ဆားလုပ်ငန်းဥပဒေ

ပြည်ထောင်စုမြန်မာနိုင်ငံတော်
နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့
ဆားလုပ်ငန်းဥပဒေ
[နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ ဥပဒေအမှတ် ၆/ ၉၂]
ရန်ကုန်မြို့၊ ၁၃၅၄ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၇ ရက်
(၁၉၉၂ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်)
နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့သည် အောက်ပါဥပဒေကို ပြဋ္ဌာန်းလိုက် သည်။

အခန်း (၁)
အမည်နှင့် အဓိပ္ပာယ်ဖော်ပြချက်
၁။ ဤဥပဒေကို ဆားလုပ်ငန်းဥပဒေဟုခေါ်တွင်စေရမည်။
၂။ ဤဥပဒေတွင်ပါရှိသော အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပာယ် သက်ရောက်စေ ရမည်-
(က) ဆား ဆိုသည်မှာ ပင်လယ်ရေ၊ မြေအောက်ရေငန်၊အင်း၊ အိုင်၊ စိမ့်၊ စမ်း၊ ကန်၊ တွင်းရေနှင့် သဲမြေတို့ကို အသုံးပြုပြီး ထုတ်ယူရရှိသော ဆိုဒီယမ်ကလိုရိုဒ်ကို ဆိုသည်။ ယင်းစကားရပ်တွင် သဘာဝ အလျောက် မြေပေါ်မြေအောက်တွင် ဖြစ်ပေါ်တည်ရှိနေသော ဆိုဒီယမ်ကလိုရိုဒ်လည်း ပါဝင်သည်၊
(ခ) အပိုဓာတ်ဆား ဆိုသည်မှာ ဆားကို အခြားဓာတုပစ္စည်းများနှင့် ပေါင်းစပ်၍ ထုတ်ယူရရှိသော ဓာတ်ဆားအမျိုးမျိုးကိုလည်းကောင်း၊ ဆားထုတ်ယူပြီး ကျန်ရှိသည့် ကြက်တက်ရည်မှ ထုတ်ယူရရှိသော ဓာတ်ဆားအမျိုးမျိုးကို လည်းကောင်း၊ ပင်လယ်ရေ၊ မြေအောက်ရေငန်၊ အင်း၊ အိုင်၊ စိမ့်၊ စမ်း၊ ကန်၊ တွင်းရေနှင့် သဲမြေတို့မှ ထုတ်ယူရရှိသော ဆိုဒီယမ်နှင့် ပိုတက်ဆီယမ် ဓာတ်ဆား အမျိုးမျိုးကို လည်းကောင်း ဆိုသည်။ ယင်းစကားရပ်တွင် ရေမှော် အမျိုးမျိုးတို့မှ ထုတ်ယူရရှိသော ဓာတုပစ္စည်း အမျိုးမျိုးလည်း ပါဝင်သည်၊
(ဂ) ဆားနယ်မြေ ဆိုသည်မှာ ဝန်ကြီးဌာနက အမိန့်ကြော်ငြာစာဖြင့် သတ်မှတ်ထားသည့် ဆား၊ အပိုဓာတ်ဆားများ ထုတ်လုပ်နိုင်သော နယ်မြေဒေသကို ဆိုသည်၊
(ဃ) လိုင်စင် ဆိုသည်မှာ စီးပွားရေးလုပ်ငန်းအလို့ငှာ မြန်မာ့ဆားလုပ်ငန်းက ထုတ်ပေးသော ဆား သို့မဟုတ် အပိုဓာတ်ဆား ထုတ်လုပ်ခွင့်ပြုသည့် ခွင့်ပြုမိန့်ကို ဆိုသည်၊
