ရခိုင်ပြည်နယ်စည်ပင်သာယာရေးဥပဒေ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ရခိုင်ပြည်နယ်လွှတ်တော်


ရခိုင်ပြည်နယ်စည်ပင်သာယာရေးဥပဒေ
(၂၀၁၃ ခုနှစ်၊ ရခိုင်ပြည်နယ်လွှတ်တော်ဥပဒေ အမှတ်-၁။)


၁၃၇၄ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၆ ရက်
(၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ ၃ ရက်)
[ ပြင်ဆင် : 13.09.2013 ]


ရခိုင်ပြည်နယ်လွှတ်တော်သည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။

အခန်း (၁)
အမည်၊ အာဏာတည်ခြင်းနှင့်အဓိပ္ပါယ်ဖော်ပြချက်
၁။ (က) ဤဥပဒေကို ရခိုင်ပြည်နယ်စည်ပင်သာယာရေးဥပဒေဟု ခေါ်တွင်စေရမည်၊
(ခ) ဤဥပဒေသည် ပြဋ္ဌာန်းသည့်နေ့မှစ၍ ရခိုင်ပြည်နယ်တစ်ဝန်းလုံး၌ အာဏာတည်ရမည်။
၂။ ဤဥပဒေတွင်ပါရှိသော အောက်ပါစကားရပ်များသည် ဖေါ်ပြပါအတိုင်း အဓိပ္ပါယ်သက်ရောက်စေရ မည်-
(က) ပြည်နယ်အစိုးရအဖွဲ့ ဆိုသည်မှာ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကိုဆိုသည်၊
(ခ) ဝန်ကြီးချုပ် ဆိုသည်မှာ ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ဝန်ကြီးချုပ်ကိုဆိုသည်၊
(ဂ) ဝန်ကြီးဌာန ဆိုသည်မှာ ရခိုင်ပြည်နယ် စည်ပင်သာယာရေး ဝန်ကြီးဌာနကိုဆိုသည်၊
(ဃ) ဝန်ကြီး ဆိုသည်မှာ ရခိုင်ပြည်နယ်စည်ပင်သာယာရေး ဝန်ကြီးကိုဆိုသည်၊
(င) စည်ပင်သာယာရေးအဖွဲ့ ဆိုသည်မှာ စည်ပင်သာယာရေးလုပ်ငန်းများ ဆောင်ရွက်ရန် နယ်နိမိတ် ပိုင်းခြားသတ်မှတ်၍ ကော်မတီနှင့် ဝန်ထမ်းများပါဝင်ဖွဲ့စည်းထားသော အဖွဲ့ကိုဆိုသည်၊
(စ) ပြည်နယ်မှူး ဆိုသည်မှာ ရခိုင်ပြည်နယ်စည်ပင်သာယာရေး ဝန်ကြီးဌာန၏ ရုံးဝန်ထမ်းအကြီးအကဲ ကိုဆိုသည်၊
(ဆ) ကော်မတီ ဆိုသည်မှာ ဤဥပဒေအရဖွဲ့စည်းသော စည်ပင်သာယာရေးကော်မတီကို ဆိုသည်၊
(ဇ) အမှုဆောင်အရာရှိ ဆိုသည်မှာ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ရုံးဝန်ထမ်းအကြီးအကဲကို ဆိုသည်၊
(ဈ) ဝန်ထမ်းအဖွဲ့ ဆိုသည်မှာ စည်ပင်သာယာရေးအဖွဲ့ ရုံးဝန်ထမ်းအဖွဲ့ကိုဆိုသည်၊
(ည) စည်းကမ်းများ ဆိုသည်မှာ ဤဥပဒေပါလုပ်ငန်းများနှင့် စပ်လျဉ်း၍ ဝန်ကြီးဌာနက ထုတ်ပြန်သော စည်းမျဉ်း၊ စည်းကမ်းများကိုဆိုသည်၊
(ဋ) အန္တရာယ်ရှိစေနိုင်သောလုပ်ငန်း ဆိုသည်မှာ လုပ်ငန်းသဘာဝအရလည်းကောင်း၊ လုပ်ငန်းဆောင် ရွက်ပုံဆောင်ရွက်နည်းများအရလည်းကောင်း၊ လူ၏အသက် သို့မဟုတ် ကျန်းမာရေးကို အန္တရာယ်ဖြစ် စေနိုင်သော၊ ပစ္စည်းကိုထိခိုက်ပျက်စီးစေနိုင်သော သို့မဟုတ် အနှောင့်အယှက်ဖြစ်စေနိုင်သော လုပ်ငန်းကို ဆိုသည်၊
(ဌ) အခွန် ဆိုသည်မှာ ဤဥပဒေအရ စည်းကြပ်သည့်အခွန်ကို ဆိုသည်။ ယင်းစကားရပ်တွင် အခွန်၊ အခ၊ အကောက်နှင့်ဒဏ်ကြေးတို့လည်း ပါဝင်သည်၊
(ဍ) အနှေးယာဉ် ဆိုသည်မှာ ခရီးသည်၊ ကုန်ပစ္စည်းသယ်ပို့ရန် အခကြေးငွေယူ၍ သယ်ယူပို့ဆောင် ခြင်း၊ ငှားရမ်းခြင်းပြုသည့် လူအင်အား သို့မဟုတ် တိရစ္ဆာန်အင်အားကို အသုံးပြုသော ဘီးတပ်ယာဉ် ကိုဆိုသည်၊
(ဎ) အနှေးယာဉ်မောင်းသူ ဆိုသည်မှာ အနှေးယာဉ်ကိုနင်းသူ၊ တွန်းသူ၊ ဆွဲသူ၊ မောင်းသူတို့ကို ဆိုသည်၊
(ဏ) ကူးတို့လုပ်ငန်း ဆိုသည်မှာ မြစ်၊ ချောင်း သို့မဟုတ် အင်းများတွင် ခရီးသည်၊ ကုန်ပစ္စည်း၊ တိရစ္ဆာန်၊ ယာဉ်များကို အခကြေးငွေယူ၍လှေ၊ သမ္ဗန်၊ စက်တပ်ရေယာဉ်၊ သင်္ဘော စသည်တို့ဖြင့် သယ်ယူပို့ဆောင်သည့် အများပြည်သူဆိုင်ရာ ကူးတို့လုပ်ငန်းကိုဆိုသည်။ ယင်းစကားရပ်တွင် ကူးတို့၊ တံတား၊ ကူးတို့ဆိပ်ခံ၊ ကူးတို့ဆိပ်တို့လည်း ပါဝင်သည်။

အခန်း (၂)
ရည်ရွယ်ချက်များ
၃။ ဤဥပဒေအရ စည်ပင်သာယာရေးအဖွဲ့များ၏ လုပ်ငန်းများဆောင်ရွက်ရာတွင် အောက်ပါရည်ရွယ် ချက်များနှင့်အညီ လုပ်ကိုင်ဆောင်ရွက်ရမည်-
(က) မြို့ပြများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်၊
(ခ) ကျေးလက်များအား မြို့ပြများနည်းတူ ဖွံ့ဖြိုးတိုးတက်လာစေရန်၊
(ဂ) စည်ပင်သာယာရေးနှင့် သက်ဆိုင်သည့်အခွန်အရပ်ရပ်အား အပြည့်အဝရရှိစေရန်၊
(ဃ) ရရှိသောအခွန်များဖြင့် မြို့ပြ၊ ကျေးလက်ဖွံ့ဖြိုးမှုလုပ်ငန်းများအား တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ စနစ်တကျသုံးစွဲစေရန်၊
(င) အများပြည်သူထံမှ ရရှိသည့်အခွန်၊ အခများသည် အများပြည်သူအတွက်သာဖြစ်သည်ဟူသော ဦးတည်ချက်ဖြင့်ဆောင်ရွက်စေရန်။

အခန်း (၃)
စည်ပင်သာယာရေးအဖွဲ့ ဖွဲ့စည်းခြင်း
၄။ ဝန်ကြီးဌာနသည် ရခိုင်ပြည်နယ်အတွင်း စည်ပင်သာယာရေးအဖွဲ့များကို အောက်ပါအတိုင်း ဖွဲ့စည်း နိုင်သည်-
(က) မြို့နယ်တစ်ခုကိုဖြစ်စေ၊ မြို့နယ်ခွဲတစ်ခုကိုဖြစ်စေ၊ စည်ပင်သာယာရေးလုပ်ငန်းများ ဆောင်ရွက်ရန် စည်ပင်သာယာရေးအဖွဲ့ကို ဖွဲ့စည်းနိုင်သည်၊
(ခ) ပုဒ်မခွဲ (က) အရ ဖွဲ့စည်းရာတွင် မြို့နယ်၊ မြို့နယ်ခွဲစည်ပင်သာယာရေး နယ်နိမိတ်အတွင်းရှိ မြို့များ၌ မြို့ပြစည်ပင်သာယာရေးလုပ်ငန်းများ ဆောင်ရွက်ရန် မြို့စည်ပင်သာယာရေးနယ်နိမိတ်ကို သတ်မှတ်နိုင်သည်။

အခန်း (၄)
ကော်မတီဖွဲ့စည်းခြင်း
၅။ ပယ်ဖျက်
၅။ ဝန်ကြီးသည် သက်ဆိုင်ရာမြို့နယ် စည်ပင်သာယာရေးကော်မတီကို အောက်ပါအတိုင်း ဖွဲ့စည်းရမည်-

(က) မြို့မိမြို့ဖများမှရွေးချယ်ထားသည့်ပုဂ္ဂိုလ် ဥက္ကဋ္ဌ
(ခ) လူမှုရေး(သို့မဟုတ်)စီးပွားရေးအဖွဲ့အစည်းကိုယ်စားလှယ်(၁)ဦး အဖွဲ့ဝင်
(ဂ) သက်ဆိုင်ရာလုပ်ငန်းအလိုက်ကျွမ်းကျင်ပညာရှင် ပညာအခြေပြုအဖွဲ့အစည်းများမှကိုယ်စားလှယ်(၁)ဦး အဖွဲ့ဝင်
(ဃ) မြို့မိမြို့ဖများမှကိုယ်စားလှယ်(၁)ဦး အဖွဲ့ဝင်
(င) ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အဖွဲ့ဝင်
(စ) ဒုတိယဦးစီးမှူး ကျေးလက်ဖွံ့ဖြိုးရေးဦးစီးဌာန အဖွဲ့ဝင်
(ဆ) အမှုဆောင်အရာရှိ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အတွင်းရေးမှူး
၆။ ပယ်ဖျက်
၆။ ပုဒ်မ ၅ပုဒ်မခွဲ(က)၊ (ခ)၊ (ဂ) နှင့် (ဃ) အရ ရွေးချယ်ရာတွင် အောက်ပါအရည်အချင်းနှင့်ပြည့် စုံသူကို ရွေးချယ်တာဝန်ပေးအပ်ရမည်-
(က) နိုင်ငံသားမိဘနှစ်ပါးမှ မွေးဖွားသော နိုင်ငံသားဖြစ်ခြင်း၊
(ခ) အသက် (၂၅) နှစ်ပြည့်ပြီးသူဖြစ်ခြင်း၊
(ဂ) သင့်လျော်သောပညာအရည်အချင်း ရှိသူဖြစ်ခြင်း၊
(ဃ) စားဝတ်နေရေးဖူလုံမှုရှိသူဖြစ်ခြင်း၊
(င) မြို့ရွာက ကြည်ညိုလေးစားပြီး သိက္ခာသမာဓိရှိသူဖြစ်ခြင်း၊
(စ) မြို့ရွာ၏အကျိုးကို စေတနာထက်သန်စွာဖြင့် တာဝန်ထမ်းဆောင်ရန် ဆန္ဒရှိသူဖြစ်ခြင်း။
<ပြင်ဆင် 13.09.2013>
၇။ ပယ်ဖျက်
၇။ ပုဒ်မ ၅ ပုဒ်မခွဲ (င)၊ (စ) နှင့် (ဆ) အရသတ်မှတ်ထားသည့် ဝန်ထမ်းခန့်ထားမှု မရှိပါကသက် ဆိုင်ရာဌာနများမှ သင့်လျော်သည့်ဝန်ထမ်းများကို တာဝန်ပေးအပ်နိုင်သည်။
<ပြင်ဆင် 13.09.2013>
၈။ ကော်မတီသည် ကိုယ်ပိုင်အမည်၊ ကိုယ်ပိုင်တံဆိပ်ဖြင့် ဆောင်ရွက်ပိုင်ခွင့်၊ စဉ်ဆက်မပြတ် ဆက်ခံ ဆောင်ရွက်ပိုင်ခွင့်၊ တရားစွဲဆိုနိုင်ခွင့်၊ တရားစွဲခံနိုင်ခွင့် ရှိစေရမည်။
၉။ ဝန်ကြီးသည် ကော်မတီဥက္ကဋ္ဌ၊ အဖွဲ့ဝင်များနှင့် ဝန်ထမ်းများအတွက် စရိတ်ချီးမြှင့်ငွေ နှင့် လစာများ ကိုသက်ဆိုင်ရာမြို့နယ်အသီးသီးတို့မှ နှစ်စဉ်ရရှိသောဝင်ငွေအပေါ် မူတည်၍ သတ်မှတ်ပေးရမည်။ ယင်းကဲ့သို့ သတ်မှတ်ရာတွင် ပုဒ်မ ၆၃ ပုဒ်မခွဲ (က) ပါနှစ်စဉ်ရရှိသော ဝင်ငွေ၏ ၃၀ ရာခိုင်နှုန်းအတွင်း သာကျခံသုံးစွဲရမည်။
၁၀။ ကော်မတီ၏သက်တမ်းသည် (၂) နှစ်သက်တမ်းဖြစ်ပြီး ကော်မတီဝင်တစ်ဦးသည် သက်တမ်း (၂) ကြိမ်သာတာဝန်ထမ်းဆောင်ခွင့်ရှိသည်။
၁၁။ ကော်မတီဝင်လစ်လပ်ပါက လစ်လပ်သည့်နေ့မှစ၍ ရက်ပေါင်း (၃၀) အတွင်း အစားထိုးရွေးချယ်ခန့် ထားရမည်။

