တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးအဖွဲ့ဥပဒေ

ပြည်ထောင်စုမြန်မာနိုင်ငံတော်
နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ
တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးအဖွဲ့ဥပဒေ
(နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ ဥပဒေအမှတ် ၃၇/၂၀၁၀)
၁၃၇၂ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၀ ရက်
(၂၀၁၀ပြည့်နှစ်၊ ဒီဇင်ဘာလ ၃၁ ရက်)
နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီသည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။

အခန်း (၁)
အမည်နှင့် အဓိပ္ပာယ်ဖော်ပြချက်
၁။ ဤဥပဒေကို တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးအဖွဲ့ဥပဒေဟု ခေါ်တွင်စေရမည်။
၂။ ဤဥပဒေတွင် ပါရှိသောအောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပာယ်သက်ရောက်စေရမည် –
(က) ဩဝါဒါစရိယအဖွဲ့ ဆိုသည်မှာ ဤဥပဒေအရ ဖွဲ့စည်းသော တိပိဋက ဩဝါဒါစရိယအဖွဲ့ ကိုဆိုသည်။
(ခ) ဩဝါဒါစရိယဆရာတော် ဆိုသည်မှာ ဤဥပဒေအရ ဖွဲ့စည်းသော တိပိဋက ဩဝါဒါစရိယအဖွဲ့၏ အဖွဲ့ဝင် ဆရာတော် ကိုဆိုသည်။
(ဂ) ရွေးချယ်ရေးအဖွဲ့ ဆိုသည်မှာ ဤဥပဒေအရ ဖွဲ့စည်းသော တိပိဋကဓရတိပိဋက ကောဝိဒ ရွေးချယ်ရေးအဖွဲ့ ကိုဆိုသည်။
(ဃ) ရွေးချယ်ပွဲ ဆိုသည်မှာ ဤဥပဒေအရ ကျင်းပသော တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ပွဲကို ဆိုသည်။

အခန်း(၂)
ရည်ရွယ်ချက်များ
၃။ ဤဥပဒေ၏ ရည်ရွယ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည် –
(က) ပြည်ထောင်စုမြန်မာနိုင်ငံတော်တွင် ထေရဝါဒဗုဒ္ဓ သာသနာတော် တည်တံ့ခိုင်မြဲပြီး ထွန်းကားပြန့်ပွားစေရန်၊
(ခ) ပိဋကသုံးပုံကို အာဂုံဆောင်နှင့် သဘောရေးဖြေ အောင်မြင်သည့် သာသနာ့ အာဇာနည်အရှင်မြတ်တို့ စဉ်ဆက် မပြတ်ပေါ်ထွက် နိုင်စေရန်၊
(ဂ) တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ပွဲကို အခြေခိုင်ခံ့ပြီး အဓွန့်ရှည်စွာ စနစ်တကျ ကျင်းပနိုင်ရန်။

အခန်း(၃)
တိပိဋက ဩဝါဒါစရိယအဖွဲ့ ဖွဲ့စည်းခြင်း