(င) ထုတ်လုပ်ခြင်း ဆိုသည်မှာ ဆား သို့မဟုတ် အပိုဓာတ်ဆားများကို သဘာဝအားဖြင့်လည်းကောင်း၊ နေလှန်းခြင်းဖြင့်လည်းကောင်း၊ ထင်း သို့မဟုတ် မီးသွေးဖြင့် ထုတ်လုပ်သည့် နည်းမှအပ အခြား တစ်နည်းနည်းဖြင့်လည်းကောင်း ထုတ်လုပ်ခြင်းကို ဆိုသည်။ ယင်းစကားရပ်တွင် ဆားကြိတ်ခွဲ သန့်စင် ခြင်းလုပ်ငန်းလည်း ပါဝင်သည်၊
(စ) ဝန်ကြီးဌာန ဆိုသည်မှာ သတ္တုတွင်း ဝန်ကြီးဌာနကို ဆိုသည်၊
(ဆ) ဝန်ကြီး ဆိုသည်မှာ သတ္တုတွင်းဝန်ကြီးဌာန ဝန်ကြီးကို ဆိုသည်၊
(ဇ) မြန်မာ့ဆားလုပ်ငန်း ဆိုသည်မှာ သတ္တုတွင်းဝန်ကြီးဌာနလက်အောက်ရှိ မြန်မာ့ဆားနှင့် အဏ္ဏဝါ ဓာတုဗေဒပစ္စည်း ထုတ်လုပ်ရေးနှင့် ရောင်းဝယ်ရေးလုပ်ငန်းကို ဆိုသည်၊
(ဈ) ဦးဆောင်ညွှန်ကြားရေးမှူး ဆိုသည်မှာ မြန်မာ့ဆားနှင့် အဏ္ဏဝါဓာတုဗေဒပစ္စည်း ထုတ်လုပ်ရေးနှင့် ရောင်းဝယ်ရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူးကို ဆိုသည်၊
(ည) စစ်ဆေးသူ ဆိုသည်မှာ ဆား သို့မဟုတ် အပိုဓာတ်ဆား ထုတ်လုပ်မှုကို စစ်ဆေးခြင်း ပြုလုပ်ရန် ဦးဆောင်ညွှန်ကြားရေးမှူးက တာဝန်ပေးအပ်သော မြန်မာ့ ဆားလုပ်ငန်းမှ ဝန်ထမ်းကိုလည်းကောင်း၊ အခြားဌာနမှ ဝန်ထမ်းကို လည်းကောင်း ဆိုသည်။

အခန်း (၂)
ရည်ရွယ်ချက်
၃။ ဤဥပဒေကို အောက်ပါရည်ရွယ်ချက်များနှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်ရမည်-
(က) သစ်တောပြုန်းတီးမှု မရှိစေရေးအတွက် နေလှန်းဆားကိုသာ ထုတ်လုပ်စေရန်၊
(ခ) ဆား ထုတ်လုပ်မှုပမာဏ တစ်နှစ်ထက် တစ်နှစ် ပိုမိုတိုးတက်စေရန်၊
(ဂ) ဆားပိုမိုထုတ်လုပ်နိုင်ရေးအတွက် ဆားထုတ်လုပ်နိုင်သည့် နယ်မြေဒေသများကို တိုးချဲ့သတ်မှတ် ပေးရန်၊
(ဃ) ဆားနှင့် အပိုဓာတ်ဆား ထုတ်လုပ်မှု တိုးတက်ရေး၊ အရည်အသွေးကောင်းမွန်ရေး၊ ပြည်တွင်း စားသုံးမှု ဖူလုံရေး၊ ဈေးနှုန်း ချိုသာစွာဖြင့် ဖြန့်ဖြူးရောင်းချနိုင်ရေးနှင့် ပုဂ္ဂလိက ဆားထုတ်လုပ်မှု တိုးတက်စေရေးအတွက် ပံ့ပိုးကူညီရန်၊
(င) ဆားနှင့် အပိုဓာတ်ဆားများကို ပြည်ပသို့ တင်ပို့ရောင်းချနိုင်ရေးအတွက် ဆောင်ရွက်ရန်၊
