နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေ
(၂၀၁၂-နှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၁၂။)
၁၃၇၄ ခုနှစ်၊ ဒုတိယဝါဆိုလပြည့်ကျော် ၈ ရက်
(၂၀၁၂ ခုနှစ်၊ ဩဂုတ်လ ၁၀ ရက်)
[ ပြင်ဆင် : 15.12.2015 ]
နိဒါန်း
နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုကိုပို၍ကောင်းမွန်စေရန်နှင့် နိုင်ငံတော်၏ လူမှုစီးပွားရေး တိုးတက် ဖွံ့ဖြိုးမှုကို ဖြစ်ပေါ်စေမည့် ပြည်ပစီးပွားဆက်သွယ်ရေး နှင့်ပူးပေါင်းဆောင်ရွက်ရေးတို့ကို ကျယ်ပြန့်စွာ ဆောင်ရွက်နိုင်ရန်အလို့ငှာ ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။
အခန်း (၁)
အမည်နှင့် အဓိပ္ပာယ်ဖော်ပြချက်
၁။ ဤဥပဒေကို နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေ ဟုခေါ်တွင်စေရမည်။
၂။ ဤဥပဒေတွင်ပါရှိသော အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်းအဓိပ္ပာယ် သက်ရောက် စေရမည်-
(က) နိုင်ငံတော် ဆိုသည်မှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကို ဆိုသည်။
(ခ) နိုင်ငံခြားငွေဆိုရာတွင် မြန်မာကျပ်ငွေဖြင့်တန်ဖိုးသင့်ထားခြင်းမဟုတ်သောစာတိုက်ငွေလွှဲလွှာများ၊ ချက်လက်မှတ်များ၊ ငွေလွှဲလက်မှတ်များ၊ ခရီးသွားချက်လက်မှတ်များ၊ ငွေလွှဲစာတမ်းများ၊ ငွေပေးအမိန့် လက်မှတ်များ၊ ငွေပေးကတိစာချုပ်များနှင့် ငွေသားဒင်္ဂါးများ၊ ငွေစက္ကူများပါဝင်သည်။
(ဂ) နိုင်ငံခြားသုံးငွေ ဟူသော စကားရပ်တွင် အောက်ပါတို့ ပါဝင်သည်-
(၁) နိုင်ငံခြားငွေ ၊
(၂) ပယ်ဖျက်
(၃) နိုင်ငံတကာ အစိုးရငွေရေးကြေးရေးအဖွဲ့အစည်းများ၊ နိုင်ငံခြားရှိဗဟိုဘဏ်များ၊ ငွေတိုက်များနှင့် ကူးသန်း ရောင်းဝယ်ရေး ဘဏ်များတွင် ထားရှိသောအပ်ငွေများ၊
(၄) ပြည်တွင်းဘဏ်များရှိ နိုင်ငံခြားငွေဖြင့် ဖွင့်လှစ်ထားရှိသည့် ငွေစာရင်းများ၊
(၅) နိုင်ငံခြားအစိုးရများ၊ နိုင်ငံခြားငွေရေးကြေးရေးအဖွဲ့အစည်းများနှင့် နိုင်ငံတကာအစိုးရ ငွေရေး ကြေးရေးအဖွဲ့ အစည်းများက ထုတ်ဝေထားသည့် သို့မဟုတ် အာမခံထားသည့် နိုင်ငံခြားငွေဖြင့် သတ်မှတ်ထားသော ငွေချေး သက်သေခံလက်မှတ်များနှင့် စာချုပ်စာတမ်းများ။
(ဂ-၁) ရွှေဆိုသည်မှာ နိုင်ငံပိုင် နိုင်ငံခြားသုံးသီးသန့်ငွေရှိရွှေချောင်း၊ ရွှေတုံးနှင့် ရွှေဒင်္ဂါးများ၊ အပြည်ပြည်ဆိုင်ရာအပေးအယူပြုလုပ်မှု၌ သတ်မှတ် အသုံးပြုသည့် စံချိန်မီရွှေချောင်း၊ ရွှေတုံး၊ ရွှေဒင်္ဂါး များနှင့်ပြည်တွင်း၌ နေထိုင်သူများ၏ ပြည်ပရှိဘဏ်များတွင် အပ်နှံထားသည့် ရွှေများကိုဆိုသည်။
(ဃ) ပုဂ္ဂိုလ်ဆိုရာတွင် ဥပဒေအရဖွဲ့စည်းထားသည်ဖြစ်စေ၊ မဖွဲ့စည်းထားသည်ဖြစ်စေကော်ပိုရေးရှင်း၊ တရားဝင်တည်ထောင်ထားသောအဖွဲ့၊ အဖွဲ့အစည်း၊ သမဝါယမအသင်း၊ အစုစပ်လုပ်ငန်းနှင့် အခြားအဖွဲ့အစည်း တစ်ခုခု၊ အစည်းအရုံး၊ အသင်းအဖွဲ့ သို့မဟုတ် လူတစ်စုနှင့် လူတစ်ဦးဦးတို့ ပါဝင်သည်။
(င) ပြည်တွင်း၌ နေထိုင်သူ ဆိုရာတွင် အောက်ပါတို့ ပါဝင်သည်-
(၁) နိုင်ငံခြားတိုင်းပြည်များမှ သံရုံးဝန်ထမ်းများနှင့် အလားတူ တာဝန်ထမ်းဆောင်နေသော နိုင်ငံခြားသား ဝန်ထမ်းများမှအပ လွန်ခဲ့သည့် ၁၂ လတာ ကာလအတွင်း နိုင်ငံတော်တွင် အနည်းဆုံးရက်ပေါင်း ၁၈၃ ရက် နေထိုင်ခဲ့ သူများ သို့မဟုတ် ယင်းသို့ နေထိုင်ခြင်းမရှိသော်လည်း မိမိ၏ အဓိက လုပ်ငန်းဌာနရှိသူများ၊
(၂) ပြည်တွင်းဥပဒေတစ်ရပ်ရပ်အရ တရားဝင် ဖွဲ့စည်းထားသော ကုမ္ပဏီ၊ အဖွဲ့အစည်းနှင့် ရုံးများ၊ နိုင်ငံခြားဥပဒေ တစ်ရပ်ရပ်အရ နိုင်ငံတော်တွင် တရားဝင်ဖွဲ့စည်းထားသော ကုမ္ပဏီ၊ အဖွဲ့အစည်း၊ ရုံးများနှင့် ယင်းတို့၏ ရုံးခွဲများ၊
(၃) နိုင်ငံခြားတိုင်းပြည်များတွင် နိုင်ငံတော်က တာဝန်ပေးခန့်အပ်ထားသော သံရုံးဝန်ထမ်းများ သို့မဟုတ် အခြား ဝန်ထမ်းများ။
(စ) ပြည်ပတွင်နေထိုင်သူ ဆိုသည်မှာ ပုဒ်မခွဲ (င) ပါ အဓိပ္ပာယ်ဖွင့်ဆိုချက်တွင် အကျုံးမဝင်သူများကို ဆိုသည်။
