ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ရခိုင်ပြည်နယ် ယစ်မျိုးခွန်ဥပဒေ
(၂၀၁၅ ခုနှစ်၊ ရခိုင်ပြည်နယ်လွှတ်တော်ဥပဒေအမှတ် – ၄)
၁၃၇၇ ခုနှစ်၊ တန်ဆောင်မုန်းလဆုတ် ၁၃ ရက်
(၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ ၉ ရက်)
နိဒါန်း
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၈၈ ပါ ပြဋ္ဌာန်းချက်နှင့် ဇယား ၂၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဥပဒေပြုစာရင်း အပိုဒ် ၁၊ အပိုဒ်ခွဲ (ဃ) တွင် ဖော်ပြထားချက်အရ ရခိုင်ပြည်နယ်အတွင်း ယစ်မျိုးခွန်များ စနစ်တကျ ကောက်ခံနိုင်ရေးအလို့ငှာ ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။
အခန်း(၁)
အမည်၊ အာဏာတည်ခြင်းနှင့်အဓိပ္ပာယ်ဖော်ပြချက်
၁။ (က) ဤဥပဒေကို ရခိုင်ပြည်နယ်ယစ်မျိုးခွန်ဥပဒေ ဟုခေါ်တွင်စေရမည်။
(ခ) ဤဥပဒေသည် ရခိုင်ပြည်နယ်တစ်ဝန်းလုံး၌အာဏာတည်စေရမည်။
၂။ ဤဥပဒေတွင်ပါရှိသော အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်းအဓိပ္ပာယ်သက်ရောက်စေရမည်-
(က) ပြည်နယ် ဆိုသည်မှာ ရခိုင်ပြည်နယ်ကိုဆိုသည်။
(ခ) အစိုးရအဖွဲ့ ဆိုသည်မှာ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကိုဆိုသည်။
(ဂ) ဝန်ကြီး ဆိုသည်မှာ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးကိုဆိုသည်။
(ဃ) ပြည်နယ်အုပ်ချုပ်ရေးမှူးဆိုသည်မှာ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဌာနအကြီးအမှူးကို ဆိုလိုသည်။
(င) ခရိုင်အုပ်ချုပ်ရေးမှူး ဆိုသည်မှာ ရခိုင်ပြည်နယ်အတွင်းရှိ သက်ဆိုင်ရာ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦး စီးဌာန၏ အကြီးအမှူးကိုဆိုလိုသည်။
(စ) မြို့နယ်အုပ်ချုပ်ရေးမှူး ဆိုသည်မှာ ရခိုင်ပြည်နယ်အတွင်းရှိ သက်ဆိုင်ရာ မြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန၏ အကြီးအမှူးကိုဆိုသည်။
(ဆ) ယစ်မျိုးခွန် ဆိုသည်မှာ ယစ်မျိုးနည်းဥပဒေအရဖြစ်စေ (မူးယစ်ဆေးနှင့်စိတ်ကိုပြောင်းလဲစေတတ် သည့်ဆေးဝါးများမပါ)၊ ကောက်ခံရရှိသောလိုင်စင်ခများ၊ အကောက်အခွန်များ၊ ပြစ်ဒဏ်ချမှတ်သည့်ငွေ များ၊ အစိုးရဘဏ္ဍာအဖြစ်သိမ်းယူသော ပစ္စည်းများမှ ရောင်းချရသောငွေများကိုဆိုလိုသည်။ ယစ်မျိုးပြစ်မှု များနှင့်ပတ်သက်၍ တရားရုံးမှချမှတ်သော ဒဏ်ငွေများမပါဝင်ဟု အဓိပ္ပါယ်ဖွင့်ဆိုထားပါသည်။
