၂၀၀၈ ခုနှစ် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ

၂၀၀၈ ခုနှစ် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ
(၂၀၀၈ ခုနှစ်)
[ ပြင်ဆင် : 22.07.2015 ]


နိဒါန်း
မြန်မာနိုင်ငံတော်သည် သမိုင်းအစဉ်အလာကြီးမားသော နိုင်ငံတော်ဖြစ်ပေသည်။ ကျွန်ုပ်တို့ တိုင်းရင်း သားပြည်သူအပေါင်းတို့သည် စည်းလုံးညီညွတ်စွာ တစ်သားတည်းနေထိုင်လာခဲ့ကြပြီး အချုပ်အခြာ အာဏာပိုင် လွတ်လပ်သောနိုင်ငံအဖြစ် ထူထောင်ကာထည်ဝါစွာ ရပ်တည်ခဲ့ကြပေသည်။
ကိုလိုနီနယ်ချဲ့တို့၏ကျူးကျော်မှုကြောင့် ၁၈၈၅ ခုနှစ်တွင် နိုင်ငံတော်အာဏာလုံးဝလက်လွတ် ဆုံးရှုံးခဲ့ ရပေသည်။ တိုင်းရင်းသားပြည်သူအပေါင်းတို့သည် စည်းလုံးညီညွတ်မှုစွမ်းအားဖြင့် နယ်ချဲ့ဆန့် ကျင်ရေး နှင့် အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲများကို အသက်ပေါင်းများစွာစတေး၍ ဆင်နွှဲခဲ့ကြသော ကြောင့် ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် အချုပ်အခြာအာဏာပိုင် လွတ်လပ်သောနိုင်ငံတော် အဖြစ် ပြန်လည်ရပ်တည်နိုင်ခဲ့ပေသည်။
လွတ်လပ်ရေးအမြန်ရရှိရန်အတွက် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို အလျင်အမြန်ရေးဆွဲကာ ၁၉၄၇ ခုနှစ် စက်တင်ဘာလ ၂၄ ရက်နေ့တွင် တိုင်းပြည်ပြုလွှတ်တော်က အတည်ပြုပြဋ္ဌာန်းခဲ့ပြီး လွတ်လပ်ရေး ရရှိသောအခါ နိုင်ငံတော်တွင် အဆိုပါ ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့် ပါလီမန်ဒီမိုကရေစီစနစ်ကို ဖော်ဆောင် ကျင့်သုံးခဲ့ကြပေသည်။ သို့ရာတွင် နိုင်ငံတော်၌ ဒီမိုကရေစီစနစ်ကို ပီပြင်စွာ ကျင့်သုံးနိုင်မှုမရှိသဖြင့် ၁၉၇၄ ခုနှစ်တွင်တစ်ပါတီပုံစံကိုအခြေခံလျက် ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ်ကို ရေးဆွဲပြီး ပြည်လုံး ကျွတ်ဆန္ဒခံယူပွဲကျင်းပ၍ အတည်ပြုပြဋ္ဌာန်းကာ ဆိုရှယ်လစ်ဒီမိုကရေစီ နိုင်ငံတော်အဖြစ် ကြိုးပမ်း တည်ထောင်ခဲ့ပြန်ပေသည်။ ၁၉၈၈ ခုနှစ်တွင် နိုင်ငံတော်၌ ဖြစ်ပေါ်လာသည့်အခြေအနေ အရပ်ရပ်ကြောင့် အဆိုပါဖွဲ့စည်းပုံအခြေခံဥပဒေမှာလည်း ရပ်ဆိုင်းသွားခဲ့ရသည်။
ထို့နောက် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက ပြည်သူများ၏ လိုအင်ဆန္ဒနှင့်အညီ ပါတီစုံဒီမိုကရေစီစနစ်နှင့် ဈေးကွက်စီးပွားရေးစနစ်တို့ကို မိမိနိုင်ငံနှင့် လိုက်လျောညီထွေစွာ ထူထောင် နိုင်ရန်အတွက် ကြိုးပမ်းတည်ဆောက်ပေးခဲ့ပေသည်။
အနာဂတ်နိုင်ငံတော်တွင် ရေရှည်အကျိုးရှိပြီးခိုင်မာသည့် ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ် မရှိမဖြစ် လိုအပ်သည့်အတွက် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီသည် ၁၉၉၃ ခုနှစ်မှစ၍ အမျိုးသားညီလာခံကို ခေါ်ယူကျင်းပပေးခဲ့သည်။
အမျိုးသားညီလာခံတွင် နိုင်ငံရေး၊ လုံခြုံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊လူမှုရေးနှင့် ဥပဒေရေးရာစသည့် ရှုထောင့်မျိုးစုံမှ အတွေ့အကြုံကြွယ်ဝသည့် ပုဂ္ဂိုလ်များပါဝင်သကဲ့သို့ နိုင်ငံတော်အတွင်း တည်ရှိသည့် မြို့နယ်အားလုံးမှ တိုင်းရင်းသားကိုယ်စားလှယ်များလည်းပါဝင်ခဲ့ကြပေသည်။
အမျိုးသားညီလာခံကျင်းပရာတွင် အခက်အခဲအနှောင့်အယှက်များ ကြုံတွေ့ခဲ့ရသော်လည်း ၂၀၀၃ ခုနှစ်တွင် ချမှတ်ခဲ့သော နိုင်ငံတော်ရှေ့ဆက်သွားမည့် မူဝါဒလမ်းစဉ်(၇) ရပ်နှင့်အညီ အမျိုးသား ညီလာခံကို ၂၀၀၄ ခုနှစ်တွင် မဆုတ်မနစ်သော ဇွဲလုံ့လဖြင့်ဆက်လက်ကျင်းပခဲ့ရာ ခိုင်မာသော နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ် ပေါ်ပေါက်ရန်အတွက် အခြေခံရမည့်မူများနှင့် အသေးစိတ် အခြေခံရမည့်မူများကို အနှစ်သာရပြည့်ဝစွာချမှတ်နိုင်ခဲ့ကြသဖြင့် ၂၀၀၇ ခုနှစ်၊ စက်တင်ဘာလ ၃ ရက် နေ့တွင် အမျိုးသားညီလာခံသည်အောင်မြင်စွာပြီးမြောက်ခဲ့ပေသည်။
ကျွန်ုပ်တို့ တိုင်းရင်းသားပြည်သူအပေါင်းတို့သည် အမျိုးသားညီလာခံက ချမှတ်ပေးခဲ့သည့် အခြေခံမူ များနှင့် အသေးစိတ်အခြေခံရမည့်မူများနှင့်အညီ ဤပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြခံဥပဒေကို ရေးဆွဲခဲ့ကြပေသည်။
ကျွန်ုပ်တို့တိုင်းရင်းသားပြည်သူအပေါင်းတို့သည်-

  • ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးဟူသော ဦးတည်ချက်များကို အစဉ်တစိုက် မမှိတ်မသုန် စွဲမြဲစွာခံယူစောင့်ထိန်း သွားကြမည်ဟု သန္နိဋ္ဌာန်ချမှတ်၍လည်းကောင်း၊
  • နိုင်ငံတော်၌ တရားမျှတခြင်း၊ လွတ်လပ်ခြင်းနှင့် ညီမျှခြင်းတည်းဟူသော လောကပါလတရားများ ထွန်းကားစေလျက် တိုင်းရင်းသားပြည်သူအများ ငြိမ်းချမ်းသာယာဝပြောရေးကို တည်တံ့ခိုင်မြဲအောင် စဉ်ဆက်မပြတ် ဆောင်ရွက်ထိန်းသိမ်း သွားကြမည်ဟု သန္နိဋ္ဌာန်ချမှတ်၍လည်းကောင်း၊
  • နိုင်ငံတော်အတွင်း လူမျိုးရေးတန်းတူမှုဖြင့် စစ်မှန်သော မျိုးချစ်စိတ်ဓာတ်ဖြစ်သည့် ပြည်ထောင်စု စိတ်ဓာတ်ကို ခိုင်မြဲစွာမွေးမြူလျက် ထာဝစဉ် စည်းလုံးညီညွတ်စွာ အတူတကွ လက်တွဲနေထိုင်ကြမည်ဟု သန္နိဋ္ဌာန်ချမှတ်၍လည်းကောင်း၊
  • ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက် ပေါင်းသင်း ဆက်ဆံရေးကို ရှေးရှုလျက် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူများကို စောင့်ထိန်းရန်အစဉ်ကြိုးပမ်းကြမည်ဟု သန္နိဋ္ဌာန်ချမှတ်၍ လည်းကောင်း၊
    ဤပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေကို သက္ကရာဇ် ၁၃၇၀ ပြည့်နှစ်၊ ကဆုန်လပြည့်ကျော် ၁၀ ရက် (ခရစ်နှစ် ၂၀၀၈ ခုနှစ်၊ မေလ ၂၉ ရက် ) နေ့တွင်ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကြီးဖြင့် အတည်ပြုပြဋ္ဌာန်းလိုက်ကြသည်။

အခန်း(၁)
နိုင်ငံတော်အခြေခံမူများ
နိုင်ငံတော်
၁။ မြန်မာနိုင်ငံသည် အချုပ်အခြာအာဏာပိုင်လွတ်လပ်သည့်နိုင်ငံဖြစ်သည်။
၂။ နိုင်ငံတော်ကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဟု ခေါ်တွင်ရမည်။
၃။ နိုင်ငံတော်သည် တိုင်းရင်းသားလူမျိုးပေါင်းစုံတို့ စုပေါင်းနေထိုင်ကြသော နိုင်ငံဖြစ်သည်။
၄။ နိုင်ငံတော်၏ အချုပ်အခြာအာဏာသည် နိုင်ငံသားများထံမှ ဆင်းသက်ပြီးနိုင်ငံတော်တစ်ဝန်းလုံး၌ တည်သည်။
၅။ နိုင်ငံတော်၏မြေထု၊ ရေထုနှင့် လေထုတို့ပါဝင်သော နယ်နိမိတ်သည် ဤဖွဲ့စည်းပုံအခြေခံဥပဒေ အတည်ဖြစ်သည့်နေ့တွင် တည်ရှိသည့်အတိုင်းဖြစ်သည်။
အခြေခံမူများ
၆။ နိုင်ငံတော်သည်-
(က) ပြည်ထောင်စုမပြိုကွဲရေး၊
(ခ) တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊
(ဂ) အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး၊
(ဃ) စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ် ထွန်းကားရေး၊
(င) နိုင်ငံတော်၌ တရားမျှတခြင်း၊ လွတ်လပ်ခြင်းနှင့် ညီမျှခြင်းတည်းဟူသော လောကပါလတရားများ ပိုမိုထွန်းကားရေးနှင့်
(စ) နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေး ဦးဆောင်မှုအခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်းဆောင် နိုင်ရေးတို့ကို အစဉ်တစိုက် ဦးတည်သည်။
၇။ နိုင်ငံတော်သည် စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးသည်။
၈။ နိုင်ငံတော်ကို ပြည်ထောင်စုစနစ်ဖြင့်ဖွဲ့စည်းတည်ဆောက်သည်။
၉။ (က) ရှိရင်းစွဲတိုင်း(၇) တိုင်းကို တိုင်းဒေသကြီး(၇) ခု အဖြစ်လည်းကောင်း၊ ရှိရင်းစွဲပြည်နယ် (၇) ပြည်နယ်ကို ပြည်နယ် (၇) ပြည်နယ်အဖြစ်လည်းကောင်း ပိုင်းခြားသတ်မှတ်သည်။ ထိုတိုင်းဒေသကြီး (၇) ခုနှင့် ပြည်နယ် (၇) ပြည်နယ်တို့သည် အဆင့်အတန်းတူညီကြသည်။
(ခ) ထိုတိုင်းဒေသကြီး (၇) ခုနှင့် ပြည်နယ်(၇) ပြည်နယ်တို့၏ အမည်များကို ရှိရင်းစွဲအတိုင်း ခေါ်ဆိုသုံးနှုန်းသည်၊
(ဂ) တိုင်းဒေသကြီးတစ်ခုခု၏ အမည်ကိုဖြစ်စေ၊ ပြည်နယ်တစ်နယ်နယ်၏ အမည်ကို ဖြစ်စေ ပြောင်းလဲသတ်မှတ်လိုလျှင် သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အတွင်းနေထိုင်ကြသော နိုင်ငံသားများ၏ ဆန္ဒရယူပြီးဥပဒေပြဋ္ဌာန်းခြင်းဖြင့် ပြောင်းလဲသတ်မှတ်ရမည်။
၁၀။ နိုင်ငံတော်တွင်ပါဝင်သည့် တိုင်းဒေသကြီးများ၊ ပြည်နယ်များ၊ ပြည်ထောင်စုနယ်မြေများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုများစသည့် နိုင်ငံတော်၏ နယ်မြေအပိုင်းအခြား ဟူသမျှသည် နိုင်ငံတော်မှ မည်သည့်အခါမျှ ခွဲမထွက်ရ။
၁၁။ (က) နိုင်ငံတော်အချုပ်အခြာအာဏာ၏ ခက်မသုံးဖြာဖြစ်သည့် ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေး အာဏာနှင့် တရားစီရင်ရေးအာဏာတို့ကို တတ်နိုင်သမျှပိုင်းခြားသုံးစွဲခြင်းနှင့် အချင်းချင်းအပြန် အလှန်ထိန်းကျောင်းခြင်းတို့ပြုသည်၊
(ခ) ထိုသို့ပိုင်းခြားထားသည့် နိုင်ငံတော်အာဏာသုံးရပ်ကို ပြည်ထောင်စု၊ တိုင်းဒေသကြီးများ၊ ပြည်နယ် များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုများအားခွဲဝေအပ်နှင်းသည်။
၁၂။ (က) နိုင်ငံတော်၏ ဥပဒေပြုရေးအာဏာကို ပြည်ထောင်စုလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော်နှင့် ပြည်နယ်လွှတ်တော်များအား ခွဲဝေအပ်နှင်းသည်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုများအား ဤဖွဲ့စည်းပုံ အခြေခံဥပဒေက သတ်မှတ်သော ဥပဒေပြုရေးအာဏာကို ခွဲဝေအပ်နှင်းသည်၊
(ခ) ပြည်ထောင်စုလွှတ်တော်တွင် မြို့နယ်ကိုအခြေခံ၍လည်းကောင်း၊ လူဦးရေကိုအခြေခံ၍ လည်း ကောင်း ရွေးကောက်တင်မြှောက်သည့် လွှတ်တော်တစ်ရပ်၊ တိုင်းဒေသကြီးများနှင့် ပြည်နယ်များမှ ကိုယ်စားလှယ်ဦးရေ တူညီစွာရွေးကောက်တင်မြှောက်သည့် လွှတ်တော်တစ်ရပ်ဟူ၍ လွှတ်တော်နှစ်ရပ် ပါရှိသည်။
၁၃။ တိုင်းဒေသကြီး(၇) ခုတွင် တိုင်းဒေသကြီးလွှတ်တော်တစ်ရပ်စီနှင့် ပြည်နယ်(၇) ပြည်နယ်တွင် ပြည်နယ်လွှတ်တော်တစ်ရပ်စီရှိသည်။
၁၄။ ပြည်ထောင်စုလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော်နှင့် ပြည်နယ်လွှတ်တော်များတွင် လွှတ်တော် ကိုယ်စားလှယ်များအဖြစ် ဤဖွဲ့စည်းပုံအခြေခံဥပဒေအရ သတ်မှတ်သည့်ဦးရေအတိုင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က အမည်စာရင်းတင်သွင်းသည့် တပ်မတော်သားများပါဝင်သည်။
၁၅။ လျော်ကန်သင့်မြတ်သော လူဦးရေရှိသည့် တိုင်းရင်းသားလူမျိုးများအတွက် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စု ဥပဒေပြုရေးတွင် ထိုတိုင်းရင်း သားလူမျိုးကိုယ်စားလှယ်များ ပါဝင်ခွင့်ရှိသည်။
၁၆။ နိုင်ငံတော်အကြီးအကဲနှင့် နိုင်ငံတော်အုပ်ချုပ်ရေးအကြီးအကဲသည် နိုင်ငံတော်သမ္မတဖြစ်သည်။
၁၇။ (က) နိုင်ငံတော်အုပ်ချုပ်ရေးအာဏာကို ပြည်ထောင်စု၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအား ခွဲဝေ အပ်နှင်းသည်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုများအား ကိုယ်ပိုင်အုပ်ချုပ်ရေးအာဏာကို ဤဖွဲ့စည်းပုံ အခြေခံဥပဒေအရ သတ်မှတ်ပေးသည့်အတိုင်း ခွဲဝေအပ်နှင်းသည်၊
(ခ) ပြည်ထောင်စု၊ တိုင်းဒေသကြီးနှင့် ပြည်နယ်၊ ပြည်ထောင်စုနယ်မြေ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုနှင့် ခရိုင်အုပ်ချုပ်ရေးတို့တွင် ကာကွယ်ရေး၊ လုံခြုံရေး၊ နယ်စပ်အုပ်ချုပ်ရေးစသည့် တာဝန်များ ထမ်းဆောင်ရန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်းတင်သွင်းသည့် တပ်မတော်သား များပါဝင်သည်။
(ဂ) ပုဒ်မ ၁၅ အရ သက်ဆိုင်ရာ တိုင်းဒေသကြီးသို့မဟုတ် ပြည်နယ်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုဥပဒေပြုရေးတွင် ကိုယ်စားလှယ်ပါဝင်ခွင့်ရရှိသည့် တိုင်းရင်းသားလူမျိုးဖြစ်လျှင် ထိုတိုင်း ဒေသကြီး သို့မဟုတ် ပြည်နယ်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စု အုပ်ချုပ်ရေးတွင် အဓိကအားဖြင့် ထိုတိုင်းရင်းသား လူမျိုးများရေးရာကို ဆောင်ရွက်နိုင်ရေးအတွက် တိုင်းရင်းသားလူမျိုး ကိုယ်စားလှယ် များ ပါဝင်ခွင့်ပြုရမည်။
၁၈။ (က) နိုင်ငံတော်၏ တရားစီရင်ရေးအာဏာကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ တိုင်းဒေသကြီး တရားလွှတ်တော်များ၊ ပြည်နယ်တရားလွှတ်တော်များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စု တရားရုံးများ အပါအဝင် အဆင့်ဆင့်သော တရားရုံးများအား ခွဲဝေအပ်နှင်းသည်၊
(ခ) ပြည်ထောင်စုတွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တစ်ရပ်ထားရှိသည်။ ပြည်ထောင်စုတရား လွှတ်တော်ချုပ်သည် နိုင်ငံတော်၏ အမြင့်ဆုံး တရားရုံးဖြစ်သည်၊
(ဂ) ပြည်ထောင်စုတရားလွှတ်တော်ချုပ်တွင် စာချွန်တော်အမိန့်များထုတ်ပိုင်ခွင့်အာဏာများရှိသည်၊
(ဃ) တိုင်းဒေသကြီးတိုင်းတွင် တိုင်းဒေသကြီးတရားလွှတ်တော် တစ်ရပ်စီလည်းကောင်း၊ ပြည်နယ် တိုင်းတွင် ပြည်နယ်တရားလွှတ်တော် တစ်ရပ်စီလည်းကောင်း ထားရှိသည်။
၁၉။ အောက်ပါတို့ကို တရားစီရင်ရေးမူများအဖြစ် သတ်မှတ်သည်
(က) ဥပဒေနှင့်အညီ လွတ်လပ်စွာတရားစီရင်ရေး၊
(ခ) ဥပဒေအရကန့်သတ်ချက်များမှအပ ပြည်သူ့ရှေ့မှောက်တွင် တရားစီရင်ရေး၊
(ဂ) အမှုများတွင် ဥပဒေအရ ခုခံချေပခွင့်နှင့် အယူခံပိုင်ခွင့်ရရှိရေး။
၂၀။ (က) တပ်မတော်သည် အင်အားတောင့်တင်းပြီး စွမ်းရည်ထက်မြက်သော ခေတ်မီသည့် တစ်ခု တည်းသော မျိုးချစ်တပ်မတော်ဖြစ်သည်၊
(ခ) တပ်မတော်သည် တပ်ပိုင်းဆိုင်ရာကိစ္စအားလုံးကို လွတ်လပ်စွာစီမံခန့်ခွဲ စီရင်ဆောင်ရွက်ပိုင်ခွင့် ရှိသည်၊
(ဂ) တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် လက်နက်ကိုင်တပ်ဖွဲ့အားလုံး၏အကြီးအကဲဖြစ်သည်၊
(ဃ) တပ်မတော်သည် နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေးတွင် ပြည်သူတစ်ရပ်လုံး ပါဝင်ရေးအတွက် စီမံဆောင်ရွက်ခွင့်ရှိသည်၊
(င) ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ် မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့ကို ကာကွယ်စောင့်ရှောက်ရန် တပ်မတော်တွင် အဓိကတာဝန်ရှိသည်၊
(စ) တပ်မတော်သည် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရန် အဓိကတာဝန် ရှိသည်။
၂၁။ (က) နိုင်ငံသားတိုင်းသည် ဤဖွဲ့စည်းပုံအခြေခံဥပဒေတွင် သတ်မှတ်ပြဋ္ဌာန်းထားသည့် တန်းတူညီမျှ အခွင့်အရေး၊ လွတ်လပ်မှုအခွင့်အရေး၊ တရားမျှတမှုအခွင့်အရေးတို့ ခံစားခွင့်ရှိသည်၊
(ခ) တရားရုံး၏ ခွင့်ပြုချက်မရရှိက နိုင်ငံသားတစ်ဦးကို ၂၄ နာရီထက် ကျော်လွန်၍ ချုပ်နှောင်ထားခွင့် မရှိစေရ၊
(ဂ) ပြည်သူတို့၏ အေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးတို့သည် နိုင်ငံသားတိုင်း၏ တာဝန် ဖြစ်သည်၊
(ဃ) နိုင်ငံသားများ၏ လွတ်လပ်ခွင့်၊ လုပ်ပိုင်ခွင့်၊ ခံစားခွင့်၊ တာဝန်နှင့် တားမြစ်ချက်များ ထိရောက် ခိုင်မာပြည့်စုံစေရန် လိုအပ်သောဥပဒေ ပြဋ္ဌာန်းရမည်။
၂၂။ နိုင်ငံတော်သည်-
(က) တိုင်းရင်းသားများ၏ စကား၊ စာပေ၊ အနုပညာ၊ ယဉ်ကျေးမှုတို့ကို ဖွံ့ဖြိုးတိုးတက်စေရန်ကူညီ ဆောင်ရွက်မည်၊
(ခ) တိုင်းရင်းသားအချင်းချင်း စည်းလုံးညီညွတ်ရေး၊ ချစ်ကြည်လေးစားရေးနှင့် ရိုင်းပင်းကူညီရေးတို့ တိုးတက်ဖြစ်ထွန်းစေရန် ကူညီဆောင်ရွက်မည်၊
(ဂ) တိုးတက်ဖွံ့ဖြိုးမှုနည်းပါးနေသည့် တိုင်းရင်းသားများ၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လမ်းပန်းဆက်သွယ်ရေး စသည်တို့ပါဝင်သော လူမူစီးပွားရေး တိုးတက်ဖွံ့ဖြိုးရေးအတွက် ကူညီ ဆောင်ရွက်မည်။
၂၃။ နိုင်ငံတော်သည် တောင်သူလယ်သမားများ၏-
(က) အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရန် လိုအပ်သည့်ဥပဒေများ ပြဋ္ဌာန်းဆောင်ရွက်မည်၊
(ခ) စိုက်ပျိုးထုတ်လုပ်သည့် ကောက်ပဲသီးနှံများ သင့်တင့်မျှတသည့် တန်ဖိုးရရှိရန် ကူညီဆောင်ရွက် မည်။
၂၄။ နိုင်ငံတော်သည် အလုပ်သမားများ၏ အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရန် လိုအပ်သည့် ဥပဒေများပြဋ္ဌာန်းဆောင်ရွက်မည်။
၂၅။ နိုင်ငံတော်သည် အသိပညာရှင်၊ အတတ်ပညာရှင်များ၏ အကျိုးကို ကူညီဆောင်ရွက်မည်။
၂၆။(က) နိုင်ငံ့ဝန်ထမ်းများသည် ပါတီနိုင်ငံရေးနှင့် ကင်းရှင်းရမည်၊
(ခ) နိုင်ငံတော်သည် နိုင်ငံ့ဝန်ထမ်းများ၏ လုပ်ငန်းခွင်အာမခံချက်ရရှိရေး၊ စားဝတ်နေမှုဖူလုံရေး၊ အိမ်ထောင်ရှင်အမျိုးသမီးဝန်ထမ်းများ မီးဖွားခြင်းဆိုင်ရာအကျိုးခံစားခွင့်ရရှိရေးနှင့် အငြိမ်းစား ဝန်ထမ်းများ စားဝတ်နေမှု သက်သာချောင်ချိရေးတို့အတွက် လိုအပ်သည့် ဥပဒေများပြဋ္ဌာန်းရမည်။
၂၇။ နိုင်ငံတော်သည် အမျိုးသားယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက်ခိုင်မာရေးနှင့် စောင့်ရှောက် ထိန်းသိမ်း ရေးအတွက် ကူညီဆောင်ရွက်မည်။
၂၈။ နိုင်ငံတော်သည်-
(က) ပြည်သူများ၏ ပညာရေးနှင့် ကျန်းမာရေး တိုးတက်စေရေးတို့အတွက် အလေးထား ဆောင်ရွက် ရမည်၊
(ခ) ပြည်သူများ၏ ပညာရေးနှင့် ကျန်းမာရေးတို့တွင် တိုင်းရင်းသားပြည်သူများကပါဝင် ဆောင်ရွက် နိုင်ရန် လိုအပ်မည့်ဥပဒေပြဋ္ဌာန်းဆောင်ရွက်ရမည်၊
(ဂ) အခမဲ့မသင်မနေရ မူလတန်းပညာရေးစနစ်ဖော်ဆောင်ရမည်၊
(ဃ) ဘက်စုံအတွေးအခေါ် အယူအဆမှန်ကန်၍ အကျင့်စာရိတ္တကောင်းမွန်ပြီး နိုင်ငံတော် တည်ဆောက် ရေးအတွက် အကျိုးပြုမည့် ခေတ်မီပညာရေးစနစ်ဖော်ဆောင်ရမည်။
၂၉။ နိုင်ငံတော်သည် လက်မှုလယ်ယာမှ စက်မှုလယ်ယာသို့ကူးပြောင်းနိုင်ရန် နည်းပညာ၊ အရင်းအနှီး၊ စက်ပစ္စည်း၊ ကုန်ကြမ်း အစရှိသည်တို့ကို အတတ်နိုင်ဆုံးဖြည့်ဆည်းရမည်။
၃၀။ နိုင်ငံတော်သည် စက်မှုလက်မှုလုပ်ငန်းများ တိုးတက်ဖွံ့ဖြိုးရေးအတွက် လိုအပ်သည့်နည်းပညာ၊ အရင်းအနှီး၊ စက်ပစ္စည်း၊ကုန်ကြမ်း အစရှိသည်တို့ကို အတတ်နိုင်ဆုံးဖြည့်ဆည်းရမည်။
၃၁။ နိုင်ငံတော်သည် ပြည်သူများ အလုပ်လက်မဲ့နည်းပါးစေရန် တတ်နိုင်သမျှ ကူညီဆောင်ရွက်ရမည်။
၃၂။ နိုင်ငံတော်သည်-
(က) မိခင်နှင့်ကလေးသူငယ်များ၊ မိဘမဲ့ကလေးများ၊ ကျဆုံးသောတပ်မတော်သားများ၏ ကလေးများ၊ အိုမင်းမစွမ်းသူများ၊ မသန်မစွမ်းသူများအား ကြည့်ရှုစောင့်ရှောက်ရမည်၊
(ခ) မသန်မစွမ်းဖြစ်လာသော တပ်မတော်သားများအား သင့်တင့်လျောက်ပတ်စွာ နေထိုင်စားသောက် နိုင်စေရန်နှင့် အသက်မွေးပညာကို အခလွတ်သင်ယူနိုင်စေရန် စီမံဆောင်ရွက်ရမည်။
၃၃။ နိုင်ငံတော်သည် လူငယ်များ မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ရေး၊ အတွေးအခေါ်မှန်ကန်ရေးနှင့် ဗလငါးတန် တိုးတက်ဖွံ့ဖြိုးရေးတို့အတွက် ဆောင်ရွက်ရမည်။
၃၄။ ငြိမ်ဝပ်ပိပြားရေးနှင့် သော်လည်းကောင်း၊ ပြည်သူ့ကိုယ်ကျင့်တရားနှင့်သော်လည်းကောင်း၊ ပြည်သူ့ကျန်းမာရေးနှင့်သော်လည်းကောင်း၊ ဤဖွဲ့စည်းပုံအခြေခံဥပဒေပါ အခြားပြဋ္ဌာန်းချက်တို့နှင့် သော်လည်းကောင်း မဆန့်ကျင်လျှင် နိုင်ငံသားတိုင်းသည် ဘာသာသာသနာရေးတွင် လွတ်လွပ်စွာ ယူဆနိုင်သော အခွင့်အရေး၊ လွတ်လွပ်စွာကိုးကွယ်ဆောက်တည်နိုင်သော အခွင့်အရေးတို့ကို အညီအမျှ ရရှိစေရမည်။
၃၅။ နိုင်ငံတော်၏စီးပွားရေးစနစ်သည် ဈေးကွက်စီးပွာရေးစနစ်ဖြစ်သည်။
၃၆။ နိုင်ငံတော်သည်-
(က) အမျိုးသားစီးပွားရေး တိုးတက်ဖွံ့ဖြိုးရေးအတွက် နိုင်ငံတော်၊ ဒေသဆိုင်ရာအဖွဲ့အစည်းများ၊ သမဝါယမအဖွဲ့အစည်းများ၊ ဖက်စပ်အဖွဲ့အစည်းများ၊ ပုဂ္ဂလိကစသည့် စီးပွားရေးအင်အားစုအားလုံးကို စီးပွားရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခွင့်ပြုသည်၊
(ခ) စီးပွားရေးလုပ်ငန်းများတွင် တရားသဖြင့်ယှဉ်ပြိုင်ခြင်းကို ပျက်ပြားစေရန် တစ်ဦးတစ်ယောက်က ဖြစ်စေ၊ အစုအဖွဲ့ကဖြစ်စေ လက်ဝါးကြီးအုပ်ဆောင်ရွက်မှု သို့မဟုတ် ဈေးကစားမှုပြုခြင်းဖြင့် အများပြည်သူတို့၏ အကျိုးစီးပွားကို ထိခိုက်နစ်နာစေခြင်းမှ တားဆီးကာကွယ်မည်၊
(ဂ) အများပြည်သူတို့၏ နေထိုင်မှုအဆင့်အတန်းမြှင့်တင်ရေးနှင့် အထွေထွေအရင်းအနှီးများ တိုးတက် ဖွံ့ဖြိုးရေးတို့ကို ရှေးရှုဆောင်ရွက်မည်၊
(ဃ) စီးပွားရေးဆိုင်ရာလုပ်ငန်းများကို နိုင်ငံပိုင်သိမ်းယူခြင်းမပြု၊
(င) တရားဝင်ထုတ်ဝေထားသော ငွေကြေးကို တရားမဝင်ငွေကြေးအဖြစ်သတ်မှတ်ခြင်းမပြု။
၃၇။ နိုင်ငံတော်သည်-
(က) နိုင်ငံတော်ရှိ မြေအားလုံး၊ မြေပေါ်မြေအောက်၊ ရေပေါ်ရေအောက်နှင့် လေထုအတွင်းရှိ သယံဇာတ ပစ္စည်းအားလုံး၏ ပင်ရင်းပိုင်ရှင်ဖြစ်သည်၊
(ခ) နိုင်ငံပိုင်သယံဇာတပစ္စည်းများအား စီးပွားရေးအင်အားစုများက ထုတ်ယူသုံးစွဲခြင်းကို ကွပ်ကဲ ကြီးကြပ်နိုင်ရန် လိုအပ်သည့်ဥပဒေ ပြဋ္ဌာန်းရမည်၊
(ဂ) နိုင်ငံသားများအား ပစ္စည်းပိုင်ဆိုင်ခွင့်၊ အမွေဆက်ခံခွင့်၊ ကိုယ်ပိုင်လုပ်ကိုင်ခွင့်၊ တီထွင်ခွင့်နှင့် မူပိုင်ခွင့်တို့ကို ဥပဒေပြဋ္ဌာန်းချက်နှင့်အညီခွင့်ပြုရမည်။
၃၈။ (က)နိုင်ငံသားတိုင်းသည် ဥပဒေနှင့်အညီ ရွေးကောက်တင်မြှောက်ခွင့် နှင့်ရွေးကောက်တင်မြှောက် ခံပိုင်ခွင့်ရှိသည်။
(ခ) ရွေးကောက်တင်မြှောက်ထားသော ပြည်သူ့ကိုယ်စားလှယ်ကို သက်ဆိုင်ရာမဲဆန္ဒရှင်များက ဤဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြဋ္ဌာန်းထားချက်များနှင့် အညီတာဝန်မှ ပြည်လည်ရုပ်သိမ်းခွင့်ရှိသည်။
၃၉။ နိုင်ငံတော်သည် စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ် ထွန်းကားရေးအတွက် နိုင်ငံရေးပါတီများကို စနစ်တကျဖွဲ့စည်းနိုင်ရန် လိုအပ်သည့်ဥပဒေပြဋ္ဌာန်းဆောင်ရွက်ရမည်။
၄၀။ (က) တိုင်းဒေသကြီးတစ်ခုတွင်ဖြစ်စေ၊ ပြည်နယ်တစ်နယ်တွင်ဖြစ်စေ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုတစ်စုတွင်ဖြစ်စေ၊ အုပ်ချုပ်ရေးဆိုင်ရာလုပ်ငန်းများကို ဤဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်း ချက်များနှင့်အညီ ဆောင်ရွက်နိုင်ခြင်းမရှိသည့် အရေးပေါ်အခြေအနေ ပေါ်ပေါက်လျှင် နိုင်ငံတော် သမ္မတသည် ထိုတိုင်းဒေသကြီး၊ ပြည်နယ်သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စု၏ အုပ်ချုပ်ရေး ဆိုင်ရာအခွင့်အာဏာကို သုံးစွဲဆောင်ရွက်ခွင့်ရှိသည်။ ထိုသို့ဆောင်ရွက်ရာ၌ လိုအပ်လျှင် ထိုတိုင်း ဒေသကြီး၊ ပြည်နယ် သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စုနှင့် သက်ဆိုင်သည့် ဥပဒေပြုအခွင့် အာဏာများကို ဤဖွဲ့စည်းပုံအခြေခံဥပဒေတွင် သတ်မှတ်ပြဋ္ဌာန်းချက်များနှင့်အညီ နိုင်ငံတော်သမ္မတက သုံးစွဲဆောင်ရွက်ခွင့်ရှိသည်၊
(ခ) တိုင်းဒေသကြီးတစ်ခုတွင်ဖြစ်စေ၊ ပြည်နယ်တစ်နယ်တွင်ဖြစ်စေ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စု တစ်စုတွင်ဖြစ်စေ၊ ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို ထိပါးအန္တရာယ်ပြုမည့် အရေးပေါ် အခြေအနေ ပေါ်ပေါက်လျှင်သို့မဟုတ် ပေါ်ပေါက်ရန် လုံလောက်သောအကြောင်းရှိလျှင် ထိုအန္တရာယ်ကို တပ်မတော်သည် ဤဖွဲ့စည်းပုံအခြေခံဥပဒေတွင် သတ်မှတ်ပြဋ္ဌာန်းထား ချက်များနှင့်အညီ တားဆီး ကာကွယ်စောင့်ရှောက်ခွင့်ရှိသည်၊
(ဂ) နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ဆူပူသောင်းကျန်းမှု၊ အကြမ်းဖက်မှု စသော အဓမ္မနည်းဖြင့် ရယူရန်ဆောင်ရွက်ခြင်း၊ သို့မဟုတ် ကြိုးပမ်းအားထုတ်ခြင်းကြောင့် ပြည်ထောင်စုပြိုကွဲစေမည့်၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုပြိုကွဲစေမည့် သို့မဟုတ် အချုပ်အခြာအာဏာ လက်လွတ်ဆုံးရှုံးစေမည့် အရေးပေါ်အခြေအနေပေါ်ပေါက်လျှင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် နိုင်ငံတော်အာဏာကို ဤဖွဲ့စည်းပုံအခြေခံဥပဒေတွင် သတ်မှတ်ပြဋ္ဌာန်းချက်များနှင့်အညီ ရယူသုံးစွဲခွင့်ရှိသည်။
၄၁။ နိုင်ငံတော်သည် လွတ်လပ်၍တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေးဝါဒကိုကျင့်သုံးသည်။ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက်ပေါင်းဖက် ဆက်ဆံရေးကိုရှေးရှုသည်။ နိုင်ငံအချင်းချင်း ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူများကို စောင့်ထိန်းသည်။
၄၂။ (က) နိုင်ငံတော်သည် မည်သည့်နိုင်ငံကိုမျှ စတင်ကျူးကျော်တိုက်ခိုက်ခြင်းမပြု၊
(ခ) နိုင်ငံတော်အတွင်း မည်သည့်နိုင်ငံခြားတပ်ဖွဲ့ကိုမျှ တပ်ချခွင့်မပြု။
၄၃။ မည်သည့်ပြစ်မှုဆိုင်ရာဥပဒေမျှ နောက်ကြောင်းပြန်အာဏာသက်ရောက်စေရန်ပြဋ္ဌာန်းခွင့်မရှိစေရ။
၄၄။ လူ့သိက္ခာညှိုးနွမ်းသေးသိမ်စေသည့် ပြစ်ဒဏ်ပြဋ္ဌာန်းခွင့်မရှိစေရ။
၄၅။ နိုင်ငံတော်သည် သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ရမည်။
၄၆။ ဤဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များကို အနက်အဓိပ္ပာယ်ဖွင့်ဆိုခြင်း၊ ပြည်ထောင်စု လွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော်များနှင့် ပြည်နယ်လွှတ်တော်များက ပြဋ္ဌာန်းသည့် ဥပဒေများ သည်လည်းကောင်း၊ ပြည်ထောင်စု၊ တိုင်းဒေသကြီးများ၊ ပြည်နယ်များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုများ၏ အုပ်ချုပ်မှုဆိုင်ရာ အာဏာပိုင်များ၏ ဆောင်ရွက်ချက်များသည်လည်းကောင်း၊ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညီညွတ်မှုရှိ၊ မရှိစိစစ်ခြင်း၊ ပြည်ထောင်စုနှင့် တိုင်းဒေသကြီးအကြား၊ ပြည်ထောင်စုနှင့် ပြည်နယ်အကြား၊ တိုင်းဒေသကြီးအချင်းချင်း၊ ပြည်နယ်အချင်းချင်း၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စုအကြား၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုအချင်းချင်း ဖြစ်ပေါ်သည့် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ အငြင်းပွားမှုများကို ကြားနာဆုံးဖြတ်ခြင်းနှင့် ဤဖွဲ့စည်းပုံ အခြေခံဥပဒေက အပ်နှင်းသည့် အခြားတာဝန်များ ဆောင်ရွက်ခြင်းတို့ကို ပြုနိုင်ရန် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးတစ်ရုံးကို ဖွဲ့စည်းရမည်။
၄၇။ ဤအခန်းပါအခြေခံမူများနှင့် အခန်း(၈)၊ နိုင်ငံသား၊ နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် တာဝန်များ အခန်းတွင်ပါရှိသော “နိုင်ငံတော်” ဆိုသည်မှာ ရှေ့နောက်စကားရပ်တို့၏ အဓိပ္ပာယ် ကိုထောက်၍ ဤဖွဲ့စည်းပုံအခြေခံဥပဒေအရ ဥပဒေပြုမှုအခွင့်အာဏာ ကိုသော်လည်းကောင်း၊ အုပ်ချုပ်မှု အခွင့်အာဏာ ကိုသော်လည်းကောင်း ကျင့်သုံးသော အဖွဲ့အစည်းသို့မဟုတ် ပုဂ္ဂိုလ်ကိုဆိုလိုသည်။
၄၈။ နိုင်ငံတော်အခြေခံမူများသည် ဥပဒေပြုလွှတ်တော်များက ဥပဒေပြဋ္ဌာန်းရာတွင်လည်းကောင်း၊ ဤဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အခြားဥပဒေများပါ ပြဋ္ဌာန်းချက်များကို သက်ဆိုင်ရာက အနက် အဓိပ္ပာယ် ဖွင့်ဆိုရာတွင် လည်းကောင်း လိုက်နာရမည့်လမ်းညွှန်များဖြစ်သည်။

အခန်း(၂)
နိုင်ငံတော်ဖွဲ့စည်းတည်ဆောက်ပုံ
၄၉။ နိုင်ငံတော်ကို အောက်ပါတိုင်းဒေသကြီး (၇)ခု၊ ပြည်နယ် (၇) ပြည်နယ်နှင့် ပြည်ထောင်စုနယ်မြေ များဖြင့် ပိုင်းခြားသတ်မှတ်သည်-
(က) ကချင်ပြည်နယ်၊
(ခ) ကယားပြည်နယ်၊
(ဂ) ကရင်ပြည်နယ်၊
(ဃ) ချင်းပြည်နယ်၊
(င) စစ်ကိုင်းတိုင်းဒေသကြီး၊
(စ) တနင်္သာရီတိုင်းဒေသကြီး၊
(ဆ) ပဲခူးတိုင်းဒေသကြီး၊
(ဇ) မကွေးတိုင်းဒေသကြီး၊
(ဈ) မန္တလေးတိုင်းဒေသကြီး၊
(ည) မွန်ပြည်နယ်၊
(ဋ) ရခိုင်ပြည်နယ်၊
(ဌ) ရန်ကုန်တိုင်းဒေသကြီး၊
(ဍ) ရှမ်းပြည်နယ်၊
(ဎ) ဧရာဝတီတိုင်းဒေသကြီးနှင့်
(ဏ) ပြည်ထောင်စုနယ်မြေများ။
၅၀။ (က) နိုင်ငံတော်၏မြို့တော်ဖြစ်သည့် နေပြည်တော်ကို နိုင်ငံတော်သမ္မတ၏ တိုက်ရိုက်အုပ်ချုပ်မှု အောက်တွင်ထားရှိသည့် ပြည်ထောင်စုနယ်မြေအဖြစ်သတ်မှတ်သည်၊
(ခ) နိုင်ငံတော်ကာကွယ်ရေး၊ လုံခြုံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး စသည်တို့နှင့် စပ်လျဉ်းပြီး ထူးခြားသောအခြေအနေ ရှိသည့်နယ်မြေများကို ပြည်ထောင်စုနယ်မြေအဖြစ် သတ်မှတ်ရန်လိုအပ်လျှင် ဥပဒေပြဋ္ဌာန်းပြီး နိုင်ငံတော်သမ္မတ၏ တိုက်ရိုက်အုပ်ချုပ်မှု အောက်တွင်ထားရှိသည့် ပြည်ထောင်စု နယ်မြေအဖြစ် သတ်မှတ်နိုင်သည်။
၅၁။ နိုင်ငံတော်ကို အောက်ပါအတိုင်း စုစည်းသည်-
(က) ကျေးရွာများကို ကျေးရွာအုပ်စုအဖြစ်စုစည်းသည်၊
(ခ) ရပ်ကွက်များကို မြို့ သို့မဟုတ် မြို့နယ်အဖြစ်စုစည်းသည် ၊
(ဂ) ကျေးရွာအုပ်စုနှင့်ရပ်ကွက်များ သို့မဟုတ် မြို့များကို မြို့နယ်အဖြစ်စုစည်းသည်၊
(ဃ) မြို့နယ်များကို ခရိုင်အဖြစ် စုစည်းသည်၊
(င) ခရိုင်များကို တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဖြစ်စုစည်းသည်၊
(စ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ထိုဒေသအတွင်းရှိ မြို့နယ်များကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အဖြစ် စုစည်းသည်၊
(ဆ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းတွင် ထိုတိုင်းအတွင်းရှိမြို့နယ်များကို ခရိုင်အဖြစ်စုစည်းပြီး ယင်း ခရိုင်များကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းအဖြစ် စုစည်းသည်၊
(ဇ) တိုင်းဒေသကြီးတစ်ခု သို့မဟုတ် ပြည်နယ်တစ်နယ်တွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိပါက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် ခရိုင်များကို တိုင်းဒေသကြီးသို့မဟုတ် ပြည်နယ်အဖြစ် စုစည်းသည်၊
(ဈ) တိုင်းဒေသကြီးများ ၊ ပြည်နယ်များနှင့် ပြည်ထောင်စုနယ်မြေများကို နိုင်ငံတော်အဖြစ်စုစည်းသည်။
၅၂။ (က) နိုင်ငံတော်နယ်နိမိတ်ကို ပြင်ဆင်သတ်မှတ်ရန် လိုအပ်ပါက နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုလွှတ်တော်အကြီးအမှူးထံ နိုင်ငံတော်နယ်နိမိတ် ပြင်ဆင်သတ်မှတ်ရေးအတွက် ပြည် ထောင်စုလွှတ်တော်၏ သဘောထားကို ရယူပေးပါရန် ပထမဦးစွာ အကြောင်းကြားရမည်၊
(ခ) နိုင်ငံတော်နယ်နိမိတ် ပြင်ဆင်သတ်မှတ်ရေးအတွက် နိုင်ငံတော်သမ္မတ၏ အကြောင်းကြားစာ ရရှိသည့်အခါ ပြည်ထောင်စုလွှတ်တော် အကြီးအမှူးသည်အောက်ပါအတိုင်း လွှတ်တော်ကိုယ်စားလှယ် များ၏ဆန္ဒကို ရယူရမည်-
(၁) တိုင်းဒေသကြီးများ နှင့်ပြည်နယ်များမှ ကိုယ်စားလှယ်ဦးရေတူညီစွာ ရွေးကောက် တင်မြှောက် ထားသည့် လွှတ်တော်တွင် ပါရှိသောလွှတ်တော်ကိုယ်စားလှယ်များ၏ ထက်ဝက်ကျော် ထောက်ခံဆန္ဒမဲ၊
(၂) မြို့နယ်ကို အခြေခံ၍လည်းကောင်း၊ လူဦးရေကို အခြေခံ၍လည်းကောင်း ရွေးကောက်တင်မြှောက် ထားသည့် လွှတ်တော်တွင်ပါရှိသော ကိုယ်စားလှယ်များ၏ ထက်ဝက်ကျော် ထောက်ခံဆန္ဒမဲ၊
(၃) ထိုလွှတ်တော်နှစ်ရပ်ရှိ သက်ဆိုင်ရာ နယ်နိမိတ်နှင့် အကျုံးဝင်သောတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်မှ လွှတ်တော်ကိုယ်စားလှယ်များ၏ ထက်ဝက်ကျော် ထောက်ခံဆန္ဒမဲ။
(ဂ) အထက်ပါအတိုင်း ထောက်ခံဆန္ဒမဲ အသီးသီးရရှိလျှင် နိုင်ငံတော် နယ်နိမိတ်ကို လိုအပ်သလို ပြင်ဆင်သတ်မှတ်ပေးရန် ပြည်ထောင်စုလွှတ်တော် အကြီးအမှူးက နိုင်ငံတော်သမ္မတထံ အကြောင်း ကြားရမည်၊
(ဃ) အထက်ပါသတ်မှတ်ထားသော နည်းလမ်းများနှင့်အညီ လွှတ်တော်တစ်ရပ်ရပ်ကဖြစ်စေ၊ ထိုလွှတ်တော်နှစ်ရပ်ရှိ သက်ဆိုင်ရာနယ်နိမိတ်နှင့် အကျုံးဝင်သော တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်မှလွှတ်တော်ကိုယ်စားလှယ်များကဖြစ်စေ နယ်နိမိတ်ပြင်ဆင်ရေးနှင့်စပ်လျဉ်းပြီး သဘောမတူ ကြောင်းဆုံးဖြတ်လျှင် ပြည်ထောင်စုလွှတ်တော်၏ သဘောထားကို ရယူဆောင်ရွက်ရမည်။ ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ်စုစုပေါင်း၏ လေးပုံသုံးပုံနှင့်အထက်က ထောက်ခံလျှင် နိုင်ငံတော်နယ်နိမိတ် ကိုလိုအပ်သလို ပြင်ဆင်သတ်မှတ်ပေးရန် ပြည်ထောင်စုလွှတ်တော် အကြီးအမှူးက နိုင်ငံတော်သမ္မတထံ အကြောင်းကြားရမည်၊
(င) ပြည်ထောင်စုလွှတ်တော်၏ သဘောထားကို ရရှိသည့်အခါ နိုင်ငံတော်နယ်နိမိတ် ပြင်ဆင် သတ်မှတ်ရေးနှင့် စပ်လျဉ်း၍ နိုင်ငံတော်သမ္မတကလိုအပ်သလို ဆောင်ရွက်ရမည်။
၅၃။ (က) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်နယ်၏ နယ်နိမိတ်ကိုပြင်ဆင်သတ်မှတ်ရန် အကြောင်းပေါ်ပေါက်လာပါက ယင်းနယ်နိမိတ်နှင့် အကျုံးဝင်သည့် မြို့နယ်အတွင်း နေထိုင်ကြသော ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ၏ ဆန္ဒသဘောထားကို ဦးစွာပထမရယူရမည်၊
(ခ) ယင်းသို့ရယူသည့်အခါ ယင်းမြို့နယ်အတွင်း နေထိုင်ကြသည့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူဦးရေ စုစုပေါင်း ၏ထက်ဝက်ကျော် ထောက်ခံဆန္ဒမဲမရလျှင် ယင်းနယ်နိမိတ် ပြင်ဆင်သတ်မှတ်ခြင်းကို ဆောင်ရွက်ခြင်း လုံးဝမပြုရ၊
(ဂ) ယင်းမြို့နယ်အတွင်း နေထိုင်ကြသော ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူဦးရေစုစုပေါင်း၏ ထက်ဝက်ကျော်က နယ်နိမိတ်ပြင်ဆင်သင့်ကြောင်း ထောက်ခံဆန္ဒမဲပေးလျှင် ယင်းနယ်နိမိတ်နှင့် အကျုံးဝင်သည့် သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ၏ ဆန္ဒရယူရမည်၊
(ဃ) သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း၏ လေးပုံ သုံးပုံနှင့်အထက် ထောက်ခံဆန္ဒမဲရရှိလျှင် ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက်ကို ရယူပြီး နိုင်ငံတော်သမ္မတက တိုင်းဒေသကြီးသို့မဟုတ် ပြည်နယ်တစ်နယ်၏ နယ်နိမိတ်ကို ပြင်ဆင် သတ်မှတ် ပေးရမည်၊
(င) သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် တစ်ရပ်ရပ်ကနယ်နိမိတ် ပြင်ဆင်ရန် သဘောမတူကြောင်း ဆုံးဖြတ်လျှင် ပြည်ထောင်စုလွှတ်တော်၏ အဆုံးအဖြတ်ကိုရယူရမည်၊
(စ) ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် စုစုပေါင်းဦးရေ၏ လေးပုံသုံးပုံနှင့်အထက်က နယ်နိမိတ် ပြင်ဆင်သင့်ကြောင်း ထောက်ခံဆန္ဒမဲပေးလျှင် နိုင်ငံတော်သမ္မတက တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်၏နယ်နိမိတ်ကို လိုအပ်သလို ပြင်ဆင်သတ်မှတ်ပေးရမည်။
၅၄။ သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသအတွင်း၌ရှိသော ကျေးရွာ ၊ ကျေးရွာအုပ်စု၊ ရပ်ကွက်၊ မြို့၊ မြို့နယ် သို့မဟုတ် ခရိုင် နယ်နိမိတ်များ ပြင်ဆင်ရန်၊ ဖွဲ့စည်းရန် သို့မဟုတ် အမည်ပြောင်းလဲရန်ပေါ်ပေါက်လျှင် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံတော်သမ္မတထံ ထောက်ခံတင်ပြပြီး နိုင်ငံတော် သမ္မတက လိုအပ်သလို ဆောင်ရွက်ပေးရမည်။
၅၅။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းတစ်ခုခု၏ အမည်ကိုဖြစ်စေ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတစ်ခုခု၏ အမည်ကိုဖြစ်စေ ပြောင်းလဲသတ်မှတ်လိုလျှင် တိုင်းဒေသကြီးတစ်ခုခု၏ အမည်ကိုဖြစ်စေ၊ ပြည်နယ် တစ်နယ်နယ်၏ အမည်ကိုဖြစ်စေ ပြောင်းလဲသတ်မှတ်သည့် နည်းလမ်းအတိုင်း ပြောင်းလဲသတ်မှတ်ရ မည်။
၅၆။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများကို အောက်ပါအတိုင်း သတ်မှတ် သည်-
(က) စစ်ကိုင်းတိုင်းရှိ လေရှီးမြို့နယ်၊ လဟယ်မြို့နယ်နှင့် နန်းယွန်းမြို့နယ်တို့ကို စုစည်းပြီး နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊
(ခ) ရှမ်းပြည်နယ်ရှိ ရွာငံမြို့နယ်နှင့် ပင်းတယမြို့နယ်တို့ကို စုစည်းပြီး ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊
(ဂ) ရှမ်းပြည်နယ်ရှိ ဟိုပုန်းမြို့နယ်၊ ဆီဆိုင်မြို့နယ်နှင့် ပင်လောင်းမြို့နယ်တို့ကို စုစည်းပြီး ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊
(ဃ) ရှမ်းပြည်နယ်ရှိ နမ့်ဆန်မြို့နယ်နှင့် မန်တုံမြို့နယ်တို့ကို စုစည်းပြီး ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသ၊
(င) ရှမ်းပြည်နယ်ရှိ ကုန်းကြမ်းမြို့နယ်နှင့် လောက်ကိုင်မြို့နယ်တို့ကို စုစည်းပြီး ကိုးကန့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊
(စ) ရှမ်းပြည်နယ်ရှိ ဟိုပန်မြို့နယ်၊ မိုင်းမောမြို့နယ်၊ ပန်ဝိုင်မြို့နယ်၊ နားဖန်းမြို့နယ်၊ မက်မန်းမြို့နယ်နှင့် ပန်ဆန်း (ပန်းခမ်း)မြို့နယ် ခြောက်မြို့နယ် တို့ကို ခရိုင်နှစ်ခရိုင်ဖွဲ့ပြီး “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း။

အခန်း(၃)
နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ
၅၇။ နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများသည် နိုင်ငံတော်ကို ကိုယ်စားပြုသည်။
၅၈။ နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် တစ်ဝန်းလုံးတွင်နိုင်ငံသားအားလုံး ၏ အထွတ်အထိပ်နေရာရရှိသည်။
၅၉။ နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ၏ အရည်အချင်းများမှာ အောက်ပါအတိုင်းဖြစ်သည်-
(က) နိုင်ငံတော်နှင့် နိုင်ငံသားများအပေါ် သစ္စာရှိသူဖြစ်ရမည်၊
(ခ) မိမိနှင့် မိမိ၏မိဘနှစ်ပါးလုံး နိုင်ငံတော်၏အာဏာ ပိုင်နက်အတွင်း၌မွေးဖွားသော တိုင်းရင်းသား မှဖြစ်သည့် မြန်မာနိုင်ငံသားဖြစ်ရမည်၊
(ဂ) ရွေးချယ်တင်မြှောက်ခြင်းခံရသူသည် အနည်းဆုံး အသက် ၄၅ နှစ်ပြည့်ပြီးသူဖြစ်ရမည်၊
(ဃ) နိုင်ငံတော်အရေးအရာများဖြစ်သော နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ စစ်ရေးစသည့် အမြင်များရှိရမည်၊
(င) သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရသည့် အချိန်နှင့် တစ်ဆက်တည်းအနည်းဆုံး အနှစ် ၂၀ နိုင်ငံတော်တွင် အခြေချနေထိုင်ခဲ့သူဖြစ်ရမည်၊
ခြွင်းချက်။ နိုင်ငံတော်၏ခွင့်ပြုချက်ဖြင့် နိုင်ငံခြားသို့ တရားဝင်သွားရောက်သည့် ကာလများကိုလည်း နိုင်ငံတော်တွင် အခြေချနေထိုင်ခဲ့သည့်ကာလအဖြစ် ထည့်သွင်းရေတွက်ရမည်။
(စ) မိမိကိုယ်တိုင်သော် လည်းကောင်း၊ မိမိ၏မိဘတစ်ပါးပါး သော်လည်းကောင်း၊ မိမိ၏ဇနီး သို့မဟုတ် ခင်ပွန်းသော်လည်းကောင်း၊ မိမိ၏ တရားဝင်သားသမီး တစ်ဦးဦးသော် လည်းကောင်း၊ ထိုတရားဝင် သားသမီး တစ်ဦးဦး၏ ဇနီး သို့မဟုတ် ခင်ပွန်းသော်လည်းကောင်း နိုင်ငံခြားအစိုးရ၏ ကျေးဇူး သစ္စာတော်ကို ခံယူစောင့်ရှောက်ရိုသေသူ သို့မဟုတ် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူ သို့မဟုတ် တိုင်းတစ်ပါး၏ နိုင်ငံသားဖြစ်သူများ မဖြစ်စေရ၊ ထိုသူများသည် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံ ဖြစ်သူသော်လည်းကောင်း၊ တိုင်းတစ်ပါး၏ နိုင်ငံသားသော်လည်းကောင်း ခံစားရသော အခွင့်အရေး များနှင့် ကျေးဇူးခံစားခွင့်များကို ခံစားနိုင်ခွင့်ရှိသူများ မဖြစ်စေရ၊
(ဆ) လွှတ်တော်ရွေးကောက်ပွဲ၌ ရွေးကောက်တင်မြှောက်ခံပိုင်ခွင့် အတွက်သတ်မှတ်ထားသည့် အရည်အချင်းများအပြင် နိုင်ငံတော်သမ္မတ အတွက် သီးခြားသတ်မှတ်ထားသော အရည်အချင်းများ နှင့်လည်း ပြည့်စုံရမည်။
၆၀။ (က) နိုင်ငံတော်သမ္မတကို သမ္မတရွေးချယ်တင်မြှောက်ရေးအဖွဲ့ဖြင့် ရွေးချယ်တင်မြှောက်ရမည်၊
(ခ) သမ္မတရွေး ချယ်တင်မြှောက်ရေးအဖွဲ့ကို ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အစုအဖွဲ့ သုံးဖွဲ့ ဖြင့် အောက်ပါအတိုင်း ဖွဲ့စည်းရမည်-
(၁) တိုင်းဒေသကြီးများနှင့် ပြည်နယ်များမှ ကိုယ်စားလှယ်ဦးရေ တူညီစွာရွေးကောက်တင်မြှောက်သည့် လွှတ်တော်ရှိ ရွေးကောက်တင်မြှောက်ခြင်းခံရသော လွှတ်တော်ကိုယ်စားလှယ်များအစုအဖွဲ့၊
(၂) မြို့နယ်ကိုအခြေခံ၍လည်းကောင်း၊ လူဦးရေကိုအခြေခံ၍ လည်းကောင်း ရွေးကောက် တင်မြှောက် သည့်လွှတ်တော်ရှိ ရွေးကောက်တင်မြှောက်ခြင်းခံရသည့် လွှတ်တော်ကိုယ်စားလှယ် များအစုအဖွဲ့၊
(၃) ဖော်ပြပါလွှတ်တော်နှစ်ရပ်အတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်း တင်သွင်း သည့်တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များအစုအဖွဲ့။
(ဂ) ယင်းအစုအဖွဲ့တစ်ဖွဲ့စီက ဒုတိယသမ္မတတစ်ဦးစီကို လွှတ်တော်ကိုယ်စားလှယ်များထဲမှ ဖြစ်စေ၊ လွှတ်တော်ကိုယ်စားလှယ် မဟုတ်သူများထဲမှ ဖြစ်စေရွေးချယ်တင်မြှောက်ရမည်၊
(ဃ) ဒုတိယသမ္မတများသည် နိုင်ငံတော်သမ္မတအတွက် သတ်မှတ်ထားသည့်အရည်အချင်းများနှင့် ပြည့်စုံခြင်းရှိ၊ မရှိကို ပြည်ထောင်စုလွှတ်တော်နှင့် ပြည်ထောင်စုလွှတ်တော်တွင် ပါဝင်သော လွှတ်တော် နှစ်ရပ်၏ အကြီးအမှူးများနှင့် ဒုတိယအကြီးအမှူးများပါဝင်သည့်အဖွဲ့က စိစစ်ရမည်၊
(င) ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် အားလုံးပါဝင်သော သမ္မတရွေးချယ် တင်မြှောက် ရေးအဖွဲ့က နိုင်ငံတော်သမ္မတ လောင်းများဖြစ်သည့် ဒုတိယသမ္မတသုံးဦးအနက် မိမိတို့ကြိုက်နှစ်သက် သည့် ဒုတိယသမ္မတတစ်ဦးကို နိုင်ငံတော်သမ္မတအဖြစ် ဆန္ဒမဲပေးရွေးချယ်တင်မြှောက်ရမည်၊
