ကိုယ်ပိုင်ကျောင်းမှတ်ပုံတင်ဥပဒေ
(၂၀၁၁ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၁၄။)
၁၃၇၃ ခုနှစ်၊ နတ်တော်လဆန်း ၇ ရက်
(၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလ ၂ ရက်)
ပြည်ထောင်စုလွှတ်တော်သည် အောက်ပါဥပဒေကို ပြဋ္ဌာန်းလိုက်သည်။
အခန်း (၁)
အမည်နှင့် အဓိပ္ပာယ်ဖော်ပြချက်
၁။ ဤဥပဒေကို ကိုယ်ပိုင်ကျောင်းမှတ်ပုံတင်ဥပဒေဟုခေါ်တွင်စေရမည်။
၂။ ဤဥပဒေတွင် ပါရှိသော အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပာယ်သက်ရောက် စေရမည်-
(က) ကိုယ်ပိုင်ကျောင်း ဆိုသည်မှာ ပညာရေးအရည်အသွေးမြင့်မားရေးအတွက် ပညာရေးဝန်ကြီးဌာနက သတ်မှတ်သော အခြေခံပညာသင်ရိုးညွှန်းတမ်းနှင့် သင်ရိုးမာတိကာများပါဘာသာရပ်များ အတိုင်းဖြစ် စေ၊ အဆိုပါဘာသာရပ်များအတွက် သင်ခန်းစာများ ထပ်ဆောင်း၍ဖြစ်စေ လေ့ကျင့်သင်ကြားပေးသော ပုဂ္ဂလိကတည်ထောင်ဖွင့်လှစ်သည့် အခြေခံပညာကျောင်းကိုဆိုသည်။
(ခ) ကိုယ်ပိုင်ကျောင်းဆရာ ဆိုသည်မှာ ကိုယ်ပိုင်ကျောင်းတွင်သင်ကြားရန် ကိုယ်ပိုင်ကျောင်းဆရာ မှတ်ပုံတင်လက်မှတ်ရရှိသူကို ဆိုသည်။
(ဂ) တည်ထောင်ဖွင့်လှစ်သူ ဆိုသည်မှာ ကိုယ်ပိုင်ကျောင်းတည်ထောင်ဖွင့်လှစ်ရန် ငွေကြေး၊ မြေနေရာ၊ စာသင်ဆောင်၊ ဘော်ဒါဆောင်၊ ပစ္စည်း၊ ပရိဘောဂ စသည့်အရင်းအနှီးစိုက်ထုတ်ထားသော ပုဂ္ဂိုလ်ကို ဆိုသည်။
(ဃ) ကိုယ်ပိုင်ကျောင်းမှတ်ပုံတင်လက်မှတ် ဆိုသည်မှာ ကိုယ်ပိုင်ကျောင်း တည်ထောင်ဖွင့်လှစ်ခွင့် ရရှိသူအား ပညာရေးဝန်ကြီးဌာနက ကိုယ်ပိုင်ကျောင်းအဖြစ် အသိအမှတ်ပြုထုတ်ပေးသည့် မှတ်ပုံတင် လက်မှတ်ကိုဆိုသည်။
(င) ကိုယ်ပိုင်ကျောင်းဆရာ မှတ်ပုံတင်လက်မှတ် ဆိုသည်မှာ ကိုယ်ပိုင်ကျောင်းဆရာအဖြစ် သင်ကြားခွင့် ရရှိသူအား ပညာရေးအရာရှိက ကိုယ်ပိုင်ကျောင်းဆရာအဖြစ် အသိအမှတ်ပြု ထုတ်ပေးသည့် မှတ်ပုံတင် လက်မှတ်ကိုဆိုသည်။
(စ) ဘော်ဒါဆောင် ဆိုသည်မှာ ကိုယ်ပိုင်ကျောင်း၏ ကျောင်းသားများနေထိုင်ရန် စီမံထားသော အဆောက်အအုံကို ဆိုသည်။
(ဆ) ထပ်ဆောင်းဘာသာရပ် ဆိုသည်မှာ သတ်မှတ်ထားသော ကျောင်းသင်ဘာသာရပ် များအပြင် ပညာရေးဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် ထပ်ဆောင်းသင်ကြားပေးသော ဘာသာစကားနှင့် ဘာသာရပ် များကိုဆိုသည်။
(ဇ) ထပ်ဆောင်းသင်ခန်းစာများ ဆိုသည်မှာ ကျောင်းသင်ဘာသာရပ်ပါ သင်ခန်းစာများ အပြင်ထပ်ဆောင်း သင်ကြားသည့် သင်ခန်းစာများ၊ ထပ်ဆောင်းဘာသာရပ်တွင် သင်ကြားသည့် သင်ခန်းစာများကိုဆို သည်။
(ဈ) ပညာရေးဝန်ကြီးဌာန ဆိုသည်မှာ ပြည်ထောင်စုအစိုးရအဖွဲ့၏ ပညာရေးဝန်ကြီးဌာနကို ဆိုသည်။
(ည) ညွှန်ကြားရေးမှူးချုပ် ဆိုသည်မှာ သတ်မှတ်ထားသောတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ပညာရေးလုပ်ငန်းများကို ကြီးကြပ်ကွပ်ကဲရန် တာဝန်ပေးခြင်းခံရသော သက်ဆိုင်ရာ အခြေခံပညာ ဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ်ကိုဆိုသည်။
(ဋ) ပညာရေးအရာရှိ ဆိုသည်မှာ သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အတွင်းရှိ အခြေခံပညာရုံးများနှင့် ကျောင်းများကို ကြီးကြပ်ကွပ်ကဲရန် တာဝန်ပေးအပ်ထားသည့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ပညာရေးမှူးကိုဆိုသည်။