(ဆ) ဗဟိုဘဏ် ဆိုသည်မှာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ကို ဆိုသည်။
(ဇ) နိုင်ငံခြားသုံးငွေ လုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင်ရရှိသူ ဆိုသည်မှာ နိုင်ငံခြားသုံးငွေနှင့် စပ်လျဉ်း၍ လက်ခံခြင်း၊ လဲလှယ်ခြင်း၊ ဝယ်ယူခြင်း၊ ရောင်းချခြင်း၊ ပြည်တွင်း၌သော်လည်းကောင်း၊ ပြည်ပနှင့် သော်လည်းကောင်း လွှဲပြောင်း ခြင်း၊ ပေးချေခြင်းစသည့် လုပ်ငန်းတစ်ရပ်ရပ်ကို ဆောင်ရွက်လုပ်ကိုင်ရန် ဗဟိုဘဏ်က ထုတ်ပေးသော လိုင်စင်တစ် မျိုးမျိုးကို ရရှိသည့်ပုဂ္ဂိုလ်ကိုဆိုသည်။ ယင်းစကားရပ်တွင် နိုင်ငံခြားငွေများ ဝယ်ယူ ရောင်းချ လဲလှယ်ပေးခွင့် လိုင်စင်ရရှိသူ၊ နိုင်ငံခြားသုံးငွေများ ရောင်းဝယ် ဖောက်ကားသည့် လုပ်ငန်းလိုင်စင်ရရှိသူနှင့် ဗဟိုဘဏ်က အခါ အားလျော်စွာ သတ်မှတ်ပေးသည့် လုပ်ငန်းလိုင်စင် ရရှိသူများ ပါဝင်သည်။
(ဈ) နိုင်ငံခြားငွေများ ဝယ်ယူရောင်းချလဲလှယ်ပေးခွင့် လိုင်စင်ရရှိသူ ဆိုသည်မှာ နိုင်ငံခြားသုံးငွေ လုပ်ငန်းလုပ်ကိုင်ရာတွင် နိုင်ငံခြားငွေ ငွေသားနှင့် ခရီးသွားချက်လက်မှတ်များကိုသာ လက်ခံဝယ်ယူ ရောင်းချခွင့်ရှိသူကို ဆိုသည်။
(ည) နိုင်ငံခြားသုံးငွေများ ရောင်းဝယ်ဖောက်ကားသည့် လုပ်ငန်းလိုင်စင်ရရှိသူ ဆိုသည်မှာ နိုင်ငံခြား သုံးငွေ လုပ်ငန်း အပါအဝင် နိုင်ငံခြားဘဏ်လုပ်ငန်း လုပ်ကိုင်ခွင့် ရရှိသည့်ဘဏ်ကို ဆိုသည်။
(ဋ) ငွေချေးသက်သေခံလက်မှတ် ဟူသောစကားရပ်တွင် အောက်ပါတို့ပါဝင်သည်-
(၁) ပြည်ထောင်စုအစိုးရအဖွဲ့ကဖြစ်စေ၊ အစိုးရဌာနကဖြစ်စေ၊ အဖွဲ့အစည်းတစ်ခုခုကဖြစ်စေ ထုတ်ဝေ သည့် သို့မဟုတ် ထုတ်ဝေရန် တာဝန်ယူထားသည့် ငွေတိုက်လက်မှတ်များ၊ ငွေတိုက်စာချုပ်များ၊ ဒီဘင် ချာများ၊
(၂) အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများ သို့မဟုတ် နိုင်ငံခြားအစိုးရများကထုတ်ဝေသည့် ငွေတိုက် လက်မှတ်များ၊ ငွေတိုက်စာချုပ်များ၊ ငွေချေးစာချုပ်များနှင့် ဒီဘင်ချာများ၊
(၃) အများနှင့်သက်ဆိုင်သောကုမ္ပဏီများက ထုတ်ဝေသည့် ရှယ်ယာများ၊ စတော့များ၊ ငွေချေးစာချုပ် များနှင့် ဒီဘင်ချာများ၊
(၄) ရှယ်ယာများ၊ စတော့များ၊ ငွေချေးစာချုပ်များ၊ ဒီဘင်ချာများနှင့် စပ်လျဉ်းသည့် ရပိုင်ခွင့်များနှင့် ငွေထုတ်ခွင့် များ။
(ဌ) သာမန်စာရင်းပိုင်းဆိုင်ရာလွှဲပြောင်းပေးချေမှုများ ဆိုသည်မှာ ငွေလုံးငွေရင်းစာရင်းပိုင်းဆိုင်ရာ လွှဲပြောင်းပေးချေမှုများ မဟုတ်သည့် ပေးချေမှုများဖြစ်ပြီး ယင်းစကားရပ်တွင် အောက်ပါတို့ ပါဝင်သည်-
(၁) ကုန်သွယ်မှု၊ ဝန်ဆောင်မှုအပါအဝင် သာမန်စာရင်းပိုင်းဆိုင်ရာလွှဲပြောင်းပေးချေမှုများနှင့်ကာလတို ဘဏ်ချေးငွေ များအတွက် ပေးချေမှုများ၊
(၂) ချေးငွေအပေါ်ပေးရသည့်် အတိုးများနှင့် ရင်းနှီးမြှုပ်နှံမှုမှ အသားတင်ဝင်ငွေများ၊
(၃) ချေးငွေအတွက် အရစ်ကျ ပြန်လည်ပေးဆပ်မှုများ သို့မဟုတ် တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုအတွက် တန်ဖိုးလျော့ခြင်း များ၊
(၄) မိသားစုနေထိုင်မှုစရိတ်အတွက် ပြည်တွင်း သို့မဟုတ် ပြည်ပမှ ငွေလွှဲပေးပို့မှုများ။
(ဍ) ငွေလုံးငွေရင်း စာရင်းပိုင်းဆိုင်ရာ လွှဲပြောင်းပေးချေမှုများ ဆိုသည်မှာ ပုဒ်မခွဲ (ဌ) တွင် အဓိပ္ပာယ်ဖွင့်ဆိုထားသည့် သာမန်စာရင်းပိုင်းဆိုင်ရာ ပေးချေမှုများမှအပ ငွေလုံးငွေရင်းလွှဲပြောင်းမှု အတွက် ပေးချေမှုများကိုဆို သည်။
<ပြင်ဆင် 15.12.2015>
အခန်း (၂)
ဗဟိုဘဏ်၏ လုပ်ပိုင်ခွင့်နှင့် လုပ်ငန်းတာဝန်များ
၃။ ဗဟိုဘဏ်သည်-
(က) နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုနှင့်စပ်လျဉ်း၍ ဤဥပဒေပါပြဋ္ဌာန်းချက်များနှင့်အညီ မူဝါဒများ ချမှတ် ဆောင်ရွက်ရ မည်။
(ခ) ဈေးကွက်ငွေလဲလှယ်နှုန်းကိုအခြေခံ၍ သတ်မှတ်သည့်ရည်ညွှန်းငွေလဲလှယ်နှုန်းအား နေ့စဉ် ထုတ်ပြန်ကြေညာ ရမည်။