(စ) ထိုသို့ နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ ရွေးချယ်တင်မြှောက်နိုင်ရန်လိုအပ်သည့် ဥပဒေကို ပြဋ္ဌာန်းပေးရမည်။
၆၁။ (က) နိုင်ငံတော်သမ္မတ သို့မဟုတ် ဒုတိယသမ္မတတို့၏ ရာထူးသက်တမ်းသည်ငါးနှစ်ဖြစ်သည်၊
(ခ) ယင်းရာထူးသက်တမ်း ကုန်ဆုံးသည့်အခါ နိုင်ငံတော်သမ္မတအသစ် ရွေးချယ်တင်မြှောက်ပြီးသည့် အချိန်အထိ နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများသည် မိမိတို့၏လုပ်ငန်းတာဝန်များကို ဆက်လက် ထမ်းဆောင်ရမည်၊
(ဂ) နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများသည် ရာထူးသက်တမ်းနှစ်ကြိမ်ထက်ပို၍ ထမ်းဆောင်ခြင်း မပြုရ၊
(ဃ) နိုင်ငံတော်သမ္မတ သို့မဟုတ် ဒုတိယသမ္မတအဖြစ် ကြားဖြတ်တာဝန်ယူရသည့် ကာလကို ရာထူး သက်တမ်းတစ်ခုဟု မသတ်မှတ်ရ၊
(င) အကြောင်းတစ်ရပ်ရပ်ကြောင့် နိုင်ငံတော်သမ္မတ သို့မဟုတ် ဒုတိယသမ္မတ ရာထူးနေရာ လစ်လပ်သည့်အတွက် အစားထိုးရွေးချယ် တင်မြှောက်ပါက ယင်းနိုင်ငံတော်သမ္မတ သို့မဟုတ် ဒုတိယသမ္မတအသစ်၏ ရာထူးသက်တမ်းသည် မူလရာထူးသက်တမ်းကုန်ဆုံးသည်အထိသာဖြစ်ရမည်။
၆၂။ နိုင်ငံတော်သမ္မတ သို့မဟုတ် ဒုတိယသမ္မတများသည် မည်သည့်လွှတ်တော်ကိုယ်စားလှယ်မျှ မဖြစ်စေရ။
၆၃။ နိုင်ငံတော်သမ္မတ သို့မဟုတ် ဒုတိယသမ္မတများသည် လွှတ်တော်ကိုယ်စားလှယ် ဖြစ်လျှင် လွှတ်တော်ကိုယ်စားလှယ် အဖြစ်မှလည်းကောင်း၊ နိုင်ငံ့ဝန်ထမ်းဖြစ်လျှင် နိုင်ငံ့ဝန်ထမ်းအဖြစ်မှ လည်းကောင်း နိုင်ငံတော်သမ္မတ သို့မဟုတ် ဒုတိယသမ္မတများအဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံရ သည့်နေ့မှစ၍ နုတ်ထွက်ပြီး သို့မဟုတ် အငြိမ်းစားယူပြီးဖြစ်သည်ဟု မှတ်ယူရမည်။
၆၄။ နိုင်ငံတော်သမ္မတ သို့မဟုတ် ဒုတိယသမ္မတများသည် နိုင်ငံရေးပါတီတစ်ခုခု၏ အဖွဲ့ဝင်ဖြစ်လျှင် နိုင်ငံတော်သမ္မတ သို့မဟုတ် ဒုတိယသမ္မတများအဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံရသည့်နေ့မှစ၍ မိမိတို့ရာထူး သက်တမ်းအတွင်း ယင်းပါတီအဖွဲ့အစည်း၏ ပါတီလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခြင်း မပြုရ။
၆၅။ နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများသည် အောက်ပါအတိုင်း ကတိသစ္စာပြုရမည်-
“ကျွန်ုပ်–သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် နိုင်ငံသားများအပေါ် သစ္စာစောင့်သိရိုသေပြီး ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ ခိုင်မြဲရေးတို့ကို ထာဝစဉ်ဦးထိပ်ပန်ဆင်ဆောင်ရွက်ပါမည်။
ကျွန်ုပ်သည် ဤနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေကို ထိန်းသိမ်းစောင့်သိလိုက်နာရိုသေပြီး နိုင်ငံတော်၏ ဥပဒေများကို လိုက်နာကျင့်သုံးဆောင်ရွက်ပါမည်။ မိမိ၏ တာဝန်ဝတ္တရားများကို ဖြောင့်မတ်မှန်ကန် စွာဖြင့် အစွမ်းကုန် ဆောင်ရွက်ပါမည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်တွင် တရားမျှတခြင်း၊ လွတ်လပ်ခြင်းနှင့် ညီမျှခြင်းတည်းဟူသော လောကပါလတရားများ ပိုမိုထွန်းကားရေးအတွက် ဆောင် ရွက်ပါမည်။
ကျွန်ုပ်သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အကျိုးငှာ နိုင်ငံတော်အား မိမိ၏အသက်နှင့် ကိုယ်ကိုအပ်နှင်းသည်ဟု လေးနက်တည်ကြည်စွာ ကြေညာ၍ ကတိသစ္စာပြုသည်”
၆၆။ နိုင်ငံတော်သမ္မတ သို့မဟုတ် ဒုတိယသမ္မတများသည် ဤဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အခြားဥပဒေ များက အပ်နှင်းထားသော တာဝန်နှင့်လုပ်ပိုင်ခွင့်များကို ကျင့်သုံးထမ်းဆောင်ရမည်။
၆၇။ နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများသည် လစာ၊ စရိတ်၊ ငွေကြေးရသော အခြားမည်သည့် ရာထူးကိုမျှ လက်ခံခြင်းမပြုရ။
၆၈။ နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများသည် မိမိတို့ဦးစီးသည့် တစ်စီးပွားတည်းဖြစ်သော မိသားစုပိုင်မြေ၊ အိမ်၊ အဆောက်အအုံ၊စီးပွားရေးလုပ်ငန်း၊ စုငွေနှင့် အခြားအဖိုးတန်ပစ္စည်းများကို တန်ဖိုးနှင့်တကွ စာရင်းပြုစုပြီး ပြည်ထောင်စုလွှတ်တော်အကြီးအမှူးထံပေးပို့ရမည်။
၆၉။ နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများသည် ဥပဒေဖြင့် သတ်မှတ်ထားသည့် လစာ၊ စရိတ်နှင့် အဆောင်အယောင်များရရှိစေရမည်။ သင့်တင့်လျောက်ပတ်သည့် အိမ်တော်တစ်ဆောင်စီကိုလည်း ရရှိစေရမည်။
၇၀။ နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများသည် စွပ်စွဲပြစ်တင်ခံရ၍ ရာထူးမှ ရပ်စဲခံရခြင်းမှအပ တာဝန်ပြီးဆုံးသဖြင့် အနားယူပါက ဥပဒေနှင့်အညီ အငြိမ်းစားလစာနှင့် သင့်တင့်လျောက်ပတ်သော ထောက်ပံ့မှုများရရှိစေရမည်။
၇၁။ (က) နိုင်ငံတော်သမ္မတကိုဖြစ်စေ၊ ဒုတိယသမ္မတတစ်ဦးဦးကိုဖြစ်စေ အောက်ပါအကြောင်း တစ်ရပ် ရပ်ဖြင့် စွပ်စွဲပြစ်တင်နိုင်သည်-
(၁) နိုင်ငံတော်၏ကျေးဇူးသစ္စာတော်ကို ဖောက်ဖျက်ခြင်း၊
(၂) ဤဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များကို ဖောက်ဖျက်ကျူးလွန်ခြင်း၊
(၃) အကျင့်သိက္ခာပျက်ပြားခြင်း၊
(၄) ဤဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြဋ္ဌာန်းထားသော နိုင်ငံတော်သမ္မတသို့မဟုတ် ဒုတိယသမ္မတ၏ အရည်အချင်းပျက်ယွင်းခြင်း၊
(၅) ဥပဒေအရပေးအပ်သောတာဝန်များကို ကျေပွန်စွာမဆောင်ရွက်ခြင်း၊၊
(ခ) နိုင်ငံတော်သမ္မတ သို့မဟုတ် ဒုတိယသမ္မတတစ်ဦးဦးကို စွပ်စွဲပြစ်တင်လိုပါက ပြည်ထောင်စု လွှတ်တော် တွင်ပါဝင်သော လွှတ်တော်နှစ်ရပ်မှ လွှတ်တော်တစ်ရပ်ရပ်၏ လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်းဦးရေအနက် အနည်းဆုံးလေးပုံတစ်ပုံက လက်မှတ်ရေးထိုးပြီး မိမိတို့၏ စွပ်စွဲချက်ကို သက်ဆိုင်ရာလွှတ်တော်အကြီးအမှူးထံ တင်ပြရမည်၊
(ဂ) ယင်းစွပ်စွဲချက်ကို သက်ဆိုင်ရာလွှတ်တော်၏ လွှတ်တော်ကိုယ်စားလှယ်စုစုပေါင်းဦးရေအနက် အနည်းဆုံး သုံးပုံနှစ်ပုံကထောက်ခံမှသာ ဆက်လက်အရေးယူဆောင်ရွက်ရမည်၊
(ဃ) လွှတ်တော်တစ်ရပ်ရပ်က စွပ်စွဲချက်ကို အရေးယူဆောင်ရွက်ရန် ထောက်ခံလျှင် အခြားလွှတ်တော် တစ်ရပ်က ယင်းစွပ်စွဲချက်ကိုအဖွဲ့ဖွဲ့၍ စုံးစမ်းစစ်ဆေးရမည်၊
(င) စွပ်စွဲချက်ကိုစုံစမ်းစစ်ဆေးသည့်အခါ နိုင်ငံတော်သမ္မတ သို့မဟုတ် ဒုတိယသမ္မတ ကိုယ်တိုင်သော် လည်းကောင်း၊ ကိုယ်စားလှယ်ဖြင့်သော်လည်းကောင်း ချေပခွင့်ပေးရမည်၊
(စ) စွပ်စွဲချက်ကို စုံစမ်းစစ်ဆေးပြီးသည့်အခါ စွပ်စွဲချက်ကို စစ်ဆေးသော သို့မဟုတ် စုံစမ်းစစ်ဆေး စေသော လွှတ်တော်၏ လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်းဦးရေအနက် အနည်းဆုံးသုံးပုံနှစ်ပုံက ထိုစွပ်စွဲချက်သည် မှန်ကန်ပြီး စွပ်စွဲခံရသောပြစ်မှုသည် နိုင်ငံတော်သမ္မတ သို့မဟုတ် ဒုတိယသမ္မတအား ရာထူးတွင် ဆက်လက်ထမ်းရွက်စေရန် မသင့်ကြောင်းဆုံးဖြတ်လျှင် စွပ်စွဲခံရသော နိုင်ငံတော်သမ္မတ သို့မဟုတ် ဒုတိယသမ္မတအား ရာထူးမှရပ်စဲရန် ယင်းလွှတ်တော်က ပြည်ထောင်စုလွှတ်တော် အကြီးအမှူးထံ တင်ပြရမည်၊
(ဆ) ပြည်ထောင်စုလွှတ်တော်အကြီးအမှူးသည် တင်ပြချက်ရရှိလျှင်ရရှိချင်းစွပ်စွဲခံရသော နိုင်ငံတော် သမ္မတ သို့မဟုတ် ဒုတိယသမ္မတအား ရာထူးမှ ရပ်စဲကြောင်းကြေညာရမည်။
၇၂။ နိုင်ငံတော်သမ္မတ သို့မဟုတ် ဒုတိယသမ္မတ တစ်ဦးဦးသည် မိမိ၏ရာထူးသက်တမ်း မကုန်ဆုံးမီ ဆန္ဒအလျောက် နုတ်ထွက်လိုလျှင် နုတ်ထွက်ခွင့်ပြုရမည်။
၇၃။ (က) နိုင်ငံတော်သမ္မတသည် ရာထူးသက်တမ်းမကုန်ဆုံးမီ နုတ်ထွက်သောကြောင့်ဖြစ်စေ၊ ကွယ်လွန်သောကြောင့်ဖြစ်စေ၊ ထာဝစဉ်မစွမ်းဆောင်နိုင်သော ကြောင့်ဖြစ်စေ၊ တစ်စုံတစ်ခုသော အကြောင်းကြောင့်ဖြစ်စေ နိုင်ငံတော်သမ္မတရာထူးနေရာ လစ်လပ်လျှင် ဒုတိယသမ္မတနှစ်ဦးအနက် နိုင်ငံတော်သမ္မတ ရွေးချယ် တင်မြှောက်စဉ်အခါက ဒုတိယဆန္ဒမဲအများဆုံးရရှိသည့် ဒုတိယသမ္မတက ယာယီသမ္မတအဖြစ် ထမ်းဆောင်ရမည်၊
(ခ) နိုင်ငံတော်သမ္မတရာထူးနေရာ လစ်လပ်သွားသည့် အချိန်သည် ပြည်ထောင်စုလွှတ်တော်အစည်း အဝေး ကျင်းပနေချိန်ဖြစ်လျှင် လစ်လပ်သွားသည့် နိုင်ငံတော်သမ္မတရာထူးကို ခုနစ်ရက်အတွင်း ဖြည့်စွက်နိုင်ရေးအတွက် ယာယီသမ္မတက ပြည်ထောင်စုလွှတ်တော် အကြီးအမှူးထံ ဆောလျင်စွာ အကြောင်းကြားရမည်၊
(ဂ) ယာယီသမ္မတထံမှ အကြောင်းကြားစာကို ရရှိသည့်အခါ လစ်လပ်သွားသည့် နိုင်ငံတော်သမ္မတကို ဒုတိယသမ္မတအဖြစ် ဦးစွာရွေးချယ်တင်မြှောက်ပေးခဲ့သည့် သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့က ဒုတိယသမ္မတတစ်ဦးကို ရွေးချယ်တင်မြှောက်ပေးရေးအတွက် ပြည်ထောင်စုလွှတ်တော် အကြီးအမှူးက ဆောင်ရွက်ပေးရမည်၊
(ဃ) သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့သည် ဒုတိယသမ္မတတစ်ဦးကို ရွေးချယ်တင် မြှောက်ပြီးပါက ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အားလုံးပါဝင်သည့် သမ္မတရွေးချယ်တင်မြှောက် ရေးအဖွဲ့က ဒုတိယသမ္မတ သုံးဦးအနက် မိမိတို့ကြိုက်နှစ်သက်သည့် ပုဂ္ဂိုလ်ကို နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ရမည်၊
(င) ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကျင်းပချိန်မဟုတ်လျှင် ပြည်ထောင်စုလွှတ်တော် အကြီး အမှူးသည်ယာယီသမ္မတထံမှ အကြောင်းကြားစာရရှိသည့်နေ့မှစ၍ ၂၁ ရက်အတွင်း ပြည်ထောင်စု လွှတ်တော်အစည်းအဝေးကို ခေါ်ယူပြီး လစ်လပ်သော နိုင်ငံတော်သမ္မတ ရွေးချယ်တင်မြှောက် နိုင်ရေးအတွက် အထက်ပါနည်းလမ်းအတိုင်း ဆောင်ရွက်ရမည်၊
(စ) ဒုတိယသမ္မတစ်ဦးဦးသည် ရာထူးသက်တမ်းမကုန်ဆုံးမီ နုတ်ထွက်သောကြောင့်ဖြစ်စေ၊ ကွယ်လွန် သောကြောင့်ဖြစ်စေ၊ ထာဝစဉ် မစွမ်းဆောင်နိုင်သောကြောင့်ဖြစ်စေ၊ တစ်စုံတစ်ခုသော အကြောင်း ကြောင့်ဖြစ်စေ ဒုတိယသမ္မတ ရာထူးနေရာ လစ်လပ်လျှင် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး ကျင်းပချိန်ဖြစ်ပါက ယင်းဒုတိယသမ္မတကို ရွေးချယ်တင်မြှောက်ပေးခဲ့သော လွှတ်တော် ကိုယ်စားလှယ် များအစုအဖွဲ့က ခုနစ်ရက်အတွင်း ဒုတိယသမ္မတတစ်ဦး ရွေးချယ်တင်မြှောက်ပေးရေးအတွက် နိုင်ငံတော်သမ္မတက ပြည်ထောင်စုလွှတ်တော် အကြီးအမှူးထံ ဆောလျင်စွာ အကြောင်းကြားရမည်၊
(ဆ) ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကျင်းပချိန်မဟုတ်လျှင် ပြည်ထောင်စုလွှတ်တော် အကြီးအမှူးသည် နိုင်ငံတော်သမ္မတ၏ အကြောင်းကြားစာ ရရှိသည့်နေ့မှစ၍ ၂၁ ရက်အတွင်း ပြည်ထောင်စု လွှတ်တော်အစည်းအဝေးကို ခေါ်ယူပြီး သက်ဆိုင်ရာလွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့က ဒုတိယသမ္မတတစ်ဦးကို ရွေးချယ်တင်မြှောက် ပေးရေးအတွက် သတ်မှတ်ထားသည့် နည်းလမ်းအတိုင်း ဆောင်ရွက်ရမည်။

အခန်း(၄)
ဥပဒေပြုရေး
ပြည်ထောင်စုလွှတ်တော်
ပြည်ထောင်စုလွှတ်တော်ဖွဲ့စည်းခြင်း
၇၄။ ပြည်ထောင်စုလွှတ်တော်တွင်အောက်ပါလွှတ်တော်နှစ်ရပ်ပါဝင်သည်-
(က) ပုဒ်မ ၁၀၉ ပါ ပြဋ္ဌာန်းချက်များနှင့်အညီ မြို့နယ်ကို အခြေခံ၍လည်းကောင်း၊ လူဦးရေကို အခြေခံ၍လည်းကောင်း ရွေးကောက်တင်မြှောက်သည့် လွှတ်တော်ကိုယ်စားလှယ် များနှင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က အမည်စာရင်းတင်သွင်းသော တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ ဖြင့်ဖွဲ့စည်းသည့် ပြည်သူ့လွှတ်တော်၊
(ခ) ပုဒ်မ ၁၄၁ ပါ ပြဋ္ဌာန်းချက်များနှင့်အညီ တိုင်းဒေသကြီးများနှင့် ပြည်နယ်များမှ ဦးရေတူညီစွာ ရွေးကောက်တင်မြှောက်သည့် လွှတ်တော်ကိုယ်စားလှယ်များနှင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က အမည်စာရင်းတင်သွင်းသော တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းသည့် အမျိုး သားလွှတ်တော်။
လွှတ်တော်အသီးသီး၏ အကြီးအမှူးနှင့် ဒုတိယအကြီးအမှူးများ
၇၅။ လွှတ်တော်အသီးသီး၏ အကြီးအမှူး၊ ဒုတိယအကြီးအမှူးများနှင့် ပတ်သက်ပြီးသက်ဆိုင်ရာ လွှတ်တော်သက်တမ်းတစ်ခုစီအတွက် လွှတ်တော်ပထမအစည်းအဝေး စတင်ကျင်းပသည့်နေ့တွင် လွှတ်တော်ကိုယ်စားလှယ်များ ကတိသစ္စာပြုနိုင်ရန်နှင့် လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ ရွေးကောက် တင်မြှောက်ပေးရန် ကျင်းပသော လွှတ်တော်အစည်းအဝေးကို ကြီးမှူးကြီးကြပ်ပေးရမည့် အကြီးအမှူး အားသဘာပတိဟုလည်းကောင်း၊ ပြည်ထောင်စုလွှတ်တော်အကြီးအမှူးနှင့် ဒုတိယအကြီးအမှူးကို နာယကနှင့် ဒုတိယနာယကဟုလည်းကောင်း၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသ ကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် အကြီးအမှူးနှင့် ဒုတိယအကြီးအမှူးကို ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌဟုလည်းကောင်း ခေါ်ဝေါ်သုံးစွဲရမည်။
ပြည်ထောင်စုလွှတ်တော် နာယကနှင့် ဒုတိယနာယကများ၏ တာဝန်ထမ်းဆောင်ခြင်း
၇၆။ (က) ပြည်သူ့လွှတ်တော် သက်တမ်းတစ်ခု စတင်သည့် နေ့ရက်မှ လပေါင်း ၃၀ ပြည့်မြောက်သည့် နေ့ရက်အထိ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတို့သည် ပြည်ထောင်စုလွှတ်တော် နာယက နှင့်ဒုတိယနာယက တာဝန်ကိုပါ ထမ်းဆောင်ရမည်။ ကျန်သက်တမ်းကာလအတွက် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတို့သည် ပြည်ထောင်စုလွှတ်တော်နာယကနှင့် ဒုတိယနာယက တာဝန်ကို ပါထမ်းဆောင်ရမည်၊
(ခ) ပြည်ထောင်စုလွှတ်တော် နာယကသည် နာယကတာဝန်ကို ထမ်းဆောင်နိုင်စွမ်း မရှိသည့်အခါ ဒုတိယနာယကသည် နာယကတာဝန်ကို ယာယီထမ်းဆောင်ရမည်။
ပြည်ထောင်စုလွှတ်တော်နာယက၏လုပ်ငန်းတာဝန်
၇၇။ ပြည်ထောင်စုလွှတ်တော်နာယကသည်-
(က) ပြည်ထောင်စုလွှတ်တော် အစည်းအဝေးများကို ကြီးကြပ်ကွပ်ကဲရမည်၊
(ခ) ပြည်ထောင်စုလွှတ်တော် အစည်းအဝေးသို့တက်ရောက်၍ မိန့်ခွန်းပြောကြားလိုကြောင်း နိုင်ငံတော် သမ္မတက အကြောင်းကြားလျှင် နိုင်ငံတော်သမ္မတအားဖိတ်ကြားရမည်၊
(ဂ) ပြည်ထောင်စုလွှတ်တော် အစည်းအဝေး၌ ဆွေးနွေးဆောင်ရွက်ဆဲအကြောင်းအရာ တစ်ရပ်ရပ်နှင့် စပ်လျဉ်း၍ လိုအပ်လျှင် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဖွဲ့စည်းသည့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်း တစ်ရပ်ရပ်ကိုကိုယ်စားပြုသော အဖွဲ့အစည်းများ သို့မဟုတ် ပုဂ္ဂိုလ်များကို ပြည်ထောင်စုလွှတ်တော်သို့ တက်ရောက်ရှင်းလင်းတင်ပြစေရန် ဖိတ်ကြားခွင့်ရှိသည်၊
(ဃ) ဖွဲ့စည်းပုံအခြေခံဥပဒေအရ သော်လည်းကောင်း၊ ဥပဒေတစ်ရပ်ရပ်အရ သော်လည်းကောင်း သတ်မှတ်ထားသည့် အခြားတာဝန်နှင့် လုပ်ပိုင်ခွင့်များကိုဆောင်ရွက်ရမည်။
ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကျင်းပခြင်း
၇၈။ ပြည်ထောင်စုလွှတ်တော်၏ ပထမအကြိမ် ပုံမှန်အစည်းအဝေးကို ပြည်သူ့လွှတ်တော်၏ ပထမ အစည်းအဝေး စတင်သည့်နေ့မှ ၁၅ ရက်အတွင်းကျင်းပရမည်။ ပြည်ထောင်စုလွှတ်တော် အစည်းအဝေး များကို ပြည်ထောင်စုလွှတ်တော် နာယကက ခေါ်ယူကျင်းပရမည်။
၇၉။ ပြည်ထောင်စုလွှတ်တော် ပုံမှန်အစည်းအဝေးကို ပြည်ထောင်စုလွှတ်တော် နာယကက တစ်နှစ်လျှင် အနည်းဆုံးတစ်ကြိမ် ခေါ်ယူကျင်းပရမည်။ ပုံမှန်အစည်းအဝေး တစ်ကြိမ်နှင့်တစ်ကြိမ်အကြား အရှည်ကြာဆုံး ကာလသည် ၁၂ လထက်မပိုစေရ။
၈၀။ ပြည်ထောင်စုလွှတ်တော်အစည်းအဝေး၌ အောက်ပါကိစ္စရပ်များကိုဆောင်ရွက်သည်-
(က) နိုင်ငံတော်သမ္မတ ပြောကြားသည့်မိန့်ခွန်းကို မှတ်တမ်းတင်ခြင်း၊
(ခ) နိုင်ငံတော်သမ္မတက ပေးပို့သော သဝဏ်လွှာနှင့် နာယကက ခွင့်ပြုသောအခြား သဝဏ်လွှာများကို ဖတ်ကြားခြင်း၊ မှတ်တမ်းတင်ခြင်း၊
(ဂ) ဥပဒေကြမ်း တင်သွင်းခြင်း၊ ဆွေးနွေးခြင်း၊ ဆုံးဖြတ်ခြင်း၊
(ဃ) ပြည်ထောင်စုလွှတ်တော်က အတည်ပြုထားသည့် ဥပဒေကြမ်း တစ်ရပ်ရပ်နှင့် စပ်လျဉ်း၍ နိုင်ငံတော်သမ္မတ၏ သဘောထားမှတ်ချက်များကို ဆွေးနွေးခြင်း၊ ဆုံးဖြတ်ခြင်း၊
(င) ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များအရ ပြည်ထောင်စုလွှတ်တော်က ဆောင်ရွက်ရမည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခြင်း၊ ဆုံးဖြတ်ခြင်း၊
(စ) ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းသည့် အစီရင်ခံစာများကို ဆွေးနွေးခြင်း၊ ဆုံးဖြတ်ခြင်း၊ မှတ်တမ်းတင်ခြင်း၊
(ဆ) အဆိုတင်သွင်းခြင်း၊ ဆွေးနွေးခြင်း၊ ဆုံးဖြတ်ခြင်း၊
(ဇ) မေးခွန်းမေးမြန်းခြင်း၊ ဖြေကြားခြင်း၊
(ဈ) ပြည်ထောင်စုလွှတ်တော် နာယက ကခွင့်ပြုသည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆောင်ရွက်ခြင်း။
၈၁။ ပြည်ထောင်စုလွှတ်တော်၏ အဆုံးအဖြတ် ရယူမည့်ကိစ္စရပ်များ၊ သဘောတူညီချက် ရယူမည့်ကိစ္စရပ်များ၊ အတည်ပြုချက်ရယူမည့် ကိစ္စရပ်များကို အောက်ပါအတိုင်း ဆောင်ရွက်ရမည် –
(က) ပြည်ထောင်စုလွှတ်တော် အစည်းအဝေး ကျင်းပဆဲကာလဖြစ်လျှင် ယင်းအစည်းအဝေး၌ ဆွေးနွေး ဆုံးဖြတ်ရမည်၊
(ခ) ပြည်ထောင်စုလွှတ်တော် အစည်းအဝေး ကျင်းပဆဲကာလ မဟုတ်လျှင်အနီးကပ်ဆုံး ပြည်ထောင်စု လွှတ်တော် အစည်းအဝေး၌ ဆွေးနွေးဆုံးဖြတ်ရမည်၊
(ဂ) အများပြည်သူအကျိုးငှာ အလျင်အမြန်ဆောင်ရွက်ရမည့် ကိစ္စရပ်များကို အထူးအစည်းအဝေး သို့မဟုတ် အရေးပေါ်အစည်းအဝေး ခေါ်ယူကျင်းပ၍ ဆွေးနွေးဆုံးဖြတ်ရမည်။
၈၂။ ပြည်ထောင်စုလွှတ်တော် အထူးအစည်းအဝေးကိုဖြစ်စေ၊ အရေးပေါ်အစည်းအဝေးကိုဖြစ်စေ ကျင်းပရန် လိုအပ်လျှင် ပြည်ထောင်စုလွှတ်တော် နာယကက ခေါ်ယူကျင်းပနိုင်သည်။
၈၃။ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကို ခေါ်ယူကျင်းပပေးရန် နိုင်ငံတော်သမ္မတက အကြောင်း ကြားလျှင် ပြည်ထောင်စုလွှတ်တော် နာယကသည် ပြည်ထောင်စုလွှတ်တော် အထူးအစည်းအဝေးကို ဖြစ်စေ၊ အရေးပေါ်အစည်းအဝေးကိုဖြစ်စေ အမြန်ဆုံးခေါ်ယူကျင်းပရမည်။
၈၄။ ပြည်ထောင်စုလွှတ်တော်အစည်းအဝေး ခေါ်ယူကျင်းပပေးရန် ပြည်ထောင်စုလွှတ်တော် ကိုယ်စား လှယ်စုစုပေါင်းဦးရေအနက် အနည်းဆုံးလေးပုံတစ်ပုံက တောင်းဆိုလျှင် ပြည်ထောင်စု လွှတ်တော် နာယကက အထူးအစည်းအဝေးကို အမြန်ဆုံးခေါ်ယူကျင်းပရမည်။
၈၅။ (က) ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတစ်ရပ်၏ ပထမနေ့တွင် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသည့် လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်းဦးရေ၏ ထက်ဝက်ကျော် ဦးရေ တက်ရောက်လျှင် ယင်းအစည်းအဝေး အထမြောက်သည်။ အကယ်၍ အထမမြောက်ပါက အစည်းအဝေးကို ရွှေ့ဆိုင်းရမည်။
(ခ) ပုဒ်မခွဲ(က) အရ အစည်းအဝေး အထမမြောက်သည့်အတွက် ရွှေ့ဆိုင်းကျင်းပရသော အစည်း အဝေးများနှင့် အစည်းအဝေးအထ မြောက်ပြီးနောက် ဆက်လက်ကျင်းပသော အစည်းအဝေး များတွင် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသည့် လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်းဦးရေအနက် အနည်းဆုံး သုံးပုံတစ်ပုံ တက်ရောက်လျှင် အစည်းအဝေးများအထမြောက်သည်။
၈၆။ (က) ပြည်ထောင်စုလွှတ်တော်တွင် အဆုံးအဖြတ်ပြုရမည့် အကြောင်းအရာတစ်ရပ်နှင့် စပ်လျဉ်း၍ မဲခွဲဆုံးဖြတ်ရာ၌ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် အခြားနည်းပြဋ္ဌာန်းထားခြင်းမရှိလျှင် အစည်းအဝေးသို့ တက် ရောက်၍ ဆန္ဒမဲပေးသည့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များ၏ များရာဆန္ဒမဲဖြင့် ဆုံးဖြတ်ရမည်၊
(ခ) ပြည်ထောင်စုလွှတ်တော် အစည်းအဝေးများတွင် မဲခွဲဆုံးဖြတ်သည့် ကိစ္စများ၌ ပြည်ထောင်စု လွှတ်တော်နာယက သို့မဟုတ် နာယကတာဝန် ထမ်းဆောင်နေသည့် ဒုတိယနာယကသည် ဆန္ဒမဲ မပေးရ။ ထောက်ခံဆန္ဒမဲနှင့် ကန့်ကွက်ဆန္ဒမဲ အရေအတွက်ချင်း တူညီနေသည့် ကိစ္စရပ်တွင်သာ အနိုင်မဲပေးရမည်။
၈၇။ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်တစ်ဦးသည် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး တစ်ရပ်တွင် ပြည်ထောင်စုလွှတ်တော်နာယက၏ ခွင့်ပြုချက်မရဘဲ အစည်းအဝေးတက်ရောက်ရန် အနည်းဆုံးရက်ပေါင်း ၁၅ ရက် တစ်ဆက်တည်းပျက်ကွက်လျှင် သတ်မှတ်ထားသည့် နည်းလမ်းများ နှင့်အညီ အရေးယူရန် ပြည်ထောင်စုလွှတ်တော် နာယကက သက်ဆိုင်ရာလွှတ်တော်သို့ အကြောင်းကြား ရမည်။ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတက်ရောက်ရန် ခွင့်မဲ့ပျက်ကွက်သည့် ရက်ပေါင်း ၁၅ ရက်ကို ရေတွက်ရာ၌ အစည်းအဝေး ရွှေ့ဆိုင်း ထားသည့်ကာလကို ထည့်သွင်းရေတွက်ခြင်း မပြုရ။
၈၈။ ပြည်ထောင်စုလွှတ်တော်သည် လွှတ်တော်ကိုယ်စားလှယ်နေရာအချို့ လစ်လပ်နေစေကာမူ ပြည်ထောင်စု လွှတ်တော်လုပ်ငန်းများကို ဆောင်ရွက်ခွင့်ရှိသည်။ ထို့အပြင် အခွင့်အရေးမရှိသူတစ်ဦးက ပြည်ထောင်စု လွှတ်တော်အစည်းအဝေးသို့ တက်ရောက်ခြင်း၊ ဆန္ဒမဲပေးခြင်း သို့မဟုတ် လွှတ်တော် လုပ်ငန်းတစ်ရပ်ရပ်တွင် ပါဝင်ဆောင်ရွက်ခဲ့ခြင်းကို နောင်အခါတွင်မှ စစ်ဆေးတွေ့ရှိစေကာမူ ပြည် ထောင်စုလွှတ်တော်၏ ဆုံးဖြတ် ဆောင်ရွက်ချက်များသည် ပျက်ပြယ်ခြင်းမရှိစေရ။
၈၉။ ပြည်ထောင်စုလွှတ်တော်၏ ဆောင်ရွက်ချက်များနှင့် မှတ်တမ်းများကို အများပြည်သူသိရှိနိုင်ရန် ထုတ်ပြန်ရမည်။ သို့ရာတွင် ဥပဒေတစ်ရပ်ရပ်အရဖြစ်စေ၊ ပြည်ထောင်စုလွှတ်တော်၏ ဆုံးဖြတ်ချက်အရ ဖြစ်စေ တားမြစ်ထားသည့် ဆောင်ရွက်ချက်များနှင့် မှတ်တမ်းများကို ထုတ်ပြန်ခြင်းမပြုရ။
၉၀။ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဖွဲ့စည်းသည့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းတစ်ရပ်ရပ်ကို ကိုယ်စားပြုသော အဖွဲ့အစည်းဝင်များသည် နာယက၏ ခွင့်ပြုချက်ဖြင့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးသို့ တက်ရောက်သည့် အခါ မိမိအဖွဲ့အစည်းနှင့် သက်ဆိုင်သော ဥပဒေကြမ်းများ သို့မဟုတ် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောဆို ဆွေးနွေးခွင့်ရှိသည်။
၉၁။ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဖွဲ့စည်းသည့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများသည် ပြည်ထောင် စုလွှတ်တော်အစည်းအဝေးသို့ တင်ပြသင့်သော မိမိအဖွဲ့အစည်းနှင့်သက်ဆိုင်သည့် အခြေအနေ အရပ် ရပ်ကို နာယက၏ ခွင့်ပြု ချက်ဖြင့် တင်ပြနိုင်သည်။
၉၂။ (က) ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များသည် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက် များနှင့်လည်းကောင်း၊ ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်လည်းကောင်း မဆန့်ကျင်လျှင် ပြည်ထောင်စုလွှတ်တော်နှင့် ပြည်ထောင်စုလွှတ်တော် ပူးပေါင်းကော်မတီတို့တွင် လွတ်လပ်စွာပြောဆိုခွင့်နှင့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည်။ ထို့သို့ ပြည်ထောင်စုလွှတ်တော်နှင့် ပြည်ထောင်စု လွှတ်တော်ပူးပေါင်းကော်မတီတို့တွင် တင်ပြဆွေးနွေးခြင်း၊ ဆောင်ရွက်ခြင်းတို့နှင့်စပ်လျဉ်း၍ ပြည် ထောင်စုလွှတ်တော် ကိုယ်စားလှယ်တစ်ဦးအား ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဥပဒေမှအပ အခြား ဥပဒေအရ အရေးယူခြင်းမပြုရ၊
(ခ) ပြည်ထောင်စုလွှတ်တော် အစည်းအဝေးသို့တက်ရောက်ရန် ဖိတ်ကြားခြင်းခံရသော ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဖွဲ့စည်းသည့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းတစ်ရပ်ရပ်ကို ကိုယ်စားပြုသော အဖွဲ့အစည်းဝင်များ သို့မဟုတ် ပုဂ္ဂိုလ်များသည် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်သော် လည်းကောင်း၊ ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဥပဒေပါပြဋ္ဌာန်းချက်များနှင့်သော်လည်းကောင်း မဆန့်ကျင်လျှင် ပြည်ထောင်စုလွှတ်တော်တွင် လွတ်လပ်စွာ ပြောဆိုခွင့်ရှိသည်။ ပြည်ထောင်စုလွှတ် တော်တွင် တင်ပြပြောဆိုမှုများနှင့် စပ်လျဉ်း၍ ယင်းအဖွဲ့အစည်းဝင်များ သို့မဟုတ် ပုဂ္ဂိုလ်များအား ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဥပဒေမှအပ အခြားဥပဒေအရ အရေးယူခြင်းမပြုရ၊
(ဂ) ပုဒ်မခွဲ(က)နှင့်(ခ) တွင်ပါရှိသော ပုဂ္ဂိုလ်များသည် အထက်ပါ အခွင့်အရေးများကို ကျင့်သုံးကြ ရာတွင် ကိုယ်ထိလက်ရောက်ကျူးလွန်မှုများ ရှိခဲ့ပါက ယင်းတို့သည် ပြည်ထောင်စုလွှတ်တော်၏ စည်းမျဉ်း၊ စည်းကမ်း၊ လုပ်ထုံးလုပ်နည်းများအရ လည်းကောင်း၊ တည်ဆဲဥပဒေများအရ လည်းကောင်း အရေးယူခြင်းခံရမည်။
၉၃။ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတက်ရောက်နေသော ပြည်ထောင်စုလွှတ်တော် ကိုယ်စား လှယ် တစ်ဦးကိုဖြစ်စေ၊ ပြည်ထောင်စုလွှတ်တော်နာယက၏ ခွင့်ပြုချက်သို့မဟုတ် ဖိတ်ကြားချက်အရ ယင်းအစည်း အဝေးသို့ တက်ရောက်နေသော ပုဂ္ဂိုလ်တစ်ဦးကိုဖြစ်စေ ဖမ်းဆီးရန်လိုအပ်ပါက ခိုင်လုံ သောအထောက်အထားကို ပြည်ထောင်စုလွှတ်တော်နာယကထံ တင်ပြရမည်။ ပြည်ထောင်စုလွှတ်တော် နာယက၏ ကြိုတင်ခွင့်ပြုချက် မရရှိဘဲဖမ်းဆီးခြင်းမပြုရ။
၉၄။ ပြည်ထောင်စုလွှတ်တော်က သော်လည်းကောင်း၊ ယင်းလွှတ်တော်၏ အခွင့်အာဏာအရ သော်လည်းကောင်း ဖြန့်ချိထုတ်ဝေသည့် အစီရင်ခံစာများ၊ စာရွက်စာတမ်းများ၊ လွှတ်တော်မှတ်တမ်း များနှင့် စပ်လျဉ်း၍ တရားစွဲဆိုပိုင်ခွင့် မရှိစေရ။
ဥပဒေပြုခြင်း
၉၅။ (က) ပြည်သူ့လွှတ်တော်တွင်ဖြစ်စေ၊ အမျိုးသားလွှတ်တော်တွင်ဖြစ်စေ စတင်တင်သွင်းသည့် ဥပဒေကြမ်းကို လွှတ်တော်နှစ်ရပ်လုံးက အတည်ပြုလျှင် ယင်းဥပဒေကြမ်းကို ပြည်ထောင်စုလွှတ် တော်က အတည်ပြုသည်ဟု မှတ်ယူရမည်၊
(ခ) ဥပဒေကြမ်းတစ်ရပ်နှင့် စပ်လျဉ်း၍ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့ သဘော ကွဲလွဲပါက ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးဆုံးဖြတ်ရမည်။
၉၆။ ပြည်ထောင်စုလွှတ်တော်သည် ဇယား ၁ တွင် ဖော်ပြထားသော ပြည်ထောင်စုဥပဒေပြု စာရင်းပါ ကိစ္စ ရပ်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စုတစ်ဝန်းလုံး အတွက်သော်လည်းကောင်း၊ ပြည်ထောင်စု၏ တစ်စိတ်တစ်ဒေသ အတွက်သော်လည်းကောင်း အာဏာသက်ရောက်စေရန် ဥပဒေပြုခွင့်ရှိသည်။
၉၇။ (က) ပြည်ထောင်စုလွှတ်တော်သည် ဥပဒေတစ်ရပ်ပြဋ္ဌာန်းသည့်အခါ-
(၁) ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဖွဲ့စည်းသည့် ပြည်ထောင်စုအဆင့်အဖွဲ့အစည်း တစ်ရပ်ရပ်အား ယင်းဥပဒေနှင့် သက်ဆိုင်သည့် နည်းဥပဒေ၊ စည်းမျဉ်းနှင့် စည်းကမ်းများ ထုတ်ပြန်ခွင့်ကို အပ်နှင်း နိုင်သည်၊
(၂) သက်ဆိုင်ရာအဖွဲ့အစည်းသို့မဟုတ် အာဏာပိုင်အား ယင်းဥပဒေနှင့် သက်ဆိုင်သည့် အမိန့် ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများ ထုတ်ပြန်ခွင့်ကို အပ်နှင်းနိုင်သည်။
(ခ) ဥပဒေတစ်ရပ်က အပ်နှင်းသည့် လုပ်ပိုင်ခွင့်အရပြုလုပ်သော နည်းဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်း၊ အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများသည် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက် များ နှင့် လည်းကောင်း၊ သက်ဆိုင်ရာဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် လည်းကောင်း ညီညွတ်မှုရှိရမည်၊
(ဂ) ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်နှစ်ရပ်လုံးက နည်းဥပဒေ၊ စည်းမျဉ်း သို့မဟုတ် စည်းကမ်းတစ်ရပ်ရပ်ကို ပယ်ဖျက်ရန် သို့မဟုတ် ပြင်ဆင်စေရန် ဆုံးဖြတ်ပါက ယင်းနည်းဥပဒေ၊ စည်းမျဉ်း သို့မဟုတ် စည်း ကမ်းကို ပြည်ထောင်စုလွှတ်တော်က ပယ်ဖျက်သည် သို့မဟုတ် ပြင်ဆင်စေ သည်ဟု မှတ်ယူရမည်၊
(ဃ) နည်းဥပဒေ၊ စည်းမျဉ်း သို့မဟုတ် စည်းကမ်း တစ်ရပ်ရပ်ကို ပယ်ဖျက်ရန် သို့မဟုတ် ပြင်ဆင် စေရန် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့ သဘောကွဲလွဲပါက ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးဆုံးဖြတ်ရမည်၊
(င) နည်းဥပဒေ၊ စည်းမျဉ်း သို့မဟုတ် စည်းကမ်း တစ်ရပ်ရပ်ကို ပယ်ဖျက်ရန် သို့မဟုတ် ပြင်ဆင်စေရန် ပုဒ်မခွဲ (ဂ) သို့မဟုတ် (ဃ) အရ ဆုံးဖြတ်ပါက ထိုသို့ပယ်ဖျက်ခြင်း သို့မဟုတ် ပြင်ဆင်စေခြင်း မပြုမီ ယင်းနည်းဥပဒေ၊ စည်းမျဉ်း သို့မဟုတ် စည်းကမ်းအရ ဆောင်ရွက်ခဲ့ပြီးသော အမှုကိစ္စများကို ထိခိုက်ခြင်းမရှိစေရ။
အခြားကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဥပဒေပြုခြင်း
၉၈။ ပြည်ထောင်စု၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥပဒေပြုစာရင်းများတွင် ဖော်ပြမထားသော အခြားကိစ္စရပ် များနှင့် စပ်လျဉ်းသည့် ဥပဒေပြုပိုင်ခွင့်အာဏာကို ပြည်ထောင်စုလွှတ်တော်သို့ အပ်နှင်းသည်။
ပြည်ထောင်စုနယ်မြေများအတွက် ဥပဒေပြုခြင်း
၉၉။ တိုင်းဒေသကြီးလွှတ်တော်သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုဖြစ်စေ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဦးစီးအဖွဲ့ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ကိုဖြစ်စေ ဥပဒေပြုခွင့် အပ်နှင်းထား သောကိစ္စများနှင့် စပ်လျဉ်း၍ ပြည်ထောင်စုနယ်မြေများအတွက် ဥပဒေပြဋ္ဌာန်းပေးရန် လိုအပ်ပါက ပြည်ထောင်စုလွှတ်တော်က လိုအပ်သော ဥပဒေကို ပြဋ္ဌာန်းပေးရမည်။
ဥပဒေကြမ်းတင်သွင်းခြင်း
၁၀၀။ (က) ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဖွဲ့စည်းသည့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများသည် ပြည်ထောင်စု ဥပဒေပြုစာရင်းတွင် ပါရှိသောကိစ္စရပ်များ အနက်မိမိတို့ စီမံခန့်ခွဲသည့် ကိစ္စရပ်များနှင့် စပ်လျဉ်းသည့် ဥပဒေကြမ်းများကို သတ်မှတ်ထားသည့် နည်းလမ်းများနှင့်အညီ ပြည်ထောင်စု လွှတ်တော်သို့တင်သွင်းခွင့်ရှိသည်၊
(ခ) ပြည်ထောင်စုအစိုးရအဖွဲ့ကသာ တင်သွင်းခွင့်ရှိသော နိုင်ငံတော်၏ အမျိုးသားစီမံကိန်း၊ နှစ်စဉ် အရအသုံးခန့်မှန်းခြေငွေစာရင်းနှင့် အခွန်အကောက်ဆိုင်ရာဥပဒေကြမ်းများကို သတ်မှတ်ထား သည့်နည်းလမ်းများနှင့်အညီ ပြည်ထောင်စုလွှတ်တော်၌ ဆွေးနွေးဆုံးဖြတ်ရမည်။
၁၀၁။ ပြည်ထောင်စုလွှတ်တော်၌သာဆွေးနွေးဆုံးဖြတ်ရမည်ဟု ဖွဲ့စည်းပုံအခြေခံဥပဒေ၌ သတ်မှတ်သော ဥပဒေ ကြမ်းများမှအပ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဖွဲ့စည်းသည့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်း များက ပြည်ထောင်စု လွှတ်တော်သို့တင်သွင်းသော ဥပဒေကြမ်းများကို သတ်မှတ်ထားသည့် နည်းလမ်းများနှင့်အညီ ပြည်သူ့လွှတ်တော်တွင်ဖြစ်စေ၊ အမျိုးသားလွှတ်တော်တွင်ဖြစ်စေ စတင်ဆွေးနွေး ဆောင်ရွက်ခွင့်ရှိသည်။
၁၀၂။ ပြည်ထောင်စုလွှတ်တော်၌သာ ဆွေးနွေးဆုံးဖြတ်ရမည့် ဥပဒေကြမ်းများနှင့် စပ်လျဉ်း၍ ပြည်ထောင်စု လွှတ်တော် အစည်းအဝေး၌ ဆွေးနွေးခြင်းမပြုမီ အသေးစိတ် လေ့လာစိစစ်ရန်လိုအပ်ပါက ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီနှင့် အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီတို့အား ပူးပေါင်းလေ့လာစိစစ်စေခြင်း၊ ယင်းပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် များကို သတ်မှတ်ထားသည့် နည်းလမ်း များနှင့်အညီ ဥပဒေကြမ်းနှင့်အတူ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးသို့ တင်ပြဆောင်ရွက်စေခြင်းတို့ကို ပြုနိုင်သည်။
ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်းတင်သွင်းခြင်း
၁၀၃။ (က) ပြည်ထောင်စုအစိုးရအဖွဲ့ကိုယ်စား နိုင်ငံတော်သမ္မတ သို့မဟုတ် ယင်းကတာဝန်ပေးအပ် သည့်ပုဂ္ဂိုလ်သည် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော် သို့တင်ပြရမည်၊
(ခ) ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းတွင်ပါရှိသော-
(၁) ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဖွဲ့စည်းထားသော ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၏ အကြီးအမှူးများနှင့် အဖွဲ့အစည်းဝင်များ၏ လစာ၊ စရိတ်နှင့် ယင်းအဖွဲ့အစည်းများ၏ အသုံးစရိတ်များ၊
(၂) ပြည်ထောင်စုက ပေးဆပ်ရန်တာဝန်ရှိသော ကြွေးမြီများ၊ ယင်းကြွေးမြီများနှင့် ဆက်နွှယ်သော ကုန်ကျစရိတ်များ၊ ပြည်ထောင်စုက ချေးယူငွေများနှင့်ဆက်နွှယ်သော အခြားကုန်ကျစရိတ်များ၊
(၃) တရားရုံး သို့မဟုတ် ခုံရုံး တစ်ရုံးရုံး၏ စီရင်ချက်၊ အမိန့်၊ ဒီကရီအရ ပေးဆောင်ရန်ရှိသော အသုံးစရိတ်များ၊
(၄) တည်ဆဲဥပဒေ တစ်ရပ်ရပ်အရဖြစ်စေ၊ အပြည်ပြည်ဆိုင်ရာ စာချုပ်တစ်ခုခုအရ ဖြစ်စေကျခံရမည့် အခြား အသုံးစရိတ်များနှင့် စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးပိုင်ခွင့်ရှိသည်။ သို့သော် ငြင်းပယ်ခြင်း၊ လျှော့၍ခွင့်ပြုခြင်း မပြုရ။
(ဂ) ပုဒ်မခွဲ (ခ) ပါ အသုံးစရိတ်များမှအပ အခြားအသုံးစရိတ်များ အတွက်ကိုမူ ပြည်ထောင်စု လွှတ်တော်က သဘောတူ အတည်ပြုခြင်း၊ ငြင်းပယ်ခြင်း၊ လျှော့၍ ခွင့်ပြုခြင်းတို့ကို အများဆန္ဒနှင့် အညီ ဆောင်ရွက်ရမည်၊
(ဃ) ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌာန်းသည့် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေပါအတိုင်း ပြည်ထောင်စုအစိုးရအဖွဲ့က လိုအပ်သလိုဆောင်ရွက်ရမည်၊
(င) ပြည်ထောင်စုလွှတ်တော်က သက်ဆိုင်ရာ ဘဏ္ဍာရေးနှစ်အတွက် ပြဋ္ဌာန်းထားသည့် ပြည်ထောင်စု ၏ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေပါလျာထားသောရငွေများနှင့် ခွင့်ပြုထားသော သုံးငွေများအပြင် နောက်ထပ်ရငွေများ လျာထားရန်နှင့် သုံးငွေများခွင့်ပြုရန် လိုအပ်သည့်အခါ နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေးဥပဒေကို အထက်ပါ နည်းလမ်းများအတိုင်း ပြဋ္ဌာန်းဆောင်ရွက်ရမည်၊
(စ) ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌာန်းသည့် နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေးဥပဒေပါအတိုင်း ပြည်ထောင်စု အစိုးရအဖွဲ့က လိုအပ်သလိုဆောင်ရွက်ရမည်။
ဥပဒေကဲ့သို့အာဏာတည်သောအမိန့်
၁၀၄။ ပြည်ထောင်စုလွှတ်တော်သည် နိုင်ငံတော်သမ္မတက ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်တစ်ရပ်ကို ထုတ်ပြန်ပြီး ယင်းအမိန့်ကို အတည်ပြုပေးရန် ပြည်ထောင်စုလွှတ်တော်သို့ တင်ပြ သည့်အခါ-
(က) ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်ကို အတည်ပြု၊ မပြု ဆုံးဖြတ်ရမည်၊
(ခ) အတည်ပြုရန် ဆုံးဖြတ်ပါက ယင်းအမိန့် ဆက်လက်အာဏာတည်ရမည့် အချိန်ကာလကို သတ်မှတ်ပေးရမည်၊
(ဂ) အတည်ပြုချက်မရရှိလျှင် ဥပဒေကဲ့သို့ အာဏာတည်သောအမိန့်သည် အတည်မပြုသည့်နေ့မှစ၍ အာဏာ တည်ခြင်းမှ ရပ်စဲရမည်။
ဥပဒေအဖြစ် ထုတ်ပြန်ကြေညာခြင်း
၁၀၅။ (က) နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုလွှတ်တော်မှ ပေးပို့လာသည့် ပြည်ထောင်စု လွှတ်တော်က အတည်ပြုသော သို့မဟုတ် ပြည်ထောင်စုလွှတ်တော်က အတည်ပြုသည်ဟု မှတ်ယူရမည် ဖြစ်သော ဥပဒေကြမ်းများကို လက်ခံရရှိသည့်နေ့၏ နောက်တစ်နေ့မှ ၁၄ ရက်အတွင်း လက်မှတ်ရေး ထိုး၍ ဥပဒေအဖြစ် ထုတ်ပြန်ကြေညာရမည်၊
(ခ) နိုင်ငံတော်သမ္မတသည် ဥပဒေကြမ်းတစ်ရပ်ကို လက်မှတ်ရေးထိုး၍ ဥပဒေအဖြစ် ထုတ်ပြန်ကြေညာရန် သတ်မှတ်ထားသည့် ကာလအတွင်း မိမိ၏သဘောထား မှတ်ချက်နှင့်အတူ ဥပဒေကြမ်းကို ပြည်ထောင်စု လွှတ်တော်သို့ ပြန်လည်ပေးပို့နိုင်သည်၊
(ဂ) နိုင်ငံတော်သမ္မတက လက်မှတ်ရေးထိုး၍ ဥပဒေအဖြစ် ထုတ်ပြန်ကြေညာရန် သတ်မှတ်ထားသည့် ကာလအတွင်း ဥပဒေကြမ်းကို နိုင်ငံတော်သမ္မတကမိမိ၏ သဘောထားမှတ်ချက်ဖြင့် ပြန်လည်ပေးပို့ခြင်း မပြုလျှင်သော်လည်းကောင်း၊ ဥပဒေကြမ်းကို လက်မှတ်ရေးထိုး၍ ဥပဒေအဖြစ် ထုတ်ပြန်ကြေညာခြင်း မပြုလျှင်သော်လည်းကောင်း၊ သတ်မှတ်ကာလ ပြည့်မြောက်သည့်နေ့ရက်တွင် ဥပဒေကြမ်းသည် နိုင်ငံတော်သမ္မတ၏ လက်မှတ်ရေးထိုးချက်ကို ရရှိပြီးသကဲ့သို့ ဥပဒေဖြစ်လာရမည်။
၁၀၆။ (က) နိုင်ငံတော်သမ္မတထံ ပေးပို့ထားသော ဥပဒေကြမ်းကို နိုင်ငံတော်သမ္မတက မိမိ၏ သဘောထား မှတ်ချက်များနှင့်အတူ သတ်မှတ်ကာလအတွင်း ပြည်ထောင်စုလွှတ်တော်သို့ ပြည်လည် ပေးပို့လျှင် ပြည်ထောင်စု လွှတ်တော်သည် နိုင်ငံတော်သမ္မတ၏ သဘောထားမှတ်ချက်များကို ဆွေးနွေး သုံးသပ်ပြီးနောက် နိုင်ငံတော်သမ္မတ၏ သဘောထားမှတ်ချက်ကို လက်ခံ၍ ဥပဒေကြမ်းကိုပြင်ဆင်ရန် ဆုံးဖြတ်နိုင်သည် သို့မဟုတ် နိုင်ငံတော် သမ္မတ၏ သဘောထားမှတ်ချက်ကို လက်မခံဘဲ ဥပဒေကြမ်းကို မူလအတိုင်း အတည်ပြုရန် ဆုံးဖြတ်နိုင်သည်၊
(ခ) နိုင်ငံတော်သမ္မတ၏ သဘောထားမှတ်ချက်နှင့်အညီ ပြင်ဆင်ထားသောဥပဒေကြမ်း သို့မဟုတ် နိုင်ငံတော်သမ္မတ၏ သဘောထားမှတ်ချက်ကို လက်မခံဘဲ မူလအတိုင်းအတည်ပြုသော ဥပဒေကြမ်း အားပြည်ထောင်စုလွှတ်တော်၏ ဆုံးဖြတ်ချက်ဖြင့် ပြန်လည်ပေးပို့လာသည့်အခါ နိုင်ငံတော်သမ္မတသည် ဥပဒေကြမ်း ပြန်လည်ရရှိသည့်နေ့၏ နောက်တစ်နေ့မှခုနစ်ရက်အတွင်း လက်မှတ်ရေးထိုး၍ဥပဒေ အဖြစ် ထုတ်ပြန်ကြေညာရမည်၊
(ဂ) ပြည်ထောင်စုလွှတ်တော်က ပြန်လည်ပေးပို့သော ဥပဒေကြမ်းကို သတ်မှတ်ကာလအတွင်း နိုင်ငံတော်သမ္မတက လက်မှတ်ရေးထိုးခြင်း မပြုလျှင်သတ်မှတ်ကာလ ပြည့်မြောက်သည့် နေ့ရက်တွင် ဥပဒေကြမ်းသည် နိုင်ငံတော်၏ သမ္မတ လက်မှတ်ရေးထိုးချက်ကို ရရှိပြီးသကဲ့သို့ ဥပဒေဖြစ်လာရမည်။
၁၀၇။ နိုင်ငံတော်သမ္မတက လက်မှတ်ရေးထိုးပြီးသော ဥပဒေများ သို့မဟုတ် နိုင်ငံတော်သမ္မတ၏ လက်မှတ် ရေးထိုးချက် ရရှိပြီးသကဲ့သို့ မှတ်ယူရမည်ဖြစ်သော ဥပဒေများကို နိုင်ငံတော်ပြန်တမ်းတွင် ထုတ်ပြန်ကြေညာရမည်။ ထိုဥပဒေတွင် သီးခြားဖော်ပြချက် မပါလျှင် ထုတ်ပြန်ကြေညာသည့်နေ့မှစ၍ အာဏာတည်ရမည်။
၁၀၈။ ပြည်ထောင်စုလွှတ်တော်သည်-
(က) နိုင်ငံတော်သမ္မတက တင်ပြသည့် အပြည်ပြည်ဆိုင်ရာ၊ ဒေသဆိုင်ရာ သို့မဟုတ် နိုင်ငံအချင်း ချင်းဆိုင်ရာစာချုပ်များ၊ သဘောတူညီချက်များကို အတည်ပြုဆောင်ရွက်ခြင်း၊ ပယ်ဖျက်ခြင်း၊ နုတ်ထွက် ခြင်းတို့နှင့် စပ်လျဉ်း၍ အဆုံးအဖြတ်ပေးရမည်၊
(ခ) အပြည်ပြည်ဆိုင်ရာ၊ ဒေသဆိုင်ရာ သို့မဟုတ် နိုင်ငံအချင်းချင်းဆိုင်ရာ စာချုပ်များ၊ သဘောတူညီ ချက်များအနက် မည်ကဲ့သို့သော စာချုပ် သို့မဟုတ် သဘောတူညီချက် အမျိုးအစားကို ပြည်ထောင်စု လွှတ်တော်၏အတည်ပြုချက်ရယူရန်မလိုဘဲ ချုပ်ဆိုခြင်း၊ ပယ်ဖျက်ခြင်း၊ နုတ်ထွက်ခြင်းတို့ကို ဆောင် ရွက်ရန် နိုင်ငံတော် သမ္မတအား လုပ်ပိုင်ခွင့်လွှဲအပ်နိုင်သည်။
ပြည်သူ့လွှတ်တော်
ပြည်သူ့လွှတ်တော်ဖွဲ့စည်းခြင်း
၁၀၉။ ပြည်သူ့လွှတ်တော်ကို လွှတ်တော်ကိုယ်စားလှယ်ဦးရေ အများဆုံး ၄၄၀ ဦးဖြင့် အောက်ပါအတိုင်း ဖွဲ့စည်း ရမည်-
(က) မြို့နယ်ကို အခြေခံ၍လည်းကောင်း၊ လူဦးရေကိုအခြေခံ၍ လည်းကောင်း၊ မြို့နယ် ၃၃၀ ထက်ပိုမို လာပါက အသစ်ဖွဲ့စည်းသည့် မြို့နယ်ကို တစ်ဆက်တစ်စပ်တည်းဖြစ်သော သင့်လျော်သည့် မြို့နယ်တစ်ခု ခုနှင့် ပူးပေါင်း၍ လည်းကောင်း ဥပဒေနှင့်အညီ မဲဆန္ဒနယ်သတ်မှတ်၍ ရွေးကောက်တင်မြှောက်သည့် ၃၃၀ ဦးထက်မပိုသော ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၊
(ခ) တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဥပဒေနှင့်အညီ အမည်စာရင်းတင်သွင်းသည့် ၁၁၀ ဦးထက်မပိုသော တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ။
ပြည်သူ့လွှတ်တော် သဘာပတိ တင်မြှောက်ခြင်း
၁၁၀။ (က) ပြည်သူ့လွှတ်တော် သက်တမ်းတစ်ရပ်၏ ပထမအကြိမ် ပြည်သူ့လွှတ်တော် အစည်းအဝေး စတင်ကျင်းပသည့်အခါ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦးအား သဘာပတိအဖြစ် တင်မြှောက်ရ မည်၊
(ခ) သဘာပတိသည် ပြည်သူ့လွှတ်တော် ရှေ့မှောက်တွင် ကတိသစ္စာပြုရမည်၊
(ဂ) သဘာပတိသည် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌ ရွေးကောက်တင်မြှောက် ပြီးသည်အထိ ပြည်သူ့ လွှတ်တော် အစည်းအဝေးကို ကြီးကြပ်ကွပ်ကဲရမည်။
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌ ရွေးကောက်တင်မြှောက်ခြင်း
၁၁၁။ (က) (၁) ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များသည် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ တစ်ဦးနှင့် ဒုတိယ ဥက္ကဋ္ဌတစ်ဦးကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များထဲမှ ရွေးကောက်တင်မြှောက်ရမည်၊
(၂) ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သို့မဟုတ် ဒုတိယဥက္ကဋ္ဌနေရာ လစ်လပ်လျှင် အနီးကပ်ဆုံးကျင်းပသော ပြည်သူ့ လွှတ်တော် အစည်းအဝေးတွင် အစားထိုးရွေးကောက် တင်မြှောက်ရမည်၊