အခန်း (၂)
လုပ်ငန်းတာဝန်များ
၃။ ပညာရေးဝန်ကြီးဌာန၏ လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်းဖြစ်သည်-
(က) ကိုယ်ပိုင်ကျောင်းနှင့် ကိုယ်ပိုင်ကျောင်းဆရာများနှင့် ပတ်သက်၍ မူဝါဒချမှတ်ခြင်း၊
(ခ) ကိုယ်ပိုင်ကျောင်းနှင့် ကိုယ်ပိုင်ကျောင်းဆရာများအား ကြီးကြပ်ရေးနှင့် စပ်လျဉ်း၍ ညွှန်ကြားရေးမှူးချုပ်များနှင့် ပညာရေးအရာရှိများအား လိုအပ်သလို လမ်းညွှန်ခြင်းနှင့် ကြီးကြပ် ကွပ်ကဲခြင်း၊
(ဂ) ကိုယ်ပိုင်ကျောင်းတွင် သင်ကြားမည့် ထပ်ဆောင်းသင်ခန်းစာများအတွက် စစ်ဆေးရေး အဖွဲ့များ ဖွဲ့စည်းတာဝန်ပေးအပ်ခြင်း၊
(ဃ) ကိုယ်ပိုင်ကျောင်းတည်ထောင်ဖွင့်လှစ်ခွင့်ပြုခြင်း၊ တည်ထောင်ဖွင့်လှစ်ခွင့်ပြုရန် ငြင်းပယ်ခြင်း သို့မဟုတ် ကိုယ်ပိုင်ကျောင်းမှတ်ပုံတင်လက်မှတ်ကို ပယ်ဖျက်ခြင်း၊
(င) ပြည်ထောင်စုအစိုးရအဖွဲ့က အခါအားလျော်စွာ ပေးအပ်သောလုပ်ငန်းတာဝန်များကို ထမ်းဆောင် ခြင်း။
၄။ ပညာရေးဝန်ကြီးဌာနသည် ကိုယ်ပိုင်ကျောင်း တည်ထောင်ဖွင့်လှစ်ခွင့်မပြုမီ သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရထံမှ ကျောင်းတည်ထောင်ဖွင့်လှစ်ခွင့်နှင့် စပ်လျဉ်း၍ သဘောထားမှတ်ချက် တောင်းခံရမည်။
၅။ ညွှန်ကြားရေးမှူးချုပ်၏ လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်းဖြစ်သည်-
(က) ကိုယ်ပိုင်ကျောင်းနှင့် ကိုယ်ပိုင်ကျောင်းဆရာများ၏ လုပ်ငန်းဆောင်ရွက်မှုများ စနစ်တကျရှိရေးနှင့် စည်းကမ်းတကျဖြစ်ရေးအတွက် သက်ဆိုင်ရာ ပညာရေးအရာရှိများအား ကြီးကြပ်ကွပ်ကဲခြင်း၊
(ခ) ကိုယ်ပိုင်ကျောင်း တည်ထောင်ဖွင့်လှစ်နိုင်ရေးအတွက် လျှောက်ထားချက်နှင့် စပ်လျဉ်း၍ လည်းကောင်း၊ စည်းကမ်းဖောက်ဖျက်သော ကိုယ်ပိုင်ကျောင်း သို့မဟုတ် သတ်မှတ်ချက်နှင့် ညီညွတ် ပြည့်စုံမှုမရှိသော ကိုယ်ပိုင်ကျောင်းနှင့် စပ်လျဉ်း၍ လည်းကောင်း ပညာရေးအရာရှိ၏ တင်ပြချက်အပေါ် သဘောထားမှတ်ချက်ဖြင့် ပညာရေးဝန်ကြီးဌာနသို့ ဆက်လက်တင်ပြခြင်း၊
(ဂ) ထပ်ဆောင်းသင်ခန်းစာများအတွက် စစ်ဆေးရေးအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်ခြင်း၊
(ဃ) ထပ်ဆောင်းသင်ခန်းစာများကို စိစစ်၍ သဘောထားမှတ်ချက်ဖြင့် ပညာရေးဝန်ကြီးဌာနသို့ တင်ပြခြင်း၊ ပညာရေးဝန်ကြီးဌာန၏ သဘောထားမှတ်ချက်အား ဆက်လက်အကြောင်းကြားခြင်း၊
(င) ကိုယ်ပိုင်ကျောင်း၏ သင်ကြားမှုနှင့် စပ်လျဉ်း၍ သတ်မှတ်ချက်များနှင့် ညီညွှတ်မှု ရှိ မရှိအခါ အားလျော်စွာ စစ်ဆေးခြင်းနှင့် စစ်ဆေးစေခြင်း၊
(စ) ကိုယ်ပိုင်ကျောင်းဆရာနှင့် စပ်လျဉ်း၍ ပညာရေးအရာရှိ၏ ဆုံးဖြတ်ချက်အပေါ် အယူခံမှုကို အဆုံးအဖြတ် ပေးခြင်း၊
(ဆ) ပုဒ်မခွဲ (စ) အရချမှတ်သော ညွှန်ကြားရေးမှူးချုပ်၏ ဆုံးဖြတ်ချက်သည် အပြီးအပြတ်ဖြစ်ခြင်း၊
(ဇ) ပညာရေးဝန်ကြီးဌာနက အခါအားလျော်စွာ ပေးအပ်သည့် လုပ်ငန်းတာဝန်များကို ထမ်းဆောင်ခြင်း။
၆။ ပညာရေးအရာရှိ၏ လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်းဖြစ်သည်-
(က) ကိုယ်ပိုင်ကျောင်းတည်ထောင်ဖွင့်လှစ်နိုင်ရေးအတွက် လျှောက်ထားချက်နှင့်စပ်လျဉ်း၍ အဖွဲ့ဖွဲ့ စည်းပြီး ကွင်းဆင်းစစ်ဆေးစေခြင်းနှင့် စစ်ဆေးတွေ့ရှိချက်ကို သဘောထားမှတ်ချက်ဖြင့် ညွှန်ကြား ရေးမှူးချုပ် ထံ တင်ပြခြင်း၊