အခန်း (၅)
ကော်မတီ၏ လုပ်ငန်းတာဝန်များ
၁၂။ ကော်မတီသည် စည်ပင်သာယာရေးအဖွဲ့၏ အောက်ပါလုပ်ငန်းတာဝန်များနှင့် စပ်လျဉ်း၍ တည်ဆဲ ဥပဒေများနှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်ခြင်း၊ ကြီးကြပ်ကွပ်ကဲခြင်း ပြုရမည်-
(က) မြို့ပြစီမံကိန်းများ ရေးဆွဲဆောင်ရွက်ခြင်း၊
(ခ) ရေပေးရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊
(ဂ) မြို့သန့်ရှင်းသာယာလှပရေးလုပ်ငန်းနှင့် စိမ်းလန်းစိုပြေရေး လုပ်ငန်းများဆောင်ရွက်ခြင်း၊
(ဃ) မိလ္လာလုပ်ငန်းများ ဆောင်ရွက်ခြင်း၊
(င) လမ်းမီးပေးရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊
(စ) စည်ပင်သာယာရေးအဖွဲ့များပိုင်ဈေးများ တည်ထောင်ခြင်း၊ ကြီးကြပ်ခြင်း၊ ပြင်ဆင်ထိန်းသိမ်းခြင်း၊
(ဆ) ပုဂ္ဂလိကပိုင်ဈေးများ တည်ထောင်ခွင့်ပြုခြင်း၊ ကြီးကြပ်ခြင်း၊
(ဇ) ကျွဲ၊ နွားပွဲဈေးများတည်ထောင်ခြင်း၊ ကြီးကြပ်ခြင်း၊
(ဈ) လမ်းဘေးဈေးဆိုင်များ ကြီးကြပ်ခြင်း၊
(ည) မုန့်ဖိုများ၊ စားသောက်ဆိုင်များ ကြီးကြပ်ခြင်း၊
(ဋ) အန္တရာယ်ရှိစေနိုင်သော လုပ်ငန်းများ ကြီးကြပ်ခြင်း၊
(ဌ) မီးဘေး၊ ရေဘေး၊ လေဘေး၊ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အထောက်အကူပြု လုပ်ငန်းများ ဆောင်ရွက်ခြင်း၊
(ဍ) သားသတ်ရုံများတည်ထောင်ခြင်း၊ စားသုံးရန်ခြေလေးချောင်းတိရိစ္ဆာန်များ သတ်ဖြတ်ခွင့်ပြုခြင်း၊ အသားရောင်းချခြင်းကို ကြီးကြပ်ခြင်း၊
(ဎ) ကူးတို့လုပ်ငန်းများ စီမံခန့်ခွဲခြင်း၊ ကြီးကြပ်ခြင်း၊
(ဏ) အပေါင်ဆိုင်လုပ်ငန်းများ ခွင့်ပြုခြင်း၊ ကြီးကြပ်ခြင်း၊
(တ) အနှေးယာဉ်များ စီမံခန့်ခွဲခြင်း၊ ကြီးကြပ်ခြင်း၊
(ထ) လမ်း၊ တံတားများတည်ဆောက်ခြင်း၊ ပြင်ဆင်ထိန်းသိမ်းခြင်း၊
(ဒ) လမ်းစည်းကမ်းနှင့် လမ်းအသုံးချမှု သတ်မှတ်ခြင်း၊ လမ်းအမည် သတ်မှတ်ခြင်း၊ အဆောက်အအုံ အမှတ်သတ်မှတ်ခြင်း၊
(ဓ) စည်ပင်သာယာရေးအဖွဲ့ပိုင် အဆောက်အအုံများ ဆောက်လုပ်ခြင်း၊ ပြင်ဆင်ထိန်းသိမ်းခြင်း၊
(န) မြို့နယ်စည်ပင်သာယာရေး နယ်နိမိတ်အတွင်း ပုဂ္ဂလိကပိုင် အဆောက်အအုံများ ဆောက်လုပ်ခွင့်ပြု ခြင်း၊ ကြီးကြပ်ခြင်း၊
(ပ) ဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် မြို့နယ်စည်ပင်သာယာရေး နယ်နိမိတ်ပြင်ပရှိ ကျေးလက်ဒေသတို့ တွင်နယ်နိမိတ်ပိုင်းခြား သတ်မှတ်ကြေညာ၍ ယင်းနယ်နိမိတ်အတွင်း ပုဂ္ဂလိကပိုင်အဆောက်အအုံ ဆောက်လုပ်ခွင့်ပြုခြင်း၊ ကြီးကြပ်ခြင်း၊
(ဖ) ကျူးကျော်အဆောက်အအုံများ ဖျက်သိမ်းခြင်း၊
(ဗ) တည်းခိုခန်း၊ ဘော်ဒါဆောင်နှင့် အခန်းလိုက်ငှားသည့် လုပ်ငန်းများ ဖွင့်လှစ်ခွင့်ပြုခြင်း၊ ကြီးကြပ် ခြင်း၊
(ဘ) မြို့နယ်စည်ပင်သာယာရေး နယ်နိမိတ်အတွင်း တိရစ္ဆာန်များထားရှိခြင်း၊ မွေးမြူခြင်းကို ကြီးကြပ် ခြင်း၊ တိရစ္ဆာန်အသေကောင်များကို ရှင်းလင်းစေခြင်း၊
(မ) လေလွင့်သွားလာနေသော ရူးသွပ်သူ၊ ကုဋ္ဌနူနာရောဂါစွဲကပ်သူနှင့် တောင်းရမ်းစားသောက်သူများ ကိုဖမ်းဆီး၍ သက်ဆိုင်ရာသို့ အပ်နှံခြင်းနှင့်ပတ်သက်၍ ဝန်ကြီးဌာနသို့တင်ပြခြင်း၊
(ယ) လေလွင့်သွားလာနေသော တိရစ္ဆာန်များကို ဖမ်းဆီးထိန်းသိမ်းခြင်း၊ စီမံခန့်ခွဲခြင်း၊
(ရ) ပန်းဥယာဉ်၊ ပန်းခြံ၊ ကစားကွင်း၊ ရေကူးကန်၊ ရေချိုးဆိပ်၊ အပန်းဖြေနေရာများ တည်ထောင်ခြင်း၊ ပြင်ဆင်ထိန်းသိမ်းခြင်း၊
(လ) သုသာန်များ သတ်မှတ်ခြင်း၊ ကြီးကြပ်ခြင်း၊ မီးသင်္ဂြိုဟ်စက်များ တည်ထောင်ခြင်း၊ ပြင်ဆင်ထိန်း သိမ်းခြင်း၊
(ဝ) ဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် သုသာန်များကို ဖျက်ဆီးခြင်း၊ ဖျက်သိမ်းသည့် သုသာန်မြေကို အခြားနည်းအသုံးပြုခြင်း၊
(သ) ခရီးသည်တင်ယာဉ်နှင့် ကုန်တင်ယာဉ်ရပ်နားစခန်းများ တည်ထောင်ဖွင့်လှစ်ခြင်း၊ စီမံခန့်ခွဲခြင်း၊
(ဟ) ပွဲရုံလုပ်ငန်းများ၊ ကုန်စည်ဒိုင်များ လုပ်ကိုင်ခွင့်ပြုခြင်း၊ စီမံခန့်ခွဲခြင်း၊
(ဠ) ကုန်စည်ပြပွဲများ၊ ဈေးရောင်းပွဲတော်နှင့် အရောင်းပြခန်းများကျင်းပခွင့်ပြုခြင်း၊ စီမံခန့်ခွဲခြင်း၊
(အ) အများပြည်သူအကျိုးပြု အခြားစည်ပင်သာယာရေး လုပ်ငန်းများဆောင်ရွက်ခြင်း၊
(ကက) ဝန်ကြီးဌာနမှ အခါအားလျော်စွာ သတ်မှတ်ပေးသည့် လုပ်ငန်းတာဝန်များကို ဆောင်ရွက်ခြင်း။

အခန်း (၆)
ကော်မတီ၏ လုပ်ပိုင်ခွင့်များ
၁၃။ ကော်မတီသည် ဝန်ကြီး၏ခွင့်ပြုချက်ဖြင့် အောက်ပါတို့ကို ဆောင်ရွက်နိုင်သည်-
(က) ဤဥပဒေ၊ တည်ဆဲဥပဒေ၊ နည်းဥပဒေများနှင့်အညီ စည်ပင်သာယာရေး လုပ်ငန်းများနှင့် သက်ဆိုင်သော အခွင့်အရေးလိုင်စင်များအပါအဝင် အခွန်အမျိုးအစားများနှင့် နှုန်းထားသတ်မှတ်ခြင်း၊ ပြင်ဆင်သတ်မှတ်ခြင်း၊ စည်းကြပ်ခြင်းနှင့် ကောက်ခံခြင်း၊
(ခ) ပြည်ထောင်စုအစိုးရထံမှဖြစ်စေ၊ ပြည်နယ်အစိုးရထံမှဖြစ်စေ၊ ပြည်တွင်းပြည်ပ အဖွဲ့အစည်းများထံ မှဖြစ်စေ ဤဥပဒေ၊ တည်ဆဲဥပဒေ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ မိမိတာဝန်ဖြင့်ငွေချေးယူခြင်း၊ အထောက်အပံ့များရယူခြင်း၊
(ဂ) ပြည်တွင်းပြည်ပအဖွဲ့အစည်း သို့မဟုတ် ပြည်တွင်းပြည်ပ ပုဂ္ဂိုလ်တို့နှင့် ဆက်သွယ်၍ စည်ပင်သာ ယာရေးအထောက်အကူပြု လုပ်ငန်းများကို ဆောင်ရွက်ခြင်း၊
(ဃ) အဆောက်အအုံများ ငှားရမ်း၍ဖြစ်စေ၊ မြေများငှားရမ်း၍ဖြစ်စေ၊ အခြားနည်းနှင့်ဖြစ်စေ ရရှိသည့် နိုင်ငံခြားငွေများကို တည်ဆဲဥပဒေ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ စည်ပင်သာယာရေး လုပ်ငန်းများ အတွက်သုံးစွဲခြင်း၊
(င) နိုင်ငံတော်ကာကွယ်ရေးနှင့် သက်ဆိုင်သည့် သို့မဟုတ် လျှို့ဝှက်အဆင့်သတ်မှတ်ထားသည့် အဆောက်အအုံများမှအပ နိုင်ငံတော်ပိုင်အဆောက်အအုံများ ဆောက်လုပ်ခြင်း၊ ပြင်ဆင်ထိန်းသိမ်းခြင်း တို့နှင့်စပ်လျဉ်း၍ ဤဥပဒေနှင့်အညီ စစ်ဆေးခြင်း၊ စစ်ဆေးတွေ့ရှိချက်ကို တင်ပြခြင်း။
၁၄။ ကော်မတီသည် ဝန်ကြီး၏ခွင့်ပြုချက်ဖြင့် အောက်ပါတို့ကို ဆောင်ရွက်နိုင်သည်-
(က) ဤဥပဒေ၊ တည်ဆဲဥပဒေ၊ နည်းဥပဒေများနှင့်အညီ စည်ပင်သာယာရေးလုပ်ငန်းများနှင့် စပ်လျဉ်း ၍ စည်းကမ်းများရေးဆွဲတင်ပြခြင်း၊
(ခ) စည်ပင်သာယာရေးအဖွဲ့ပိုင် ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် လုပ်ငန်းများကို တည်ဆဲဥပဒေ၊ နည်းဥပဒေများနှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊
(ဂ) လုပ်ငန်းလိုအပ်ချက်အရ လုပ်ငန်းအလိုက် အဖွဲ့ငယ်များဖွဲ့စည်း၍ ဆောင်ရွက်ခြင်း၊
(ဃ) စည်ပင်သာယာရေးလုပ်ငန်းများ ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်စေရန်၊ ခေတ်မီတိုးတက်သည့် နည်းလမ်းများ၊ စနစ်များဖြင့် ဆောင်ရွက်ခြင်း၊
(င) လုပ်ငန်းတာဝန်များကို ဆောင်ရွက်ရာတွင် လိုအပ်ပါက သက်ဆိုင်ရာဝန်ကြီးဌာန အဖွဲ့အစည်းများ နှင့်ညှိနှိုင်းဆောင်ရွက်ခြင်း၊
(စ) ဝန်ကြီးက အခါအားလျော်စွာအပ်နှင်းသည့် လုပ်ပိုင်ခွင့်များကို ကျင့်သုံးခြင်း။
၁၅။ ကော်မတီသည် အောက်ပါတို့ကို ဆောင်ရွက်နိုင်သည်-
(က) မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် မြေများတွင် မည်သည့်ပုဂ္ဂိုလ်အဖွဲ့အစည်း၊ ဌာနဆိုင်ရာမျှ ကျူး ကျော်မှုမရှိစေရန် ထိန်းသိမ်းစောင့်ရှောက်ခြင်းနှင့် စီမံခန့်ခွဲခြင်း၊
(ခ) မြို့စည်ပင်သာယာရေး နယ်နိမိတ်အတွင်းရှိ သတ်မှတ်ထားသော လမ်းနယ်နိမိတ်များအတွင်း မည်သည့်ပုဂ္ဂိုလ်၊ အဖွဲ့အစည်း၊ ဌာနဆိုင်ရာမျှ ကျူးကျော်ဆောက်လုပ်ခြင်းမရှိစေရန် တားမြစ်ခြင်းနှင့် စစ်ဆေးကြပ်မတ်ခြင်း၊
(ဂ) မြို့စည်ပင်သာယာရေး၊ နယ်နိမိတ်အတွင်း သဘာဝအလျောက်ပေါက်ရောက်လျှက်ရှိသော သီးပင်၊ စားပင်၊ အရိပ်ရပင်များ၊ စိုက်ပျိုးထားသော သစ်ပင်၊ ပန်းပင်များကို ခုတ်လှဲခြင်း၊ မြေယာရှုခင်းအလှကို ဖျက်ဆီးခြင်းမပြုရန် တားမြစ်ခြင်းနှင့် စစ်ဆေးကြပ်မတ်ခြင်း။

အခန်း (၇)
အခွန်စည်းကြပ်ကောက်ခံခြင်း
၁၆။ ကော်မတီသည် ဝန်ကြီး၏ခွင့်ပြုချက်ဖြင့် မြို့နယ်စည်ပင်သာယာရေး နယ်နိမိတ်တွင်ဖြစ်စေ၊ မြို့ စည်ပင်သာယာရေး နယ်နိမိတ်တွင်ဖြစ်စေ အောက်ပါအခွန်များကို စည်းကြပ်ကောက်ခံရမည်။ သို့ရာတွင် အခွန်ထမ်းပြည်သူများအတွက် နစ်နာမှုမဖြစ်စေရေး အလေးထားဆောင်ရွက်ရမည်-
(က) အဆောက်အအုံနှင့်မြေခွန်၊
(ခ) ရေခွန်၊ လမ်းမီးခွန်၊ အမှိုက်နှင့် အညစ်အကြေးခွန်၊ အများသုံးအိမ်သာခွန်၊
(ဂ) ယာဉ်များ၊ လူစီးနှင့် ဝန်တင်တိရစ္ဆာန်များ၊ အိမ်မွေးခွေးများအပေါ် ကောက်ခံသည့်အခွန်၊
(ဃ) စက်တပ်ယာဉ်များအပေါ် ကောက်ခံသည့်ဘီးခွန်၊
(င) မြို့စည်ပင်သာယာရေး နယ်နိမိတ်အတွင်းသို့ ပြင်ပမှ ဝင်ရောက်ရပ်နားသော ယာဉ်များ၊ လူစီးနှင့် ဝန်တင်တိရစ္ဆာန်များအပေါ် ကောက်ခံသည့်အခွန်၊
(စ) ဤဥပဒေက ခွင့်ပြုသည့် စည်ပင်သာယာရေးဆိုင်ရာ အခြားအခွန်များ။
၁၇။ ကော်မတီသည် အောက်ပါအချက်အလက်များအပေါ် အခြေခံ၍ အခွန်စည်းကြပ်ခြင်း၊ ကောက်ခံ ခြင်းပြုရမည်-
(က) အဆောက်အအုံနှင့် မြေခွန်တို့ကိုစည်းကြပ်ရာတွင် တစ်နှစ်ငှားရမ်းခတန်ဖိုး၏ ၁၀ ရာခိုင်နှုန်းထက် မပိုစေဘဲ စည်းကြပ်ရန်၊
(ခ) အဆောက်အအုံနှင့် မြေခွန်ကို ပိုင်ရှင်ထံမှ စည်းကြပ်ကောက်ခံရန်နှင့် ဝန်ဆောင်ခွန်ကို လက်ရှိနေ ထိုင်သူထံမှ စည်းကြပ်ကောက်ခံရန်၊
(ဂ) သက်ဆိုင်ရာဝန်ကြီးဌာနက စီမံခန့်ခွဲသော ပုဂ္ဂလိကပိုင် အဆောက်အအုံနှင့်မြေခွန်တို့ကို စည်းကြပ် ရာတွင် ယင်းအဆောက်အအုံနှင့်မြေမှ ဝင်ငွေအားလုံး၏ ၅ ရာခိုင်နှုန်းထက်မပိုစေဘဲ စည်းကြပ်ရန်၊
(ဃ) ဝန်ဆောင်ခွန်များ စည်းကြပ်ရာတွင် ဝင်ငွေနှင့်အသုံးစရိတ်မျှတစေရန်၊
(င) စည်ပင်သာယာရေး လုပ်ငန်းများ တိုးချဲ့ဆောင်ရွက်နိုင်စေရန်။
၁၈။ ကော်မတီသည် အဆောက်အအုံနှင့်မြေခွန်၊ ဝန်ဆောင်ခွန်များ စည်းကြပ်ကောက်ခံရန်၊ အဆောက် အအုံနှင့်မြေ၏ တစ်နှစ်ငှားရမ်းခတန်ဖိုးကို အခါအားလျော်စွာ သတ်မှတ်ခြင်း၊ ပြင်ဆင်ခြင်းပြုနိုင်သည်။
၁၉။ ကော်မတီသည် စည်ပင်သာယာရေးဆိုင်ရာ လိုင်စင်ခများ၊ အဖွဲ့ပိုင်ဈေးများမှ ဈေးဆိုင်ခန်းခ၊ ဈေး အကောက်များနှင့် ပုဂ္ဂလိကပိုင်ဈေးများ တည်ထောင်ခွင့်လိုင်စင်ခ၊ အဖွဲ့ပိုင်မြေနှင့် အဆောက်အအုံများ ငှားရမ်းခတို့ကို အခါအားလျော်စွာ သတ်မှတ်ကောက်ခံခြင်း၊ ပြင်ဆင်ကောက်ခံခြင်းပြုနိုင်သည်။
၂၀။ ကော်မတီသည် အခွန်တစ်ရပ်ရပ်နှင့် စပ်လျဉ်း၍ အောက်ပါအတိုင်းဆောင်ရွက်နိုင်သည်-
(က) စည်းကြပ်သော အခွန်တစ်ရပ်ရပ်ကို ဖျက်သိမ်းခြင်း သို့မဟုတ် နှုန်းထားပြင်ဆင်ခြင်း သို့မဟုတ် ကောက်ခံခြင်းကို ခေတ္တရပ်ဆိုင်းထားခြင်း၊
(ခ) ခိုင်လုံသောအကြောင်းရှိပါက အခွန်ထမ်းတစ်ဦးဦးက ပေးဆောင်ရန်ရှိသော အခွန်ကို ကင်းလွတ် ခွင့်ပြုခြင်း၊ သို့မဟုတ် လျှော်ပစ်ခြင်း သို့မဟုတ် ပယ်ဖျက်ခြင်း။
၂၁။ အမှုဆောင်အရာရှိသည် အခွန်ကြွေးကျန်တို့နှင့် စပ်လျဉ်း၍ အောက်ပါအတိုင်း ဆောင်ရွက်နိုင်သည်-
(က) အခွန်ကြွေးကျန်များကို မြေခွန်မပြေကျန်ငွေဖြစ်ဘိသကဲ့သို့ ကောက်ခံခြင်း၊
(ခ) ပုဒ်မခွဲ (က) ပါကိစ္စဆောင်ရွက်ရန်အလို့ငှာ တည်ဆဲဥပဒေများအရ ကော်လိပ်တော်အရာရှိ၏ လုပ်ပိုင်ခွင့်များကို ကျင့်သုံးဆောင်ရွက်ခြင်း။