(၃) ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသည် ဥက္ကဋ္ဌတာဝန်ကို ထမ်းဆောင်နိုင်စွမ်းမရှိသည့်အခါ ဒုတိယဥက္ကဋ္ဌ သည်ဥက္ကဋ္ဌ တာဝန်ကို ယာယီထမ်းဆောင်ရမည်။
(ခ) ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌရွေးကောက်တင်မြှောက်ရန်နည်းလမ်းများကို ဥပဒေပြ ဋ္ဌာန်းသတ်မှတ်ရမည်။
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၏ လုပ်ငန်းတာဝန်
၁၁၂။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသည် –
(က) ပြည်သူ့လွှတ်တော် အစည်းအဝေးများကို ကြီးကြပ်ကွပ်ကဲရမည်၊
(ခ) ပြည်သူ့လွှတ်တော် အစည်းအဝေးသို့ တက်ရောက်၍ မိန့်ခွန်းပြောကြားလိုကြောင်း နိုင်ငံတော် သမ္မတက အကြောင်းကြားလျှင် နိုင်ငံတော်သမ္မတအားဖိတ်ကြားရမည်၊
(ဂ) ပြည်သူ့လွှတ်တော် အစည်းအဝေး၌ ဆွေးနွေးဆောင်ရွက်ဆဲ အကြောင်းအရာတစ်ရပ်ရပ်နှင့် စပ်လျဉ်း၍ လိုအပ်လျှင် ဖွဲ့စည်းပုံအခြေခံဥပဒေ အရဖွဲ့စည်းသည့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်း တစ်ရပ်ရပ်ကို ကိုယ်စားပြုသော အဖွဲ့အစည်းဝင်များ သို့မဟုတ် ပုဂ္ဂိုလ်များကို ပြည်သူ့လွှတ်တော် အစည်းအဝေးသို့တက်ရောက် ရှင်းလင်းတင်ပြစေရန် ဖိတ်ကြားခွင့်ရှိသည်၊
(ဃ) ဖွဲ့စည်းပုံအခြေခံဥပဒေ အရသော်လည်းကောင်း၊ ဥပဒေတစ်ရပ်ရပ်အရ သော်လည်းကောင်း သတ်မှတ် ထားသည့် အခြားတာဝန်နှင့် လုပ်ပိုင်ခွင့်များဆောင်ရွက်ရမည်။
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌ တို့၏ တာဝန်ထမ်းဆောင်ခြင်းနှင့် ရပ်စဲခြင်း
၁၁၃။ (က) ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတို့သည် နောက်တစ်ကြိမ် ပြည်သူ့လွှတ်တော် သက်တမ်းပထမအစည်းအဝေး စတင်မကျင်းပမီ အချိန်အထိဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတာဝန်ကို ထမ်းဆောင်ရမည်၊
(ခ) ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သို့မဟုတ် ဒုတိယဥက္ကဋ္ဌသည် နုတ်ထွက်လျှင်ဖြစ်စေ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ်မှ ရပ်စဲခြင်းခံရလျှင်ဖြစ်စေ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဆက်လက် ရပ်တည်ပိုင်ခွင့် မရှိလျှင်ဖြစ်စေ၊ ဥက္ကဋ္ဌ သို့မဟုတ် ဒုတိယဥက္ကဋ္ဌတာဝန်မှ ပြည်သူ့လွှတ်တော်၏ ရုပ်သိမ်းခြင်းကိုခံရလျှင်ဖြစ်စေ၊ ကွယ်လွန်လျှင်ဖြစ်စေဥက္ကဋ္ဌ သို့မဟုတ် ဒုတိယဥက္ကဋ္ဌအဖြစ်မှ ရပ်စဲပြီး ဖြစ်စေရမည်။
၁၁၄။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတို့၏တာဝန်၊ လုပ်ပိုင်ခွင့်နှင့် ရပိုင်ခွင့်များကို ဥပဒေပြဋ္ဌာန်း သတ်မှတ်ရမည်။
ပြည်သူ့လွှတ်တော်ကော်မတီ၊ ကော်မရှင်နှင့် အဖွဲ့များ ဖွဲ့စည်းခြင်း
၁၁၅။ (က) ပြည်သူ့လွှတ်တော်သည် ဥပဒေကြမ်းကော်မတီ၊ ပြည်သူ့ငွေစာရင်းကော်မတီ၊ လွှတ်တော် အခွင့်အရေးကော်မတီ၊ အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့်တာဝန်ခံချက်များ စိစစ်ရေးကော်မတီ တို့ကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းရမည်၊
(ခ) ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ ကိစ္စများကိုလည်းကောင်း၊ တပ်မတော်ဆိုင်ရာ ကိစ္စများကို လည်းကောင်း လေ့လာတင်ပြစေရန် အကြောင်းပေါ်ပေါက်ပါက ပြည်သူ့လွှတ်တော်သည် ကာကွယ်ရေး နှင့်လုံခြုံရေးကော်မတီကို တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ ဖြင့်ကာလ သတ်မှတ်၍ဖွဲ့စည်းရမည်။ ထိုသို့ဖွဲ့စည်းသည့် ကာကွယ်ရေးနှင့် လုံခြုံရေးကော်မတီသည် လုပ်ငန်း လိုအပ်ချက်အရ တပ်မတော်သားမဟုတ်သော သင့်လျော်သည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များကို လည်းထည့်သွင်းဖွဲ့စည်းရန် လိုအပ်ပါက ဖွဲ့စည်းနိုင်သည်၊
(ဂ) ပြည်သူ့လွှတ်တော်သည် ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တိုင်းရင်းသားလူမျိုးများအရေး၊ စီးပွားရေး၊ ဘဏ္ဍာရေး၊ လူမှုရေး၊ နိုင်ငံခြားရေးတို့အပြင် အခြားရေးရာကိစ္စများကို လေ့လာတင်ပြစေရန် လိုအပ် ပါက လွှတ်တော် ကော်မတီများကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များဖြင့် ကာလသတ်မှတ်၍ ဖွဲ့စည်းနိုင်သည်၊
(ဃ) ပြည်သူ့လွှတ်တော်သည် ပြည်သူ့လွှတ်တော် ကော်မတီများ၏ အဖွဲ့ဝင်ဦးရေ၊ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့် နှင့် သက်တမ်းတို့ကို သတ်မှတ်ပေးရမည်။
၁၁၆။ ပြည်သူ့လွှတ်တော်သည် အမျိုးသားလွှတ်တော်နှင့် ညှိနှိုင်းရန် ကိစ္စပေါ်ပေါက်လျှင် ပြည်သူ့ လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့မှ ကိုယ်စားလှယ်ဦးရေ တူညီစွာ ပါဝင်သောပူးပေါင်း ကော်မတီ တစ်ရပ်ကို ဖွဲ့စည်းဆောင်ရွက်နိုင်ရေးအတွက် ယင်းကော်မတီတွင် ပါဝင်မည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များကို ရွေးကောက်တင်မြှောက် တာဝန်ပေးအပ်နိုင်သည်။ ပူးပေါင်း ကော်မတီ၏ သက်တမ်းသည် သက်ဆိုင်ရာ လွှတ်တော်သို့ အစီရင်ခံစာတင်သွင်းပြီးသည့် အချိန်အထိ ဖြစ်သည်။
၁၁၇။ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့သည် ပုဒ်မ ၁၁၅ ပုဒ်မခွဲ (က) နှင့် (ခ) ပါ ကော်မတီများက ဆောင်ရွက်ရမည့် ကိစ္စများမှအပ အကြောင်းကိစ္စတစ်ရပ်ရပ်ကို လွှတ်တော်နှစ်ရပ် လုံးကလေ့လာရန်ရှိပါက ယင်းလွှတ်တော်များ၏ ဥက္ကဋ္ဌများသည် အချင်းချင်းညှိနှိုင်း၍ ပြည်သူ့ လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့မှ ကိုယ်စားလှယ်ဦးရေ တူညီစွာပါဝင်သော ပူးပေါင်းကော်မတီ တစ်ရပ်ကို ဖွဲ့စည်းဆောင်ရွက်နိုင်သည်။ ပြည်သူ့လွှတ်တော်သည် ထိုကော်မတီတွင်ပါဝင်မည့် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်များကို ရွေးကောက်တင်မြှောက် တာဝန်ပေးအပ်နိုင်သည်။ ယင်းပူးပေါင်း ကော်မတီ၏ သက်တမ်းသည်သက်ဆိုင်ရာ လွှတ်တော်သို့ အစီရင်ခံစာတင်သွင်းပြီးသည့် အချိန်အထိ ဖြစ်သည်။
၁၁၈။ (က) ပြည်သူ့လွှတ်တော်သည် ပြည်သူ့လွှတ်တော်ကော်မတီများက လေ့လာသောအကြောင်း ကိစ္စများမှအပ ကျန်အကြောင်းကိစ္စများကို လေ့လာရန်လိုအပ်ပါက ကော်မရှင်နှင့် အဖွဲ့များကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များဖြင့်လည်းကောင်း၊ သင့်လျော်သည့် နိုင်ငံသားများ ထည့်သွင်း၍ လည်းကောင်းဖွဲ့စည်းနိုင်သည်၊
(ခ) ပြည်သူ့လွှတ်တော်သည် အထက်ပါကော်မရှင်နှင့် အဖွဲ့များကို ဖွဲ့စည်းသည့်အခါ ယင်းကော်မရှင် သို့မဟုတ် အဖွဲ့များ၏အဖွဲ့ဝင်ဦးရေ၊ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်နှင့် သက်တမ်းကိုပါ သတ်မှတ်ပေး ရမည်။
ပြည်သူ့လွှတ်တော်၏ သက်တမ်း
၁၁၉။ ပြည်သူ့လွှတ်တော်၏သက်တမ်းသည် ယင်းလွှတ်တော်၏ ပထမအကြိမ် အစည်းအဝေးစတင် ကျင်းပသည့် နေ့ရက်မှစ၍ ငါးနှစ်ဖြစ်သည်။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၏ အရည်အချင်း
၁၂၀။ အောက်ပါအရည်အချင်းများနှင့် ပြည့်စုံသူသည် ပြည်သူ့လွှတ်တော်သို့ လွှတ်တော်ကိုယ်စားလှယ် အဖြစ်ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်ရှိသည် –
(က) အသက် ၂၅ နှစ်ပြည့်ပြီးသူ၊
(ခ) နိုင်ငံသားမိဘနှစ်ပါးမှ မွေးဖွားသော နိုင်ငံသားဖြစ်သူ၊
(ဂ) ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသည့် အချိန်နှင့် တစ်ဆက်တည်း ပြည်ထောင်စုမြန်မာနိုင်ငံတော်တွင် အနည်းဆုံး ၁၀ နှစ် အခြေချနေထိုင်ခဲ့သူ၊
ခြွင်းချက်။ နိုင်ငံတော်၏ ခွင့်ပြုချက်ဖြင့် နိုင်ငံခြားသို့ တရားဝင်သွားရောက်သည့် ကာလများကိုလည်း နိုင်ငံတော်တွင် အခြေချနေထိုင်ခဲ့သည့်ကာလအဖြစ် ထည့်သွင်းရေတွက်ရမည်။
(ဃ) ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာ ဥပဒေတွင် သတ်မှတ်ထားသည့် အရည်အချင်းများနှင့် ပြည့်စုံသူ။
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့် မရှိခြင်း
၁၂၁။ အောက်ပါပုဂ္ဂိုလ်များသည် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက် ခံပိုင်ခွင့်မရှိစေရ-
(က) ပြစ်မှုတစ်ခုခုကိုကျူးလွန်သဖြင့် သက်ဆိုင်ရာတရားရုံး၏ ပြစ်မှုထင်ရှားစီရင်ခြင်းခံရ၍ ထောင်ဒဏ်ကျခံနေရသူ၊
(ခ) ဖွဲ့စည်းပုံအခြေခံဥပဒေအာဏာ မတည်မီကဖြစ်စေ၊ အာဏာတည်ပြီးမှ ဖြစ်စေ ပြည်သူ့လွှတ်တော် ကိုယ်စား လှယ်အရည်အချင်း ပျက်ယွင်းစေသည့် ပြစ်မှုဖြင့် ပြစ်ဒဏ်ချမှတ် ခံရခြင်းအတွက် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက် ခံပိုင်ခွင့်မရှိကြောင်း သက်ဆိုင်ရာက သတ်မှတ်သည့်ကာ လကုန်ဆုံးခြင်း မရှိသေးသူ၊
(ဂ) စိတ်ပေါ့သွပ်သည်ဟု သက်ဆိုင်ရာဥပဒေက ပြဋ္ဌာန်းထားသည့် အတိုင်းသတ်မှတ်ခြင်းခံရသူ၊
(ဃ) လူမွဲအဖြစ် သက်ဆိုင်ရာတရားရုံး၏ ကြေညာခံထားရခြင်းမှ လွတ်မြောက်ခွင့်မရသေးသူ၊
(င) နိုင်ငံခြားအစိုးရ၏ ကျေးဇူးသစ္စာကို ခံယူစောင့်ရှောက်ရိုသေသူ သို့မဟုတ် နိုင်ငံခြားအစိုးရ၏ လက်အောက် ခံဖြစ်သူ သို့မဟုတ် တိုင်းတစ်ပါး၏ နိုင်ငံသားဖြစ်သူ၊
(စ) နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူသော်လည်းကောင်း၊ တိုင်းတစ်ပါး၏နိုင်ငံသား သော်လည်းကောင်း ခံစားရသော အခွင့်အရေးများ သို့မဟုတ်ကျေးဇူးခံစားခွင့်များကို ခံစားနိုင်ခွင့်ရှိသူ၊
(ဆ) နိုင်ငံခြားတိုင်းပြည်တစ်ခုခု၏ အစိုးရ သို့မဟုတ် ဘာသာရေးအဖွဲ့အစည်း သို့မဟုတ် အခြား အဖွဲ့အစည်းများမှ ငွေကြေး၊ မြေ၊ အိမ်၊ အဆောက်အအုံ၊ ယာဉ်၊ ပစ္စည်း စသည်တို့ကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်သောနည်းဖြင့် ဖြစ်စေ အထောက်အပံ့ရယူသုံးစွဲသူ သို့မဟုတ် ယင်းသို့ အထောက်အပံ့ ရယူသုံးစွဲသည့် အဖွဲ့အစည်းဝင်ဖြစ်သူ၊
(ဇ) နိုင်ငံရေးကိစ္စအတွက် ဘာသာရေးကို အကြောင်းပြု၍ ဆန္ဒမဲပေးရန်သော် လည်းကောင်း၊ ဆန္ဒမဲမပေးရန်သော် လည်းကောင်း ပြောဆိုခြင်း၊ ဟောပြောခြင်း၊ ကြေညာချက်ထုတ်ပြန်ခြင်းနှင့် ယင်းသို့ပြုလုပ်ရန် အားပေး လှုံ့ဆော်ခြင်းပြုသူ သို့မဟုတ် ယင်းသို့ပြုလုပ်သည့် အဖွဲ့အစည်းဝင်ဖြစ်သူ၊
(ဈ) သာသနာ့ဝန်ထမ်း၊
(ည) နိုင်ငံ့ဝန်ထမ်း၊
ခြွင်းချက်။ ယင်းစကားရပ်သည် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဖွဲ့စည်းသော လွှတ်တော်များနှင့် အဖွဲ့အစည်းများတွင် ရွေးချယ်ခန့်အပ်ခြင်းခံရသည့် တပ်မတော်သားများအပါအဝင် နိုင်ငံ့ဝန်ထမ်းများ နှင့် မသက်ဆိုင်စေရ။
(ဋ) နိုင်ငံတော်ပိုင်ငွေကြေး၊ မြေ၊ အိမ်၊ အဆောက်အအုံ၊ ယာဉ်၊ ပစ္စည်း စသည်တို့ကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်သောနည်းဖြင့်ဖြစ်စေ ရယူသုံးစွဲသူ သို့မဟုတ် ယင်းသို့ရယူသုံးစွဲသည့် အဖွဲ့အစည်းဝင်ဖြစ်သူ၊
ခြွင်းချက်။ (၁) နိုင်ငံတော်ပိုင်ငွေကြေးဟူသော စကားရပ်တွင် အငြိမ်းစား လစာ၊ စရိတ်၊ ငွေကြေးသော် လည်းကောင်း၊ နိုင်ငံတော်အကျိုးအတွက် ဆောင်ရွက်သဖြင့် နိုင်ငံတော်က တရားဝင်ထောက်ပံ့ ချီးမြှင့်ထားသော လစာ၊ စရိတ်၊ ငွေကြေးသော်လည်းကောင်း မပါဝင်၊
(၂) နိုင်ငံတော်ပိုင်မြေ၊ အိမ်၊ အဆောက်အအုံ၊ ယာဉ်၊ ပစ္စည်းဟူသော စကားရပ်တွင် ဥပဒေတစ်ရပ်ရပ် အရသော်လည်းကောင်း၊ တာဝန်အရသော်လည်းကောင်း နိုင်ငံတော်က သုံးစွဲခွင့်ပြုထားသော သို့မဟုတ် နိုင်ငံတော်ထံမှ အခကြေးငွေဖြင့် ငှားရမ်းသုံးစွဲသော နိုင်ငံတော်ပိုင် မြေ၊ အိမ်၊ အဆောက်အအုံနှင့် အခန်းများ၊ အခြားအဆောက်အအုံနှင့် အခန်းများ၊ နိုင်ငံတော်ပိုင် လေယာဉ်၊ ရထား၊ သင်္ဘော၊ မော်တော်ယာဉ်၊ ပစ္စည်း စသည်များမပါဝင်။
(ဌ) ဖွဲ့စည်းပုံအခြေခံဥပဒေ အာဏာမတည်မီကဖြစ်စေ၊ အာဏာတည်ပြီးမှဖြစ်စေ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အရည်အချင်း ပျက်ယွင်းစေသည့် ရွေးကောက်ပွဲဆိုင်ရာ တရားမဲ့ပြုကျင့်မှု ကျူးလွန် ခြင်းကြောင့် သို့မဟုတ် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေနှင့်အညီ ဆောင်ရွက်ရန် ပျက်ကွက်ခြင်းကြောင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက် ခံပိုင်ခွင့်မရှိကြောင်း သက်ဆိုင်ရာက သတ်မှတ်ထားသည့်ကာလ ကုန်ဆုံးခြင်းမရှိသေးသူ။
တပ်မတော်သားပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၏ အရည်အချင်း
၁၂၂။ တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအဖြစ် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ဥပဒေနှင့်အညီ အမည်စာရင်း တင်သွင်းသော တပ်မတော်သားများသည် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအတွက် သတ်မှတ်ထားသည့် အရည်အချင်းများနှင့် ပြည့်စုံရမည်။
ပြည်သူ့လွှတ်တော်အစည်းအဝေးကျင်းပခြင်း
၁၂၃။ ပြည်သူ့လွှတ်တော်၏ သက်တမ်းတစ်ရပ်စတင်သော ပထမအကြိမ်ပုံမှန် အစည်းအဝေးကို အထွေထွေရွေးကောက်ပွဲ စတင်ကျင်းပသည့်နေ့ရက်မှ ရက်ပေါင်း ၉၀ အတွင်းကျင်းပရမည်။
၁၂၄။ (က) ဖွဲ့စည်းပုံအခြေခံဥပဒေ အာဏာတည်ပြီးနောက် ပထမအကြိမ်ပြည်သူ့လွှတ်တော် ပုံမှန် အစည်းအဝေးကို နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက ခေါ်ယူကျင်းပရမည်၊
(ခ) ပြည်သူ့လွှတ်တော်၏ နောင်သက်တမ်းများအတွက် ပထမအကြိမ် ပုံမှန်အစည်းအဝေးများကို ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်နှင့်အညီ တာဝန်ဆက်လက်ထမ်းဆောင်လျက်ရှိသော ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌက ခေါ်ယူကျင်းပရမည်။
၁၂၅။ (က) ပထမအကြိမ်ကျင်းပသော ပြည်သူ့လွှတ်တော် ပုံမှန်အစည်းအဝေးတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များသည် ပြည်သူ့လွှတ်တော် သဘာပတိရှေ့မှောက်၌ ဇယား ၄ တွင် ဖော်ပြထားသည့် အတိုင်း ကတိသစ္စာပြုရမည်၊
(ခ) ကတိသစ္စာမပြုရသေးသော ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များသည် စတင်တက်ရောက်သော ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် လွှတ်တော်ဥက္ကဋ္ဌရှေ့မှောက်၌ ကတိသစ္စာပြုရမည်။
၁၂၆။ ပြည်သူ့လွှတ်တော်ပုံမှန်အစည်းအဝေးကို ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက တစ်နှစ်လျှင် အနည်းဆုံး တစ်ကြိမ်ခေါ်ယူကျင်းပရမည်။ ပုံမှန်အစည်းအဝေးတစ်ကြိမ်နှင့် တစ်ကြိမ်အကြား အရှည်ကြားဆုံး ကာလသည် ၁၂ လထက်မပိုစေရ။
၁၂၇။ ပြည်သူ့လွှတ်တော် အစည်းအဝေး၌ အောက်ပါကိစ္စရပ်များကို ဆောင်ရွက်သည်-
(က) နိုင်ငံတော်သမ္မတ ပြောကြားသည့်မိန့်ခွန်းကို မှတ်တမ်းတင်ခြင်း၊
(ခ) နိုင်ငံတော်သမ္မတက ပေးပို့သောသဝဏ်လွှာနှင့် ဥက္ကဋ္ဌက ခွင့်ပြုသော အခြားသဝဏ်လွှာများကို ဖတ်ကြားခြင်း၊ မှတ်တမ်းတင်ခြင်း၊
(ဂ) ဥပဒေကြမ်းတင်သွင်းခြင်း၊ ဆွေးနွေးခြင်း၊ ဆုံးဖြတ်ခြင်း၊
(ဃ) ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များအရ ပြည်သူ့လွှတ်တော်က ဆောင်ရွက်ရမည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခြင်း၊ ဆုံးဖြတ်ခြင်း၊
(င) ပြည်သူ့လွှတ်တော်သို့ တင်သွင်းသည့် အစီရင်ခံစာများကို ဆွေးနွေးခြင်း၊ ဆုံးဖြတ်ခြင်း၊ မှတ်တမ်း တင်ခြင်း၊
(စ) အဆိုတင်သွင်းခြင်း၊ ဆွေးနွေးခြင်း၊ ဆုံးဖြတ်ခြင်း၊
(ဆ) မေးခွန်းမေးမြန်းခြင်း၊ ဖြေကြားခြင်း၊
(ဇ) ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ခွင့်ပြုသည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ဆောင်ရွက်ခြင်း။
၁၂၈။ (က) ပြည်သူ့လွှတ်တော် အစည်းအဝေးတစ်ရပ်၏ ပထမနေ့တွင် ပြည်သူ့လွှတ်တော်အစည်း အဝေးသို့ တက်ရောက်ခွင့်ရှိသည့် လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်းဦးရေ၏ ထက်ဝက်ကျော်ဦးရေ တက်ရောက်လျှင် ယင်းအစည်းအဝေး အထမြောက်သည်။ အကယ်၍ အထမမြောက်ပါက အစည်း အဝေးကို ရွှေ့ဆိုင်းကျင်းပရမည်၊
(ခ) ပုဒ်မခွဲ (က) အရ အစည်းအဝေး အထမမြောက်သည့်အတွက် ရွှေ့ဆိုင်းကျင်းပသော အစည်းအဝေး များနှင့် အစည်းအဝေး အထမြောက်ပြီးနောက် ဆက်လက်ကျင်းပသော အစည်းအဝေးများတွင် ပြည်သူ့ လွှတ်တော်အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသည့် လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်းဦးရေအနက် အနည်းဆုံးသုံးပုံတစ်ပုံ တက် ရောက်လျှင် ယင်းအစည်းအဝေးများ အထမြောက်သည်။
၁၂၉။ (က) ပြည်သူ့လွှတ်တော်တွင် အဆုံးအဖြတ်ပြုရမည့် အကြောင်းအရာတစ်ရပ်နှင့် စပ်လျဉ်း၍ မဲခွဲဆုံးဖြတ်ရာ၌ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် အခြားနည်းပြဋ္ဌာန်းထားခြင်းမရှိလျှင် အစည်းအဝေးသို့ တက်ရောက်၍ ဆန္ဒမဲပေးသည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၏ များရာဆန္ဒမဲဖြင့် ဆုံးဖြတ်ရမည်၊
(ခ) ပြည်သူ့လွှတ်တော် အစည်းအဝေးများတွင် မဲခွဲဆုံးဖြတ်သည့် ကိစ္စများ၌ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သို့မဟုတ် ဥက္ကဋ္ဌတာဝန် ထမ်းဆောင်နေသည့် ဒုတိယဥက္ကဋ္ဌသည် ဆန္ဒမဲမပေးရ။ ထောက်ခံဆန္ဒမဲနှင့် ကန့်ကွက်ဆန္ဒမဲ အရေအတွက်ချင်း တူညီနေသည့်ကိစ္စရပ်တွင်သာ အနိုင်မဲပေးရမည်။
၁၃၀။ (က) ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦးသည် ပြည်သူ့လွှတ်တော် အစည်းအဝေး တစ်ရပ်တွင် ပြည်သူ့လွှတ်တော်၏ခွင့်ပြုချက်မရဘဲအစည်းအဝေးတက်ရောက်ရန် အနည်းဆုံးရက်ပေါင်း ၁၅ ရက်တစ်ဆက်တည်း ပျက်ကွက်လျှင် သတ်မှတ်ထားသည့် နည်းလမ်းများနှင့်အညီ ထိုပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်၏နေရာ လစ်လပ်သည်ဟု ပြည်သူ့လွှတ်တော်က ကြေညာနိုင်သည်။ ပြည်သူ့လွှတ်တော်က အစည်းအဝေး တက်ရောက်ရန် ခွင့်မဲ့ပျက်ကွက်သည့် ရက်ပေါင်း ၁၅ ရက်ကို ရေတွက်ရာ၌ အစည်းအဝေး ရွှေ့ဆိုင်းထားသည့်ကာလကို ထည့်သွင်းရေတွက်ခြင်းမပြုရ၊
(ခ) ပြည်ထောင်စုလွှတ်တော် အစည်းအဝေးသို့ တက်ရောက်ရမည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တစ်ဦးသည် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတစ်ရပ်တွင် လွှတ်တော်၏ ခွင့်ပြုချက်မရဘဲ အစည်းအဝေး တက်ရောက်ရန် ရက်ပေါင်း ၁၅ ရက် တစ်ဆက်တည်းပျက်ကွက်ကြောင်း ပြည်ထောင်စု လွှတ်တော်နာယကထံမှ အကြောင်းကြားချက် ရရှိလျှင် ပြည်သူ့လွှတ်တော်က ယင်းလွှတ်တော် ကိုယ်စားလှယ်အား သတ်မှတ်ထားသည့် နည်းလမ်းများနှင့်အညီ အရေးယူရမည်။
၁၃၁။ ပြည်သူ့လွှတ်တော်သည် လွှတ်တော်ကိုယ်စားလှယ် နေရာအချို့ လစ်လပ်နေစေကာမူ ပြည်သူ့ လွှတ်တော်လုပ်ငန်းများကို ဆောင်ရွက်ခွင့်ရှိသည်။ ထို့အပြင် အခွင့်အရေးမရှိသူတစ်ဦးက ပြည်သူ့ လွှတ်တော်အစည်းအဝေးသို့ တက်ရောက်ခြင်း၊ ဆန္ဒမဲပေးခြင်း သို့မဟုတ် လွှတ်တော်လုပ်ငန်း တစ်ရပ်ရပ်တွင် ပါဝင်ဆောင်ရွက်ခဲ့ခြင်းကို နောင်အခါတွင်မှ စစ်ဆေးတွေ့ရှိစေကာမူ ပြည်သူ့လွှတ်တော် ၏ဆုံးဖြတ်ဆောင်ရွက်ချက်များသည် ပျက်ပြယ်ခြင်း မရှိစေရ။
၁၃၂။ ပြည်သူ့လွှတ်တော်၏ ဆောင်ရွက်ချက်များနှင့် မှတ်တမ်းများကို အများပြည်သူသိရှိနိုင်ရန် ထုတ်ပြန်ရမည်။ သို့ရာတွင် ဥပဒေတစ်ရပ်ရပ်အရဖြစ်စေ၊ ပြည်သူ့လွှတ်တော်၏ ဆုံးဖြတ်ချက် အရဖြစ်စေ၊ တားမြစ်ထားသည့် ဆောင်ရွက်ချက်များနှင့် မှတ်တမ်းများကို ထုတ်ပြန်ခြင်းမပြုရ။
၁၃၃။ (က) ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များသည် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက် များနှင့် လည်းကောင်း၊ ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် လည်းကောင်း မဆန့်ကျင်လျှင် ပြည်သူ့လွှတ်တော်နှင့် ပြည်သူ့လွှတ်တော် ကော်မတီတို့တွင် လွတ်လပ်စွာပြောဆိုခွင့်နှင့် ဆန္ဒမဲပေးခွင့် ရှိသည်။ ထိုသို့ပြည်သူ့လွှတ်တော်နှင့် ပြည်သူ့လွှတ်တော်ကော်မတီများတွင် တင်ပြဆွေးနွေးခြင်း၊ ဆောင်ရွက်ခြင်းတို့နှင့် စပ်လျဉ်း၍ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် တစ်ဦးအား ပြည်သူ့လွှတ်တော် ဆိုင်ရာဥပဒေမှအပ အခြားဥပဒေအရ အရေးယူခြင်းမပြုရ၊
(ခ) ပြည်သူ့လွှတ်တော် အစည်းအဝေးသို့ဖြစ်စေ၊ ပြည်သူ့လွှတ်တော်ကော်မတီတစ်ရပ်ရပ်၏ အစည်း အဝေးသို့ဖြစ်စေ တက်ရောက်ရန်ခွင့်ပြုခြင်း သို့မဟုတ် ဖိတ်ကြားခြင်းခံရသော ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ဖွဲ့စည်းသည့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းတစ်ရပ်ရပ်ကို ကိုယ်စားပြုသော အဖွဲ့အစည်း ဝင်များသို့မဟုတ် ပုဂ္ဂိုလ်များသည် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် သော်လည်းကောင်း၊ ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် သော်လည်းကောင်း မဆန့်ကျင်လျှင် ပြည်သူ့လွှတ်တော် သို့မဟုတ် ပြည်သူ့ လွှတ်တော်ကော်မတီများတွင် လွတ်လပ်စွာပြောဆိုခွင့်ရှိသည်။ ပြည်သူ့လွှတ်တော်သို့မဟုတ် ပြည်သူ့လွှတ်တော် ကော်မတီများတွင် တင်ပြပြောဆိုမှုများနှင့် စပ်လျဉ်း၍ ယင်းအဖွဲ့အစည်းဝင်များ သို့မဟုတ် ပုဂ္ဂိုလ်များအား ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေမှအပ အခြား ဥပဒေအရ အရေးယူခြင်းမပြုရ၊
(ဂ) ပုဒ်ခွဲ(က) နှင့် (ခ) တွင်ပါရှိသော ပုဂ္ဂိုလ်များသည် အထက်ပါ အခွင့်အရေးများကို ကျင့်သုံးကြရာတွင် ကိုယ်ထိ လက်ရောက်ကျူးလွန်မှုများရှိခဲ့ပါက ယင်းတို့သည် ပြည်သူ့လွှတ်တော်၏ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်း များအရ လည်းကောင်း၊ တည်ဆဲဥပဒေများအရ လည်းကောင်း အရေးယူခြင်းခံရမည်။
၁၃၄။ (က) ပြည်သူ့လွှတ်တော် အစည်းအဝေး တက်ရောက်နေသော ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တစ်ဦး ကိုဖြစ်စေ၊ လွှတ်တော်ဥက္ကဋ္ဌ၏ ခွင့်ပြုချက် သို့မဟုတ် ဖိတ်ကြားချက်အရ ယင်းအစည်းအဝေးသို့ တက်ရောက် နေသော ပုဂ္ဂိုလ်တစ်ဦးကို ဖြစ်စေ ဖမ်းဆီးရန်လိုအပ်ပါက ခိုင်လုံသောအ ထောက်အထားကို ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌထံ တင်ပြရမည်။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၏ ကြိုတင်ခွင့်ပြုချက်မရရှိဘဲ ဖမ်းဆီးခြင်းမပြုရ၊
(ခ) ပြည်သူ့လွှတ်တော် ကော်မတီတစ်ရပ်ရပ်၏ အစည်းအဝေးတွင်သော်လည်းကောင်း၊ ပြည်သူ့ လွှတ်တော်ကဖွဲ့စည်းသော ကော်မရှင် သို့မဟုတ် အဖွဲ့တစ်ခုခု၏ အစည်းအဝေး တွင်သော်လည်းကောင်း အစည်းအဝေး တက်ရောက်နေသည့် ယင်းကော်မတီ၊ ကော်မရှင်သို့မဟုတ် အဖွဲ့၏ အဖွဲ့ဝင်တစ်ဦးအား ဖမ်းဆီးရန်လိုအပ်ပါက ခိုင်လုံသော အထောက်အထားကို သက်ဆိုင်ရာကော်မတီ၊ ကော်မရှင် သို့မဟုတ် အဖွဲ့၏ အကြီးအမှူးမှတစ်ဆင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌထံ တင်ပြရမည်။ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၏ ကြိုတင်ခွင့်ပြုချက်မရရှိဘဲ ဖမ်းဆီးခြင်းမပြုရ၊
(ဂ) ပြည်သူ့လွှတ်တော် သို့မဟုတ် ပြည်သူ့လွှတ်တော်ကော်မတီ သို့မဟုတ် ပြည်သူ့လွှတ်တော်က ဖွဲ့စည်းသောကော်မရှင်နှင့် အဖွဲ့အစည်းအဝေး ကျင်းပချိန်မဟုတ်လျှင် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးအား ဖမ်းဆီးပါက ထိုသို့ ဖမ်းဆီးခြင်းနှင့် စပ်လျဉ်းသည့် ခိုင်လုံသောအထောက်အထားကို ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌထံ ဆောလျင်စွာ တင်ပြရမည်။
၁၃၅။ ပြည်သူ့လွှတ်တော်ကသော်လည်းကောင်း၊ ယင်းလွှတ်တော်၏ အခွင့်အာဏာအရ သော်လည်း ကောင်း ဖြန့်ချိထုတ်ဝေသည့် အစီရင်ခံစာများ၊ စာရွက်စာတမ်းများ၊ လွှတ်တော်မှတ်တမ်းများနှင့် စပ်လျဉ်း၍ တရားစွဲဆို ပိုင်ခွင့် မရှိစေရ။
ဥပဒေကြမ်းတင်သွင်းခြင်း
၁၃၆။ ဇယား ၁ ပါ ပြည်ထောင်စု ဥပဒေပြုစာရင်းတွင် ဖော်ပြသော ကိစ္စရပ်များအနက် ပြည်ထောင်စု လွှတ်တော်တွင်သာ ဥပဒေကြမ်း တင်သွင်းဆုံးဖြတ်ရမည်ဟု ဖွဲ့စည်းပုံအခြေခံဥပဒေ၌ ပြဋ္ဌာန်းထား သည့်ကိစ္စရပ်များမှအပ ကျန်ကိစ္စရပ်များကို သတ်မှတ်ထားသည့် နည်းလမ်းများနှင့်အညီ ပြည်သူ့ လွှတ်တော်တွင် ဥပဒေကြမ်း စတင်တင်သွင်းခွင့်ရှိသည်။
၁၃၇။ (က) ပြည်ထောင်စု လွှတ်တော်က ပြဋ္ဌာန်းသည့် ဥပဒေအရပြုသည့် နည်းဥပဒေ၊ စည်းမျဉ်း သို့မဟုတ် စည်းကမ်းတစ်ရပ်ရပ်ကို ထုတ်ပြန်ပြီးသည့်အခါ သက်ဆိုင်ရာအဖွဲ့အစည်းသည် မိမိထုတ်ပြန်သည့် နည်းဥပဒေ၊ စည်းမျဉ်း သို့မဟုတ် စည်းကမ်းကို အနီးကပ်ဆုံး ကျင်းပသော ပြည်သူ့ လွှတ်တော် ပုံမှန်အစည်းအဝေးကာလတွင် လွှတ်တော်ဥက္ကဋ္ဌက ခွင့်ပြုသည့် အစီအစဉ်ဖြင့် လွှတ်တော် ကိုယ်စားလှယ်များထံ ဖြန့်ဝေတင်ပြရမည်၊
(ခ) နည်းဥပဒေ၊ စည်းမျဉ်း သို့မဟုတ် စည်းကမ်းတစ်ရပ်ရပ်သည် သက်ဆိုင်ရာဥပဒေပါ ပြဋ္ဌာန်းချက် များနှင့် ညီညွတ်မှုမရှိကြောင်း တွေ့ရှိပါက ယင်းနည်းဥပဒေ၊ စည်းမျဉ်း သို့မဟုတ် စည်းကမ်းကို ပယ်ဖျက်ရန် သို့မဟုတ် ပြင်ဆင်စေရန် နည်းဥပဒေ၊ စည်းမျဉ်းသို့မဟုတ် စည်းကမ်းဖြန့်ဝေတင်ပြသော နေ့ရက်မှ ရက်ပေါင်း ၉၀ အတွင်း လွှတ်တော်ကိုယ်စားလှယ်များက ပြည်သူ့လွှတ်တော်တွင် အဆိုတင် သွင်းနိုင်သည်၊
(ဂ) နည်းဥပဒေ၊ စည်းမျဉ်း သို့မဟုတ် စည်းကမ်းတစ်ရပ်ရပ်ကို ပယ်ဖျက်ရန် သို့မဟုတ် ပြင်ဆင်စေရန် ဆုံးဖြတ်ရာတွင် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့ သဘောကွဲလွဲပါက ပြည်ထောင်စု လွှတ်တော်သို့ တင်ပြရမည်။
၁၃၈။ (က) ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ဖွဲ့စည်းသည့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းတစ်ရပ်ရပ်က တင်သွင်းသော ဥပဒေကြမ်းများကို ပြည်ထောင်စုလွှတ်တော်က သတ်မှတ်ထားသည့် နည်းလမ်းများ နှင့်အညီ ပေးပို့လာလျှင် ပြည်သူ့လွှတ်တော်တွင် စတင်တင်သွင်းသော ဥပဒေကြမ်းဟု မှတ်ယူ၍ ပြည်သူ့လွှတ်တော်၌ ဆွေးနွေးဆုံးဖြတ်ရမည်၊
(ခ) ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များသည် ပြည်ထောင်စုဥပဒေပြုစာရင်းတွင် ပါရှိသော ကိစ္စရပ်များအနက် ပြည်ထောင်စုလွှတ်တော်၌သာ ဥပဒေကြမ်းတင်သွင်းဆုံးဖြတ်ရမည်ဟု ဖွဲ့စည်းပုံ အခြေခံဥပဒေ၌ သတ်မှတ်ပြဋ္ဌာန်းထားသည့် ကိစ္စရပ်များမှအပ ကျန်ကိစ္စရပ်များနှင့် စပ်လျဉ်းသော ဥပဒေကြမ်းများကို ဥပဒေနှင့်အညီ ပြည်သူ့လွှတ်တော်သို့ စတင်တင်သွင်းခွင့်ရှိသည်။ ယင်းဥပဒေကြမ်း များကို သတ်မှတ်ထားသည့် နည်းလမ်းများနှင့်အညီ ပြည်သူ့လွှတ်တော်၌ ဆွေးနွေးဆုံးဖြတ်ရမည်၊
(ဂ) ပြည်သူ့လွှတ်တော်က အတည်ပြုသည့် ဥပဒေကြမ်းများကို ဆက်လက်ဆွေးနွေး ဆုံးဖြတ်နိုင်ရန် အမျိုးသားလွှတ်တော်သို့ ပေးပို့ရမည်။
၁၃၉။ (က) ပြည်သူ့လွှတ်တော်သည် အမျိုးသားလွှတ်တော်က ပေးပို့သော ဥပဒေကြမ်းတစ်ရပ်ကို လက်ခံရရှိသည့်အခါ အမျိုးသားလွှတ်တော်က ဆုံးဖြတ်သည့်အတိုင်း သဘောတူကြောင်း သို့မဟုတ် သဘောမတူကြောင်း သို့မဟုတ် ပြင်ဆင်ချက်များဖြင့် သဘောတူကြောင်း ဆုံးဖြတ်နိုင်သည်။ ထိုဥပဒေကြမ်းကိုပြည်သူ့လွှတ်တော်၏ ဆုံးဖြတ်ချက်နှင့်အတူ အမျိုးသားလွှတ်တော်သို့ ပြန်လည်ပေး ပို့ရမည်၊
(ခ) ပြည်သူ့လွှတ်တော်က ပေးပို့ခဲ့သည့်ဥပဒေကြမ်းကို အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်များဖြင့် ပြန်လည်ပေးပို့လာလျှင် ပြည်သူ့လွှတ်တော်သည် အမျိုးသားလွှတ်တော်၏ ပြင်ဆင်ချက်ကို လက်ခံပါက ယင်းဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော် နာယကထံ ပေးပို့ရမည်၊
(ဂ) ပြည်သူ့လွှတ်တော်သည် အမျိုးသားလွှတ်တော်သို့ ပေးပို့ခဲ့သော ဥပဒေကြမ်းတစ်ရပ်နှင့် စပ်လျဉ်း၍ အမျိုးသားလွှတ်တော်နှင့် သဘောကွဲလွဲလျှင် ပြည်ထောင်စုလွှတ်တော်၏ အဆုံးအဖြတ်ရယူရမည်။
၁၄၀။ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဖွဲ့စည်းသည့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းတစ်ရပ်ရပ်ကို ကိုယ်စားပြုသော အဖွဲ့အစည်းဝင်များသည် –
(က) ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၏ ခွင့်ပြုချက်ဖြင့် ပြည်သူ့လွှတ်တော် အစည်းအဝေးသို့ တက်ရောက် သည့်အခါ မိမိအဖွဲ့အစည်းနှင့် သက်ဆိုင်သော ဥပဒေကြမ်းများသို့မဟုတ် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရှင်းလင်း ပြောဆိုဆွေးနွေးခွင့်ရှိသည်။
(ခ) ပြည်သူ့လွှတ်တော်ကော်မတီများ၊ ကော်မရှင်များနှင့် အဖွဲ့များ၏ အစည်းအဝေးများသို့ ယင်း ကော်မတီ၊ ကော်မရှင် သို့မဟုတ် အဖွဲ့အကြီးအမှူး၏ခွင့်ပြုချက်ဖြင့် တက်ရောက်သည့်အခါ မိမိအဖွဲ့ အစည်းနှင့် သက်ဆိုင်သော ဥပဒေကြမ်းများ သို့မဟုတ် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောဆို ဆွေးနွေးခွင့်ရှိသည်။
အမျိုးသားလွှတ်တော်
အမျိုးသားလွှတ်တော် ဖွဲ့စည်းခြင်း
၁၄၁။ အမျိုးသားလွှတ်တော်ကို လွှတ်တော်ကိုယ်စားလှယ်ဦးရေ အများဆုံး ၂၂၄ ဦးဖြင့် အောက်ပါ အတိုင်း ဖွဲ့စည်းရမည်-
(က) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တစ်ခုစီမှ ကိုယ်စားလှယ် တစ်ဦးစီ ပါဝင်စေပြီး သက်ဆိုင်ရာ ပြည်ထောင်စုနယ်မြေများ အပါအဝင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုစီအတွက် ကိုယ်စားလှယ် ၁၂ ဦးကျစီ တူညီစွာဖြင့် ရွေးကောက်တင်မြှောက်သည့် အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ၁၆၈ ဦး၊
(ခ) သက်ဆိုင်ရာ ပြည်ထောင်စုနယ်မြေများအပါအဝင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုစီ အတွက် ကိုယ်စားလှယ်လေးဦးကျစီဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဥပဒေနှင့်အညီ အမည် စာရင်းတင်သွင်းသည့် တပ်မတော်သား အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၅၆ ဦး၊
(ဂ) ပုဒ်မခွဲ (က) နှင့် (ခ) တွင် ဖော်ပြထားသည့်အတိုင်း ဖွဲ့စည်းရာတွင် သက်ဆိုင်ရာ ပြည်ထောင်စု နယ်မြေ ဆိုသည်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေအရ သတ်မှတ်ထားသည့် ပြည်ထောင်စုနယ်မြေများသည် လည်းကောင်း၊ ပြည်ထောင်စုလွှတ်တော်က ဥပဒေပြဋ္ဌာန်း၍ သတ်မှတ်သော ပြည်ထောင်စုနယ်မြေ များသည် လည်းကောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ရွေးကောက်တင်မြှောက်ရန် ကိစ္စအလို့ငှာ အဆိုပါနယ်မြေပါဝင်ခဲ့သည့် ပြည်နယ်သို့မဟုတ် တိုင်းတွင်ဖြစ်စေ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် တွင်ဖြစ်စေ ပါဝင်ခြင်းကိုဆိုသည်။
အမျိုးသားလွှတ်တော် သဘာပတိ တင်မြှောက်ခြင်း
၁၄၂။ အမျိုးသားလွှတ်တော် သဘာပတိတင်မြှောက်ခြင်းကို ပုဒ်မ ၁၁၀ ပါ ပြည်သူ့လွှတ်တော် သဘာပတိတင်မြှောက်ခြင်းဆိုင်ရာ ပြဋ္ဌာန်းချက်များအတိုင်း ဆောင်ရွက်ရမည်။
အမျိုးသားလွှတ်တော် ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌ ရွေးကောက်တင်မြှောက်ခြင်း
၁၄၃။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌ ရွေးကောက်တင်မြှောက်ခြင်းကို ပုဒ်မ ၁၁၁ ပါ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌ ရွေးကောက်တင်မြှောက်ခြင်း ဆိုင်ရာပြဋ္ဌာန်းချက်များ အတိုင်း ဆောင်ရွက်ရမည်။
အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၏ လုပ်ငန်းတာဝန်
၁၄၄။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၏ လုပ်ငန်းတာဝန်သည် ပုဒ်မ ၁၁၂ ပါ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၏ လုပ်ငန်းတာဝန်ဆိုင်ရာ ပြဋ္ဌာန်းချက်များအတိုင်းဖြစ်သည်။
အမျိုးသားလွှတ်တော် ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတို့၏ တာဝန်ထမ်းဆောင်ခြင်းနှင့်ရပ်စဲခြင်း
၁၄၅။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတို့၏ တာဝန်ထမ်းဆောင်ခြင်းနှင့် ရပ်စဲခြင်းတို့သည် ပုဒ်မ ၁၁၃ ပါ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတို့၏ တာဝန်ထမ်းဆောင်ခြင်း၊ ရပ်စဲခြင်း ဆိုင်ရာ ပြဋ္ဌာန်းချက် များအတိုင်းဖြစ်သည်။
၁၄၆။ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတို့၏ တာဝန်၊ လုပ်ပိုင်ခွင့်နှင့် ရပိုင်ခွင့်များကို ဥပဒေ ပြဋ္ဌာန်းသတ်မှတ်ရမည်။
အမျိုးသားလွှတ်တော်ကော်မတီ၊ ကော်မရှင်နှင့် အဖွဲ့များ ဖွဲ့စည်းခြင်း
၁၄၇။ (က) အမျိုးသားလွှတ်တော်သည် ဥပဒေကြမ်းကော်မတီ၊ ပြည်သူ့ငွေစာရင်းကော်မတီ၊ လွှတ်တော် အခွင့်အရေးကော်မတီ၊ အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ တို့ကို အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းရမည်၊
(ခ) ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ ကိစ္စများကိုလည်းကောင်း၊ တပ်မတော်ဆိုင်ရာ ကိစ္စများကို လည်းကောင်းလေ့လာတင်ပြစေရန် အကြောင်းပေါ်ပေါက်ပါက အမျိုးသားလွှတ်တော်သည် ကာကွယ် ရေးနှင့် လုံခြုံရေး ကော်မတီကို တပ်မတော်သား အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များဖြင့် ကာလ သတ်မှတ်၍ဖွဲ့စည်းရမည်။ ထိုသို့ဖွဲ့စည်းသည့် ကာကွယ်ရေးနှင့် လုံခြုံရေးကော်မတီသည် လုပ်ငန်း လိုအပ်ချက်အရ တပ်မတော်သား မဟုတ်သော သင့်လျော်သည့် အမျိုးသားလွှတ်တော် ကိုယ်စား လှယ်များကိုလည်း ထည့်သွင်းဖွဲ့စည်းရန် လိုအပ်ပါက ဖွဲ့စည်းနိုင်သည်၊
(ဂ) အမျိုးသားလွှတ်တော်သည် ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တိုင်းရင်းသား လူမျိုးများအရေး၊ စီးပွားရေး၊ ဘဏ္ဍာရေး၊ လူမှုရေး၊ နိုင်ငံခြားရေးတို့ အပြင်အခြားရေးရာ ကိစ္စများကို လေ့လာတင်ပြ စေရန် လိုအပ်ပါက လွှတ်တော်ကော်မတီများကို အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များဖြင့် ကာလသတ်မှတ်၍ ဖွဲ့စည်းနိုင်သည်၊
(ဃ) အမျိုးသားလွှတ်တော်သည် အမျိုးသားလွှတ်တော်ကော်မတီများ၏ အဖွဲ့ဝင်ဦးရေ၊ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်နှင့် သတ်တမ်းတို့ကို သတ်မှတ်ပေးရမည်။
၁၄၈။ အမျိုးသားလွှတ်တော်သည် ပြည်သူ့လွှတ်တော်နှင့် ညှိနှိုင်းရန်ကိစ္စ ပေါ်ပေါက်လာလျှင် အမျိုးသား လွှတ်တော်နှင့် ပြည်သူ့လွှတ်တော်တို့မှ ကိုယ်စားလှယ်ဦးရေ တူညီစွာ ပါဝင်သော ပူးပေါင်းကော်မတီတစ်ရပ်ကို ဖွဲ့စည်းဆောင်ရွက်နိုင်ရေးအတွက် ယင်းကော်မတီတွင်ပါဝင်မည့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များကို ရွေးကောက်တင်မြှောက် တာဝန်ပေးအပ်နိုင်သည်။ ပူးပေါင်းကော်မတီ၏ သက်တမ်းသည် သက်ဆိုင်ရာ လွှတ်တော်သို့ အစီရင်ခံစာ တင်သွင်းပြီးသည့် အချိန်အထိဖြစ်သည်။
၁၄၉။ အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော်တို့သည် ပုဒ်မ ၁၄၇ ပုဒ်မခွဲ(က) နှင့် (ခ) ပါ ကော်မတီများကဆောင်ရွက်ရမည့် ကိစ္စများမှအပ အကြောင်းကိစ္စတစ်ရပ်ရပ်ကို လွှတ်တော်နှစ်ရပ်လုံးက လေ့လာရန်ရှိပါကယင်းလွှတ်တော်များ၏ ဥက္ကဋ္ဌများသည် အချင်းချင်းညှိနှိုင်း၍ အမျိုးသား လွှတ်တော်နှင့် ပြည်သူ့လွှတ်တော်တို့မှ ကိုယ်စားလှယ်ဦးရေ တူညီစွာပါဝင်သော ပူးပေါင်းကော်မတီ တစ်ရပ်ကို ဖွဲ့စည်းဆောင်ရွက်နိုင်သည်။ အမျိုးသား လွှတ်တော်သည် ထိုကော်မတီတွင်ပါဝင်မည့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များကို ရွေးကောက်တင်မြှောက် တာဝန်ပေးအပ်နိုင်သည်။ ယင်းပူးပေါင်းကော်မတီ၏ သက်တမ်းသည် သက်ဆိုင်ရာလွှတ်တော်သို့ အစီရင်ခံ စာတင်သွင်းပြီးသည့် အချိန်အထိဖြစ်သည်။
၁၅၀။ အမျိုးသားလွှတ်တော် ကော်မရှင်နှင့် အဖွဲ့များ ဖွဲ့စည်းခြင်းကို ပုဒ်မ ၁၁၈ ပါ ပြည်သူ့လွှတ်တော် ကော်မရှင်နှင့် အဖွဲ့များဖွဲ့စည်းခြင်းဆိုင်ရာ ပြဋ္ဌာန်းချက်များအတိုင်း ဆောင်ရွက်ရမည်။
အမျိုးသားလွှတ်တော်၏ သက်တမ်း
၁၅၁။ အမျိုးသားလွှတ်တော်၏ သက်တမ်းသည် ပြည်သူ့လွှတ်တော်၏ သက်တမ်းနှင့်အညီဖြစ်သည်။ ပြည်သူ့လွှတ်တော်၏ သက်တမ်းကုန်ဆုံးသောနေ့တွင် အမျိုးသားလွှတ်တော်၏ သက်တမ်းသည်လည်း ကုန်ဆုံး သည်။
အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များ၏ အရည်အချင်း
၁၅၂။ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များသည် –
(က) အသက် ၃၀ နှစ်ပြည့်ပြီးသူများ ဖြစ်ရမည်၊
(ခ) အသက်ကန့်သတ်ချက်မှအပ ပုဒ်မ ၁၂၀ တွင် ဖော်ပြထားသည့် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်များအဖြစ် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့် ရှိသောအရည်အချင်းများနှင့် ပြည့်စုံရမည်။
(ဂ) ပုဒ်မ ၁၂၁ တွင်ဖော်ပြထားသည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင် မြှောက်ခံပိုင်ခွင့် မရှိစေသော ပြဋ္ဌာန်းချက်များနှင့်လည်းသက်ဆိုင်စေရမည်။
တပ်မတော်သား အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များ၏ အရည်အချင်း
၁၅၃။ တပ်မတော်သား အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များအဖြစ် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ဥပဒေနှင့်အညီ အမည်စာရင်းတင်သွင်းသည့် တပ်မတော်သားများသည် အမျိုးသား လွှတ်တော် ကိုယ်စားလှယ် များအတွက် သတ်မှတ်ထားသည့် အရည်အချင်းများနှင့် ပြည့်စုံရမည်။
အမျိုးသားလွှတ်တော် အစည်းအဝေးကျင်းပခြင်း
၁၅၄။ (က) အမျိုးသားလွှတ်တော်သက်တမ်း စတင်သည့်နေ့ရက်သည် ပြည်သူ့လွှတ်တော်သက်တမ်း စတင်သည့် နေ့ရက်ဖြစ်သည်၊
(ခ) အမျိုးသားလွှတ်တော်၏ ပထမအကြိမ် ပုံမှန်အစည်းအဝေးကို ယင်းလွှတ်တော်၏သက်တမ်း စတင်သည့်နေ့မှ ခုနစ်ရက်အတွင်းကျင်းပရမည်။
၁၅၅။ အမျိုးသားလွှတ်တော် အစည်းအဝေးကျင်းပခြင်းကို ပုဒ်မ ၁၂၄ မှ ၁၃၅ ထိပါ ပြည်သူ့လွှတ်တော် အစည်းအဝေးကျင်းပခြင်းဆိုင်ရာ ပြဋ္ဌာန်းချက်များအတိုင်း ဆောင်ရွက်ရမည်။
ဥပဒေကြမ်းတင်သွင်းခြင်း
၁၅၆။ ပြည်ထောင်စုဥပဒေပြုစာရင်းတွင် ဖော်ပြသော ကိစ္စရပ်များအနက် ပြည်ထောင်စု လွှတ်တော်တွင်သာ ဥပဒေကြမ်းတင်သွင်းဆုံးဖြတ်ရမည်ဟု ဖွဲ့စည်းပုံအခြေခံဥပဒေ၌ ပြဋ္ဌာန်းထားသည့် ကိစ္စရပ်များမှအပ ကျန်ကိစ္စရပ်များကို သတ်မှတ်ထားသည့် နည်းလမ်းများနှင့် အညီအမျိုးသား လွှတ်တော်တွင် ဥပဒေကြမ်းစတင်တင်သွင်းခွင့်ရှိသည်။
၁၅၇။ (က) ပြည်ထောင်စုလွှတ်တော်ကပြဋ္ဌာန်းသည့် ဥပဒေအရပြုသည့် နည်းဥပဒေ၊ စည်းမျဉ်း သို့မဟုတ် စည်းကမ်းတစ်ရပ်ရပ်ကို ထုတ်ပြန်ပြီးသည့်အခါ သက်ဆိုင်ရာ အဖွဲ့အစည်းသည် မိမိထုတ်ပြန်သည့် နည်းဥပဒေ၊ စည်းမျဉ်းသို့မဟုတ် စည်းကမ်းကို အနီးကပ်ဆုံးကျင်းပသော အမျိုးသား လွှတ်တော်ပုံမှန် အစည်းအဝေးကာလတွင် လွှတ်တော်ဥက္ကဋ္ဌက ခွင့်ပြုသည့်အစီအစဉ်ဖြင့် လွှတ်တော် ကိုယ်စားလှယ်များထံ ဖြန့်ဝေတင်ပြရမည်၊
(ခ) နည်းဥပဒေ၊ စည်းမျဉ်းသို့မဟုတ် စည်းကမ်းတစ်ရပ်ရပ်သည် သက်ဆိုင်ရာဥပဒေပါ ပြဋ္ဌာန်း ချက်များနှင့် ညီညွတ်မှုမရှိကြောင်း တွေ့ရှိပါက ယင်းနည်းဥပဒေ၊ စည်းမျဉ်းသို့မဟုတ် စည်းကမ်းကို ပယ်ဖျက်ရန် သို့မဟုတ် ပြင်ဆင်စေရန် နည်းဥပဒေ၊ စည်းမျဉ်း သို့မဟုတ် စည်းကမ်းဖြန့်ဝေ တင်ပြသောနေ့ရက်မှ ရက်ပေါင်း ၉၀ အတွင်း လွှတ်တော်ကိုယ်စားလှယ်များက အမျိုးသားလွှတ်တော် တွင် အဆိုတင်သွင်းနိုင်သည်၊
(ဂ) နည်းဥပဒေ၊ စည်းမျဉ်း သို့မဟုတ် စည်းကမ်းတစ်ရပ်ရပ်ကို ပယ်ဖျက်ရန် သို့မဟုတ် ပြင်ဆင်စေရန် ဆုံးဖြတ်ရာတွင် အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော်တို့ သဘောကွဲလွဲပါက ပြည်ထောင်စု လွှတ်တော်သို့ တင်ပြရမည်။
၁၅၈။ (က) ဖွဲ့စည်းပုံအခြေခံဥပဒေအရဖွဲ့စည်းသည့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းတစ်ရပ်ရပ်က တင်သွင်းသော ဥပဒေကြမ်းများကို ပြည်ထောင်စုလွှတ်တော်က သတ်မှတ်ထားသည့် နည်းလမ်းများနှင့် အညီ ပေးပို့လာလျှင် အမျိုးသားလွှတ်တော်တွင် စတင်တင်သွင်းသော ဥပဒေကြမ်းဟု မှတ်ယူ၍ အမျိုးသားလွှတ်တော်၌ ဆွေးနွေးဆုံးဖြတ်ရမည်၊
(ခ) အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များသည် ပြည်ထောင်စုဥပဒေ ပြုစာရင်းတွင်ပါရှိသော ကိစ္စရပ်များအနက် ပြည်ထောင်စုလွှတ်တော်၌သာ ဥပဒေကြမ်းတင်သွင်းဆုံးဖြတ်ရမည်ဟု ဖွဲ့စည်းပုံ အခြေခံဥပဒေ၌ သတ်မှတ် ပြဋ္ဌာန်းထားသည့် ကိစ္စရပ်များမှအပ ကျန်ကိစ္စရပ်များနှင့် စပ်လျဉ်းသော ဥပဒေကြမ်းများကို ဥပဒေနှင့်အညီ အမျိုးသားလွှတ်တော်သို့ စတင်တင်သွင်းခွင့်ရှိသည်။ ယင်းဥပဒေ ကြမ်းများကို သတ်မှတ်ထားသည့် နည်းလမ်းများနှင့်အညီ အမျိုးသားလွှတ်တော်၌ ဆွေးနွေးဆုံး ဖြတ်ရမည်၊
(ဂ) အမျိုးသားလွှတ်တော်က အတည်ပြုသည့်ဥပဒေကြမ်းများကို ဆက်လက်ဆွေးနွေး ဆုံးဖြတ်နိုင်ရန် ပြည်သူ့ လွှတ်တော်သို့ ပေးပို့ရမည်။