(ခ) စည်းကမ်းဖောက်ဖျက်သော ကိုယ်ပိုင်ကျောင်း သို့မဟုတ် သတ်မှတ်ချက်နှင့် ညီညွတ်ပြည့်စုံ မှုမရှိသော ကိုယ်ပိုင်ကျောင်းနှင့်စပ်လျဉ်း၍ စုံစမ်းစစ်ဆေးတွေ့ရှိချက်ကို သဘောထားမှတ်ချက်နှင့်အတူ ညွှန်ကြားရေးမှူးချုပ်ထံတင်ပြခြင်း၊
(ဂ) ထပ်ဆောင်းဘာသာရပ်အတွက် ကိုယ်ပိုင်ကျောင်းဆရာ မှတ်ပုံတင်လက်မှတ်ရရှိရန် လျှောက်ထား လာပါက ညွှန်ကြားရေးမှူးချုပ်ထံတင်ပြ၍ သဘောထားမှတ်ချက်ရယူခြင်း၊
(ဃ) ကိုယ်ပိုင်ကျောင်းဆရာ မှတ်ပုံတင်လက်မှတ်ထုတ်ပေးခြင်းနှင့် ထုတ်ပေးရန် ငြင်းပယ်ခြင်း၊
(င) ထပ်ဆောင်းသင်ခန်းစာများအပေါ် သဘောထားမှတ်ချက်ဖြင့် ညွှန်ကြားရေးမှူးချုပ်ထံ တင်ပြခြင်း၊ ညွှန်ကြားရေးမှူးချုပ်၏ သဘောထားမှတ်ချက်အရ သင်ကြားရန် ခွင့်ပြုခြင်း သို့မဟုတ် သင်ကြား ခွင့်ပြုရန် ငြင်းပယ်ခြင်း၊
(စ) စည်းကမ်းဖောက်ဖျက်သော ကိုယ်ပိုင်ကျောင်းဆရာကို သတိပေးခြင်း၊ ကိုယ်ပိုင်ကျောင်းဆရာ မှတ်ပုံတင်လက်မှတ်ကို ကာလအကန့်အသတ်ဖြင့် ရပ်ဆိုင်းခြင်း သို့မဟုတ် ပယ်ဖျက်ခြင်း၊
(ဆ) ကိုယ်ပိုင်ကျောင်း သင်ကြားမှုနှင့် စပ်လျဉ်း၍ သတ်မှတ်ချက်များနှင့် ညီညွတ်မှုရှိ မရှိ အခါအားလျော်စွာ စစ်ဆေးခြင်းနှင့် စစ်ဆေးစေခြင်း၊
(ဇ) ပညာရေးဝန်ကြီးဌာနနှင့် ညွှန်ကြားရေးမှူးချုပ်တို့က အခါအားလျော်စွာပေးအပ်သည့် လုပ်ငန်း တာဝန်များကို ထမ်းဆောင်ခြင်း။
အခန်း(၃)
ကိုယ်ပိုင်ကျောင်းမှတ်ပုံတင်လက်မှတ် ထုတ်ပေးခြင်း
၇။ (က) ကိုယ်ပိုင်ကျောင်း တည်ထောင်ဖွင့်လှစ်ရာတွင်-
(၁) ပြည်ပနိုင်ငံအကူအညီဖြင့် တည်ထောင်ဖွင့်လှစ်သောကျောင်း မဖြစ်စေရ။
(၂) နိုင်ငံခြားအဖွဲ့အစည်းမှ ဦးစီးတည်ထောင်ဖွင့်လှစ်သော သို့မဟုတ် ထိုအဖွဲ့အစည်း၏ အကူအညီဖြင့် တည်ထောင်ဖွင့်လှစ်သော ကျောင်းမဖြစ်စေရ။
(၃) သာသနာပြုကျောင်းမဖြစ်စေရ။
(ခ) ကိုယ်ပိုင်ကျောင်းတည်ထောင်ဖွင့်လှစ်လိုသော ပုဂ္ဂိုလ်သည် အောက်ပါအချက်များနှင့် ကိုက်ညီရမည်-
(၁) တစ်ဦးတည်းက တည်ထောင်ဖွင့်လှစ်လိုခြင်းဖြစ်ပါက မြန်မာနိုင်ငံသားဖြစ်ခြင်း။
(၂) အဖွဲ့အစည်းက တည်ထောင်ဖွင့်လှစ်လိုခြင်းဖြစ်ပါက ထိုအဖွဲ့အစည်း၏ အုပ်ချုပ်မှု အဖွဲ့ဝင်အားလုံး သည် မြန်မာနိုင်ငံသားဖြစ်ခြင်း။
၈။ ကိုယ်ပိုင်ကျောင်းတည်ထောင်ဖွင့်လှစ်နိုင်ရန် အောက်ပါလိုအပ်ချက်များနှင့် ပြည့်စုံရမည်-
(က) အခြေခံပညာမူလတန်းကျောင်း၊ အလယ်တန်းကျောင်း သို့မဟုတ် အထက်တန်းကျောင်းကို ဖွင့်လှစ်ရန် စီမံထားရှိခြင်း၊
(ခ) ကျောင်းပတ်ဝန်းကျင်၊ ကျောင်းဝင်း၊ ကျောင်းစာသင်ခန်းများသည် ကျန်းမာရေးနှင့်ညီညွတ်၍ သန့်ရှင်းစင်ကြယ်မှုရှိခြင်း၊
(ဂ) ကျောင်းအဆောက်အအုံသည် ကျောင်းအဖြစ် အသုံးပြုနိုင်သည့် အခြေအနေရှိခြင်း၊
(ဃ) ကျောင်းသားများ၏ အသက်အရွယ်နှင့် ကျောင်းသားဦးရေအလိုက် ကျောင်းသုံးပရိဘောဂ၊ သင်ကြားမှု အထောက်အကူ ကိရိယာပစ္စည်းများ၊ နေရာထိုင်ခင်းများ၊ ကျောင်းစုဝေးပွဲနှင့် အားကစား ပြုလုပ်ရန် နေရာများ သင့်တင့်လုံလောက်စွာရှိခြင်း၊
(င) ထပ်ဆောင်းသင်ခန်းစာများကို ပြည့်စုံမှန်ကန်စွာပြုစုတင်ပြခြင်း၊
(စ) ကိုယ်ပိုင်ကျောင်း၏ အတန်းများတွင် ဘာသာရပ်အလိုက် သင်ကြားမည့် ကိုယ်ပိုင်ကျောင်း ဆရာဦးရေ လုံလောက်မှုရှိခြင်း၊