(စ) သုတေသန ပြုလုပ်ရာမှ ရရှိသော ဆား ပိုမိုထုတ်လုပ်နိုင်သည့် နည်းလမ်းနှင့် အပိုဓာတ်ဆား ထုတ်လုပ်နိုင်သည့် နည်းပညာရပ်များကို ဆားထုတ်လုပ်သူ ပုဂ္ဂလိက လုပ်ငန်းရှင်များအား ဖြန့်ဖြူးရန်။

အခန်း (၃)
လိုင်စင်လျှောက်ထားခြင်း
၄။ ဆား သို့မဟုတ် အပိုဓာတ်ဆားကို စီးပွားဖြစ် ထုတ်လုပ်လိုသူသည် မြန်မာ့ဆားလုပ်ငန်းက သတ်မှတ် သည့် နည်းလမ်းများနှင့်အညီ လိုင်စင်လျှောက်ထားရမည်။
၅။ ဦးဆောင်ညွှန်ကြားရေးမှူးသည် ပုဒ်မ ၄ ပါ လျှောက်လွှာများနှင့် စပ်လျဉ်း၍-
(က) သတ်မှတ်ထားသည့် စည်းကမ်းချက်များနှင့် ညီညွတ်မှု ရှိ မရှိ စစ်ဆေးတင်ပြစေရန် သက်ဆိုင်ရာ စစ်ဆေးသူအား တာဝန်ပေးအပ်နိုင်သည်၊
(ခ) သတ်မှတ်ထားသည့် စည်းကမ်းချက်များနှင့် ညီညွတ်မှုရှိကြောင်း တွေ့ရှိရပါက လိုင်စင်ထုတ်ပေး နိုင်သည်။
၆။ မိသားစုစားသုံးရန် ဆားထုတ်လုပ်ခြင်းအတွက် လိုင်စင်ရယူရန်မလို။
၇။ လိုင်စင်သက်တမ်းသည် မြန်မာ့ဆားလုပ်ငန်းက သတ်မှတ်သည့် အတိုင်း ဖြစ်စေရမည်။

အခန်း (၄)
လိုင်စင်ရရှိသူ၏ တာဝန်နှင့် ဆောင်ရွက်နိုင်ခွင့်များ
၈။ လိုင်စင်ရရှိသူသည် အောက်ပါအခွန်အခများအနက် ပေးဆောင်ရန်ရှိသော အခွန်အခများကို မြန်မာ့ ဆားလုပ်ငန်းက သတ်မှတ်သည့် နည်းလမ်းအတိုင်း ပေးဆောင်ရမည်-
(က) လိုင်စင်ခ၊
(ခ) လိုင်စင်အသစ်လဲလှယ်ကြေး၊
(ဂ) ရက်လွန်ကြေး။
၉။ လိုင်စင်ရရှိသူသည်-
(က) လိုင်စင်ပါ စည်းကမ်းချက်များကို လိုက်နာရမည့်အပြင် မြန်မာ့ဆားလုပ်ငန်းက ထုတ်ပြန်သည့် အမိန့်၊ ညွှန်ကြားချက်များကိုလည်း လိုက်နာရမည်၊
(ခ) ထုတ်လုပ်မှု စာရင်းဇယားများကို သတ်မှတ်ချက်နှင့်အညီ ထားရှိရမည်၊
(ဂ) မြန်မာ့ဆားလုပ်ငန်းနှင့် စစ်ဆေးသူက တောင်းခံသော စာရင်းဇယားများကို တင်ပြရမည်၊
(ဃ) စစ်ဆေးသူ၏ စစ်ဆေးခြင်းကို ခံယူရမည်။
၁၀။ လိုင်စင်ရရှိသူ၏ ဆောင်ရွက်နိုင်ခွင့်များမှာ အောက်ပါအတိုင်း ဖြစ်သည်-
(က) ဆား သို့မဟုတ် အပိုဓာတ်ဆား ပိုမိုထုတ်လုပ်နိုင်ရေးနှင့် အရည်အသွေးမြင့်မားရေးအတွက် မြန်မာ့ ဆားလုပ်ငန်းက ဖြန့်ဖြူးပေးသော နည်းလမ်းနှင့် နည်းပညာရပ်များကို ရယူခြင်း၊