အခန်း (၈)
စည်ပင်သာယာရေး လုပ်ငန်းများ စီမံခန့်ခွဲခြင်း
၂၂။ ဝန်ကြီးသည် ပြည်သူလူထုအား တိုက်ရိုက်အကျိုးပြုသည့် လုပ်ငန်းများဆောင်ရွက်ရန်နှင့် ဒေသ တွင်းဖွံ့ဖြိုးတိုးတက်မှု အထောက်အကူပြုလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ကော်မတီအား တာဝန် ပေးအပ်ရမည်။
၂၃။ ကော်မတီသည် မြို့နယ်စည်ပင်သာယာရေး နယ်နိမိတ်အတွင်းရှိ မြေ၊ အဆောက်အအုံတို့နှင့် စပ်လျဉ်း၍ အောက်ပါကိစ္စရပ်များကို တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ စည်းကမ်းများနှင့်အညီ လိုက်နာ ဆောင်ရွက်စေရန် မြေပိုင်ရှင် သို့မဟုတ် အဆောက်အအုံပိုင်ရှင် သို့မဟုတ် လက်ရှိနေထိုင်သူအား ညွှန်ကြားနိုင်သည်-
(က) ခွင့်ပြုချက်မရှိဘဲဖြစ်စေ၊ ခွင့်ပြုချက်ပါသတ်မှတ်ချက်များ နှင့်ညီညွတ်မှုမရှိဘဲဖြစ်စေ၊ အဆောက် အအုံဆောက်လုပ်သည်ကို သို့မဟုတ် ပြင်ဆင်ဆောက်လုပ်သည်ကို ရပ်ဆိုင်းထားစေခြင်း၊ ပြန်လည်ပြု ပြင်စေခြင်း သို့မဟုတ် ဖြိုဖျက်စေခြင်း၊
(ခ) အများပြည်သူနှင့် သက်ဆိုင်သော လမ်း၊ ရေမြောင်း၊ ရေပိုက်၊ မိလ္လာပိုက် စသည်များပေါ်တွင် အဆောက်အအုံဖြစ်စေ၊ အဆောက်အအုံ၏ အစိတ်အပိုင်းဖြစ်စေကျူးကျော်ဆောက်လုပ်သည်ကို ဖယ် ရှားစေခြင်း၊
(ဂ) အများပြည်သူနှင့် သက်ဆိုင်သော လမ်း၊ တံတားတည်ဆောက်ခြင်း၊ ပြင်ဆင်မွမ်းမံခြင်းပြုရာတွင် မလွတ်ကင်းသော အဆောက်အအုံ သို့မဟုတ် အဆောက်အအုံ၏ အစိတ်အပိုင်းကို ဖယ်ရှားစေခြင်း၊
(ဃ) အန္တရာယ်ရှိစေနိုင်သည့် သို့မဟုတ် လူနေထိုင်ရန် မသင့်လျော်သည့် အဆောက်အအုံကိုဖြစ်စေ၊ အဆောက်အအုံ၏ အစိတ်အပိုင်းကိုဖြစ်စေ ပြုပြင်စေခြင်း၊ ဖြိုဖျက်စေခြင်း သို့မဟုတ် နေထိုင်သူများကို ဖယ်ရှားစေခြင်း၊
(င) အဆောက်အအုံ၊ ဝင်းခြံတို့ကို ဆေး သို့မဟုတ် ထုံးသုတ်စေခြင်း၊
(စ) ဝင်းခြံမခတ်သည့်မြေကို ဝင်းခြံခတ်စေခြင်း၊ မပြုပြင်သည့်ဝင်းခြံကို ပြုပြင်စေခြင်း၊
(ဆ) အန္တရာယ်ရှိစေနိုင်သည့် သို့မဟုတ် သန့်ရှင်းသပ်ရပ်မှုမရှိသည့် သစ်ပင်၊ ချုံပင်များကို ခုတ်ထွင်ရှင်း လင်းစေခြင်း၊ ချိုင့်ဝှမ်းကို မြေဖို့စေခြင်း။
၂၄။ ပုဒ်မ ၂၃ ပုဒ်မခွဲ (ဃ)၊ (င) နှင့် (စ) တို့အရ လိုက်နာဆောင်ရွက်ရန် လက်ရှိနေထိုင်သူအား ညွှန်ကြား လျှင်လက်ရှိနေထိုင်သူသည် ညွှန်ကြားသည့်အတိုင်း လိုက်နာဆောင်ရွက်ရမည်။ လက်ရှိနေထိုင်သူသည် တရားဝင်အိမ်ငှားဖြစ်လျှင် ထိုကုန်ကျစရိတ်ကို အိမ်ရှင်ထံမှ တောင်းခံခွင့် သို့မဟုတ် ငှားရမ်းခမှ ခုနှိမ်ခွင့် ရှိသည်။
၂၅။ ကော်မတီသည် မြို့စည်ပင်သာယာရေး နယ်နိမိတ်အတွင်းရှိ ရေတွင်း၊ ရေကန်၊ ရေမြောင်း၊ မိလ္လာ အညစ်အကြေးတို့နှင့်စပ်လျဉ်း၍ အောက်ပါကိစ္စရပ်များကို တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ စည်းကမ်းများ နှင့်အညီလိုက်နာဆောင်ရွက်စေရန် ပိုင်ရှင် သို့မဟုတ် မြေပိုင်ရှင် သို့မဟုတ် လက်ရှိနေထိုင်သူအား ညွှန်ကြားနိုင်သည်-
(က) အန္တရာယ်ရှိစေနိုင်သည့် ရေတွင်း၊ ရေကန်၊ ရေအိုင်များကို ကာရံစေခြင်း၊ ပြုပြင်စေခြင်း၊
(ခ) ကျန်းမာရေးနှင့်မညီညွတ်သော ရေတွင်း၊ ရေကန်၊ ရေလှောင်ကန်၊ ရေစည်၊ ရေအိုင် စသည်တို့ကို ဆေးကြောသုတ်သင်စေခြင်း၊ ပြုပြင်စေခြင်း၊ ရေဖြည့်စေခြင်း၊ ဖုံးအုပ်စေခြင်း၊
(ဂ) စက်ရုံ၊ အလုပ်ရုံ၊ အဆောက်အအုံနှင့် မြေပေါ်မှစီးဆင်းသည့် ရေကြောင့်အများပြည်သူနှင့် သက်ဆိုင် သောလမ်းနှင့်အခြားပစ္စည်းများကို ထိခိုက်ပျက်စီးခြင်းမရှိစေရန်နှင့် ရေစီးရေလာကောင်းစေရန်ရေတံ လျှောက်၊ ရေဆင်းပိုက်၊ ရေမြောင်း စသည်တို့ကို ပြုလုပ်စေခြင်း သို့မဟုတ် ပြုပြင်စေခြင်း၊
(ဃ) စက်ရုံ၊ အလုပ်ရုံ၊ အဆောက်အအုံတို့မှ ရေကောင်းမွန်စွာ ထုတ်ပစ်နိုင်ရန် မြေကိုပြုပြင်စေခြင်း၊
(င) စက်ရုံ၊ အလုပ်ရုံ၊ အဆောက်အအုံနှင့်မြေတို့တွင် ရေဆွဲအိမ်သာ၊ ရေလောင်းအိမ်သာ၊ မိလ္လာပိုက်၊ မိလ္လာကန် စသည်တို့ကို စီမံထားရှိစေခြင်း၊
(စ) ခွင့်ပြုချက်မရှိဘဲဖြစ်စေ၊ ခွင့်ပြုချက်ပါသတ်မှတ်ချက်များ နှင့်ညီညွတ်မှုမရှိဘဲဖြစ်စေ ပြုလုပ်ထား သည့်ရေဆွဲအိမ်သာ၊ ရေလောင်းအိမ်သာ၊ မိလ္လာပိုက်၊ မိလ္လာကန်စသည်တို့ကို ပိတ်ထားစေခြင်း သို့မဟုတ် ဖျက်သိမ်းစေခြင်း သို့မဟုတ် ပြောင်းလဲပြင်ဆင်စေခြင်း၊
(ဆ) မိလ္လာပိုက် သို့မဟုတ် ရေပိုက်ကိုအခြားသူတစ်ဦး ပိုင်ဆိုင်သည့် ဆက်စပ်နေသော မြေကိုဖြတ်၍ ဆောင်ရွက်ရလျှင် မြေပိုင်ရှင်က ဆောင်ရွက်ခွင့်ပြုစေခြင်း၊
(ဇ) မိလ္လာပိုက်၊ ရေပိုက်ကို အခြားသူတစ်ဦး၏ မြေကိုဖြတ်၍ ဆောင်ရွက်ခြင်းကြောင့် မြေပိုင်ရှင်တွင် နစ်နာမှုရှိလျှင် ထိုနစ်နာမှုအတွက် ကော်မတီက သတ်မှတ်သည့် သင့်လျော်သောလျော်ကြေးငွေကို မိလ္လာ ပိုက်၊ ရေပိုက် ဆက်သွယ်သူက နစ်နာသူအား ပေးစေခြင်း။
၂၆။ ကော်မတီသည် မြို့နယ်စည်ပင်သာယာရေး နယ်နိမိတ်အတွင်း အောက်ပါကိစ္စရပ်များနှင့် စပ်လျဉ်း ၍တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ စည်းကမ်းများနှင့်အညီ လိုက်နာဆောင်ရွက်စေရန် အဆောက်အအုံ ပိုင်ရှင် သို့မဟုတ် မြေပိုင်ရှင် သို့မဟုတ် သက်ဆိုင်သူအား ညွှန်ကြားနိုင်သည်-
(က) အမှိုက်များနှင့် နံစော်နေသော အရာဝတ္ထုများကို စွန့်ပစ်ခြင်းမပြုမီ စုဆောင်း၍ ထည့်ထားရန်သင့် လျော်သောအမှိုက်ပုံးများ စီမံထားရှိစေခြင်း၊
(ခ) ကျန်းမာရေးနှင့်မညီညွတ် ကြောင်းတွေ့ရှိရသည့် အများပြည်သူနှင့်သက်ဆိုင်သော ရေပေးရေး လုပ်ငန်း၊ ကိုယ်ပိုင်ရေပေးရေး လုပ်ငန်းတို့ကို အသုံးပြုခြင်းမှ ပိတ်ထားစေခြင်း၊
(ဂ) တည်းခိုခန်း သို့မဟုတ် ဘော်ဒါဆောင် သို့မဟုတ် အခန်းလိုက်ငှားသော အဆောက်အအုံကို ကျန်းမာသန့်ရှင်းရေးနှင့် ညီညွတ်စေရန် ဆောင်ရွက်စေခြင်း၊
(ဃ) အများပြည်သူ ပျော်ပွဲရွှင်ပွဲအတွက် အသုံးပြုသည့် အဆောက်အအုံတို့ကို ကျန်းမာသန့်ရှင်းရေး တို့နှင့် ညီ ညွတ်စေရန်လည်းကောင်း၊ မီးဘေးလုံခြုံရေးရှိစေရန်လည်းကောင်း၊ ဆောင်ရွက်စေခြင်း၊
(င) အန္တရာယ်ရှိစေနိုင်သော လုပ်ငန်းလုပ်ကိုင်ရာတွင် ပတ်ဝန်းကျင်အတွက် အန္တရာယ်ရှိလာလျှင် သို့မဟုတ် အနှောင့်အယှက်ဖြစ်လာလျှင် လုပ်ငန်းနေရာကို အသုံးမပြုဘဲ နေစေခြင်း သို့မဟုတ် ပြင်ဆင်စီမံ ဆောင်ရွက်စေခြင်း။
၂၇။ ကော်မတီသည် မြို့နယ်စည်ပင်သာယာရေး နယ်နိမိတ်အတွင်း အောက်ပါကိစ္စရပ်များနှင့် စပ်လျဉ်း ၍တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ စည်းကမ်းများနှင့်အညီ လိုက်နာဆောင်ရွက်စေရန် လုပ်ငန်းရှင် သို့မဟုတ် ယာဉ်ပိုင်ရှင် သို့မဟုတ် သက်ဆိုင်သူအား ညွှန်ကြားနိုင်သည်-
(က) ဆောက်လုပ်ရေး၊ တည်ဆောက်ရေးလုပ်ငန်းသုံး ပစ္စည်းများဖြစ်သည့် အုတ်၊ သဲ၊ ကျောက်၊ မြေ၊ ထုံး၊ သစ်နှင့်အခြားပစ္စည်းများ သယ်ယူပို့ဆောင်သော မည်သည့်ယာဉ်အမျိုးအစားကိုမဆို သတ်မှတ် လမ်းကြောင်းအတိုင်းမောင်းနှင်စေခြင်း၊
(ခ) မည်သည့်သယ်ယူပို့ဆောင်သည့် ယာဉ်အမျိုးအစားကိုမဆို လုပ်ငန်းသုံးပစ္စည်းများအား လုံခြုံစွာ ဖုံးအုပ်တင်ဆောင်တင်ပို့စေခြင်း၊
(ဂ) အများပြည်သူဆိုင်ရာ လမ်းများပေါ်သို့ လုပ်ငန်းသုံးပစ္စည်းများလွင့်စင်၊ ယိုဖိတ်၊ ဖရိုဖရဲကျရောက် ခြင်းကြောင့်မလိုလားအပ်သည့် ယာဉ်အန္တရာယ်နှင့် ပတ်ဝန်းကျင်ထိခိုက်နှောင့်ယှက်မှုများ၊ မြို့သန့်ရှင်း ရေးထိခိုက်မှုများ မဖြစ်ပေါ်စေရေးအတွက် ချက်ချင်းပြန်လည်သိမ်းဆည်း၊ ဖယ်ရှားရှင်းလင်း ဆောင် ရွက်စေခြင်း။
၂၈။ ကော်မတီသည် အသုံးပြုရန်မသင့်လျော်သည့် သုသာန်မြေနှင့် စပ်လျဉ်း၍ အောက်ပါကိစ္စရပ်များကို တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ စည်းကမ်းများနှင့်အညီ လိုက်နာဆောင်ရွက်စေရန် ပိုင်ရှင် သို့မဟုတ် သက်ဆိုင်သည့်အဖွဲ့အစည်းအား ညွှန်ကြားနိုင်သည်-
(က) သုသာန်မြေကို ဆက်လက်အသုံးပြုခွင့်မပြုဘဲ ပိတ်ထားစေခြင်း၊
(ခ) သုသာန်မြေကို ရွှေ့ပြောင်းစေခြင်း၊ ဖျက်သိမ်းစေခြင်း၊
(ဂ) ပိတ်သိမ်းပြီး သုသာန်ဟောင်းမြေအား အခြားနည်းဖြင့် အသုံးပြုခွင့်ရရှိမှသာ သတ်မှတ်ချက်နှင့် အညီအသုံးပြုစေခြင်း။