(ဆ) ကိုယ်ပိုင်ကျောင်းတွင် သင်ကြားမည့် ရက်သတ္တပတ်သင်ကြားမှု အစီအစဉ်ကို စနစ်တကျရေးဆွဲ ထားခြင်း၊
(ဇ) ဘော်ဒါဆောင်ထားရှိပါက-
(၁) ဘော်ဒါဆောင်အဆောက်အအုံသည် ဘော်ဒါဆောင်အဖြစ် အသုံးပြုနိုင်သည့် အခြေအနေရှိခြင်း၊
(၂) အမျိုးသားဘော်ဒါဆောင်နှင့် အမျိုးသမီးဘော်ဒါဆောင်များကို သီးခြားစီထားရှိပြီး ဘော်ဒါဆောင် အား လုံခြုံစွာ ကာရံထားရှိခြင်း၊
(၃) ဘော်ဒါဆောင်အလိုက် အဆောင်မှူးထားရှိခြင်း၊
(၄) အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှု အစီအမံများ ထားရှိခြင်း၊
(၅) ကျန်းမာရေးနှင့်ညီညွတ်သည့်စားရိပ်သာ စီစဉ်ထားရှိခြင်း။
၉။ ပုဒ်မ ၇ ပါအချက်များနှင့် ကိုက်ညီသောပုဂ္ဂိုလ်သည် ပုဒ်မ ၈ ပါ လိုအပ်ချက်များနှင့် ပြည့်စုံသောကိုယ်ပိုင်ကျောင်း တည်ထောင်ဖွင့်လှစ်လိုပါက သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ပညာရေးမှူးရုံးသို့ လျှောက်ထားရမည်။
၁၀။ (က) ပညာရေးအရာရှိသည် ပုဒ်မ ၉ အရ လျှောက်ထားချက်ကို သတ်မှတ်ချက်နှင့်အညီ စိစစ်ပြီး သဘောထားမှတ်ချက်ဖြင့် ညွှန်ကြားရေးမှူးချုပ်ထံတင်ပြရမည်။
(ခ) ညွှန်ကြားရေးမှူးချူပ်သည် ပုဒ်မခွဲ (က)အရ ပညာရေးအရာရှိ၏ တင်ပြချက်အပေါ် သတ်မှတ်ချက်များနှင့်အညီ စိစစ်ပြီး သဘောထားမှတ်ချက်ဖြင့် ပညာရေးဝန်ကြီးဌာနသို့ တင်ပြရမည်။
(ဂ) ပညာရေးဝန်ကြီးဌာနသည် ပုဒ်မခွဲ (ခ) အရ တင်ပြသော ကိုယ်ပိုင်ကျောင်း မှတ်ပုံတင် လျှောက်လွှာများကို စိစစ်ပြီး ကိုယ်ပိုင်ကျောင်းတည်ထောင်ဖွင့်ရန်ခွင့်ပြုခြင်း သို့မဟုတ် ငြင်းပယ်ခြင်း ပြုနိုင်သည်။
(ဃ) ပညာရေးဝန်ကြီးဌာနသည် ကိုယ်ပိုင်ကျောင်းတည်ထောင်ဖွင့်လှစ်ခွင့်မပြုမီ သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရထံ ကျောင်းတည်ထောင်ဖွင့်လှစ်ခွင့်နှင့် စပ်လျဉ်း၍ သဘော ထားမှတ်ချက်တောင်းခံရမည်။
(င)ပုဒ်မခွဲ (ဂ) အရ ချမှတ်သော ပညာရေးဝန်ကြီးဌာန၏ အဆုံးအဖြတ်သည် အပြီးအပြတ်ဖြစ်သည်။
၁၁။ ပုဒ်မ ၁၀၊ ပုဒ်မခွဲ(ဂ) အရ ကိုယ်ပိုင်ကျောင်း တည်ထောင်ဖွင့်လှစ်ခွင့်ပြုပါက သတ်မှတ်ထားသည့် မှတ်ပုံတင်ကြေး ပေးသွင်းစေပြီး သက်ဆိုင်ရာ လျှောက်ထားသူအား ကိုယ်ပိုင်ကျောင်း မှတ်ပုံတင် လက်မှတ်ကို စည်းကမ်းချက်များနှင့်အတူ ပညာရေးဝန်ကြီးဌာနက ထုတ်ပေးရမည်။
၁၂။ သက်ဆိုင်ရာ ပညာရေးအရာရှိသည် မှတ်ပုံတင်ခွင့်ရရှိသည့် ကိုယ်ပိုင်ကျောင်း၏ အချက်အလက် များကို မှတ်ပုံတင်စာအုပ်တွင် ရေးသွင်းရမည်။ ထိုမှတ်ပုံတင်စာအုပ်ကို အများပြည်သူတို့အား သင့်လျော်သော အချိန်တွင် ကြည့်ရှုစစ်ဆေးခွင့်ပြုရမည်။
၁၃။ တည်ထောင်ဖွင့်လှစ်သူသည် ကိုယ်ပိုင်ကျောင်းမှတ်ပုံတင်လက်မှတ်ကို ထိုကိုယ်ပိုင်ကျောင်းတွင် အများပြည်သူတို့ မြင်သာသည့်နေရာ၌ ချိတ်ဆွဲထားရမည်။
၁၄။ တည်ထောင်ဖွင့်လှစ်သူသည် ကိုယ်ပိုင်ကျောင်းကို ဆက်လက်တည်ထောင်ဖွင့်လှစ်လိုပါက သတ်မှတ်ထားသည့် နှစ်စဉ်ကြေးကို သတ်မှတ်ချက်များနှင့်အညီ ပေးသွင်းရမည်။
၁၅။ တည်ထောင်ဖွင့်လှစ်သူသည် ကိုယ်ပိုင်ကျောင်းဆရာ နုတ်ထွက်လျှင်ဖြစ်စေ၊ အသစ်ခန့်ထား လျှင်ဖြစ်စေ သတ်မှတ်ချက်များနှင့်အညီ ပညာရေးအရာရှိထံ အသိပေးတင်ပြရမည်။
၁၆။ မည်သည့်ကိုယ်ပိုင်ကျောင်းမဆို အောက်ပါအချက်များကိုလိုက်နာရမည်-
(က) ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာ အာဏာတည်တံ့ခိုင်မြဲရေးတို့ကို အလေးထားဆောင်ရွက်ခြင်း၊