၄။ (က) ပြည်ထောင်စုအစိုးရအဖွဲ့သည် နိုင်ငံခြားသုံးငွေလုပ်ငန်းများနှင့် စပ်လျဉ်း၍ သုံးလထက် မပိုသော အရေးပေါ်ကာလတစ်ရပ်ကို သတ်မှတ်နိုင်သည်။ ထို့ပြင်လိုအပ်ပါက ယင်းကာလကို တစ်ကြိမ် လျှင် သုံးလထက်မပိုစေဘဲ ထပ်မံ သတ်မှတ်နိုင်သည်။
(ခ) ပုဒ်မခွဲ(က)အရအရေးပေါ်ကာလသတ်မှတ်ပါကဗဟိုဘဏ်သည် အရေးပေါ်အခြေအနေကို ဖြေရှင်း ရန်နိုင်ငံခြားသုံးငွေလုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်ရရှိသူတို့၏လုပ်ငန်းများအပေါ် ယာယီကန့်သတ်ချက် များသတ်မှတ်နိုင်သည်။
၅။ ဗဟိုဘဏ်သည် ဘဏ်များအကြားငွေကြေးဈေးကွက်လုပ်ငန်းများ စနစ်တကျနှင့်ချောမွေ့စွာ လုပ်ကိုင်နိုင်ရန်ပံ့ပိုးဆောင်ရွက်ရမည်။ ထို့ပြင်နိုင်ငံခြားသုံးငွေ ရောင်းဝယ်မှုတွင် ပါဝင်ဆောင်ရွက်နိုင် သည်။
အခန်း (၃)
နိုင်ငံခြားသုံးငွေလုပ်ငန်းများ
၆။ ဤဥပဒေနှင့် သက်ဆိုင်သော နိုင်ငံခြားသုံးငွေလုပ်ငန်းများမှာ အောက်ပါအတိုင်းဖြစ်သည်-
(က) နိုင်ငံတော်အတွင်း၌ နိုင်ငံခြားငွေဖြင့် ပေးချေမှုများ၊
(ခ) နိုင်ငံတော်အတွင်း၌ နိုင်ငံခြားသုံးငွေဖြင့် အခြားသောပေးချေမှုများ၊
(ဂ) နိုင်ငံခြားသုံးငွေဖြင့် နိုင်ငံတကာပေးချေမှုနှင့် လွှဲပြောင်းမှုများ၊
(ဃ) နိုင်ငံတော်အတွင်း၌ နိုင်ငံခြားငွေနှင့် အခြားနိုင်ငံခြားသုံးငွေများ ဝယ်ယူ၊ ရောင်းချမှုများ။
၇။ နိုင်ငံတော်နှင့် ပြည်ပနိုင်ငံများအကြား နိုင်ငံခြားငွေ ငွေသား၊ ပေးချေမှုစာချုပ်စာတမ်းများနှင့် ငွေချေးသက်သေခံ လက်မှတ်များအား လက်ရောက်လွှဲပြောင်းခြင်းကို သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်နိုင်သည်။
၈။ ပုဒ်မ ၇ ပါ လက်ရောက်လွှဲပြောင်းခြင်းမှအပ နိုင်ငံခြားငွေဖြင့် ပေးချေခြင်းနှင့် လွှဲပြောင်းမှုများကို နိုင်ငံခြားသုံးငွေများ ရောင်းဝယ်ဖောက်ကားသည့် လုပ်ငန်းလိုင်စင်ရရှိသူများမှတစ်ဆင့် ဆောင်ရွက် ရမည်။
၉။ နိုင်ငံတော်အတွင်း နိုင်ငံခြားသုံးငွေရောင်းဝယ်မှုလုပ်ငန်းများကို နိုင်ငံခြားသုံးငွေများ ရောင်းဝယ် ဖောက်ကားသည့် လုပ်ငန်းလိုင်စင်ရရှိသူများကသာ ဆောင်ရွက်ခွင့်ရှိသည်။ နိုင်ငံခြားငွေများ ဝယ်ယူ ရောင်းချလဲလှယ်ပေးခွင့် လိုင်စင်ရရှိသူများသည် နိုင်ငံခြားငွေငွေသားနှင့် ခရီးသွား ချက်လက်မှတ်များ ကိုသာ ရောင်းဝယ်ခွင့်ရှိသည်။
အခန်း (၄)
နိုင်ငံခြားငွေ ကိုင်ဆောင်ခြင်း၊ နိုင်ငံခြားငွေစာရင်း ဖွင့်လှစ်ခြင်းနှင့် အသုံးပြုခြင်း
၁၀။ ပြည်တွင်း၌နေထိုင်သူများသည် သတ်မှတ်ချက်များနှင့်အညီ နိုင်ငံခြားငွေပမာဏတစ်ရပ်ကို ကာလတစ်ခုအတွင်း ကိုင်ဆောင်ခွင့်ရှိသည်။ ယင်းသတ်မှတ်ချက်များအရ မိမိတို့ပိုင်ဆိုင်သော နိုင်ငံခြား ငွေများကို နိုင်ငံခြားသုံးငွေ များရောင်းဝယ်ဖောက်ကားသည့် လုပ်ငန်းလိုင်စင်ရရှိသူတို့ထံ ဈေးကွက် ပေါက်ဈေးနှုန်းဖြင့် လဲလှယ်အပ်နှံနိုင်သည်။
၁၁။ နိုင်ငံခြားငွေတရားဝင်ကိုင်ဆောင်ထားသော မည်သူမဆို မိမိပိုင်ဆိုင်သော နိုင်ငံခြားငွေအားလုံး ကိုဖြစ်စေ၊ အချို့ အဝက်ကိုဖြစ်စေ နိုင်ငံတော်အတွင်း နိုင်ငံခြားသုံးငွေများ ရောင်းဝယ်ဖောက်ကားသည့် လုပ်ငန်းလိုင်စင်ရရှိသူများထံ တွင်သာ ဘဏ်ငွေစာရင်း ဖွင့်လှစ်အပ်နှံနိုင်သည်။
၁၂။ ပြည်တွင်း၌နေထိုင်သူများသည် ပြည်ပတွင်ရရှိသော နိုင်ငံခြားသုံးငွေဖြင့်ဝင်ငွေများကို သတ်မှတ်ချက်များနှင့်အညီ ပြည်တွင်းသို့ပြန်လည်ပေးပို့ရမည်။ ထိုဝင်ငွေများကို နိုင်ငံခြားသုံးငွေများ ရောင်းဝယ်ဖောက်ကားသည့်လုပ်ငန်း လိုင်စင်ရရှိသူထံတွင် ဘဏ်ငွေစာရင်း ဖွင့်လှစ်အပ်နှံရမည်။
၁၃။ ပြည်တွင်း၌နေထိုင်သူဖြစ်စေ၊ ပြည်ပ၌နေထိုင်သူဖြစ်စေ နိုင်ငံတော်အတွင်း မိမိတို့၏ နိုင်ငံခြား သုံးငွေများ ရောင်းချခြင်းမှရရှိသည့်ကျပ်ငွေကို နိုင်ငံခြားသုံးငွေများရောင်းဝယ် ဖောက်ကားသည့် လုပ်ငန်းလိုင်စင်ရရှိသူထံတွင် ကျပ်ငွေစာရင်းဖွင့်လှစ်အပ်နှံနိုင်သည်။ ထိုကျပ်ငွေ စာရင်းလက်ကျန်ကို နိုင်ငံခြားသုံးငွေပြန်လည်ဝယ်ယူရန် အသုံးပြု နိုင်သည်။