၁၅၉။ (က) အမျိုးသားလွှတ်တော်သည် ပြည်သူ့လွှတ်တော်က ပေးပို့သော ဥပဒေကြမ်းတစ်ရပ်ကို လက်ခံရရှိသည့်အခါ ပြည်သူ့လွှတ်တော်က ဆုံးဖြတ်သည့်အတိုင်း သဘောတူကြောင်း သို့မဟုတ် သဘောမ တူကြောင်း သို့မဟုတ် ပြင်ဆင်ချက်များဖြင့် သဘောတူကြောင်း ဆုံးဖြတ်နိုင်သည်။ ထိုဥပဒေကြမ်းကို အမျိုးသားလွှတ်တော်၏ ဆုံးဖြတ်ချက်နှင့်အတူ ပြည်သူ့လွှတ်တော်သို့ ပြည်လည် ပေးပို့ရမည်၊
(ခ) အမျိုးသားလွှတ်တော်က ပေးပို့ခဲ့သည့်ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်များဖြင့် ပြန်လည်ပေးပို့လာလျှင် အမျိုးသားလွှတ်တော်သည် ပြည်သူ့လွှတ်တော်၏ ပြင်ဆင်ချက်ကို လက်ခံပါက ယင်းဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော် နာယကထံ ပေးပို့ရမည်၊
(ဂ) အမျိုးသားလွှတ်တော်သည် ပြည်သူ့လွှတ်တော်သို့ ပေးပို့ခဲ့သော ဥပဒေကြမ်းတစ်ရပ်နှင့် စပ်လျဉ်း၍ ပြည်သူ့လွှတ်တော်နှင့် သဘောကွဲလွဲလျှင် ပြည်ထောင်စုလွှတ်တော်၏ အဆုံးအဖြတ်ရယူရမည်။
၁၆၀။ ဖွဲ့စည်းပုံအခြေခံဥပဒေအရဖွဲ့စည်းသည့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်း တစ်ရပ်ရပ်ကို ကိုယ်စားပြုသော အဖွဲ့အစည်းဝင်များသည် –
(က) အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၏ ခွင့်ပြုချက်ဖြင့် အမျိုးသားလွှတ်တော် အစည်းအဝေးသို့ တက်ရောက်သည့်အခါ မိမိအဖွဲ့အစည်းနှင့် သက်ဆိုင်သော ဥပဒေကြမ်းများသို့မဟုတ် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောဆို ဆွေးနွေးခွင့်ရှိသည်၊
(ခ) အမျိုးသားလွှတ်တော် ကော်မတီများ၊ ကော်မရှင်များနှင့် အဖွဲ့များ၏ အစည်းအဝေးများသို့ ယင်းကော်မတီ၊ ကော်မရှင် သို့မဟုတ် အဖွဲ့အကြီးအမှူး၏ ခွင့်ပြုချက်ဖြင့် တက်ရောက်သည့် အခါ မိမိအဖွဲ့အစည်းနှင့် သက်ဆိုင်သော ဥပဒေကြမ်းများ သို့မဟုတ် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရှင်းလင်း ပြောဆိုဆွေးနွေးခွင့်ရှိသည်။
တိုင်းဒေသကြီးလွှတ်တော်သို့မဟုတ် ပြည်နယ်လွှတ်တော်
တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ဖွဲ့စည်းခြင်း
၁၆၁။ တိုင်းဒေသကြီးသို့မဟုတ် ပြည်နယ်လွှတ်တော်ကို အောက်ပါအတိုင်းဖွဲ့စည်းရမည် –
(က) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များတွင် မြို့နယ်တစ်မြို့နယ်လျှင် နှစ်ဦးကျစီရွေးကောက် တင်မြှောက်သည့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊
(ခ) တိုင်းဒေသကြီးများတွင် ထိုတိုင်းဒေသကြီး ရရှိပြီးသော သို့မဟုတ် ထိုတိုင်းဒေသကြီးအတွင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စု ရရှိပြီးသော တိုင်းရင်းသားလူမျိုးများမှအပ ကျန်တိုင်းရင်းသား လူမျိုးများ အနက် လျော်ကန်သင့်မြတ်သော လူဦးရေဖြစ်သည့် နိုင်ငံတော်ရှိ လူဦးရေစုစုပေါင်း၏ သုညဒသမ တစ်ရာခိုင်နှုန်းနှင့် အထက်ရှိကြောင်း သက်ဆိုင်ရာက သတ်မှတ်သော တိုင်းရင်းသားလူမျိုး အသီးသီးက လူမျိုးတစ်မျိုးလျှင် တစ်ဦးကျစီရွေးကောက် တင်မြှောက်သည့် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စား လှယ်များ၊
(ဂ) ပြည်နယ်များတွင် ထိုပြည်နယ်ရရှိပြီးသော သို့မဟုတ် ထိုပြည်နယ်အတွင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုရရှိပြီးသော တိုင်းရင်းသားလူမျိုးများမှအပ ကျန်တိုင်းရင်းသားလူမျိုးများအနက် လျော်ကန် သင့်မြတ် သောလူဦးရေဖြစ်သည့် နိုင်ငံတော်ရှိ လူဦးရေ စုစုပေါင်း၏ သုညဒသမတစ်ရာခိုင်နှုန်း နှင့်အထက်ရှိကြောင်း သက်ဆိုင်ရာက သတ်မှတ်သော တိုင်းရင်းသားလူမျိုးအသီးသီးက လူမျိုးတစ်မျိုး လျှင် တစ်ဦးကျစီ ရွေးကောက်တင်မြှောက်သည့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊
(ဃ) ပုဒ်မခွဲ (က) နှင့် (ခ) သို့မဟုတ် ပုဒ်မခွဲ (က) နှင့် (ဂ) တို့အရ ရွေးကောက်တင်မြှောက်သည့် လွှတ်တော် ကိုယ်စားလှယ်စုစုပေါင်း၏ သုံးပုံတစ်ပုံနှင့်ညီမျှသော တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ဥပဒေနှင့်အညီ အမည်စာရင်းတင်သွင်းသည့် တပ်မတော်သားတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်များ။
တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်သဘာပတိတင်မြှောက်ခြင်း
၁၆၂။ တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် သဘာပတိတင်မြှောက်ခြင်းကိုပုဒ်မ ၁၁၀ ပါပြည်သူ့လွှတ်တော် သဘာပတိတင်မြှောက်ခြင်းဆိုင်ရာ ပြဋ္ဌာန်းချက်များအတိုင်း ဆောင်ရွက် ရမည်။
တိုင်းဒေသကြီးလွှတ်တော်သို့မဟုတ် ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌရွေးကောက် တင်မြှောက်ခြင်း
၁၆၃။ တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌရွေးကောက် တင်မြှောက်ခြင်းကို ပုဒ်မ ၁၁၁ ပါ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌရွေးကောက် တင်မြှောက် ခြင်းဆိုင်ရာ ပြဋ္ဌာန်းချက်များအတိုင်း ဆောင်ရွက်ရမည်။
တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၏ လုပ်ငန်းတာဝန်
၁၆၄။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌသည် –
(က) တိုင်းဒေသကြီးသို့မဟုတ် ပြည်နယ်လွှတ်တော် အစည်းအဝေးများကို ကြီးကြပ်ကွပ်ကဲရမည်၊
(ခ) တိုင်းဒေသကြီးသို့မဟုတ် ပြည်နယ်လွှတ်တော် အစည်းအဝေးသို့တက်ရောက်၍ မိန့်ခွန်းပြောကြား လိုကြောင်း နိုင်ငံတော်သမ္မတက အကြောင်းကြားလျှင် နိုင်ငံတော်သမ္မတအား ဖိတ်ကြားရမည်၊
(ဂ) တိုင်းဒေသကြီးသို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်က မိန့်ခွန်းပြောကြားလိုကြောင်း အကြောင်းကြား လျှင် လိုအပ်သလို စီစဉ်ဆောင်ရွက်ပေးရမည်၊
(ဃ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် အစည်းအဝေး၌ ဆွေးနွေးဆောင်ရွက်ဆဲ အကြောင်းအရာ တစ်ရပ်ရပ်နှင့် စပ်လျဉ်း၍ လိုအပ်လျှင်ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဖွဲ့စည်းသည့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့် အဖွဲ့အစည်းတစ်ရပ်ရပ်ကို ကိုယ်စားပြုသော အဖွဲ့ အစည်းဝင်များ သို့မဟုတ် ပုဂ္ဂိုလ်များကို တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်သို့ တက်ရောက် ရှင်းလင်း တင်ပြစေရန် ဖိတ်ကြားခွင့်ရှိသည်၊
(င) ဖွဲ့စည်းပုံအခြေခံ ဥပဒေအရသော်လည်းကောင်း၊ ဥပဒေတစ်ရပ်ရပ်အရ သော်လည်းကောင်း သတ်မှတ်ထားသည့် အခြားတာဝန်နှင့် လုပ်ပိုင်ခွင့်များဆောင်ရွက်ရမည်။
တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတို့၏ တာဝန် ထမ်းဆောင် ခြင်းနှင့် ရပ်စဲခြင်း
၁၆၅။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတို့၏ တာဝန် ထမ်းဆောင် ခြင်းနှင့် ရပ်စဲခြင်းကို ပုဒ်မ ၁၁၃ ပါ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတို့၏ တာဝန်ထမ်း ဆောင်ခြင်းနှင့် ရပ်စဲခြင်းဆိုင်ရာ ပြဋ္ဌာန်းချက်များအတိုင်း ဆောင်ရွက်ရမည်။
၁၆၆။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတို့၏ တာဝန်၊ လုပ်ပိုင်ခွင့် နှင့် ရပိုင်ခွင့်များကို ဥပဒေပြဋ္ဌာန်းသတ်မှတ်ရမည်။
တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ကော်မတီနှင့် အဖွဲ့များဖွဲ့စည်းခြင်း
၁၆၇။ (က) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်သည် ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ အပ်နှင်းထားသည့် ဥပဒေပြုရေး၊ တိုင်းရင်းသားလူမျိုးများအရေးကို လေ့လာတင်ပြနိုင်စေရေးအတွက် လိုအပ်သည့်အခါ ကော်မတီနှင့် အဖွဲ့များကိုသက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းနိုင်သည်။
(ခ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်သည် အထက်ပါကော်မတီနှင့် အဖွဲ့များတွင် သင့်လျော်သည့် နိုင်ငံသားများကို ထည့်သွင်းဖွဲ့စည်းနိုင်သည်၊
(ဂ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်သည် ကော်မတီနှင့် အဖွဲ့များကို ဖွဲ့စည်းသည့်အခါ ယင်းကော်မတီ သို့မဟုတ် အဖွဲ့များ၏ အဖွဲ့ဝင်ဦးရေ၊ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်နှင့် သက်တမ်းကိုပါ သတ်မှတ်ပေးရမည်။
တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်၏သက်တမ်း
၁၆၈။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်၏ သက်တမ်းသည် ပြည်သူ့လွှတ်တော်၏ သက်တမ်းနှင့် အညီဖြစ်သည်။ ပြည်သူ့လွှတ်တော်၏ သက်တမ်းကုန်ဆုံးသောနေ့တွင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော်၏ သက်တမ်းသည်လည်း ကုန်ဆုံးသည်။
တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၏အရည်အချင်း
၁၆၉။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များသည်-
(က) ပုဒ်မ ၁၂၁ တွင် ဖော်ပြထားသည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက် တင်မြှောက်ခံပိုင်ခွင့်ရှိသော အရည်အချင်းများနှင့်ပြည့်စုံရမည်၊
(ခ) ပုဒ်မ ၁၂၀ တွင် ဖော်ပြထားသည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက် ခံပိုင်ခွင့် မရှိစေသော ပြဋ္ဌာန်းချက်များနှင့်လည်း သက်ဆိုင်စေရမည်။
တပ်မတော်သား တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၏ အရည်အချင်း
၁၇၀။ တပ်မတော်သား တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များအဖြစ် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ဥပဒေနှင့်အညီ အမည်စာရင်းတင်သွင်းသည့် တပ်မတော်သား များသည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များအတွက် သတ်မှတ် ထားသည့် အရည်အချင်းများနှင့် ပြည့်စုံရမည်။
တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် အစည်းအဝေးကျင်းပခြင်း
၁၇၁။ (က) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်သက်တမ်း စတင်သည့် နေ့ရက်သည် ပြည်သူ့ လွှတ်တော် သက်တမ်းစတင်သည့် နေ့ရက်ဖြစ်သည်၊
(ခ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်၏ ပထမအကြိမ် ပုံမှန်အစည်းအဝေးကို ယင်း လွှတ်တော်၏ သက်တမ်းစတင်သည့်နေ့မှ ၁၅ ရက် အတွင်း ကျင်းပရမည်။
၁၇၂။ (က) ဖွဲ့စည်းပုံအခြေခံဥပဒေ အာဏာတည်ပြီးနောက် ပထမအကြိမ် တိုင်းဒေသကြီးသို့မဟုတ် ပြည်နယ် လွှတ်တော်ပုံမှန်အစည်းအဝေးကို နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက ခေါ်ယူကျင်းပရမည်၊
(ခ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်၏ နောင်သက်တမ်းများအတွက် ပထမအကြိမ် ပုံမှန် အစည်းအဝေးများကို ဖွဲ့စည်းပုံအခြေခံ ဥပဒေပါပြဋ္ဌာန်းချက်နှင့်အညီ တာဝန်ဆက်လက် ထမ်းဆောင်လျက်ရှိသော တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ခေါ်ယူကျင်းပရမည်။
၁၇၃။ (က) ပထမအကြိမ်ကျင်းပသော တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ပုံမှန်အစည်း အဝေးတွင်တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များသည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော်သဘာပတိရှေ့မှောက်၌ ဇယား ၄ တွင် ဖော်ပြထားသည့်အတိုင်း ကတိ သစ္စာပြုရမည်၊
(ခ) ကတိသစ္စာမပြုရသေးသော တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် များသည် စတင်တက်ရောက်သော တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် အစည်းအဝေးတွင် လွှတ်တော် ဥက္ကဋ္ဌရှေ့မှောက်၌ ကတိသစ္စာပြုရမည်။
၁၇၄။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ပုံမှန်အစည်းအဝေးကို တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက တစ်နှစ်လျှင် အနည်းဆုံး တစ်ကြိမ်ခေါ်ယူကျင်းပရမည်။ ပုံမှန်အစည်း အဝေးတစ်ကြိမ်နှင့်တစ်ကြိမ်အကြား အရှည်ကြာဆုံးကာလသည် ၁၂ လထက်မပိုစေရ။
၁၇၅။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် အစည်းအဝေး၌ အောက်ပါကိစ္စရပ်များ ဆောင်ရွက်သည်-
(က) နိုင်ငံတော်သမ္မတပြောကြားသည့် မိန့်ခွန်းကို မှတ်တမ်းတင်ခြင်း၊
(ခ) နိုင်ငံတော်သမ္မတက ပေးပို့သော သဝဏ်လွှာနှင့် ဥက္ကဋ္ဌက ခွင့်ပြုသော အခြားသဝဏ်လွှာများကို ဖတ်ကြားခြင်း၊ မှတ်တမ်းတင်ခြင်း၊
(ဂ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်ပြောကြားသည့် မိန့်ခွန်းကိုမှတ်တမ်းတင်ခြင်း၊
(ဃ) ဥပဒေကြမ်းတင်သွင်းခြင်း၊ ဆွေးနွေးခြင်း၊ ဆုံးဖြတ်ခြင်း၊
(င) ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များအရလည်းကောင်း၊ တည်ဆဲဥပဒေတစ်ရပ်ရပ်ပါ ပြဋ္ဌာန်းချက် များအရလည်းကောင်း၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်က ဆောင်ရွက် ရမည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခြင်း၊ ဆုံးဖြတ်ခြင်း၊
(စ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်သို့ တင်သွင်းသည့် အစီရင်ခံစာများကို ဆွေးနွေးခြင်း၊ ဆုံးဖြတ်ခြင်း၊ မှတ်တမ်းတင်ခြင်း၊
(ဆ) အဆိုတင်သွင်းခြင်း၊ ဆွေးနွေးခြင်း၊ ဆုံးဖြတ်ခြင်း၊
(ဇ) မေးခွန်းမေးမြန်းခြင်း၊ ဖြေကြားခြင်း၊
(ဈ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌက ခွင့်ပြုသည့်ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆောင်ရွက်ခြင်း။
၁၇၆။ တိုင်းဒေသကြီးသို့မဟုတ် ပြည်နယ်လွှတ်တော်၏ အဆုံးအဖြတ်ရယူမည့် ကိစ္စရပ်များ၊ သဘောတူညီချက်ရယူမည့် ကိစ္စရပ်များ၊ အတည်ပြုချက် ရယူမည့်ကိစ္စရပ်များကို အောက်ပါ အတိုင်း ဆောင်ရွက်ရမည်-
(က) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် အစည်းအဝေးကျင်းပဆဲ ကာလဖြစ်လျှင် ယင်းအစည်းအဝေး၌ ဆွေးနွေးဆုံးဖြတ်ရမည်၊
(ခ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် အစည်းအဝေးကျင်းပဆဲ ကာလမဟုတ်လျှင် အနီးကပ်ဆုံး တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် အစည်းအဝေး၌ ဆွေးနွေးဆုံးဖြတ်ရမည်၊
(ဂ) အများပြည်သူအကျိုးငှာ အလျင်အမြန်ဆောင်ရွက်ရမည့် ကိစ္စရပ်များကို အထူးအစည်းအဝေး သို့မဟုတ် အရေးပေါ်အစည်းအဝေး ခေါ်ယူကျင်းပ၍ ဆွေးနွေးဆုံးဖြတ်ရမည်။
၁၇၇။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် အထူးအစည်းအဝေးကိုဖြစ်စေ၊ အရေးပေါ် အစည်းအဝေး ကိုဖြစ်စေ၊ ကျင်းပရန်လိုအပ်လျှင် သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌက ခေါ်ယူ ကျင်းပနိုင်သည်။
၁၇၈။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် အစည်းအဝေးကို ခေါ်ယူကျင်းပပေးရန် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်က အကြောင်းကြားလျှင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌသည် လွှတ်တော်အထူးအစည်းအဝေးကိုဖြစ်စေ၊ အရေးပေါ်အစည်းအဝေး ကိုဖြစ်စေ အမြန်ဆုံးခေါ်ယူကျင်းပရမည်။
၁၇၉။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် အစည်းအဝေးကို ခေါ်ယူကျင်းပပေးရန် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်းစားလှယ် စုစုပေါင်းဦးရေအနက် အနည်းဆုံး လေးပုံတစ်ပုံက တောင်းဆိုလျှင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက အထူးအစည်း အဝေးကို အမြန်ဆုံး ခေါ်ယူကျင်းပရမည်။
၁၈၀။ (က) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် အစည်းအဝေးတစ်ရပ်၏ ပထမနေ့တွင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသည့် လွှတ်တော် ကိုယ်စားလှယ် စုစုပေါင်းဦးရေ၏ ထက်ဝက်ကျော်ဦးရေ တက်ရောက်လျှင် ယင်းအစည်းအဝေး အထမြောက်သည်။ အကယ်၍ အထမ မြောက်ပါက အစည်းအဝေးကို ရွှေ့ဆိုင်းကျင်းပရမည်၊
(ခ) ပုဒ်မခွဲ (က) အရ အစည်းအဝေး အထမမြောက်သည့်အတွက် ရွှေ့ဆိုင်းကျင်းပသော အစည်းအဝေး များနှင့် အစည်းအဝေး အထမြောက်ပြီးနောက် ဆက်လက်ကျင်းပသော အစည်းအဝေးများတွင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် အစည်းအဝေးကို တက်ရောက်ခွင့်ရှိသည့် လွှတ်တော် ကိုယ်စားလှယ် စုစုပေါင်းဦးရေအနက် အနည်းဆုံး သုံးပုံတစ်ပုံတက်ရောက်လျှင် ယင်းအစည်းအဝေးများ အထမြောက်သည်။
၁၈၁။ (က) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်တွင် အဆုံးအဖြတ်ပြုရမည့် အကြောင်း အရာတစ်ရပ်နှင့် စပ်လျဉ်း၍ မဲခွဲဆုံးဖြတ်ရာ၌ ဖွဲ့စည်းပုံအခြေခံ ဥပဒေတွင် အခြားနည်းပြဋ္ဌာန်း ထားခြင်းမရှိလျှင် အစည်းအဝေးသို့ တက်ရောက်၍ ဆန္ဒမဲပေးသည့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ၏ များရာဆန္ဒမဲဖြင့် ဆုံးဖြတ်ရမည်၊
(ခ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် အစည်းအဝေးများတွင် မဲခွဲဆုံးဖြတ်သည့်ကိစ္စများ၌ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ သို့မဟုတ် ဥက္ကဋ္ဌတာဝန်ထမ်းဆောင်နေသည့် ဒုတိယဥက္ကဋ္ဌသည် ဆန္ဒမဲမပေးရ။ ထောက်ခံဆန္ဒမဲနှင့် ကန့်ကွက်ဆန္ဒမဲ အရေအတွက်ချင်း တူညီနေသည့် ကိစ္စရပ်တွင်သာ အနိုင်မဲပေးရမည်။
၁၈၂။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တစ်ဦးသည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် အစည်းအဝေးတစ်ရပ်တွင် တိုင်းဒေသကြီးသို့မဟုတ် ပြည်နယ် လွှတ်တော်၏ ခွင့်ပြုချက်မရဘဲ အစည်းအဝေးတက်ရောက်ရန် အနည်းဆုံး ရက်ပေါင်း ၁၅ ရက် တစ် ဆက်တည်း ပျက်ကွက်လျှင် သတ်မှတ်ထားသည့် နည်းလမ်းများနှင့်အညီ ထိုတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်၏ နေရာလစ်လပ်သည်ဟု တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော်က ကြေညာနိုင်သည်။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် အစည်းအဝေး တက်ရောက်ရန် ခွင့်မဲ့ပျက်ကွက်သည့် ရက်ပေါင်း ၁၅ ရက်ကို ရေတွက်ရာ၌ အစည်းအဝေး ရွှေ့ဆိုင်း ထားသည့်ကာလကို ထည့်သွင်းရေတွက်ခြင်း မပြုရ။
၁၈၃။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်သည် လွှတ်တော်ကိုယ်စားလှယ် နေရာအချို့ လစ်လပ်နေစေကာမူ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် လုပ်ငန်းများကို ဆောင်ရွက် ခွင့်ရှိသည်။ ထို့ပြင် အခွင့်အရေးမရှိသူတစ်ဦးက တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် အစည်းအဝေးသို့ တက်ရောက်ခဲ့ခြင်း၊ ဆန္ဒမဲပေးခဲ့ခြင်း သို့မဟုတ် လွှတ်တော်လုပ်ငန်း တစ်ရပ်ရပ်တွင် ပါဝင်ဆောင်ရွက်ခဲ့ခြင်းကို နောင်အခါတွင်မှ စစ်ဆေးတွေ့ရှိစေကာမူ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော်၏ ဆုံးဖြတ် ဆောင်ရွက်ချက်များသည် ပျက်ပြယ်ခြင်းမရှိစေရ။
၁၈၄။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်၏ ဆောင်ရွက်ချက်များနှင့် မှတ်တမ်းများကို အများပြည်သူ သိရှိနိုင်ရန်ထုတ်ပြန်ရမည်။ သို့ရာတွင် ဥပဒေတစ်ရပ်ရပ်အရဖြစ်စေ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော်၏ ဆုံးဖြတ်ချက်အရဖြစ်စေ တားမြစ်ထားသည့် ဆောင်ရွက်ချက်များနှင့် မှတ်တမ်းများကို ထုတ်ပြန်ခြင်းမပြုရ။
၁၈၅။ (က) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များသည် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်လည်းကောင်း၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ဆိုင်ရာ ဥပဒေပါပြဋ္ဌာန်းချက်များနှင့် လည်းကောင်း မဆန့်ကျင်လျှင် တိုင်းဒေသကြီးသို့မဟုတ် ပြည်နယ်လွှတ်တော်နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်က ဖွဲ့စည်းသည့် ကော်မတီနှင့် အဖွဲ့တို့တွင် လွတ်လပ်စွာ ပြောဆိုခွင့်နှင့် ဆန္ဒမဲပေးခွင့်ရှိသည်။ ထိုသို့တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်၊ လွှတ်တော်ကော်မတီနှင့် အဖွဲ့များတွင် တင်ပြဆွေးနွေးခြင်း၊ ဆောင်ရွက်ခြင်း တို့နှင့်စပ်လျဉ်း၍ တိုင်းဒေသကြီးသို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တစ်ဦးကို တိုင်းဒေ သကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဆိုင်ရာ ဥပဒေမှအပ အခြားဥပဒေအရ အရေးယူခြင်းမပြုရ၊
(ခ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် အစည်းအဝေးသို့ တက်ရောက်ရန် ခွင့်ပြုခြင်း သို့မဟုတ် ဖိတ်ကြားခြင်းခံရသော ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဖွဲ့စည်းသည့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့် အဖွဲ့အစည်းတစ်ရပ်ရပ်ကို ကိုယ်စားပြုသော အဖွဲ့အစည်းဝင်များ သို့မဟုတ် ပုဂ္ဂိုလ်များသည် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် သော်လည်းကောင်း၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော်ဆိုင်ရာ ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် သော်လည်းကောင်း မဆန့်ကျင်လျှင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် သို့မဟုတ် လွှတ်တော်ကဖွဲ့စည်းသည့် ကော်မတီနှင့်အဖွဲ့များတွင် လွတ်လပ်စွာ ပြောဆိုခွင့်ရှိသည်။ တိုင်းဒေသကြီးသို့မဟုတ် ပြည်နယ် လွှတ်တော် သို့မဟုတ် လွှတ်တော်က ဖွဲ့စည်းသည့် ကော်မတီနှင့် အဖွဲ့များတွင် တင်ပြပြောဆိုမှုများနှင့် စပ်လျဉ်း၍ ယင်းအဖွဲ့အစည်းဝင်များ သို့မဟုတ် ပုဂ္ဂိုလ်များအား တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော်ဆိုင်ရာ ဥပဒေမှအပ အခြားဥပဒေအရ အရေးယူခြင်းမပြုရ၊
(ဂ) ပုဒ်မခွဲ (က) နှင့် (ခ) တွင်ပါရှိသောပုဂ္ဂိုလ်များသည် အထက်ပါအခွင့်အရေးများကို ကျင့်သုံးကြရာ တွင် ကိုယ်ထိလက်ရောက် ကျူးလွန်မှုများရှိခဲ့ပါက ယင်းတို့သည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော်၏ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းများအရ လည်းကောင်း၊ တည်ဆဲဥပဒေများအရ လည်းကောင်း အရေးယူခြင်းခံရမည်။
၁၈၆။ (က) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်က အစည်းအဝေး တက်ရောက်နေသော တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တစ်ဦးကိုဖြစ်စေ၊ လွှတ်တော်ဥက္ကဋ္ဌ၏ ခွင့်ပြုချက် သို့မဟုတ် ဖိတ်ကြားချက်အရ ယင်းအစည်းအဝေးသို့ တက်ရောက်နေသော ပုဂ္ဂိုလ်တစ်ဦး ကိုဖြစ်စေ၊ ဖမ်းဆီးရန်လိုအပ်ပါက ခိုင်လုံသောအထောက်အထားကို သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌထံ တင်ပြရမည်။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ၏ ကြိုတင်ခွင့်ပြုချက်မရရှိဘဲ ဖမ်းဆီးခြင်းမပြုရ၊
(ခ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်က ဖွဲ့စည်းသောကော်မတီ သို့မဟုတ် အဖွဲ့တစ်ခုခု၏ အစည်းအဝေးတက်ရောက်နေသည့် ယင်းကော်မတီ သို့မဟုတ် အဖွဲ့၏ အဖွဲ့ဝင်တစ်ဦးအား ဖမ်းဆီးရန် လိုအပ်ပါက ခိုင်လုံသောအထောက်အထားကို သက်ဆိုင်ရာကော်မတီ သို့မဟုတ် အဖွဲ့၏ အကြီးအမှူးမှ တစ်ဆင့် သက်ဆိုင်ရာလွှတ်တော်ဥက္ကဋ္ဌထံ တင်ပြရမည်။ ထိုလွှတ်တော်ဥက္ကဋ္ဌ၏ ကြိုတင်ခွင့်ပြုချက် မရရှိဘဲ ဖမ်းဆီးခြင်း မပြုရ၊
(ဂ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် အစည်းအဝေး သို့မဟုတ် လွှတ်တော်က ဖွဲ့စည်း သည့်ကော်မတီ သို့မဟုတ် အဖွဲ့တစ်ခုခု၏ အစည်းအဝေးကျင်းပချိန်မဟုတ်လျှင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တစ်ဦးအား ဖမ်းဆီးပါက ထိုသို့ဖမ်းဆီးခြင်းနှင့် စပ်လျဉ်း သည့် ခိုင်လုံသော အထောက်အထားကို တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌထံ ဆောလျင်စွာတင်ပြရမည်။
၁၈၇။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ကသော်လည်းကောင်း၊ ယင်းလွှတ်တော်၏ အခွင့်အာဏာအရ သော်လည်းကောင်း၊ ဖြန့်ချိထုတ်ဝေသည့် အစီရင်ခံစာများ၊ စာရွက်စာတမ်းများ၊ လွှတ်တော်မှတ်တမ်းများနှင့် စပ်လျဉ်း၍ တရားစွဲဆိုပိုင်ခွင့် မရှိစေရ။
ဥပဒေပြုခြင်း
၁၈၈။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်သည် ဇယား ၂ တွင် ဖော်ပြထားသော တိုင်းဒေသ ကြီး သို့မဟုတ် ပြည်နယ်ဥပဒေပြုစာရင်းပါ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် တစ်ဝန်းလုံးအတွက် သော်လည်းကောင်း၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် တစ်စိတ်တစ် ဒေသအတွက် သော်လည်းကောင်း အာဏာသက်ရောက်စေရန် ဥပဒေပြုခွင့်ရှိသည်။
၁၈၉။ (က) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်သည် ဥပဒေတစ်ရပ်ပြဋ္ဌာန်းသည့်အခါ –
(၁) ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဖွဲ့စည်းသည့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့် အဖွဲ့အစည်း တစ်ရပ်ရပ်အား ယင်းဥပဒေနှင့် သက်ဆိုင်သည့် နည်းဥပဒေ၊ စည်းမျဉ်းနှင့် စည်းကမ်းများ ထုတ်ပြန်ခွင့် ကို အပ်နှင်းနိုင်သည်၊
(၂) သက်ဆိုင်ရာအဖွဲ့အစည်း သို့မဟုတ် အာဏာပိုင်အား ယင်းဥပဒေနှင့် သက်ဆိုင်သည့် အမိန့် ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများထုတ်ပြန်ခွင့်ကို အပ်နှင်းနိုင်သည်။
(ခ) ဥပဒေတစ်ရပ်က အပ်နှင်းသည့် လုပ်ပိုင်ခွင့်အရ ပြုလုပ်သောနည်းဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်း၊ အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများသည် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များ နှင့်လည်းကောင်း၊ သက်ဆိုင်ရာဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်လည်းကောင်း ညီညွတ် မှုရှိရမည်၊
(ဂ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်က ပြဋ္ဌာန်းသည့် ဥပဒေအရပြုသည့် နည်းဥပဒေ၊ စည်းမျဉ်း သို့မဟုတ် စည်းကမ်း တစ်ရပ်ရပ်ကို ထုတ်ပြန်ပြီးသည့်အခါ သက်ဆိုင်ရာ အဖွဲ့အစည်းသည် မိမိထုတ်ပြန်သည့် နည်းဥပဒေ၊ စည်းမျဉ်း သို့မဟုတ် စည်းကမ်းကို အနီးကပ်ဆုံးကျင်းပသော တိုင်း ဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော် ပုံမှန်အစည်းအဝေးကာလတွင် လွှတ်တော်ဥက္ကဋ္ဌက ခွင့်ပြု သည့် အစီအစဉ်ဖြင့် လွှတ်တော်ကိုယ်စား လှယ်များထံ ဖြန့်ဝေတင်ပြရမည်၊
(ဃ) နည်းဥပဒေ၊ စည်းမျဉ်း သို့မဟုတ် စည်းကမ်းတစ်ရပ်ရပ်သည် သက်ဆိုင်ရာ ဥပဒေပါပြဋ္ဌာန်း ချက်များနှင့် ညီညွတ်မှုမရှိကြောင်း တွေ့ရှိပါက ယင်းနည်းဥပဒေ၊ စည်းမျဉ်း သို့မဟုတ် စည်းကမ်းကို ပယ်ဖျက်ရန် သို့မဟုတ် ပြင်ဆင်စေရန် နည်းဥပဒေ၊ စည်းမျဉ်း သို့မဟုတ် စည်းကမ်း ဖြန့်ဝေတင်ပြသော နေ့ရက်မှ ရက်ပေါင်း ၉၀ အတွင်း လွှတ်တော်ကိုယ်စားလှယ်များက တိုင်းဒေသကြီးသို့မဟုတ် ပြည်နယ် လွှတ်တော်တွင် အဆိုတင်သွင်းနိုင်သည်။
(င) နည်းဥပဒေ၊ စည်းမျဉ်း သို့မဟုတ် စည်းကမ်းတစ်ရပ်ရပ်ကို ပယ်ဖျက်ရန် သိုမဟုတ် ပြင်ဆင်စေရန် တိုင်းဒေ သကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်က ဆုံးဖြတ်ပါက ထိုသို့ပယ်ဖျက်ခြင်း သို့မဟုတ် ပြင်ဆင်စေခြင်းမပြုမီ နည်းဥပဒေ၊ စည်းမျဉ်း သို့မဟုတ် စည်းကမ်းအရ ဆောင်ရွက်ခဲ့ပြီးသော အမှုကိစ္စ များကို ထိခိုက်ခြင်းမရှိစေရ။
ဥပဒေကြမ်းတင်သွင်းခြင်း
၁၉၀။ (က) ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဖွဲ့စည်းသည့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့် အဖွဲ့ အစည်းများသည် ဇယား ၂ တွင် ဖော်ပြထားသော တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဥပဒေပြု စာရင်းပါ ကိစ္စရပ်များအနက် မိမိတို့စီမံခန့်ခွဲသည့် ကိစ္စရပ်များနှင့် စပ်လျဉ်းသော ဥပဒေကြမ်းများကို သတ်မှတ်ထားသည့် နည်းလမ်းများနှင့်အညီ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်သို့ တင်သွင်းခွင့်ရှိသည်၊
(ခ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အစိုးရအဖွဲ့ကသာ တင်သွင်းခွင့်ရှိသော တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဒေသန္တရစီမံကိန်း၊ နှစ်စဉ် အရအသုံးခန့်မှန်းခြေငွေစာရင်းနှင့် အခွန်အကောက် ဆိုင်ရာ ဥပဒေကြမ်းများကို သတ်မှတ်ထားသည့် နည်းလမ်းများနှင့်အညီ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်သို့ တင်သွင်းရမည်။
၁၉၁။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များသည် ဇယား ၂ တွင် ဖော်ပြထားသော တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဥပဒေပြုစာရင်းပါ ကိစ္စရပ်များအနက် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ကသာ ဥပဒေကြမ်း တင်သွင်းရမည်ဟု ဖွဲ့စည်းပုံအခြေခံ ဥပဒေ၌ သတ်မှတ်ပြဋ္ဌာန်းထားသည့် ကိစ္စရပ်များမှအပ ကျန်ကိစ္စရပ်များနှင့် စပ်လျဉ်းသော ဥပဒေ ကြမ်းများကို သတ်မှတ်ထားသည့် နည်းလမ်းများနှင့်အညီ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော် သို့ တင်သွင်းခွင့်ရှိသည်။
၁၉၂။ (က) ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဖွဲ့စည်းသည့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့် အဖွဲ့အစည်း တစ်ရပ်ရပ်ကို ကိုယ်စားပြုသော အဖွဲ့အစည်းဝင်များအနက် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်ဖြစ်သော အဖွဲ့အစည်းဝင်များသည် လွှတ်တော်အစည်းအဝေး များ တွင် မိမိအဖွဲ့အစည်းနှင့် သက်ဆိုင်သော ဥပဒေကြမ်းများ သို့မဟုတ် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောဆို ဆွေးနွေးခွင့်နှင့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည်၊
(ခ) ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဖွဲ့စည်းသည့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့် အဖွဲ့အစည်း တစ်ရပ်ရပ်ကို ကိုယ်စားပြုသော အဖွဲ့အစည်းဝင်များအနက် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် မဟုတ်သော အဖွဲ့အစည်းဝင်များသည် လွှတ်တော်ဥက္ကဋ္ဌ၏ ခွင့်ပြုချက်ဖြင့် လွှတ်တော်အစည်းအဝေးသို့ တက်ရောက်သည့်အခါ မိမိအဖွဲ့အစည်းနှင့် သက်ဆိုင်သော ဥပဒေကြမ်းများ သို့မဟုတ် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောဆို ဆွေးနွေးခွင့်ရှိသည်။
တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းတင်သွင်းခြင်း
၁၉၃။ (က) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ကသာ တင်သွင်းခွင့်ရှိသော တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်၊ နှစ်စဉ် ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းကို သတ်မှတ်ထားသည့် နည်းလမ်းများနှင့်အညီ တိုင်းဒေ သကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်သို့ တင်သွင်းရမည်၊
(ခ) ပုဒ်မခွဲ (က) ပါ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံး ဆိုင်ရာဥပဒေ သို့မဟုတ် နောက်ထပ်ဘဏ္ဍာငွေခွဲဝေသုံးစွဲရေးဥပဒေအရ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အလိုက် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေမှရရှိသည့် ဘဏ္ဍာငွေများ အပါအဝင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အရအသုံးခန့်မှန်းခြေငွေစာရင်းကို သက်ဆိုင်ရာ ဝန်ကြီးချုပ်၏ထောက်ခံတင်ပြချက်အပေါ် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်က လိုအပ်သလိုဆွေးနွေး၍ သဘောတူ အတည်ပြုခြင်း၊ ငြင်းပယ်ခြင်း၊ လျှော့၍ခွင့်ပြုခြင်းတို့ကို အများဆန္ဒနှင့်အညီ ဆောင်ရွက်ရမည်။
ယင်းသို့ဆောင်ရွက်ရာတွင်-
(၁) ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဖွဲ့စည်းထားသော တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့် အဖွဲ့အစည်းများ၏ အကြီးအမှူးများနှင့် အဖွဲ့အစည်းဝင်များ၏ လစာ၊ စရိတ်နှင့် ယင်းအဖွဲ့အစည်း များ၏ အသုံးစရိတ်များ၊
(၂) ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဖွဲ့စည်းထားသော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ၊ စီရင်စုဦးစီးအဖွဲ့ အကြီး အမှူးများနှင့် အဖွဲ့အစည်းဝင်များ၏လစာ၊ စရိတ်နှင့် ယင်းအဖွဲ့အစည်းများ၏ အသုံးစရိတ်များ၊
(၃) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်က ပေးဆပ်ရန် တာဝန်ရှိသော ကြွေးမြီများ၊ ယင်းကြွေးမြီများ နှင့် ဆက်နွှယ်သော ကုန်ကျစရိတ်များ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်က ချေးယူငွေများနှင့် ဆက်နွှယ်သောကုန် ကျ စရိတ်များ၊
(၄) တရားရုံး သို့မဟုတ် ခုံရုံးတစ်ခုခု၏ စီရင်ချက်၊ အမိန့်၊ ဒီကရီအရ ပေးဆောင်ရန်ရှိသော အသုံးစရိတ်များ၊
(၅) တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်က ပြဋ္ဌာန်းသည့် ဥပဒေတစ်ရပ်ရပ်အရ ကျခံရမည့် အခြားအသုံးစရိတ်များနှင့် စပ်လျဉ်း၍ တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ် လွှတ်တော်တွင် ဆွေးနွေးပိုင်ခွင့်ရှိသည်။ သို့သော် ငြင်းပယ်ခြင်း၊ လျှော့၍ခွင့်ပြုခြင်းမပြုရ။
၁၉၄။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်သည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုး ရက တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်၏ ရငွေသုံးငွေလျာထားချက်ကို သတ်မှတ်ထားသည့် နည်းလမ်းများနှင့်အညီ တင်သွင်းလာလျှင် အဆုံးအဖြတ်ပေးရမည်။
ဥပဒေအဖြစ် ထုတ်ပြန်ကြေညာခြင်း
၁၉၅။ (က) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်သည်-
(၁) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်က အတည်ပြုသော ဥပဒေကြမ်းများကို လက်ခံရရှိ သည့်နေ့၏ နောက်တစ်နေ့မှ ခုနစ်ရက်အတွင်း သတ်မှတ်ထားသော နည်းလမ်းများနှင့်အညီ လက်မှတ် ရေးထိုး၍ ဥပဒေအဖြစ် ထုတ်ပြန်ကြေညာရမည်၊
(၂) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့က အတည်ပြုသော ဥပဒေကြမ်း များကို လက်ခံရရှိသည့်နေ့၏ နောက်တစ်နေ့မှ ၁၄ ရက်အတွင်း လက်မှတ်ရေးထိုး၍ ဥပဒေအဖြစ် ထုတ်ပြန် ကြေညာရမည်။
(ခ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်က လက်မှတ်ရေးထိုး၍ ဥပဒေအဖြစ် ထုတ်ပြန် ကြေညာရန် သတ်မှတ်ထားသည့် ကာလအတွင်း ဥပဒေကြမ်းကို ဝန်ကြီးချုပ်က လက်မှတ်ရေးထိုး၍ ဥပဒေအဖြစ် ထုတ်ပြန်ကြေညာခြင်းမပြုလျှင် သတ်မှတ်ကာလ ပြည့်မြောက်သည့်နေ့ရက်တွင် ဥပဒေ ကြမ်းသည် ဝန်ကြီးချုပ်၏ လက်မှတ်ရေးထိုးချက်ကို ရရှိပြီးသကဲ့သို့ ဥပဒေဖြစ်လာရမည်၊
(ဂ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်က လက်မှတ်ရေးထိုးပြီးသော ဥပဒေများနှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်၏ လက်မှတ်ရေးထိုးချက်ကို ရရှိပြီးသကဲ့သို့ မှတ်ယူရ မည် ဖြစ်သောဥပဒေများကို နိုင်ငံတော်ပြန်တမ်းတွင် ထုတ်ပြန်ကြေညာရမည်။ ထိုဥပဒေတွင် သီးခြား ဖော်ပြချက် မပါလျှင် ထုတ်ပြန်ကြေညာ သည့်နေ့မှစ၍ အာဏာတည်ရမည်။
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဦးစီးအဖွဲ့နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့
၁၉၆။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့များအား မိမိတို့ တိုင်း သို့မဟုတ် ဒေသအတွက် ဇယား ၃ တွင်ဖော်ပြထားသော ဥပဒေပြုစာရင်းပါ ကိစ္စရပ်များနှင့် စပ်လျဉ်းသည့် ဥပဒေပြုခွင့် အာဏာများကို ခွဲဝေအပ်နှင်းသည်။
ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် နှင့် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ်ပြည်နယ် လွှတ်တော်ကိုယ် စားလှယ်တို့၏ တာဝန်၊ လုပ်ပိုင်ခွင့်နှင့် ရပိုင်ခွင့်များ
၁၉၇။ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် တို့၏ တာဝန်၊ လုပ်ပိုင်ခွင့်နှင့်ရပိုင်ခွင့်များကို ဥပဒေပြဋ္ဌာန်းသတ်မှတ်ရမည်။
ဥပဒေများ၏ အကျိုးသက်ရောက်မှု
၁၉၈။ လွှတ်တော်အဆင့်ဆင့်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုဦးစီးအဖွဲ့များက ပြဋ္ဌာန်းသည့် ဥပဒေများ၏ အကျိုးသက်ရောက်မှုမှာ အောက်ပါအတိုင်းဖြစ်သည် –
(က) ပြည်ထောင်စုလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော်၊ ပြည်နယ်လွှတ်တော်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဦးစီးအဖွဲ့ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့က ပြဋ္ဌာန်းလိုက်သည့် ဥပဒေပါပြဋ္ဌာန်း ချက် တစ်ရပ်ရပ်သည်လည်းကောင်း၊ တည်ဆဲဥပဒေ တစ်ရပ်ရပ်သည် လည်းကောင်း ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်နှင့် ဆန့်ကျင်နေလျှင် ဖွဲ့စည်းပုံအခြေခံ ဥပဒေပါအတိုင်း လိုက်နာကျင့် သုံးရမည်၊
(ခ) တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်က ပြဋ္ဌာန်းလိုက်သည့် ဥပဒေပါ ပြဋ္ဌာန်းချက် တစ်ရပ်ရပ်သည် ပြည်ထောင်စုလွှတ်တော်ကပြဋ္ဌာန်းသည့် ဥပဒေပါ ပြဋ္ဌာန်းချက် တစ်ရပ်ရပ်နှင့် ဆန့်ကျင်နေလျှင် ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌာန်းသည့် ဥပဒေပါအတိုင်း လိုက်နာ ကျင့်သုံးရမည်၊
(ဂ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဦးစီးအဖွဲ့ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့က ပြဋ္ဌာန်းလိုက်သည့် ဥပဒေပါပြဋ္ဌာန်းချက်တစ်ရပ်ရပ်သည် ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌာန်းသည့် ဥပဒေပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်နှင့် ဆန့်ကျင်နေလျှင် ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌာန်းသည့် ဥပဒေပါအတိုင်း လိုက်နာကျင့်သုံးရမည်၊
(ဃ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဦးစီးအဖွဲ့ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့က ပြဋ္ဌာန်းလိုက်သည့် ဥပဒေပါပြဋ္ဌာန်းချက်တစ်ရပ်ရပ်သည် သက်ဆိုင်ရာ တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်က ပြဋ္ဌာန်းသည့်ဥပဒေပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်နှင့် ဆန့်ကျင်နေလျှင် သက်ဆိုင်ရာ တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်က ပြဋ္ဌာန်းသည့် ဥပဒေပါ အတိုင်း လိုက်နာကျင့်သုံးရမည်။

အခန်း (၅)
အုပ်ချုပ်ရေး
ပြည်ထောင်စုအစိုးရအဖွဲ့
၁၉၉။ (က) နိုင်ငံတော်အုပ်ချုပ်ရေးအကြီးအကဲသည် နိုင်ငံတော်သမ္မတဖြစ်သည်၊
(ခ) (၁) နိုင်ငံတော်၏ အုပ်ချုပ်ရေးအာဏာကို ပြည်ထောင်စု တိုင်းဒေသကြီးနှင့် ပြည်နယ်များအား ခွဲဝေအပ်နှင်းသည်၊
(၂) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စုများအား ကိုယ်ပိုင်အုပ်ချုပ်ရေးအာဏာကို ဖွဲ့စည်းပုံအခြေခံဥပဒေအရ သတ်မှတ်ပေးသည့်အတိုင်း ခွဲဝေအပ်နှင်းသည်။
ပြည်ထောင်စုအစိုးရအဖွဲ့ ဖွဲ့စည်းခြင်း
၂၀၀။ နိုင်ငံတော်တွင် ပြည်ထောင်စုအစိုးရအဖွဲ့ကို အောက်ဖော်ပြပါပုဂ္ဂိုလ်များဖြင့်ဖွဲ့စည်းသည် –
(က) နိုင်ငံတော်သမ္မတ၊
(ခ) ဒုတိယသမ္မတများ၊
(ဂ) ပြည်ထောင်စုဝန်ကြီးများ၊
(ဃ) ပြည်ထောင်စုရှေ့နေချုပ်။
အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ဖွဲ့စည်းခြင်း
၂၀၁။ ဖွဲ့စည်းပုံအခြေခံဥပဒေအရသော်လည်းကောင်း၊ ဥပဒေတစ်ရပ်ရပ်အရသော်လည်းကောင်း ပေးအပ်လာသည့်တာဝန်များကို ထမ်းဆောင်နိုင်ရန် နိုင်ငံတော်သမ္မတ ဦးဆောင်သည့် အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီကို အောက်ပါပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းသည် –
(က) နိုင်ငံတော်သမ္မတ၊
(ခ) ဒုတိယသမ္မတ၊
(ဂ) ဒုတိယသမ္မတ၊
(ဃ) ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊
(င) အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၊
(စ) တပ်မတော်ကာကွယ်ရေးဦးစီချုပ်၊
(ဆ) ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊
(ဇ) ကာကွယ်ရေးဝန်ကြီးဌာနဝန်ကြီး၊
(ဈ) နိုင်ငံခြားရေးဝန်ကြီးဌာနဝန်ကြီး၊
(ည) ပြည်ထဲရေးဝန်ကြီးဌာနဝန်ကြီး၊
(ဋ) နယ်စပ်ရေးရာဝန်ကြီးဌာနဝန်ကြီး။
နိုင်ငံတော်သမ္မတ၏ တာဝန်နှင့် လုပ်ပိုင်ခွင့်
၂၀၂။ နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက်ဖြင့် –
(က) ပြည်ထောင်စု အစိုးရဝန်ကြီးဌာနများကို လိုအပ်သလို သတ်မှတ်နိုင်သည်။ ထို့ပြင်ဝန်ကြီးဌာန များကို ပြင်ဆင်သတ်မှတ်ခြင်း၊ ဖြည့်စွက်ခြင်း ပြုနိုင်သည်၊
(ခ) ပြည်ထောင်စုဝန်ကြီးဦးရေကို လိုအပ်သလို သတ်မှတ်နိုင်သည်။ ထို့ပြင်သတ်မှတ်ဦးရေကို တိုးခြင်း၊ လျှော့ခြင်း ပြုနိုင်သည်။