၄။ သာသနာရေးဝန်ကြီးဌာနသည် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၏ ဩဝါဒနှင့်အညီ နိုင်ငံတော်ဗဟို သံဃာ့ဝန်ဆောင် ဆရာတော်များနှင့် အခြားသင့်လျော်သော ဆရာတော်များပါဝင်သည့် ဆရာတော်ကိုးပါးဖြင့် တိပိဋက ဩဝါဒါစရိယအဖွဲ့ကို ဖွဲ့စည်းရမည်။
၅။ ဩဝါဒါစရိယဆရာတော်များသည် မိမိတို့အနက်မှ သိက္ခာဝါ အကြီးဆုံးဆရာတော်အား ဩဝါဒါစရိယအဖွဲ့ ဥက္ကဋ္ဌအဖြစ် တင်မြှောက်ရမည်။ ဩဝါဒါစရိယအဖွဲ့ဥက္ကဋ္ဌက တာဝန်ပေးအပ်သော ဆရာတော်တစ်ပါးသည် အကျိုးတော်ဆောင် ဆရာတော် အဖြစ် ဆောင်ရွက်ရမည်။
၆။ ဩဝါဒါစရိယအဖွဲ့၏ သက်တမ်းသည် ဖွဲ့စည်းသည့်နေ့ရက်မှ စ၍ခြောက်နှစ်ဖြစ်သည်။
၇။ သာသနာရေးဝန်ကြီးဌာနသည် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၏ ဩဝါဒနှင့်အညီဩဝါဒါစရိယဆရာတော် များကို လိုအပ်သလို အစားထိုးတာဝန်ပေးအပ်ခြင်းနှင့် ဩဝါဒါစရိယအဖွဲ့ကို ပြင်ဆင်ဖွဲ့စည်းခြင်းတို့ ပြုနိုင်သည်။
၈။ ဩဝါဒါစရိယအဖွဲ့သည် ရွေးချယ်ရေးအဖွဲ့က လျှောက်ထားတောင်းပန်သည့်အခါတွင်ဖြစ်စေ၊ မိမိသဘောအ လျောက် ဖြစ်စေ ရွေးချယ်ရေးအဖွဲ့အား လိုအပ်သလို ဩဝါဒပေးနိုင်သည်။

အခန်း (၄)
တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးအဖွဲ့ ဖွဲ့စည်းခြင်း
၉။ သာသနာရေးဝန်ကြီးဌာနသည် သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ဒုတိယဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ပရိယတ္တိ စာပေကျွမ်းကျင်သူ အနည်းဆုံးလေးဦးပါဝင်သည့် သင့်လျော်သောလူပုဂ္ဂိုလ်ခြောက်ဦးက အဖွဲ့ဝင်များအဖြစ်လည်း ကောင်း၊ ဥက္ကဋ္ဌ၏တာဝန်ပေးအပ်ခြင်းခံရသောပုဂ္ဂိုလ်က အတွင်းရေးမှူးအဖြစ်လည်းကောင်းပါဝင်သည့်တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးအဖွဲ့ကို ဖွဲ့စည်းရမည်။
၁၀။ အောက်ပါအချက်တစ်ရပ်ရပ်နှင့်ငြိစွန်းသောပုဂ္ဂိုလ်အား ရွေးချယ်ရေးအဖွဲ့ဝင်အဖြစ် တာဝန်ပေးအပ်ခြင်းမပြုရ –
(က) ဗုဒ္ဓဘာသာဝင် မဟုတ်ခြင်း၊
(ခ) မြန်မာနိုင်ငံသား၊ ဧည့်နိုင်ငံသား သို့မဟုတ် နိုင်ငံသားပြုခွင့်ရသူ မဟုတ်ခြင်း၊
(ဂ) ပြည်သူ့ဝန်ထမ်းအဖြစ်မှ ထုတ်ပယ်ခံရသူဖြစ်ခြင်း သို့မဟုတ် ရာထူးမှ ရပ်စဲခံရသူ ဖြစ်ခြင်း၊
(ဃ) ကိုယ်ကျင့်တရား ပျက်ယွင်းသည့် ပြစ်မှုကျူးလွန်ခြင်းကြောင့် ပြစ်ဒဏ်စီရင်ခံရဖူးသူ ဖြစ်ခြင်း။