၁၄။ ပြည်တွင်း၌နေထိုင်သူများသည် ပြည်ပနိုင်ငံတစ်ခုခုတွင် နိုင်ငံခြားငွေစာရင်း ဖွင့်လှစ်၍ အောက်ပါ ကိစ္စရပ်များ အတွက် အသုံးပြုနိုင်သည်-
(က) ကုန်းကြောင်း၊ ရေကြောင်းနှင့် လေကြောင်းတို့ဖြင့် သယ်ယူပို့ဆောင်ခြင်း၊ အာမခံထားရှိခြင်း၊ နိုင်ငံခြားခရီးသွားလုပ်ငန်းဆောင်ရွက်ခြင်း၊ အလုပ်သမားများစေလွှတ်ခြင်းနှင့် ပြည်ပတွင် ဆောက် လုပ်ရေးစီမံကိန်းများ ကန်ထရိုက်ယူဆောင်ရွက်ခြင်း၊
(ခ) ပြည်ပချေးငွေများအတွက် ကြွေးမြီပေးဆပ်ခြင်း၊
(ဂ) ပြည်ပတွင် ရုံးခွဲ သို့မဟုတ် ကိုယ်စားလှယ်ရုံးဖွင့်လှစ်ခြင်းနှင့် သက်ဆိုင်ရာအာဏာပိုင်များ၏ ခွင့်ပြုချက်အရ ပြည်ပတွင် နိုင်ငံခြားသုံးငွေလုပ်ငန်းဆောင်ရွက်ခြင်း၊
(ဃ) သက်ဆိုင်ရာအစိုးရဌာန၊ အဖွဲ့အစည်း သို့မဟုတ် ဗဟိုဘဏ်ကခွင့်ပြုသည့် အခြားလုပ်ငန်းများ ဆောင်ရွက်ခြင်း။
၁၅။ ပုဒ်မ ၁၄ ပါ ပြဋ္ဌာန်းချက်နှင့်အညီ ပြည်ပတွင် နိုင်ငံခြားငွေစာရင်းဖွင့်လှစ်ထားရှိသော ပြည်တွင်း၌ နေထိုင် သူများသည် ယင်းနိုင်ငံခြားငွေစာရင်းအသုံးပြုမှုအား သတ်မှတ်ချက်များနှင့်အညီ ဗဟိုဘဏ်သို့ အစီရင်ခံတင်ပြရန် တာဝန်ရှိသည်။
၁၆။ နိုင်ငံခြားငွေဖြင့် ဘဏ်ငွေစာရင်းဖွင့်လှစ်ထားသော ပြည်တွင်းရှိ စီးပွားရေးလုပ်ငန်းအဖွဲ့အစည်းများ သည် ဗဟိုဘဏ်ကတောင်းခံသည့် ယင်းငွေစာရင်းများအသုံးပြုမှုနှင့် စပ်လျဉ်းသောသတင်းအချက် အလက်များကို တင်ပြရမည်။
အခန်း (၅)
ကျပ်ငွေဖြင့် နိုင်ငံတကာပေးချေမှုများနှင့် လွှဲပြောင်းမှုများ
၁၇။ နိုင်ငံတော်နှင့် ပြည်ပနိုင်ငံများအကြား ငွေသားဖြင့် လက်ရောက်လွှဲပြောင်းမှု၊ ပေးချေမှုနှင့် အခြားပေးချေမှုများအပါအဝင် ကျပ်ငွေဖြင့် နိုင်ငံတကာပေးချေမှုများနှင့်လွှဲပြောင်းမှုများအားဗဟိုဘဏ်၏ သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်ရမည်။
<ပြင်ဆင် 15.12.2015>
အခန်း (၆)
နိုင်ငံခြားသုံးငွေလုပ်ငန်း လုပ်ကိုင်ခွင့် လိုင်စင်ရသူများ
၁၈။ နိုင်ငံခြားသုံးငွေလုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင်ရရှိသူသည်-
(က) လုပ်ငန်းလိုင်စင်တွင်ပါရှိသည့် သတ်မှတ်လုပ်ငန်းများကိုသာ လုပ်ကိုင်ရမည်။
(ခ) ဤဥပဒေ ၊ ငွေကြေး ခဝါချမှု တိုက်ဖျက်ရေးဥပဒေ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ၊ နိုင်ငံခြားသုံးငွေနှင့် သက်ဆိုင်သော အခြားတည်ဆဲ ဥပဒေများကို လိုက်နာရမည်။
<ပြင်ဆင် 15.12.2015>
၁၈-က။ နိုင်ငံခြားသုံးငွေများရောင်းဝယ်ဖောက်ကားသည့်လုပ်ငန်းလိုင်စင်ရရှိသူသည်-
(က) ယင်းဆောင်ရွက်ပေးသည့် ပြည်တွင်း၌ နေထိုင်သူ၏နိုင်ငံခြားသုံးငွေဖြင့်ပို့ကုန်ရငွေကို သတ်မှတ်ကာလအတွင်းယင်း၏ ဘဏ်ငွေစာရင်း သို့ မှန်ကန်စွာဝင်ရောက်ခြင်းရှိမရှိစိစစ်ရမည်။
(ခ) ပုဒ်မခွဲ(က) အရ စိစစ်ရာတွင် ပြည်တွင်း၌ နေထိုင်သူ၏ ဘဏ်စာရင်းသို့သတ်မှတ်ကာလအတွင်း ယင်း၏ ပို့ကုန်ရငွေဝင်ရောက်ခြင်း မရှိကြောင်း တွေ့ရှိပါက သုံးသပ်ချက်နှင့်အတူ ဗဟိုဘဏ်သို့ ဆောလျင် စွာ အစီရင်ခံ တင်ပြရမည်။
<ပြင်ဆင် 15.12.2015>
၁၉။ နိုင်ငံခြားသုံးငွေများရောင်းဝယ်ဖောက်ကားသည့် လုပ်ငန်းလိုင်စင်ရရှိသူသည် ပြည်တွင်း၌ နေထိုင်သူများအား သတ်မှတ်ချက်များနှင့်အညီ နိုင်ငံခြားသုံးငွေဖြင့် ချေးငွေထုတ်ချေး နိုင်သည်။
၂၀။ နိုင်ငံခြားသုံးငွေများရောင်းဝယ်ဖောက်ကားသည့် လုပ်ငန်းလိုင်စင်ရရှိသူသည်အများပြည်သူထံမှ နိုင်ငံခြားသုံးငွေဖြင့် အပ်ငွေကိုလက်ခံခြင်း၊ သတ်မှတ်ချက်များနှင့်အညီ နိုင်ငံခြားသုံးငွေဖြင့် ငွေချေး စာချုပ်များနှင့် ကာလတို ငွေစုလက်မှတ်များ ထုတ်ဝေခြင်းဖြင့် အများပြည်သူထံမှ ငွေကြေးကို စုစည်းနိုင်သည်။
၂၁။ နိုင်ငံခြားသုံးငွေများ ရောင်းဝယ်ဖောက်ကားသည့် လုပ်ငန်းလိုင်စင်ရရှိသူများသည် ဘဏ်များ အကြား ငွေကြေးဈေးကွက်တွင် ပါဝင်ဆောင်ရွက်နိုင်သည်။ ထို့ပြင် သတ်မှတ်ချက်များနှင့် အညီ နိုင်ငံခြားသုံးငွေကို အများပြည်သူနှင့် ရောင်းဝယ်မှုပြုနိုင်သည်။