(ဇ) အရက် (Alcoholic Liquor) ဆိုသည်မှာ ပမာဏအားဖြင့် (Alcohol) ၂ % ထက် ပို၍ပါဝင်သော အရည်များကိုခေါ်သည်။ ၁၉၁၇ ခုနှစ်၊ မြန်မာနိုင်ငံယစ်မျိုးအက်ဥပဒေအပါအဝင် တည်ဆဲဥပဒေတစ်ရပ်ရပ် အရ (Alcoholic Liquor) ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက အမိန့်ကြော်ငြာစာထုတ်ပြန်၍ အရက်ဟု သတ်မှတ်ထားသော အရာများကို ဆိုသည်။
(ဈ) ဘီယာ ဆိုသည်မှာ (Ale. Stout. Porter) ခေါ်ဗျစ်ရည်နှင့်မုယောစပါး စသည်တို့ကို ကဇော်ဖောက်၍ ပြုလုပ်လေ့ရှိသော အရက်ပြန်ပါဝင်သည့် အခြားအရက်များ၊ ၁၉၁၇ ခုနှစ်၊ မြန်မာနိုင်ငံ ယစ်မျိုး အက်ဥပဒေတွင်သတ်မှတ်ထားသည့် အရာများအပါအဝင်တည်ဆဲဥပဒေတစ်ရပ်ရပ်အရ နိုင်ငံတော်သမ္မတ က အမိန့်ကြော်ငြာစာထုတ်ပြန်၍ ဘီယာဟု သတ်မှတ်ထားသောအရာများကိုဆိုလိုသည်။
(ည) ပြည်တွင်းဖိုထွက်ချက်အရက် (Country Spirit) ဆိုသည်မှာ ပေါင်းဖိုနှင့်ခံယူရရှိသည့် Alcohol ပါဝင်သော မည်သည့်အရက် တစ်စုံတစ်ရာကိုမဆို ဆိုလိုသည်။
(ဋ) ထန်းရည် (Tari) ဆိုသည်မှာ ကဇော်ဖောက်သည်ဖြစ်စေ၊ မဖောက်သည်ဖြစ်စေ၊ ထန်း၊ ဓနိ၊ အုန်း၊ ပေ စသည့်အပင်မှ ထွက်သောအရည်ကိုဆိုလိုသည်။
(ဌ) တည်အရက် (Fermented Liquor) ဆိုသည်မှာ ချက်အရက်မှတစ်ပါး အရက်ပြန်ပါဝင်သည့် အရက်ကိုဆိုလိုသည်။ (ယင်းစကားရပ်တွင် လှော်စာရည်၊ ခေါင်ရည် စသည်တို့ပါဝင်သည်။)
(ဍ) သောက်ပျော်သောအရက် (Potable Alcoholic Liquor) ဆိုသည်မှာ ပြုပြင်ပြီးမူလသတ္တိပျက်အရက် မှတစ်ပါး အရက်ပြန်ပါ ဝင်သည့်အရက်တစ်မျိုးမျိုးကိုဆိုသည်။
(ဎ) မူလသတ္တိပျက်အရက် (Denatured) ဆိုသည်မှာယစ်မျိုးအက်ဥပဒေအရ သတ်မှတ်သည့် နည်းလမ်း များနှင့်အညီ လူတို့သောက်သုံးရန်မသင့်အောင် ပြုပြင်ပြီးသည်ကိုဆိုလိုသည်။
(ဏ) ချက်လုပ်ခြင်း (Manufacturing) ဆိုသည်မှာ-
(၁) သဘာဝအားဖြင့်ဖြစ်စေ၊ ပြုပြင်၍ ဖြစ်စေ၊
(၂) ပြန်၍ပေါင်းခံယူခြင်း (Redistillation) ၊
(၃) အရက်ပြန်ပါဝင်သည့်အရက်ကိုပြုပြင်ခြင်း၊ ပေါင်းစပ်ခြင်း၊ အနံ့၊ အရသာထည့်ခြင်း၊ ရောနှောခြင်း၊ အရောင်ဆိုးခြင်း။
(တ) ယစ်မျိုးသက်ဝင်ပစ္စည်း (Excisable Article) ဆိုသည်မှာ ယစ်မျိုးကုန်ပစ္စည်း(Excisable Goods) နှင့် ၁၉၁၇ ခုနှစ်၊ မြန်မာနိုင်ငံ ယစ်မျိုးအက်ဥပဒေတွင်ဖွင့်ဆိုထားသည့်အရက်အပါအဝင် ယစ်မျိုးသက်ဝင် ပစ္စည်းကိုဆိုသည်၊