၁၁။ ရွေးချယ်ရေးအဖွဲ့ အဖွဲ့ဝင်တစ်ဦးဦးသည် အောက်ဖော်ပြပါ အကြောင်းတစ်ခုခုပေါ်ပေါက်ပါက ရွေးချယ်ရေးအဖွဲ့ အဖွဲ့ဝင်အဖြစ်မှ ရပ်စဲသည်ဟု မှတ်ယူရမည် –
(က) သေဆုံးခြင်း၊
(ခ) ရွေးချယ်ရေးအဖွဲ့၏ အဖွဲ့ဝင်အဖြစ်မှ နုတ်ထွက်ခြင်း၊
(ဂ) ပုဒ်မ ၁၀ပါ အချက်တစ်ရပ်ရပ်နှင့် ငြိစွန်းခြင်း၊
(ဃ) စိတ်ပေါ့သွပ်နေသည်ဟု သက်ဆိုင်ရာ ဥပဒေက ပြဋ္ဌာန်းထားသည့်အတိုင်း သတ်မှတ်ခံရခြင်း၊
(င) ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ ပြင်ပသို့ တရားမဝင် ထွက်ခွာခြင်း၊
(စ) ရွေးချယ်ရေးအဖွဲ့၏ ဂုဏ်ကို ထိပါးစေမည့် သိက္ခာပျက်ပြားမှုကို ကျူးလွန်ခြင်း၊
(ဆ) ရွေးချယ်ရေးအဖွဲ့၏ အစည်းအဝေးများသို့ ခွင့်ပန်ကြားမှုမရှိဘဲ သုံးကြိမ်တစ်ဆက်တည်း တက်ရောက်ရန် ပျက်ကွက်ခြင်း။
၁၂။ ရွေးချယ်ရေးအဖွဲ့ အဖွဲ့ဝင်တစ်ဦးဦးနေရာလစ်လပ်သည့်အခါ သာသနာရေးဝန်ကြီးဌာနသည် ပုဒ်မ ၁၀ ပါ ပြဋ္ဌာန်းချက်များနှင့်ငြိစွန်းခြင်းမရှိသော သင့်လျော်သည့်ပုဂ္ဂိုလ်ကို လစ်လပ်သောနေရာတွင် ဖြည့်စွက်တာဝန်ပေးအပ် ရမည်။

အခန်း (၅)
ရွေးချယ်ရေးအဖွဲ့၏ လုပ်ငန်းတာဝန်များ
၁၃။ ရွေးချယ်ရေးအဖွဲ့သည်အောက်ဖော်ပြပါလုပ်ငန်းတာဝန်များကို ဩဝါဒါစရိယအဖွဲ့၏ဩဝါဒနှင့်အညီဆောင်ရွက် ရမည်-
(က) ရွေးချယ်ပွဲအတွက် ပိဋကတ်ကျမ်းစာများ ပြဋ္ဌာန်းသတ်မှတ်ခြင်း၊
(ခ) ရွေးချယ်ပွဲတွင် ပါဝင်ဆောင်ရွက်မည့် ကြီးကြပ်ရေးဆရာတော်များ၊ မေးခွန်းထုတ်နှင့် စာစစ်ဆရာတော်များ၊ စာထောက်စာမ ပုဂ္ဂိုလ်များ၏ အရည်အချင်းနှင့် ယင်းတို့လိုက်နာရမည့် စည်းကမ်းများကို သတ်မှတ်ခြင်း၊
(ဂ) ရွေးချယ်ပွဲ၌ ဝင်ရောက်ဖြေဆိုသည့် အရှင်မြတ်တို့၌ရှိရမည့် အရည်အချင်းနှင့် ယင်းတို့လိုက်နာရမည့် စည်းကမ်းများ သတ်မှတ်ခြင်း၊
(ဃ) ရွေးချယ်ပွဲဆိုင်ရာပြဋ္ဌာန်းကျမ်းစာများဖြစ်သော ဝိနယပိဋကဝိနည်းငါးကျမ်း၊ အဘိဓမ္မပိဋကပထမပိုင်း ငါး ကျမ်း၊ ဒုတိယပိုင်းနှစ်ကျမ်း၊ သုတ္တန္တပိဋကဒီဃနိကာယ် သုံးကျမ်း၊ သုတ္တန္တပိဋကမဇ္စိုမနိကာယ် သုံးကျမ်း၊ သုတ္တန္တ ပိဋကသံယုတ္တနိကာယ် ငါးကျမ်း၊ သုတ္တန္တ ပိဋကအင်္ဂုတ္တရနိကာယ် တစ်ဆယ့်တစ်ကျမ်း၊ သုတ္တန္တပိဋက ခုဒ္ဒကနိကာယ် ပထမပိုင်း ကိုးကျမ်း၊ ဒုတိယပိုင်းတစ်ဆယ့်တစ်ကျမ်းတို့၏ ကျမ်းတိုင်းတွင် အာဂုံဆောင်နှင့် သဘောရေးဖြေဟူ၍ ရွေးချယ်ပွဲနှစ်မျိုးစီ ကျင်းပခြင်း။