၂၂။ နိုင်ငံခြားသုံးငွေလုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင်ရရှိသူများသည် ဤဥပဒေပါပြဋ္ဌာန်းချက်များနှင့် ဤဥပဒေအရ ထုတ်ပြန်သည့်နည်းဥပဒေများ၊ စည်းမျဉ်းများ၊ စည်းကမ်းများ ၊ အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်းများနှင့် လုပ်ငန်းလိုင်စင် စည်းကမ်းချက်များအား လိုက်နာ ဆောင်ရွက်ရမည်။
အခန်း (၇)
ရွှေ၊ နိုင်ငံခြားသုံးငွေ၊ လက်ဝတ်ရတနာ ပြည်တွင်းပြည်ပသို့ ယူဆောင်ခြင်း
<ပြင်ဆင် 15.12.2015>
၂၃။ ပြည်တွင်း၌နေထိုင်သူနှင့်ပြည်ပ၌နေထိုင်သူများသည် ရွှေ၊ နိုင်ငံခြားသုံးငွေ၊ လက်ဝတ်ရတနာကို ပြည်တွင်းမှပြည်ပသို့ ယူဆောင်သွားခြင်း၊ ပြည်ပမှပြည်တွင်းသို့ယူဆောင်လာခြင်းတို့နှင့်စပ်လျဉ်း၍ ဗဟိုဘဏ်ကအခါအားလျော်စွာ ထုတ်ပြန်သည့်သတ်မှတ်ချက်များနှင့်အညီဆောင်ရွက်ရမည်။
<ပြင်ဆင် 15.12.2015>
အခန်း (၈)
သာမန်စာရင်းပိုင်းဆိုင်ရာလွှဲပြောင်းပေးချေမှုများ
၂၄။ သာမန်စာရင်းပိုင်းဆိုင်ရာ လွှဲပြောင်းပေးချေမှုများအတွက် နိုင်ငံတကာမှ ပြည်တွင်းသို့ ပေးချေမှု များနှင့် လွှဲပြောင်းမှုများအပေါ်တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ကန့်သတ်ချက် မပြုလုပ်ရ။
၂၅။ သာမန်စာရင်းပိုင်းဆိုင်ရာ လွှဲပြောင်းပေးချေမှုများအတွက် ပြည်တွင်းမှနိုင်ငံတကာသို့ ပေးချေမှုများ နှင့် လွှဲပြောင်းမှုများ ပြုလုပ်ရာတွင် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ကန့်သတ်ခြင်း မပြုလုပ်ရ။
အခန်း (၉)
ငွေလုံးငွေရင်းစာရင်းပိုင်းဆိုင်ရာ လွှဲပြောင်းပေးချေမှုများ
၂၆။ ဗဟိုဘဏ်သည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့် သက်ဆိုင်သော အရင်းငွေ၊ အတိုးငွေ၊ အမြတ်ခွဲ ဝေမှုများနှင့် အခြား ရငွေများကို ပြည်ပသို့ ပြန်လည်လွှဲပြောင်းပေးပို့ခွင့်ပြုနိုင်ရေးအတွက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုအဖြစ် သတ်မှတ်ထားသော ရန်ပုံငွေများကို ပြည်တွင်းသို့ အမှန်တကယ် ယူဆောင်လာ ခြင်းရှိ မရှိ စိစစ်သုံးသပ်ရမည်။
၂၇။ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများသည် ရန်ပုံငွေများကို ယူဆောင်လာသည့်အခါတိုင်း ဗဟိုဘဏ်သို့ အထောက်အထားတို့ဖြင့်သတ်မှတ်ချက်များနှင့်အညီတင်ပြရမည်။ ယင်းအထောက်အထားများကို တင်ပြ နိုင်ခြင်းမရှိပါကပြည်ပသို့ ယင်းရန်ပုံငွေများ ပြန်လည်လွှဲပို့ခြင်းကိုခွင့်ပြုရန် ဗဟိုဘဏ်က ငြင်းပယ်နိုင် သည်။
၂၈။ ရင်းနှီးမြှုပ်နှံမှုကာလ ကုန်ဆုံးသည့်အခါဖြစ်စေ၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း တစ်စိတ်တစ်ပိုင်း သို့မဟုတ် လုံးဝ ပိတ်သိမ်းသည့်အခါဖြစ်စေ တည်ဆဲဥပဒေများနှင့်အညီ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူသည် မိမိရင်းနှီးမြှုပ်နှံငွေများအား မိခင်နိုင်ငံ သို့မဟုတ် တတိယနိုင်ငံသို့ လွှဲပြောင်းပေးပို့နိုင်သည်။
၂၉။ ပြည်တွင်း၌ နေထိုင်သူသည်-
(က) ပြည်ပနိုင်ငံတစ်ခုခုတွင် တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်ရင်းနှီးမြှုပ်နှံလိုပါက ဗဟိုဘဏ်၏ သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်ရမည်။
(ခ) ပုဒ်မခွဲ(က) အရ ရင်းနှီးမြှုပ်နှံမှုမှရရှိသောအမြတ်ခွဲဝေမှုများနှင့် ပြန်လည်ထုတ်ယူနိုင်သော မတည်ငွေရင်းများကို နိုင်ငံခြားငွေများ ရောင်းဝယ် ဖောက်ကားသည့် လုပ်ငန်းလိုင်စင်ရရှိသူမှတစ်ဆင့် ပြည်တွင်းသို့ ပြန်လည် လွှဲပြောင်းပေးပို့ရမည်။
<ပြင်ဆင် 15.12.2015>
၂၉-က။ ပြည်တွင်း၌နေထိုင်သူသည်ပြည်ပမှချေးငွေရယူရာ၌ ငွေသားဖြင့်ဖြစ်စေ၊ ပစ္စည်းဖြင့််ဖြစ်စေ ချေးယူခြင်းတို့ကို ဗဟိုဘဏ်၏ သတ်မှတ်ချက် များနှင့်အညီ ဆောင်ရွက်ရမည်။
<ပြင်ဆင် 15.12.2015>