အခန်း (၉)
အနှေးယာဉ်များစီမံခန့်ခွဲခြင်း
၂၉။ ကော်မတီသည် အနှေးယာဉ်များနှင့်စပ်လျဉ်း၍ အောက်ပါအတိုင်း ဆောင်ရွက်နိုင်သည်-
(က) အနှေးယာဉ် အမျိုးအစားအလိုက် စည်းကမ်းများရေးဆွဲတင်ပြခြင်း၊
(ခ) အနှေးယာဉ် လိုင်စင်ခသတ်မှတ်ခြင်း၊ စည်းကြပ်ကောက်ခံခြင်း၊
(ဂ) အနှေးယာဉ်မောင်း လိုင်စင်ခသတ်မှတ်ခြင်း၊ စည်းကြပ်ကောက်ခံခြင်း၊
(ဃ) အနှေးယာဉ် လိုင်စင်ထုတ်ပေးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပယ်ဖျက်ခြင်း၊
(င) အနှေးယာဉ်မောင်း လိုင်စင်ထုတ်ပေးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပယ်ဖျက်ခြင်း၊
(စ) အနှေးယာဉ်များအား စစ်ဆေးခြင်း၊ ကြီးကြပ်ခြင်း၊
(ဆ) အနှေးယာဉ်မောင်းသူများအား စစ်ဆေးခြင်း၊ ကြီးကြပ်ခြင်း။
၃၀။ ကော်မတီမှ ထုတ်ပေးသော လိုင်စင်ရရှိသူသာ အနှေးယာဉ်တည်ထောင်လုပ်ကိုင်ခွင့်ရှိသည်။
၃၁။ ကော်မတီမှ ထုတ်ပေးသော လိုင်စင်ရရှိသူသာ အနှေးယာဉ်မောင်းခွင့်ရှိသည်။
၃၂။ အနှေးယာဉ်ပိုင်ရှင်နှင့် မောင်းသူတို့သည် သတ်မှတ်ထားသော စည်းကမ်းများနှင့်အညီ လိုက်နာ ဆောင်ရွက်ရမည်။

အခန်း (၁၀)
ကူးတို့လုပ်ငန်းများစီမံခန့်ခွဲခြင်း
၃၃။ ကော်မတီသည် မြို့နယ်စည်ပင်သာယာရေး နယ်နိမိတ်အတွင်း ကူးတို့လုပ်ငန်းများနှင့် စပ်လျဉ်း၍ စည်းကမ်းများနှင့်အညီ အောက်ပါအတိုင်း ဆောင်ရွက်နိုင်သည်-
(က) ကူးတို့လုပ်ငန်းတည်ထောင်ခွင့်ပြုခြင်း၊ ပယ်ဖျက်ခြင်း၊
(ခ) ကူးတို့နယ်နိမိတ်သတ်မှတ်ခြင်း၊ ပြင်ဆင်သတ်မှတ်ခြင်း
(ဂ) ကူးတို့လုပ်ငန်းကို ကြီးကြပ်ခြင်း၊
(ဃ) ကူးတို့လုပ်ငန်း လမ်းကြောင်း သတ်မှတ်ခြင်း၊
(င) ခိုင်လုံသောအကြောင်းရှိလျှင် ကူးတို့လုပ်ငန်းလိုင်စင်ကို ဖျက်သိမ်းခြင်း၊
(စ) စည်းကမ်းဖောက်ဖျက်ခြင်းကြောင့် မဟုတ်ဘဲ ဖျက်သိမ်းခံရသည့် ကူးတို့လုပ်ငန်းလိုင်စင်အတွက် လျော်ကြေးပေးရန်ဆုံးဖြတ်ခြင်း၊ လျော်ကြေးငွေသတ်မှတ်ခြင်း၊
(ဆ) ကူးတို့လုပ်ငန်းသယ်ယူပို့ဆောင်ခ သတ်မှတ်ခြင်း၊
(ဇ) တာဝန်ဖြင့်ခရီးသွားလာသော ဌာနဆိုင်ရာဝန်ထမ်းများ၊ ဌာနဆိုင်ရာယာဉ်များ၊ တိရစ္ဆာန်များ၊ ကုန် ပစ္စည်းများနှင့် ကျောင်းသွား ကျောင်းပြန်ချိန်၌ ကျောင်းသား၊ ကျောင်းသူများအတွက် ကူးတို့လုပ်ငန်း သယ်ယူပို့ဆောင်ခကိုလျှော့ပေါ့ပေးခြင်း၊ ကင်းလွတ်ခွင့်ပြုခြင်း၊
(ဈ) ခိုင်လုံသောအကြောင်းရှိလျှင် ကူးတို့လုပ်ငန်းလိုင်စင်ခကို လျှော့ပေါ့ပေးခြင်း၊ ကင်းလွတ်ခွင့်ပြု ခြင်း။
၃၄။ ဝန်ကြီးသည် မြို့နယ်နှစ်ခု သို့မဟုတ် နှစ်ခုထက်ပိုသော မြို့နယ်များနှင့်ဆက်စပ်နေသော ကူးတို့ လုပ်ငန်းများနှင့်စပ်လျဉ်း၍ သက်ဆိုင်သည့် မြို့နယ်ကော်မတီများဖြင့် ပူးပေါင်းကော်မတီကို ဖွဲ့စည်းနိုင် သည်။ အဆိုပါ ပူးပေါင်းကော်မတီသည် ကူးတို့လုပ်ငန်းကြီးကြပ်သူအဖြစ် စည်းကမ်းများနှင့်အညီ အောက်ပါအတိုင်းဆောင်ရွက်နိုင်သည်-
(က) ကူးတို့လုပ်ငန်းတည်ထောင်ခွင့်ပြုခြင်း၊ ပယ်ဖျက်ခြင်း၊
(ခ) ကူးတို့နယ်နိမိတ်သတ်မှတ်ခြင်း၊ ပြင်ဆင်သတ်မှတ်ခြင်း၊
(ဂ) ကူးတို့လုပ်ငန်းကို ကြီးကြပ်ခြင်း၊
(ဃ) ကူးတို့လုပ်ငန်းလမ်းကြောင်း သတ်မှတ်ခြင်း၊
(င) ကူးတို့လုပ်ငန်း နယ်နိမိတ်ချင်း ဆက်စပ်လျှက်ရှိသည့် စည်ပင်သာယာရေးအဖွဲ့များသို့ ကူးတို့ လုပ်ငန်းဝင်ငွေများကို အချိုးကျခွဲဝေသတ်မှတ်ပေးခြင်း၊
(စ) ခိုင်လုံသောအကြောင်းရှိလျှင် ကူးတို့လုပ်ငန်းလိုင်စင်ကို ဖျက်သိမ်းခြင်း၊
(ဆ) ကူးတို့လုပ်ငန်းအုပ်ချုပ်သူအဖြစ် သင့်လျော်သောပူးပေါင်း ကော်မတီဝင်တစ်ဦးအား ခန့်ထားခြင်း၊
(ဇ) ကူးတို့စည်းကမ်း ဖောက်ဖျက်ခြင်းကြောင့် မဟုတ်ဘဲ ဖျက်သိမ်းခံရသည့် ကူးတို့လုပ်ငန်းလိုင်စင် အတွက် လျော်ကြေးပေးရန် ဆုံးဖြတ်ခြင်း၊ လျော်ကြေးငွေသတ်မှတ်ခြင်း၊
(ဈ) ကူးတို့လုပ်ငန်း သယ်ယူပို့ဆောင်ခ သတ်မှတ်ခြင်း၊
(ည) တာဝန်ဖြင့်ခရီးသွားလာသော ဌာနဆိုင်ရာဝန်ထမ်းများ၊ ဌာနဆိုင်ရာယာဉ်များ၊ တိရစ္ဆာန်များ၊ ကုန်ပစ္စည်းများနှင့် ကျောင်းသွား၊ ကျောင်းပြန်အချိန်၌ ကျောင်းသားကျောင်းသူများအတွက် ကူးတို့ လုပ်ငန်းသယ်ယူပို့ဆောင်ခကို လျှော့ပေါ့ပေးခြင်း၊ ကင်းလွတ်ခွင့်ပြုခြင်း၊
(ဋ) ခိုင်လုံသောအကြောင်းရှိလျှင် ကူးတို့လုပ်ငန်းလိုင်စင်ခကို လျှော့ပေါ့ပေးခြင်း၊ ကင်းလွတ်ခွင့်ပြု ခြင်း။
၃၅။ ကော်မတီမှ တာဝန်ပေးအပ်သူသည် ကူးတို့လုပ်ငန်းအုပ်ချုပ်သူအဖြစ် တာဝန်ယူဆောင်ရွက်ရမည်။ ကူးတို့လုပ်ငန်းအုပ်ချုပ်သူသည် ကူးတို့လုပ်ငန်းနှင့်စပ်လျဉ်း၍ အောက်ပါအတိုင်း ဆောင်ရွက်ရမည်-
(က) ကူးတို့လုပ်ငန်းကိုအုပ်ချုပ်ခြင်း၊
(ခ) ကူးတို့လုပ်ငန်းလိုင်စင်များကို သတ်မှတ်သည့်နည်းလမ်းဖြင့် ရောင်းချခြင်း၊
(ဂ) ကူးတို့လုပ်ငန်းလိုင်စင်ရရှိသူကို အများပြည်သူသက်သာဘေးကင်းလုံခြုံစွာသွားလာနိုင်ရေးအတွက် အစီအစဉ်များပြုလုပ်စေခြင်း၊
(ဃ) စည်းကမ်းဖောက်ဖျက်သဖြင့် ဖျက်သိမ်းသည့် ကူးတို့လုပ်ငန်းလိုင်စင်များကို ပြန်လည်ရောင်းချ ခြင်း။
၃၆။ ကူးတို့လုပ်ငန်းလိုင်စင်ရရှိသူသာ ကူးတို့နယ်နိမိတ်တစ်ခုအတွင်း ကူးတို့လုပ်ငန်းကို လုပ်ကိုင်ခွင့်ရှိ သည်။
၃၇။ ကူးတို့လုပ်ငန်းလိုင်စင်ရရှိသူသည် ကူးတို့ရေယာဉ်နှင့်စပ်လျဉ်း၍လည်းကောင်း၊ ယင်းနှင့်သက်ဆိုင် သည့်ပစ္စည်းကိရိယာများနှင့်စပ်လျဉ်း၍လည်းကောင်း၊ ကူးတို့လုပ်ငန်းအုပ်ချုပ်သူက ပြင်ဆင်ထိန်းသိမ်း ရန်ညွှန်ကြားသည်ကို လိုက်နာဆောင်ရွက်ရမည်။
၃၈။ ကူးတို့လုပ်ငန်းလိုင်စင်ရရှိသူသည် အသုံးပြုရန် မသင့်လျော်သော ကူးတို့ရေယာဉ်နှင့် စပ်လျဉ်း၍ လည်းကောင်း၊ ယင်းနှင့်သက်ဆိုင်သည့် ပစ္စည်းကိရိယာများနှင့် စပ်လျဉ်း၍လည်းကောင်း၊ ကူးတို့လုပ် ငန်းအုပ်ချုပ်သူက ဆက်လက်အသုံးမပြုရန် ညွှန်ကြားထားသည်ကို လိုက်နာဆောင်ရွက်ရမည်။
၃၉။ ဝန်ကြီးသည် ကူးတို့လုပ်ငန်းတည်ရှိရာဒေသနှင့် စပ်လျဉ်း၍ ပြည်နယ် သို့မဟုတ် တိုင်းဒေသကြီး တစ်ခုနှင့် တစ်ခုအကြား အငြင်းပွားမှုကို ညှိနှိုင်းပေါင်းစပ်ဖြေရှင်းနိုင်သည် သို့မဟုတ် ပြည်နယ်မှူးအား ဖြေရှင်းနိုင်ရန် တာဝန်ပေးအပ်နိုင်သည်။
၄၀။ ပုဒ်မ ၃၅ သို့မဟုတ် ပုဒ်မ ၃၇ သို့မဟုတ် ပုဒ်မ ၃၈ ပါပြဋ္ဌာန်းချက်တစ်ရပ်ရပ်နှင့်စပ်လျဉ်း၍ ကူးတို့ လုပ်ငန်းအုပ်ချုပ်သူက ချမှတ်သည့်အမိန့် သို့မဟုတ် ဆုံးဖြတ်ချက်ကို မကျေနပ်ပါက ယင်းအမိန့် သို့မဟုတ် ဆုံးဖြတ်ချက်ချမှတ်သည့်နေ့မှ ရက်ပေါင်း (၃၀) ရက်အတွင်း သက်ဆိုင်ရာ ကူးတို့လုပ်ငန်း ကြီးကြပ်သည့် ကော်မတီထံ အယူခံဝင်နိုင်သည်။
၄၁။ ပုဒ်မ ၃၃ သို့မဟုတ် ၃၄ သို့မဟုတ် ပုဒ်မ ၄၀ တို့အရ ကူးတို့လုပ်ငန်းကြီးကြပ်သည့် ကော်မတီက ချမှတ်သည့်အမိန့် သို့မဟုတ် ဆုံးဖြတ်ချက်ကို မကျေနပ်ပါက ယင်းအမိန့် သို့မဟုတ် ဆုံးဖြတ်ချက်ချမှတ် သည့်နေ့မှရက်ပေါင်း (၆၀) ရက်အတွင်း ဝန်ကြီးထံအယူခံဝင်နိုင်သည်။
၄၂။ ဝန်ကြီး၏ ဆုံးဖြတ်ချက်သည် အပြီးအပြတ်ဖြစ်စေရမည်။