၁၄။ ရွေးချယ်ရေးအဖွဲ့သည် အောက်ဖော်ပြပါ လုပ်ငန်းတာဝန်များကို ဆောင်ရွက်ရမည် –
(က) ရွေးချယ်ပွဲကျင်းပရန် နေ့ရက်နှင့် ကျင်းပရန်ဌာနတို့ကို သတ်မှတ်ခြင်း၊
(ခ) ရွေးချယ်ပွဲတွင် ဖြေဆိုအောင်မြင်တော်မူကြသော သာသနာ့အာဇာနည် အရှင်မြတ်များအား နိုင်ငံတော်အစိုးရက လှူဒါန်း ထောက်ပံ့သော ဆု၊ လက်မှတ်၊ တံဆိပ်၊ ဘွဲ့ထူးနှင့် ဂုဏ်ထူးများ အပ်နှင်းရေး အတွက်စီမံဆောင်ရွက်ခြင်း၊
(ဂ) ရွေးချယ်ပွဲတွင် ဖြေဆိုအောင်မြင်တော်မူကြသော သာသနာ့အာဇာနည်အရှင်မြတ်များအား လစဉ်ဆွမ်းဆန်တော် လှူဒါန်းနိုင် ရေးအတွက်စီမံဆောင်ရွက်ခြင်း၊
(ဃ) တိပိဋကဓရတိပိဋကကောဝိဒဘွဲ့ရရှိကြသော ဆရာတော်များ၏ဆရာမိဘများအား ဂုဏ်ပြုထောက်ပံ့ရေး အတွက် စီမံဆောင်ရွက်ခြင်း၊
(င) နိုင်ငံတော်အစိုးရထံမှလည်းကောင်း၊ အခြားအလှူရှင်များထံမှလည်းကောင်းရရှိသော အလှူငွေနှင့်ပစ္စည်းများ ကို သတ်မှတ်ချက်များနှင့်အညီ စီမံဆောင်ရွက်ခြင်း၊
(စ) ရွေးချယ်ပွဲတွင် ဖြေဆိုအောင်မြင်တော်မူကြသော သာသနာ့အာဇာနည် အရှင်မြတ်များအား ချီးကျူးပူဇော်ပွဲ အခမ်းအနား ကျင်းပခြင်း၊
(ဆ) ရွေးချယ်ပွဲ၌ ပါဝင်ဆောင်ရွက်ရန် သင့်လျော်သည့်ပုဂ္ဂိုလ်များကို ခန့်အပ်တာဝန်ပေးခြင်း၊
(ဇ) ပိဋကတ်ကျမ်းစာများနှင့်စပ်လျဉ်း၍ အာဂုံပြန်ဆိုပွဲနှင့်သဘောရေးဖြေပွဲများတို့တွင် ပိဋကသုံးပုံအနက် အနည်း ဆုံး ပိဋကတစ်ပုံ အောင်မြင်သောသာသနာ့အာဇာနည် အရှင်မြတ်များအား နိုင်ငံတော်အစိုးရက လှူဒါန်းထောက်ပံ့ သော ရထားလက်မှတ်၊ သင်္ဘာလက်မှတ်နှင့် အခြားလှူဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ်လှူဒါန်းနိုင်ရေးအတွက် စီမံဆောင်ရွက်ခြင်း၊
(ဈ) ပိဋကတ်ကျမ်းစာများနှင့်စပ်လျဉ်း၍ အာဂုံပြန်ဆိုပွဲနှင့် သဘောရေးဖြေပွဲတို့တွင် တိပိဋိကဓရတိပိဋကကောဝိဒ ဘွဲ့ရရှိသည့်အထိ ပိဋကသုံးပုံကို ဖြေဆိုအောင်မြင်သည့်သာသနာ့အာဇာနည် အရှင်မြတ်များအား နိုင်ငံတော်အစိုးရ က လှူဒါန်းထောက်ပံ့သော ရထားလက်မှတ်၊ သင်္ဘောလက်မှတ်၊ လေယာဉ်လက်မှတ်နှင့် အခြားလှူဖွယ်ဝတ္ထုပစ္စည်း များကို ဆက်ကပ်လှူဒါန်းနိုင်ရေးအတွက် စီမံဆောင်ရွက်ခြင်း၊