(ခ) ထုတ်လုပ်သော ဆား သို့မဟုတ် အပိုဓာတ်ဆားများကို ပြည်တွင်း၌ လွတ်လပ်စွာ ရောင်းချနိုင်ခွင့် ရှိခြင်း၊
(ဂ) ထုတ်လုပ်သော ဆား သို့မဟုတ် အပိုဓာတ်ဆားများကို ပြည်ပသို့ သတ်မှတ်ချက်နှင့်အညီ တင်ပို့ ရောင်းချနိုင်ခွင့် ရှိခြင်း၊
(ဃ) ပြည်ပသို့ ရောင်းချရာမှ ရရှိသော နိုင်ငံခြားငွေဖြင့် ဆား သို့မဟုတ် အပိုဓာတ်ဆား ထုတ်လုပ်ရာ တွင် လိုအပ်သော ဓာတုပစ္စည်းနှင့် လုပ်ငန်းသုံးပစ္စည်းကိရိယာများကို သတ်မှတ်ချက်နှင့်အညီ ဝယ်ယူ တင်သွင်းခွင့်ရှိခြင်း၊
(င) နှစ်ရှည်လိုင်စင် လျှောက်ထားခွင့်ရှိခြင်း၊
(စ) ဆား သို့မဟုတ် အပိုဓာတ်ဆား ပိုမိုထုတ်လုပ်နိုင်ရေး အတွက် လုပ်ငန်းတိုးချဲ့လုပ်ကိုင်လိုပါက မြန်မာ့ဆားလုပ်ငန်း၏ ခွင့်ပြုချက်ရယူပြီး ဆောင်ရွက်ခွင့်ရှိခြင်း။

အခန်း (၅)
ဦးဆောင်ညွှန်ကြားရေးမှူး၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များ
၁၁။ ဦးဆောင်ညွှန်ကြားရေးမှူး၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များမှာ အောက်ပါအတိုင်း ဖြစ်သည်-
(က) လိုင်စင်ထုတ်ပေးခြင်း သို့မဟုတ် ငြင်းပယ်ခြင်း၊
(ခ) ဆား သို့မဟုတ် အပိုဓာတ်ဆား ထုတ်လုပ်နိုင်မှုကို အခြေခံ၍ လိုင်စင်ခ သတ်မှတ်ခြင်း၊
(ဂ) လိုင်စင်သက်တမ်း သတ်မှတ်ပေးခြင်း၊
(ဃ) လိုင်စင်အသစ် လဲလှယ်ပေးခြင်း၊
(င) ဆား သို့မဟုတ် အပိုဓာတ်ဆား ထုတ်လုပ်နိုင်သည့် ဆားနယ်မြေများကို တိုးချဲ့သတ်မှတ်နိုင်ရန် ဆောင်ရွက်ခြင်း၊
(စ) ဆားထုတ်လုပ်သည့် နည်းလမ်းများနှင့် အပိုဓာတ်ဆား ထုတ်လုပ်နိုင်သည့် နည်းပညာရပ်များကို လိုင်စင်ရရှိသူများအား ဖြန့်ဖြူးပေးခြင်း၊
(ဆ) ဆားနှင့် အပိုဓာတ်ဆားထုတ်လုပ်မှု တိုးတက်ရေး၊ အရည်အသွေး ကောင်းမွန်ရေး၊ ပြည်တွင်း စားသုံးမှု ဖူလုံရေးနှင့် ဈေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူးရောင်းချနိုင်ရေးအတွက် လိုင်စင်ရရှိသူများအား ပံ့ပိုးကူညီခြင်း၊