အခန်း (၁၁)
တိရစ္ဆာန်များ သတ်ဖြတ်မှုကို စီမံခန့်ခွဲခြင်း
၄၃။ ကော်မတီသည် ကျွဲ၊ နွား၊ မြင်း၊ သိုး၊ ဆိတ်၊ ဝက်တို့ကို အများပြည်သူစားသုံးရန်အလို့ငှာ စည်ပင် သာယာရေးအဖွဲ့ပိုင် သားသတ်ရုံများတွင် စည်းကမ်းများနှင့်အညီ သတ်ဖြတ်ခြင်းနှင့် သတ်မှတ်ထား သည့်နေရာတွင် စည်းကမ်းများနှင့်အညီ အသားရောင်းချခြင်းကို ခွင့်ပြုနိုင်သည်။
၄၄။ ကော်မတီသည် မည်သည့်ဒေသတွင်မဆို အများပြည်သူစားသုံးရန် ဖြန့်ဖြူးရောင်းချခြင်း မဟုတ် သည့်-
(က) ဘာသာရေးနှင့် အခြားကိစ္စရပ်များအတွက် ကျွဲ၊ နွား၊ တိရစ္ဆာန်များ သတ်ဖြတ်ခွင့်အမိန့်ကို ပြည်နယ်အစိုးရအဖွဲ့၏ ညွှန်ကြားချက်နှင့်အညီ ခွင့်ပြုနိုင်သည်၊
(ခ) သာရေးနာရေး ကိစ္စရပ်များတွင် ဆိတ်၊ ဝက် စသည့်တိရစ္ဆာန်များသတ်ဖြတ်ခွင့် အမိန့်ကို သက်ဆိုင် ရာရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများ၏ ထောက်ခံချက်ဖြင့် စိစစ်ခွင့်ပြုနိုင်သည်။
၄၅။ ကော်မတီသည် ကျွဲ၊ နွား တိရစ္ဆာန်များ သတ်ဖြတ်ခွင့်ပြုရာတွင် လယ်ယာလုပ်ငန်းသုံး ကျွဲ၊ နွား တိရစ္ဆာန်များ ပြုန်းတီးမှုမရှိစေရန် ပြည်နယ်အစိုးရအဖွဲ့၏ ညွှန်ကြားချက်နှင့်အညီ ဆောင်ရွက်ရမည်။
၄၆။ ပုဒ်မ ၄၃ ပါတိရစ္ဆာန်သတ်ဖြတ်ခြင်း၊ အသားရောင်းချခြင်းတို့သည် မြို့နယ်အတွင်းရှိ ပြည်သူလူ ထုစားသုံးရန် ခွင့်ပြုခြင်းဖြစ်၍ မြို့နယ်ကျော်လွန်ပြီး စားသောက်ကုန်အဖြစ် သယ်ပို့ရောင်းချသည့် အသားခြောက်ထုတ်လုပ်သည့်လုပ်ငန်း၊ စည်သွတ်ဗူးထုတ်လုပ်သည့်လုပ်ငန်း၊ အအေးခန်းတွင် အသား သိုလှောင်၍ နယ်မြေကျော်လွန်သယ်ပို့သည့် လုပ်ငန်းများနှင့်စပ်လျဉ်း၍ လိုအပ်သော သတ်မှတ်ချက်များ ကိုပြည်နယ်အစိုးရအဖွဲ့မှ ထုတ်ပြန်နိုင်သည်။
၄၇။ ပုဒ်မ ၄၃ သို့မဟုတ် ပုဒ်မ ၄၄ အရခွင့်ပြုချက်ရှိသူသာလျှင်-
(က) ကျွဲ၊ နွားကိုသတ်ဖြတ်ခြင်း၊ အသားရောင်းချခြင်း၊ အသားနှင့်သားရေကို လက်ဝယ်ထားခြင်း ပြုနိုင်သည်၊
(ခ) မြင်း၊ သိုး၊ ဆိတ်၊ ဝက် တို့ကို သတ်ဖြတ်ခြင်း၊ အသားရောင်းချခြင်းပြုနိုင်သည်။

အခန်း (၁၂)
ကြီးကြပ်ခြင်း
၄၈။ ဝန်ကြီးသည် စည်ပင်သာယာရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ ကော်မတီ သို့မဟုတ် ပြည်နယ်မှူး၏ ဆုံးဖြတ်ချက် သို့မဟုတ် ဆောင်ရွက်ချက်ကို အတည်ပြုခြင်း၊ ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ ပယ်ဖျက် ခြင်းပြုနိုင်သည်။
၄၉။ ဝန်ကြီးသည် ကော်မတီ သို့မဟုတ် ပြည်နယ်မှူး၏ လုပ်ငန်းဆောင်ရွက်ချက်နှင့်စပ်လျဉ်း၍ လိုအပ် သလိုစိစစ်ပြီး ပြည်နယ်အစိုးရအဖွဲ့သို့ တင်ပြရမည်။
၅၀။ ဝန်ကြီးသည် စည်ပင်သာယာရေး လုပ်ငန်းများကို ကြီးကြပ်ရမည်။
၅၁။ ပြည်နယ်မှူးသည် စည်ပင်သာယာရေးလုပ်ငန်းများနှင့်စပ်လျဉ်း၍ အောက်ပါတို့ကို ဆောင်ရွက်ရ မည်-
(က) စည်ပင်သာယာရေးအဖွဲ့များက ရေးဆွဲတင်ပြလာသော နှစ်စဉ်အရအသုံးခန့်မှန်းခြေငွေစာရင်း၊ နှစ်တိုနှစ်ရှည်စီမံကိန်းများကို စိစစ်၍ ဝန်ကြီးထံတင်ပြခြင်း၊
(ခ) အရအသုံးခန့်မှန်းခြေငွေစာရင်း ကြီးကြပ်မှုကို ဆောင်ရွက်ရန်နှင့် လုပ်ငန်းဆောင်ရွက်ရာ၌ ပိုမိုချော မွေ့အဆင်ပြေစေရန် ဝန်ကြီးက ခွဲဝေပေးသည့် လုပ်ပိုင်ခွင့်များကို ကျင့်သုံးဆောင်ရွက်ခြင်း၊
(ဂ) စည်ပင်သာယာရေးလုပ်ငန်းများကို တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ စည်းကမ်းများ၊ ညွှန်ကြားချက် များနှင့်ညီညွတ်စေရေးအတွက် ညှိနှိုင်းပေးခြင်း၊
(ဃ) စည်ပင်သာယာရေးအဖွဲ့နှင့် သက်ဆိုင်သောလုပ်ငန်းများ၊ အဆောက်အအုံများ၊ မြေများ၊ အမှုတွဲ များ၊ စာရွက်စာတမ်းများ၊ အထောက်အထားများ၊ စာရင်းအင်းများကို စစ်ဆေးခြင်းနှင့် စစ်ဆေးတွေ့ရှိ ချက်ကို ဝန်ကြီးထံတင်ပြခြင်း၊
(င) ဥပဒေနှင့်မညီညွတ်သော ကော်မတီ၏ ဆုံးဖြတ်ချက်၊ အမိန့်၊ ဆောင်ရွက်ချက် သို့မဟုတ် ညွှန်ကြား ချက်ကိုတွေ့ရှိလျှင် တွေ့ရှိချက်ကို ဝန်ကြီးထံတင်ပြခြင်း။

အခန်း (၁၃)
အယူခံဝင်ခြင်း
၅၂။ ပုဒ်မ ၁၈၊ ပုဒ်မ ၂၃၊ ပုဒ်မခွဲ (ဂ)၊ (င)၊ (စ)၊ ပုဒ်မ ၂၅၊ ပုဒ်မခွဲ (ဂ)၊ (ဃ)၊ (ဆ)၊ (ဇ)၊ ပုဒ်မ ၂၆၊ ပုဒ်မခွဲ (ခ)၊ (င)၊ ပုဒ်မ ၂၈၊ ပုဒ်မခွဲ (က) တို့အရ ကော်မတီကချမှတ်သည့်အမိန့် သို့မဟုတ် ဆုံးဖြတ်ချက်ကို မကျေနပ်ပါက ယင်းအမိန့် သို့မဟုတ် ဆုံးဖြတ်ချက်ချမှတ်သည့် နေ့မှ ရက်ပေါင်း (၃၀) ရက်အတွင်း ဝန်ကြီးထံ အယူခံဝင်နိုင်သည်။
၅၃။ ပုဒ်မ ၅၂ အရ ဝန်ကြီးကချမှတ်သည့် အမိန့် သို့မဟုတ် ဆုံးဖြတ်ချက်ကို မကျေနပ်ပါက ယင်းအမိန့် သို့မဟုတ် ဆုံးဖြတ်ချက်ချမှတ်သည့်နေ့မှ ရက်ပေါင်း (၆၀) ရက်အတွင်း ဝန်ကြီးချုပ်ထံ အယူခံဝင်နိုင် သည်။
၅၄။ အယူခံဝင်မှုနှင့်စပ်လျဉ်း၍-
(က) အယူခံကာလအတွင်း သက်ဆိုင်သူအား တရားစွဲဆိုခြင်းမပြုရ၊
(ခ) ဝန်ကြီးချုပ်၏ ဆုံးဖြတ်ချက်သည် အပြီးအပြတ်ဖြစ်စေရမည်။

အခန်း (၁၄)
ဘဏ္ဍာရေး
၅၅။ ဝန်ကြီးသည်-
(က) စည်ပင်သာယာရေးအဖွဲ့၏ အရအသုံးခန့်မှန်းခြေငွေစာရင်းကို အတည်ပြုရမည်။ ဝန်ကြီးအတည် ပြုထားသော အရအသုံးခန့်မှန်းခြေငွေစာရင်းနှင့် အညီသာကောက်ခံသုံးစွဲနိုင်ခွင့်ရှိသည်၊
(ခ) ရသုံးမှန်းခြေငွေစာရင်း အကောင်အထည်ဖော်မှုများအတွက် လိုအပ်သည့်စာရင်းအင်း အထောက် အထားများကိုပြဋ္ဌာန်းထားသည့် စာရင်းထိန်းသိမ်းမှုဆိုင်ရာ နည်းလမ်းညွှန်ကြားချက်များနှင့်အညီ ပြုစု ထားရှိရေးအတွက် ပြည်နယ်မှူးနှင့် အဆင့်ဆင့်သော ဝန်ထမ်းများအား တာဝန်ပေးရမည်။
၅၆။ ကော်မတီသည်-
(က) အမှုဆောင်အရာရှိက တင်ပြလာသောနှစ်စဉ်အရအသုံးခန့်မှန်းခြေငွေစာရင်းကို စိစစ်ပြီး ပြည်နယ် မှူးမှ တစ်ဆင့် ဝန်ကြီးထံတင်ပြရမည်၊
(ခ) နှစ်စဉ်ဘဏ္ဍာရေးနှင့် စာရင်းစစ်ဆေးရေးလုပ်ငန်းများ၏ အခြေအနေကို ဘဏ္ဍာရေးနှစ်ကုန်ဆုံးပြီး ရက်ပေါင်း (၉၀) အတွင်းပြည်နယ်မှူးမှတဆင့် ဝန်ကြီးထံတင်ပြရမည်၊
(ဂ) အတည်ပြုပြီးသော မြို့နယ်စည်ပင်သာယာရေးအဖွဲ့များ၏ ရသုံးမှန်းခြေငွေစာရင်းနှင့် လုပ်ငန်းများ ကိုကြီးကြပ်ရမည်၊
(ဃ) စည်ပင်သာယာရေး နယ်နိမိတ်အတွင်း နှစ်စဉ်ရငွေနှင့် အသုံးစရိတ်စာရင်းကို အခွန်ထမ်းပြည်သူ များသို့ အသိပေးကြေညာရမည်။
၅၇။ ကော်မတီသည် မိမိရန်ပုံငွေကို သီးခြားဘဏ်စာရင်းထားရှိ၍ စည်ပင်သာယာရေးလုပ်ငန်းများ အတွက် သုံးစွဲပိုင်ခွင့်ရှိသည်။ လတ်တလော အသုံးပြုရန်မလိုအပ်သည့် ရန်ပုံငွေကို တိုးပွားအောင် သတ်မှတ်ချက်နှင့်အညီ ဆောင်ရွက်နိုင်သည်။
၅၈။ ကော်မတီသည် ရရှိသော နိုင်ငံခြားငွေကို သီးခြားဘဏ်စာရင်းဖွင့်လှစ်ထားရှိ၍ တည်ဆဲဥပဒေ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဝန်ကြီး၏ ခွင့်ပြုချက်ဖြင့် သုံးစွဲနိုင်သည်။
၅၉။ ကော်မတီသည် ပုဂ္ဂလိကဘဏ်တည်ထောင်ဖွင့်လှစ်နိုင်ရေးအတွက် တည်ဆဲဥပဒေနှင့်အညီ လျှောက်ထားဆောင်ရွက်နိုင်သည်။

အခန်း (၁၅)
ဝန်ထမ်းဖွဲ့စည်းပုံ
၆၀။ ဝန်ကြီးဌာနသည် စည်ပင်သာယာရေးအဖွဲ့ တစ်ဖွဲ့စီ၏ လုပ်ငန်းတာဝန်များနှင့် ဝင်ငွေပမာဏကို အခြေခံလျှက် သတ်မှတ်ချက်နှင့်အညီ လိုအပ်သောဝန်ထမ်းဖွဲ့စည်းပုံကိုရေးဆွဲအတည်ပြုထားရှိရမည်။ ဝန်ထမ်းဖွဲ့စည်းပုံကို ရေးဆွဲရာတွင် လိုအပ်ပါက စည်းကမ်းထိန်းသိမ်းရေးဝန်ထမ်းများကို ထည့်သွင်းဖွဲ့ စည်းနိုင်သည်။
၆၁။ ဝန်ကြီးဌာနသည် ဝန်ထမ်းများခန့်ထားရာတွင် တည်ဆဲစည်းမျဉ်းများ၊ စည်းကမ်းများနှင့်အညီ ဖွဲ့စည်းပုံအတွင်း ခန့်ထားနိုင်ခွင့်ရှိသည်။ သင့်လျော်သည့် ဝန်ထမ်းအဆင့်များနှင့်စပ်လျဉ်း၍ ဝန်ထမ်း ရေးရာကိစ္စရပ်များ ဆောင်ရွက်ရန် ပြည်နယ်မှူးနှင့် အမှုဆောင်အရာရှိအား ဝန်ထမ်းရေးရာ လုပ်ပိုင်ခွင့် များသတ်မှတ်ပေးနိုင်သည်။
၆၂။ ဝန်ကြီးဌာနသည် စည်ပင်သာယာရေးလုပ်ငန်းများကို ထိရောက်စွာဆောင်ရွက်နိုင်မည့် ဝန်ထမ်းများ ကိုပြည်နယ်အစိုးရမှတစ်ဆင့် အခြားပြည်ထောင်စုဝန်ကြီးဌာနများနှင့်ညှိနှိုင်း၍ လွှဲပြောင်းရယူခန့်ထား နိုင်သည်။
၆၃။ ဝန်ကြီးသည်-
(က) ဝန်ထမ်းရေးရာ ကိစ္စရပ်များအတွက် နှစ်စဉ်ရရှိသည့် ဝင်ငွေ၏ ၃၀ ရာခိုင်နှုန်းထက်ကျော်လွန်ခြင်း မရှိသော ဝန်ထမ်းဦးရေဖြင့်သာ ဖွဲ့စည်းနိုင်သည်၊
(ခ) ဝန်ထမ်းရေးရာ ကိစ္စရပ်များအတွက် သက်ဆိုင်ရာကော်မတီ၏ သဘောထားမှတ်ချက်ကို ရယူနိုင် သည်။ သက်ဆိုင်ရာကော်မတီမှလည်း မိမိ၏ သဘောထားမှတ်ချက်ကို ဝန်ကြီးထံသို့ တင်ပြနိုင်သည်။

အခန်း (၁၆)
ရန်ပုံငွေထိန်းသိမ်းခြင်း၊ စာရင်းစစ်ဆေးခြင်း
၆၄။ ဝန်ကြီးဌာနသည် အမှုဆောင်အရာရှိက ငွေစာရင်းများကို စနစ်တကျထိန်းသိမ်းထားနိုင်ရန်နှင့် စစ်ဆေးခြင်းပြုနိုင်ရန် ငွေစာရင်း လုပ်ထုံးလုပ်နည်းများကို ပြည်နယ်စာရင်းစစ်ချုပ်နှင့် ညှိနှိုင်း၍ သတ်မှတ်ရမည်။ သတ်မှတ်ထားရှိသည့် ငွေစာရင်းလုပ်ထုံးလုပ်နည်းနှင့်အညီ ငွေစာရင်းများ ပြုစုထားရှိ စေရမည်။
၆၅။ အမှုဆောင်အရာရှိက ထိန်းသိမ်းထားရှိသည့် စာရင်းများကို ပြည်နယ်စာရင်းစစ်ချုပ်က တာဝန်ပေး အပ်ခြင်းခံရသူ၏ စစ်ဆေးခြင်းကို ခံယူစေရမည်။