(ထ) လက်လီလက်ကားရောင်းချမှု (Retail and Whole Sale) ဆိုသည်မှာ ဤဥပဒေနှင့် ဤဥပဒေအရ ပြုသည့် နည်းဥပဒေအရထုတ်ပြန် သည့်ညွှန်ကြားချက်၊ အမိန့်၊ ကြော်ငြာစာများနှင့်အညီ အချင်အတွယ် အတိုင်းရောင်းချခြင်းကိုဆိုသည်၊
(ဒ) လိုင်စင်(Licence) ဆိုသည်မှာ ဤဥပဒေအရ ထုတ်လုပ်ခြင်း၊ ချက်လုပ်ခြင်း၊ ရောင်းချခြင်း၊ ဖြန့်ဖြူးခြင်းတို့အတွက် ခွင့်ပြုသည့် ခွင့်ပြုမိန့်ကိုဆိုသည်၊
(ဓ) သက်တမ်း(Term) ဆိုသည်မှာ ဤဥပဒေအရခွင့်ပြုမိန့် လိုင်စင်သက်တမ်းကိုဆိုသည်။ ယင်း သက်တမ်းသည် ဘဏ္ဍာရေးနှစ်အလိုက်သတ်မှတ်သည်။
အခန်း(၂)
ရည်ရွယ်ချက်များ
၃။ ဤဥပဒေ၏ ရည်ရွယ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်-
(က) အရက်သေစာသောက်စားခြင်း အလေ့အထ ပြန့်ပွားခြင်းကို အားပေးခြင်းမရှိစေရန်၊
(ခ) သေရည်သေရက်ဖြန့်ဖြူးရောင်းချရာတွင် တရားမဝင်ထုတ်လုပ်မှု၊ ရောင်းချမှုမရှိစေရန်၊
(ဂ) မူးယစ်စေသော သေရည်သေရက်ရောင်းချခြင်းမှာ အခွန်ငွေရရှိစေရန်အလို့ငှာသာမဟုတ်ဘဲ သောက် စားသုံးစွဲခြင်းလျော့နည်းစေရန်၊ သေရည်သေရက်ရောင်းချခြင်းကို အခွန်ကောက်ခံသည်ဟု စွဲမြဲမှတ်ယူစေ ရန်၊
(ဃ) ပြည်နယ်၏ ရသင့်ရထိုက်သော အခွန်ဘဏ္ဍာငွေကိုဥပဒေနှင့်အညီ ရရှိစေရန်။
ယစ်မျိုးအခြေခံမူများ (Principle)
၄။ ယစ်မျိုးအခြေခံမူများမှာအောက်ပါအတိုင်းဖြစ်ပါသည်-
(က) ပေါင်းဖို (Out Still) စနစ်ဖြင့်ချက်လုပ်ခြင်းကို ဖြစ်နိုင်သမျှဖျက်သိမ်းရန်၊
(ခ) ဗဟိုအရက်ချက်ရုံတည်ထောင်ချက်လုပ်ခြင်းကို တဖြည်းဖြည်း အားပေးသွားရန်၊
(ဂ) ပြည်တွင်းဖိုထွက်ချက်အရက် (Country Spirit) ပေါ်တွင်အခွန်ကြီးမြင့်နိုင်သမျှ ကြီးမြင့်ကောက်ခံရန်၊ သို့ရာတွင် ပြည်ပမှ တင်သွင်းလာသောအရက်ထက်မများစေရန်၊
(ဃ) အရက်ဆိုင်အရေအတွက်ကိုကန့်သတ်ထားရန်၊
(င) တရားမဝင်ယစ်မျိုးလုပ်ငန်းမှန်သမျှကို ကြိုးစားနှိမ်နှင်းရန်။
(စ) ယစ်မျိုး (အရက်) လုပ်ငန်းစီမံခန့်ခွဲသော ယစ်မျိုးဥပဒေအရ လုပ်ပိုင်ခွင့်အပ်နှင်းခံထားရသူတာဝန်ခံ များအနေဖြင့် အနီးကပ်ကြီးကြပ်ကွပ်ကဲရန်။
ယစ်မျိုးလိုင်စင်မရဘဲ အရက်ချက်လုပ်မှု စသည်များကိုတားမြစ်ခြင်း
၅။ ဤဥပဒေအရ ထုတ်ပေးသည့်လိုင်စင်ပါ အခွင့်အမိန့်အရ မှတစ်ပါး လိုင်စင်ပါ စည်းကမ်းအချက်များကို အထောက်အထားပြုသည် မဟုတ်လျှင်-
(က) မည်သည့်ယစ်မျိုးသက်ဝင်ရာ ဝတ္ထုပစ္စည်းကိုမျှ ချက်လုပ်ခြင်း သို့မဟုတ် စုဆောင်းခြင်းမရှိရ၊