(ဇ) မြန်မာ့ဆားလုပ်ငန်း၏ ဝန်ထမ်းများကို စစ်ဆေးသူများအဖြစ် တာဝန်ပေးအပ်ခြင်း၊ လိုအပ်ပါက အခြားဌာနမှ ဝန်ထမ်းများကိုလည်း စစ်ဆေးသူအဖြစ် တာဝန်ပေးအပ်နိုင်ရန် သက်ဆိုင်ရာဌာနနှင့် ညှိနှိုင်းဆောင်ရွက်ခြင်း၊
(ဈ) စစ်ဆေးသူ၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များကို သတ်မှတ်ပေးခြင်း၊
(ည) ဆား သို့မဟုတ် အပိုဓာတ်ဆားကို ပိုမိုထုတ်လုပ်နိုင်ခြင်း၊ ဝေးလံခေါင်းပါး ဒေသများတွင် ဆား သို့မဟုတ် အပိုဓာတ်ဆား ထုတ်လုပ်ခြင်းတို့ကို ထောက်ရှု၍ လိုင်စင်ကြေး လျှော့ပေါ့ကောက်ခံခြင်း၊
(ဋ) ဝန်ကြီး၏ သဘောတူညီချက်ဖြင့် ဆား ပိုမိုထုတ်လုပ်နိုင်ရေးကို ရှေးရှု၍ နှစ်ရှည်လိုင်စင် ထုတ် ပေးခြင်း၊
(ဌ) ထုတ်လုပ်သော ဆားများ စားသုံးရန် သင့် မသင့်ကို စစ်ဆေးစေခြင်း၊
(ဍ) နေလှန်းဆား ထုတ်လုပ်ရေးအတွက် ပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်း။
၁၂။ ဦးဆောင်ညွှန်ကြားရေးမှူးသည် မိမိ၏ လုပ်ပိုင်ခွင့်ကို မြန်မာ့ဆားလုပ်ငန်း၏ ပြည်နယ် သို့မဟုတ် တိုင်းအဆင့်ရှိ အရာရှိများအား လွှဲအပ်၍ ဆောင်ရွက်စေနိုင်သည်။

အခန်း (၆)
စစ်ဆေးခြင်း နှင့် အရေးယူခြင်း
၁၃။ စစ်ဆေးသူသည်-
(က) မိမိတာဝန်ယူရသော နယ်မြေဒေသတွင်ဖြစ်စေ၊ သီးခြားတာဝန်ပေးအပ်သော နယ်မြေဒေသတွင် ဖြစ်စေ ဆား သို့မဟုတ် အပိုဓာတ်ဆားထုတ်လုပ်သည့် လုပ်ငန်းများကို ဝင်ရောက် ကြည့်ရှုစစ်ဆေး ခွင့်ရှိသည်၊
(ခ) လိုင်စင်ရရှိသူထံမှ ထုတ်လုပ်မှုနှင့် သက်ဆိုင်သော စာရင်းအင်းများကို တောင်းယူကြည့်ရှု စစ်ဆေး ခွင့်ရှိသည်၊
(ဂ) ဆား သို့မဟုတ် အပိုဓာတ်ဆား နမူနာရယူခြင်းနှင့် လိုအပ်ပါက ဓာတ်ခွဲစစ်ဆေးခြင်းပြုနိုင်သည်၊
(ဃ) ဤဥပဒေပါ တားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်သူအား လုပ်ထုံးလုပ်နည်းများနှင့် အညီ အရေးယူဆောင်ရွက်ရမည်၊
(င) လိုင်စင်မရှိဘဲ ဆား သို့မဟုတ် အပိုဓာတ်ဆား ထုတ်လုပ်သည်ကို စစ်ဆေးတွေ့ရှိရပါက သက်သေ ခံပစ္စည်းများကို ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ သိမ်းဆည်းရမည်၊
(စ) မိမိ တာဝန်ဝတ္တရားများကို ဆောင်ရွက်ရာတွင် လိုအပ်ပါက ပြည်သူ့ရဲတပ်ဖွဲ့၏ အကူအညီကို တောင်းခံရယူနိုင်သည်။