(ခ) ပုဒ်မ ၈ ပါ ကိုယ်ပိုင်ကျောင်းတည်ထောင်ဖွင့်လှစ်ရန် လိုအပ်သည့်အချက်များကို ပြည့်စုံစွာ ဆောင်ရွက်ခြင်း၊
(ဂ) ကိုယ်ပိုင်ကျောင်းကို စနစ်တကျ စီမံခန့်ခွဲနိုင်သည့် အရည်အချင်းနှင့် ပြည့်စုံသူကိုသာ ကိုယ်ပိုင်ကျောင်း ကြီးကြပ်အုပ်ချုပ်သူအဖြစ် တာဝန်ပေးဆောင်ရွက်စေခြင်း၊
(ဃ) သက်ဆိုင်ရာပညာသင်နှစ်အတွက် သတ်မှတ်ထားသည့် နှစ်စဉ်ကြေးပေးသွင်းပြီးသော ကိုယ်ပိုင်ကျောင်းဆရာ မှတ်ပုံတင်လက်မှတ်ရှိသူကိုသာ သင်ကြားခွင့်ပြုခြင်း၊
(င) ကျောင်းသားများ၏ စာရိတ္တဗလ၊ ဉာဏဗလ၊ ကာယဗလစွမ်းရည်များ မြင့်မားတိုးတက်စေသည့် ပတ်ဝန်းကျင်အခြေအနေ သို့မဟုတ် သင်ကြားရေးအခြေအနေ ဖြစ်ပေါ်စေရန် ဆောင်ရွက်ခြင်း၊
(စ) ကိုယ်ပိုင်ကျောင်း၌ သင်ကြားပေးသည့် အကြောင်းအရာများသည် မြန်မာနိုင်ငံသား ကလေးများအတွက် သင့်လျော်မှုရှိစေရန်နှင့် ကိုယ်ပိုင်ကျောင်းဆရာများ၏ သင်ကြားမှုတိုးတက်စေရန် ဆောင်ရွက်ခြင်း၊
(ဆ) ကိုယ်ပိုင်ကျောင်းတွင် ကျောင်းသားများအား နိုင်ငံတော်၏အကျိုးကိုထိခိုက်သော သို့မဟုတ် နိုင်ငံတော်၏မူဝါဒနှင့် ဆန့်ကျင်သောအကြောင်းအရာများ သင်ကြားမှု၊ လေ့ကျင့်ခန်းပေးမှု သို့မဟုတ် ယင်းသို့ပြုလုပ်ရန် စီစဉ်ဆောင်ရွက်မှုများကိုမပြုရခြင်း၊
(ဇ) ကိုယ်ပိုင်ကျောင်းတွင် အတန်းအသီးသီး၏ ဘာသာရပ်များ၌ဖြစ်စေ၊ ထပ်ဆောင်း သင်ခန်းစာ များ၌ဖြစ်စေ သက်ဆိုင်ရာအတန်းအတွက် သတ်မှတ်သည့် သင်ရိုးမာတိကာ ထက်လျော့နည်းမှုမရှိစေရန် ဆောင်ရွက်ခြင်း၊
(ဈ) ထပ်ဆောင်းသင်ခန်းစာများအား တိကျစွာသင်ကြားနိုင်ရန် ကြပ်မတ်ဆောင်ရွက်ခြင်း၊
(ည) ပုဒ်မ ၃၇ အရ တာဝန်ဝတ္တရားဆောင်ရွက်နေသူ တစ်ဦးဦးကို အလွယ်တကူဝင်ရောက်စစ်ဆေး ဆောင်ရွက်ခွင့်ပြုခြင်း၊
(ဋ) ကျောင်းသားတစ်ဦးချင်းအလိုက် အရည်အချင်းမှတ်တမ်းချုပ်တစ်ခုစီနှင့် ကျောင်းဝင်၊ ကျောင်းထွက်၊ ကျောင်းပြောင်းစာရင်းများကို သတ်မှတ်ထားသည့်အတိုင်း စနစ်တကျထားရှိခြင်း၊
(ဌ) ကျောင်းသားတစ်ဦးချင်း၏အသက်၊ မွေးသက္ကရာဇ်ကို ပညာရေးဝန်ကြီးဌာနက သတ်မှတ်ထားသော ညွှန်ကြားချက်များနှင့်အညီ စနစ်တကျစီစစ်ထားရှိခြင်း၊
(ဍ) ကိုယ်ပိုင်ကျောင်း၏ ရသုံးငွေစာရင်းများကို ဘဏ္ဍာရေးစည်းမျဉ်း စည်းကမ်းများနှင့်အညီ ထားရှိစေခြင်း၊ ထိုစာရင်းများကိုလည်း သက်ဆိုင်ရာတာဝန်ရှိသူများအား အချိန်မရွေး ကြည့်ရှုစစ်ဆေးခွင့် ပြုခြင်း၊
(ပ) စာမေးပွဲများမှန်မှန်ကျင်းပ၍ ကျောင်းသားများကို ပညာအရည်အချင်းအလျောက် အတန်းတင်၊ အတန်းခွဲပေးခြင်းနှင့် ကျောင်းပြောင်း၊ ကျောင်းထွက်လက်မှတ်များ ထုတ်ပေးခြင်း၊
(ဏ) ဘာသာရပ်အလိုက် သင်ကြားမည့်ကိုယ်ပိုင်ကျောင်းဆရာနှင့် သင်ကြားမှုအထောက်အကူ ပစ္စည်းများလုံလောက်စွာ စီမံထားရှိသင်ကြားခြင်းနှင့် ပညာရေးဝန်ကြီးဌာနက သတ်မှတ်ညွှန်ကြားသည့် လုပ်ငန်းများကို ထိရောက်အောင်မြင်စွာဆောင်ရွက်ခြင်း၊
(တ) ပညာရေးဝန်ကြီးဌာန၏ ခွင့်ပြုချက်ရရှိမှသာ တည်ထောင်ဖွင့်လှစ်သူ ပြောင်းလဲခြင်း သို့မဟုတ် ကိုယ်ပိုင်ကျောင်းအမည်ပြောင်းလဲခြင်း၊
(ထ) မိဘအုပ်ထိန်းသူ၏သဘောတူညီချက်ရရှိမှသာ ကျောင်းသား၏အမည်ကို ပြောင်းလဲခြင်း သို့မဟုတ် ထပ်ဆောင်းအမည်ပေးခြင်း၊
