။ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် ကောင်စီဝင်များသည် နိုင်ငံတော်သမ္မတက နေပြည်တော် ကောင်စီ ကို ဖွဲ့စည်းခန့်အပ် တာဝန်ပေးသည့်နေ့မှစ၍ ဤဥပဒေပါ ချီးမြှင့်ငွေ၊ စရိတ်နှင့် အဆောင်အယောင်များ ကို ခံစားခွင့်ရှိစေရမည်။
၁၅။ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် ကောင်စီဝင်များ၏ချီးမြှင့်ငွေ၊ စရိတ်နှင့် အဆောင်အယောင်များ အတွက် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေတွင် ခွဲဝေသတ်မှတ်ထားရှိရမည်။
၁၆။ ဤဥပဒေပါ ပုဂ္ဂိုလ်များနှင့် ယင်းတို့၏ကိုယ်ရေးအရာရှိများအတွက် လစာနှင့်စရိတ်များကို သက်ဆိုင်ရာရုံးများကလည်း ကောင်း၊ အဆောင်ယောင်နှင့်စပ်လျဉ်း၍ နောက်ဆက်တွဲဇယားတွင် ဖော်ပြထားသည့် အစိုးရဌာန၊ အဖွဲ့အစည်းများကလည်း ကောင်း တာဝန်ယူဆောင်ရွက်ပေးရမည်။
၁၇။ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် ကောင်စီဝင်များသည်-
(က) သက်တမ်းကာလအပြည့်တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ပါက မိမိရရှိသည့် လစဉ်ချီးမြှင့်ငွေကို အခြေခံ၍ ပြည်ထောင်စု အစိုးရအဖွဲ့က သတ်မှတ်သည့် တစ်လုံးတစ်ခဲတည်းသော နိုင်ငံရေးပင်စင် ချီး မြှင့်ငွေကို ခံစားခွင့်ရှိသည်။
(ခ) အပြစ်တစ်စုံတစ်ရာမရှိဘဲ သက်တမ်းကာလမပြည့်မီ ကျန်းမာရေးချို့ယွင်းခြင်းကြောင့် ဆက်လက် တာဝန်ထမ်းဆောင်နိုင်ခြင်း မရှိလျှင်ဖြစ်စေ၊ သက်တမ်းတစ်ခုတွင် လစ်လပ်ရာထူးအတွက် တာဝန်ပေး အပ်ခြင်းကြောင့် တာဝန်ထမ်းဆောင်ရလျှင်ဖြစ်စေ ယင်း တာဝန်ထမ်းဆောင်သည့်ကာလအတွက် မိမိရရှိ သည့် လစဉ်ချီးမြှင့်ငွေကို အခြေခံ၍ ပြည်ထောင်စုအစိုးရအဖွဲ့ကသတ်မှတ်သည့် တစ်လုံးတစ်ခဲတည်း သော နိုင်ငံရေးပင်စင်ချီးမြှင့်ငွေကို ခံစားခွင့်ရှိသည်။
(ဂ) သက်တမ်းကာလမပြည့်မီ ကွယ်လွန်ပါက ယင်းတို့ရရှိသည့် လစဉ်ချီးမြှင့်ငွေကို အခြေခံ၍ ပြည် ထောင်စုအစိုးရအဖွဲ့က သတ်မှတ်သည့် တစ်လုံးတစ်ခဲတည်းသော မိသားစုနိုင်ငံရေးပင်စင် ချီးမြှင့်ငွေကို ခံစားခွင့်ရှိသည်။
(ဃ) နိုင်ငံရေးပင်စင် တစ်ရပ်ထက်ပို၍ ခံစားခွင့်ရှိသူဖြစ်ပါက ယင်းတို့အနက် မိမိနှစ်သက်ရာ တစ်မျိုး တည်းကိုသာ ခံစားခွင့်ရှိသည်။
၁၈။ ဤဥပဒေအရ ခံစားခွင့်ပြုသည့် ချီးမြှင့်ငွေအပေါ် ဝင်ငွေခွန်ကောက်ခံရမည်။ သို့ရာတွင် စရိတ်အပေါ် ဝင်ငွေခွန်ကောက်ခံခြင်းမှ ကင်းလွတ်စေရမည်။
<ပြင်ဆင် 09.12.2014>
၁၉။ ဤဥပဒေကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဖွဲ့စည်းသည့် ပြည်ထောင်စုလွှတ်တော်က ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း သို့မဟုတ် ရုပ်သိမ်းခြင်း ပြုလုပ်နိုင်သည်။ ပြည်ထောင်စုလွှတ်တော်က ရုပ်သိမ်းခြင်း မပြုလုပ်သရွေ့ ဤဥပဒေသည် အတည်ဖြစ်သည်။
၂၀။ ပြည်ထောင်စုအစိုးရအဖွဲ့သည် ဤဥပဒေပါ ချီးမြှင့်ငွေ၊ စရိတ်၊ အဆောင်အယောင်များနှင့် စပ်လျဉ်း၍ လိုအပ်သော အမိန့်နှင့် ညွှန်ကြားချက်များကို ထုတ်ပြန်နိုင်သည်။

(ပုံ)သန်းရွှေ
ဗိုလ်ချုပ်မှူးကြီး
ဥက္ကဋ္ဌ
နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ

—– Attachment —–
[ ပူးတွဲဖော်ပြသော စာရင်း 1 ] 01 [SCHEDULE] နောက်ဆက်တွဲဇယား အဆောင်အယောင်နှင့်စပ်လျဉ်း၍တာဝန်ယူဆောင်ရွက်ပေးရမည့် အစိုးရဌာန၊ အဖွဲ့အစည်းများ

Leave a comment