အခန်း (၇)
တားမြစ်ချက်နှင့် ပြစ်ဒဏ်
၁၄။ မည်သူမျှလိုင်စင်မရှိဘဲ ဆား သို့မဟုတ် အပိုဓာတ်ဆားကို စီးပွားဖြစ် ထုတ်လုပ်ခြင်းမပြုရ။
၁၅။ လိုင်စင်ရရှိသူသည်-
(က) ထင်း သို့မဟုတ် မီးသွေးဖြင့် ဆားထုတ်လုပ်ခြင်း မပြုရ၊
(ခ) လိုင်စင်ပါ စည်းကမ်းချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ခြင်း မပြုရ၊
(ဂ) မြန်မာ့ဆားလုပ်ငန်းက ထုတ်ပြန်သည့် အမိန့်၊ ညွှန်ကြားချက်တို့ကို လိုက်နာရန် ပျက်ကွက်ခြင်း မရှိစေရ။
၁၆။ မည်သူမဆို ပုဒ်မ ၁၄ ပါ ပြဋ္ဌာန်းချက်ကို ဖောက်ဖျက်ကျူးလွန်ပါက အောက်ပါစီမံခန့်ခွဲရေးဆိုင်ရာ ဒဏ်ကြေးကို ချမှတ်ခြင်းခံရမည်-
(က) ပထမအကြိမ် ကျူးလွန်ခြင်းဖြစ်ပါက အနည်းဆုံး ကျပ် ၅၀၀၀ မှ အများဆုံး ကျပ် ၂၀၀၀၀ အထိ ဒဏ်ကြေးငွေ တပ်ရိုက်ခြင်း၊
(ခ) ထပ်မံကျူးလွန်ခြင်းဖြစ်ပါက အနည်းဆုံး ကျပ် ၂၀၀၀၀ မှ အများဆုံး ကျပ် ၅၀၀၀၀ အထိ ဒဏ်ကြေးငွေတပ်ရိုက်ခြင်း။
၁၇။ လိုင်စင်ရရှိသူသည် ပုဒ်မ ၁၅ ပါ ပြဋ္ဌာန်းချက် တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ပါက အောက်ပါ စီမံခန့်ခွဲရေးဆိုင်ရာ ဒဏ်ကြေးငွေကို ချမှတ်ခြင်းခံရမည်-
(က) ပထမအကြိမ် ကျူးလွန်ခြင်းဖြစ်ပါက အနည်းဆုံး ကျပ် ၁၀၀၀ မှ အများဆုံး ကျပ် ၅၀၀၀ အထိ ဒဏ်ကြေးငွေတပ်ရိုက်ခြင်း၊
(ခ) ထပ်မံကျူးလွန်ခြင်းဖြစ်ပါက အနည်းဆုံး ကျပ် ၅၀၀၀ မှ အများဆုံး ကျပ် ၂၀၀၀၀ အထိ ဒဏ်ကြေးငွေတပ်ရိုက်ခြင်း။
၁၈။ ပုဒ်မ ၁၆ သို့မဟုတ် ၁၇ ပါ စီမံခန့်ခွဲရေးဆိုင်ရာ ဒဏ်ကြေးငွေကို ဦးဆောင်ညွှန်ကြားရေးမှူးက ချမှတ်ရမည်။
၁၉။ ဦးဆောင်ညွှန်ကြားရေးမှူးသည် ပုဒ်မ ၁၆ အရ အမိန့်ချမှတ်ရာတွင် တင်ပြလာသော သက်သေခံပစ္စည်းများကို သတ်မှတ်သည့် နည်းလမ်းများနှင့်အညီ စီမံခန့်ခွဲခွင့်ရှိသည်။

အခန်း (၈)
အယူခံခြင်း
၂၀။ ဦးဆောင်ညွှန်ကြားရေးမှူးက ချမှတ်သည့် အမိန့် သို့မဟုတ် ဆုံးဖြတ်ချက်ကို မကျေနပ်သူသည် ယင်းအမိန့် သို့မဟုတ် ဆုံးဖြတ်ချက်ချမှတ်သည့် နေ့ရက်မှ ရက်ပေါင်း (၃၀) အတွင်း ဝန်ကြီးထံ အယူခံနိုင်သည်။