(ဒ) သင့်လျော်သောကျောင်းဝတ်စုံကို သတ်မှတ်ခြင်း၊ (ယင်းသို့သတ်မှတ်ရာတွင် အခြားကိုယ်ပိုင် ကျောင်းများနှင့် ကွဲပြားစေရန်အလို့ငှာ ဝတ်စုံအရောင်ကို သတ်မှတ်ပေးနိုင်သည်။)
(ဓ) ဘာသာရေးဆိုင်ရာ သင်ခန်းစာများကို သင်ကြားပို့ချခွင့်မပြုခြင်း၊
(န) ကိုယ်ပိုင်ကျောင်းနှင့် သက်ဆိုင်သည့် စည်ကမ်းချက်များကို လိုက်နာဆောင်ရွက်ခြင်း။
အခန်း (၄)
ကိုယ်ပိုင်ကျောင်းဆရာမှတ်ပုံတင်လက်မှတ် ထုတ်ပေးခြင်း
၁၇။ (က) အောက်ပါပုဂ္ဂိုလ်တစ်ဦးဦးသည် ကိုယ်ပိုင်ကျောင်းဆရာအဖြစ် လုပ်ကိုင်လိုပါက ကိုယ်ပိုင် ကျောင်းဆရာ မှတ်ပုံတင်လက်မှတ်ရရှိရန် သတ်မှတ်ချက်များနှင့်အညီ သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ပညာရေးမှူးရုံးသို့ လျှောက်ထားရမည်-
(၁) ပြည်တွင်း သို့မဟုတ် ပြည်ပတက္ကသိုလ်တစ်ခုခုမှ ပါရဂူဘွဲ့ သို့မဟုတ် ပညာရေးဘွဲ့ ရရှိသူ၊
(၂) ပြည်တွင်း သို့မဟုတ် ပြည်ပတက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီး ဆရာအတတ်ပညာဆိုင်ရာ ဒီပလိုမာ သို့မဟုတ် လက်မှတ်ရရှိသူ၊
(၃) ပြည်တွင်း သို့မဟုတ် ပြည်ပတက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီး ပညာရေးဝန်ကြီးဌာနက ဖွင့်လှစ်သော ဆရာအတတ်ပညာ ရက်တိုသင်တန်းဆင်းလက်မှတ်ရရှိသူ။
(ခ) ပုဒ်မ (က) ပါ ပညာရေးဘွဲ့၊ ဆရာအတတ်ပညာဆိုင်ရာ ဒီပလိုမာလက်မှတ် သို့မဟုတ် ပညာရေးဝန်ကြီးဌာနကဖွင့်လှစ်သော ဆရာအတတ်ပညာ ရက်တိုသင်တန်းဆင်းလက်မှတ် မရရှိစေကာမူ ပြည်တွင်း သို့မဟုတ် ပြည်ပတက္ကသိုလ် တစ်ခုခုမှ ဘွဲ့ရရှိပြီး တက္ကသိုလ်ကောလိပ် သို့မဟုတ် အခြေခံပညာကျောင်းတွင် ဆရာအဖြစ်ဖြစ်စေ၊ နိုင်ငံတော်မှ ခွင့်ပြုထားသည့် ဘာသာပြ ဆရာအဖြစ်ဖြစ်စေ ဆောင်ရွက်ခဲ့ပြီး ဘာသာရပ်ဆိုင်ရာ သင်ကြားမှုအတွေ့အကြုံ အနည်းဆုံး ငါးနှစ် ရှိသူသည် ကိုယ်ပိုင်ကျောင်းဆရာအဖြစ်လျှောက်ထားခွင့်ရှိသည်။
၁၈။ ပညာရေးအရာရှိသည် ပုဒ်မ ၁၇ အရ လျှောက်ထားချက်ကို သတ်မှတ်ချက်များနှင့်အညီ စိစစ်ပြီး ကိုယ်ပိုင်ကျောင်းဆရာ မှတ်ပုံတင်လက်မှတ် ထုတ်ပေးရန် ခွင့်ပြုခြင်း သို့မဟုတ် ငြင်းပယ်ခြင်း ပြုနိုင်သည်။
၁၉။ ပညာရေးအရာရှိသည်-
(က) ပုဒ်မ ၁၈ အရ ကိုယ်ပိုင်ကျောင်းဆရာ မှတ်ပုံတင်လက်မှတ် ထုတ်ပေးရန် ခွင့်ပြုပါက သတ်မှတ်ထားသည့် မှတ်ပုံတင်ကြေး ပေးသွင်းစေပြီး သက်ဆိုင်ရာ လျှောက်ထားသူအား ကိုယ်ပိုင် ကျောင်းဆရာ မှတ်ပုံတင်လက်မှတ်ကို စည်းကမ်းချက်များနှင့်အတူ ထုတ်ပေးရမည်။
(ခ) ပုဒ်မခွဲ (က) အရ ထုတ်ပေးသော ကိုယ်ပိုင်ကျောင်းဆရာ မှတ်ပုံတင်လက်မှတ်တွင် သင်ကြားခွင့်ပြုသည့် ဘာသာရပ်နှင့် အခြေခံပညာအဆင့်ကို ဖော်ပြရမည်။
၂၀။ ကိုယ်ပိုင်ကျောင်းဆရာသည် သက်ဆိုင်ရာပညာသင်နှစ်အတွက် သတ်မှတ်သည့်နှစ်စဉ်ကြေးကို သတ်မှတ်ချက်များနှင့်အညီ ပေးသွင်း၍ ကိုယ်ပိုင်ကျောင်းဆရာအဖြစ် ဆက်လက်လုပ်ကိုင်နိုင်သည်။
၂၁။ ကိုယ်ပိုင်ကျောင်းဆရာသည် သတ်မှတ်ထားသော စည်းကမ်းချက်များကို လိုက်နာရမည်။
၂၂။ ပညာရေးအရာရှိသည် ကိုယ်ပိုင်ကျောင်းဆရာနှင့် သက်ဆိုင်သည့် စည်းကမ်းချက်တစ်ရပ်ရပ်ကို လိုက်နာရန် ပျက်ကွက်သော ကိုယ်ပိုင်ကျောင်းဆရာအား သတိပေးခြင်းဖြစ်စေ၊ ကိုယ်ပိုင်ကျောင်း ဆရာမှတ်ပုံတင်ကို ကာလအကန့်အသတ်ဖြင့် ရပ်ဆိုင်းခြင်း သို့မဟုတ် ပယ်ဖျက်ခြင်းဖြစ်စေ ပြုနိုင် သည်။