၂၀၃။ နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုလွှတ်တော်အား တာဝန်ခံရမည်။ ဒုတိယသမ္မတများသည် နိုင်ငံတော်သမ္မတအားလည်းကောင်း၊ နိုင်ငံတော်သမ္မတမှတစ်ဆင့် ပြည်ထောင်စုလွှတ်တော်အား လည်း ကောင်း တာဝန်ခံရမည်။
၂၀၄။ နိုင်ငံတော်သမ္မတသည် –
(က) ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပေးပိုင်ခွင့်ရှိသည်၊
(ခ) အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ထောက်ခံချက်နှင့် အညီလွတ်ငြိမ်းချမ်းသာ ခွင့်ပေးပိုင်ခွင့်ရှိသည်။
၂၀၅။ နိုင်ငံတော်သမ္မတသည် ဥပဒေနှင့်အညီ –
(က) ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်းခြင်းပြုနိုင်သည်၊
(ခ) ချီးမြှင့်အပ်နှင်းထားသည့် ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များကို ပြန်လည်ရုပ်သိမ်း ခြင်း ပြုနိုင်သည်။
၂၀၆။ နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက်ဖြင့် နိုင်ငံခြားတိုင်းပြည် များနှင့် သံတမန်ဆက်သွယ်ခြင်း၊ သံတမန်အဆက်အသွယ် ဖြတ်တောက်ခြင်းပြုနိုင်သည်။ သို့ရာတွင် ချက်ချင်းအရေးယူဆောင်ရွက်ရန် လိုအပ်သည့်အခြေအနေမျိုး၌ နိုင်ငံတော်သမ္မတသည် အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီနှင့် ညှိနှိုင်းလျက် နိုင်ငံခြားတိုင်းပြည်တစ်ခုခုနှင့် သံတမန် အဆက်အသွယ် ဖြတ်တောက်နိုင်သည်။ နိုင်ငံတော်သမ္မတသည် မိမိ၏အရေးယူဆောင်ရွက်ချက်ကို ပြည်ထောင်စုလွှတ်တော်သို့ တင်ပြအတည်ပြုချက်ရယူရမည်။
၂၀၇။ နိုင်ငံတော်သမ္မတသည် ဥပဒေနှင့်အညီ-
(က) မိမိနိုင်ငံ၏သံတမန်များကို ခန့်အပ်ခြင်း၊ ပြန်လည်ခေါ်ယူခြင်း ပြုနိုင်သည်၊
(ခ) နိုင်ငံခြားသံတမန်များအား ခန့်အပ်ရန် သဘောတူညီချက်ပေးခြင်း၊ နိုင်ငံခြားသံတမန်များအား ပြန်လည်ခေါ်ယူရန် အကြောင်းကြားခြင်းပြုနိုင်သည်၊
(ဂ) နိုင်ငံခြားသံတမန်များ၏ ခန့်အပ်လွှာများကို လက်ခံခြင်းပြုသည်။
၂၀၈။ နိုင်ငံတော်သမ္မတသည် ဥပဒေနှင့်အညီ ဝန်ထမ်းအဖွဲ့အစည်း အကြီးအမှူးများကို ခန့်အပ်ခြင်း၊ ထုတ်ပယ်ခြင်း ပြုနိုင်သည်။
၂၀၉။ နိုင်ငံတော်သမ္မတသည် ဥပဒေနှင့်အညီ –
(က) ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက်ဖြင့် ဆောင်ရွက်ခွင့်ရှိသောအပြည်ပြည်ဆိုင်ရာ၊ ဒေသဆိုင်ရာ သို့မဟုတ် နိုင်ငံအချင်းချင်းဆိုင်ရာစာချုပ်များကို ချုပ်ဆိုခြင်း၊ အတည်ပြုဆောင်ရွက်ခြင်း၊ ပယ်ဖျက်ခြင်း၊ စာချုပ်များမှနုတ်ထွက်ခြင်း ပြုရမည်၊
(ခ) ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက်ရယူရန်မလိုအပ်ဘဲ ဆောင်ရွက်ခွင့်ရှိသော အပြည်ပြည်ဆိုင်ရာ၊ ဒေသဆိုင်ရာ သို့မဟုတ် နိုင်ငံအချင်းချင်းဆိုင်ရာစာချုပ်များကို ချုပ်ဆိုခြင်း၊ အတည်ပြုဆောင်ရွက်ခြင်း၊ ပယ်ဖျက်ခြင်း၊ စာချုပ်များမှ နုတ်ထွက်ခြင်း ပြုနိုင်သည်။
၂၁၀။ နိုင်ငံတော်သမ္မတသည် နိုင်ငံတော်၏မူဝါဒများနှင့် နိုင်ငံတော်၏အခြေအနေအရပ်ရပ်တို့ကို ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင်ဖြစ်စေ၊ ပြည်သူ့လွှတ်တော် သို့မဟုတ် အမျိုးသားလွှတ်တော် အစည်းအဝေးတွင်ဖြစ်စေ၊ နိုင်ငံတစ်ဝန်းလုံးသို့ဖြစ်စေ အခါအားလျော်စွာ မိန့်ခွန်းပြောကြားခွင့်၊ သဝဏ် လွှာပေးပို့ခွင့်ရှိသည်။
၂၁၁။ နိုင်ငံတော်သမ္မတသည် လိုအပ်လျှင် ပြည်ထောင်စုလွှတ်တော် အရေးပေါ် အစည်းအဝေးကိုဖြစ်စေ၊ အထူးအစည်းအဝေးကိုဖြစ်စေ ခေါ်ယူကျင်းပပေးရန် ပြည်ထောင်စုလွှတ်တော် နာယကအား အကြောင်း ကြားနိုင်သည်။
၂၁၂။ (က) နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတစ်ခုနှင့် တစ်ခုအကြား နိုင်ငံတော်၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ကိစ္စရပ်များမှအပ ချက်ချင်းအရေးယူဆောင်ရွက်ရန် လိုအပ်သော အုပ်ချုပ်ရေးဆိုင်ရာကိစ္စရပ်များအတွက် ဥပဒေကဲ့သို့ အာဏာတည်သောအမိန့်ကို ထုတ်ပြန် ခွင့်ရှိသည်၊
(ခ) နိုင်ငံတော်သမ္မတသည် ပုဒ်မခွဲ (က) အရ ထုတ်ပြန်ခဲ့သည့် ဥပဒေကဲ့သို့အာဏာတည်သောအမိန့်ကို ရုပ်သိမ်းခြင်းမရှိလျှင် ယင်းအမိန့် ထုတ်ပြန်သည့်နေ့ရက်မှ ရက်ပေါင်း ၆၀ အတွင်း ကျင်းပသော အနီး ကပ်ဆုံး ပြည်ထောင်စုလွှတ်တော် အစည်းအဝေးသို့တင်ပြ၍ အတည်ပြုချက် ရယူရမည်။ ရက်ပေါင်း ၆၀ အတွင်း ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကျင်းပရန်မရှိလျှင် ပြည်ထောင်စု လွှတ်တော်အထူး အစည်းအဝေးကို ခေါ်ယူကျင်းပစေ၍ အတည်ပြုချက် ရယူရမည်၊
(ဂ) ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက်မရရှိလျှင် ဥပဒေကဲ့သို့ အာဏာတည်သောအမိန့်သည် အတည်မပြုသည့်နေ့မှစ၍ အာဏာတည်ခြင်းမှ ရပ်စဲရမည်၊
(ဃ) နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက်ဖြင့် ထိုဥပဒေကဲ့သို့ အာဏာတည်သောအမိန့်ကို လိုအပ်သောကာလအပိုင်းအခြားအထိ ဆက်လက်အတည်ဖြစ်စေနိုင်သည်၊
(င) ဥပဒေကဲ့သို့ အာဏာတည်သောအမိန့် ထုတ်ပြန်ကြေညာသည့် နေ့မှစ၍ရက်ပေါင်း ၆၀ အတွင်း ရုပ်သိမ်းပြီး ဖြစ်စေကာမူ ထိုဥပဒေကဲ့သို့ အာဏာတည်သောအမိန့်ကို အနီးကပ်ဆုံးကျင်းပမည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးသို့တင်ပြရမည်၊
(စ) ဥပဒေကဲ့သို့ အာဏာတည်သောအမိန့်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်ထောင်စုလွှတ်တော်က ဆုံးဖြတ်ပိုင်ခွင့်မရှိသော ပြဋ္ဌာန်းချက်ပါရှိလျှင် ယင်းပြဋ္ဌာန်းချက်သည် ပျက်ပြယ်ရမည်။
၂၁၃။ နိုင်ငံတော်သမ္မတသည် –
(က) နိုင်ငံတော်အား ကျူးကျော်တိုက်ခိုက်ခြင်းခံရလျှင် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဖွဲ့စည်း ထားသော အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီနှင့် ညှိနှိုင်းလျက် စစ်ရေးအရလိုအပ်သလို ဆောင်ရွက်ပိုင်ခွင့်ရှိသည်၊
(ခ) မိမိ၏ဆောင်ရွက်ချက်ကို ပြည်ထောင်စု လွှတ်တော်အစည်းအဝေး ကျင်းပနေချိန်ဖြစ်လျှင် ယင်းအစည်းအဝေးသို့ တင်ပြ၍ အတည်ပြုချက်ရယူရမည်။ ပြည်ထောင်စုလွှတ်တော်အစည်းအဝေး ကျင်းပနေချိန် မဟုတ်လျှင် ပြည်ထောင်စုလွှတ်တော် အရေးပေါ်အစည်းအဝေး ခေါ်ယူစေ၍ တင်ပြ အတည် ပြုချက်ရယူရမည်၊
(ဂ) ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက်ဖြင့်သာ စစ်ကြေညာနိုင်သည်၊ စစ်ပြေငြိမ်းနိုင်သည်။
၂၁၄။ နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြဋ္ဌာန်းသည့် ဥပဒေများကို ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ အရေးယူဆောင်ရွက်ပြီး လက်မှတ်ရေးထိုးရမည်။ ယင်းသို့လက်မှတ်ရေးထိုးပြီးသောဥပဒေများကို နိုင်ငံတော်ပြန်တမ်းတွင် ထုတ်ပြန်ကြေညာရမည်။
၂၁၅။ နိုင်ငံတော်သမ္မတသည် ဖွဲ့စည်းပုံအခြေခံဥပဒေအရ သော်လည်းကောင်း၊ ဥပဒေတစ်ရပ်ရပ် အရသော်လည်းကောင်း မိမိအားအပ်နှင်းထားသည့် တာဝန်နှင့်လုပ်ပိုင်ခွင့်များကို ကျင့်သုံးဆောင်ရွက်မှု သို့တည်းမဟုတ် ကျင့်သုံးဆောင်ရွက်သည့်အနေဖြင့် ပြုခဲ့သောပြုလုပ်မှုအတွက် မည်သည့်လွှတ်တော်၊ မည်သည့်တရားရုံးတွင်မျှ ဖြေရှင်းရန် တာဝန်မရှိစေရ။ သို့ရာတွင် ဤကဲ့သို့တာဝန်မရှိစေခြင်းသည် နိုင်ငံတော်သမ္မတအား ဖွဲ့စည်းပုံအခြေခံဥပဒေပါ စွပ်စွဲပြစ်တင်ခြင်းနှင့် စပ်လျဉ်းသည့် ပြဋ္ဌာန်းချက် များနှင့် သက်ဆိုင်ခြင်းမရှိစေရ။
ပြည်ထောင်စုအစိုးရ၏ အုပ်ချုပ်မှုအခွင့်အာဏာ
၂၁၆။ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်လျှင် ပြည်ထောင်စု၏ အုပ်ချုပ်မှု အာဏာသည် ပြည်ထောင်စုလွှတ်တော်က ဥပဒေပြုနိုင်သော အုပ်ချုပ်မှုဆိုင်ရာ ကိစ္စရပ်များသို့လည်း သက်ရောက်ပျံ့နှံ့သည်။
၂၁၇။ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်စေဘဲ ပြည်ထောင်စု၏အုပ်ချုပ်မှု အာဏာသည် နိုင်ငံတော်သမ္မတ၌တည်ရှိသည်။ ဤစကားရပ်ကြောင့် ပြည်ထောင်စုလွှတ်တော်သည် အာဏာပိုင်အဖွဲ့အစည်းတစ်ရပ်ရပ်အားလည်းကောင်း၊ အာဏာပိုင်ပုဂ္ဂိုလ်တစ်ဦးဦးအားလည်းကောင်း တာဝန်နှင့်လုပ်ပိုင်ခွင့်များ ပေးအပ်ခြင်းမပြုနိုင်ဟု မမှတ်ယူရ။ ထို့ပြင်ယင်းစကားရပ်ကြောင့် တည်ဆဲ ဥပဒေများအရ သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်း တစ်ရပ်ရပ်အားဖြစ်စေ၊ သက်ဆိုင်ရာအာဏာပိုင် ပုဂ္ဂိုလ်တစ်ဦးဦးအားဖြစ်စေ အပ်နှင်းထားသည့် တာဝန်နှင့် လုပ်ပိုင်ခွင့်များကို နိုင်ငံတော်သမ္မတအား လွှဲပြောင်းပေးအပ်သည်ဟုလည်း မမှတ်ယူရ။
၂၁၈။ (က) ပြည်ထောင်စုအစိုးရ၏ အုပ်ချုပ်ရေးဆိုင်ရာ အရေးယူဆောင်ရွက်ချက် အားလုံးကို နိုင်ငံ တော်သမ္မတ၏အမည်ဖြင့် အရေးယူဆောင်ရွက်ရမည်၊
(ခ) နိုင်ငံတော်သမ္မတသည် မိမိ၏ သဘောအတိုင်းဆောင်ရွက်ရန် ဖွဲ့စည်းပုံအခြေခံဥပဒေက ပြဋ္ဌာန်း ထားသည့် ကိစ္စရပ်များမှအပ ပြည်ထောင်စုအစိုးရက ဆောင်ရွက်ခွင့်ရှိသော ကိစ္စရပ်များအတွက် လည်းကောင်း၊ အဆိုပါကိစ္စရပ်များကို ပြည်ထောင်စုအစိုးရဝန်ကြီးများအား ခွဲဝေအပ်နှင်းရန်လည်း ကောင်း၊ ဥပဒေတစ်ရပ်ရပ်အရဆောင်ရွက်ရန် တာဝန်ရှိသောပုဂ္ဂိုလ်အား ခွဲဝေအပ်နှင်းရန်လည်းကောင်း လိုအပ်သည့်နည်းဥပဒေများ ပြဋ္ဌာန်းခွင့်ရှိသည်၊
(ဂ) နိုင်ငံတော်သမ္မတ၏အမည်ဖြင့် ထုတ်ပြန်သောအမိန့်များနှင့် ချုပ်ဆိုသောစာချုပ်စာတမ်းများသည် နိုင်ငံတော်သမ္မတက ပြဋ္ဌာန်းသည့် နည်းဥပဒေများတွင်ဖော်ပြထားသော နည်းလမ်းများနှင့်အညီ ဖြစ်စေရမည်။ ထို့ပြင် ထိုသို့ဆောင်ရွက်ထားသည့် အမိန့် သို့မဟုတ် စာချုပ်စာတမ်းများသည် နိုင်ငံတော်သမ္မတ၏အမိန့် သို့မဟုတ် စာချုပ်စာတမ်း မဟုတ်သောကြောင့် မခိုင်လုံဟု ငြင်းဆိုပိုင်ခွင့် မရှိစေရ၊
(ဃ) နိုင်ငံတော်သမ္မတသည် ပုဒ်မခွဲ (က)၊ (ခ) နှင့် (ဂ) ရှိ ပြဋ္ဌာန်းချက်များ၏ ယေဘုယျသဘောကို မထိခိုက်စေဘဲ မိမိ၏ တာဝန်ဝတ္တရားများကို နယ်မြေဒေသအလိုက်ဖြစ်စေ၊ အစိုးရဌာနဆိုင်ရာ လုပ်ငန်း အလိုက်ဖြစ်စေ ခွဲဝေအပ်နှင်းနိုင်သည်။
၂၁၉။ ပြည်ထောင်စုအစိုးရသည် နိုင်ငံတော်တည်ငြိမ်ရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေ စိုးမိုးရေးကို ထိန်းသိမ်းစောင့်ရှောက်သည်။
၂၂၀။ ပြည်ထောင်စုအစိုးရသည် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ပြည်ထောင်စု အစိုးရ၏ မူဝါဒများကို ချမှတ်ရမည်။ ယင်းမူဝါဒများနှင့် အညီ လိုအပ်သောစီမံကိန်းများကို ရေးဆွဲ၍ ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ရမည်။
၂၂၁။ ပြည်ထောင်စုအစိုးရသည် ဘဏ္ဍာရေးကော်မရှင်နှင့် ညှိနှိုင်းရရှိသည့် ပြည်ထောင်စု၏နှစ်စဉ် အရအသုံးခန့်မှန်းခြေ ငွေစာရင်းကိုအခြေပြုလျက် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းကိုရေးဆွဲ၍ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် အညီပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းအတည်ပြုချက်ရယူရမည်။
၂၂၂။ ပြည်ထောင်စုအစိုးရသည် မိမိတင်သွင်းသည့် ပြည်ထောင်စု၏ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်းကို ဘဏ္ဍာရေးနှစ်မကုန်ဆုံးမီ ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌာန်းခြင်းမပြုနိုင်လျှင် ပြည်ထောင်စု လွှတ်တော်က နောက်ဆုံးပြဋ္ဌာန်းထားသည့် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေပါ သာမန်အသုံးစရိတ် ခွင့်ပြုချက်ဘောင်အတွင်း သုံးစွဲခွင့်ရှိသည်။
၂၂၃။ ပြည်ထောင်စုအစိုးရသည် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ပြည်ထောင်စု လွှတ်တော်က ဥပဒေပြုနိုင်သော ကိစ္စရပ်များနှင့်စပ်လျဉ်း၍ လိုအပ်သည့် ဥပဒေကြမ်းကို ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်းနိုင်သည်။
၂၂၄။ ပြည်ထောင်စုအစိုးရအဖွဲ့၏ ဝန်ကြီးဌာနများသည် ယင်းတို့၏လက်အောက်ရှိ အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများက လုပ်ငန်းတာဝန်များကို ဆောင်ရွက်ကြရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် အညီဖြစ်စေရန်လည်းကောင်း၊ တည်ဆဲဥပဒေပါပြဋ္ဌာန်းချက်များနှင့်အညီဖြစ်စေရန် လည်းကောင်း စီမံခန့်ခွဲခြင်း၊ လမ်းညွှန်ခြင်း၊ ကြီးကြပ်ခြင်း၊ စစ်ဆေးခြင်း ပြုရမည်။
၂၂၅။ ပြည်ထောင်စုအစိုးရသည် တိုင်းဒေသကြီးအစိုးရ သို့မဟုတ် ပြည်နယ်အစိုးရတို့ကလည်းကောင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဦးစီးအဖွဲ့ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့တို့က လည်း ကောင်း လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ကြရာတွင် ထိရောက်အောင်မြင်မှုရှိစေရေး အတွက် ပေါင်းစပ်ညှိနှိုင်းပေးသည်။
၂၂၆။ ပြည်ထောင်စုအစိုးရသည် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အငြင်းပွားမှုများနှင့် နယ်နိမိတ်ပြင်ဆင် သတ်မှတ်ရေးဆိုင်ရာ အငြင်းပွားမှုများမှအပ-
(က) တိုင်းဒေသကြီးနှင့် ပြည်နယ်အကြား၊ တိုင်းဒေသကြီးအချင်းချင်း၊ ပြည်နယ်အချင်းချင်း၊ တိုင်း ဒေသကြီး သို့မဟုတ် ပြည်နယ်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုအကြား၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စု အချင်းချင်းဖြစ်ပွားသည့် အုပ်ချုပ်မှုဆိုင်ရာ အငြင်းပွားမှုများနှင့် စပ်လျဉ်း၍ ပေါင်းစပ်ညှိနှိုင်း ဖြေရှင်း ပေးခြင်း၊ လိုအပ်လျှင် အဆုံးအဖြတ်ပေးခြင်းပြုသည်၊
(ခ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်နှင့် ပြည်ထောင်စုနယ်မြေအကြား၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုနှင့် ပြည်ထောင်စုနယ်မြေအကြား ဖြစ်ပွားသည့် အုပ်ချုပ်ရေးဆိုင်ရာ အငြင်းပွားမှုများနှင့် စပ်လျဉ်း၍ ပေါင်းစပ်ညှိနှိုင်းဖြေရှင်းပေးခြင်း၊ လိုအပ်လျှင်အဆုံးအဖြတ်ပေးခြင်းပြုသည်။
၂၂၇။ ပြည်ထောင်စုအစိုးရသည် ဥပဒေနှင့်အညီ –
(က) ပြည်ထောင်စုဆိုင်ရာ ဝန်ထမ်းအဖွဲ့အစည်းများကို လိုအပ်သလို ဖွဲ့စည်းနိုင်သည်။ ယင်းသို့ဖွဲ့စည်း ရာတွင် လုပ်ငန်းတာဝန်နှင့် လုပ်ပိုင်ခွင့်များကို သတ်မှတ်ပေးရမည်၊
(ခ) လိုအပ်သောဝန်ထမ်းများကို ခန့်အပ်နိုင်သည်။
၂၂၈။ ပြည်ထောင်စုအစိုးရသည် –
(က) ပြည်ထောင်စုလွှတ်တော်က အခါအားလျော်စွာ ချမှတ်သည့်အုပ်ချုပ်ရေးဆိုင်ရာဆုံးဖြတ်ချက် များကို အကောင်အထည်ဖော်ဆောင်ရွက်ရမည်။ မိမိ၏အရေးယူဆောင်ရွက်ချက်များကို ပြည်ထောင်စု လွှတ်တော်သို့ပြည်လည်အစီရင်ခံရမည်၊
(ခ) နိုင်ငံတော်၏ အခြေအနေအရပ်ရပ်နှင့် စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော်သို့ အခါအားလျော်စွာ တင်ပြရမည်။
ဘဏ္ဍာရေးကော်မရှင်ဖွဲ့စည်းခြင်း
၂၂၉။ (က) ဘဏ္ဍာရေးကော်မရှင်ကို အောက်ပါပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းရမည်-

(၁) နိုင်ငံတော်သမ္မတ – ဥက္ကဋ္ဌ
(၂) ဒုတိယသမ္မတများ – ဒုတိယဥက္ကဋ္ဌများ
(၃) ပြည်ထောင်စုရှေ့နေချုပ် – အဖွဲ့ဝင်
(၄) ပြည်ထောင်စုစာရင်းစစ်ချုပ် – အဖွဲ့ဝင်
(၅) တိုင်းဒေသကြီးဝန်ကြီးချုပ်များနှင့် ပြည်နယ်ဝန်ကြီးချုပ်များ – အဖွဲ့ဝင်များ
(၆) နေပြည်တော်ကောင်စီဥက္ကဋ္ဌ – အဖွဲ့ဝင်
(၇) ပြည်ထောင်စုဘဏ္ဍာရေးဝန်ကြီး – အတွင်းရေးမှူး
(ခ) (၁) ဘဏ္ဍာရေးကော်မရှင်ကို ဖွဲ့စည်းသည့်အခါ အဖွဲ့ဝင်အဖြစ် ထမ်းဆောင်ရမည့်ရာထူးနေရာတွင် အကြောင်းတစ်စုံတစ်ရာကြောင့်တာဝန်ပေးအပ်ခြင်းခံရသူ မရှိသေးပါက နိုင်ငံတော်သမ္မတသည် ထိုနေရာအတွက် သင့်လျော်သည့် ပုဂ္ဂိုလ်တစ်ဦးဦးအား ယာယီအဖွဲ့ဝင်အဖြစ် တာဝန်ပေးအပ်နိုင်သည်၊
(၂) ဘဏ္ဍာရေးကော်မရှင်ဖွဲ့စည်းခြင်းကို နိုင်ငံတော်သမ္မတက ထုတ်ပြန်ကြေညာရမည်။ ထို့ပြင် ဘဏ္ဍာရေးကော်မရှင်အတွက် လိုအပ်သောအမိန့်၊ ညွှန်ကြားချက် စသည်များကိုလည်း နိုင်ငံတော်သမ္မတ သို့မဟုတ် နိုင်ငံတော်သမ္မတက တာဝန်ပေးအပ်သည့် ပုဂ္ဂိုလ်က ထုန်ပြန်ကြေညာနိုင်သည်။
ဘဏ္ဍာရေးကော်မရှင်၏ တာဝန်နှင့် လုပ်ပိုင်ခွင့်
၂၃၀။ (က) ပြည်ထောင်စုဝန်ကြီးဌာနများ၏ အရအသုံးခန့်မှန်းခြေ ငွေစာရင်းများနှင့် ပြည်ထောင်စု အဆင့် အဖွဲ့အစည်းများ၏ အရအသုံးခန့်မှန်းခြေ ငွေစာရင်းများကို နိုင်ငံတော်သမ္မတက တာဝန်ပေးအပ် သော ဒုတိယသမ္မတတစ်ဦးက ဦးဆောင်စိစစ်၍ ပြည်ထောင်စုဝန်ကြီးဌာနများ အပါအဝင် ပြည်ထောင်စု အဆင့်အဖွဲ့အစည်းများ၏ အရအသုံးငွေစာရင်း လျာထားချက်ကို ဘဏ္ဍာရေးကော်မရှင်သို့ တင်ပြရမည်၊
(ခ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အရအသုံးငွေစာရင်းများကို နိုင်ငံတော်သမ္မတက တာဝန်ပေး အပ်သော ကျန်ဒုတိယသမ္မတတစ်ဦးက ဦးဆောင်စိစစ်ပြီး တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အရအသုံးငွေစာရင်း လျာထားချက်ကို ဘဏ္ဍာရေးကော်မရှင်သို့ တင်ပြရမည်၊
(ဂ) ဘဏ္ဍာရေးကော်မရှင်သည် –
(၁) ပြည်ထောင်စုနယ်မြေ အသုံးစရိတ်များပါရှိသော ပြည်ထောင်စု၏ အရအသုံးခန့်မှန်းခြေငွေစာရင်း၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များအတွက် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေမှ ဘဏ္ဍာငွေများကို သင့်လျော်သလို ဖြည့်ဆည်းပေးခြင်း ၊ အထူးကိစ္စတစ်ရပ်အနေဖြင့် ထောက်ပံ့ခြင်း၊ ချေးငွေများ ခွင့်ပြုခြင်းအပါအဝင် ပြည်ထောင်စု၏ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်း သို့မဟုတ် နောက်ထပ် ဘဏ္ဍာငွေခွဲဝေသုံးစွဲရေးဥပဒေကြမ်းကိုပြည်ထောင်စုလွှတ်တော်သို့ ထောက်ခံတင်ပြရမည်၊
(၂) ဘဏ္ဍာရေးဆိုင်ရာ ဆောင်ရွက်သင့်သည့်ကိစ္စများကို အကြံပြုနိုင်ရေးအတွက် ဆောင်ရွက်ရမည်၊
(၃) ခိုင်မာသောဘဏ္ဍာရေးစနစ် ဖြစ်ပေါ်စေရေးအတွက် ပြည်ထောင်စုလွှတ်တော်က ဥပဒေပြဋ္ဌာန်း၍ တာဝန်ပေးအပ်သည့် ကိစ္စရပ်များကို ဆောင်ရွက်ရမည်။
(ဃ) ဘဏ္ဍာရေးကော်မရှင်သည် ပြည်ထောင်စု၏ အရအသုံးခန့်မှန်းခြေငွေစာရင်း၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များအား ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေမှ ဘဏ္ဍာငွေများကို သင့်တင့်လျောက်ပတ်စွာ ဖြည့်ဆည်းပေးခြင်း၊ အထူးကိစ္စတစ်ရပ်အနေဖြင့် ထောက်ပံ့ခြင်း၊ လိုအပ်မည့်ချေးငွေများ ထုတ်ချေးခြင်း တို့ပါဝင်သည့် ပြည်ထောင်စု၏ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော်သို့ တင်ပြနိုင်ရေးအတွက် နိုင်ငံတော်သမ္မတထံသို့ ထောက်ခံတင်ပြရမည်၊
(င) ဘဏ္ဍာရေးကော်မရှင်သည် လိုအပ်ပါက ဘဏ္ဍာရေးကျွမ်းကျင်သူများ၏ အကြံဉာဏ်များကို ရယူနိုင်သည်။
ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေသို့ ပေးသွင်းရမည့် အခွန်အခများ
၂၃၁။ (က) ပြည်ထောင်စုသည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များကကောက်ခံခွင့်ရှိသော ဇယား ၅ ပါ အခွန်အခများမှအပ အခြားအခွန်အခများကို ဥပဒေနှင့်အညီကောက်ခံ၍ ပြည်ထောင်စုဘဏ္ဍာ ရန်ပုံငွေသို့ ပေးသွင်းရမည်၊
(ခ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များက ကောက်ခံရန်သတ်မှတ်ထားသည့် ရငွေများနှင့် အခွန် အခအမျိုးအစားများကို ပြည်ထောင်စုနယ်မြေများအတွက် ကောက်ခံရန်ရှိပါက ပြည်ထောင်စုက ဥပဒေ နှင့်အညီကောက်ခံပြီး ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေသို့ ပေးသွင်းရမည်၊
(ဂ) ပြည်ထောင်စုသည် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေကို ဥပဒေနှင့်အညီ သုံးစွဲခွင့်ရှိသည်။
ပြည်ထောင်စုဝန်ကြီးများနှင့် ဒုတိယဝန်ကြီးများ
ပြည်ထောင်စုဝန်ကြီးများ ခန့်အပ်တာဝန်ပေးခြင်း
၂၃၂။ (က) နိုင်ငံတော်သမ္မတသည် အောက်ဖော်ပြပါ အရည်အချင်းများနှင့်ပြည့်စုံသူများကို ပြည်ထောင်စု ဝန်ကြီးများအဖြစ် ခန့်အပ်တာဝန်ပေးနိုင်သည်-
(၁) အသက် ၄၀ နှစ် ပြည့်ပြီးသူ၊
(၂) အသက်ကန့်သတ်ချက်မှအပ ပုဒ်မ ၁၂၀ တွင် ဖော်ပြထားသည့်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် များအတွက် သတ်မှတ်ထားသည့် အရည်အချင်းများနှင့် ပြည့်စုံသူ၊
(၃) ပုဒ်မ ၁၂၁ တွင် ဖော်ပြထားသည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအဖြစ် ရွေးကောက်တင် မြှောက်ခံပိုင်ခွင့်မရှိစေသော ပြဋ္ဌာန်းချက်များနှင့်လည်း ငြိစွန်းခြင်းမရှိသူ၊
(၄) နိုင်ငံတော်နှင့် နိုင်ငံသားများအပေါ် သစ္စာရှိသူ။
(ခ) နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုဝန်ကြီးများအဖြစ် ခန့်အပ်တာဝန်ပေးရန်-
(၁) လွှတ်တော်ကိုယ်စားလှယ်များထဲက ဖြစ်စေ၊ လွှတ်တော်ကိုယ်စားလှယ်မဟုတ်သူများထဲကဖြစ်စေ ပုဒ်မခွဲ(က) ပါ သတ်မှတ်ထားသည့် အရည်အချင်းများနှင့်ပြည့်စုံသော သင့်လျော်သည့် ပုဂ္ဂိုလ်များကို ရွေးချယ်ရမည်၊
(၂) ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနနှင့် နယ်စပ်ရေးရာ ဝန်ကြီးဌာနများအတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံမှသင့်လျော်သည့် တပ်မတော်သားများ၏ အမည်စာရင်းကို ရယူရမည်၊
(၃) ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနနှင့်နယ်စပ်ရေးရာဝန်ကြီးဌာနများအပြင် အခြားဝန်ကြီးဌာနများတွင် တပ်မတော်သားများအား ပြည်ထောင်စုဝန်ကြီးများအဖြစ် ခန့်အပ်တာဝန် ပေးလိုလျှင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ညှိနှိုင်းဆောင်ရွက်ရမည်။
(ဂ) နိုင်ငံတော်သမ္မတသည် မိမိရွေးချယ်ထားသည့် ပုဂ္ဂိုလ်များ၏ အမည်စာရင်းနှင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ထံမှရရှိသည့် တပ်မတော်သားများ၏ အမည်စာရင်းတို့ကိုစုစည်း၍ ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်းလျက်သဘောတူညီချက် ရယူရမည်၊
(ဃ) ပြည်ထောင်စုဝန်ကြီး၏ အရည်အချင်းများနှင့်မပြည့်စုံကြောင်း အထင်အရှားမပြနိုင်ပါက ပြည်ထောင်စုလွှတ်တော်သည် နိုင်ငံတော်သမ္မတက အမည်စာရင်းတင်သွင်းသည့် ပုဂ္ဂိုလ်အား ပြည် ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးရန်ငြင်းပယ်ခွင့်မရှိစေရ၊
(င) နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးရန် ပြည်ထောင်စုလွှတ်တော် ၏သဘောတူညီချက်မရရှိသည့် ပုဂ္ဂိုလ်အစား အမည်စာရင်းသစ်ကို ပြည်ထောင်စုလွှတ်တော်သို့ ထပ်မံ တင်သွင်းခွင့်ရှိသည်၊
(စ) နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက် ရရှိပြီးသည့်ပုဂ္ဂိုလ်များအား ပြည်ထောင်စုဝန်ကြီးများအဖြစ် ခန့်အပ်တာဝန်ပေးရမည်။ ထိုသို့ခန့်အပ်တာဝန်ပေးရာတွင် နိုင်ငံတော် သမ္မတသည် ပြည်ထောင်စုဝန်ကြီးတစ်ဦးချင်းအလိုက် တာဝန်ယူရမည့် ဝန်ကြီးဌာန သို့မဟုတ် ဝန်ကြီးဌာနများကို သတ်မှတ်ပေးရမည်၊
(ဆ) နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုဝန်ကြီးများ ခန့်အပ်တာဝန်ပေးသည့်အခါတိုင်း ပြည်ထောင်စု လွှတ်တော်သို့ အကြောင်းကြားရမည်၊
(ဇ) ပြည်ထောင်စုဝန်ကြီးများသည် နိုင်ငံတော်သမ္မတအား တာဝန်ခံရမည်၊
(ဈ) ပြည်ထောင်စုဝန်ကြီးသည် လွှတ်တော်တစ်ရပ်ရပ်၏ ကိုယ်စားလှယ်ဖြစ်လျှင် ပြည်ထောင်စုဝန်ကြီး အဖြစ် ခန့်အပ်တာဝန်ပေးခြင်းခံရသည့်နေ့မှစ၍ လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ နုတ်ထွက်ပြီး ဖြစ် သည်ဟု မှတ်ယူရမည်၊
(ည) (၁) ပြည်ထောင်စုဝန်ကြီးသည် နိုင်ငံ့ဝန်ထမ်းဖြစ်လျှင် ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်တာဝန် ပေးခြင်းခံရသည့်နေ့မှစ၍ တည်ဆဲဝန်ထမ်းစည်းမျဉ်းစည်းကမ်းများနှင့်အညီ နိုင်ငံ့ဝန်ထမ်းအဖြစ်မှ အငြိမ်းစားယူပြီးဖြစ်သည် ဟုမှတ်ယူရမည်၊
(၂) ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန နှင့် နယ်စပ်ရေးရာဝန်ကြီးဌာနများအတွက် ပြည်ထောင်စုဝန်ကြီးများအဖြစ် ခန့်အပ်ထားခြင်းခံရသော တပ်မတော်သားများသည် တပ်မတော်မှ အငြိမ်းစားယူရန် သို့မဟုတ် နုတ်ထွက်ရန်မလို။
(ဋ) ပြည်ထောင်စုဝန်ကြီးသည် နိုင်ငံရေးပါတီတစ်ခုခု၏ အဖွဲ့ဝင်ဖြစ်လျှင် ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးခြင်းခံရသည့်နေ့မှစ၍ မိမိရာထူးသက်တမ်းအတွင်း ယင်းပါတီအဖွဲ့အစည်း၏ ပါတီ လုပ်ငန်းများတွင်ပါဝင်ဆောင်ရွက်ခြင်းမပြုရ။
ပြည်ထောင်စုဝန်ကြီးတစ်ဦးဦးအား စွပ်စွဲပြစ်တင်ခြင်း
၂၃၃။ (က) ပြည်ထောင်စုဝန်ကြီးတစ်ဦးဦးအား အောက်ပါအကြောင်းတစ်ရပ်ရပ်ဖြင့် စွပ်စွဲပြစ်တင်နိုင် သည် –
(၁) နိုင်ငံတော်၏ ကျေးဇူးသစ္စာတော်ကို ဖောက်ဖျက်ခြင်း၊
(၂) ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်းခြင်း၊
(၃) အကျင့်သိက္ခာပျက်ပြားခြင်း၊
(၄) ဖွဲ့စည်းပုံအခြေခံဥပဒေတွင် သတ်မှတ်ထားသည့် ပြည်ထောင်စုဝန်ကြီး၏ အရည်အချင်းပျက် ယွင်းခြင်း၊
(၅) ဥပဒေအရပေးအပ်သောတာဝန်များကို ကျေပွန်စွာမဆောင်ရွက်ခြင်း။
(ခ) ပြည်ထောင်စုဝန်ကြီး တစ်ဦးဦးအပေါ်စွပ်စွဲပြစ်တင်လိုပါက နိုင်ငံတော်သမ္မတသို့မဟုတ် ဒုတိယ သမ္မတကို စွပ်စွဲပြစ်တင်ခြင်းဆိုင်ရာ ပုဒ်မ ၇၁ ပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ရမည်၊
(ဂ) ပြည်ထောင်စုဝန်ကြီးတစ်ဦးဦးအပေါ် စွပ်စွဲပြစ်တင်မှုသည် မှန်ကန်၍ စွပ်စွဲခံရသူသည် ပြည်ထောင်စုဝန်ကြီးရာထူးတွင် ဆက်လက်တာဝန်ထမ်းဆောင်စေရန် မသင့်ကြောင်းစုံစမ်းစစ်ဆေး သည့်လွှတ်တော်က ဆုံးဖြတ်တင်ပြလျှင်နိုင်ငံတော်သမ္မတက စွပ်စွဲပြစ်တင်ခြင်းခံရသည့် ပြည်ထောင်စု ဝန်ကြီးအားတာဝန်မှရပ်စဲရမည်၊
(ဃ) စွပ်စွဲပြစ်တင်မှုသည် မမှန်ကန်ကြောင်း စုံစမ်းစစ်ဆေးသည့် လွှတ်တော်က ဆုံးဖြတ်ပါက ထိုသို့ ဆုံးဖြတ်ကြောင်း သက်ဆိုင်ရာလွှတ်တော်ဥက္ကဋ္ဌသည် နိုင်ငံတော်သမ္မတထံ တင်ပြအစီရင်ခံရမည်။
ဒုတိယဝန်ကြီးများ ခန့်အပ်တာဝန်ပေးခြင်း
၂၃၄။ (က) နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုဝန်ကြီးများအား အထောက်အကူပြုရန် လွှတ်တော် ကိုယ်စားလှယ်များထဲကဖြစ်စေ၊ လွှတ်တော်ကိုယ်စားလှယ်မဟုတ်သူများထဲကဖြစ်စေ အောက်ဖော်ပြ ပါအရည်အချင်းများနှင့် ပြည့်စုံသူများကို ဒုတိယဝန်ကြီးများအဖြစ် ခန့်အပ်တာဝန်ပေး နိုင်သည်-
(၁) အသက် ၃၅ နှစ် ပြည့်ပြီးသူ၊
(၂) အသက်ကန့်သတ်ချက်မှအပ ပုဒ်မ ၁၂၀ တွင် ဖော်ပြထားသောပြည်သူ့လွှတ်တော် ကိုယ်စားလှယ် များအတွက် သတ်မှတ်ထားသည့် အရည်အချင်းများနှင့်ပြည့်စုံသူ၊
(၃) ပုဒ်မ ၁၂၁ တွင် ဖော်ပြထားသည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအဖြစ် ရွေးကောက်တင် မြှောက်ခံပိုင်ခွင့်မရှိစေသော ပြဋ္ဌာန်းချက်များနှင့် လည်း ငြိစွန်းခြင်းမရှိသူ၊
(၄) နိုင်ငံတော်နှင့် နိုင်ငံသားများအပေါ်သစ္စာရှိသူ။
(ခ) နိုင်ငံတော်သမ္မတသည် ဒုတိယဝန်ကြီးများ ခန့်အပ်တာဝန်ပေးရာတွင် ကာကွယ်ရေး၊ ပြည်ထဲရေး နှင့် နယ်စပ်ရေးရာတာဝန်များ ပေးအပ်ရန်ဖြစ်ပါက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံမှ သင့်လျော် သည့်တပ်မတော်သားများ၏ အမည်စာရင်းကို ရယူရမည်၊
(ဂ) နိုင်ငံတော်သမ္မတသည် ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနနှင့် နယ်စပ်ရေးရာ ဝန်ကြီးဌာနများအပြင် အခြားဝန်ကြီးဌာနများတွင် တပ်မတော်သားများအား ဒုတိယဝန်ကြီးများအဖြစ် ခန့်အပ်တာဝန်ပေးလိုလျှင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ညှိနှိုင်းဆောင်ရွက်ရမည်၊
(ဃ) နိုင်ငံတော်သမ္မတသည် ဒုတိယဝန်ကြီးများအား ခန့်အပ်တာဝန်ပေးရာတွင် တာဝန်ယူရမည့် ဝန်ကြီးဌာနများကို သတ်မှတ်ပေးရမည်၊
(င) ဒုတိယဝန်ကြီးများသည် သက်ဆိုင်ရာပြည်ထောင်စုဝန်ကြီးအားလည်းကောင်း၊ သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးမှတစ်ဆင့် နိုင်ငံတော်သမ္မတအားလည်းကောင်း တာဝန်ခံရမည်၊
(စ) ဒုတိယဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးခြင်းခံရသူသည် လွှတ်တော်တစ်ရပ်ရပ်၏ ကိုယ်စားလှယ် သော်လည်းကောင်း၊ နိုင်ငံ့ဝန်ထမ်းသော်လည်းကောင်း၊ တပ်မတော်သားသော်လည်းကောင်း၊ နိုင်ငံရေး ပါတီတစ်ခုခု၏ အဖွဲ့ဝင်သော်လည်းကောင်း ဖြစ်ပါက ပုဒ်မ ၂၃၂ ပုဒ်မခွဲ (ဈ)၊ (ည)နှင့် (ဋ) ပါပြဋ္ဌာန်း ချက်များနှင့်လည်း သက်ဆိုင်စေရမည်။
ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့၏ ရာထူးသက်တမ်း၊ ရာထူးမှနုတ်ထွက်ခြင်း၊ တာဝန်မှရပ်စဲခြင်းနှင့် လစ်လပ်ရာထူးနေရာတွင် ဖြည့်စွက်ခန့်ထားခြင်း
၂၃၅။ (က) ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့၏ ရာထူးသက်တမ်းသည်သာမန်အားဖြင့် နိုင်ငံ တော်သမ္မတ၏ ရာထူးသက်တမ်းအတိုင်းဖြစ်သည်၊
(ခ) ပြည်ထောင်စုဝန်ကြီး သို့မဟုတ် ဒုတိယဝန်ကြီးသည် ရာထူးသက်တမ်းမကုန်ဆုံးမီ အကြောင်း တစ်ခုခုကြောင့် မိမိသဘောဆန္ဒအလျောက် ရာထူးမှ နုတ်ထွက်လိုလျှင် ထိုသို့နုတ်ထွက်လိုကြောင်း နိုင်ငံတော်သမ္မတထံစာဖြင့် တင်ပြပြီး ရာထူးမှ နုတ်ထွက်နိုင်သည်။
(ဂ) နိုင်ငံတော်သမ္မတသည် –
(၁) ပေးအပ်သည့်တာဝန်ကို ကျေပွန်စွာ မထမ်းဆောင်နိုင်သောပြည်ထောင်စုဝန်ကြီး သို့မဟုတ် ဒုတိယဝန်ကြီးတစ်ဦးဦးအား ရာထူးမှနုတ်ထွက်ရန်ညွှန်ကြားနိုင်သည်။ ညွှန်ကြားသည့်အတိုင်း လိုက်နာ ခြင်းမပြုလျှင် တာဝန်မှရပ်စဲရမည်၊
(၂) ရာထူးမှနုတ်ထွက်ရမည့် သို့မဟုတ် တာဝန်မှရပ်စဲခံရမည့် တပ်မတော်သား ပြည်ထောင်စုဝန်ကြီး သို့မဟုတ် ဒုတိယဝန်ကြီးနှင့် ပတ်သက်လျှင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ညှိနှိုင်း ဆောင်ရွက် ရမည်။
(ဃ) ရာထူးမှနုတ်ထွက်ခြင်းကြောင့်ဖြစ်စေ၊ တာဝန်မှရပ်စဲခံရခြင်းကြောင့်ဖြစ်စေ၊ ကွယ်လွန်ခြင်း ကြောင့်ဖြစ်စေ၊ အခြားအကြောင်းတစ်ခုခုကြောင့်ဖြစ်စေ၊ ပြည်ထောင်စုဝန်ကြီး သို့မဟုတ် ဒုတိယဝန်ကြီး ရာထူးနေရာ လစ်လပ်လျှင် နိုင်ငံတော်သမ္မတသည် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြည်ထောင်စုဝန်ကြီး သို့မဟုတ် ဒုတိယဝန်ကြီးခန့်ထားခြင်းနှင့် စပ်လျဉ်းသည့် ပြဋ္ဌာန်းချက်များနှင့်အညီ ပြည်ထောင်စု ဝန်ကြီးအသစ် သို့မဟုတ် ဒုတိယဝန်ကြီးအသစ်အား ခန့်အပ်တာဝန်ပေးနိုင်သည်။ ထိုသို့ ခန့်အပ် တာဝန်ပေးခြင်းခံရသည့် ပြည်ထောင်စုဝန်ကြီး သို့မဟုတ် ဒုတိယဝန်ကြီး၏ ရာထူးသက်တမ်းသည် နိုင်ငံတော်သမ္မတ၏ ကျန်ရှိသည့် ရာထူးသက်တမ်းအတွက်သာ ဖြစ်စေရမည်၊
(င) (၁) ပြည်ထောင်စုဝန်ကြီး သို့မဟုတ် ဒုတိယဝန်ကြီးများအား ခန့်အပ်တာဝန်ပေးသည့် နိုင်ငံတော် သမ္မတသည် ရာထူးသက်တမ်းမကုန်ဆုံးမီ နုတ်ထွက်သောကြောင့်ဖြစ်စေ၊ ကွယ်လွန်သောကြောင့်ဖြစ်စေ၊ တစ်စုံတစ်ခုသော အကြောင်းကြောင့်ဖြစ်စေ နိုင်ငံတော်သမ္မတ ရာထူးလစ်လပ်ပါက အစားထိုးရွေးချယ် တင်မြှောက်လိုက်သည့် နိုင်ငံတော်သမ္မတအသစ်က ပြည်ထောင်စုဝန်ကြီးအသစ်များ သို့မဟုတ် ဒုတိယဝန်ကြီးအသစ်များကို ခန့်အပ်တာဝန်ပေးပြီးသည့် အချိန်အထိ ပြည်ထောင်စုဝန်ကြီးများနှင့် ဒုတိယဝန်ကြီးများသည် မိမိတို့၏ လုပ်ငန်းတာဝန်များကို ဆက်လက်ထမ်းဆောင်ရမည်၊
(၂) အစားထိုးခန့်အပ် တာဝန်ပေးခြင်းခံရသည့် ပြည်ထောင်စုဝန်ကြီးအသစ်များနှင့် ဒုတိယဝန်ကြီး အသစ်များ၏ ရာထူးသက်တမ်းသည် နိုင်ငံတော်သမ္မတအသစ်၏ ကျန်ရှိသည့် ရာထူးသက်တမ်း ကုန်ဆုံးသည် အထိသာ ဖြစ်ရမည်။
(စ) ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးများ၏ တာဝန်များ၊ လုပ်ပိုင်ခွင့်များနှင့် ရပိုင်ခွင့်များကို ဥပဒေပြဋ္ဌာန်းသတ်မှတ်ရမည်။
ပြည်ထောင်စုရှေ့နေချုပ်နှင့် ဒုတိယရှေ့နေချုပ်
၂၃၆။ ပြည်ထောင်စု၏ရှေ့နေချုပ်ကို ပြည်ထောင်စုရှေ့နေချုပ်ဟု ခေါ်ဝေါ်ရမည်။
ပြည်ထောင်စုရှေ့နေချုပ် ခန့်အပ်တာဝန်ပေးခြင်း
၂၃၇။ (က) နိုင်ငံတော်သမ္မတသည် ဥပဒေအကြံဉာဏ်များရယူနိုင်ရန်နှင့် ဥပဒေဆိုင်ရာ တာဝန်များပေး အပ်နိုင်ရန် လွှတ်တော်ကိုယ်စားလှယ်များထဲကဖြစ်စေ၊ လွှတ်တော်ကိုယ်စားလှယ် မဟုတ်သူများထဲက ဖြစ်စေ အောက်ဖော်ပြပါ အရည်အချင်းများနှင့် ပြည့်စုံသည့် ပုဂ္ဂိုလ်တစ်ဦးဦးအား ပြည်ထောင်စု လွှတ်တော်၏ သဘောတူညီချက်ဖြင့် ပြည်ထောင်စုရှေ့နေချုပ်အဖြစ် ခန့်အပ်တာဝန်ပေးရမည်-
(၁) အသက် ၄၅ နှစ်ပြည့်ပြီးသူ၊
(၂) အသက်ကန့်သတ်ချက်မှအပ ပုဒ်မ ၁၂၀ တွင် ဖော်ပြထားသောပြည်သူ့လွှတ်တော် ကိုယ်စားလှယ် များအတွက် သတ်မှတ်ထားသည့် အရည်အချင်းများနှင့်ပြည့်စုံသူ၊
(၃) ပုဒ်မ ၁၂၁ တွင် ဖော်ပြထားသည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအဖြစ် ရွေးကောက်တင် မြှောက်ခံပိုင်ခွင့်မရှိစေသော ပြဋ္ဌာန်းချက်များနှင့်လည်း ငြိစွန်းခြင်းမရှိသူ၊
(၄) (ကက) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော် တရားသူကြီးအဖြစ် အနည်းဆုံး ငါးနှစ် ဆောင်ရွက်ခဲ့သူ သို့မဟုတ်
(ခခ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့်ထက် မနိမ့်သောတရားရေးအရာရှိ သို့မဟုတ် ဥပဒေ အရာရှိ ရာထူးတွင်အနည်းဆုံး ၁၀ နှစ် တာဝန်ထမ်းဆောင်ခဲ့သူ သို့မဟုတ်
(ဂဂ) တရားလွှတ်တော်ရှေ့နေအဖြစ် အနည်းဆုံးအနှစ် ၂၀ အမှုလိုက်ပါဆောင်ရွက်ခဲ့သူ သို့မဟုတ်
(ဃဃ) ထင်ပေါ်ကျော်ကြားသည့် ဂုဏ်သတင်းရှိသော ဥပဒေပညာရှင်အဖြစ် နိုင်ငံတော် သမ္မတက ယူဆသူ။
(၅) နိုင်ငံတော်နှင့် နိုင်ငံသားများအပေါ် သစ္စာရှိသူ။
(ခ) ပြည်ထောင်စုရှေ့နေချုပ်အတွက် သတ်မှတ်ထားသည့် အရည်အချင်းများနှင့်မပြည့်စုံကြောင်း အထင်အရှားမပြနိုင်ပါက ပြည်ထောင်စုလွှတ်တော်သည် နိုင်ငံတော်သမ္မတက အမည်စာရင်း တင်သွင်း သည့်ပုဂ္ဂိုလ်အား ပြည်ထောင်စုရှေ့နေချုပ်အဖြစ် ခန့်အပ်တာဝန်ပေးရန် ငြင်းပယ်ခွင့်မရှိစေရ၊
(ဂ) နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုရှေ့နေချုပ်အဖြစ် ခန့်အပ်တာဝန်ပေးရန် ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက်မရရှိသည့် ပုဂ္ဂိုလ်အစား အမည်စာရင်းသစ်ကို ပြည်ထောင်စုလွှတ်တော်သို့ ထပ်မံတင်သွင်းခွင့်ရှိသည်၊
(ဃ) ပြည်ထောင်စုရှေ့နေချုပ်သည် ပြည်ထောင်စုအစိုးရအဖွဲ့ဝင် ဖြစ်သည်၊
(င) ပြည်ထောင်စုရှေ့နေချုပ်သည် နိုင်ငံတော်သမ္မတအား တာဝန်ခံရမည်၊
(စ) ပြည်ထောင်စုရှေ့နေချုပ်သည် လွှတ်တော်တစ်ရပ်ရပ်၏ ကိုယ်စားလှယ်ဖြစ်လျှင် ပြည်ထောင်စု ရှေ့နေချုပ်အဖြစ် ခန့်အပ်တာဝန်ပေးခြင်းခံရသည့်နေ့မှစ၍ လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ နုတ်ထွက် ပြီးဖြစ်သည်ဟု မှတ်ယူရမည်၊
(ဆ) ပြည်ထောင်စုရှေ့နေချုပ်သည် နိုင်ငံ့ဝန်ထမ်းဖြစ်လျှင် ပြည်ထောင်စုရှေ့နေချုပ်အဖြစ် ခန့်အပ် တာဝန်ပေးခြင်းခံရသည့်နေ့မှစ၍ တည်ဆဲဝန်ထမ်း စည်းမျဉ်းစည်းကမ်းများနှင့်အညီ နိုင်ငံ့ဝန်ထမ်း အဖြစ်မှ အငြိမ်းစားယူပြီးဖြစ်သည်ဟု မှတ်ယူရမည်၊
(ဇ) ပြည်ထောင်စုရှေ့နေချုပ်သည် နိုင်ငံရေးပါတီတစ်ခုခု၏ အဖွဲ့ဝင်ဖြစ်လျှင် ပြည်ထောင်စုရှေ့နေချုပ် အဖြစ်ခန့်အပ်တာဝန်ပေးခြင်းခံရသည့် နေ့မှစ၍ မိမိရာထူးသက်တမ်းအတွင်း ယင်းပါတီအဖွဲ့အစည်း၏ ပါတီလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခြင်းမပြုရ။
ပြည်ထောင်စုရှေ့နေချုပ်အား စွပ်စွဲပြစ်တင်ခြင်း
၂၃၈။ ပြည်ထောင်စုရှေ့နေချုပ်အား စွပ်စွဲပြစ်တင်လိုပါက ပြည်ထောင်စုဝန်ကြီးတစ်ဦးဦးအား စွပ်စွဲ ပြစ်တင်ခြင်းဆိုင်ရာ ပုဒ်မ ၂၃၃ ရှိ ပြဋ္ဌာန်းချက်များနှင့် အညီ ဆောင်ရွက်ရမည်။
ဒုတိယရှေ့နေချုပ် ခန့်အပ်တာဝန်ပေးခြင်း
၂၃၉။ (က) နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုရှေ့နေချုပ်အား အထောက်အကူပြုရန် လွှတ်တော် ကိုယ်စားလှယ်များထဲကဖြစ်စေ၊ လွှတ်တော်ကိုယ်စားလှယ်မဟုတ်သူများထဲကဖြစ်စေ အောက်ဖော်ပြပါ အရည်အချင်းများနှင့် ပြည့်စုံသည့်ပုဂ္ဂိုလ်တစ်ဦးဦးအား မိမိသဘောဆန္ဒအလျောက် ဒုတိယရှေ့နေချုပ် အဖြစ် ခန့်အပ်တာဝန်ပေးရမည် –
(၁) အသက် ၄၀ နှစ် ပြည့်ပြီးသူ၊
(၂) အသက်ကန့်သတ်ချက်မှအပ ပုဒ်မ ၁၂၀ တွင် ဖော်ပြထားသောပြည်သူ့လွှတ်တော်ကိုယ်စားလှယ် များအတွက် သတ်မှတ်ထားသည့်အရည်အချင်းများနှင့် ပြည့်စုံသူ၊
(၃) ပုဒ်မ ၁၂၁ တွင် ဖော်ပြထားသည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအဖြစ် ရွေးကောက် တင်မြှောက်ခံပိုင်ခွင့်မရှိစေသော ပြဋ္ဌာန်းချက်များနှင့်လည်း ငြိစွန်းခြင်းမရှိသူ၊
(၄) (ကက) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော် တရားသူကြီးအဖြစ် အနည်းဆုံး ငါးနှစ်ဆောင်ရွက်ခဲ့သူသို့မဟုတ်
(ခခ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အဆင့်ထက်မနိမ့်သောတရားရေးအရာရှိ သို့မဟုတ် ဥပဒေအရာရှိ ရာထူးတွင် အနည်းဆုံး ၁၀ နှစ်တာဝန်ထမ်းဆောင်ခဲ့သူ သို့မဟုတ်
(ဂဂ) တရားလွှတ်တော်ရှေ့နေအဖြစ် အနည်းဆုံး ၁၅ နှစ် အမှုလိုက်ပါဆောင်ရွက်ခဲ့သူ သို့မဟုတ်
(ဃဃ) ထင်ပေါ်ကျော်ကြားသည့် ဂုဏ်သတင်းရှိသော ဥပဒေပညာရှင်အဖြစ် နိုင်ငံတော်သမ္မတက ယူဆသူ။
(၅) နိုင်ငံတော်နှင့် နိုင်ငံသားများအပေါ် သစ္စာရှိသူ။
(ခ) ဒုတိယရှေ့နေချုပ်သည် ပြည်ထောင်စုရှေ့နေချုပ်အား လည်းကောင်း၊ ပြည်ထောင်စုရှေ့နေချုပ် မှတစ်ဆင့် နိုင်ငံတော်သမ္မတအားလည်ကောင်း တာဝန်ခံရမည်၊
(ဂ) ဒုတိယရှေ့နေချုပ်အဖြစ် ခန့်အပ်တာဝန်ပေးခြင်းခံရသူသည် လွှတ်တော်တစ်ရပ်ရပ်၏ ကိုယ်စားလှယ်သော်လည်းကောင်း၊ နိုင်ငံ့ဝန်ထမ်း သော်လည်းကောင်း၊ နိုင်ငံရေးပါတီတစ်ခုခု၏ အဖွဲ့ဝင်သော်လည်းကောင်း ဖြစ်ပါက ပုဒ်မ ၂၃၇ ပုဒ်မခွဲ (စ) ၊(ဆ) နှင့် (ဇ) ပါ ပြဋ္ဌာန်းချက်များနှင့် လည်းသက်ဆိုင်စေရမည်။
ပြည်ထောင်စုရှေ့နေချုပ်နှင့် ဒုတိယရှေ့နေချုပ်တို့၏ ရာထူးသက်တမ်း၊ ရာထူးမှနုတ်ထွက်ခြင်း၊ တာဝန်မှရပ်စဲခြင်းနှင့် လစ်လပ်ရာထူးနေရာတွင် ဖြည့်စွက်ခန့်ထားခြင်း
၂၄၀။ (က) ပြည်ထောင်စုရှေ့နေချုပ်နှင့် ဒုတိယရှေ့နေချုပ်တို့၏ ရာထူးသက်တမ်းသည် သာမန်အားဖြင့် နိုင်ငံတော်သမ္မတ၏ ရာထူးသက်တမ်းအတိုင်းဖြစ်သည်၊
(ခ) ပြည်ထောင်စုရှေ့နေချုပ် သို့မဟုတ် ဒုတိယရှေ့နေချုပ်သည် ရာထူးသက်တမ်းမကုန်ဆုံးမီ အကြောင်းတစ်ခုခုကြောင့် မိမိသဘောဆန္ဒအလျောက် ရာထူးမှနုတ်ထွက်လိုလျှင် ထိုသို့နုတ်ထွက် လိုကြောင်း နိုင်ငံတော်သမ္မတထံ စာဖြင့်တင်ပြပြီး ရာထူးမှနုတ်ထွက်နိုင်သည်၊
(ဂ) နိုင်ငံတော်သမ္မတသည် ပေးအပ်သည့်တာဝန်ကို ကျေပွန်စွာမထမ်းဆောင်နိုင်သော ပြည်ထောင်စု ရှေ့နေချုပ် သို့မဟုတ် ဒုတိယရှေ့နေချုပ်အား ရာထူးမှနုတ်ထွက်ရန် ညွှန်ကြားနိုင်သည်။ ညွှန်ကြားသည့် အတိုင်း လိုက်နာခြင်း မပြုလျှင် တာဝန်မှရပ်စဲရမည်၊
(ဃ) ရာထူးမှနုတ်ထွက်ခြင်းကြောင့်ဖြစ်စေ၊ တာဝန်မှရပ်စဲခံရခြင်းကြောင့်ဖြစ်စေ၊ ကွယ်လွန်ခြင်း ကြောင့်ဖြစ်စေ၊ အခြားအကြောင်းတစ်ခုခုကြောင့်ဖြစ်စေ ပြည်ထောင်စုရှေ့နေချုပ် သို့မဟုတ် ဒုတိယရှေ့ နေချုပ်ရာထူးနေရာ လစ်လပ်လျှင် နိုင်ငံတော်သမ္မတသည် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြည်ထောင်စု ရှေ့နေချုပ် သို့မဟုတ် ဒုတိယရှေ့နေချုပ် ခန့်ထားခြင်းနှင့်စပ်လျဉ်းသည့် ပြဋ္ဌာန်းချက်များနှင့်အညီ ပြည်ထောင်စုရှေ့နေချုပ်အသစ် သို့မဟုတ် ဒုတိယရှေ့နေချုပ်အသစ်အား ခန့်အပ်တာဝန်ပေးနိုင်သည်။ ထိုသို့ခန့်အပ်တာဝန်ပေးခြင်းခံရသည့် ပြည်ထောင်စုရှေ့နေချုပ် သို့မဟုတ် ဒုတိယရှေ့နေချုပ်၏ရာထူး သက်တမ်းသည် နိုင်ငံတော်သမ္မတ၏ ကျန်ရှိသည့် ရာထူးသက်တမ်းအတွက်သာ ဖြစ်စေရမည်၊
(င) (၁) ပြည်ထောင်စုရှေ့နေချုပ်နှင့် ဒုတိယရှေ့နေချုပ်တို့အား ခန့်အပ်တာဝန်ပေးသည့် နိုင်ငံတော် သမ္မတသည် ရာထူးသက်တမ်း မကုန်ဆုံးမီ နုတ်ထွက်သောကြောင့်ဖြစ်စေ၊ ကွယ်လွန်သောကြောင့် ဖြစ်စေ၊ တစ်စုံတစ်ခုသော အကြောင်းကြောင့်ဖြစ်စေ နိုင်ငံတော်သမ္မတ ရာထူးလစ်လပ်လျှင် အစားထိုး ရွေးချယ်တင်မြှောက်လိုက်သည့် နိုင်ငံတော်သမ္မတအသစ်သည် ယင်းတို့အား ဆက်လက်တာဝန်ပေး နိုင်သည် သို့မဟုတ် ဖွဲ့စည်းပုံခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ပြည်ထောင်စုရှေ့နေချုပ်အသစ်နှင့် ဒုတိယရှေ့နေချုပ်အသစ်များကို ခန့်အပ်တာဝန်ပေးနိုင်သည်။ ယင်းသို့ ခန့်အပ်တာဝန်ပေးမည် ဆိုပါက ပြည်ထောင်စုရှေ့နေချုပ်အသစ်နှင့် ဒုတိယရှေ့နေချုပ်အသစ်များကို ခန့်အပ်တာဝန်ပေးပြီးသည့် အချိန် အထိ ပြည်ထောင်စုရှေ့နေချုပ်နှင့် ဒုတိယရှေ့နေချုပ်တို့အား ယင်းတို့၏ လုပ်ငန်းတာဝန်များကို ဆက်လက်ထမ်းဆောင်စေနိုင်သည်၊
(၂) အစားထိုးခန့်အပ်တာဝန်ပေးခြင်းခံရသည့် ပြည်ထောင်စုရှေ့နေချုပ်အသစ်နှင့် ဒုတိယရှေ့နေချုပ် အသစ်တို့၏ ရာထူးသက်တမ်းသည် နိုင်ငံတော်သမ္မတအသစ်၏ ကျန်ရှိသည့်ရာထူးသက်တမ်း ကုန်ဆုံး သည်အထိသာ ဖြစ်ရမည်။
(စ) ပြည်ထောင်စုရှေ့နေချုပ်နှင့် ဒုတိယရှေ့နေချုပ်တို့၏ တာဝန်များ၊ လုပ်ပိုင်ခွင့်များနှင့် ရပိုင်ခွင့်များ ကို ဥပဒေပြဋ္ဌာန်းသတ်မှတ်ရမည်။