၂၁။ ဝန်ကြီးသည် ဦးဆောင်ညွှန်ကြားရေးမှူးက ချမှတ်သည့် အမိန့် သို့မဟုတ် ဆုံးဖြတ်ချက်နှင့် စပ်လျဉ်း၍ အောက်ပါအမိန့် တစ်ရပ်ရပ်ကို ချမှတ်နိုင်သည်-
(က) အတည်ပြုခြင်း၊
(ခ) ပြင်ဆင်ခြင်း၊
(ဂ) ပြန်လည်စစ်ဆေးစေခြင်း။
၂၂။ ဝန်ကြီး၏ ဆုံးဖြတ်ချက်သည် အပြီးအပြတ်ဖြစ်စေရမည်။

အခန်း (၉)
အထွေထွေ
၂၃။ မြန်မာ့ဆားလုပ်ငန်းသည် ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ ပြည်တွင်းပြည်ပအဖွဲ့အစည်းများနှင့် ဆား၊ အပိုဓာတ်ဆားကို ဖက်စပ်ထုတ်လုပ်ရေးအတွက် တည်ဆဲဥပဒေများနှင့်အညီ ဆောင်ရွက်နိုင်သည်။
၂၄။ ဤဥပဒေပါ ပြဋ္ဌာန်းချက်များသည် မြန်မာ့ဆားလုပ်ငန်းက ဆောင်ရွက်သည့် ဆား၊ အပိုဓာတ်ဆား နှင့် ဓာတုပစ္စည်းများ ထုတ်လုပ်သည့် လုပ်ငန်းများနှင့် မသက်ဆိုင်စေရ။
၂၅။ ဝန်ကြီးဌာနသည် အစိုးရဌာနတစ်ခုခု သို့မဟုတ် အဖွဲ့အစည်းတစ်ရပ်ရပ်အား ဤဥပဒေပါ ပြဋ္ဌာန်း ချက်တစ်ရပ်ရပ်ကို လိုက်နာဆောင်ရွက်ခြင်းမှ ကင်းလွတ်ခွင့် သို့မဟုတ် လိုင်စင်ခ သက်သာခွင့်ပြုနိုင် သည်။
၂၆။ မြန်မာ့ဆားလုပ်ငန်းသည် ရရန်ရှိသောလိုင်စင်ခ၊ ရက်လွန်ကြေးနှင့် ဒဏ်ကြေးငွေတို့ကို မြေခွန်မပြေ ကျန်ငွေဖြစ်ဘိသကဲ့သို့ မှတ်ယူ၍ အရကောက်ခံရမည်။
၂၇။ တည်ဆဲမြန်မာ့ဆားအက်ဥပဒေအရ ထုတ်ပြန်ခဲ့သော နည်းဥပဒေများ၊ အမိန့်ဆင့်ဆိုချက်များ၊ အမိန့်နှင့် ညွှန်ကြားချက်များသည် ဤဥပဒေနှင့် မဆန့်ကျင်သရွေ့ ဆက်လက်ကျင့်သုံးနိုင်သည်။
၂၈။ ဤဥပဒေပါ ပြဋ္ဌာန်းချက်များကို ဆောင်ရွက်နိုင်ရန်-
(က) ဝန်ကြီးဌာနသည် လိုအပ်သော နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများကို အစိုးရအဖွဲ့၏ သဘော တူညီချက်ဖြင့် ထုတ်ပြန်နိုင်သည်၊
(ခ) ဝန်ကြီးဌာနနှင့် မြန်မာ့ဆားလုပ်ငန်းသည် လိုအပ်သော အမိန့်၊ ညွှန်ကြားချက်များကို ထုတ်ပြန်နိုင် သည်။
၂၉။ The Myanmar Salt Act, 1917 ကို ဤဥပဒေဖြင့် ရုပ်သိမ်းလိုက်သည်။

(ပုံ) သန်းရွှေ
ဗိုလ်ချုပ်ကြီး
ဥက္ကဋ္ဌ
နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s