၁၅။ ရွေးချယ်ရေးအဖွဲ့သည် ဤဥပဒေ၏ ရည်ရွယ်ချက်များ ထမြောက်အောင်မြင်စေရန် လိုအပ်သော အခြားကိစ္စ များကို စီမံဆောင်ရွက်နိုင်သည်။

အခန်း (၆)
အစည်းအဝေးများ ကျင်းပခြင်း
၁၆။ ဩဝါဒါစရိယအဖွဲ့သည် ပုံမှန်အစည်းအဝေးကို လေးလလျှင် တစ်ကြိမ်ကျင်းပရမည်။ လိုအပ်ပါအထူးအစည်း အဝေးကိုလည်း ကျင်းပနိုင်သည်။
၁၇။ ဩဝါဒါစရိယအဖွဲ့အစည်းအဝေးတွင် –
(က) သဘာပတိအဖြစ်ဥက္ကဋ္ဌဆရာတော်က ဆောင်ရွက်ရမည်ဖြစ်ပြီးအစည်းအဝေးသို့ဥက္ကဋ္ဌဆရာတော်မတက်ရောက် နိုင်လျှင် အကျိုးတော်ဆောင်ဆရာတော်ကသဘာပတိအဖြစ် ဆောင်ရွက်ရမည်။
(ခ) ဩဝါဒါစရိယဆရာတော် အနည်းဆုံးခုနစ်ပါးတက်ရောက်လျှင် အစည်းအဝေးအထမြောက်သည်ဟု မှတ်ယူရ မည်။
၁၈။ ရွေးချယ်ရေးအဖွဲ့သည် ပုံမှန်အစည်းအဝေးကို လေးလလျှင်တစ်ကြိမ် ကျင်းပရမည်။ လိုအပ်ပါက အထူးအစည်း အဝေးကိုလည်း ကျင်းပနိုင်သည်။
၁၉။ ရွေးချယ်ရေးအဖွဲ့အစည်းအဝေးတွင် –
(က) သဘာပတိအဖြစ် ဥက္ကဋ္ဌက ဆောင်ရွက်ရမည်ဖြစ်ပြီး အစည်းအဝေးသို့ ဥက္ကဋ္ဌမတက်ရောက်နိုင်လျှင် ဒုတိယ ဥက္ကဋ္ဌက သဘာပတိအဖြစ် ဆောင်ရွက်ရမည်။
(ခ) ရွေးချယ်ရေးအဖွဲ့ အဖွဲ့ဝင်အနည်းဆုံး ခုနစ်ဦးတက်ရောက်လျှင် အစည်းအဝေးအထမြောက်သည်ဟု မှတ်ယူရ မည်။
၂၀။ ဩဝါဒါစရိယအဖွဲ့နှင့် ရွေးချယ်ရေးအဖွဲ့တို့သည် ပူးတွဲ၍ ပုံမှန်အစည်းအဝေးကို တစ်နှစ်လျှင် အနည်းဆုံး နှစ်ကြိမ်ကျင်းပရမည်။ လိုအပ်ပါက ပူးတွဲအထူးအစည်းအဝေးကိုလည်း ကျင်းပနိုင်သည်။ ယင်းသို့ပူးတွဲ အစည်း အဝေးများကို ကျင်းပနိုင်ရန် ရွေးချယ်ရေးအဖွဲ့ အတွင်းရေးမှူးက သက်ဆိုင်ရာ ဆရာတော်များနှင့် လူပုဂ္ဂိုလ်များထံ အကြောင်းကြားစာ ကြိုတင်ပေးပို့၍ လိုအပ်သလို စီစဉ်ဆောင်ရွက်ရမည်။ အစည်းအဝေး တစ်ကြိမ်နှင့် တစ်ကြိမ် အကြား ခြောက်လထက် မပိုစေရ။
၂၁။ ဩဝါဒါစရိယအဖွဲ့နှင့် ရွေးချယ်ရေးအဖွဲ့တို့၏ ပူးတွဲအစည်းအဝေးများတွင် –
(က) သဘာပတိအဖြစ် ဩဝါဒါစရိယအဖွဲ့ ဥက္ကဋ္ဌဆရာတော်က ဆောင်ရွက်ရမည်။ အစည်းအဝေးသို့ ဩဝါဒါစရိယအဖွဲ့ ဥက္ကဋ္ဌ ဆရာတော် မတက်ရောက်နိုင်လျှင် အကျိုးတော်ဆောင်ဆရာတော်က သဘာပတိအဖြစ် ဆောင်ရွက်ရမည်။
(ခ) ဩဝါဒါစရိယဆရာတော် အနည်းဆုံး ခုနစ်ပါးနှင့် ရွေးချယ်ရေးအဖွဲ့ အဖွဲ့ဝင် အနည်းဆုံး ခုနစ်ဦးတို့ တက်ရောက်လျှင် အစည်း အဝေးအထမြောက်သည်ဟု မှတ်ယူရမည်။