အခန်း (၁၇)
တားမြစ်ချက်များ
၆၆။ မည်သူမျှ မြို့စည်ပင်သာယာရေး နယ်နိမိတ်အတွင်း ကော်မတီ၏ ခွင့်ပြုချက်မရှိလျှင် သို့မဟုတ် ခွင့်ပြုချက်ပါသတ်မှတ်ချက်များနှင့် ဖြစ်စေ၊ ထုတ်ပြန်ထားသည့် စည်းကမ်းများနှင့်ဖြစ်စေ ညီညွတ်မှုမရှိ လျှင်-
(က) အများပြည်သူနှင့် သက်ဆိုင်သော လမ်း၊ ရေမြောင်း၊ ရေပိုက်၊ မိလ္လာပိုက်၊ လူသွားစင်္ကြံတစ်ခုခုပေါ် တွင်ကျူးကျော်၍ အဆောက်အအုံကိုဖြစ်စေ၊ အဆောက်အအုံ၏ တစ်စိတ်တစ်ဒေသကိုဖြစ်စေ ဆောက်လုပ်ခြင်း မပြုရ၊
(ခ) အများပြည်သူနှင့်သက်ဆိုင်သော လမ်း၊ ရေမြောင်း၊ ရေပိုက်၊ မိလ္လာပိုက်၊ လူသွားစင်္ကြံ တစ်ခုခုပေါ်တွင် ပိတ်ဆို့၍ အထည်အလိပ်၊ ဖျာ သို့မဟုတ် အခြားပစ္စည်းတစ်ခုခုကို ဖြန့်ထားခြင်း၊ ဆွဲထားခြင်း၊ နေလှန်း ခြင်းမပြုရ။
၆၇။ မည်သူမျှ မြို့စည်ပင်သာယာရေး နယ်နိမိတ်အတွင်း ကော်မတီ၏ ခွင့်ပြုချက်မရှိလျှင် သို့မဟုတ် ခွင့် ပြုချက်ပါ သတ်မှတ်ချက်များနှင့်ဖြစ်စေ၊ ထုတ်ပြန်ထားသည့် စည်းကမ်းများနှင့်ဖြစ်စေ ညီညွတ်မှုမရှိ လျှင်-
(က) အများပြည်သူသွားလာသည့် လမ်းနှင့် လူသွားစင်္ကြံပေါ်တွင် မည်သည့်ကစားနည်းမျိုးမျှ ကစား ခြင်းမပြုရ၊
(ခ) အများပြည်သူသွားလာသည့် လမ်းပေါ်တွင်လည်းကောင်း လမ်းဘေးရှိ ရေစီးရေလာမြောင်းပေါ် တွင်လည်းကောင်း၊ လူသွားစင်္ကြံပေါ်တွင်လည်းကောင်း ပိတ်ဆို့၍ စားပွဲ၊ ခုံတန်းလျား၊ သေတ္တာ၊ ဗျပ်၊ ကုန်ပစ္စည်း သို့မဟုတ် အခြားအရာဝတ္ထုတစ်ခုခုကို ခင်းကျင်းခြင်း၊ ထားရှိခြင်း၊ ဈေးရောင်းချခြင်းမပြု ရ၊
(ဂ) အမှိုက်၊ မိလ္လာ၊ အညစ်အကြေးစသည်တို့ကို လမ်း၊ လမ်းမြေနှင့် လူသွားစင်္ကြံပေါ် သို့မဟုတ် မြစ်၊ ချောင်းနှင့် စွန့်ပစ်ရန် သတ်မှတ်မထားသော နေရာတွင် စွန့်ပစ်ခြင်းမပြုရ၊
(ဃ) ကိုယ်ပိုင်လမ်းဖေါက်လုပ်ခြင်း မပြုရ၊
(င) ဝင်ထွက်နိုင်သောလမ်းမရှိသည့် မြေပေါ်တွင် အဆောက်အအုံများ ဆောက်လုပ်ခြင်းမပြုရ။
၆၈။ မည်သူမျှ မြို့စည်ပင်သာယာရေး နယ်နိမိတ်အတွင်း ကော်မတီ၏ ခွင့်ပြုချက်မရှိလျှင် သို့မဟုတ် ခွင့် ပြုချက်ပါသတ်မှတ်ချက်များနှင့်ဖြစ်စေ၊ ထုတ်ပြန်ထားသည့် စည်းကမ်းများနှင့်ဖြစ်စေ ညီညွတ်မှုမရှိ လျှင်-
(က) အဆောက်အအုံတစ်ခုခုကို ဆောက်လုပ်ခြင်း သို့မဟုတ် ပြင်ဆင်ဆောက်လုပ်ခြင်း သို့မဟုတ် တိုး ချဲ့ဆောက်လုပ်ခြင်းမပြုရ၊
(ခ) စည်ပင်သာယာရေးအဖွဲ့ပိုင် အများပြည်သူနှင့်သက်ဆိုင်သော ရေပေးရေးလုပ်ငန်းမှရေကို ရယူသုံး စွဲခြင်းမပြုရ၊
(ဂ) ကိုယ်ပိုင်စီးပွားဖြစ် ရေပေးရေးလုပ်ငန်းတည်ထောင်ဖွင့်လှစ်ခြင်းမပြုရ၊
(ဃ) အများပြည်သူအတွက် စခန်းချရန်နေရာကိုဖြစ်စေ၊ ရေချိုးဆိပ်ကိုဖြစ်စေ တည်ထောင်ဖွင့်လှစ်ခြင်း မပြုရ။
၆၉။ မည်သူမျှ မြို့စည်ပင်သာယာရေး နယ်နိမိတ်အတွင်း ကော်မတီ၏ ခွင့်ပြုချက်မရှိလျှင် သို့မဟုတ် ခွင့် ပြုချက်ပါသတ်မှတ်ချက်များနှင့်ဖြစ်စေ၊ ထုတ်ပြန်ထားသည့် စည်းကမ်းများနှင့်ဖြစ်စေ ညီညွတ်မှု မရှိလျှင်-
(က) လူသေအလောင်းကို သတ်မှတ်သည့် ကာလထက်ကျော်လွန်၍ မြေမမြှုပ်ဘဲထားခြင်း၊ မီးမသင်္ဂြိုဟ် ဘဲထားခြင်း မပြုရ၊
(ခ) ကူးစက်တတ်သောရောဂါကြောင့် သေဆုံးသည့် လူသေအလောင်းကို ၁၂ နာရီထက်ကျော်လွန်၍ မြေမမြှုပ်ဘဲထားခြင်း၊ မီးမသင်္ဂြိုဟ်ဘဲထားခြင်း မပြုရ၊
(ဂ) သုသာန်မြေအဖြစ် သတ်မှတ်ထားသည့်နေရာမှအပ အခြားနေရာတွင် လူသေအလောင်းကို မြေမြှုပ် ခြင်း၊ မီးသင်္ဂြိုဟ်ခြင်းမပြုရ။
၇၀။ မည်သူမျှ မြို့စည်ပင်သာယာရေး နယ်နိမိတ်အတွင်း ကော်မတီ၏ ခွင့်ပြုချက်မရှိလျှင် သို့မဟုတ် ခွင့် ပြုချက်ပါသတ်မှတ်ချက်များနှင့်ဖြစ်စေ၊ ထုတ်ပြန်ထားသည့် စည်းကမ်းများနှင့်ဖြစ်စေ ညီညွတ်မှုမရှိ လျှင်-
(က) တည်းခိုခန်း၊ ဘော်ဒါဆောင်နှင့် အခန်းလိုက်ငှားရမ်းသည့် လုပ်ငန်းတည်ထောင်ဖွင့်လှစ်ခြင်းမပြု ရ၊
(ခ) စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်၊ အအေးဆိုင်၊ နွားနို့အရောင်းဆိုင်ဖွင့်လှစ်ရောင်းချခြင်း မပြုရ၊
(ဂ) ပေါင်မုန့်၊ မုန့်ဖုတ်လုပ်ငန်း၊ ချိုချဉ်၊ ယိုမျိုးစုံနှင့် အခြားစားသောက်ကုန်ထုတ် လုပ်ငန်းများ တည်ထောင်လုပ်ကိုင်ခြင်း မပြုရ။
၇၁။ မည်သူမျှ မြို့စည်ပင်သာယာရေး နယ်နိမိတ်အတွင်း ကော်မတီ၏ ခွင့်ပြုချက်မရှိလျှင် သို့မဟုတ် ခွင့် ပြုချက်ပါသတ်မှတ်ချက်များနှင့်ဖြစ်စေ၊ ထုတ်ပြန်ထားသည့် စည်းကမ်းများနှင့်ဖြစ်စေ ညီညွတ်မှုမရှိလျှင် ဥပစာတစ်ခုတွင်-
(က) အန္တရာယ်ရှိစေနိုင်သော လုပ်ငန်းကို လုပ်ကိုင်ခြင်းမပြုရ၊
(ခ) အန္တရာယ်ရှိစေနိုင်သော လုပ်ငန်းနှင့် သက်ဆိုင်သောပစ္စည်းများကို ရောင်းချခြင်း၊ သိုလှောင်ခြင်း မပြုရ။
၇၂။ မည်သူမျှ မြို့စည်ပင်သာယာရေး နယ်နိမိတ်အတွင်း ကော်မတီ၏ ခွင့်ပြုချက်မရှိလျှင် သို့မဟုတ် ခွင့် ပြုချက်ပါသတ်မှတ်ချက်များနှင့်ဖြစ်စေ၊ ထုတ်ပြန်ထားသည့် စည်းကမ်းများနှင့်ဖြစ်စေ ညီညွတ်မှုမရှိ လျှင်-
(က) တိရစ္ဆာန်များထားရှိခြင်း၊ မွေးမြူခြင်းမပြုရ၊
(ခ) တိရစ္ဆာန်အသေကောင်များကို သတ်မှတ်ချက်များနှင့်အညီ မဟုတ်ဘဲ အခြားနည်းလမ်းဖြင့် သုတ်သင်ရှင်းလင်းခြင်းမပြုရ။
၇၃။ မည်သူမျှ ကော်မတီ၏ ခွင့်ပြုချက်မရှိလျှင် သို့မဟုတ် ခွင့်ပြုချက်ပါသတ်မှတ်ချက်များနှင့်ဖြစ်စေ၊ ထုတ်ပြန်ထားသည့် စည်းကမ်းများနှင့်ဖြစ်စေ ညီညွတ်မှုမရှိလျှင်-
(က) ကိုယ်ပိုင်ဈေးကို တည်ထောင်ဖွင့်လှစ်ခြင်း၊ ဈေးကို တစ်နေရာမှ အခြားတစ်နေရာသို့ ပြောင်းရွှေ့ ခြင်း၊ ဈေးအဖြစ်မှ ရပ်စဲထားပြီးဖြစ်သော ဈေးကို ပြန်လည်တည်ထောင်ဖွင့်လှစ်ခြင်း သို့မဟုတ် ဈေး၏ မူလဧရိယာအကျယ်အဝန်းကို တိုးချဲ့ခြင်းမပြုရ၊
(ခ) မမှန်ကန်သည့် အလေး၊ ချိန်ခွင်၊ အခြင်အတွယ်၊ အတိုင်းအတာတို့ဖြင့် ရောင်းချခြင်းမပြုရ၊
(ဂ) စည်ပင်သာယာရေးအဖွဲ့ပိုင် ဈေးများတွင် စည်းကမ်းဖောက်ဖျက်၍ ဈေးရောင်းချခြင်းမပြုရ၊
(ဃ) ကျွဲ၊ နွားပွဲဈေးများတည်ထောင်ဖွင့်လှစ်ခြင်း၊ ရောင်းချခြင်း မပြုရ၊
(င) ရေခဲနှင့် အချိုရည်စက်ရုံများ၊ အအေးခန်းစက်ရုံများ တည်ထောင်လုပ်ကိုင်ခြင်း မပြုရ၊
(စ) အပေါင်ဆိုင်လုပ်ငန်းကို တည်ထောင်ဖွင့်လှစ်ခြင်း မပြုရ။
၇၄။ မည်သူမျှ မြို့စည်ပင်သာယာရေး နယ်နိမိတ်အတွင်း-
(က) ဤဥပဒေအရ သို့မဟုတ် ဤဥပဒေအရထုတ်ပြန်သည့် နည်းဥပဒေ၊ စည်းကမ်းများအရ တာဝန် ဝတ္တရားဆောင်ရွက်ရန် မြေ သို့မဟုတ် အဆောက်အအုံအတွင်းသို့ လုပ်ထုံးလုပ်နည်းနှင့်အညီ နေ့အချိန် ဝင်ရောက်မည့် ကော်မတီကိုဖြစ်စေ၊ ကော်မတီဝင်ကိုဖြစ်စေ၊ နည်းလမ်းတကျ အခွင့်အာဏာ လွှဲအပ်ခြင်း ခံရသော စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းကိုဖြစ်စေ တားမြစ်ခြင်းမပြုရ၊
(ခ) စည်ပင်သာယာရေး လုပ်ငန်းများကို ဆောင်ရွက်ရန် ကော်မတီနှင့် စာချုပ်ချုပ်ဆိုထားသည့် ကန်ထရိုက်တာအား စာချုပ်ပါလုပ်ငန်းတစ်ရပ်ရပ် သို့မဟုတ် ထိုလုပ်ငန်းနှင့် ဆက်နွှယ်နေသည့် လုပ်ငန်းတစ်ရပ်ရပ်ကို ဆောင်ရွက်ခြင်း မပြုနိုင်စေရန် ဥပဒေနှင့်အညီ မဟုတ်ဘဲ ပိတ်ပင်ခြင်း၊ တားဆီး နှောင့်ယှက်ခြင်းမပြုရ။

အခန်း (၁၈)
စီမံခန့်ခွဲရေးဆိုင်ရာပြစ်ဒဏ်ချမှတ်ခြင်း
၇၅။ ကော်မတီသည် ပုဒ်မ ၈၁ တွင်ဖေါ်ပြထားသော ဇယားပါပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကိုလည်းကောင်း၊ သက်ဆိုင်ရာနည်းဥပဒေများ၊ စည်းကမ်းများကိုလည်းကောင်း လိုက်နာရန်ပျက်ကွက်သူ သို့မဟုတ် ဖောက်ဖျက်ကျူးလွန်သူအား စီမံခန့်ခွဲရေးဆိုင်ရာ ပြစ်ဒဏ်ချမှတ်နိုင်သည်။
၇၆။ ကော်မတီသည် ပုဒ်မ ၈၁ တွင် မည်သို့ပင်ပြဋ္ဌာန်းထားစေကာမူ ပထမအကြိမ် ကျူးလွန်သူအား စီမံခန့်ခွဲရေးဆိုင်ရာ ဒဏ်ကြေးငွေအနည်းဆုံး ကျပ် ၃၀၀၀ မှ အများဆုံး ကျပ် ၃၀၀၀၀ အထိချမှတ်နိုင် သည်။
၇၇။ စီမံခန့်ခွဲရေးဆိုင်ရာပြစ်ဒဏ်များ ချမှတ်သည့်ပြစ်မှုအတွက် သတ်မှတ်ထားသည့် ဒဏ်ကြေးငွေပေး ဆောင်ပြီးပါက တရားရုံးတွင် ထပ်မံတရားစွဲဆိုခြင်း မပြုရ။
၇၈။ စီမံခန့်ခွဲရေးဆိုင်ရာပြစ်ဒဏ်အဖြစ် ချမှတ်သည့် ဒဏ်ကြေးငွေဆောင်ရန်ပျက်ကွက်ပါက ထို ဒဏ်ကြေးကို အခွန်မပြေကျန်ငွေဖြစ်ဘိသကဲ့သို့ ကောက်ခံရမည်။
၇၉။ ဝန်ကြီးဌာနသည် စီမံခန့်ခွဲရေးဆိုင်ရာ ပြစ်ဒဏ်ချမှတ်ရမည့် နည်းလမ်းများကို သတ်မှတ်နိုင်သည်။