ပြည်ထောင်စုစာရင်းစစ်ချုပ်နှင့် ဒုတိယစာရင်းစစ်ချုပ်
၂၄၁။ ပြည်ထောင်စု၏စာရင်းစစ်ချုပ်ကို ပြည်ထောင်စုစာရင်းစစ်ချုပ်ဟုခေါ်ဝေါ်ရမည်။
ပြည်ထောင်စုစာရင်းစစ်ချုပ် ခန့်အပ်တာဝန်ပေးခြင်း
၂၄၂။ (က) နိုင်ငံတော်သမ္မတသည် နိုင်ငံတော်၏ အရအသုံးစာရင်းများကို စစ်ဆေး၍ ပြည်ထောင်စု လွှတ်တော်သို့ တင်ပြနိုင်ရန် လွှတ်တော်ကိုယ်စားလှယ်များ ထဲကဖြစ်စေ၊ လွှတ်တော် ကိုယ်စားလှယ် မဟုတ်သူများထဲကဖြစ်စေ အောက်ဖော်ပြပါ အရည်အချင်းများနှင့် ပြည့်စုံသည့် ပုဂ္ဂိုလ်တစ်ဦးဦးအား ပြည်ထောင်စု လွှတ်တော်၏ သဘောတူညီချက်ဖြင့် ပြည်ထောင်စုစာရင်း စစ်ချုပ်အဖြစ် ခန့်အပ်တာဝန် ပေးရမည် –
(၁) အသက် ၄၅ နှစ်ပြည့်ပြီးသူ၊
(၂) အသက်ကန့်သတ်ချက်မှအပ ပုဒ်မ ၁၂၀ တွင် ဖော်ပြထားသော ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် များအတွက် သတ်မှတ်ထားသည့် အရည်အချင်းများနှင့်ပြည့်စုံသူ၊
(၃) ပုဒ်မ ၁၂၁ တွင် ဖော်ပြထားသည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအဖြစ် ရွေးကောက်တင် မြှောက်ခံပိုင်ခွင့်မရှိစေသော ပြဋ္ဌာန်းချက်များနှင့်လည်း ငြိစွန်းခြင်းမရှိသူ၊
(၄) (ကက) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့်ထက်မနိမ့်သော စာရင်းစစ်အရာရှိ ရာထူးတွင် အနည်းဆုံး ၁၀ နှစ်ဆောင်ရွက်ခဲ့သူ သို့မဟုတ်
(ခခ) မှတ်ပုံတင်စာရင်းကိုင် သို့မဟုတ် လက်မှတ်ရပြည်သူ့စာရင်းကိုင်အဖြစ် အနည်းဆုံး ၂၀ နှစ် ဆောင်ရွက်ခဲ့သူ သို့မဟုတ်
(ဂဂ) ထင်ပေါ်ကျော်ကြားသည့် ဂုဏ်သတင်းရှိသော စာရင်းပညာရှင် သို့မဟုတ် စာရင်းအင်းပညာရှင် သို့မဟုတ် စီးပွားရေးပညာရှင်အဖြစ် နိုင်ငံတော်သမ္မတက ယူဆသူ။
(၅) နိုင်ငံတော်နှင့် နိုင်ငံသားများအပေါ် သစ္စာရှိသူ။
(ခ) ပြည်ထောင်စုစာရင်းစစ်ချုပ်အတွက် သတ်မှတ်ထားသော အရည်အချင်းများနှင့် မပြည့်စုံကြောင်း အထင်အရှားမပြသနိုင်ပါက ပြည်ထောင်စုလွှတ်တော်သည် နိုင်ငံတော်သမ္မတက အမည်စာရင်း တင်သွင်းသည့် ပုဂ္ဂိုလ်အား ပြည်ထောင်စုစာရင်းစစ်ချုပ်အဖြစ် ခန့်အပ်တာဝန်ပေးရန် ငြင်းပယ်ခွင့် မရှိစေရ၊
(ဂ) နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုစာရင်းစစ်ချုပ်အဖြစ် ခန့်အပ်တာဝန်ပေးရန် ပြည်ထောင်စု လွှတ်တော်၏ သဘောတူညီချက်မရရှိသည့် ပုဂ္ဂိုလ်အစား အမည်စာရင်းသစ်ကို ပြည်ထောင်စု လွှတ်တော်သို့ ထပ်မံတင်သွင်းခွင့်ရှိသည်၊
(ဃ) ပြည်ထောင်စုစာရင်းစစ်ချုပ်သည် နိုင်ငံတော်သမ္မတအား တာဝန်ခံရမည်၊
(င) ပြည်တောင်စုစာရင်းစစ်ချုပ်သည် လွှတ်တော်တစ်ရပ်ရပ်၏ ကိုယ်စားလှယ်ဖြစ်လျှင် ပြည်ထောင်စု စာရင်းစစ်ချုပ်အဖြစ် ခန့်အပ်တာဝန်ပေးခြင်းခံရသည့်နေ့မှစ၍ လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ နုတ်ထွက်ပြီးဖြစ်သည်ဟု မှတ်ယူရမည်၊
(စ) ပြည်ထောင်စုစာရင်းစစ်ချုပ်သည် နိုင်ငံ့ဝန်ထမ်းဖြစ်လျှင် ပြည်ထောင်စုစာရင်းစစ်ချုပ်အဖြစ် ခန့်အပ်တာဝန်ပေးခြင်းခံရသည့်နေ့မှစ၍တည်ဆဲ ဝန်ထမ်းစည်းမျဉ်းစည်းကမ်းများနှင့်အညီ နိုင်ငံ့ ဝန်ထမ်းအဖြစ်မှ အငြိမ်းစားယူပြီးဖြစ်သည်ဟု မှတ်ယူရမည်၊
(ဆ) ပြည်ထောင်စုစာရင်းစစ်ချုပ်သည် နိုင်ငံရေးပါတီတစ်ခုခု၏ အဖွဲ့ဝင်ဖြစ်လျှင် ပြည်ထောင်စု စာရင်းစစ်ချုပ် သို့မဟုတ် ဒုတိယစာရင်းစစ်ချုပ်အဖြစ် ခန့်အပ်တာဝန်ပေးခြင်းခံရသည့် နေ့မှစ၍ မိမိ ရာထူးသက်တမ်းအတွင်းယင်းပါတီအဖွဲ့အစည်း၏ ပါတီလုပ်ငန်းများတွင် ပါဝင်ဆောင် ရွက်ခြင်းမပြုရ။
ပြည်ထောင်စုစာရင်းစစ်ချုပ်အား စွပ်စွဲပြစ်တင်ခြင်း
၂၄၃။ ပြည်ထောင်စုစာရင်းစစ်ချုပ်အား စွပ်စွဲပြစ်တင်လိုပါက ပြည်ထောင်စုဝန်ကြီးတစ်ဦးဦးအား စွပ်စွဲပြစ်တင်ခြင်းဆိုင်ရာ ပုဒ်မ ၂၃၃ ပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ရမည်။
ဒုတိယစာရင်းစစ်ချုပ် ခန့်အပ်တာဝန်ပေးခြင်း
၂၄၄။ (က) နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုစာရင်းစစ်ချုပ်အား အထောက်အကူပြုရန် လွှတ်တော် ကိုယ်စားလှယ်များထဲကဖြစ်စေ၊ လွှတ်တော်ကိုယ်စားလှယ်မဟုတ် သူများထဲကဖြစ်စေ အောက်ဖော်ပြပါ အရည်အချင်းများနှင့်ပြည့်စုံသည့် ပုဂ္ဂိုလ်တစ်ဦးဦးအား မိမိသဘောဆန္ဒအလျောက် ဒုတိယစာရင်း စစ်ချုပ်အဖြစ် ခန့်အပ်တာဝန်ပေးရမည် –
(၁) အသက် ၄၀ နှစ်ပြည့်ပြီးသူ၊
(၂) အသက်ကန့်သတ်ချက်မှအပ ပုဒ်မ ၁၂၀ တွင်ဖော်ပြထားသော ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် များအတွက် သတ်မှတ်ထားသည့် အရည်အချင်းများနှင့်ပြည့်စုံသူ၊
(၃) ပုဒ်မ ၁၂၁ တွင်ဖော်ပြထားသည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအဖြစ် ရွေးကောက်တင် မြှောက်ခံပိုင်ခွင့်မရှိစေသော ပြဋ္ဌာန်းချက်များနှင့်လည်း ငြိစွန်းခြင်းမရှိသူ၊
(၄) (ကက) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့်ထက် မနိမ့်သော စာရင်းစစ်အရာရှိ ရာထူးတွင် အနည်းဆုံး ၁၀ နှစ်ဆောင်ရွက်ခဲ့သူ သို့မဟုတ်
(ခခ) မှတ်ပုံတင်စာရင်းကိုင် သို့မဟုတ် လက်မှတ်ရပြည်သူ့စာရင်းကိုင်အဖြစ် အနည်းဆုံး ၁၅ နှစ် ဆောင်ရွက်ခဲ့သူ သို့မဟုတ်
(ဂဂ) ထင်ပေါ်ကျော်ကြားသည့် ဂုဏ်သတင်းရှိသော စာရင်းပညာရှင် သို့မဟုတ် စာရင်းအင်းပညာရှင် သို့မဟုတ် စီးပွားရေးပညာရှင်အဖြစ် နိုင်ငံတော်သမ္မတက ယူဆသူ။
(၅) နိုင်ငံတော်နှင့် နိုင်ငံသားများအပေါ် သစ္စာရှိသူ။
(ခ) ဒုတိယစာရင်းစစ်ချုပ်သည် ပြည်ထောင်စုစာရင်းစစ်ချုပ်အားလည်းကောင်း၊ ပြည်ထောင်စုစာရင်း စစ်ချုပ်မှတစ်ဆင့် နိုင်ငံတော်သမ္မတအားလည်းကောင်း တာဝန်ခံရမည်၊
(ဂ) ဒုတိယစာရင်းစစ်ချုပ်အဖြစ် ခန့်အပ်တာဝန်ပေးခြင်းခံရသူသည် လွှတ်တော်တစ်ရပ်ရပ်၏ ကိုယ်စား လှယ်သော်လည်းကောင်း၊ နိုင်ငံ့ဝန်ထမ်းသော်လည်းကောင်း၊ နိုင်ငံရေးပါတီတစ်ခုခု၏ အဖွဲ့ဝင်သော် လည်းကောင်း ဖြစ်ပါက ပုဒ်မ ၂၄၂ ပုဒ်မခွဲ (င) ၊ (စ) နှင့် (ဆ)ပါ ပြဋ္ဌာန်းချက်များနှင့် လည်းသက်ဆိုင် စေရမည်။
ပြည်ထောင်စုစာရင်းစစ်ချုပ်နှင့် ဒုတိယစာရင်းစစ်ချုပ်တို့၏ ရာထူးသက်တမ်း၊ ရာထူးမှနုတ်ထွက်ခြင်း၊ တာဝန်မှရပ်စဲခြင်းနှင့် လစ်လပ်ရာထူးနေရာတွင် ဖြည့်စွက်ခန့်ထားခြင်း
၂၄၅။ (က) ပြည်ထောင်စုစာရင်းစစ်ချုပ်နှင့် ဒုတိယစာရင်းစစ်ချုပ်တို့၏ ရာထူးသက်တမ်းသည် သာမန်အားဖြင့် နိုင်ငံတော်သမ္မတ၏ ရာထူးသက်တမ်းအတိုင်းဖြစ်သည်၊
(ခ) ပြည်ထောင်စုစာရင်းစစ်ချုပ် သို့မဟုတ် ဒုတိယစာရင်းစစ်ချုပ်သည် ရာထူးသက်တမ်းမကုန်ဆုံးမီ အကြောင်းတစ်ခုခုကြောင့် မိမိသဘောဆန္ဒအလျောက် ရာထူးမှနုတ်ထွက်လိုလျှင် ထိုသို့နုတ်ထွက်လို ကြောင်း နိုင်ငံတော်သမ္မတထံ စာဖြင့်တင်ပြပြီး ရာထူးမှနုတ်ထွက်နိုင်သည်၊
(ဂ) နိုင်ငံတော်သမ္မတသည် ပေးအပ်သည့်တာဝန်ကို ကျေပွန်စွာမထမ်းဆောင်နိုင်သော ပြည်ထောင်စု စာရင်းစစ်ချုပ် သို့မဟုတ် ဒုတိယစာရင်းစစ်ချုပ်အား ရာထူးမှနုတ်ထွက်ရန် ညွှန်ကြားနိုင်သည်။ ညွှန်ကြားသည့်အတိုင်း လိုက်နာခြင်းမပြုလျှင် တာဝန်မှရပ်စဲရမည်၊
(ဃ) ရာထူးမှနုတ်ထွက်ခြင်းကြောင့်ဖြစ်စေ၊ တာဝန်မှ ရပ်စဲခံရခြင်းကြောင့်ဖြစ်စေ၊ ကွယ်လွန်ခြင်း ကြောင့်ဖြစ်စေ၊ အခြားအကြောင်းတစ်ခုခုကြောင့် ဖြစ်စေ ပြည်ထောင်စုစာရင်းစစ်ချုပ် သို့မဟုတ် ဒုတိယစာရင်းစစ်ချုပ် ရာထူးနေရာလစ်လပ်လျှင် နိုင်ငံတော်သမ္မတသည် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြည်ထောင်စုစာရင်းစစ်ချုပ် သို့မဟုတ် ဒုတိယစာရင်းစစ်ချုပ်ခန့်ထားခြင်းနှင့် စပ်လျဉ်းသည့် ပြဋ္ဌာန်း ချက်များနှင့်အညီ ပြည်ထောင်စုစာရင်းစစ်ချုပ်အသစ် သို့မဟုတ် ဒုတိယစာရင်းစစ်ချုပ် အသစ်အား ခန့်အပ်တာဝန်ပေးနိုင်သည်။ ထိုသို့ ခန့်အပ်တာဝန်ပေးခြင်းခံရသည့် ပြည်ထောင်စု စာရင်းစစ်ချုပ် သို့မဟုတ် ဒုတိယစာရင်းစစ်ချုပ်၏ရာထူးသက်တမ်းသည် နိုင်ငံတော်သမ္မတ၏ ကျန်ရှိသည့်ရာထူး သက်တမ်းအတွက်သာ ဖြစ်စေရမည်၊
(င) (၁) ပြည်ထောင်စုစာရင်းစစ်ချုပ်နှင့် ဒုတိယစာရင်းစစ်ချုပ်တို့အား ခန့်အပ်တာဝန်ပေးသည့် နိုင်ငံတော်သမ္မတသည် ရာထူးသက်တမ်းမကုန်ဆုံးမီ နုတ်ထွက်သွားသောကြောင့်ဖြစ်စေ၊ ကွယ်လွန် သောကြောင့်ဖြစ်စေ၊ တစ်စုံတစ်ခုသော အကြောင်းကြောင့်ဖြစ်စေ နိုင်ငံတော်သမ္မတရာထူး လစ်လပ်ပါက အစားထိုးရွေးချယ်တင်မြှောက်လိုက်သည့် နိုင်ငံတော်သမ္မတအသစ်သည် ယင်းတို့အား ဆက်လက် တာဝန်ပေးနိုင်သည် သို့မဟုတ် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ပြည်ထောင်စု စာရင်းစစ်ချုပ်အသစ်နှင့် ဒုတိယစာရင်းစစ်ချုပ်အသစ်များကို ခန့်အပ်တာဝန်ပေး နိုင်သည်။ ယင်းသို့ ခန့်အပ်တာဝန်ပေးမည်ဆိုပါက ပြည်ထောင်စုစာရင်းစစ်ချုပ်အသစ်နှင့် ဒုတိယစာရင်း စစ်ချုပ်အသစ် များကို ခန့်အပ်တာဝန်ပေးပြီးသည့် အချိန်အထိ ပြည်ထောင်စုစာရင်းစစ်ချုပ်နှင့် ဒုတိယစာရင်းစစ်ချုပ် တို့အား ယင်းတို့၏လုပ်ငန်းတာဝန်များကို ဆက်လက်ထမ်းဆောင်စေနိုင်သည်၊
(၂) အစားထိုးခန့်အပ် တာဝန်ပေးခြင်းခံရသည့် ပြည်ထောင်စု စာရင်းစစ်ချုပ်အသစ်နှင့် ဒုတိယ စာရင်းစစ်ချုပ်အသစ်တို့၏ ရာထူးသက်တမ်းသည် နိုင်ငံတော်သမ္မတအသစ်၏ ကျန်ရှိသည့် ရာထူး သက်တမ်းကုန်ဆုံးသည်အထိသာ ဖြစ်ရမည်။
(စ) ပြည်ထောင်စုစာရင်းစစ်ချုပ်နှင့် ဒုတိယစာရင်းစစ်ချုပ်တို့၏ တာဝန်များ၊ လုပ်ပိုင်ခွင့်များနှင့် ရပိုင်ခွင့်များကို ဥပဒေပြဋ္ဌာန်းသတ်မှတ်ရမည်။
ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဖွဲ့စည်းခြင်း
၂၄၆။ (က) နိုင်ငံတော်သမ္မတသည် နိုင်ငံ့ဝန်ထမ်းရွေးချယ်ရေး၊ လေ့ကျင့်ရေးတာဝန်နှင့် နိုင်ငံ့ဝန်ထမ်း စည်းမျဉ်းစည်းကမ်းသတ်မှတ်ရေး တာဝန်များထမ်းဆောင်နိုင်ရန် ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဖွဲ့စည်း ရမည်၊
(ခ) နိုင်ငံတော်သမ္မတသည် အောက်ဖော်ပြပါ အရည်အချင်းများနှင့် ပြည့်စုံသူများအား ပြည်ထောင်စု ရာထူးဝန်အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအဖြစ် ခန့်အပ်တာဝန်ပေးရမည်-
(၁) အသက် ၅၀ နှစ်ပြည့်ပြီးသူ၊
(၂) အသက်ကန့်သတ်ချက်မှအပ ပုဒ်မ ၁၂၀ တွင် ဖော်ပြထားသော ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် များအတွက် သတ်မှတ်ထားသည့် အရည်အချင်းများနှင့် ပြည့်စုံသူ၊
(၃) ပုဒ်မ ၁၂၁ တွင်ဖော်ပြထားသည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအဖြစ် ရွေးကောက်တင် မြှောက်ခံပိုင်ခွင့်မရှိစေသော ပြဋ္ဌာန်းချက်များနှင့်လည်း ငြိစွန်းခြင်းမရှိသူ၊
(၄) အတွေ့အကြုံရင့်ကျက်သော အသိပညာရှင်၊ အတတ်ပညာရှင်ဖြစ်သူ၊
(၅) နိုင်ငံတော်နှင့် နိုင်ငံသားများအပေါ် သစ္စာရှိသူ၊
(၆) နိုင်ငံရေးပါတီဝင် မဟုတ်သူ၊
(၇) လွှတ်တော်ကိုယ်စားလှယ် မဟုတ်သူ။
(ဂ) ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် နိုင်ငံ့ဝန်ထမ်းဖြစ်လျှင် ပြည်ထောင်စု ရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအဖြစ် ခန့်အပ်တာဝန်ပေးခြင်းခံရသည့်နေ့မှစ၍ တည်ဆဲဝန်ထမ်း စည်းမျဉ်းစည်းကမ်းများနှင့်အညီ နိုင်ငံ့ဝန်ထမ်းအဖြစ်မှ အငြိမ်းစားယူပြီးဖြစ်သည်ဟု မှတ်ယူရမည်၊
(ဃ) ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌသည် နိုင်ငံတော်သမ္မတအားလည်းကောင်း၊ အဖွဲ့ဝင်များသည် ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌနှင့် ယင်းမှတစ်ဆင့် နိုင်ငံတော်သမ္မတအားလည်းကောင်း တာဝန်ခံ ရမည်၊
(င) ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၏ သက်တမ်းသည် သာမန်အားဖြင့် နိုင်ငံတော် သမ္မတ၏ ရာထူးသက်တမ်းအတိုင်း ဖြစ်သည်၊
(စ) ပြည်ထောင်စုရာထူးဝန်အဖွဲ့ဖွဲ့စည်းခြင်း၊ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်တို့၏တာဝန်များ၊ လုပ်ပိုင်ခွင့်များ၊ ရပိုင်ခွင့်များ၊ ရာထူးမှနုတ်ထွက်ခြင်းနှင့် တာဝန်မှရပ်စဲခြင်းတို့ကို ဥပဒေပြဋ္ဌာန်းသတ်မှတ်ရမည်။
တိုင်းဒေသကြီးအစိုးရအဖွဲ့ သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့
၂၄၇။ (က) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်၏ အုပ်ချုပ်ရေးအကြီးအမှူးကို တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်ဟု ခေါ်ဝေါ်ရမည်၊
(ခ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်၏ အစိုးရအဖွဲ့ဝင်ကို တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးဟု ခေါ်ဝေါ်ရမည်။
တိုင်းဒေသကြီးအစိုးရအဖွဲ့ သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ ဖွဲ့စည်းခြင်း
၂၄၈။ (က) တိုင်းဒေသကြီးတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ပြည်နယ်တွင် ပြည်နယ်အစိုးရအဖွဲ့ ဖွဲ့စည်းထားရှိသည်၊
(ခ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ကို အောက်ဖော်ပြပါ ပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းသည် –
(၁) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်၊
(၂) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးများ၊
(၃) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဥပဒေချုပ်။
(ဂ) နိုင်ငံတော်သမ္မတသည် သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်၏ သဘောတူ ညီချက်ဖြင့်-
(၁) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးဌာနများကို လိုအပ်သလိုသတ်မှတ်နိုင်သည်။ ထို့ပြင် သတ်မှတ်ဝန်ကြီးဌာနများကို ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်းပြုနိုင်သည်၊
(၂) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးဦးရေကို လိုအပ်သလိုသတ်မှတ်နိုင်သည်။ ထို့ပြင် သတ်မှတ်ဦးရေကို တိုးခြင်း၊ လျှော့ခြင်း ပြုနိုင်သည်။
တိုင်းဒေသကြီးအစိုးရ သို့မဟုတ် ပြည်နယ်အစိုးရ၏ အုပ်ချုပ်မှုအခွင့်အာဏာ
၂၄၉။ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်လျှင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရ၏ အုပ်ချုပ်မှုအာဏာသည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်က ဥပဒေပြုနိုင်သောကိစ္စရပ်များသို့ သက်ရောက်ပျံ့နှံ့သည်။ ထို့ပြင် ပြည်ထောင်စု ဥပဒေတစ်ရပ်ရပ်အရ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအား ဆောင်ရွက်ခွင့်ပြုသည့် ကိစ္စရပ်များသို့လည်း သက် ရောက်ပျံ့နှံ့သည်။
၂၅၀။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရသည် ပြည်ထောင်စုအစိုးရက နိုင်ငံတော်တည်ငြိမ်ရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးတို့ကို ထိန်းသိမ်းစောင့်ရှောက်ရာတွင် ကူညီရန် တာဝန်ရှိသည်။
၂၅၁။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရသည် ပြည်ထောင်စုအစိုးရက ချမှတ်ထားသည့် မူဝါဒများနှင့်သော်လည်းကောင်း၊ ပြည်ထောင်စုဥပဒေများနှင့် သော်လည်းကောင်း မဆန့်ကျင်စေဘဲ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်မည့်လုပ်ငန်းများနှင့် စပ်လျဉ်းသည့် စီမံကိန်းများကို သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်၏ သဘော တူညီချက်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ရမည်။
၂၅၂။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရသည် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များ နှင့်အညီ ပြည်ထောင်စု၏ နှစ်စဉ်အရအသုံး ခန့်မှန်းခြေငွေစာရင်းအပေါ် အခြေပြုလျက် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်၏ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်းကို ပြဋ္ဌာန်းပေးနိုင်ရေးအတွက် သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်သို့ တင်သွင်းရမည်။
၂၅၃။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရသည် မိမိတင်သွင်းသည့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်၏ဘဏ္ဍာငွေ အရအသုံးဆိုင်ရာဥပဒေကြမ်းကို ဘဏ္ဍာရေးနှစ် မကုန်ဆုံးမီ သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်က ပြဋ္ဌာန်းခြင်းမပြုနိုင်လျှင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်က နောက်ဆုံးပြဋ္ဌာန်းထားသည့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်၏ဘဏ္ဍာငွေ အရအသုံးဆိုင်ရာဥပဒေပါ သာမန်အသုံးစရိတ် ခွင့်ပြုချက်ဘောင်အတွင်း သုံးစွဲခွင့်ရှိသည်။
တိုင်းဒေသကြီးအစိုးရ သို့မဟုတ် ပြည်နယ်အစိုးရများက ကောက်ခံရမည့် အခွန်အခများ
၂၅၄။ (က) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များက ဇယား ၅ ပါ အခွန်အခများကို ဥပဒေနှင့်အညီ ကောက်ခံ၍ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဘဏ္ဍာရန်ပုံငွေသို့ ပေးသွင်းရမည်၊
(ခ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များသည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဘဏ္ဍာရန်ပုံငွေ များကို ဥပဒေနှင့်အညီ သုံးစွဲခွင့်ရှိသည်။
၂၅၅။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရသည် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် အညီ ဇယား ၂ ရှိ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဥပဒေပြုစာရင်းပါ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ လိုအပ်သည့် ဥပဒေကြမ်းကို တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်သို့ တင်သွင်းနိုင်သည်။
၂၅၆။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရသည် –
(က) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးဌာနများနှင့် ယင်းတို့၏ လက်အောက်အစိုးရဌာနများ၊ အဖွဲ့အစည်းများ၏လုပ်ငန်းဆောင်ရွက်မှုများကို ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဖြစ်စေရန်လည်းကောင်း၊ တည်ဆဲဥပဒေပါပြဋ္ဌာန်းချက်များနှင့်အညီ ဖြစ်စေရန်လည်းကောင်း စီမံ ခန့်ခွဲခြင်း၊ လမ်းညွှန်ခြင်း၊ ကြီးကြပ်ခြင်း၊ စစ်ဆေးခြင်း ပြုရမည်၊
(ခ) မိမိတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အတွင်း တာဝန်ထမ်းဆောင်လျက်ရှိသော နယ်ဘက် ဝန်ထမ်းအဖွဲ့အစည်းများ၏ လုပ်ငန်းဆောင်ရွက်မှုများကိုလည်း ဥပဒေနှင့်အညီ ကြီးကြပ်ခြင်း၊ စစ်ဆေး ခြင်း၊ ပေါင်းစပ်ညှိနှိုင်းပေးခြင်း ပြုနိုင်သည်။
၂၅၇။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရသည် နိုင်ငံ့ဝန်ထမ်းဆိုင်ရာ ပြည်ထောင်စု ဥပဒေနှင့် အညီလည်းကောင်း၊ ပြည်ထောင်စုအစိုးရနှင့် ကြိုတင်ညှိနှိုင်း၍လည်းကောင်း မိမိတာဝန်ယူ အကောင် အထည်ဖော်ရသည့်လုပ်ငန်းများကို ဆောင်ရွက်နိုင်ရန်-
(က) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဆိုင်ရာ နယ်ဘက်ဝန်ထမ်းအဖွဲ့အစည်းများကို လိုအပ်သလို ဖွဲ့စည်းနိုင်သည်၊
(ခ) လိုအပ်သော နယ်ဘက်ဝန်ထမ်းများကို ခန့်အပ်နိုင်သည်။
၂၅၈။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရသည်-
(က) သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်က အခါအားလျော်စွာ ချမှတ်သည့် အုပ်ချုပ်ရေးဆိုင်ရာဆုံးဖြတ်ချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ရမည်။ မိမိ၏အရေးယူ ဆောင်ရွက်ချက်များကို သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်သို့ ပြန်လည်အစီရင် ခံရမည်၊
(ခ) မိမိနယ်မြေဒေသ၏ အခြေအနေအရပ်ရပ်နှင့်စပ်လျဉ်းသည့် အစီရင်ခံစာကို ပြည်ထောင်စုအစိုးရနှင့် သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်သို့ တင်ပြရမည်။
၂၅၉။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရသည် ပြည်ထောင်စုအစိုးရက အခါအားလျော်စွာ ပေးအပ်လာသည့် လုပ်ငန်းတာဝန်များကို ထမ်းဆောင်ရမည်။
တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ရုံး
၂၆၀။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အကြီးအမှူးသည် ရာထူး အလျောက် သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့၏ အတွင်းရေးမှူး ဖြစ်သည်။ ထို့အပြင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသည် သက်ဆိုင်ရာ တိုင်းဒေသကြီး သိုမဟုတ် ပြည်နယ်အစိုးရအဖွဲ့ရုံးလည်းဖြစ်သည်။
တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်
တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ် ခန့်အပ်တာဝန်ပေးခြင်း
၂၆၁။ (က) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်သည် အောက်ပါ အရည်အချင်းများနှင့် ပြည့်စုံရမည်-
(၁) အသက် ၃၅ နှစ်ပြည့်ပြီးသူ၊
(၂) အသက်ကန့်သတ်ချက်မှအပ ပုဒ်မ ၁၂၀ တွင် ဖော်ပြထားသည့် ပြည်သူ့လွှတ်တော် ကိုယ်စား လှယ်များအတွက် သတ်မှတ်ထားသော အရည်အချင်းများနှင့် ပြည့်စုံသူ၊
(၃) ပုဒ်မ ၁၂၁ တွင် ဖော်ပြထားသည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအဖြစ် ရွေးကောက်တင် မြှောက်ခံပိုင်ခွင့်မရှိစေသော ပြဋ္ဌာန်းချက်များနှင့်လည်း ငြိစွန်းခြင်းမရှိသူ၊
(၄) နိုင်ငံတော်နှင့် နိုင်ငံသားများအပေါ် သစ္စာရှိသူ။
(ခ) နိုင်ငံတော်သမ္မတသည် သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ခန့်အပ်တာဝန်ပေးရန်-
(၁) သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များထဲက သတ်မှတ် ထားသည့် အရည်အချင်းများနှင့်ပြည့်စုံသော သင့်လျော်သည့် လွှတ်တော်ကိုယ်စားလှယ် တစ်ဦးအား ရွေးချယ်ရမည်၊
(၂) ရွေးချယ်ထားသည့် လွှတ်တော်ကိုယ်စားလှယ်၏ အမည်စာရင်းကို သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်သို့ ပေးပို့လျက် သဘောတူညီချက်ရယူရမည်။
(ဂ) နိုင်ငံတော်သမ္မတသည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်၏ သဘောတူညီချက် ရရှိပြီးသည့် လွှတ်တော်ကိုယ်စားလှယ်အား သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ် အဖြစ် ခန့်အပ်တာဝန်ပေးရမည်၊
(ဃ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်အတွက် သတ်မှတ်ထားသော အရည်အချင်း များနှင့် မပြည့်စုံကြောင်း အထင်အရှားမပြနိုင်ပါက တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်သည် နိုင်ငံတော်သမ္မတက အမည်စာရင်းတင်သွင်းသည့် လွှတ်တော်ကိုယ်စားလှယ်အား တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ခန့်အပ်တာဝန်ပေးရန် ငြင်းပယ်ခွင့် မရှိစေရ၊
(င) နိုင်ငံတော်သမ္မတသည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ခန့်အပ်တာဝန် ပေးရန် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်၏သဘောတူညီချက်မရရှိသည့် ပုဂ္ဂိုလ်အစား အမည်စာရင်းသစ်ကို တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်သို့ ထပ်မံတင်သွင်းခွင့်ရှိသည်။
တိုင်းဒေသကြီးဝန်ကြီးများ သို့မဟုတ် ပြည်နယ်ဝန်ကြီးများ
တိုင်းဒေသကြီးဝန်ကြီးများ သို့မဟုတ် ပြည်နယ်ဝန်ကြီးများ ခန့်အပ်တာဝန်ပေးခြင်း
၂၆၂။ (က) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်သည် –
(၁) သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များထဲကဖြစ်စေ၊ လွှတ်တော်ကိုယ်စားလှယ်မဟုတ်သူများထဲကဖြစ်စေ ပုဒ်မ ၂၆၁၊ ပုဒ်မခွဲ (က) ပါ ပြဋ္ဌာန်းချက်တွင် သတ်မှတ်ထားသည့် အရည်အချင်းများနှင့်ပြည့်စုံသော သင့်လျော်သည့် ပုဂ္ဂိုလ်များကို ရွေးချယ်ရမည်၊
(၂) လုံခြုံရေးနှင့် နယ်စပ်ရေးရာ တာဝန်ပေးအပ်နိုင်ရန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံမှ သင့်လျော်သည့် တပ်မတော်သားများ၏ အမည်စာရင်းကို တောင်းခံရမည်၊
(၃) သက်ဆိုင်ရာ တိုင်းဒေသကြီး သိုမဟုတ် ပြည်နယ်အတွင်းရှိ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဦးစီးအဖွဲ့ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ထံမှ ယင်းတို့၏ ဥက္ကဋ္ဌအမည်စာရင်းကို ရယူရမည်၊
(၄) သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အတွင်းရှိတိုင်းရင်းသားလူမျိုးရေးရာဆောင်ရွက် ရန်အတွက် ရွေးကောက်တင်မြှောက်ထားသည့် လွှတ်တော်ကိုယ်စားလှယ်များ၏ အမည်စာရင်းကို သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်ထံမှရယူရမည်။
(ခ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်သည် မိမိရွေးချယ်ထားသည့် ပုဂ္ဂိုလ်များနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံမှရရှိသည့် တပ်မတော်သားများ၏ အမည်စာရင်းကို စုစည်းပြီး သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်သို့တင်သွင်းလျက် သဘောတူညီချက်ရယူ ရမည်၊
(ဂ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးများအတွက် သတ်မှတ်ထားသော အရည်အချင်းများနှင့် မပြည့်စုံကြောင်း အထင်အရှားမပြနိုင်ပါက တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်သည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်က အမည်စာရင်းတင်သွင်းသည့် ပုဂ္ဂိုလ်များအား တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးများအဖြစ် ခန့်အပ်တာဝန်ပေးရန် ငြင်းပယ်ခွင့်မရှိစေရ၊
(ဃ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်သည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ခန့်အပ်တာဝန်ပေးရန် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်၏ သဘောတူညီချက်မရရှိသည့်ပုဂ္ဂိုလ်အစား အမည်စာရင်းသစ်ကို သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်သို့ ထပ်မံတင်သွင်းခွင့်ရှိသည်။
(င) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်သည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်၏ သဘောတူညီချက်ရရှိပြီးဖြစ်သည့် ပုဂ္ဂိုလ်များကို သောလည်းကောင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဥက္ကဋ္ဌ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဥက္ကဋ္ဌများ၏ အမည်စာရင်းနှင့် တိုင်းရင်းသားလူမျိုးရေးရာ ဆောင်ရွက်ရန် ရွေးကောက်တင်မြှောက်ထားသည့် လွှတ်တော်ကိုယ်စားလှယ်များ၏ အမည်စာရင်းပါပုဂ္ဂိုလ်များကိုသော်လည်းကောငင်း တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးများအဖြစ် ခန့်အပ်တာဝန်ပေးရန် နိုင်ငံတော် သမ္မတထံ တင်ပြရမည်။
(စ) နိုင်ငံတော်သမ္မတသည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်က တင်ပြလာသည့် ပုဂ္ဂိုလ်များအား သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးများအဖြစ် ခန့်အပ်တာဝန်ပေး ရမည်။ ထိုသို့ခန့်အပ်တာဝန်ပေးရာတွင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီး တစ်ဦးချင်းအလိုက် တာဝန်ယူရမည့် ဝန်ကြီးဌာန သို့မဟုတ် ဝန်ကြီးဌာနများကို သက်ဆိုင်ရာဝန်ကြီးချုပ်နှင့် ညှိနှိုင်းလျက် သတ်မှတ်ပေးရမည်၊
(ဆ) နိုင်ငံတော်သမ္မတသည်-
(၁) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးများဖြစ်သည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဥက္ကဋ္ဌနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဥက္ကဋ္ဌများအား သက်ဆိုင်ရာကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသရေးရာများကို ဆောင်ရွက်ရန်တာဝန်ပေးအပ်ရမည်၊
(၂) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးများဖြစ်သည့် တိုင်းရင်းသားလူမျိုးရေးရာ ဆောင်ရွက်ရန် ရွေးကောက်တင်မြှောက်ထားသည့် လွှတ်တော်ကိုယ်စားလှယ်များအား သက်ဆိုင်ရာ တိုင်းရင်းသားလူမျိုးရေးရာများကိုဆောင်ရွက်ရန် တာဝန်ပေးအပ်ရမည်။
(ဇ) သက်ဆိုင်ရာကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဥက္ကဋ္ဌ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဥက္ကဋ္ဌ အားလည်းကောင်း၊ သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အတွင်းရှိတိုင်းရင်းသား လူမျိုးရေးရာဆောင်ရွက်ရန် ရွေးကောက်တင်မြှောက်ထားသည့် လွှတ်တော် ကိုယ်စားလှယ်အားလည်း ကောင်း တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးအဖြစ် ခန့်အပ်တာဝန် ပေးရာတွင် နိုင်ငံတော်သမ္မတ သည် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် သတ်မှတ်ထားသည့် အသက်ကန့်သတ် ချက်ကို လျော့ပေါ့ပေးရမည်၊
(ဈ) နိုင်ငံတော်သမ္မတသည် ဝန်ကြီးချုပ်နှင့်ညှိနှိုင်း၍ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဆိုင်ရာ ဝန်ကြီးများအားလည်းကောင်း၊ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး များအားလည်းကောင်း အခြားဝန်ကြီးဌာန တာဝန်များကိုလည်း ပူးတွဲတာဝန်ပေးအပ်နိုင်သည်၊
(ည) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်သည် လုံခြုံရေးနှင့် နယ်စပ်ရေးရာတာဝန်များ မှအပ အခြားတာဝန်များအတွက် တပ်မတော်သားများအားတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီး အဖြစ် ခန့်အပ်တာဝန်ပေးလိုလျှင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံမှ အမည်စာရင်းတောင်းခံ၍ ယင်းအမည်စာရင်းကို သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်၏ သဘောတူညီချက် ရယူလျက် နိုင်ငံတော်သမ္မတထံ တင်ပြရမည်၊
(ဋ) နိုင်ငံတော်သမ္မတသည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ ခန့်အပ်တာဝန်ပေးခြင်းများကို သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် သို့လည်း ကောင်း၊ ပြည်ထောင်စုလွှတ်တော်သို့လည်းကောင်း အကြောင်းကြားရမည်၊
(ဌ) (၁) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်သည် နိုင်ငံတော်သမ္မတအား တာဝန်ခံရမည်၊
(၂) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးများသည် သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်အားလည်းကောင်း၊ သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ် မှတစ်ဆင့် နိုင်ငံတော်သမ္မတအားလည်းကောင်း တာဝန်ခံရမည်။
(ဍ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၏ ရာထူးသက်တမ်းသည် သာမန်အားဖြင့် နိုင်ငံတော်သမ္မတ၏ ရာထူးသက်တမ်းအတိုင်းဖြစ်သည်၊
(ဎ) (၁) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးသည် နိုင်ငံ့ဝန်ထမ်းဖြစ်လျှင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးအဖြစ် ခန့်အပ်ခြင်း ခံရသည့်နေ့မှစ၍ တည်ဆဲ ဝန်ထမ်း စည်းမျဉ်းစည်းကမ်း များနှင့်အညီ နိုင်ငံ့ဝန်ထမ်းအဖြစ်မှ အငြိမ်းစားယူပြီးဖြစ်သည်ဟု မှတ်ယူရမည်၊
(၂) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့များ၏ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဌာနများတွင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးအဖြစ် ခန့်ထားခြင်းခံရသော တပ်မတော်သား များသည် တပ်မတော်မှ အငြိမ်းစားယူရန် သို့မဟုတ် နုတ်ထွက်ရန်မလို။
တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ် သို့မဟုတ် ဝန်ကြီးတစ်ဦးဦးအပေါ်စွပ်စွဲပြစ်တင်ခြင်း
၂၆၃။ (က) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ် သို့မဟုတ် ဝန်ကြီးတစ်ဦးဦးအား အောက်ပါအကြောင်းတစ်ရပ်ရပ်ကြောင့် စွပ်စွဲပြစ်တင်နိုင်သည်-
(၁) နိုင်ငံတော်၏ကျေးဇူးသစ္စာတော်ကို ဖောက်ဖျက်ခြင်း၊
(၂) ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ခြင်း၊
(၃) အကျင့်သိက္ခာ ပျက်ပြားခြင်း၊
(၄) ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြဋ္ဌာန်းထားသည့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ် သို့မဟုတ် ဝန်ကြီး၏အရည်အချင်းပျက်ယွင်းခြင်း၊
(၅) ဥပဒေအရပေးအပ်သောတာဝန်များကို ကျေပွန်စွာမဆောင်ရွက်ခြင်း။
(ခ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ် သို့မဟုတ် ဝန်ကြီးတစ်ဦးဦးအပေါ် ဖော်ပြပါ အကြောင်းတစ်ရပ်ရပ်ဖြင့် စွပ်စွဲပြစ်တင်လိုပါက သက်ဆိုင်ရာတိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်းဦးရေအနက် အနည်းဆုံးလေးပုံတစ်ပုံက လက်မှတ် ရေးထိုးပြီး မိမိတို့၏ စွပ်စွဲချက်ကို သက်ဆိုင်ရာလွှတ်တော်ဥက္ကဋ္ဌထံ တင်ပြရမည်၊
(ဂ) သက်ဆိုင်ရာလွှတ်တော်ဥက္ကဋ္ဌသည် စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်း၍ စွပ်စွဲချက်ကို စုံစမ်းစစ်ဆေးစေရမည်။ စုံစမ်းစစ်ဆေးရမည့် လုပ်ငန်းပမာဏ ကိုထောက်ရှု၍ စုံစမ်းစစ်ဆေးမှုပြီးစီး ရမည့်ကာလကိုလည်း သတ်မှတ်ပေးရမည်၊
(ဃ) စွပ်စွဲချက်ကို စုံစမ်းစစ်ဆေးသည့်အခါ စွပ်စွဲပြစ်တင်ခြင်းခံရသော တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ် သို့မဟုတ် ဝန်ကြီးအား ကိုယ်တိုင်သော်လည်းကောင်း၊ ကိုယ်စားလှယ် ဖြင့်သော် လည်းကောင်း ချေပခွင့်ပေးရမည်၊
(င) (၁) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ် သို့မဟုတ် ဝန်ကြီးတစ်ဦးဦးအပေါ် သက်ဆိုင်ရာတိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်၏ စွပ်စွဲပြစ်တင်မှုနှင့် စပ်လျဉ်း၍ စုံစမ်းစစ်ဆေးရေးအဖွဲ့က စုံစမ်းစစ်ဆေးတွေ့ရှိချက်များကို တင်ပြလာလျှင် လွှတ်တော်ဥက္ကဋ္ဌသည် သက်ဆိုင်ရာတိုင်းဒေသကြီး လွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်သို့ တင်ပြရမည်။ သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်စုစုပေါင်းဦးရေ အနည်းဆုံးသုံးပုံနှစ်ပုံက စွပ်စွဲပြစ်တင်မှုသည် မှန်ကန်၍ စွပ်စွဲခံရသူသည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ် သို့မဟုတ် ဝန်ကြီးရာထူးတွင် ဆက်လက်ထမ်းရွက်စေရန် မသင့်ကြောင်းဆုံးဖြတ်လျှင် ဥက္ကဋ္ဌသည် ထိုဆုံးဖြတ်ချက်ကို နိုင်ငံတော် သမ္မတထံ တင်ပြအစီရင်ခံရမည်၊
(၂) နိုင်ငံတော်သမ္မတသည် တင်ပြချက်ရရှိလျှင် စွပ်စွဲပြစ်တင်ခြင်းခံရသည့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ် သို့မဟုတ် ဝန်ကြီးအားရာထူးမှရပ်စဲရမည်၊
(၃) စွပ်စွဲပြစ်တင်မှုသည် မမှန်ကန်ကြောင်း သက်ဆိုင်ရာလွှတ်တော်က ဆုံးဖြတ်လျှင် ထိုသို့ဆုံးဖြတ် ကြောင်းကို လွှတ်တော်ဥက္ကဋ္ဌသည် နိုင်ငံတော်သမ္မတထံ တင်ပြအစီရင်ခံရမည်။
တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ် သို့မဟုတ် ဝန်ကြီးတစ်ဦးဦး နုတ်ထွက်ခြင်း၊ တာဝန်မှရပ်စဲခြင်းနှင့် လစ်လပ်ရာထူးနေရာ ဖြည့်စွက်ခန့်ထားခြင်း
၂၆၄။(က) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ် သို့မဟုတ် ဝန်ကြီးတစ်ဦးဦးသည် ရာထူး သက်တမ်းမကုန်ဆုံးမီ အကြောင်းတစ်ခုခုကြောင့် မိမိသဘော ဆန္ဒအလျောက် ရာထူးမှ နုတ်ထွက်လို လျှင် ထိုသို့နုတ်ထွက်လိုကြောင်း နိုင်ငံတော်သမ္မတထံ စာဖြင့်တင်ပြပြီး ရာထူးမှနုတ်ထွက်နိုင်သည်၊
(ခ) နိုင်ငံတော်သမ္မတသည် –
(၁) လုပ်ငန်းတာဝန်ကို ကျေပွန်စွာမထမ်းဆောင်နိုင်သော တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီး ချုပ် သို့မဟုတ် ဝန်ကြီးအား ရာထူးမှ နုတ်ထွက်ရန် ညွှန်ကြားနိုင်သည်။ ညွှန်ကြားသည့်အတိုင်း လိုက်နာခြင်းမပြုလျှင် တာဝန်မှရပ်စဲရမည်၊
(၂) ရာထူးမှ နုတ်ထွက်ရမည့် သို့မဟုတ် တာဝန်မှရပ်စဲခံရမည့် တပ်မတော်သား တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးနှင့် ပတ်သက်လျှင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ညှိနှိုင်းဆောင် ရွက်ရမည်။
(ဂ) ရာထူးမှနုတ်ထွက်ခြင်းကြောင့်ဖြစ်စေ၊ တာဝန်မှရပ်စဲခံရခြင်းကြောင့်ဖြစ်စေ၊ ကွယ်လွန်ခြင်း ကြောင့်ဖြစ်စေ၊ အခြားအကြောင်းတစ်ခုခုကြောင့်ဖြစ်စေ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ် သို့မဟုတ် ဝန်ကြီးရာထူးနေရာလစ်လပ်လျှင် နိုင်ငံတော်သမ္မတသည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ် သို့မဟုတ် ဝန်ကြီးများ ခန့်အပ်တာဝန်ပေးခြင်းနှင့် စပ်လျဉ်း၍ ဖွဲ့စည်းပုံအခြေ ခံဥပဒေပါ သက်ဆိုင်ရာပြဋ္ဌာန်းချက်များနှင့်အညီ လစ်လပ်သည့် ရာထူးနေရာတွင် ဖြည့်စွက်ခန့်ထား နိုင်သည်။ ထိုသို့ဖြည့်စွက်ခန့်ထားခြင်းခံရသည့် ပုဂ္ဂိုလ်၏ ရာထူးသက်တမ်းသည် နိုင်ငံတော်သမ္မတ၏ ကျန်ရှိသည့်ရာထူးသက်တမ်းအတွက်သာ ဖြစ်စေရမည်၊
(ဃ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၏ တာဝန်များ၊ လုပ်ပိုင်ခွင့်များ နှင့် ရပိုင်ခွင့်များကို ဥပဒေပြဋ္ဌာန်းသတ်မှတ်ရမည်။
တိုင်းဒေသကြီးဥပဒေချုပ် သို့မဟုတ် ပြည်နယ်ဥပဒေချုပ်
၂၆၅။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်၏ရှေ့နေချုပ်ကို တိုင်းဒေသကြီးဥပဒေချုပ် သို့မဟုတ် ပြည်နယ်ဥပဒေချုပ်ဟု ခေါ်ဝေါ်ရမည်။
တိုင်းဒေသကြီးဥပဒေချုပ် သို့မဟုတ် ပြည်နယ်ဥပဒေချုပ် ခန့်အပ်တာဝန်ပေးခြင်း
၂၆၆။ (က) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်သည် ဥပဒေအကြံဉာဏ်များရယူနိုင်ရန်နှင့် ဥပဒေဆိုင်ရာတာဝန်များပေးနိုင်ရန် လွှတ်တော်ကိုယ်စားလှယ်များထဲကဖြစ်စေ၊ လွှတ်တော်ကိုယ်စား လှယ်မဟုတ်သူများထဲကဖြစ်စေ အောက်ဖော်ပြပါ အရည်အချင်းများနှင့် ပြည့်စုံသူတစ်ဦးဦးအား တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဥပဒေချုပ်အဖြစ် ခန့်အပ်တာဝန်ပေးနိုင်ရေးအတွက် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်သို့ တင်ပြသဘောတူညီချက်ရယူ၍ နိုင်ငံတော်သမ္မတထံ တင်ပြရမည် –
(၁) အသက် ၄၀ နှစ် ပြည့်ပြီးသူ၊
(၂) အသက်ကန့်သတ်ချက်မှအပ ပုဒ်မ ၁၂၀ တွင် ဖော်ပြထားသည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအတွက် သတ်မှတ်ထားသော အရည်အချင်းများနှင့် ပြည့်စုံသူ၊
(၃) ပုဒ်မ ၁၂၁ တွင် ဖော်ပြထားသည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအဖြစ် ရွေးကောက်တင် မြှောက်ခံပိုင်ခွင့်မရှိစေသော ပြဋ္ဌာန်းချက်များနှင့်လည်း ငြိစွန်းခြင်းမရှိသူ၊
(၄) (ကက) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့်ထက်မနိမ့်သော တရားရေးအရာရှိ သို့မဟုတ် ဥပဒေအရာရှိရာထူးတွင်အနည်းဆုံးငါးနှစ် တာဝန်ထမ်းဆောင်ခဲ့သူ သို့မဟုတ် ခရိုင်အဆင့်ထက်မနိမ့် သော တရားရေးအရာရှိ သို့မဟုတ် ဥပဒေအရာရှိရာထူးတွင် အနည်းဆုံး ၁၀ နှစ် တာဝန်ထမ်းဆောင် ခဲ့သူ သို့မဟုတ်
(ခခ) တရားလွှတ်တော်ရှေ့နေဖြစ်လျှင် အနည်းဆုံး ၁၅ နှစ် အမှုလိုက်ပါဆောင်ရွက်ခဲ့သူ။
(၅) နိုင်ငံတော်နှင့် နိုင်ငံသားများအပေါ် သစ္စာရှိသူ။
(ခ) နိုင်ငံတော်သမ္မတသည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဥပဒေချုပ်အဖြစ် တာဝန်ပေးအပ်ရန် သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်က သက်ဆိုင်ရာလွှတ်တော်၏ သဘော တူညီချက်ဖြင့် တင်ပြလာသည့် ပုဂ္ဂိုလ်အား တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဥပဒေချုပ်အဖြစ် ခန့်အပ်တာဝန်ပေးရမည်၊
(ဂ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဥပဒေချုပ်အတွက် သတ်မှတ်ထားသော အရည်အချင်းများနှင့် မပြည့်စုံကြောင်း အထင်အရှားမပြနိုင်ပါက သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော်သည် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်က အမည်စာရင်းတင် သွင်းသည့်ပုဂ္ဂိုလ်အား တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဥပဒေချုပ်အဖြစ် ခန့်အပ်တာဝန်ပေးရန် ငြင်းပယ်ခွင့်မရှိစေရ၊
(ဃ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်သည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဥပဒေချုပ်အဖြစ် ခန့်အပ်တာဝန်ပေးရန် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်၏ သဘောတူညီချက်မရရှိသည့် ပုဂ္ဂိုလ်အစား အမည်စာရင်းသစ်ကို သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်သို့ ထပ်မံတင်သွင်းခွင့်ရှိသည်၊
(င) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဥပဒေချုပ်သည် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ဝင် ဖြစ်သည်၊
(စ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဥပဒေချုပ်သည်-
(၁) သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်မှတစ်ဆင့် နိုင်ငံတော်သမ္မတအား တာဝန်ခံရမည်၊