၂၂။ ဩဝါဒါစရိယအဖွဲ့ အစည်းအဝေး၌လည်းကောင်း၊ ရွေးချယ်ရေးအဖွဲ့ အစည်းအဝေး၌လည်းကောင်း၊ ယင်းအဖွဲ့များ၏ ပူးတွဲ အစည်းအဝေး၌လည်းကောင်း ပေါ်ပေါက်သည့်ရွေးချယ်ပွဲနှင့် စပ်လျဉ်းသည့် ကိစ္စရပ်အားလုံးကို အစည်းအဝေးသို့ တက်ရောက်သော သက်ဆိုင်ရာ ဩဝါဒါစရိယဆရာတော်များနှင့် လူပုဂ္ဂိုလ်တို့၏ များရာဆန္ဒမဲဖြင့် ဆုံးဖြတ်ရမည်။ ဆန္ဒမဲအရေ အတွက်တူညီနေလျှင် သက်ဆိုင်ရာ သဘာပတိ၏ဆန္ဒဖြင့် ဆုံးဖြတ်ရမည်။

အခန်း (၇)
ရန်ပုံငွေနှင့်အစီရင်ခံစာများ
၂၃။ သာသနာရေးဝန်ကြီးဌာနသည် ဤဥပဒေအရ လုပ်ငန်းတာဝန်များကို ဩဝါဒါစရိယအဖွဲ့နှင့် ရွေးချယ်ရေးအဖွဲ့ တို့က ဆောင်ရွက် ရာတွင်လိုအပ်သော အသုံးစရိတ်များကိုကျခံရမည်။
၂၄။ ရွေးချယ်ရေးအဖွဲ့သည် အလှူရှင်ပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများထံမှရရှိသောအလှူငွေနှင့်ပစ္စည်းများကို သာသနာ ရေးဝန်ကြီးဌာနက သတ်မှတ်သော လုပ်ထုံးလုပ်နည်းများနှင့်အညီ ထိန်းသိမ်းထားရှိ၍ သတ်မှတ်သည့်စည်းကမ်း များနှင့်အညီ သုံးစွဲရမည်။ ငွေကြေးသုံးစွဲမှုနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာတို့က စစ်ဆေးခြင်းကို ခံယူရမည်။
၂၅။ ရွေးချယ်ရေးအဖွဲ့သည် သာသနာရေးဦးစီးဌာနမှတစ်ဆင့် သာသနာရေးဝန်ကြီးဌာနသို့ ငွေကြေးကိစ္စ၊ နှစ်ချုပ် အစီရင်ခံစာ များနှင့် စပ်လျဉ်း၍ –
(က) ရှေ့လာမည့် ဘဏ္ဍာရေးနှစ်အတွက် သုံးစွဲမည့် ခန့်မှန်းခြေကုန်ကျစရိတ်ကို လက်ရှိ ဘဏ္ဍာရေးနှစ်မကုန်ဆုံးမီ တင်ပြရမည်။
(ခ) ငွေစာရင်းရှင်းတမ်းကို ဘဏ္ဍာရေးနှစ် ကုန်ဆုံးပြီးနောက် ဆောလျင်နိုင်သမျှ ဆောလျင်စွာ တင်ပြရမည်။
(ဂ) နှစ်ချုပ်အစီရင်ခံစာကို ထိုနှစ်၏ နောက်ဆုံးကျင်းပသည့် ပုံမှန်အစည်းအဝေးတွင် ဆွေးနွေးအတည်ပြုပြီး တင်ပြ ရမည်။

အခန်း (၈)
လှူဒါန်းထောက်ပံ့ခံခွင့် ရပုဂ္ဂိုလ်များအား လှူဒါန်းခြင်း
၂၆။ သာသနာရေးဝန်ကြီးဌာနသည် အောက်ဖော်ပြပါ ရဟန်းသံဃာနှင့် လူပုဂ္ဂိုလ်များအား သတ်မှတ်သည့်အတိုင်း လှူဒါန်း ထောက်ပံ့နိုင်ရန် ရွေးချယ်ရေးအဖွဲ့အား တာဝန်ပေးအပ်ရမည် –