(ခ) မည်သည့်အရက်ချက်ရုံ သို့မဟုတ် ဗျစ်ရည်မျိုး လုပ်ဆောင်သည့်ရုံကိုမျှ ဆောက်လုပ်ခြင်း သို့မဟုတ် ၎င်းရုံတွင် အလုပ်လုပ်ဆောင်ခြင်းမရှိရ၊
(ဂ) မည်သူမဆို ယစ်မျိုးသက်ဝင်ရာ ဝတ္ထုတစ်စုံတစ်ရာကိုချက်လုပ်ရန်ကိစ္စအလို့ငှာ မည်သည့်အရာဝတ္ထု သို့မဟုတ် မည်သည့် ကိရိယာတန်ဆာကိုမျှသုံးစွဲ၊ သိမ်းဆည်း၊ လက်ရှိမထားရ။
ယစ်မျိုးသက်ဝင်ပစ္စည်းများကို သယ်ယူပို့ဆောင်ခွင့်ထုတ်ပေးခြင်း
၆။ ဤဥပဒေအရ ယစ်မျိုးဌာနဝန်ကြီးက အမိန့်ကြော်ငြာစာထုတ်ဆင့်ကြေညာ၍ သတ်မှတ်သည့် ယစ်မျိုး သက်ဝင်ရာ ဝတ္ထုများနှင့်စပ်လျဉ်းသည့်အချက်တွင်မှတစ်ပါး ယစ်မျိုးသက်ဝင်ရာပါအခြား ဝတ္ထုများကိုသွင်း ယူရန်၊ ထုတ်ဆောင်ရန် သို့မဟုတ် ဆောင်ယူရန် အမိန့်လက်မှတ်များကို ခရိုင်အုပ်ချုပ်ရေးမှူးက ထုတ်ပေး ခွင့်ရသည်။
ယစ်မျိုးလိုင်စင်မရဘဲ ရောင်းချမှုကို တားမြစ်ခြင်း
၇။ ဤဥပဒေအရ ထုတ်ပေးသည့် လိုင်စင်အခွင့်အမိန့်အရမှတစ်ပါး၊ ၎င်းအပြင် လိုင်စင်ပါစည်းကမ်းချက် များ ကိုအထောက်အထားပြုသည်မဟုတ်လျှင်၊ အရက်ပြန်ပါသည့် မည်သည့် အရက်ကိုမျှ ရောင်းချရန် ပုလင်းသို့ မထည့်မသွင်း။ ၎င်းအပြင်လည်း၊ မည်သည့်ယစ်မျိုးသက်ဝင်ရာပါ ဝတ္ထုကိုမျှ ရောင်းချမှု မရှိစေရ။ သို့သော် လည်း-
(က) သစ်ပင်တစ်စုံတစ်ရာမှ ခံယူသည့် ထန်းရည်ဆိုင်ရာရရှိသူတစ်ဦးတစ်ယောက်မှာ၊ ဤဥပဒေအရ ထန်းရည်ရောင်းချရန် လိုင်စင်ရသူသည် ပေးအပ်သည့်အခွင့်လက်မှတ်အရ ထန်းရည်ကို လက်လီလက်ကား ရောင်းခြင်း၊ အခြင်အတွယ် လက်ရှိထားခွင့်ရသူတစ်ဦးတစ်ယောက် သို့မဟုတ် လိုင်စင်မရရှိဘဲ၊ ၎င်း ထန်းရည်ကို ရောင်းချခွင့်ရသည်၊
(ခ) ဤဥပဒေပုဒ်မပါ မည်သည့်အချက်မျှ လူတစ်ဦးတစ်ယောက်ကိုယ်တိုင်သုံးစွဲရန် တရားဥပဒေနှင့်အညီ ရရှိသည့် အရက်ပြန်ပါသည့် နိုင်ငံခြားဖြစ်အရက်တစ်စုံတစ်ရာကို ၎င်းသူမြို့ရွာရွှေ့ပြောင်း၍သော်လည်း ကောင်း၊ ၎င်းသူကရောင်းချမှု သို့မဟုတ် ၎င်းသူ၏အကျိုးဖြစ်ရောင်းချမှု၊ သို့မဟုတ် အကျိုးသက် ဆိုင်ရာ၊ ၎င်းသူ၏ ကိုယ်စားလှယ်သည် အကျိုးဖြစ်ရောင်းချမှုများနှင့်သက်ဆိုင်မှုမရှိစေရ။
အခန်း(၃)
ယစ်မျိုးခွန်နှုန်းထားများသတ်မှတ်ခြင်း
၈။ ပြည်နယ်ယစ်မျိုးခွန်ကောက်ခံရေးနှင့်စပ်လျဉ်း၍ ၂၀၁၆ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့မှစ၍ ဤဥပဒေပါ နောက်ဆက်တွဲ ဇယားအတိုင်းကောက်ခံရန် သတ်မှတ်သည်။