အခန်း (၁၉)
ပြစ်မှုနှင့်ပြစ်ဒဏ်များ
၈၀။ မည်သူမဆို အောက်တွင်ဖေါ်ပြထားသော ပုဒ်မ၊ ပုဒ်မခွဲပါပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကိုလည်းကောင်း၊ သက်ဆိုင်ရာနည်းဥပဒေများ၊ စည်းကမ်းများကိုလည်းကောင်း လိုက်နာရန်ပျက်ကွက်ကြောင်း သို့မဟုတ် ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူသည် ငွေဒဏ်အနည်းဆုံး ကျပ် ၅၀၀၀ မှ အများဆုံး ကျပ် ၅၀၀၀၀ အထိချမှတ်ခြင်း ခံရမည်-

ပုဒ်မ၊ ပုဒ်မခွဲ ပြဋ္ဌာန်းချက်အကျဉ်း
၁ ၂
၂၃(င) အဆောက်အအုံ၊ ဝင်းခြံတို့ကို ဆေး သို့မဟုတ် ထုံးသုတ်စေခြင်း၊
၂၃(စ) ဝင်းခြံမခတ်သည့် မြေကို ဝင်းခြံခတ်စေခြင်း၊ မပြုပြင်သည့် ဝင်းခြံမြေကို ပြုပြင်စေခြင်း၊
၂၃(ဆ) သစ်ပင်၊ ချုံပင်များကို ရှင်းလင်းစေခြင်း၊ ချိုင့်ဝှမ်းကို မြေဖို့စေခြင်း၊
၂၅(က) အန္တရာယ်ရှိသော ရေတွင်း၊ ရေကန်၊ ရေအိုင်များကို ကာရံစေခြင်း၊ ပြုပြင်စေခြင်း၊
၂၅(ခ) ရေတွင်း၊ ရေကန်၊ ရေလှောင်ကန်၊ ရေစည်၊ ရေအိုင်တို့ကို ဆေးကြောပြုပြင်စေခြင်း၊ ရေဖြည့်ဖုံးအုပ်စေခြင်း၊
၂၅(ဆ) မိလ္လာပိုက်၊ ရေပိုက်ကို အခြားသူတစ်ဦးဦး ပိုင်ဆိုင်သည့် မြေကိုဖြတ်၍ ဆောင်ရွက်ရလျှင် မြေပိုင်ရှင်က ဆောင်ရွက်ခွင့်ပြုစေခြင်း၊
၂၆(က) အမှိုက်များစွန့်ပစ်ရန် အမှိုက်ပုံးများ ထားရှိစေခြင်း၊
၂၆(ဃ) ပျော်ပွဲ၊ ရွှင်ပွဲအတွက် အသုံးပြုမည့် အဆောက်အအုံကို သတ်မှတ်စည်းကမ်းနှင့်အညီ ဆောင်ရွက်စေခြင်း၊
၃၀ အနှေးယာဉ်လိုင်စင်မရှိဘဲ အနှေးယာဉ်တည်ထောင်လုပ်ကိုင်ခြင်း၊
၃၁ အနှေးယာဉ်မောင်းလိုင်စင်မရှိဘဲ အနှေးယာဉ်မောင်းနှင်ခြင်း၊
၃၂ အနှေးယာဉ်ပိုင်ရှင်နှင့် မောင်းသူတို့အား သတ်မှတ်ထားသည့် စည်းကမ်းများကို လိုက်နာ စေခြင်း၊
၆၆(ခ) လမ်း၊ လူသွားစင်္ကြံ၊ ရေမြောင်း၊ ရေပိုက်၊ မိလ္လာပိုက်ပေါ်တွင်ပိတ်ဆို့၍ ပစ္စည်းများဖြန့်ထား ခြင်း၊ ဆွဲထားခြင်း မပြုလုပ်ရန်တားမြစ်ခြင်း၊
၆၇(က) လမ်းပေါ်တွင် ကစားခြင်းမပြုရန် တားမြစ်ခြင်း၊
၆၇(ခ) လမ်းနှင့်လမ်းဘေးရှိ ရေစီးရေလာ မြောင်းပေါ်တွင် ပိတ်ဆို့၍ပစ္စည်းများ ခင်းကျင်းခြင်း၊ ဈေးရောင်းချခြင်း မပြုရန် တားမြစ်ခြင်း၊
၆၇(ဂ) အမှိုက်၊ မိလ္လာအညစ်အကြေးတို့ကိုလမ်း၊ လမ်းမြေနှင့်လူသွားစင်္ကြံ သို့မဟုတ် မြစ်၊ ချောင်း နှင့်စွန့်ပစ်ရန် သတ်မှတ်မထားသော နေရာတွင် စွန့်ပစ်ခြင်းမပြုရန် တားမြစ်ခြင်း၊
၆၈(ခ) စည်ပင်သာယာရေးအဖွဲ့ပိုင် အများပြည်သူနှင့်သက်ဆိုင်သော ရေပေးရေးလုပ်ငန်းမှရေကို စည်းကမ်းများနှင့်ညီညွတ်ခြင်းမရှိဘဲ ရယူသုံးစွဲခြင်းမပြုရန် တားမြစ်ခြင်း၊
၇၂(က) တိရစ္ဆာန်များထားရှိခြင်း၊ မွေးမြူခြင်းမပြုရန် တားမြစ်ခြင်း၊
၇၃(ခ) မမှန်ကန်သည့် အလေး၊ ချိန်ခွင်၊ အခြင်အတွယ်၊ အတိုင်းအတာ တို့ဖြင့် ရောင်းချခြင်းမပြု ရန်တားမြစ်ခြင်း၊
၇၃(ဂ) စည်ပင်သာယာရေးအဖွဲ့ပိုင် ဈေးများအတွင်း စည်းကမ်းဖောက်ဖျက်၍ ဈေးရောင်းချခြင်း မပြုရန်တားမြစ်ခြင်း၊
ရှင်းလင်းချက်။ ။ အထက်ဖော်ပြပါဇယားစာတိုင် (၂) ‘ပြဋ္ဌာန်းချက်အကျဉ်း’ ခေါင်းစဉ်အောက်ရှိ ဖေါ်ပြချက်များသည် သက်ဆိုင်ရာပုဒ်မ၊ ပုဒ်မခွဲများပါ ပြစ်မှုများအတွက် အဓိပ္ပါယ်ဖွင့်ဆိုချက်များမဟုတ် ဘဲသက်ဆိုင်ရာပုဒ်မ၊ ပုဒ်မခွဲပါအကြောင်းခြင်းရာများကို ရည်ညွှန်းဖော်ပြချက်များသာ ဖြစ်သည်။
၈၁။ မည်သူမဆိုအောက်တွင်ဖော်ပြထားသော ပုဒ်မ၊ ပုဒ်မခွဲပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကိုလည်းကောင်း၊ သက်ဆိုင်ရာနည်းဥပဒေများ၊ စည်းကမ်းများကိုလည်းကောင်း လိုက်နာရန်ပျက်ကွက်ကြောင်း သို့မဟုတ် ဖေါက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူသည်ငွေဒဏ် အနည်းဆုံး ကျပ် ၃၀၀၀၀ မှ အများဆုံးကျပ် ၃၀၀၀၀၀ အထိချမှတ်ခြင်းခံရမည်-

ပုဒ်မ၊ ပုဒ်မခွဲ ပြဋ္ဌာန်းချက်အကျဉ်း
၁ ၂
၁၅(က) အဖွဲ့ပိုင်မြေကို မကျူးကျော်ရန်တားမြစ်ခြင်း၊
၁၅(ခ) လမ်းနယ်နိမိတ်အတွင်း ပုဂ္ဂလိကအဖွဲ့အစည်း၊ ဌာနဆိုင်ရာများ မကျူးကျော်စေရန် တားမြစ်ခြင်း၊
၁၅(ဂ) သီးပင်၊ စားပင်၊ အရိပ်ရပင်များ စိုက်ပျိုးထားသော သစ်ပင်၊ ပန်းပင်များကို ခုတ်လှဲခြင်း၊ မြေယာရှုခင်းအလှကိုဖျက်ဆီးခြင်းမပြုရန် တားမြစ်ခြင်း၊
၂၅(ဂ) စက်ရုံ၊ အလုပ်ရုံ၊ အဆောက်အအုံနှင့် မြေပေါ်မှစီးဆင်းသည့် ရေကြောင့် အများပြည်သူ လမ်းနှင့်ပစ္စည်းများ ပျက်စီးခြင်းမရှိစေရန် ရေတံလျှောက်၊ ရေဆင်းပိုက်၊ ရေမြောင်းတို့ကို ပြုလုပ်စေခြင်း၊ ပြုပြင်စေခြင်း၊
၂၅(ဃ) စက်ရုံ၊ အလုပ်ရုံ၊ အဆောက်အအုံတို့မှ ရေကောင်းစွာထုတ်ပစ်ရန်မြေကို ပြုပြင်စေခြင်း၊
၂၅(င) စက်ရုံ၊ အလုပ်ရုံတွင် ရေဆွဲအိမ်သာ၊ ရေလောင်းအိမ်သာ၊ မိလ္လာပိုက်၊ မိလ္လာကန်တို့ကို စီမံထားရှိစေခြင်း၊
၂၅(စ) ရေဆွဲအိမ်သာ၊ ရေလောင်းအိမ်သာ၊ မိလ္လာပိုက်၊ မိလ္လာကန်တို့ကို ပိတ်စေခြင်း၊ ဖျက်သိမ်းစေခြင်း၊ ပြုပြင်စေခြင်း၊
၂၅(ဇ) မိလ္လာပိုက်၊ မိလ္လာကန်ကို အခြားသူတစ်ဦး၏ မြေကိုဖြတ်၍ ဆောင်ရွက်ရခြင်းကြောင့် နစ်နာမှုလျော်ကြေးငွေပေးစေခြင်း၊
၂၆(ခ) ကျန်းမာရေးနှင့်မညီညွတ်သော ရေပေးရေးလုပ်ငန်းကို ပိတ်ထားစေခြင်း၊
၂၆(ဂ) တည်းခိုခန်း သို့မဟုတ် ဘော်ဒါဆောင် သို့မဟုတ် အခန်းလိုက်ငှားသော အဆောက် အအုံကို သတ်မှတ်စည်းကမ်းများနှင့်အညီ ဆောင်ရွက်စေခြင်း၊
၂၈(က) အသုံးပြုရန်မသင့်သည့်သုဿန်မြေကို ပိတ်ထားစေခြင်း၊
၂၈(ဂ) ပိတ်သိမ်းပြီးသုဿန်ဟောင်းမြေကို အခြားနည်းဖြင့် ခွင့်ပြုချက်ရရှိပြီးမှ သုံးစွဲစေခြင်း၊
၄၇(ခ) မြင်း၊ သိုး၊ ဆိတ်၊ ဝက်တို့ကို ခွင့်ပြုချက်မရှိဘဲ သတ်ဖြတ်ခြင်း၊ အသားရောင်းချခြင်း မပြုရန်တားမြစ်ခြင်း၊
၆၇(ဃ) ကိုယ်ပိုင်လမ်းဖေါက်လုပ်ခြင်းမပြုရန် တားမြစ်ခြင်း၊
၆၈(ဂ) ကိုယ်ပိုင်စီးပွားဖြစ် ရေပေးရေးလုပ်ငန်း တည်ထောင်ဖွင့်လှစ်ခြင်းမပြုရန် တားမြစ် ခြင်း၊
၆၈(ဃ) အများပြည်သူအတွက် စခန်းချရန်နေရာကိုဖြစ်စေ၊ ရေချိုးဆိပ်ကိုဖြစ်စေ၊ တည်ထောင် ဖွင့်လှစ်ခြင်းမပြုရန် တားမြစ်ခြင်း၊
၆၉(က) လူသေအလောင်းကို သတ်မှတ်သည့်ကာလထက်ကျော်လွန်၍ မထားရန် တားမြစ်ခြင်း၊
၆၉(ခ) ကူးစက်တတ်သောရောဂါကြောင့် သေဆုံးသည့် လူသေအလောင်းကို ၁၂ နာရီထက် ကျော်လွန်၍ မထားရန်တားမြစ်ခြင်း၊
၆၉(ဂ) သုသာန်မြေအဖြစ် သတ်မှတ်ထားသည့် နေရာမှအပ အခြားနေရာတွင် အလောင်းကို မြေမြှုပ်ခြင်း၊ မီးသင်္ဂြိုဟ်ခြင်းမပြုရန်တားမြစ်ခြင်း၊
၇၀(က) တည်းခိုခန်း သို့မဟုတ် ဘော်ဒါဆောင် သို့မဟုတ် အခန်းလိုက်ငှားသောလုပ်ငန်း တည်ထောင်ဖွင့်လှစ်ခြင်းမပြုရန်တားမြစ်ခြင်း၊
၇၀(ခ) စားသောက်ဆိုင်ဖွင့်လှစ်ရောင်းချခြင်းမပြုရန် တားမြစ်ခြင်း၊
၇၀(ဂ) ပေါင်မုန့်၊ မုန့်ဖုတ်လုပ်ငန်း၊ ချိုချဉ်၊ ယိုမျိုးစုံနှင့် အခြားစားသောက်ကုန်ထုတ်လုပ်ငန်း လုပ်ကိုင်ခြင်းမပြုရန် တားမြစ်ခြင်း၊
၇၃(ဃ) ကိုယ်ပိုင်ဈေးဖွင့်လှစ်ခြင်း၊ ဈေးနေရာပြောင်းရွှေ့ခြင်း၊ ပြန်လည်ဖွင့်လှစ်ခြင်း၊ ဈေးဧရိယာတိုးချဲ့ခြင်း၊ မပြုရန် တားမြစ်ခြင်း၊
၇၃(ဃ) ကျွဲ၊ နွားပွဲဈေးများ တည်ထောင်ဖွင့်လှစ်ခြင်း၊ ရောင်းချခြင်းမပြုရန် တားမြစ်ခြင်း၊
၇၃(င) ရေခဲနှင့် အချိုရည်စက်ရုံများ၊ အအေးခန်းစက်ရုံများဖွင့်လှစ် တည်ထောင်ခြင်းမပြုရန် တားမြစ်ခြင်း၊
၇၃(စ) အပေါင်ဆိုင်လုပ်ငန်းကို တည်ထောင်ဖွင့်လှစ်ခြင်း၊ မပြုရန်တားမြစ်ခြင်း၊
ရှင်းလင်းချက်။ ။ အထက်ဖော်ပြပါဇယားစာတိုင် (၂) ‘ပြဋ္ဌာန်းချက်အကျဉ်း’ ခေါင်းစဉ်အောက်ရှိ ဖေါ်ပြချက်များသည် သက်ဆိုင်ရာပုဒ်မ၊ ပုဒ်မခွဲများပါ ပြစ်မှုများအတွက် အဓိပ္ပါယ်ဖွင့်ဆိုချက်များမဟုတ် ဘဲသက်ဆိုင်ရာပုဒ်မ၊ ပုဒ်မခွဲပါအကြောင်းခြင်းရာများကို ရည်ညွှန်းဖော်ပြချက်များသာဖြစ်သည်။
၈၂။ မည်သူမဆို အောက်တွင်ဖေါ်ပြထားသော ပုဒ်မ၊ ပုဒ်မခွဲပါပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကိုလည်းကောင်း၊ သက်ဆိုင်ရာနည်းဥပဒေများ၊ စည်းကမ်းများကိုလည်းကောင်း လိုက်နာရန်ပျက်ကွက်ကြောင်း သို့မဟုတ် ဖေါက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူသည် ငွေဒဏ်အနည်းဆုံး ကျပ် ၅၀၀၀၀ မှ အများဆုံး ကျပ် ၅၀၀၀၀၀ အထိဖြစ်စေ၊ ထောင်ဒဏ်တစ်နှစ်အထိဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေချမှတ်ခြင်းခံရမည်-