အခန်း (၅)
စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူခြင်းနှင့် အယူခံခြင်း
၂၃။ ပညာရေးဝန်ကြီးဌာနသည် ပုဒ်မ ၁၆ ပါ အချက်တစ်ရပ်ရပ်ကို လိုက်နာရန် ပျက်ကွက်သော တည်ထောင်ဖွင့်လှစ်သူကို သတိပေးခြင်း သို့မဟုတ် ယင်း၏ကိုယ်ပိုင်ကျောင်း မှတ်ပုံတင်လက်မှတ်ကို ပယ်ဖျက်ခြင်းပြုနိုင်သည်။
၂၄။ ပညာရေးဝန်ကြီးဌာနသည်-
(က) ကိုယ်ပိုင်ကျောင်းတစ်ကျောင်း၏ကိုယ်ပိုင်ကျောင်းမှတ်ပုံတင်လက်မှတ်ကို ပယ်ဖျက်ခြင်းမပြုမီ မည်သည့်အကြောင်းကြောင့် ထိုကိုယ်ပိုင်ကျောင်း၏ မှတ်ပုံတင်လက်မှတ်ကို မပယ်ဖျက်သင့်ကြောင်း ရက်ပေါင်း ၃၀ အတွင်း ချေပလွှာတင်သွင်းနိုင်ရန် တည်ထောင်ဖွင့်လှစ်သူထံ အကြောင်းကြားစာ ပေးပို့ရမည်။
(ခ) ကျေနပ်ဖွယ်ရာ အကြောင်းပြချက်ဖြင့် ချေပခြင်းမပြုနိုင်သော တည်ထောင်ဖွင့်လှစ်သူ၏ ကိုယ်ပိုင်ကျောင်းမှတ်ပုံတင်လက်မှတ်ကို ပယ်ဖျက်ရမည်။
၂၅။ ကိုယ်ပိုင်ကျောင်းမှတ်ပုံတင် ပယ်ဖျက်ခြင်းနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာနက ချမှတ်သည့်အမိန့် သို့မဟုတ် ဆုံးဖြတ်ချက်သည် အပြီးအပြတ်ဖြစ်သည်။
၂၆။ ကိုယ်ပိုင်ကျောင်းဆရာနှင့် ပတ်သက်၍ ပညာရေးအရာရှိ၏ အမိန့် သို့မဟုတ် ဆုံးဖြတ်ချက် တစ်ရပ်ရပ်ကို မကျေနပ်သူသည် ယင်းအမိန့် သို့မဟုတ် ဆုံးဖြတ်ချက်ကို လက်ခံရရှိသည့်နေ့မှ ရက်ပေါင်း ၃၀ အတွင်းသတ်မှတ်ချက်များနှင့်အညီ ညွှန်ကြားရေးမှူးချုပ်ထံ အယူခံနိုင်သည်။
၂၇။ ညွှန်ကြားရေးမှူးချုပ်သည် ပုဒ်မ ၂၆ အရ အယူခံမှုတွင် ပညာရေးအရာရှိ၏ အမိန့် သို့မဟုတ် ဆုံးဖြတ်ချက်သည် အတည်ပြုခြင်း၊ ပြင်ဆင်ခြင်း သို့မဟုတ် ပယ်ဖျက်ခြင်းပြုနိုင်သည်။ ညွှန်ကြားရေးမှူးချုပ်၏ အဆုံးအဖြတ်သည် အပြီးအပြတ်ဖြစ်သည်။
အခန်း (၆)
တားမြစ်ချက်များ
၂၈။ မည်သူမျှ ကိုယ်ပိုင်ကျောင်းမှတ်ပုံတင်လက်မှတ်မရှိဘဲ ကိုယ်ပိုင်ကျောင်းတည်ထောင် ဖွင့်လှစ် ခြင်းမပြုရ။
၂၉။ မည်သူမျှ ကိုယ်ပိုင်ကျောင်းဆရာ မှတ်ပုံတင်လက်မှတ်မရှိဘဲ ကိုယ်ပိုင်ကျောင်းဆရာအဖြစ် ဆောင်ရွက်ခြင်းမပြုရ။
၃၀။ မည်သူမျှ သင်ကြားရမည့် ဘာသာရပ်နှင့် သက်ဆိုင်ခြင်းမရှိသည့် နိုင်ငံရေး သို့မဟုတ် ဘာသာရေးဆိုင်ရာ အကြောင်းအရာများကို ကိုယ်ပိုင်ကျောင်းများတွင် ဟောပြောခြင်း သို့မဟုတ် ပို့ချခြင်းမပြုရ။
၃၁။ မည်သူမျှ-
(က) ကိုယ်ပိုင်ကျောင်းမှတ်ပုံတင်လျှောက်လွှာတွင် အချက်အလက်များကို မမှန်မကန်ဖော်ပြခြင်းမပြုရ၊
(ခ) ကိုယ်ပိုင်ကျောင်းမှတ်ပုံတင်လက်မှတ်ပါ အချက်အလက်တစ်ခုခုကို ပြင်ဆင်ပြောင်းလဲခြင်းမပြုရ၊
(ဂ) ကိုယ်ပိုင်ကျောင်းနှင့် စပ်လျဉ်း၍ မမှန်မကန်ကြော်ငြာခြင်းမပြုရ၊
(ဃ) ကိုယ်ပိုင်ကျောင်းမှတ်ပုံတင်လက်မှတ်ကို အခြားသူအား လွှဲပြောင်းသုံးစွဲခွင့်မပြုရ၊
(င) ပညာရေးဝန်ကြီးဌာန၏ ခွင့်ပြုချက်မရရှိဘဲ ပညာသင်နှစ်အတွင်း မိမိသဘောဆန္ဒအလျောက် ကိုယ်ပိုင်ကျောင်းကို အပြီးပိတ်သိမ်းခြင်း မပြုရ။
၃၂။ မည်သူမျှ-
(က) ကိုယ်ပိုင်ကျောင်းဆရာ မှတ်ပုံတင်လျှောက်လွှာတွင် အချက်အလက်များကို မမှန်မကန် ဖော်ပြခြင်းမပြုရ။
(ခ) ကိုယ်ပိုင်ကျောင်းဆရာ မှတ်ပုံတင်လက်မှတ်ပါ အချက်အလက်တစ်ခုခုကို ပြင်ဆင်ပြောင်းလဲခြင်း မပြုရ၊
(ဂ) ကိုယ်ပိုင်ကျောင်းဆရာ မှတ်ပုံတင်လက်မှတ်ကို အခြားသူအား လွှဲပြောင်းသုံးစွဲခွင့်မပြုရ။