၉။ လုပ်ငန်းလိုင်စင်ရရှိသူသည် လိုင်စင်ကြေးငွေကျပ် ၅၀၀၀၀၀ အထိဖြစ်ပါက လိုင်စင်ချထားပေးသည့် အချိန်တွင်ကျသင့်သောငွေကိုတစ်ကြိမ်တည်း အပြေအကျေ ပေးသွင်းရမည်။
၁၀။ လုပ်ငန်းလိုင်စင်ရရှိသူသည် လိုင်စင်ကြေးငွေကျပ် ၅၀၀၀၀၀ အထက်မှ ကျပ် ၃၀၀၀၀၀၀ အထိဖြစ်ပါက လိုင်စင်ချထားပေးသည့်အချိန်တွင် ကျသင့်ငွေ၏ တစ်ဝက်ကို တစ်ကြိမ်တည်းပေးသွင်းစေပြီး ကျန်တစ် ဝက်ကို ဘဏ္ဍာရေးနှစ်ဝက်အတွင်း အပြေအကျေ ပေးသွင်းရမည်။
၁၁။ လုပ်ငန်းလိုင်စင်ရရှိသူသည် လိုင်စင်ကြေးငွေကျပ် ၃၀၀၀၀၀၀ အထက်ဖြစ်ပါက လိုင်စင်ချထားပေး သည့်အချိန်တွင် ကျသင့်ငွေ၏ သုံးပုံတစ်ပုံကိုတစ်ကြိမ်တည်း ပေးသွင်းရမည်။ ကျန်သုံးပုံနှစ်ပုံကို ဘဏ္ဍာ ရေးနှစ်ဝက်အတွင်းနှစ်ကြိမ်ခွဲ၍အပြေအကျေပေးသွင်းရမည်။
၁၂။ ယစ်မျိုးခွန်လိုင်စင်ကို ပြန်လည်အပ်နှံလိုသူသည် သတ်မှတ်ထားသည့် ယစ်မျိုးခွန်များကို အပြေအ ကျေပေးသွင်းပြီးမှသာ ယစ်မျိုးခွန်လိုင်စင်ကို ပြန်လည်အပ်နှံခွင့်ပြုမည်။
၁၃။ ဤဥပဒေအရ ယစ်မျိုးခွန်အပြည့်အဝ ကောက်ခံရရှိနိုင်ရေးအတွက် အစိုးရအဖွဲ့၏ သဘောတူညီချက် နှင့် ပြည်ထဲရေးဝန်ကြီးဌာန၊ ဝန်ကြီး၏ ကြီးကြပ်မှုဖြင့် ပြည်နယ်အုပ်ချုပ်ရေးမှူးက လိုအပ်သော ကော်မတီ အဆင့်ဆင့်ကိုဖွဲ့စည်းဆောင်ရွက်နိုင်သည်။
အခန်း(၄)
အထွေထွေ
၁၄။ ယစ်မျိုးစီမံခန့်ခွဲခြင်း၊ အခွန်စည်းကြပ်ခြင်းနှင့်ကောက်ခံခြင်းတို့ကို အစိုးရအဖွဲ့၏ သဘောတူညီချက် အရပြည်ထဲရေးဝန်ကြီးဌာန၊ ဝန်ကြီး၏ကြီးကြပ်မှုဖြင့် ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက တာဝန် ယူဆောင်ရွက်ရမည်။
၁၅။ ဤဥပဒေအရ ပေးရန်ရှိသောယစ်မျိုးခွန်ကြေးအားလုံးကို ပေးဆောင်ရန်ပျက်ကွက်လျှင် မြေခွန်မပြေ ကျန်ငွေဖြစ်ဘိသကဲ့သို့ ကောက်ခံရမည်။
၁၆။ ဤဥပဒေပါ ပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက်-
(က) လိုအပ်သော နည်းဥပဒေ၊ စည်းမျဉ်း သို့မဟုတ် စည်းကမ်းများကို အစိုးရအဖွဲ့က ထုတ်ပြန်နိုင်သည်။
(ခ) လိုအပ်သော အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများကို ပြည်ထဲရေးဝန်ကြီး ဌာန၊ ဝန်ကြီး၏ သဘောတူညီချက်ဖြင့် ပြည်နယ်အုပ်ချုပ်ရေးမှူးကထုတ်ပြန်နိုင်သည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျွန်ုပ်လက်မှတ်ရေးထိုးသည်။
(ပုံ) မြအောင်
ခေတ္တဝန်ကြီးချုပ်
ရခိုင်ပြည်နယ်အစိုးရအဖွဲ့
—– Attachment —–
[ ပူးတွဲဖော်ပြသော စာရင်း 1 ] 01 ယစ်မျိုးလိုင်စင်ခွန်နှုန်းထားများ