၃၀။ ဗဟိုဘဏ်သည် စည်းမျဉ်းများထုတ်ပြန်၍ ငွေလုံးငွေရင်းစာရင်းပိုင်းဆိုင်ရာ လွှဲပြောင်း ပေးချေမှု များအပေါ် ကန့်သတ်ချက်များသတ်မှတ်နိုင်သည်။ ယင်းကန့်သတ်ချက်များသည် အောက်ပါ တို့နှင့် မသက်ဆိုင်စေရ-
(က) ပြည်ထောင်စုအစိုးရအဖွဲ့က ခွင့်ပြုသော ချေးငွေများအတွက် အရင်းပြန်လည်ပေးဆပ်မှု၊
(ခ) ပြည်ထောင်စုအစိုးရအဖွဲ့က ခွင့်ပြုသော နိုင်ငံခြားသို့ ကူညီထောက်ပံ့မှု၊
(ဂ) ပြည်ထောင်စုအစိုးရအဖွဲ့က ခွင့်ပြုသော နိုင်ငံခြားတွင်ရင်းနှီးမြှုပ်နှံမှု။
၃၁။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေပါ မည်သည့် ပြဋ္ဌာန်းချက်ကိုမဆို ဤဥပဒေပါ ပြဋ္ဌာန်းချက်များက ပယ်ဖျက်သည် သို့မဟုတ် ခြွင်းချက်ပြုသည်ဟု မှတ်ယူခြင်းမပြုရ။ ဤဥပဒေပါ ပြဋ္ဌာန်းချက် တစ်ရပ်ရပ်သည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေနှင့် ညီညွတ်ခြင်းမရှိပါက ယင်းပြဋ္ဌာန်းချက် သည် အကျိုးသက်ရောက်မှု မရှိစေရ။
အခန်း (၁၀)
ဗဟိုဘဏ်၏ စီမံခန့်ခွဲပိုင်ခွင့်
၃၂။ ဗဟိုဘဏ်သည် ဤဥပဒေပါ ပြဋ္ဌာန်းချက်များကို ကျင့်သုံးဆောင်ရွက်ရာတွင် အောက်ပါ လုပ်ငန်း များကိုလည်း ဆောင်ရွက်ရမည်-
(က) နိုင်ငံခြားသုံးငွေလုပ်ငန်းတစ်မျိုးမျိုးကို လုပ်ကိုင်ခွင့်ရရှိရန်လျှောက်ထားခြင်းနှင့်စပ်လျဉ်း၍ စိစစ် ပြီးလုပ်ငန်းလိုင်စင်ထုတ်ပေးခြင်း၊ လုပ်ငန်းလိုင်စင်ထုတ်ပေးရန်ငြင်းပယ်ခြင်း၊ ဖောက်ဖျက်သူများအား လုပ်ငန်း လိုင်စင်ရုပ်သိမ်းခြင်း၊
(ခ) နိုင်ငံခြားသုံးငွေလုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်ရရှိသူများအား ကြီးကြပ်စစ်ဆေးခြင်းနှင့် ကြပ်မတ် ကွပ်ကဲခြင်း၊
(ဂ) နိုင်ငံခြားသုံးငွေလုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်ရရှိသူများလက်ဝယ်တွင်ထားရှိနိုင်သည့် နိုင်ငံခြား သုံးငွေရရန်ပိုင်ခွင့်များ၏ ပမာဏကို ကန့်သတ်သည့် စည်းမျဉ်းများ ချမှတ်ခြင်း၊
(ဃ) နိုင်ငံခြားသုံးငွေလုပ်ငန်းလုပ်ကိုင်သည့်ပုဂ္ဂိုလ်များ၏ အသားတင်နိုင်ငံခြားသုံးငွေ ပမာဏကို ကန့်သတ်မှုများ ပြုလုပ်ရာတွင် ငွေကြေးတစ်မျိုးချင်းသော်လည်းကောင်း၊ ငွေကြေးအားလုံးစုပေါင်း၍ သော်လည်းကောင်း သတ်မှတ်ခြင်း၊ ထို့ပြင်ယင်းတို့၏ပြည်ပကြွေးမြီပမာဏနှင့် အခြားလိုအပ်ချက်များ ကို ကန့်သတ်ခြင်း။
၃၃။ ဗဟိုဘဏ်သည် ဤဥပဒေကို ကျင့်သုံးအကောင်အထည်ဖော်ရာတွင် လိုအပ်သော သတင်းအချက် အလက်များကို နိုင်ငံခြားသုံးငွေလုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်ရရှိသူများထံမှ တောင်းယူခွင့်ရှိသည်။ ဗဟို ဘဏ်မှ တာဝန်ရှိဝန်ထမ်းနှင့် ဗဟိုဘဏ်ကတာဝန်ပေးအပ်ထားသည့် အရည်အချင်းပြည့်မီသော အခြားပြင်ပပုဂ္ဂိုလ်များအား နိုင်ငံခြားသုံးငွေ လုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင်ရရှိသူတစ်ဦးဦး၏စာရင်း များ၊ စာရင်းစာအုပ်များ၊ အထောက်အထားများနှင့် ဗဟိုဘဏ်က လိုအပ်သည်ဟု ယူဆသော အခြား မှတ်တမ်းများကို စစ်ဆေးစေနိုင်သည်။
၃၄။ ဗဟိုဘဏ်သည် အောက်ပါအခြေအနေ တစ်ရပ်ရပ်ပေါ်ပေါက်သည့်အခါ ထုတ်ပေးထားသော နိုင်ငံခြားသုံးငွေလုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်ကို ပြည်လည်ရုပ်သိမ်းနိုင်သည်-
(က) လျှောက်ထားသူသည် လုပ်ငန်းလိုင်စင်ရယူရန်တင်ပြခဲ့စဉ်က အဆိုပြုတင်ပြသည့်အရာရှိများ၊ ဒါရိုက်တာများနှင့် အဓိကရှယ်ယာပိုင်ဆိုင်သူများ၏လုပ်ငန်းအတွေ့အကြုံ သို့မဟုတ် ဖြောင့်မတ် တည်ကြည်မှုနှင့်စပ်လျဉ်း၍ မမှန် ကန်သောသတင်းအချက်အလက်များ တင်ပြခဲ့ကြောင်း သို့မဟုတ် လုပ်ငန်းလိုင်စင် လျှောက်လွှာနှင့်စပ်လျဉ်း၍ မမှန် ကန်သော စာရွက်စာတမ်းများတင်ပြခဲ့ကြောင်း ပေါ်ပေါက်ခြင်း၊
(ခ) လုပ်ငန်းလိုင်စင်ရရှိထားသူက လုပ်ငန်းလိုင်စင် ရုပ်သိမ်းပေးပါရန် တင်ပြ တောင်းခံလာခြင်း၊
(ဂ) ဤဥပဒေအရ ထုတ်ပြန်သည့်နည်းဥပဒေများ၊ စည်းမျဉ်းများ၊ စည်းကမ်းများ၊ အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများပါ လိုက်နာရမည့် တာဝန်များကို ပျက်ကွက်ခြင်း၊