ပုဒ်မ၊ ပုဒ်မခွဲ ပြဋ္ဌာန်းချက်အကျဉ်း
၁ ၂
၂၃(က) စည်းကမ်းနှင့် ညီညွတ်ခြင်းမရှိဘဲ အဆောက်အအုံဆောက်လုပ်သည်ကို ရပ်ဆိုင်း စေခြင်း၊ ပြန်လည်ပြုပြင်စေခြင်း၊ ဖြိုဖျက်စေခြင်း၊
၂၃(ခ) လမ်း၊ ရေမြောင်း၊ ရေပိုက်၊ မိလ္လာပိုက်ပေါ်တွင် အဆောက်အအုံကျူးကျော်ဆောက်လုပ် သည်ကိုဖယ်ရှားစေခြင်း၊
၂၃(ဃ) အန္တရာယ်ရှိနိုင်သည့် အဆောက်အအုံကို ပြုပြင်စေခြင်း၊ ဖြိုဖျက်စေခြင်း၊ နေထိုင်သူ များကို ဖယ်ရှားစေခြင်း၊
၂၆(င) အန္တရာယ်ရှိစေနိုင်သော လုပ်ငန်းလုပ်ကိုင်ရာတွင် အန္တရာယ်ရှိလာလျှင် လုပ်ငန်းနေရာ ကို အသုံးမပြုစေခြင်း၊ ပြင်ဆင်စီမံဆောင်ရွက်စေခြင်း၊
၂၈(ခ) အသုံးပြုရန်မသင့်လျော်သည့် သုသာန်မြေကိုဖျက်သိမ်းစေခြင်း၊
၆၆(က) လမ်း၊ ရေမြောင်း၊ ရေပိုက်၊ မိလ္လာပိုက်ပေါ်တွင်အဆောက်အအုံ ကျူးကျော်ဆောက်လုပ် ခြင်းမပြုရန် တားမြစ်ခြင်း၊
၆၇(င) ဝင်ထွက်နိုင်သောလမ်းမရှိသည့် မြေပေါ်တွင် အဆောက်အအုံများ ဆောက်လုပ်ခြင်း မပြု ရန်တားမြစ်ခြင်း၊
၆၈(က) အဆောက်အအုံဆောက်လုပ်ခြင်း၊ ပြင်ဆင်တိုးချဲ့ခြင်းမပြုရန် တားမြစ်ခြင်း၊
၇၁(က) အန္တရာယ်ရှိစေနိုင်သော လုပ်ငန်းကို လုပ်ကိုင်ခြင်း မပြုရန် တားမြစ်ခြင်း၊
၇၁(ခ) အန္တရာယ်ရှိစေနိုင်သော လုပ်ငန်းနှင့် သက်ဆိုင်သော ပစ္စည်းများကို ရောင်းချခြင်း၊ သိုလှောင်ခြင်းမပြုရန် တားမြစ်ခြင်း၊
၇၂(ခ) တိရစ္ဆာန်အသေကောင်များကို သတ်မှတ်ချက်များနှင့်အညီသုတ်သင်ရှင်းလင်းစေခြင်း၊
ရှင်းလင်းချက်။ ။ အထက်ဖော်ပြပါဇယားစာတိုင် (၂) ‘ပြဋ္ဌာန်းချက်အကျဉ်း’ ခေါင်းစဉ်အောက်ရှိ ဖေါ်ပြချက်များသည် သက်ဆိုင်ရာ ပုဒ်မ၊ ပုဒ်မခွဲများပါ ပြစ်မှုများအတွက် အဓိပ္ပါယ်ဖွင့်ဆိုချက်များ မဟုတ်ဘဲသက်ဆိုင်ရာပုဒ်မ၊ ပုဒ်မခွဲပါအကြောင်းခြင်းရာများကို ရည်ညွှန်းဖော်ပြချက်များသာဖြစ်သည်။
၈၃။ မည်သူမဆို ပုဒ်မ ၃၆၊ ပုဒ်မ ၃၇ နှင့်ပုဒ်မ ၃၈ ပါပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကိုလည်းကောင်း၊ သက်ဆိုင် ရာနည်းဥပဒေများ၊ စည်းကမ်းများကိုလည်းကောင်း လိုက်နာရန်ပျက်ကွက်ကြောင်း သို့မဟုတ် ဖေါက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူသည် ငွေဒဏ်အနည်းဆုံး ကျပ် ၃၀၀၀၀ မှ အများဆုံး ကျပ် ၃၀၀၀၀၀ အထိချမှတ်ခြင်းခံရမည်။
၈၄။ မည်သူမဆို ပုဒ်မ ၈၀ တွင်ဖေါ်ပြထားသော ဇယားပါပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကိုလည်းကောင်း၊ သက်ဆိုင်ရာနည်းဥပဒေများ၊ စည်းကမ်းများကိုလည်းကောင်း လိုက်နာရန်ပျက်ကွက်ကြောင်း သို့မဟုတ် ဖေါက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရပြီးနောက်တွင် ဆက်လက်၍ လိုက်နာရန် ပျက်ကွက်လျှင် သို့မဟုတ် ဖောက်ဖျက်ကျူးလွန်လျှင် ထိုသူသည် ဆက်လက်၍ လိုက်နာရန် ပျက်ကွက် ခြင်း သို့မဟုတ် ဖေါက်ဖျက်ကျူးလွန်ခြင်းပြုသည့်နေ့ အသီးသီးအတွက် တစ်နေ့လျှင် ငွေဒဏ် ကျပ် ၅၀၀၀ ချမှတ်ခြင်းခံရမည်။
၈၅။ မည်သူမဆို ပုဒ်မ ၈၁ တွင်ဖေါ်ပြထားသော ဇယားပါပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကိုလည်းကောင်း၊ သက်ဆိုင်ရာနည်းဥပဒေများ၊ စည်းကမ်းများကိုလည်းကောင်း လိုက်နာရန်ပျက်ကွက်ကြောင်း သို့မဟုတ် ဖေါက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရပြီးနောက်တွင် ဆက်လက်၍ လိုက်နာရန်ပျက် ကွက်လျှင် သို့မဟုတ် ဖေါက်ဖျက်ကျူးလွန်လျှင် ထိုသူသည် ဆက်လက်၍ လိုက်နာရန်ပျက်ကွက်ခြင်း သို့မဟုတ် ဖေါက်ဖျက်ကျူးလွန်ခြင်းပြုသည့်နေ့ အသီးသီးအတွက် တစ်နေ့လျှင် ငွေဒဏ် ကျပ် ၂၀၀၀၀ ချမှတ်ခြင်းခံရမည်။
၈၆။ မည်သူမဆို ပုဒ်မ ၈၂ တွင်ဖေါ်ပြထားသော ဇယားပါပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကိုလည်းကောင်း၊ သက်ဆိုင်ရာနည်းဥပဒေများ၊ စည်းကမ်းများကိုလည်းကောင်း လိုက်နာရန်ပျက်ကွက်ကြောင်း သို့မဟုတ် ဖေါက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရပြီးနောက်တွင် ဆက်လက်၍ လိုက်နာရန်ပျက် ကွက်လျှင် သို့မဟုတ် ဖေါက်ဖျက်ကျူးလွန်လျှင် ထိုသူသည် ဆက်လက်၍ လိုက်နာရန်ပျက်ကွက်ခြင်း သို့မဟုတ် ဖေါက်ဖျက်ကျူးလွန်ခြင်းပြုသည့်နေ့ အသီးသီးအတွက် တစ်နေ့လျှင် ငွေဒဏ် ကျပ် ၃၀၀၀၀ ချမှတ်ခြင်းခံရမည်။
၈၇။ မည်သူမဆို ပုဒ်မ ၇၄ ပါပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကို ဖေါက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင် ခြင်းခံရလျှင် ထိုသူသည် ငွေဒဏ် အနည်းဆုံး ကျပ် ၅၀၀၀၀ မှ အများဆုံး ကျပ် ၅၀၀၀၀၀ အထိချမှတ် ခြင်းခံရမည်။
၈၈။ မည်သူမဆို ခွင့်ပြုချက်မရှိဘဲ ကျွဲ၊ နွားကို သတ်ဖြတ်ကြောင်း သို့မဟုတ် ကျွဲ၊ နွား ၏အသား သို့မဟုတ် သားရေကို လက်ဝယ်ထားရှိကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို ထောင်ဒဏ် တစ်နှစ်အထိဖြစ်စေ၊ ငွေဒဏ်အနည်းဆုံး ကျပ် ၅၀၀၀၀ မှ အများဆုံး ကျပ် ၅၀၀၀၀၀ အထိဖြစ်စေ၊ ဒဏ် နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်သည်။
၈၉။ ဤဥပဒေအရ စွဲဆိုသောအမှုများကို သက်ဆိုင်ရာ ကော်မတီ သို့မဟုတ် အမှုဆောင်အရာရှိ သို့မဟုတ် ကော်မတီမှ တာဝန်ပေးအပ်သူက တရားစွဲဆိုရမည်။
၉၀။ ကော်မတီသည် ဤဥပဒေအရ မိမိတာဝန်နှင့် လုပ်ပိုင်ခွင့်များကို ဆောင်ရွက်ရာတွင် လိုအပ်ပါက သက်ဆိုင်ရာမြန်မာနိုင်ငံရဲတပ်ဖွဲ့၏ အကူအညီ တောင်းခံရယူနိုင်သည်။

အခန်း (၂၀)
ကော်မတီဝင်အဖြစ်မှ ရပ်စဲခြင်း
၉၁။ စည်ပင်သာယာရေးအဖွဲ့လုပ်ငန်းများကို ဆောင်ရွက်ရန် ရွေးချယ်ဖွဲ့စည်းထားသော ကော်မတီဝင် များသည် အောက်ပါကိစ္စတစ်ရပ်ရပ် ပေါ်ပေါက်ပါက ကော်မတီဝင်အဖြစ်မှ ရပ်စဲခြင်းခံရမည်-
(က) ဥပဒေအရ ပေးအပ်သောတာဝန်များကို ကျေပွန်စွာမထမ်းဆောင်ခြင်း၊
(ခ) ပေးအပ်သောတာဝန်နှင့် လုပ်ပိုင်ခွင့်များကို အလွဲသုံးစားပြု၍ ကိုယ်ကျိုးရှာမှု၊ လာဘ်ပေးလာဘ်ယူ မှုနှင့်ခြိမ်းခြောက်မှု၊ မလျော်ဩဇာ သုံးမှုပြုလုပ်ခြင်း၊
(ဂ) အကျင့်သိက္ခာပျက်ပြားခြင်း၊
(ဃ) ကော်မတီအစည်းအဝေးသို့ သုံးကြိမ်ဆက်တိုက်ခွင့်မဲ့ပျက်ကွက်ခြင်း၊
(င) မိမိသဘောအလျောက် ကော်မတီဝင်အဖြစ်မှ နှုတ်ထွက်ခြင်း၊
(စ) တရားရုံးမှ ထောင်ဒဏ်ချမှတ်ခံရခြင်း၊
(ဆ) မစွမ်းဆောင်နိုင်ခြင်း၊
(ဇ) ကွယ်လွန်ခြင်း။

အခန်း (၂၁)
အထွေထွေ
၉၂။ စည်ပင်သာယာရေးလုပ်ငန်းတစ်ခုခုသည် စည်ပင်သာယာရေးအဖွဲ့နှစ်ဖွဲ့ သို့မဟုတ် နှစ်ဖွဲ့ထက် ပိုသော အဖွဲ့များနှင့်ဆက်စပ်သည့်လုပ်ငန်းဖြစ်ပါက ယင်းလုပ်ငန်းကိုဆောင်ရွက်ရာတွင် သက်ဆိုင်သည့် စည်ပင်သာယာရေးအဖွဲ့နှစ်ဖွဲ့ သို့မဟုတ် နှစ်ဖွဲ့ထက်ပိုသောအဖွဲ့များသည် ဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် ပူးပေါင်းဆောင်ရွက်နိုင်သည်။
၉၃။ ကော်မတီသည် တည်ဆဲဥပဒေအရ ဖွဲ့စည်းထားသော စည်ပင်သာယာရေးအဖွဲ့ပိုင် ရန်ပုံငွေကို လည်းကောင်း၊ ကောက်ခံရရှိသော အခွန်နှင့်သာမာန်ရငွေကိုလည်းကောင်း၊ ရွှေ့ပြောင်းနိုင်သော ပစ္စည်း များနှင့်မရွှေ့ပြောင်းနိုင်သော ပစ္စည်းများကိုလည်းကောင်း၊ ဆောင်ရွက်ဆဲ လုပ်ငန်းများကိုလည်းကောင်း၊ ဆောင်ရွက်ပြီးလုပ်ငန်းများကိုလည်းကောင်း၊ ရပိုင်ခွင့်နှင့် ပေးရန်တာဝန်များကိုလည်းကောင်း ဆက်ခံ ရမည်။
၉၄။ နိုင်ငံတော်ကာကွယ်ရေးနှင့် သက်ဆိုင်သည့် သို့မဟုတ် လျှို့ဝှက်အဆင့်သတ်မှတ်သည့် အဆောက် အအုံများမှအပ အခြားနိုင်ငံပိုင်အဆောက်အအုံများ ဆောက်လုပ်ခြင်း၊ ဖျက်သိမ်းခြင်းတို့နှင့် စပ်လျဉ်း၍ သက်ဆိုင်ရာဌာနသည် ယင်းသို့ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်ကို သက်ဆိုင်ရာစည်ပင်သာယာရေး ကော်မတီသို့ ကြိုတင်အကြောင်းကြားရမည်။
၉၅။ ဝန်ကြီးဌာနသည် စည်ပင်သာယာရေးအဖွဲ့က ဆောင်ရွက်သော လုပ်ငန်းများနှင့်ဆက်နွယ်သော အခြားဝန်ကြီးဌာနတစ်ခုခု၏ လုပ်ငန်းဆောင်ရွက်မှုအရ ကောက်ခံရရှိသည့် အခွန်အခများမှ သင့်လျော် သောအခွန်အခအချိုးအစားကို စည်ပင်သာယာရေးအဖွဲ့သို့ ခွဲဝေပေးစေရေးအတွက် သက်ဆိုင်ရာ ဝန်ကြီး ဌာနနှင့် ညှိနှိုင်းဆောင်ရွက်နိုင်သည်။
၉၆။ စည်ပင်သာယာရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ တည်ဆဲစည်းကမ်းများ၊ အမိန့်များနှင့် ညွှန်ကြား ချက်များသည် ဤဥပဒေနှင့် မဆန့်ကျင်သရွေ့ အတည်ဖြစ်စေရမည်။
၉၇။ ဤဥပဒေပါ ပြဋ္ဌာန်းချက်များကို ဆောင်ရွက်နိုင်ရန်-
(က) ဝန်ကြီးဌာနသည် လိုအပ်သော နည်းဥပဒေများ၊ စည်းမျဉ်းနှင့်စည်းကမ်းများကို ပြည်နယ်အစိုးရ အဖွဲ့၏သဘောတူညီချက်ဖြင့် ထုတ်ပြန်နိုင်သည်၊
(ခ) ဝန်ကြီးဌာနသည် လိုအပ်သောအမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများ ကိုထုတ်ပြန်နိုင်သည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျွန်ုပ်လက်မှတ်ရေးထိုးသည်။

(ပုံ)
လှမောင်တင်
ဝန်ကြီးချုပ်
ရခိုင်ပြည်နယ်အစိုးရအဖွဲ့

စစ်တွေမြို့၊ ၁၃၇၄ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၆ ရက်
(၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ ၃ ရက်)

Leave a comment