နိုင်ငံတော်၏အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးအတွက်လိုအပ်သောအသုံးစရိတ်ဆိုင်ရာအထူးရန်ပုံငွေဥပဒေ

ပြည်ထောင်စုမြန်မာနိုင်ငံတော်
နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ
နိုင်ငံတော်၏အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးအတွက်လိုအပ်သောအသုံးစရိတ်ဆိုင်ရာအထူးရန်ပုံငွေဥပဒေ
(နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥပဒေအမှတ် ၁၀/၂၀၁၁)
၁၃၇၂ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၈ရက်
(၂၀၁၁ ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက်)
နိဒါန်း
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည် သမိုင်းအစဉ်အလာကြီးမား၍ တိုင်းရင်းသားပြည်သူ အပေါင်း စည်းလုံးညီညွတ်စွာ တစ်သားတည်းနေထိုင်လာခဲ့ကြပြီး အချုပ်အခြာအာဏာပိုင် လွတ်လပ် သော နိုင်ငံအဖြစ် ထူထောင်ရပ်တည်ခဲ့ပေသည်။
တိုင်းရင်းသားပြည်သူအပေါင်းတို့သည် ပြည်ထောင်စု မပြိုကွဲရေး၊တိုင်းရင်းသားစည်းလုံးညီညွတ်မှု မ ပြိုကွဲရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဟူသော ဦးတည်ချက်များကို အစဉ်တစိုက် မမှိတ် မသုန်စွဲမြဲစွာ ခံယူစောင့်ထိန်းသွားကြမည်ဟု သန္နိဋ္ဌာန်ချမှတ်ခဲ့သည်။
ထိုသို့ တိုင်းရင်းသားပြည်သူအပေါင်းတို့ ချမှတ်ထားသည့် မွန်မြတ်သောသန္နိဋ္ဌာန်ကို ခိုင်မြဲစေရေးအ တွက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၀၊ ပုဒ်မခွဲ (စ) တွင် တပ်မ တော်သည် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရန် အဓိကတာဝန်ရှိသည်ဟု လည်းကောင်း၊ ပုဒ်မ ၁၃၇ တွင် တပ်မတော်သည် နိုင်ငံတော်ကာကွယ်ရေးအတွက် အဓိကကျသော လက် နက်ကိုင်တပ်ဖွဲ့ဖြစ်သည်ဟုလည်းကောင်း၊ ပုဒ်မ ၃၉၉ တွင် နိုင်ငံတော်အား ပြည်တွင်းပြည်ပအန္တရာယ် များမှ ကာကွယ်ရေးအတွက် တပ်မတော်က ဦးဆောင်ရမည်ဟုလည်းကောင်း ပြဋ္ဌာန်းထားသည်။
သို့ဖြစ်ပါ၍ နိုင်ငံတော်၏အချုပ်အခြာအာဏာ မဆုံးရှုံးစေရေးအတွက် အရေးကြီးလိုအပ်သော အသုံးစ ရိတ်များ သုံးစွဲနိုင်ရန်အလို့ငှာ နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီသည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။

အခန်း(၁)
အမည်၊ စတင်အာဏာတည်ခြင်းနှင့် အဓိပ္ပာယ်ဖော်ပြချက်
၁။(က) ဤဥပဒေကို နိုင်ငံတော်အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးအတွက် လိုအပ်သော အသုံးစ ရိတ်ဆိုင်ရာ အထူးရန်ပုံငွေဥပဒေဟု ခေါ်တွင်စေရမည်။
(ခ) ဤဥပဒေသည် ချက်ချင်းအာဏာတည်ရမည်။
၂။ ဤဥပဒေတွင်ပါရှိသော အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပာယ်သက်ရောက်စေရ မည်-
(က) နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုသည်မှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေ ခံဥပဒေကို ဆိုသည်။
(ခ) တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဆိုသည်မှာ လက်နက်ကိုင်တပ်ဖွဲ့အားလုံး၏ အကြီးအကဲကို ဆို သည်။
(ဂ) အထူးရန်ပုံငွေဆိုသည်မှာ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရာတွင်လည်း ကောင်း၊နိုင်ငံတော်အား ပြည်တွင်းပြည်ပအန္တရာယ်များမှ ကာကွယ်ရာတွင်လည်းကောင်း၊ အထူးလိုအပ် သည်များကို သုံးစွဲနိုင်ရန် ထူထောင်ထားသော ရန်ပုံငွေကို ဆိုသည်။

အခန်း(၂)
အထူးရန်ပုံငွေထူထောင်ခြင်း
၃။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ တင်ပြချက်အရ အထူးရန်ပုံငွေသို့ နှစ်စဉ်လိုအပ်သော ငွေကြေး ပမာဏကို နိုင်ငံတော်သမ္မတ၏ သဘောတူညီချက်ဖြင့် ဖြည့်ဆည်းပေးရမည်။

အခန်း(၃)
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ လုပ်ပိုင်ခွင့်
၄။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးတာဝန်များကို ထမ်းဆောင်ရာတွင် ကုန်ကျသော အသုံးစရိတ်များကို အထူးရန်ပုံငွေမှ ပြည်တွင်းသုံးငွေ (သို့မဟုတ်) နိုင်ငံခြားသုံးငွေဖြင့် သုံးစွဲခွင့်ရှိသည်။
၅။ အထက်ပါ အထူးရန်ပုံငွေသုံးစွဲခြင်းနှင့်စပ်လျဉ်း၍ မည်သည့်ပုဂ္ဂိုလ် (သို့မဟုတ်) အဖွဲ့အစည်းကမျှ မေးမြန်းခြင်း၊တင်ပြစေခြင်း၊စာရင်းစစ်ဆေးခြင်း ခံယူရန်မလို။
၆။နှစ်စဉ် အထူးရန်ပုံငွေအသုံးစရိတ်များကို ဘဏ္ဍာရေးနှစ်ကုန်ဆုံးသည့်အခါတွင် နိုင်ငံတော်သမ္မတထံ ရှင်းလင်းတင်ပြဆောင်ရွက်ရမည်။

(ပုံ) သန်းရွှေ
ဗိုလ်ချုပ်မှူးကြီး
ဥက္ကဋ္ဌ
နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံဖြိုးရေးကောင်စီ

Leave a comment