(က) ဤဥပဒေပါကိစ္စများကို ဆောင်ရွက်ရန်အလို့ငှာ သက်ဆိုင်ရာ ဩဝါဒါစရိယအဖွဲ့နှင့် ရွေးချယ်ရေးအဖွဲ့ အစည်း အဝေးများသို့ တက်ရောက်ကြသည့် ဩဝါဒါစရိယဆရာတော်များနှင့် ရွေးချယ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊
(ခ) ရွေးချယ်ပွဲတွင် တာဝန်ထမ်းဆောင်သော ကြီးကြပ်ရေးဆရာတော်များ၊ မေးခွန်းထုတ်နှင့် စာစစ်ဆရာတော်များ၊ စာထောက်စာမပုဂ္ဂိုလ်များ။
၂၇။ သာသနာရေးဝန်ကြီးဌာနသည် ပုဒ်မ ၁၃၊ ပုဒ်မ ခွဲ (ဃ) ပါရွေးချယ်ပွဲနှစ်မျိုးတွင် တစ်မျိုးကိုသော်လည်းကောင်း၊ နှစ်မျိုးကို သော်လည်းကောင်း အောင်မြင်တော်မူကြသော သာသနာ့အာဇာနည်အရှင်မြတ်တို့အား အောင်မြင်သော ပိဋကအလိုက် ဤဥပဒေအရသတ်မှတ်သောဘွဲ့လက်မှတ်၊ တံဆိပ်တော်နှင့် အဆောင်အယောင်များကိုဆက်ကပ် လှူဒါန်းရမည်။
၂၈။ သာသနာရေးဝန်ကြီးဌာနသည် ပုဒ်မ ၂၇ အရ ဘွဲ့လက်မှတ်နှင့် တံဆိပ်တော်တို့ကို ဆက်ကပ်လှူဒါန်းရာတွင် –
(က) ဘွဲ့လက်မှတ်၌ သာသနာရေးဝန်ကြီးဌာနဝန်ကြီးနှင့် ဩဝါဒါစရိယအဖွဲ့ ဥက္ကဋ္ဌတို့ ကိုယ်တိုင်လက်မှတ်ရေးထိုး ရမည်။
(ခ) တံဆိပ်တော်၏အလယ်၌ ပိဋကတစ်ပုံအောင်လျှင် ထီးဖြူတော်တစ်လက်၊ ပိဋကနှစ်ပုံအောင်လျှင် ထီးဖြူတော် နှစ်လက်၊ ပိဋကသုံးပုံအောင်လျှင် ထီးဖြူတော်သုံးလက် ပါရှိစေ၍ နိုင်ငံတော်တံဆိပ်နှင့် ရွေးချယ်ရေးအဖွဲ့တို့၏ တံဆိပ် တို့ကိုလည်း ထည့်သွင်းရမည်။
၂၉။ ရွေးချယ်ပွဲတွင်အောင်မြင်၍ လစဉ်ဆွမ်းဆန်တော်၊ ရထားလက်မှတ်၊ သင်္ဘောလက်မှတ်၊ လေယာဉ်လက်မှတ်နှင့် အခြားလှူဖွယ်ဝတ္တုပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်းခံရသော သာသနာ့အာဇာနည်အရှင်မြတ်သည် အောက်ဖော်ပြ ပါအကြောင်းတစ်ခုခုကြောင့် အရည်အချင်းပျက်ယွင်းလျှင် ယင်းသို့ လှူဒါန်းခံရခြင်းမှ အလိုအလျောက်ရပ်စဲပြီး ဖြစ်စေရမည် –
(က) လူထွက်ခြင်း၊
(ခ) ပျံလွန်တော်မူခြင်း၊
(ဂ) စိတ်ပေါ့သွပ်နေသည်ဟု သက်ဆိုင်ရာဥပဒေက ပြဋ္ဌာန်းထားသည့်အတိုင်း သတ်မှတ်ခံရခြင်း၊
(ဃ) ပါရာဇိကအာပတ်ဖြင့် စွပ်စွဲခံရ၍ သက်ဆိုင်ရာ ဝိနိစ္ဆယအဖွဲ့မှ သို့မဟုတ် သက်ဆိုင်ရာဂိုဏ်းဂဏဝိနည်းဓိုရ်ထံမှ သုဒ္ဓဆုံးဖြတ်ချက်ကို မရခြင်း၊
(င) ပြစ်မှုတစ်ခုခုဖြင့် ပြစ်မှုထင်ရှားစီရင်ခံရခြင်း၊
(စ) ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ ပြင်ပသို့ တရားမဝင်ထွက်ခွာခြင်း။