(ဃ) ပုဒ်မ ၂၂ ပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကို လိုက်နာဆောင်ရွက်ရန် ပျက်ကွက်ခြင်း သို့မဟုတ် ပုဒ်မ ၃၉ နှင့် ၄၀ ပါ တားမြစ် ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ခြင်း၊
(င) ငွေကြေးခဝါချမှု၊ အကြမ်းဖက်မှုကိုငွေကြေးထောက်ပံ့မှု ၊ အခွန်လိမ်လည်မှုနှင့် ငွေရေးကြေးရေးဆိုင်ရာ ပြစ်မှုတစ်ခုခုအတွက် ပြစ်ဒဏ် ချမှတ်ခံရခြင်း၊
(စ) နိုင်ငံခြားသုံးငွေများရောင်းဝယ်ဖောက်ကားသည့်လုပ်ငန်းလိုင်စင်ရရှိသူများသည် မိမိနှင့်လုပ်ငန်း ဆက်သွယ်ဆောင်ရွက်သူများ၏လိုအပ်ချက်ကိုလည်းကောင်း၊ သာမန်လုပ်ငန်းဆောင်ရွက်မှုတွင် မိမိ ဖြည့်ဆည်းရန်တာဝန်များကိုလည်းကောင်း ပျက်ကွက်ပြီးလုပ်ငန်းတွင် အရှုံးပေါ်ပေါက်၍ လုပ်ငန်း ဖျက်သိမ်းရဖွယ်ရှိသည်ဟု ခိုင်လုံသော အထောက်အထားများတွေ့ရှိရခြင်း။
<ပြင်ဆင် 15.12.2015>
၃၅။ ဗဟိုဘဏ်သည် နိုင်ငံခြားသုံးငွေလုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်ရရှိသူက ဤဥပဒေအခန်း( ၆ ) ပါ ပြဋ္ဌာန်းချက် တစ်ရပ်ရပ်ကို ဖောက်ဖျက်လျှင် အောက်ပါ စီမံခန့်ခွဲရေးဆိုင်ရာ ပြစ်ဒဏ်တစ်ရပ်ရပ်ကို ကျခံစေနိုင်သည်-
(က) သတိပေးခြင်း၊
(ခ) နိုင်ငံခြားသုံးငွေလုပ်ငန်းဆောင်ရွက်ချက်များကို ကန့်သတ်ချက်အပါအဝင်ဖြစ်သည့် အမိန့်များ ချမှတ်ခြင်း၊
(ဂ) ဒဏ်ကြေး ပေးဆောင်စေခြင်း၊
(ဃ) တာဝန်ရှိသူ သို့မဟုတ် သက်ဆိုင်ရာဝန်ထမ်းအား လုပ်ငန်းတာဝန်ထမ်းဆောင်ခြင်းမှ ယာယီ သို့မဟုတ် အမြဲတမ်း ရပ်စဲခြင်း၊
(င) လုပ်ငန်းလိုင်စင် ဖျက်သိမ်းခြင်း။
၃၆။ ဗဟိုဘဏ်က ပုဒ်မ ၃၅ အရ ချမှတ်သည့် ဆုံးဖြတ်ချက် တစ်ရပ်ရပ်နှင့် စပ်လျဉ်း၍ ကျေနပ်မှုမရှိသူသည် ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ သတ်မှတ်ချက်များနှင့်အညီ လျှောက်ထား နိုင်သည်။
၃၇။ ဤဥပဒေအရ အရေးယူသည့်စီမံခန့်ခွဲရေးဆိုင်ရာ ပြစ်ဒဏ်များသည် ပြစ်မှုကြောင်းအရဖြစ်စေ၊ တရားမကြောင်း အရဖြစ်စေ အရေးယူခြင်းအပေါ် ပိတ်ပင်ခြင်းမရှိစေရ။
အခန်း (၁၁)
တားမြစ်ချက်များ
၃၈။ မည်သူမျှနိုင်ငံခြားသုံးငွေ လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင် တစ်မျိုးမျိုးမရှိဘဲ နိုင်ငံခြားသုံးငွေလုပ်ငန်း လုပ်ကိုင်ခြင်း မပြုရ။
၃၈-က။ မည်သူမျှ ရွှေ၊ နိုင်ငံခြားသုံးငွေ၊ လက်ဝတ်ရတနာကို သတ်မှတ်ချက်များနှင့်အညီ မဟုတ်ဘဲ နိုင်ငံတော်အတွင်းသို့ယူဆောင်လာခြင်းသို့မဟုတ် ပြည်ပသို့ယူဆောင်သွားခြင်းမပြုရ။
<ပြင်ဆင် 15.12.2015>
၃၈-ခ။ မည်သူမျှ ပို့ကုန်ရငွေအားလုံးကို သတ်မှတ်ကာလအတွင်း နိုင်ငံတော်အတွင်းရှိ ယင်း၏ ဘဏ်ငွေ စာရင်းသို့နိုင်ငံခြားသုံးငွေဖြင့် ထည့်သွင်းရန် ပျက်ကွက်ခြင်းမရှိစေရ။
<ပြင်ဆင် 15.12.2015>
၃၈-ဂ။ မည်သူမျှပြည်ပနိုင်ငံတစ်ခုတွင်တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ရင်းနှီးမြှုပ်နှံမှုအတွက် ငွေလုံးငွေရင်းလွှဲပြောင်းမှုများကို သတ်မှတ်ချက် များနှင့်အညီ ဆောင်ရွက်ရန်ပျက်ကွက်ခြင်းမရှိစေရ။
<ပြင်ဆင် 15.12.2015>
၃၈-ဃ။ မည်သူမျှ သတ်မှတ်ချက်နှင့်အညီမဟုတ်ဘဲ ပြည်ပမှငွေ သို့မဟုတ် ပစ္စည်းကို ချေးယူခြင်းနှင့် ပြည်ပမှ ချေးငွေရယူရန်အလို့ငှာ ငွေချေး သက်သေခံလက်မှတ်များထုတ်ဝေခြင်း မပြုရ။
<ပြင်ဆင် 15.12.2015>
၃၉။ နိုင်ငံခြားသုံးငွေလုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင်ရရှိသူ မည်သူမဆို ဗဟိုဘဏ်က ထုတ်ပေးသည့် လုပ်ငန်းလိုင်စင် တွင် သတ်မှတ်ခွင့်ပြုခြင်းမရှိသော နိုင်ငံခြားသုံးငွေ လုပ်ငန်းများအား လုပ်ကိုင်ခြင်း မပြုရ။
၄၀။ နိုင်ငံခြားသုံးငွေလုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်ရရှိသူများသည် ဤဥပဒေပါ ပုဒ်မ ၃၃ အရ-
(က) ဗဟိုဘဏ်က တောင်းခံသော သတင်းအချက်အလက်များကို ပေးအပ်ရန် ပျက်ကွက်ခြင်း မရှိစေရ၊