အခန်း (၇)
ပြစ်မှုနှင့် ပြစ်ဒဏ်များ
၃၃။ မည်သူမဆို ပုဒ်မ ၂၈ ပါတားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို သုံးနှစ်ထက်မပိုသောထောင်ဒဏ် ကျခံရမည့်အပြင် ကျပ်သုံးသိန်းထက် မပိုသောငွေဒဏ်လည်း ချမှတ်ရမည်။
၃၄။ မည်သူမဆို ပုဒ်မ ၃၀ နှင့် ၃၁ တို့ပါ တားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံးတစ်နှစ်မှ အများဆုံး သုံးနှစ်အထိ ထောင်ဒဏ်ကျခံစေရမည့်အပြင် ကျပ်သုံးသိန်းထက်မပိုသော ငွေဒဏ်လည်းချမှတ်ရမည်။
၃၅။ မည်သူမဆိုပုဒ်မ ၂၉ နှင့် ၃၂ တို့ပါ တားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို တစ်နှစ်ထက်မပိုသောထောင်ဒဏ်ဖြစ်စေ၊ ကျပ်တစ်သိန်းထက် မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။
အခန်း (၈)
အထွေထွေ
၃၆။ ကိုယ်ပိုင်ကျောင်းတည်ထောင်ဖွင့်လှစ်နိုင်ရန် ပုဒ်မ ၈၊ ပုဒ်မခွဲ (က) ပါ လိုအပ်ချက်နှင့် စပ်လျဉ်း၍ဒေသဆိုင်ရာအခြေအနေပေါ် မူတည်ပြီး မူလတန်းသီးသန့်ဖြစ်စေ၊ အလယ်တန်း သီးသန့်ဖြစ်စေ၊ အထက်တန်းသီးသန့်ဖြစ်စေ ပိုင်းခြားဖွင့်လှစ်ခြင်းကို ပြည်ထောင်စုအစိုးရ ပညာရေး ဝန်ကြီးဌာနက ခွင့်ပြုနိုင်သည်။
၃၇။ ပညာရေးဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ် သို့မဟုတ် ပညာရေးအရာရှိက တာဝန်ပေးအပ်သည့် မြို့နယ်ပညာရေးမှူးအဆင့်ထက် မနိမ့်သူသည် မည်သည့်ကိုယ်ပိုင်ကျောင်းကိုမဆို သွားရောက် ကြည့်ရှုခြင်းနှင့် သက်ဆိုင်ရာ စာတမ်းအမှတ်အသားများကို တောင်းယူကြည့်ရှုခြင်း ပြုလုပ်နိုင်သည့်အပြင် ထိုသို့ပြုလုပ်ရန် အလို့ငှာ မည်သည့်ကိုယ်ပိုင်ကျောင်းကိုမဆို ဝင်ရောက်နိုင်သည်။
၃၈။ ဤဥပဒေပါ ပြစ်မှုများကို ရဲအရေးယူပိုင်ခွင့်ရှိသော ပြစ်မှုများအဖြစ် သတ်မှတ်သည်။
၃၉။ ဤဥပဒေအရ တရားစွဲဆိုရာတွင် ပညာရေးဝန်ကြီးဌာန၏ ကြိုတင်ခွင့်ပြုမိန့်ရယူပြီး သက်ဆိုင်ရာပညာရေးအရာရှိက ပညာရေးဝန်ကြီးဌာနကိုယ်စား တရားစွဲဆိုရမည်။
၄၀။ ဤဥပဒေအရ သော်လည်းကောင်း၊ ဤဥပဒေအရပြုသည့် နည်းဥပဒေတစ်ခုခုအရ သော်လည်းကောင်း သဘောရိုးဖြင့်ပြုသည့် သို့မဟုတ် ပြုလုပ်ရန် ကြံရွယ်သည့်ကိစ္စ မည်သူ့ကိုမျှ တရားမကြောင်းအရဖြစ်စေ၊ ပြစ်မှုကြောင်းအရဖြစ်စေ တရားစွဲဆိုခြင်းမပြုရ။
၄၁။ တည်ထောင်ဖွင့်လှစ်သူကလည်းကောင်း၊ ကိုယ်ပိုင်ကျောင်းဆရာကလည်းကောင်း ပေးသွင်းရမည့်မှတ်ပုံတင်ကြေး၊ နှစ်စဉ်ကြေးနှင့် အခြားအခကြေးငွေတို့သည် ပညာရေးဝန်ကြီးဌာနက သတ်မှတ်သည့်အတိုင်းဖြစ်သည်။
၄၂။ ဤဥပဒေပါ ပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင်-
(က) ပညာရေးဝန်ကြီးဌာနသည် လိုအပ်သောနည်းဥပဒေများ၊ စည်းမျဉ်း သို့မဟုတ် စည်းကမ်းများကို ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့်လည်းကောင်း၊ လိုအပ်သောအမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများကို လည်းကောင်း ထုတ်ပြန်နိုင်သည်။
(ခ) ပညာရေးဝန်ကြီးဌာနက တာဝန်ပေးအပ်သည့် ဦးစီးဌာနသည် လိုအပ်သောအမိန့်နှင့် ညွှန်ကြားချက် များကို ထုတ်ပြန်နိုင်သည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျွန်ုပ်လက်မှတ်ရေးထိုးသည်။
(ပုံ) သိန်းစိန်
နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်