အခန်း (၉)
အထွေထွေ
၃၀။ ရွေးချယ်ရေးအဖွဲ့သည် ပုဒ်မ ၃၅ ဖြင့် ရုပ်သိမ်းလိုက်သည့် ၁၉၆၀ ပြည့်နှစ်၊ တိပိဋကဓရ ရွေးချယ်ရေး အဖွဲ့အက်ဥပဒေအရ ဖွဲ့စည်းထားသော တိပိဋကဓရရွေးချယ်ရေးအဖွဲ့၏ အဖွဲ့ပိုင် ရန်ပုံငွေနှင့် ပစ္စည်းများကို လည်းကောင်း၊ ဆောင်ရွက်ပြီးလုပ်ငန်းများနှင့် ဆောင်ရွက်ဆဲလုပ်ငန်းများကိုလည်းကောင်း ရပိုင်ခွင့်နှင့် ပေးရန် တာဝန်များကိုလည်းကောင်း ဆက်ခံရမည်။
၃၁။ ဤဥပဒေအာဏာမတည်မီ နိုင်ငံတော်ဗုဒ္ဓသာသနာအဖွဲ့ကိုယ်စား ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ကဖြစ်စေ၊ သာသနာရေးဝန်ကြီးဌာနကဖြစ်စေ ကျင်းပသော တိပိဋကဓရရွေးချယ်ပွဲတွင် အောင်မြင်သော သာသနာ့အာဇာနည် အရှင်မြတ်များသည် ဤဥပဒေအရ ရသင့်ရထိုက်သော အခွင့်အရေးများကို တစ်ဆက်တည်း ဆက်လက်၍ ခံစားခွင့်ရှိစေရမည်။
၃၂။ ဩဝါဒစရိယအဖွဲ့ကဖြစ်စေ၊ ရွေးချယ်ရေးအဖွဲ့ကဖြစ်စေ စီမံဆောင်ရွက်သည့်ကိစ္စရပ်များသည် သက်ဆိုင်ရာ အဖွဲ့ဝင်တစ်ဦးဦး လစ်လပ်သည်ဟူသော အကြောင်းကြောင့် ပျက်ပြယ်ခြင်းမရှိစေရ။
၃၃။ ပုဒ်မ ၃၅ ဖြင့်ရုပ်သိမ်းလိုက်သည့် ၁၉၆၀ ပြည့်နှစ်၊ တိပိဋကဓရ ရွေးချယ်ရေးအဖွဲ့ အက်ဥပဒေအရ ထုတ်ပြန်ထားသော ပထမ ဇယားပါ နည်းဥပဒေများ၊ ဒုတိယဇယားနှင့် တတိယဇယားတို့ပါ ပြဋ္ဌာန်းချက်များနှင့် စည်းမျဉ်းစည်းကမ်းများကို ဤဥပဒေနှင့် မဆန့်ကျင်သရွေ့ ဆက်လက်ကျင့်သုံးနိုင်သည်။
၃၄။ ဤဥပဒေပါ ပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် –
(က) သာသနာရေးဝန်ကြီးဌာနသည် လိုအပ်သောနည်းဥပဒေများကို အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ထုတ်ပြန် နိုင်သည်။
(ခ) သာသနာရေးဝန်ကြီးဌာနသည် လိုအပ်သော လုပ်ထုံးလုပ်နည်းများ၊ အမိန့်ကြော်ငြာစာ၊ အမိန့်နှင့် ညွှန်ကြားချက် များကိုလည်းကောင်း၊ ရွေးချယ်ရေးအဖွဲ့သည် လိုအပ်သော အမိန့်နှင့် ညွှန်ကြားချက်များကိုလည်းကောင်း ထုတ်ပြန် နိုင်သည်။
၃၅။ ၁၉၆၀ ပြည့်နှစ် ၊ တိပိဋကဓရ ရွေးချယ်ရေးအဖွဲ့ အက်ဥပဒေကို ဤဥပဒေဖြင့် ရုပ်သိမ်းလိုက်သည်။

(ပုံ) သန်းရွှေ
ဗိုလ်ချုပ်မှူးကြီး
ဥက္ကဋ္ဌ
နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ

Leave a comment