(၂) ပြည်ထောင်စုရှေ့နေချုပ်အားလည်းကောင်း၊ သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဝန်ကြီးချုပ်အားလည်းကောင်း တာဝန်ခံရမည်။
တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဥပဒေချုပ်အား စွပ်စွဲပြစ်တင်ခြင်း
၂၆၇။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဥပဒေချုပ်အား စွပ်စွဲပြစ်တင်ရန်ကိစ္စ ပေါ်ပေါက်လျှင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ် သို့မဟုတ် ဝန်ကြီးတစ်ဦးဦးအား စွပ်စွဲပြစ်တင်ခြင်း ဆိုင်ရာ ပုဒ်မ ၂၆၃ ပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ရမည်။
တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဥပဒေချုပ်၏ ရာထူးမှနုတ်ထွက်ခြင်း၊ တာဝန်မှရပ်စဲခြင်းနှင့် လစ်လပ်သည့်ရာထူးနေရာတွင် ဖြည့်စွက်ခန့်ထားခြင်း
၂၆၈။ ရာထူးမှ နုတ်ထွက်ခြင်း၊ တာဝန်မှရပ်စဲခြင်း၊ လစ်လပ်သည့်ရာထူးနေရာတွင် ဖြည့်စွက်ခန့်ထား ခြင်း၊ နိုင်ငံ့ဝန်ထမ်းဖြစ်ပါက အငြိမ်းစားယူပြီးဖြစ်သည်ဟု မှတ်ယူခြင်းတို့နှင့်စပ်လျဉ်း၍ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ် သို့မဟုတ် ဝန်ကြီးများအတွက် သတ်မှတ်ထားသည့် ပုဒ်မ ၂၆၂ (ဎ) နှင့် ၂၆၄ ပါ ပြဋ္ဌာန်းချက်များသည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဥပဒေချုပ်နှင့်လည်း သက်ဆိုင် စေရမည်။
၂၆၉။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဥပဒေချုပ်၏ တာဝန်များ၊ လုပ်ပိုင်ခွင့်များနှင့် ရပိုင်ခွင့်များကို ဥပဒေပြဋ္ဌားန်သတ်မှတ်ရမည်။
တိုင်းဒေသကြီးစာရင်းစစ်ချုပ် သို့မဟုတ် ပြည်နယ်စာရင်းစစ်ချုပ်
၂၇၀။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်၏စာရင်းစစ်ချုပ်ကို တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် စာရင်းစစ်ချုပ်ဟု ခေါ်ဝေါ်ရမည်။
တိုင်းဒေသကြီးစာရင်းစစ်ချုပ် သို့မဟုတ် ပြည်နယ်စာရင်းစစ်ချုပ် ခန့်အပ်တာဝန်ပေးခြင်း
၂၇၁။ (က) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အရအသုံးငွေစာရင်းများကို စစ်ဆေး၍ သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်သို့ တင်ပြနိုင်ရန် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်သည် လွှတ်တော်ကိုယ်စားလှယ်များထဲကဖြစ်စေ၊ လွှတ်တော်ကိုယ်စားလှယ် မဟုတ်သူများထဲကဖြစ်စေ အောက်ဖော်ပြပါ အရည်အချင်းများနှင့် ပြည့်စုံသူတစ်ဦးဦးအား တိုင်းဒေသ ကြီး သို့မဟုတ် ပြည်နယ်စာရင်းစစ်ချုပ်အဖြစ် ခန့်အပ်တာဝန်ပေးနိုင်ရေးအတွက် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်သို့ တင်ပြသဘောတူညီချက်ရယူ၍ နိုင်ငံတော်သမ္မတ ထံတင်ပြရမည်-
(၁) အသက် ၄၀ နှစ် ပြည့်ပြီးသူ၊
(၂) အသက်ကန့်သတ်ချက်မှအပ ပုဒ်မ ၁၂၀ တွင် ဖော်ပြထားသည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် များအတွက် သတ်မှတ်ထားသော အရည်အချင်းများနှင့် ပြည့်စုံသူ၊
(၃) ပုဒ်မ ၁၂၁ တွင် ဖော်ပြထားသည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအဖြစ် ရွေးကောက်တင် မြှောက်ခံပိုင်ခွင့်မရှိစေသော ပြဋ္ဌာန်းချက်များနှင့်လည်း ငြိစွန်းခြင်းမရှိသူ၊
(၄) (ကက) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်စာရင်းစစ်အရာရှိထက် မနိမ့်သောရာထူးတွင် အနည်း ဆုံးငါးနှစ် ဆောင်ရွက်ခဲ့သူ သို့မဟုတ် ခရိုင်အဆင့်စာရင်းစစ်အရာရှိထက် မနိမ့်သောရာထူးတွင် အနည်း ဆုံး ၁၀ နှစ် ဆောင်ရွက်ခဲ့သူ သို့မဟုတ်
(ခခ) မှတ်ပုံတင်စာရင်းကိုင် သို့မဟုတ် လက်မှတ်ရပြည်သူ့စာရင်းကိုင်အဖြစ် အနည်းဆုံး ၁၅ နှစ် ဆောင်ရွက်ခဲ့သူ။
(၅) နိုင်ငံတော်နှင့် နိုင်ငံသားများအပေါ် သစ္စာရှိသူ။
(ခ) နိုင်ငံတော်သမ္မတသည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်စာရင်းစစ်ချုပ်အဖြစ် တာဝန်ပေး အပ်ရန် သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဝန်ကြီးချုပ်က သက်ဆိုင်ရာလွှတ်တော်၏ သဘောတူ ညီချက်ဖြင့် တင်ပြလာသည့် ပုဂ္ဂိုလ်အား တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်စာရင်း စစ်ချုပ်အဖြစ် ခန့်အပ်တာဝန်ပေးရမည်၊
(ဂ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်စာရင်းစစ်ချုပ်အတွက် သတ်မှတ်ထားသော အရည်အချင်း များနှင့် မပြည့်စုံကြောင်း အထင်အရှားမပြနိုင်ပါက သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော်သည် သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်က အမည်စာရင်း တင်သွင်းသည့်ပုဂ္ဂိုလ်အား တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်စာရင်းစစ်ချုပ်အဖြစ် ခန့်အပ်တာဝန် ပေးရန် ငြင်းပယ်ခွင့်မရှိစေရ၊
(ဃ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်သည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်စာရင်း စစ်ချုပ်အဖြစ် ခန့်အပ်တာဝန်ပေးရန် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်၏ သဘောတူညီချက်မရရှိသည့် ပုဂ္ဂိုလ်အစား အမည်စာရင်းသစ်ကို သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်သို့ ထပ်မံတင်သွင်းခွင့်ရှိသည်၊
(င) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်စာရင်းစစ်ချုပ်သည်-
(၁) သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်မှတစ်ဆင့် နိုင်ငံတော်သမ္မတအား တာဝန်ခံရမည်၊
(၂) ပြည်ထောင်စုစာရင်းစစ်ချုပ်အား လည်းကောင်း၊ သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဝန်ကြီးချုပ်အား လည်းကောင်း တာဝန်ခံရမည်။
တိုင်းဒေသကြီး စာရင်းစစ်ချုပ် သို့မဟုတ် ပြည်နယ်စာရင်းစစ်ချုပ်အား စွပ်စွဲပြစ်တင်ခြင်း
၂၇၂။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်စာရင်းစစ်ချုပ်အား စွပ်စွဲပြစ်တင်ရန် ကိစ္စပေါ်ပေါက်လျှင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ် သို့မဟုတ် ဝန်ကြီးတစ်ဦးဦးအား စွပ်စွဲပြစ်တင် ခြင်းဆိုင်ရာ ပုဒ်မ ၂၆၃ ပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ရမည်။
တိုင်းဒေသကြီးစာရင်းစစ်ချုပ် သို့မဟုတ် ပြည်နယ်စာရင်းစစ်ချုပ်ရာထူးမှနုတ်ထွက်ခြင်း၊ တာဝန်မှ ရပ်စဲခြင်းနှင့် လစ်လပ်သည့်ရာထူးနေရာတွင် ဖြည့်စွက်ခန့်ထားခြင်း
၂၇၃။ ရာထူးမှ နုတ်ထွက်ခြင်း၊ တာဝန်မှရပ်စဲခြင်း၊ လစ်လပ်သည့်ရာထူးနေရာတွင် ဖြည့်စွက် ခန့်ထား ခြင်း၊ နိုင်ငံ့ဝန်ထမ်းဖြစ်ပါက အငြိမ်းစားယူပြီးဖြစ်သည်ဟု မှတ်ယူခြင်းတို့နှင့်စပ်လျဉ်း၍ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ် သို့မဟုတ် ဝန်ကြီးများအတွက် သတ်မှတ်ထားသည့် ပုဒ်မ ၂၆၄ ပါ ပြဋ္ဌာန်းချက်များသည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်စာရင်းစစ်ချုပ်နှင့်လည်း သက်ဆိုင်စေရမည်။
၂၇၄။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်စာရင်းစစ်ချုပ်၏ တာဝန်များ၊ လုပ်ပိုင်ခွင့်များနှင့် ရပိုင်ခွင့်များကို ဥပဒေပြဋ္ဌာန်းသတ်မှတ်ရမည်။
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဦးစီးအဖွဲ့နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့
၂၇၅။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ အုပ်ချုပ်ရေးအဖွဲ့ကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဦးစီးအဖွဲ့ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဟု ခေါ်ဝေါ်ရ မည်။
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဦးစီးအဖွဲ့နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဖွဲ့စည်းခြင်း
၂၇၆။ (က) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတို့သည် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရစီရင်စုများဖြစ်ကြသည့်အားလျော်စွာ အဆင့်အတန်းတူညီကြသည်၊
(ခ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဦးစီးအဖွဲ့နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့များ အသီးသီးဖွဲ့စည်းထားရှိသည်။ ယင်းဦးစီးအဖွဲ့ များသည် ဖွဲ့စည်းပုံအခြေခံဥပဒေ ဇယား ၃ အရ ခွဲဝေအပ်နှင်းသည့် ဥပဒေပြုရေးအာဏာကို ကျင့်သုံး သည်၊
(ဂ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဦးစီးအဖွဲ့ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့တွင် အဖွဲ့ဝင်ဦးရေ အနည်းဆုံး ၁၀ ဦးပါဝင်စေရမည်၊
(ဃ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဦးစီးအဖွဲ့ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ကို အောက်ပါပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းရမည်-
(၁) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အတွင်းရှိ မြို့နယ်များမှ ရွေးကောက်တင်မြှောက်ထားသော တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊
(၂) လုံခြုံရေးတာဝန်ဖြစ်စေ၊ နယ်စပ်ရေးရာတာဝန်ဖြစ်စေ ပေးအပ်နိုင်ရန် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ဥပဒေနှင့်အညီ အမည်စာရင်းတင်သွင်းသည့် တပ်မတော်သားကိုယ်စားလှယ်များ၊
(၃) ပုဒ်မခွဲငယ် (၁) နှင့် (၂) ပါ ပုဂ္ဂိုလ်များက ရွေးချယ်ဖြည့်စွက်ခန့်ထားသည့် ကိုယ်စားလှယ်များ၊
(င) ပုဒ်မခွဲ (ဃ) ပုဒ်မခွဲငယ် (၁) နှင့် (၂) ပါ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဝင်များသည် မိမိတို့အချင်းချင်းညှိနှိုင်းလျက် ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအတွင်းရှိ မြို့နယ်များမှ ရွေးကောက်တင်မြှောက် ထားသော လွှတ်တော်ကိုယ်စားလှယ်များအနက် သင့်လျော်သူတစ်ဦးအား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဥက္ကဋ္ဌ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဋ္ဌအဖြစ် ရွေးချယ်ရမည်။ ထိုသို့ ရွေးချယ်သည့် ပုဂ္ဂိုလ်၏ အမည်စာရင်းကို သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်မှတစ်ဆင့် နိုင်ငံတော် သမ္မတထံ တင်ပြရမည်၊
(စ) နိုင်ငံတော်သမ္မတသည် အမည်စာရင်းတင်သွင်းလာသည့် ပုဂ္ဂိုလ်အား သက်ဆိုင်ရာကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း ဥက္ကဋ္ဌ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဋ္ဌအဖြစ် ခန့်အပ်တာဝန်ပေးရမည်၊
(ဆ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဥက္ကဋ္ဌ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဥက္ကဋ္ဌသည် ရာထူး အလျောက် သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးဖြစ်သည်။ သို့ဖြစ်၍ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင်ပါရှိသော တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးနှင့် သက်ဆိုင်သည့် ပြဋ္ဌာန်းချက် များအနက် ခန့်အပ်သည့်နည်းလမ်းမှလွဲ၍ ကျန်ပြဋ္ဌာန်းချက်များသည် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရတိုင်းဥက္ကဋ္ဌ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဋ္ဌနှင့် သက်ဆိုင်စေရမည်၊
(ဇ) သက်ဆိုင်ရာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဥက္ကဋ္ဌ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဥက္ကဋ္ဌနှင့် ဦးစီးအဖွဲ့ဝင်များသည် –
(၁) သက်ဆိုင်ရာကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း နေထိုင် ကြသည့် သက်ဆိုင်ရာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရရှိပြီးသော တိုင်းရင်းသားလူမျိုးများမှအပ ကျန်တိုင်းရင်းသားလူမျိုးများအနက် လျော်ကန်သင့်မြတ်သော လူဦးရေဖြစ်သည့် လူဦးရေအနည်းဆုံး ၁၀၀၀၀ နှင့် အထက်ရှိကြောင်း သက်ဆိုင်ရာက သတ်မှတ်သည့် တိုင်းရင်းသားလူမျိုးများရှိလျှင် ယင်းတိုင်းရင်းသား လူမျိုးကိုယ်စားလှယ် တစ်ဦးကျစီကို ဦးစီးအဖွဲ့ဝင် အဖြစ် ရွေးချယ်ခန့်ထားရမည်။ ယင်းသို့ ရွေးချယ်ခန့်ထားခြင်းခံရသော ဦးစီးအဖွဲ့ဝင်သည် ပုဒ်မ ၁၆၉ ပါ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များအတွက် သတ်မှတ်ထားသည့် အရည်အချင်းများနှင့် ပြည့်စုံရမည်၊
(၂) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဦးစီးအဖွဲ့ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့တွင် အဖွဲ့ဝင်ဦးရေ ၁၀ ဦး မပြည့်သေးပါက အဖွဲ့ဝင်ဦးရေ အနည်းဆုံး ၁၀ ဦးပြည့်စေရန် လိုအပ်သည့် အဖွဲ့ဝင်ဦးရေကို သက်ဆိုင်ရာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအ တွင်းနေထိုင်သူများထဲမှ ပုဒ်မ ၁၆၉ ပါ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် များအတွက် သတ်မှတ်ထားသည့် အရည်အချင်းများနှင့်ပြည့်စုံသော သင့်လျော်သည့် ပုဂ္ဂိုလ်များအား မိမိတို့သဘောဆန္ဒအလျောက် ရွေးချယ် ဖြည့်စွက်ခန့်ထားရမည်။
(ဈ) တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဦးစီးအဖွဲ့နှင့် ကိုယ်ပိုင်အုပ် ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့တို့တွင် ဦးစီးအဖွဲ့ဝင် စုစုပေါင်း၏ လေးပုံတစ်ပုံဖြစ်သည့် ဦးစီးအဖွဲ့ဝင်ဦးရေကို တပ်မတော်သားများဖြင့် လိုအပ်သလိုဖြည့်စွက်တာဝန်ပေးနိုင်သည်၊
(ည) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဝင်များအဖြစ် တာဝန်ပေးအပ်ရန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဥပဒေနှင့်အညီ အမည်စာရင်းတင်သွင်းသည့် တပ်မတော်သားများသည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၏ အရည် အချင်းများနှင့် ပြည့်စုံရမည်၊
(ဋ) (၁) သက်ဆိုင်ရာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဦးစီးအဖွဲ့ဥက္ကဋ္ဌ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌသည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီး အဖွဲ့ဝင်များ၏ အမည်စာရင်းကို ကြေညာရမည်၊
(၂) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌသည် သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်အားလည်းကောင်း၊ သက်ဆိုင်ရာ ဝန်ကြီး ချုပ်မှတစ်ဆင့် နိုင်ငံတော်သမ္မတအားလည်းကောင်း တာဝန်ခံရမည်၊
(၃) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဝင်များသည် ယင်းတို့၏ ဥက္ကဋ္ဌ အားတာဝန်ခံရမည်၊
(၄) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်တို့ နှင့်ပတ်သက်၍ ရာထူးသက်တမ်းသတ်မှတ်ခြင်း၊ အရေးယူခြင်း၊ ရာထူးမှနုတ်ထွက်ခြင်း၊ တာဝန်မှ ရပ်စဲခြင်း၊ လစ်လပ်ရာထူးနေရာများတွင် ဖြည့်စွက်ခန့်ထားခြင်းတို့အတွက် ဥပဒေပြဋ္ဌာန်းသတ်မှတ် ပေးရမည်။
(ဌ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဋ္ဌနှင့် ဦးစီးအဖွဲ့ဝင်တို့၏ တာဝန်များ၊ လုပ်ပိုင်ခွင့်များနှင့် ရပိုင်ခွင့်များကို ဥပဒေပြဋ္ဌားန်သတ်မှတ်ပေးရမည်။
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဦးစီးအဖွဲ့ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့များ၏ အုပ်ချုပ်မှု အခွင့်အာဏာ
၂၇၇။ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်လျှင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဦးစီးအဖွဲ့ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့၏ ကိုယ်ပိုင်အုပ်ချုပ်မှုအာဏာသည် အောက်ပါကိစ္စရပ်များသို့ သက်ရောက်ပျံ့နှံ့သည် –
(က) ဇယား ၃ ပါ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဦးစီးအဖွဲ့ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီး အဖွဲ့က ဥပဒေပြုခွင့်ရှိသည့် ကိစ္စရပ်များ၊
(ခ) ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌာန်းသည့် ဥပဒေတစ်ရပ်ရပ်အရ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဦးစီးအဖွဲ့ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့အားဆောင်ရွက်ခွင့်ပြုသည့် ကိစ္စရပ် များ၊
(ဂ) သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်က ပြဋ္ဌာန်းသည့် ဥပဒေတစ်ရပ်ရပ်အရ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဦးစီးအဖွဲ့ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့အား ဆောင်ရွက် ခွင့်ပြုသည့် ကိစ္စရပ်များ။
၂၇၈။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဦးစီးအဖွဲ့ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့သည် ပြည်ထောင်စုအစိုးရက နိုင်ငံတော်တည်ငြိမ်ရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေး ကိုထိန်းသိမ်းစောင့်ရှောက်ရာတွင် ကူညီရန်တာဝန်ရှိသည်။
၂၇၉။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဦးစီးအဖွဲ့ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့သည်-
(က) ပြည်ထောင်စုအစိုးရ၏ မူဝါဒများနှင့် မဆန့်ကျင်စေဘဲ မိမိနယ်မြေဒေသအတွင်းဘက်စုံဖွံ့ဖြိုး တိုးတက်ရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် လုပ်ငန်းအစီအစဉ်များကိုရေးဆွဲလျက် သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရနှင့်ညှိနှိုင်းထားရှိရမည်၊
(ခ) နှစ်စဉ်အရအသုံး ခန့်မှန်းခြေငွေစာရင်းကိုရေးဆွဲလျက် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များ နှင့်အညီ သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ်ပြည်နယ်အစိုးရနှင့် ညှိနှိုင်း၍ သဘောတူညီချက် ရယူရမည်၊
(ဂ) သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်၏ဘဏ္ဍာငွေ အရအသုံးဆိုင်ရာဥပဒေပါ မိမိနှင့်သက်ဆိုင်သည့် ခွင့်ပြုဘဏ္ဍာငွေကို သတ်မှတ်ထားသည့် ဘဏ္ဍာရေးစည်းမျဉ်း စည်းကမ်း များနှင့်အညီ သုံးစွဲခွင့်ရှိသည်၊
(ဃ) ဘဏ္ဍာရေးနှစ်မကုန်ဆုံးမီ သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်က ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေကို ပြဋ္ဌာန်းခြင်းမပြုနိုင်သဖြင့် သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရထံမှ ဘဏ္ဍာငွေအရအသုံးဆိုင်ရာခွင့်ပြုချက်ကို အချိန်မီမရရှိပါက တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်က နောက်ဆုံးပြဋ္ဌာန်းထားသည့် ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေပါ ခွင့်ပြုထားသည့် သာမန်အသုံးစရိတ်ဘောင်အတွင်း သုံးစွဲခွင့်ရှိသည်။
၂၈၀။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဦးစီးအဖွဲ့ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့သည် မိမိနယ်မြေဒေသအတွင်း တာဝန်ထမ်းဆောင်လျက်ရှိသော နယ်ဘက်ဝန်ထမ်းအဖွဲ့အစည်းများ၏ လုပ်ငန်းဆောင်ရွက်မှုများကို ဥပဒေနှင့်အညီ ကြီးကြပ်ခြင်း၊ ပေါင်းစပ် ညှိနှိုင်းခြင်းပြုနိုင်သည်။
၂၈၁။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဦးစီးအဖွဲ့ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့သည် မိမိနယ်မြေဒေသ၏ အခြေအနေအရပ်ရပ်နှင့်စပ်လျဉ်းသည့် အစီရင်ခံစာကိုပြည်ထောင်စုအစိုးရနှင့် သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရထံသို့ တင်ပြရမည်။
၂၈၂။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဦးစီးအဖွဲ့ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့သည် ပြည်ထောင်စုအစိုးရ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရက အခါအားလျော်စွာ ပေးအပ်လာ သည့်လုပ်ငန်းတာဝန်များကို ထမ်းဆောင်ရမည်။
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ရုံး
၂၈၃။ သက်ဆိုင်ရာကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနအကြီးအမှူးသည် ရာထူးအလျောက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့၏အတွင်းရေးမှူးအဖြစ် ဆောင်ရွက်ရမည်။ ထို့ပြင် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနသည် သက်ဆိုင်ရာကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ရုံးလည်းဖြစ် သည်။
ပြည်ထောင်စုနယ်မြေဖြစ်သည့် နေပြည်တော်အုပ်ချုပ်ရေး
၂၈၄။ (က) ပြည်ထောင်စုနယ်မြေဖြစ်သည့် နေပြည်တော်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေ အာဏာသက် ရောက်သည့်နေ့၌ တည်ရှိနေသော နေပြည်တော်စည်ပင်သာယာရေးနယ်နိမိတ်အတွင်းရှိ ခရိုင်နှင့်မြို့နယ် များ အားလုံးပါဝင်သည်၊
(ခ) နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုနယ်မြေဖြစ်သည့် နေပြည်တော်အတွင်းရှိ ခရိုင်နှင့်မြို့နယ် များကို လိုအပ်သလိုပြင်ဆင်သတ်မှတ်နိုင်သည်။
နေပြည်တော်ကောင်စီ ဖွဲ့စည်းခြင်း
၂၈၅။ (က) နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် ကောင်စီဝင်များသည် အောက်ဖော်ပြပါ အရည်အချင်း များနှင့် ပြည့်စုံရမည်-
(၁) အသက် ၃၅ နှစ် ပြည့်ပြီးသူ၊
(၂) အသက်ကန့်သတ်ချက်မှအပ ပုဒ်မ ၁၂၀ တွင် ဖော်ပြထားသည့် ပြည်သူ့လွှတ်တော် ကိုယ်စား လှယ်များအတွက် သတ်မှတ်ထားသောအရည်အချင်းများနှင့်ပြည့်စုံသူ၊
(၃) ပုဒ်မ ၁၂၁ တွင် ဖော်ပြထားသည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအဖြစ် ရွေးကောက်တင် မြှောက်ခံပိုင်ခွင့်မရှိစေသော ပြဋ္ဌာန်းချက်များနှင့်လည်း ငြိစွန်းခြင်းမရှိသူ၊
(၄) နိုင်ငံတော်သမ္မတက သတ်မှတ်သော အခြားအရည်အချင်းများနှင့်လည်းပြည့်စုံသူ။
(ခ) နိုင်ငံတော်သမ္မတသည် –
(၁) နေပြည်တော်ကောင်စီတစ်ရပ်ကို ဖွဲ့စည်းထားရှိရမည်၊
(၂) ပုဒ်မခွဲ (က) တွင် ဖော်ပြသတ်မှတ်ထားသော အရည်အချင်းများနှင့်ပြည့်စုံသည့်ပုဂ္ဂိုလ်များကို နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် ကောင်စီဝင်များအဖြစ် ခန့်အပ်တာဝန်ပေးရမည်၊
(၃) ပြည်ထောင်စုနယ်မြေဖြစ်သည့် နေပြည်တော်၏လုံခြုံရေးဆိုင်ရာကိစ္စရပ်များကို ညှိနှိုင်းပေါင်းစပ် ပေးနိုင်ရေးအတွက် ကောင်စီဝင် သို့မဟုတ် ကောင်စီဝင်များအဖြစ် တာဝန်ပေးအပ်နိုင်ရန် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ထံမှ သတ်မှတ်အရည်အချင်းနှင့် ပြည့်စုံသည့်သင့်လျော်သော တပ်မတော်သား သို့မဟုတ် တပ်မတော်သားများ၏ အမည်စာရင်းကို ရယူရမည်၊
(၄) နေပြည်တော်ကောင်စီတွင် ဥက္ကဋ္ဌအပါအဝင် အဖွဲ့ဝင်ဦးရေကို ဥပဒေနှင့်အညီ လိုအပ်သလို သတ်မှတ်နိုင်သည်။
(ဂ) နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် နိုင်ငံတော်သမ္မတအား လည်းကောင်း၊ ကောင်စီဝင်များသည် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌမှတစ်ဆင့် နိုင်ငံတော်သမ္မတအား လည်းကောင်း တာဝန်ခံရမည်၊
(ဃ) နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် ကောင်စီဝင်တစ်ဦးဦးသည် လွှတ်တော်တစ်ရပ်ရပ်၏ ကိုယ်စား လှယ်ဖြစ်လျှင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ သို့မဟုတ် ကောင်စီဝင်အဖြစ် ခန့်အပ်တာဝန် ပေးခြင်းခံ ရသည့်နေ့မှစ၍ လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ နုတ်ထွက်ပြီးဖြစ်သည်ဟု မှတ်ယူရမည်၊
(င) နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် ကောင်စီဝင်များသည် နိုင်ငံ့ဝန်ထမ်းဖြစ်လျှင် နေပြည်တော် ကောင်စီဥက္ကဋ္ဌ သို့မဟုတ် ကောင်စီဝင်အဖြစ် ခန့်အပ်တာဝန်ပေးခြင်းခံရသည့်နေ့မှစ၍ တည်ဆဲဝန်ထမ်း စည်းမျဉ်းစည်းကမ်းများနှင့်အညီ နိုင်ငံ့ဝန်ထမ်းအဖြစ်မှ အငြိမ်းစားယူပြီး သို့မဟုတ် နုတ်ထွက်ပြီး ဖြစ်သည်ဟု မှတ်ယူရမည်၊
(စ) နေပြည်တော်၏ လုံခြုံရေးဆိုင်ရာကိစ္စရပ်များကို ပေါင်းစပ်ညှိနှိုင်းပေးနိုင်ရေးအတွက် ခန့်အပ် တာဝန်ပေးခြင်းခံရသည့် တပ်မတော်သားနေပြည်တော်ကောင်စီဝင် သို့မဟုတ် ကောင်စီဝင်များသည် တပ်မတော်မှ နုတ်ထွက်ရန် သို့မဟုတ် အငြိမ်းစားယူရန်မလို၊
(ဆ) နေပြည်တော်ကောင်စီဥက္ကဋ္ဌ သို့မဟုတ် ကောင်စီဝင်တစ်ဦးဦးသည် နိုင်ငံရေးပါတီတစ်ခုခု၏ အဖွဲ့ဝင်ဖြစ်လျှင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ သို့မဟုတ် ကောင်စီဝင်အဖြစ် ခန့်အပ်တာဝန်ပေး အပ်ခြင်း ခံရသည့်နေ့မှစ၍ မိမိရာထူးသက်တမ်းအတွင်း ယင်းပါတီအဖွဲ့အစည်း၏ ပါတီလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခြင်းမပြုရ။
နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် ကောင်စီဝင်များ၏ ရာထူးသက်တမ်း၊ ရာထူးမှနုတ်ထွက်ခြင်း၊ တာဝန်မှရပ်စဲခြင်းနှင့် လစ်လပ်ရာထူးနေရာတွင် ဖြည့်စွက်ခန့်ထားခြင်း
၂၈၆။ (က) (၁) နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် ကောင်စီဝင်တို့၏ ရာထူးသက်တမ်းသည် သာမန်အား ဖြင့် နိုင်ငံတော်သမ္မတ၏ ရာထူးသက်တမ်း အတိုင်းဖြစ်သည်၊
(၂) နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် ကောင်စီဝင်တစ်ဦးဦးသည် ရာထူးသက်တမ်းမကုန်ဆုံးမီ အကြောင်းတစ်ခုခုကြောင့် မိမိသဘောဆန္ဒအလျောက် ရာထူးမှ နုတ်ထွက်လိုလျှင် ထိုသို့နုတ်ထွက် လိုကြောင်း နိုင်ငံတော်သမ္မတထံ စာဖြင့်တင်ပြပြီး ရာထူးမှနုတ်ထွက်နိုင်သည်၊
(၃) နိုင်ငံတော်သမ္မသည်-
(ကက) ပေးအပ်သည့်တာဝန်ကို ကျေပွန်စွာမထမ်းဆောင်နိုင်သော နေပြည်တော်ကောင်စီဥက္ကဋ္ဌ သို့မ ဟုတ် ကောင်စီဝင် တစ်ဦးဦးအား ရာထူးမှနုတ်ထွက်ရန် ညွှန်ကြားနိုင်သည်။ ညွှန်ကြားသည့်အတိုင်း လိုက်နာခြင်းမပြုလျှင် တာဝန်မှ ရပ်စဲရမည်၊
(ခခ) ရာထူးမှနုတ်ထွက်ရမည့် သို့မဟုတ် တာဝန်မှရပ်စဲခံရမည့် တပ်မတော်သား နေပြည်တော် ကောင်စီဝင်နှင့် ပတ်သက်လျှင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ညှိနှိုင်းဆောင်ရွက် ရမည်။
(၄) ရာထူးမှနုတ်ထွက်ခြင်းကြောင့်ဖြစ်စေ၊ တာဝန်မှရပ်စဲခံရခြင်းကြောင့်ဖြစ်စေ၊ ကွယ်လွန်ခြင်းကြောင့် ဖြစ်စေ၊ အခြားအကြောင်း တစ်ခုခုကြောင့်ဖြစ်စေ နေပြည်တော်ကောင်စီဥက္ကဋ္ဌ သို့မဟုတ် ကောင်စီဝင် ရာထူးနေရာလစ်လပ်ပါက နိုင်ငံတော်သမ္မတသည် ဖွဲ့စည်းပုံအခြေခံဥပဒေပါပြဋ္ဌာန်းချက်များနှင့်အညီ နေပြည်တော်ကောင်စီဥက္ကဋ္ဌအသစ် သို့မဟုတ် ကောင်စီဝင်အသစ်အား ခန့်အပ်တာဝန်ပေးနိုင်သည်။ ထိုသို့ ခန့်အပ်တာဝန်ပေးခြင်းခံရသည့် နေပြည်တော်ကောင်စီဥက္ကဋ္ဌ အသစ် သို့မဟုတ် ကောင်စီဝင် အသစ်၏ ရာထူးသက်တမ်းသည် နိုင်ငံတော်သမ္မတ၏ ကျန်ရှိသည့်ရာထူးသက်တမ်း အတွက်သာ ဖြစ်စေရမည်။
(ခ) နေပြည်တော်ကောင်စီ ဖွဲ့စည်းခြင်း၊ ဥက္ကဋ္ဌနှင့်ကောင်စီဝင်များ၏ တာဝန်များ၊ လုပ်ပိုင်ခွင့်များနှင့် ရပိုင်ခွင့်များကို ဥပဒေပြဋ္ဌာန်းသတ်မှတ်ရမည်။
နေပြည်တော်ကောင်စီရုံး
၂၈၇။ နေပြည်တော်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ အကြီးအမှူးသည် ရာထူးအလျောက် နေပြည်တော်ကောင်စီအတွင်းရေးမှူးဖြစ်သည်။ နေပြည်တော်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသည် နေပြည်တော်ကောင်စီရုံး ဖြစ်သည်။
ခရိုင်နှင့် မြို့နယ်အုပ်ချုပ်ရေး
၂၈၈။ ခရိုင်အဆင့်နှင့် မြို့နယ်အဆင့်တို့၏ အုပ်ချုပ်ရေးကို နိုင်ငံ့ဝန်ထမ်းများအား တာဝန်ပေးဆောင် ရွက်စေမည်။
ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေး
၂၈၉။ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု၏ အုပ်ချုပ်ရေးကို ရပ်ရွာကကြည်ညိုလေးစားပြီး သိက္ခာ သမာဓိရှိသည့် ပုဂ္ဂိုလ်တစ်ဦးဦးကို ဥပဒေနှင့်အညီ ခန့်အပ်တာဝန်ပေးဆောင်ရွက်စေရမည်။
နိုင်ငံ့ဝန်ထမ်း
၂၉၀။ နိုင်ငံ့ဝန်ထမ်းများ ခန့်ထားခြင်း၊ ရာထူးတိုးမြှင့်ခြင်း၊ အငြိမ်းစားယူခြင်း၊ စည်းကမ်း ထိန်းသိမ်း ခြင်း၊ အမှုထမ်းစည်းကမ်းသတ်မှတ်ခြင်းနှင့် အရေးယူခြင်းများကို ဥပဒေနှင့်အညီ ဆောင်ရွက် ရမည်။
၂၉၁။ နိုင်ငံ့ဝန်ထမ်းဖြစ်သည့် တပ်မတော်သားများ၏ လုပ်ငန်းသဘာဝသည် ထူးခြားမှုရှိသည့် အလျောက် တပ်မတော်သားများအတွက် တပ်မတော်ဆိုင်ရာဥပဒေများနှင့်အညီ ဆောင်ရွက်ရမည်။
၂၉၂။ နိုင်ငံ့ဝန်ထမ်းဖြစ်သည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၏ ထူးခြားသည့်လုပ်ငန်းသဘာဝအရ ယင်းတို့နှင့်ပတ်သက်၍ သီးခြားဥပဒေ ပြဋ္ဌာန်းဆောင်ရွက်ရမည်။

အခန်း (၆)
တရားစီရင်ရေး
တရားရုံးများဖွဲ့စည်းခြင်း
၂၉၃။ နိုင်ငံတော်၏ တရားစီရင်ရေးဆိုင်ရာရုံးများကို အောက်ပါအတိုင်းဖွဲ့စည်းသည်-
(က) ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ တိုင်းဒေသကြီးတရားလွှတ်တော်များ၊ ပြည်နယ်တရား လွှတ်တော်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း တရားရုံးများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတရားရုံးများ၊ ခရိုင်တရားရုံးများ၊ မြို့နယ်တရားရုံးများနှင့် ဥပဒေအရတည်ထောင်သော အခြားတရားရုံးများ၊
(ခ) စစ်ဘက်ဆိုင်ရာတရားရုံးများ၊
(ဂ) နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး။
ပြည်ထောင်စုတရားလွှတ်တော်ချုပ်
ပြည်ထောင်စုတရားလွှတ်တော်ချုပ်ဖွဲ့စည်းခြင်း
၂၉၄။ နိုင်ငံတော်တွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်တစ်ရပ် ထားရှိသည်။ စစ်ဘက်ဆိုင်ရာ တရားရုံးများနှင့် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ စီရင်ပိုင်ခွင့် အာဏာများကို မထိခိုက်စေဘဲ ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် နိုင်ငံတော်၏ အမြင့်ဆုံးတရားရုံးဖြစ်သည်။
ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ မူလစီရင်ပိုင်ခွင့်အာဏာများ
၂၉၅။ (က) ပြည်ထောင်စုတရားလွှတ်တော်ချုပ်၌သာ အောက်ပါကိစ္စရပ်များအတွက် မူလမှုစီရင်ပိုင်ခွင့် အာဏာများရှိသည်-
(၁) ပြည်ထောင်စုနိုင်ငံတော်က ချုပ်ဆိုသော ပြည်ထောင်အချင်းချင်းဆိုင်ရာ စာချုပ်များနှင့် စပ်လျဉ်း၍ ပေါ်ပေါက်လာသောကိစ္စရပ်များ၊
(၂) ပြည်ထောင်စုအစိုးရနှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရတို့အကြား ဖြစ်ပွားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ပြဿနာများမှအပ အခြားအငြင်းပွားမှုများ၊
(၃) တိုင်းဒေသကြီးအချင်းချင်း၊ ပြည်နယ်အချင်းချင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အချင်းချင်း၊ ပြည်ထောင်စုနယ်မြေနှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အချင်းချင်းတို့အကြား ဖြစ်ပွားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ပြဿနာများမှအပ အခြားအငြင်းပွားမှုများ၊
(၄) ဥပဒေတစ်ရပ်ရပ်အရ သတ်မှတ်ထားသော အခြားကိစ္စရပ်များ။
(ခ) ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် နိုင်ငံတော်၏ အမြင့်ဆုံးတရားရုံးဖြစ်သည့်အားလျော်စွာ နောက်ဆုံးအပြီးအပြတ် အယူခံဝင်ရာ တရားရုံးဖြစ်သည်၊
(ဂ) ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ စီရင်ချက်များသည် အမှုအားလုံးတွင် အပြီးအပြတ်ဖြစ်၍ အယူခံဝင်ခွင့်မရှိစေရ၊
(ဃ) ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက် တစ်ရပ်ရပ်ကိုဖြစ်စေ၊ အခြားဥပဒေပါပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကိုဖြစ်စေ မဆန့်ကျင်စေဘဲ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော်၏ စီရင်ချက်များကို ဆုံးဖြတ်နိုင်သော အယူခံမှုစီရင်ပိုင်ခွင့် အာဏာရှိသည်။ ထို့အပြင် အခြားတရားရုံးများကချမှတ်သော စီရင်ချက်များကို လည်း ဥပဒေနှင့်အညီ စစ်ဆေးဆုံးဖြတ်နိုင်သော အယူခံမှုစီရင်ပိုင်ခွင့်အာဏာရှိသည်၊
(င) ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် ဥပဒေနှင့်အညီ ပြင်ဆင်မှုစီရင်ပိုင်ခွင့်အာဏာရှိသည်။
၂၉၆။ ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည်-
(က) အောက်ပါစာချွန်တော်အမိန့်များကို ထုတ်ပိုင်ခွင့်အာဏာရှိသည်-
(၁) ရှေ့တော်သွင်းစာချွန်တော်အမိန့်၊
(၂) အာဏာပေးစာချွန်တော်အမိန့်၊
(၃) တားမြစ်စေစာချွန်တော်အမိန့်၊
(၄) အာဏာပိုင်မေးစာချွန်တော်အမိန့်၊
(၅) အမှုခေါ်စာချွန်တော်အမိန့်။
(ခ) နိုင်ငံတော်အတွင်း အရေးပေါ်အခြေအနေများပေါ်ပေါက်ကြောင်း ကြေညာသည့်ဒေသတွင် စာချွန် တော်အမိန့် ထုတ်ဆင့်ပေးရန် လျှောက်ထားချက်များကို ရပ်ဆိုင်းထားရမည်။
တရားစီရင်ရေးဆိုင်ရာ ဘဏ္ဍာငွေအရအသုံးစာရင်း
၂၉၇။ ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် တရားစီရင်ရေးဆိုင်ရာ ဘဏ္ဍာငွေအရ အသုံးစာရင်း များကို ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ပြည်ထောင်စု၏ နှစ်စဉ်ဘဏ္ဍာငွေအရ အသုံးဆိုင်ရာ ဥပဒေကြမ်းတွင် ထည့်သွင်းတင်ပြနိုင်ရန် ပြည်ထောင်စုအစိုးရထံ တင်ပြရမည်။
တရားစီရင်ရေးဆိုင်ရာ အခြေအနေတင်ပြခြင်း
၂၉၈။ ပြည်ထောင်စုတရားသူကြီးချုပ်သည် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ဖြစ်စေ၊ ပြည်သူ့လွှတ်တော် သို့မဟုတ် အမျိုးသားလွှတ်တော်အစည်းအဝေးတွင်ဖြစ်စေ နိုင်ငံတော် သို့မဟုတ် အများပြည်သူတို့နှင့်သက်ဆိုင်သည့် အရေးကြီးသောတရားစီရင်ရေးဆိုင်ရာအခြေအနေကို အခါအား လျော်စွာ တင်ပြနိုင်သည်။
ပြည်ထောင်စုတရားသူကြီးချုပ်နှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီးများခန့်အပ် တာဝန်ပေးခြင်း
၂၉၉။ (က) ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ အကြီးအမှူးကို ပြည်ထောင်စုတရားသူကြီးချုပ်ဟု ခေါ်ရမည်၊
(ခ) ပြည်ထောင်စုတရားလွှတ်တော်ချုပ်တွင် ပြည်ထောင်စုတရားသူကြီးချုပ် အပါအဝင် ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးများဦးရေအနည်းဆုံး ခုနစ်ဦးမှ အများဆုံး ၁၁ ဦးအထိ ခန့်အပ်နိုင် သည်၊
(ဂ) (၁) နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုတရားသူကြီးချုပ်အဖြစ် ခန့်အပ်သင့်သော ပုဂ္ဂိုလ်၏ အမည်စာရင်းကို ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းသဘောတူညီချက် ရယူရမည်၊
(၂) ပုဒ်မ ၃၀၁ တွင် သတ်မှတ်ထားသော ပြည်ထောင်စုတရားသူကြီးချုပ်နှင့် ပြည်ထောင်စု တရား လွှတ်တော်ချုပ် တရားသူကြီးများ၏ အရည်အချင်းများနှင့် မပြည့်စုံကြောင်း အထင်းအရှားမပြနိုင်ပါက ပြည်ထောင်စု လွှတ်တော်သည် နိုင်ငံတော်သမ္မတက ပြည်ထောင်စုတရားသူကြီးချုပ်အဖြစ် ခန့်အပ်ရန် အမည်စာရင်းတင်သွင်းသူကို ငြင်းပယ်ခွင့်မရှိစေရ၊
(၃) နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုတရားသူကြီးချုပ်အဖြစ် ခန့်အပ်တာဝန်ပေးရန် ပြည်ထောင်စု လွှတ်တော်၏ သဘောတူညီချက်မရရှိသည့် ပုဂ္ဂိုလ်အစား အမည်စာရင်းသစ်ကို ပြည်ထောင်စု လွှတ်တော်သို့ ထပ်မံတင်သွင်းခွင့်ရှိသည်၊
(၄) နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက်ရရှိသည့် ပုဂ္ဂိုလ်အား ပြည်ထောင်စုတရားသူကြီးချုပ်အဖြစ် ခန့်အပ်ရမည်။
(ဃ) (၁) နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုတရားသူကြီးချုပ်နှင့် ညှိနှိုင်းကာ ပြည်ထောင်စု တရား လွှတ်တော်ချုပ် တရားသူကြီးများအဖြစ် ခန့်အပ်သင့်သော ပုဂ္ဂိုလ်များ၏ အမည်စာရင်းကို ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်းသဘောတူညီချက်ရယူရမည်၊
(၂) ပုဒ်မ ၃၀၁ တွင် သတ်မှတ်ထားသော ပြည်ထောင်စုတရားသူကြီးချုပ်နှင့် ပြည်ထောင်စုတရား လွှတ်တော်ချုပ် တရားသူကြီးများ၏ အရည်အချင်းများနှင့် မပြည့်စုံကြောင်း အထင်အရှားမပြနိုင်ပါက ပြည်ထောင်စုလွှတ်တော်သည် နိုင်ငံတော်သမ္မတက ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီး များအဖြစ်ခန့်အပ်ရန် အမည်စာရင်းတင်သွင်းသူများကို ငြင်းပယ်ခွင့်မရှိစေရ၊
(၃) နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးအဖြစ် ခန့်အပ်တာဝန် ပေးရန် ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက်မရရှိသည့် ပုဂ္ဂိုလ်အစား အမည်စာရင်းသစ်ကို ပြည်ထောင်စု လွှတ်တော်သို့ ထပ်မံတင်သွင်းခွင့်ရှိသည်၊
(၄) နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက်ရရှိသည့် ပုဂ္ဂိုလ်များအား ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများအဖြစ် ခန့်အပ်ရမည်။
၃၀၀။ (က) ပြည်ထောင်စုတရားသူကြီးချုပ် သို့မဟုတ် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူ ကြီးများသည် ပါတီနိုင်ငံရေးနှင့် ကင်းရှင်းရမည်၊
(ခ) ပြည်ထောင်စုတရားသူကြီးချုပ် သို့မဟုတ် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး များသည် နိုင်ငံ့ဝန်ထမ်းဖြစ်လျှင် ပြည်ထောင်စုတရားသူကြီးချုပ် သို့မဟုတ် ပြည်ထောင်စုတရား လွှတ်တော်ချုပ် တရားသူကြီးအဖြစ် ခန့်အပ်တာဝန်ပေးခြင်းခံရသည့်နေ့မှစ၍ တည်ဆဲဝန်ထမ်းစည်း မျဉ်းစည်းကမ်းများ နှင့်အညီ အငြိမ်းစားယူပြီးဖြစ်သည်ဟု မှတ်ယူရမည်။
ပြည်ထောင်စုတရားသူကြီးချုပ်နှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ၏ အရည်အချင်းများ
၃၀၁။ ပြည်ထောင်စုတရားသူကြီးချုပ်နှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများသည် အောက်ပါအရည်အချင်းများနှင့် ပြည့်စုံရမည်-
(က) အသက် ၅၀ နှစ်ထက်မငယ်၊ အသက် ၇၀ နှစ်ထက်မကြီးသူ၊
(ခ) အသက်ကန့်သတ်ချက်မှအပ ပုဒ်မ ၁၂၀ တွင်ဖော်ပြထားသည့် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် များအတွက် သတ်မှတ်ထားသောအရည်အချင်းများနှင့်ပြည့်စုံသူ၊
(ဂ) ပုဒ်မ ၁၂၁ တွင် ဖော်ပြထားသည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ အဖြစ် ရွေးကောက် တင်မြှောက်ခံပိုင်ခွင့် မရှိစေသော ပြဋ္ဌာန်းချက်များနှင့်လည်း ငြိစွန်းခြင်းမရှိသူ၊
(ဃ) (၁) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော် တရားသူကြီးအဖြစ် အနည်းဆုံးငါးနှစ် ဆောင်ရွက်ခဲ့သူ သို့မဟုတ်
(၂) တိုင်းဒေသကြီးသို့မဟုတ် ပြည်နယ်အဆင့်ထက်မနိမ့်သော တရားရေးအရာရှိ သို့မဟုတ် ဥပဒေအရာရှိရာထူးတွင် အနည်းဆုံး ၁၀ နှစ် တာဝန်ထမ်းဆောင်ခဲ့သူ သို့မဟုတ်
(၃) တရားလွှတ်တော်ရှေ့နေအဖြစ် အနည်းဆုံး ၂၀ နှစ် အမှုလိုက်ပါဆောင်ရွက်ခဲ့သူ သို့မဟုတ်
(၄) ထင်ပေါ်ကျော်ကြားသည့် ဂုဏ်သတင်းရှိသော ဥပဒေပညာရှင်အဖြစ် နိုင်ငံတော်သမ္မတက ယူဆသူ။
(င) နိုင်ငံတော်နှင့် နိုင်ငံသားများအပေါ်သစ္စာရှိသူ၊
(စ) နိုင်ငံရေးပါတီဝင်မဟုတ်သူ၊
(ဆ) လွှတ်တော်ကိုယ်စားလှယ်မဟုတ်သူ။
ပြည်ထောင်စုတရားသူကြီးချုပ်နှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများအား စွပ်စွဲပြစ်တင်ခြင်း
၃၀၂။ (က) နိုင်ငံတော်သမ္မတ သို့မဟုတ် ပြည်သူ့လွှတ်တော် သို့မဟုတ် အမျိုးသား လွှတ်တော်ကိုယ်စား လှယ်များသည် ပြည်ထောင်စုတရားသူကြီးချုပ် သို့မဟုတ် ပြည်ထောင်စုတရား လွှတ်တော်ချုပ် တရားသူကြီးတစ်ဦးဦးအား အောက်ပါအကြောင်းတစ်ရပ်ရပ်ဖြင့် စွပ်စွဲပြစ်တင်နိုင်သည်-
(၁) နိုင်ငံတော်၏ ကျေးဇူးသစ္စာတော်ကို ဖောက်ဖျက်ခြင်း၊
(၂) ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ခြင်း၊
(၃) အကျင့်သိက္ခာပျက်ပြားခြင်း၊
(၄) ပုဒ်မ ၃၀၁ တွင် ပြဋ္ဌာန်းထားသော ပြည်ထောင်စုတရားသူကြီးချုပ်နှင့် ပြည်ထောင်စုတရား လွှတ်တော်ချုပ် တရားသူကြီးများ၏ အရည်အချင်း ပျက်ယွင်းခြင်း၊
(၅) ဥပဒေအရ ပေးအပ်သောတာဝန်များကို ကျေပွန်စွာမဆောင်ရွက်ခြင်း။
(ခ) နိုင်ငံတော်သမ္မတက စွပ်စွဲပြစ်တင်ရန်လိုအပ်ပါက –
(၁) မိမိ၏ စွပ်စွဲချက်ကို ပြည်ထောင်စုလွှတ်တော်နာယကထံတင်ပြရမည်၊
(၂) ပြည်ထောင်စုလွှတ်တော်နာယကသည် စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်း၍ ဥပဒေနှင့်အညီ စုံစမ်းစစ်ဆေးစေရမည်၊
(၃) စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်းရာတွင် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ကိုယ်စား လှယ်ဦးရေ တူညီစွာပါဝင်စေပြီး ယင်းအဖွဲ့ဝင်များထဲမှ သင့်လျော်သူတစ်ဦးဦးကို စုံစမ်းစစ်ဆေးရေး အဖွဲ့ဥက္ကဋ္ဌအဖြစ် တာဝန်ပေးရမည်၊
(၄) စုံစမ်းစစ်ဆေးရမည့် လုပ်ငန်းပမာဏကို ထောက်ရှု၍ စုံစမ်းစစ်ဆေးမှု ပြီးစီးရမည့် အချိန်ကာလ ကိုလည်း သတ်မှတ်ပေးရမည်၊
(၅) နိုင်ငံတော်သမ္မတသည် မိမိ၏စွပ်စွဲချက်နှင့် စပ်လျဉ်း၍ မိမိကိုယ်တိုင်သော်လည်းကောင်း၊ ကိုယ်စားလှယ်စေလွှတ်၍သော်လည်းကောင်း စုံစမ်းစစ်ဆေးရေးအဖွဲ့ ရှေ့မှောက်တွင် ရှင်းလင်းတင်ပြ နိုင်သည်။ သက်ဆိုင်ရာအထောက်အထားများနှင့် သက်သေများကိုလည်း တင်ပြနိုင်ခွင့်ရှိသည်၊