(ခ) မိမိ၏စာရင်းများ၊ စာရင်းစာအုပ်များ၊ အထောက်အထားများနှင့် အခြားမှတ်တမ်းများကို စစ်ဆေးမှုပြုရာတွင် စွက်ဖက်ခြင်း၊ ဟန့်တားခြင်း သို့မဟုတ် နှောင့်ယှက်ခြင်း မပြုရ။
<ပြင်ဆင် 15.12.2015>
၄၁။ နိုင်ငံခြားသုံးငွေလုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်ရရှိသူ မည်သူမဆို ဤဥပဒေအရ ထုတ်ပြန်သည့် နည်းဥပဒေများ၊ စည်းမျဉ်း၊ စည်းကမ်းများ၊ အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံး လုပ်နည်းများတို့ပါ တားမြစ်ချက် တစ်ရပ်ရပ်ကို ဖောက်ဖျက်ခြင်း မပြုရ။
အခန်း (၁၂)
ပြစ်မှုနှင့် ပြစ်ဒဏ်
၄၂။ မည်သူမဆို ပုဒ်မ ၃၈နှင့် ပုဒ်မ ၃၈-က တို့ပါ တားမြစ်ချက်များကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်း ခံရလျှင် ထိုသူအား သုံးနှစ်ထက်မပိုသည့်ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည့်ပြင်သက်သေခံပစ္စည်းများကိုလည်း ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းရန် အမိန့်ချမှတ်ရမည်။
<ပြင်ဆင် 15.12.2015>
၄၂-က။ မည်သူမဆိုပုဒ်မ ၃၈-ခ၊ ပုဒ်မ ၃၈-ဂ နှင့်၃၈-ဃတို့ပါ တားမြစ်ချက်တစ်ရပ်ရပ်ကိုဖောက်ဖျက် ကျုးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်း ခံရလျှင် ထိုသူကို တစ်နှစ်ထက်မပိုသည့် ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။
<ပြင်ဆင် 15.12.2015>
၄၃။ နိုင်ငံခြားသုံးငွေ လုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင်ရရှိသူ မည်သူမဆို ပုဒ်မ ၃၉ ပါ တားမြစ်ချက်ကို ဖောက်ဖျက် ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူအား သုံးနှစ်ထက်မပိုသည့် ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည့်ပြင် သက်သေခံပစ္စည်းများကို လည်း ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းရန် အမိန့်ချမှတ်ရမည်။
၄၄။ နိုင်ငံခြားသုံးငွေလုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်ရရှိသူ မည်သူမဆို ပုဒ်မ ၄၀ သို့မဟုတ် ၄၁ ပါ တားမြစ်ချက် တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူအား တစ်နှစ်ထက်မပိုသည့် ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။
အခန်း (၁၃)
အထွေထွေ
၄၅။ ဤဥပဒေပါပြစ်မှုများဖြင့် တရားစွဲဆိုရာတွင် ဗဟိုဘဏ်၏ ကြိုတင် ခွင့်ပြုချက်ရယူရမည်။
၄၆။ ဤဥပဒေပါ ပြစ်မှုများကို ရဲအရေးယူပိုင်ခွင့် ရှိသော ပြစ်မှုများအဖြစ် သတ်မှတ်သည်။
၄၇။ ရုပ်သိမ်းလိုက်သည့် ၁၉၄၇ ခုနှစ်၊ နိုင်ငံခြားသုံးငွေစည်းမျဉ်းသတ်မှတ်ရေးအက်ဥပဒေ (The Foreign Exchange Regulation Act,1947) အရ ထုတ်ပြန်ခဲ့သည့်နည်းဥပဒေများ၊ စည်းမျဉ်းများ၊ စည်းကမ်းများ၊ အမိန့်များ၊ ညွှန်ကြားချက်များ နှင့် လုပ်ထုံးလုပ်နည်းများကို ဤဥပဒေနှင့် မဆန့်ကျင် သမျှ ကျင့်သုံးနိုင်သည်။
၄၈။ ဤဥပဒေပါ ပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ဤဥပဒေအရ ပေးအပ် သောတာဝန်ကို သဘောရိုးဖြင့်ဆောင်ရွက်သူကို ပြစ်မှုကြောင်းအရသော်လည်းကောင်း၊ တရားမကြောင်း အရသော်လည်း ကောင်း အရေးယူခြင်း မပြုရ။
၄၉။ ဤဥပဒေပါ ပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင်-
(က)ဗဟိုဘဏ်သည် လိုအပ်သောနည်းဥပဒေများ၊ စည်းမျဉ်းနှင့် စည်းကမ်းများကို ပြည်ထောင်စုအစိုးရ အဖွဲ့၏ သဘောတူညီချက်ဖြင့် ထုတ်ပြန်နိုင်သည်။
(ခ) ဗဟိုဘဏ်သည် လိုအပ်သောအမိန့်ကြော်ငြာစာများ၊ အမိန့်၊ ညွှန်ကြားချက်များနှင့် လုပ်ထုံးလုပ်နည်း များကို ထုတ်ပြန်နိုင်သည်။
၅၀။ ဤဥပဒေဖြင့် The Foreign Exchange Regulation Act, 1947 ကို ရုပ်သိမ်းလိုက်သည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျွန်ုပ်လက်မှတ်ရေးထိုးသည်။
(ပုံ) သိန်းစိန်
နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်