(၆) စွပ်စွဲချက်ကို စုံစမ်းစစ်ဆေးသည့်အခါ စွပ်စွဲပြစ်တင်ခြင်းခံရသူအား ကိုယ်တိုင်သော်လည်းကောင်း၊ ကိုယ်စားလှယ်ဖြင့်သော်လည်းကောင်း ချေပခွင့်ပေးရမည်၊
(၇) စွပ်စွဲပြစ်တင်မှုနှင့်စပ်လျဉ်း၍ စုံစမ်းစစ်ဆေးရေးအဖွဲ့က စုံစမ်းတွေ့ရှိချက်ကို တင်ပြလာသည့်အခါ ပြည်ထောင်စုလွှတ်တော် နာယကသည် ပြည်ထောင်စုလွှတ်တော်သို့ တင်ပြရမည်၊
(၈) ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် စုစုပေါင်းဦးရေ၏ သုံးပုံနှစ်ပုံက စွပ်စွဲပြစ်တင်မှုသည် မှန်ကန်၍စွပ်စွဲခံရသူသည် ပြည်ထောင်စုတရားသူကြီးချုပ် သို့မဟုတ် ပြည်ထောင်စု တရားလွှတ်တော် ချုပ် တရားသူကြီးရာထူးတွင် ဆက်လက်ထမ်းရွက်စေရန် မသင့်ကြောင်း ဆုံးဖြတ်လျှင် ပြည်ထောင်စု လွှတ်တော်နာယကသည် ထိုဆုံးဖြတ်ချက်ကို နိုင်ငံတော်သမ္မတထံ တင်ပြအစီရင်ခံရမည်၊
(၉) ယင်းသို့ တင်ပြအစီရင်ခံသည့်အခါ နိုင်ငံတော်သမ္မတသည် စွပ်စွဲပြစ်တင်ခြင်းခံရသည့် ပြည်ထောင် စုတရားသူကြီးချုပ် သို့မဟုတ် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးကို ရာထူးမှ ရပ်စဲရ မည်၊
(၁၀) စွပ်စွဲပြစ်တင်မှုသည် မမှန်ကန်ကြောင်း ပြည်ထောင်စုလွှတ်တော်က ဆုံးဖြတ်လျှင် ထိုသို့ဆုံး ဖြတ်ကြောင်းကို ပြည်ထောင်စုလွှတ်တော်နာယကသည် နိုင်ငံတော်သမ္မတထံ တင်ပြအစီရင်ခံရမည်။
(ဂ) ပြည်သူ့လွှတ်တော် သို့မဟုတ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များက စွပ်စွဲပြစ်တင်ရန် လိုအပ်ပါက-
(၁) နိုင်ငံတော်သမ္မတ သို့မဟုတ် ဒုတိယသမ္မတကို စွပ်စွဲပြစ်တင်ခြင်းနှင့် စပ်လျဉ်း၍ ပုဒ်မ ၇၁ ပါ ပြဋ္ဌာန်းချက်များနှင့် အညီ ဆောင်ရွက်ရမည်၊
(၂) ပြည်ထောင်စုတရားသူကြီးချုပ် သို့မဟုတ် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး တစ်ဦးဦးအပေါ် စွပ်စွဲပြစ်တင်မှုသည် မှန်ကန်၍ စွပ်စွဲခံရသူသည် ပြည်ထောင်စုတရားသူကြီးချုပ် သို့မဟုတ် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးရာထူးတွင် ဆက်လက်ထမ်းရွက်စေရန် မသင့်ကြောင်း စုံစမ်းစစ်ဆေးသည့်လွှတ်တော်က ဆုံးဖြတ်တင်ပြလျှင် နိုင်ငံတော်သမ္မတသည် စွပ်စွဲပြစ် တင်ခြင်းခံရသည့် ပြည်ထောင်စုတရားသူကြီးချုပ် သို့မဟုတ် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးအား ရာထူးမှရပ်စဲရမည်၊
(၃) စွပ်စွဲပြစ်တင်မှုသည် မမှန်ကန်ကြောင်း စုံစမ်းစစ်ဆေးသည့်လွှတ်တော်က ဆုံးဖြတ်ပါက ထိုသို့ဆုံးဖြတ်ကြောင်း သက်ဆိုင်ရာလွှတ်တော်ဥက္ကဋ္ဌသည် နိုင်ငံတော်သမ္မတထံ တင်ပြအစီရင်ခံရမည်။
ပြည်ထောင်စုတရားသူကြီးချုပ်နှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ၏ ရာထူးသက်တမ်း
၃၀၃။ ပြည်ထောင်စုတရားသူကြီးချုပ်နှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများသည် အောက်ပါအကြောင်းတစ်ရပ်ရပ် မပေါ်ပေါက်လျှင် အသက် ၇၀ နှစ် ပြည့်သည်အထိ တာဝန်ထမ်း ဆောင်ခွင့်ရှိသည်
(က) မိမိသဘောအလျောက် ရာထူးမှနုတ်ထွက်ခြင်း၊
(ခ) ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ စွပ်စွဲပြစ်တင်ခြင်းခံရ၍ ရာထူးမှ ရပ်စဲခံရခြင်း၊
(ဂ) ဥပဒေအရ သတ်မှတ်သောဆေးအဖွဲ့၏ စစ်ဆေးချက်အရ ကိုယ်စိတ်နှစ်ပါးအနက် တစ်ပါးပါးသည် ထာဝစဉ်ချို့ယွင်းသွားခြင်းကြောင့် တာဝန်ကို ဆက်လက်ထမ်းဆောင်နိုင်စွမ်းမရှိကြောင်း တွေ့ရှိရခြင်း၊
(ဃ) ကွယ်လွန်ခြင်း။
၃၀၄။ ပြည်ထောင်စုတရားသူကြီးချုပ်နှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ၏ တာဝန်များ၊ လုပ်ပိုင်ခွင့်များ၊ ရပိုင်ခွင့်များကို ဥပဒေပြဋ္ဌာန်းသတ်မှတ်ရမည်။
တိုင်းဒေသကြီးတရားလွှတ်တော်များ သို့မဟုတ် ပြည်နယ်တရားလွှတ်တော်များ
တိုင်းဒေသကြီးတရားလွှတ်တော်များ သို့မဟုတ် ပြည်နယ်တရားလွှတ်တော်များဖွဲ့စည်းခြင်း
၃၀၅။ တိုင်းဒေသကြီးတွင် တိုင်းဒေသကြီးတရားလွှတ်တော်ကိုလည်းကောင်း၊ ပြည်နယ်တွင်ပြည်နယ် တရားလွှတ်တော်ကိုလည်းကောင်း ထားရှိသည်။
တိုင်းဒေသကြီးတရားလွှတ်တော်များ သို့မဟုတ် ပြည်နယ်တရားလွှတ်တော်များ၏ စီရင်ပိုင်ခွင့်အာဏာ များ
၃၀၆။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော်များတွင် ဥပဒေနှင့်အညီ အောက်ပါတရား စီရင်ပိုင်ခွင့်အာဏာများရှိသည်-
(က) မူလမှုကိုစီရင်ခြင်း၊
(ခ) အယူခံမှုကိုစီရင်ခြင်း၊
(ဂ) ပြင်ဆင်မှုကိုစီရင်ခြင်း၊
(ဃ) ဥပဒေတစ်ရပ်ရပ်အရ သတ်မှတ်ထားသော ကိစ္စရပ်များကိုစီရင်ခြင်း။
၃၀၇။ (က) တရားစီရင်ရေးဆိုင်ရာကိစ္စအလို့ငှာ မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်သည် နေပြည်တော်အတွင်းရှိ တရားရုံးများ၏တရားလွှတ်တော်ဖြစ်သည်၊
(ခ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အတွင်းရှိ ဒေသတစ်ခုခုကို ပြည်ထောင်စု နယ်မြေအဖြစ် သတ်မှတ်လျှင် တရားစီရင်ရေးဆိုင်ရာ ကိစ္စအလို့ငှာ သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် တရားလွှတ်တော်သည် ယင်းပြည်ထောင်စုနယ်မြေအတွင်းရှိ တရားရုံးများ၏ တရားလွှတ်တော်ဖြစ် သည်။
တိုင်းဒေသကြီးတရားလွှတ်တော် သို့မဟုတ် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် တရားသူကြီးများ ခန့်အပ်ခြင်း
၃၀၈။ (က) (၁) တိုင်းဒေသကြီးတရားလွှတ်တော် သို့မဟုတ် ပြည်နယ်တရားလွှတ်တော်၏ အကြီး အမှူးကို တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် သို့မဟုတ် ပြည်နယ်တရား လွှတ်တော် တရားသူကြီးချုပ်ဟုခေါ်ရမည်၊
(၂) တိုင်းဒေသကြီးတရားလွှတ်တော် သို့မဟုတ် ပြည်နယ်တရားလွှတ်တော်တွင် တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် သို့မဟုတ် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် အပါအဝင် တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးများ သို့မဟုတ် ပြည်နယ်တရားလွှတ်တော် တရား သူကြီးများဦးရေ အနည်းဆုံး သုံးဦးမှ အများဆုံး ခုနစ်ဦးအထိ ခန့်အပ်နိုင်သည်၊
(ခ) (၁) နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုတရားသူကြီးချုပ်၊ သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်တို့နှင့် ညှိနှိုင်းပြီး သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရား လွှတ်တော် တရားသူကြီးချုပ်အဖြစ်ခန့်အပ်ရန် အမည်စာရင်းကိုပြုစု၍ ယင်းအမည်စာရင်းကိုလည်း ကောင်း၊ သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်ထောင်စုတရား သူကြီးချုပ်နှင့် ညှိနှိုင်းပြီး သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော် တရားသူကြီးများအဖြစ်ခန့်အပ်ရန် အမည်စာရင်းကို ပြုစု၍ ယင်းအမည်စာရင်းများကိုလည်းကောင်း သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်သို့ ပေးပို့ရမည်၊
(၂) ပုဒ်မ ၃၁၀ တွင် သတ်မှတ်ထားသော တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော် တရားသူကြီး၏ အရည်အချင်းများနှင့် မပြည့်စုံကြောင်း အထင်အရှားမပြနိုင်ပါက သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မ ဟုတ် ပြည်နယ်လွှတ်တော်သည် နိုင်ငံတော်သမ္မတက ပြည်ထောင်စုတရားသူကြီးချုပ်၊ သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်တို့နှင့် ညှိနှိုင်းပြီး သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်အဖြစ် ခန့်အပ်ရန်လည်းကောင်း၊ သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်က ပြည်ထောင်စုတရားသူကြီးချုပ်နှင့် ညှိနှိုင်းပြီး တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော် တရားသူကြီးများအဖြစ် ခန့်အပ်ရန်လည်းကောင်း အမည်စာရင်း ပေးပို့သူများကို ငြင်းပယ်ခွင့်မရှိစေရ၊
(၃) ပုဒ်မခွဲငယ် (၂) အရ ငြင်းပယ်ခြင်းခံရသောပုဂ္ဂိုလ်များအစား အမည်စာရင်းသစ်ကို သတ်မှတ်ထား သည့်အတိုင်း ထပ်မံတင်သွင်းခွင့်ရှိသည်၊
(၄) နိုင်ငံတော်သမ္မတသည် သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်က သဘော တူညီသူများကို သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် အဖြစ်လည်းကောင်း၊ သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရား လွှတ်တော် တရားသူကြီး များအဖြစ် လည်းကောင်း ခန့်အပ်ရမည်။
၃၀၉။ (က) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်များနှင့် တိုင်းဒေ သကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော်တရားသူကြီးများသည် ပါတီနိုင်ငံရေးနှင့် ကင်းရှင်းရမည်၊
(ခ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်များနှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော်တရားသူကြီးများသည် နိုင်ငံ့ဝန်ထမ်းဖြစ်လျှင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်အဖြစ်လည်းကောင်း၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော် တရားသူကြီးအဖြစ်လည်းကောင်း ခန့်အပ်တာဝန်ပေးခြင်းခံရသည့်နေ့မှစ၍ တည်ဆဲ ဝန်ထမ်းစည်းမျဉ်းစည်းကမ်းများနှင့်အညီ အငြိမ်းစားယူပြီးဖြစ်သည်ဟု မှတ်ယူရမည်။
တိုင်းဒေသကြီးတရားလွှတ်တော် သို့မဟုတ် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်များနှင့် တိုင်းဒေသကြီးတရားလွှတ်တော် သို့မဟုတ် ပြည်နယ်တရားလွှတ်တော် တရားသူကြီးများ၏ အရည်အချင်း
၃၁၀။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်များနှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော် တရားသူကြီးများသည် အောက်ပါအရည်အချင်းများနှင့် ပြည့်စုံရမည်-
(က) အသက် ၄၅ နှစ်ထက်မငယ်၊ အသက် ၆၅ နှစ်ထက်မကြီးသူ၊
(ခ) အသက်ကန့်သတ်ချက်မှအပ ပုဒ်မ ၁၂၀ တွင် ဖော်ပြထားသည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအတွက် သတ်မှတ်ထားသော အရည်အချင်းများနှင့်ပြည့်စုံသူ၊
(ဂ) ပုဒ်မ ၁၂၁ တွင် ဖော်ပြထားသည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအဖြစ် ရွေးကောက်တင် မြှောက်ခံပိုင်ခွင့် မရှိစေသော ပြဋ္ဌာန်းချက်များနှင့်လည်း ငြိစွန်းခြင်းမရှိသူ၊
(ဃ) (၁) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့်ထက်မနိမ့်သော တရားရေးအရာရှိ သို့မဟုတ် ဥပဒေအရာရှိရာထူးတွင် အနည်းဆုံး ငါးနှစ် တာဝန်ထမ်းဆောင်ခဲ့သူ သို့မဟုတ် ခရိုင်အဆင့်ထက် မနိမ့်သော တရားရေးအရာရှိ သို့မဟုတ် ဥပဒေအရာရှိရာထူးတွင် အနည်းဆုံး ၁၀ နှစ် တာဝန်ထမ်း ဆောင်ခဲ့သူ သို့မဟုတ်
(၂) တရားလွှတ်တော်ရှေ့နေအဖြစ် အနည်းဆုံး ၁၅ နှစ် အမှုလိုက်ပါဆောင်ရွက်ခဲ့သူ သို့မဟုတ်
(၃) ထင်ပေါ်ကျော်ကြားသည့် ဂုဏ်သတင်းရှိသော ဥပဒေပညာရှင်အဖြစ် နိုင်ငံတော်သမ္မတက ယူဆ သူ။
(င) နိုင်ငံတော်နှင့် နိုင်ငံသားများအပေါ်သစ္စာရှိသူ၊
(စ) နိုင်ငံရေးပါတီဝင်မဟုတ်သူ၊
(ဆ) လွှတ်တော်ကိုယ်စားလှယ်မဟုတ်သူ။
တိုင်းဒေသကြီးတရားလွှတ်တော် သို့မဟုတ် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် တိုင်းဒေသကြီးတရားလွှတ်တော် သို့မဟုတ် ပြည်နယ်တရားလွှတ်တော်တရားသူကြီးများအား စွပ်စွဲပြစ်တင်ခြင်း
၃၁၁။ (က) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်ကိုလည်းကောင်း၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော် တရားသူကြီးကိုလည်းကောင်း အောက်ပါ အကြောင်းတစ်ရပ်ရပ်ဖြင့် စွပ်စွဲပြစ်တင်နိုင်သည် –
(၁) နိုင်ငံတော်၏ကျေးဇူးသစ္စာတော်ကိုဖောက်ဖျက်ခြင်း၊
(၂) ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ခြင်း၊
(၃) အကျင့်သိက္ခာပျက်ပြားခြင်း၊
(၄) ပုဒ်မ ၃၁၀ တွင် ပြဋ္ဌာန်းထားသောတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော် တရားသူကြီး၏ အရည်အချင်းပျက်ယွင်းခြင်း၊
(၅) ဥပဒေအရ ပေးအပ်သောတာဝန်များကို ကျေပွန်စွာမဆောင်ရွက်ခြင်း။
(ခ) နိုင်ငံတော်သမ္မတသည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ကိုလည်းကောင်း၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်သည် သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော် တရားသူကြီးတစ်ဦးဦး ကိုလည်းကောင်း စွပ်စွဲပြစ်တင်ရန် လိုအပ်ပါက မိမိ၏ စွပ်စွဲချက်ကို တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌထံ ပေးပို့ရမည်၊
(ဂ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များသည် သက်ဆိုင်ရာ တိုင်းဒေသ ကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်ကိုလည်းကောင်း၊ သက်ဆိုင်ရာတိုင်း ဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော် တရားသူကြီးကိုလည်းကောင်း စွပ်စွဲပြစ်တင်ရန် လိုအပ်ပါက သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် စုစုပေါင်းဦးရေ အနက် အနည်းဆုံးလေးပုံတစ်ပုံက လက်မှတ်ရေးထိုးပြီး မိမိတို့၏စွပ်စွဲချက်ကို သက်ဆိုင်ရာတိုင်းဒေသ ကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌထံ တင်ပြရမည်၊
(ဃ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌသည် စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်း၍ ဥပဒေနှင့်အညီ စုံစမ်းစစ်ဆေးစေရမည်။ စုံစမ်းစစ်ဆေးရမည့် လုပ်ငန်းပမာဏကိုထောက်ရှု၍ စုံစမ်းစစ် ဆေးမှုပြီးစီးရမည့် အချိန်ကာလကိုလည်း သတ်မှတ်ပေးရမည်၊
(င) (၁) နိုင်ငံတော်သမ္မတ သို့မဟုတ် တိုင်းဒေသကြီးဝန်ကြီးချုပ် သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်က စွပ်စွဲပြစ်တင်လျှင် စုံစမ်းစစ်ဆေးရေးအဖွဲ့ကို သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ် တော်ကိုယ်စားလှယ်များဖြင့်ဖွဲ့စည်း၍ ယင်းအဖွဲ့ဝင်များထဲမှ သင့်လျော်သူ တစ်ဦးဦးကို စုံစမ်းစစ်ဆေး ရေးအဖွဲ့ဥက္ကဋ္ဌအဖြစ် တာဝန်ပေးရမည်၊
(၂) နိုင်ငံတော်သမ္မတ သို့မဟုတ် သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်သည် မိမိ၏စွပ်စွဲချက်နှင့် စပ်လျဉ်း၍ မိမိကိုယ်တိုင်သော်လည်းကောင်း၊ ကိုယ်စားလှယ်စေလွှတ်၍ သော်လည်း ကောင်း စုံစမ်းစစ်ဆေးရေးအဖွဲ့ ရှေ့မှောက်တွင် ရှင်းလင်းတင်ပြနိုင်သည်။ သက်ဆိုင်ရာ အထောက် အထားများနှင့် သက်သေများကိုလည်း တင်ပြနိုင်ခွင့်ရှိသည်။
(စ) စွပ်စွဲချက်ကို စုံစမ်းစစ်ဆေးသည့်အခါ စွပ်စွဲပြစ်တင်ခြင်းခံရသူအား ကိုယ်တိုင်သော်လည်းကောင်း၊ ကိုယ်စားလှယ်ဖြင့်သော်လည်းကောင်း ချေပခွင့်ပေးရမည်၊
(ဆ) စွပ်စွဲပြစ်တင်မှုနှင့်စပ်လျဉ်း၍ စုံစမ်းစစ်ဆေးရေးအဖွဲ့က စုံစမ်းတွေ့ရှိချက်ကိုတင်ပြသည့်အခါ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌသည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော်သို့ တင်ပြရမည်၊
(ဇ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် စုစုပေါင်းဦးရေ၏ သုံးပုံနှစ်ပုံက စွပ်စွဲပြစ်တင်မှုသည် မှန်ကန်၍ စွပ်စွဲခံရသူသည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် သို့မဟုတ် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော် တရားသူကြီး ရာထူးတွင် ဆက်လက်ထမ်းရွက်စေရန် မသင့်ကြောင်းဆုံးဖြတ်လျှင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌသည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် အတွက်ဖြစ်လျှင် နိုင်ငံတော်သမ္မတထံသို့လည်းကောင်း၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရား လွှတ်တော် တရားသူကြီးအတွက်ဖြစ်လျှင် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဝန်ကြီးချုပ်ထံသို့ လည်းကောင်း ထိုဆုံးဖြတ်ချက်ကိုတင်ပြရမည်၊၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်သည် ဖော်ပြပါတင်ပြချက်ကို ရရှိသည့်အခါ နိုင်ငံတော်သမ္မတထံ ဆက်လက် တင်ပြရမည်၊
(ဈ) ယင်းသို့တင်ပြချက်များရရှိသည့်အခါ နိုင်ငံတော်သမ္မတသည် စွပ်စွဲပြစ်တင်ခြင်းခံရသည့် တိုင်းဒေသကြီး သို့မဟုတ်ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် သို့မဟုတ် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော်တရားသူကြီးကို ရာထူးမှရပ်စဲရမည်၊
(ည) စွပ်စွဲပြစ်တင်မှုသည် မမှန်ကန်ကြောင်း သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော်ကဆုံးဖြတ်လျှင် ထိုသို့ဆုံးဖြတ်ကြောင်းကို တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌသည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်အတွက်ဖြစ်လျှင် နိုင်ငံတော်သမ္မတထံသို့လည်းကောင်း၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရား လွှတ်တော်တရား သူကြီးအတွက်ဖြစ်လျှင် သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်ထံသို့လည်း ကောင်း တင်ပြရမည်။
တိုင်းဒေသကြီးတရားလွှတ်တော် သို့မဟုတ် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် တိုင်းဒေသကြီးတရားလွှတ်တော် သို့မဟုတ် ပြည်နယ်တရားလွှတ်တော်တရားသူကြီးများ၏ ရာထူးသက်တမ်း
၃၁၂။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်များနှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော် တရားသူကြီးများသည် အောက်ပါအကြောင်းတစ်ရပ်ရပ် မပေါ်ပေါက်လျှင် အသက် ၆၅ နှစ် ပြည့်သည်အထိ တာဝန်ထမ်းဆောင်ခွင့်ရှိသည်-
(က) မိမိသဘောအလျောက် ရာထူးမှနုတ်ထွက်ခြင်း၊
(ခ) ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ စွပ်စွဲပြစ်တင်ခြင်းခံရ၍ ရာထူးမှရပ်စဲခံရခြင်း၊
(ဂ) ဥပဒေအရသတ်မှတ်သောဆေးအဖွဲ့၏ စစ်ဆေးချက်အရ ကိုယ်စိတ်နှစ်ပါးအနက် တစ်ပါးပါးသည် ထာဝစဉ်ချို့ယွင်းသွားခြင်းကြောင့် တာဝန်ကိုဆက်လက်ထမ်းဆောင်နိုင်စွမ်းမရှိကြောင်း တွေ့ရှိရခြင်း၊
(ဃ) ကွယ်လွန်ခြင်း။
၃၁၃။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်များနှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော် တရားသူကြီးများ၏ တာဝန်များ၊ လုပ်ပိုင်ခွင့်များ၊ ရပိုင်ခွင့်များကို ဥပဒေပြဋ္ဌာန်းသတ်မှတ်ရမည်။
တိုင်းဒေသကြီးတရားလွှတ်တော် သို့မဟုတ် ပြည်နယ်တရားလွှတ်တော်၏ ကြီးကြပ်မှုအောက်ရှိ တရားရုံးများ
၃၁၄။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော် ကြီးကြပ်မှုအောက်၌ အောက်ပါအတိုင်း တရားရုံးအဆင့်ဆင့်ရှိသည်-
(က) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အတွင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုမရှိလျှင်-
(၁) ခရိုင်တရားရုံးများ၊
(၂) မြို့နယ်တရားရုံးများ။
(ခ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အတွင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုရှိလျှင်
(၁) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၌
(ကက) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းတရားရုံး၊
(ခခ) မြို့နယ်တရားရုံးများ။
(၂) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၌
(ကက) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတရားရုံး၊
(ခခ) မြို့နယ်တရားရုံးများ။
(၃) ကျန်ဒေသများ၌
(ကက) ခရိုင်တရားရုံးများ၊
(ခခ) မြို့နယ်တရားရုံးများ။
(ဂ) ပြည်ထောင်စုနယ်မြေ၌
(၁) ခရိုင်တရားရုံးများ၊
(၂) မြို့နယ်တရားရုံးများ။
(ဃ) ဥပဒေအရတည်ထောင်ထားသော အခြားတရားရုံးများ။
ခရိုင်တရားရုံးနှင့် မြို့နယ်တရားရုံးများ၏ စီရင်ပိုင်ခွင့်အာဏာများ
၃၁၅။ ခရိုင်တရားရုံးများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းတရားရုံးများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တရားရုံးများသည် ဥပဒေနှင့်အညီ ပြစ်မှုဆိုင်ရာမူလမှုများ၊ တရားမမူလမှုများကိုလည်းကောင်း၊ အယူခံမှုများနှင့် ပြင်ဆင်မှုများကိုလည်းကောင်း၊ ဥပဒေတစ်ရပ်ရပ်အရ သတ်မှတ်ထားသော ကိစ္စရပ် များကိုလည်းကောင်း စီရင်ပိုင်ခွင့်အာဏာရှိသည်။
၃၁၆။ မြို့နယ်တရားရုံးများသည် ဥပဒေနှင့်အညီ ပြစ်မှုဆိုင်ရာမူလမှုများ၊ တရားမမူလမှုများကို လည်းကောင်း၊ ဥပဒေတစ်ရပ်ရပ်အရ သတ်မှတ်ထားသောကိစ္စရပ်များကို လည်းကောင်းစီရင်ပိုင်ခွင့် အာဏာရှိသည်။
၃၁၇။ ပြည်ထောင်စု တစ်ဝန်းလုံးတွင် တရားစီရင်ရေးဆိုင်ရာ ကိစ္စအဝဝကို ဖွဲ့စည်းပုံအခြေခံဥပဒေ အရဖြစ်စေ၊ အခြားဥပဒေတစ်ရပ်ရပ်အရဖြစ်စေ ဖွဲ့စည်းသည့် တရားရုံးများတွင် ဥပဒေနှင့်အညီ ခန့်ထားသော တရားသူကြီးများကစီမံဆောင်ရွက်ရမည်။
၃၁၈။ (က) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော် ကြီးကြပ်မှုအောက်ရှိတရားရုံး အဆင့်ဆင့် တွင်တရားသူကြီးများခန့်ထားခြင်း၊ စီရင်ပိုင်ခွင့်များအပ်နှင်းခြင်း၊ တာဝန်များ၊ လုပ်ပိုင်ခွင့် များနှင့် ရပိုင်ခွင့်များ သတ်မှတ်ခြင်းတို့သည် ဥပဒေနှင့်အညီ ဖြစ်စေရမည်၊
(ခ) ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော်များနှင့် ကျန်တရားရုံးများတွင် အရာရှိအဆင့်ဝန်ထမ်းများ၊ အခြားအဆင့်ဝန်ထမ်းများပါဝင်သည့် ဝန်ထမ်း အဖွဲ့အစည်းဖွဲ့စည်းခြင်း၊ တာဝန်များ၊ လုပ်ပိုင်ခွင့်များနှင့် ရပိုင်ခွင့်များသတ်မှတ်ခြင်းတို့သည် ဥပဒေနှင့် အညီ ဖြစ်စေရမည်။
စစ်ဘက်ဆိုင်ရာတရားရုံးများ
၃၁၉။ ပုဒ်မ ၂၉၃ ပုဒ်မခွဲ (ခ) အရ စစ်ဘက်ဆိုင်ရာတရားရုံးများကို နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အခြားဥပဒေအရဖွဲ့စည်း၍ တပ်မတော်သားများအတွက် တရားစီရင်ရမည်။
နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံး
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဖွဲ့စည်းခြင်း
၃၂၀။ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံးကို ဥက္ကဋ္ဌအပါအဝင် အဖွဲ့ဝင်ကိုးဦးဖြင့် ဖွဲ့စည်း ရမည်။
၃၂၁။ နိုင်ငံတော်သမ္မတသည် မိမိရွေးချယ်ထားသည့် အဖွဲ့ဝင် သုံးဦး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ရွေးချယ်ထားသည့် အဖွဲ့ဝင်သုံးဦးနှင့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ရွေးချယ်ထားသည့် အဖွဲ့ဝင်သုံးဦး နှင့်အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ရွေးချယ်ထားသည့်အဖွဲ့ဝင်သုံးဦး စုစုပေါင်း ကိုးဦး၏ အမည်စာရင်း ကိုလည်းကောင်း၊ ယင်းတို့အနက် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌအဖြစ် တာဝန်ပေးအပ်ရန် အဖွဲ့ဝင်တစ်ဦး၏ အမည်ကိုလည်းကောင်း၊ ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်း လျက် သဘောတူညီချက်ရယူရမည်။
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ လုပ်ငန်းတာဝန်
၃၂၂။ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံး၏ လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်း ဖြစ်သည်-
(က) ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များကို အနက်အဓိပ္ပာယ်ဖွင့်ဆိုခြင်း၊
(ခ) ပြည်ထောင်စုလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော်၊ ပြည်နယ်လွှတ်တော် သို့မဟုတ် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်းဦးစီးအဖွဲ့နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့တို့က ပြဋ္ဌာန်းသည့်ဥပဒေ များသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညီညွတ်ခြင်းရှိ- မရှိ စိစစ်ခြင်း၊
(ဂ) ပြည်ထောင်စု၊ တိုင်းဒေသကြီးများ၊ ပြည်နယ်များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုများ၏ အုပ်ချုပ်မှုဆိုင်ရာအာဏာပိုင်များ၏ ဆောင်ရွက်ချက်များသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညီညွတ်ခြင်း ရှိ- မရှိ စိစစ်ခြင်း၊
(ဃ) ပြည်ထောင်စုနှင့် တိုင်းဒေသကြီးအကြား၊ ပြည်ထောင်စုနှင့် ပြည်နယ်အကြား၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အကြား၊ တိုင်းဒေသကြီးအချင်းချင်း၊ ပြည်နယ်အချင်းချင်း၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုအကြား၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စုအချင်းချင်း ဖြစ်ပေါ် သည့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အငြင်းပွားမှုများကို ဆုံးဖြတ်ခြင်း၊
(င) တိုင်းဒေသကြီး၊ ပြည်နယ် သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စုတို့က ပြည်ထောင်စုဥပဒေကို အကောင်အထည် ဖော်ဆောင်ရွက်ရာတွင် ပြည်ထောင်စုနှင့်တိုင်းဒေသကြီး၊ ပြည်နယ်သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စုတို့၏အခွင့်အရေးနှင့်တာဝန်များနှင့်စပ်လျဉ်း၍ပေါ်ပေါက်သည့်အငြင်းပွားမှုများကိုဆုံးဖြတ်ခြင်း၊
(စ) ပြည်ထောင်စုနယ်မြေများနှင့် စပ်လျဉ်း၍ နိုင်ငံတော်သမ္မတက အကြောင်းကြားလာသည့် ကိစ္စရပ် များကို စိစစ်ဆုံးဖြတ်ခြင်း၊
(ဆ) ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌာန်းသည့်ဥပဒေများက ပေးအပ်သည့်လုပ်ငန်းတာဝန်များ။
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဆုံးဖြတ်ချက်၏ အကျိုးသက်ရောက်မှု
၃၂၃။ တရားရုံးတစ်ရုံးသည် အမှုတစ်မှုကို စစ်ဆေးစီရင်ရာတွင် ဥပဒေတစ်ရပ်ရပ်ပါ ပြဋ္ဌာန်းချက်သည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဆန့်ကျင်မှု ရှိ -မရှိ၊ ညီညွတ်မှုရှိ- မရှိ အငြင်းပွားမှုပေါ်ပေါက်ပါက ထိုအငြင်းပွားမှုနှင့် စပ်လျဉ်း၍ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံးကလည်း တစ်စုံတစ်ရာ ဆုံးဖြတ်ချက် ချမှတ်ထားခြင်းမရှိသေးလျှင် အဆိုပါတရားရုံးသည် အမှုစစ်ဆေးစီရင်ခြင်းကို ရပ်ဆိုင်းထားပြီး မိမိ၏ထင်မြင်ချက်ကို သတ်မှတ်ထားသည့် နည်းလမ်းများနှင့်အညီ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးသို့တင်ပြ၍ အဆုံးအဖြတ်ရယူရမည်။ ယင်းအငြင်းပွားမှုနှင့်စပ်လျဉ်း၍ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ဆုံးဖြတ်ချက်သည် အမှုအားလုံးနှင့် သက်ဆိုင်စေရမည်။
၃၂၄။ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံး၏ ဆုံးဖြတ်ချက်သည် အပြီးအပြတ်အတည် ဖြစ်သည်။
နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံး၏ အဓိပ္ပာယ်ဖွင့်ဆိုချက်၊ ဆုံးဖြတ်ချက်နှင့် သဘောထားရယူရန် တင်သွင်းခြင်း
၃၂၅။ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ အဓိပ္ပာယ်ဖွင့်ဆိုချက်၊ ဆုံးဖြတ်ချက်၊ သဘောထားရယူရန် ကိစ္စများကို အောက်ဖော်ပြပါပုဂ္ဂိုလ်များသည် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံးသို့ တိုက်ရိုက်တင်သွင်းခွင့်ရှိသည်-
(က) နိုင်ငံတော်သမ္မတ၊
(ခ) ပြည်ထောင်စုလွှတ်တော်နာယက၊
(ဂ) ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊
(ဃ) အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၊
(င) ပြည်ထောင်စုတရားသူကြီးချုပ်၊
(စ) ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ။
၃၂၆။ အောက်ပါပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းများသည် ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာခုံရုံး၏ အဓိပ္ပာယ်ဖွင့်ဆိုချက်၊ ဆုံးဖြတ်ချက်၊ သဘောထားရယူရန်ကိစ္စများကို သတ်မှတ်ထားသော နည်းလမ်း များနှင့်အညီ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးသို့ တင်သွင်းခွင့်ရှိသည်-
(က) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်၊
(ခ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊
(ဂ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဦးစီးအဖွဲ့ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌ၊
(ဃ) ပြည်သူ့လွှတ်တော် သို့မဟုတ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အားလုံး၏ အနည်းဆုံး ၁၀ ရာခိုင်နှုန်းအရေအတွက်ရှိသော ကိုယ်စားလှယ်များ။
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ခန့်အပ်တာဝန်ပေးခြင်း
၃၂၇။ နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက် ရရှိပြီးသည့် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအဖြစ် ခန့်အပ် တာဝန်ပေးရမည်။
၃၂၈။နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးအဖွဲ့ဝင်၏ အရည်အချင်းနှင့် မပြည့်စုံကြောင်း အထင်အရှားမပြနိုင်ပါက ပြည်ထောင်စုလွှတ်တော်သည် နိုင်ငံတော်သမ္မတက စုစည်းအမည်စာရင်းတင် သွင်းသည့် ပုဂ္ဂိုလ်များအား နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးအဖွဲ့ဝင်အဖြစ် ခန့်အပ်တာဝန် ပေးရန် ငြင်းပယ်ခွင့်မရှိစေရ။
၃၂၉။ နိုင်ငံတော်သမ္မတသည် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးအဖွဲ့ဝင်အဖြစ်ခန့်အပ် တာဝန်ပေးရန် ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက် မရရှိသည့် အဖွဲ့ဝင်နေရာအတွက် အမည်စာရင်းသစ်ကို ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် အညီ ပြည်ထောင်စုလွှတ်တော်သို့ ထပ်မံတင်သွင်းခွင့်ရှိသည်။
၃၃၀။ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးအဖွဲ့ဝင်တစ်ဦးသည် –
(က) လွှတ်တော်တစ်ရပ်ရပ်၏ ကိုယ်စားလှယ်ဖြစ်လျှင် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးအဖွဲ့ဝင်အဖြစ် ခန့်အပ်တာဝန်ပေးခြင်းခံရသည့် နေ့မှစ၍ လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ နုတ်ထွက်ပြီးဖြစ်သည်ဟုမှတ်ယူရမည်၊
(ခ) နိုင်ငံ့ဝန်ထမ်းဖြစ်လျှင် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးအဖွဲ့ဝင်အဖြစ် ခန့်အပ်တာဝန် ပေးခြင်းခံရသည့်နေ့မှစ၍ တည်ဆဲဝန်ထမ်းစည်းမျဉ်းစည်းကမ်း များနှင့်အညီ ဝန်ထမ်းအဖြစ်မှ အငြိမ်းစား ယူပြီးဖြစ်သည်ဟု မှတ်ယူရမည်၊
(ဂ) နိုင်ငံရေးပါတီတစ်ခုခု၌ အဖွဲ့ဝင်ဖြစ်လျှင် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးအဖွဲ့ဝင် အဖြစ် တာဝန်ပေးအပ်ခြင်းခံရသည့်နေ့မှစ၍ မိမိရာထူးသက်တမ်းအတွင်း ယင်းပါတီအဖွဲ့အစည်း၏ ပါတီလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခြင်းမပြုရ။
၃၃၁။ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးအဖွဲ့ဝင်တစ်ဦးဦးသည် ရာထူးသက်တမ်းမကုန်ဆုံးမီ အကြောင်းတစ်ခုခုကြောင့် မိမိသဘောဆန္ဒအလျောက် ရာထူးမှနုတ်ထွက်လိုလျှင် ထိုသို့နုတ်ထွက် လိုကြောင်း နိုင်ငံတော်သမ္မတထံ စာဖြင့်တင်ပြပြီး ရာထူးမှ နုတ်ထွက်နိုင်သည်။
၃၃၂။ အကြောင်းတစ်ခုခုကြောင့် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးအဖွဲ့ဝင်ရာထူးနေရာ လစ်လပ်လျှင် နိုင်ငံတော်သမ္မတသည် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးအဖွဲ့ဝင်အသစ်အား ခန့်အပ်တာဝန်ပေးနိုင်သည်။
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးအဖွဲ့ဝင်၏ အရည်အချင်း
၃၃၃။ နိုင်ငံတော်သမ္မတ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌတို့သည် လွှတ်တော် ကိုယ်စားလှယ်များထဲကဖြစ်စေ၊ လွှတ်တော်ကိုယ်စားလှယ်မဟုတ်သူများထဲကဖြစ်စေ အောက်ဖော်ပြပါ အရည်အချင်းများနှင့် ပြည့်စုံသူများအနက်မှ အဖွဲ့ဝင်သုံးဦးစီကို ရွေးချယ်ရမည် –
(က) အသက် ၅၀ နှစ် ပြည့်ပြီးသူ၊
(ခ) အသက်ကန့်သတ်ချက်မှအပ ပုဒ်မ ၁၂၀ တွင် ဖော်ပြထားသည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် များအတွက် သတ်မှတ်ထားသော အရည်အချင်းများနှင့် ပြည့်စုံသူ၊
(ဂ) ပုဒ်မ ၁၂၁ တွင် ဖော်ပြထားသည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအဖြစ် ရွေးကောက် တင်မြှောက်ခံပိုင်ခွင့်မရှိစေသော ပြဋ္ဌာန်းချက်များနှင့်လည်းငြိစွန်းခြင်းမရှိသူ၊
(ဃ) (၁) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော် တရားသူကြီးအဖြစ် အနည်းဆုံးငါးနှစ် ဆောင်ရွက်ခဲ့သူ သို့မဟုတ်
(၂) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့်ထက်မနိမ့်သော တရားရေးအရာရှိ သို့မဟုတ် ဥပဒေအရာရှိရာထူးတွင် အနည်းဆုံး ၁၀ နှစ် တာဝန်ထမ်းဆောင်ခဲ့သူ သို့မဟုတ်
(၃) တရားလွှတ်တော်ရှေ့နေအဖြစ် အနည်းဆုံး ၂၀ နှစ် အမှုလိုက်ပါဆောင်ရွက်ခဲ့သူ သို့မဟုတ်
(၄) ထင်ပေါ်ကျော်ကြားသည့် ဂုဏ်သတင်းရှိသော ဥပဒေပညာရှင်အဖြစ် နိုင်ငံတော်သမ္မတက ယူဆသူ။
(င) နိုင်ငံရေးပါတီဝင်မဟုတ်သူ၊
(စ) လွှတ်တော်ကိုယ်စားလှယ်မဟုတ်သူ၊
(ဆ) နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ လုံခြုံရေးအမြင်ရှိသူ၊
(ဇ) နိုင်ငံတော်နှင့် နိုင်ငံသားများအပေါ် သစ္စာရှိသူ။
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား စွပ်စွဲပြစ်တင်ခြင်း
၃၃၄။ (က) နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်တစ်ဦးဦးအား အောက်ပါ အကြောင်းတစ်ရပ်ရပ်ဖြင့် စွပ်စွဲပြစ်တင်နိုင်သည်-
(၁) နိုင်ငံတော်၏ ကျေးဇူးသစ္စာတော်ကို ဖောက်ဖျက်ခြင်း၊
(၂) ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ခြင်း၊
(၃) အကျင့်သိက္ခာပျက်ပြားခြင်း၊
(၄) ပုဒ်မ ၃၃၃ တွင် သတ်မှတ်ထားသည့် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးအဖွဲ့ဝင်၏ အရည်အချင်းပျက်ယွင်းခြင်း၊
(၅) ဥပဒေအရ ပေးအပ်သော တာဝန်များကို ကျေပွန်စွာ မဆောင်ရွက်ခြင်း။
(ခ) နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်တစ်ဦးဦးအပေါ်စွပ်စွဲ ပြစ်တင်လိုပါ က ပြည်ထောင်စုတရားသူကြီးချုပ် သို့မဟုတ် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးတစ်ဦး ဦးအား စွပ်စွဲပြစ်တင်ခြင်းနှင့် စပ်လျဉ်း၍ ပုဒ်မ ၃၀၂ ပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ရမည်။
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ သက်တမ်း
၃၃၅။ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ သက်တမ်းသည် ပြည်ထောင်စုလွှတ်တော်၏ သက်တမ်းနှင့်အညီ ငါးနှစ်ဖြစ်သည်။ သို့ရာတွင် သက်တမ်းကုန်ဆုံးပြီးဖြစ်သော်လည်း လက်ရှိ တာဝန်ထမ်းဆောင်လျက်ရှိသော နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးသည် ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ နိုင်ငံတော်သမ္မတက နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးအသစ် ဖွဲ့စည်းပြီးသည့် အချိန်အထိ မိမိ၏ လုပ်ငန်းတာဝန်များကို ဆက်လက်တာဝန်ထမ်းဆောင်ရမည်။
၃၃၆။ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ ဖွဲ့စည်းမှု၊ ဆက်သွယ်မှု၊ ခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင် များ၏ တာဝန်များ၊ လုပ်ပိုင်ခွင့်များ၊ ရပိုင်ခွင့်များ စသည်တို့ကို ဥပဒေပြဋ္ဌာန်း သတ်မှတ်ရမည်။

အခန်း (၇)
တပ်မတော်
၃၃၇။ တပ်မတော်သည် နိုင်ငံတော်ကာကွယ်ရေးအတွက် အဓိကအကျဆုံးသောလက်နက်ကိုင်တပ်ဖွဲ့ ဖြစ်သည်။
၃၃၈။ နိုင်ငံတော်အတွင်းရှိ လက်နက်ကိုင်အဖွဲ့အစည်းအားလုံးသည် တပ်မတော်၏ကွပ်ကဲမှုအောက်တွင် ရှိရမည်။
၃၃၉။ နိုင်ငံတော်အားပြည်တွင်း၊ ပြည်ပအန္တရာယ်များမှ ကာကွယ်ရေးအတွက် တပ်မတော်က ဦးဆောင်ရမည်။
၃၄၀။ တပ်မတော်သည် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ သဘောတူညီချက်ဖြင့် နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေးတွင် ပြည်သူတစ်ရပ်လုံးပါဝင်ရေးအတွက် စီမံဆောင်ရွက်ခွင့် ရှိသည်။ တပ်မတော်၏ဦးဆောင်မှုဖြင့် ပြည်သူ့စစ်မဟာဗျူဟာကို ဖော်ဆောင်ရမည်။
၃၄၁။ နိုင်ငံတော်တွင် နိုင်ငံတော်နှင့် နိုင်ငံသားများအတွက် ဘေးအန္တရာယ်များကျရောက်လာလျှင် တပ်မတော်က ကူညီဆောင်ရွက်ရမည်။
၃၄၂။ နိုင်ငံတော်သမ္မတသည် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ အဆိုပြုထောက်ခံချက် ဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို ခန့်အပ်တာဝန်ပေးရမည်။
၃၄၃။ စစ်ဘက်တရားစီရင်ရာတွင် –
(က) တပ်မတော်သားများအတွက် အဖွဲ့ဖြင့်ဖြစ်စေ၊ တစ်ဦးတည်းဖြစ်စေ ဥပဒေနှင့်အညီ စီရင်နိုင်သည်၊
(ခ) တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ အဆုံးအဖြတ်သည် အပြီးအပြတ်ဖြစ်သည်။
၃၄၄။ မသန်မစွမ်းဖြစ်သွားသော တပ်မတော်သားများနှင့် သေဆုံးသော သို့မဟုတ် ကျဆုံးသော တပ်မတော်သားများ၏ မိသားစုများအား ထောက်ပံ့စောင့်ရှောက်ရေးတို့အတွက် ဥပဒေပြဋ္ဌာန်းရမည်။

အခန်း (၈)
နိုင်ငံသား၊ နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် တာဝန်များ
၃၄၅။ အောက်ဖော်ပြပါ အရည်အချင်းတစ်ရပ်ရပ်နှင့် ပြည့်စုံသူများသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ နိုင်ငံသားများဖြစ်ကြသည်-
(က) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ တိုင်းရင်းသားမိဘနှစ်ပါးမှ မွေးဖွားသူ၊
(ခ) ဤဖွဲ့စည်းပုံအခြေခံဥပဒေ အတည်ပြုပြဋ္ဌာန်းသည့်နေ့တွင် ဥပဒေအရနိုင်ငံသားဖြစ်ပြီးသူ။
၃၄၆။ နိုင်ငံသားဖြစ်ခြင်း၊ နိုင်ငံသားပြုခြင်းနှင့် နိုင်ငံသားအဖြစ်မှရပ်စဲခြင်းတို့သည် ဥပဒေဖြင့် ပြဋ္ဌာန်းသည့်အတိုင်း ဖြစ်စေရမည်။
၃၄၇။ နိုင်ငံတော်သည် မည်သူ့ကိုမဆို ဥပဒေအရာတွင် တန်းတူညီမျှအခွင့်အရေးရရှိစေရမည်။ ထို့ပြင် ဥပဒေ၏အကာအကွယ်ကိုလည်း တန်းတူညီမျှစွာ ရယူပိုင်ခွင့်ပေးရမည်။
၃၄၈။ နိုင်ငံတော်သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ မည်သည့်နိုင်ငံသားကိုမျှ လူမျိုး၊ ဇာတိ၊ ကိုးကွယ်ရာဘာသာ၊ ရာထူးဌာနန္တရ၊ အဆင့်အတန်း၊ ယဉ်ကျေးမှု၊ အမျိုးသား၊ အမျိုးသမီး၊ ဆင်းရဲချမ်းသာတို့ကို အကြောင်းပြု၍ ခွဲခြားမှုမရှိစေရ။
၃၄၉။ နိုင်ငံသားများသည် အောက်ပါလုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်ရာတွင် တူညီသော အခွင့်အလမ်းရရှိစေရမည်-
(က) ပြည်သူ့ဝန်ထမ်း တာဝန်ထမ်းဆောင်မှု၊
(ခ) အလုပ်လုပ်ကိုင်မှု၊
(ဂ) ကုန်သွယ်ရောင်းဝယ်ဖောက်ကားမှု၊
(ဃ) စီးပွားရေးလုပ်ငန်း လုပ်ကိုင်မှု၊
(င) အတတ်ပညာနှင့် အသက်မွေးဝမ်းကျောင်းမှု၊
(စ) ဝိဇ္ဇာပညာ၊ သိပ္ပံပညာနှင့် နည်းပညာရပ်များ ရှာဖွေဖော်ထုတ်မှု။
၃၅၀။ အမျိုးသမီးများသည် တူညီသောအလုပ်အတွက် အမျိုးသားများခံစားခွင့်ရှိသောအခွင့်အရေးနှင့် လစာတို့ကို ခံစားခွင့်ရှိသည်။
၃၅၁။ မိခင်များ၊ ကလေးသူငယ်များနှင့် ကိုယ်ဝန်ဆောင်အမျိုးသမီးများသည် ဥပဒေအရသတ်မှတ် ထားသောသက်ဆိုင်ရာအခွင့်အရေးများကို အညီအမျှခံစားခွင့်ရှိစေရမည်။
၃၅၂။ နိုင်ငံတော်သည် အလုပ်အကိုင်ခန့်ထားရာတွင်ဖြစ်စေ၊ နိုင်ငံ့ဝန်ထမ်းရွေးချယ်တာဝန် ပေးရာတွင်ဖြစ်စေ သတ်မှတ်သောအရည်အချင်းနှင့် ပြည့်စုံပါက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ တော်၏ မည်သည့်နိုင်ငံသားကိုမျှ လူမျိုး၊ ဇာတိ၊ ကိုးကွယ်ရာဘာသာ သာသနာ၊ အမျိုးသား၊ အမျိုးသမီး ကို အကြောင်းပြုလျက် ရာထူးရွေးချယ်ခန့်ထားခြင်းကို ခွဲခြားမှုမပြုရ။ သို့ရာတွင် အမျိုးသားများ နှင့်သာ လျော်ကန်သင့်မြတ်သည့် ရာထူးတာဝန်များအတွက် အမျိုးသားများအားရွေးချယ် ခန့်ထားခြင်း ကိုဤပုဒ်မအရ အဟန့်အတားမဖြစ်စေရ။
၃၅၃။ မည်သူ့ကိုမျှ တည်ဆဲဥပဒေနှင့်အညီမှတစ်ပါး အသက်ကိုဖြစ်စေ၊ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုကို ဖြစ်စေ နစ်နာဆုံးရှုံးမှုမရှိစေရ။
၃၅၄။ နိုင်ငံသားတိုင်းသည် နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး သို့မဟုတ် ပြည်သူတို့၏ကိုယ်ကျင့်တရားအကျိုးငှာ ပြဋ္ဌာန်းထားသည့်ဥပဒေများနှင့်မဆန့်ကျင်လျှင် အောက်ပါအခွင့်အရေးများကို လွတ်လပ်စွာသုံးစွဲဆောင်ရွက်ခွင့်ရှိသည်-
(က) မိမိ၏ ယုံကြည်ချက်၊ ထင်မြင်ယူဆချက်များကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ ရေးသား ဖြန့်ဝေခွင့်၊
(ခ) လက်နက်မပါဘဲ ငြိမ်းချမ်းစွာစုဝေးခွင့်၊ စီတန်းလှည့်လည်ခွင့်၊
(ဂ) အသင်းအဖွဲ့ သို့မဟုတ် အစည်းအရုံးများ ဖွဲ့စည်းဆောင်ရွက်ခွင့်၊
(ဃ) တိုင်းရင်းသားလူမျိုး တစ်မျိုးနှင့်တစ်မျိုး သို့မဟုတ် တိုင်းရင်းသားလူမျိုး အချင်းချင်းကို လည်း ကောင်း၊ အခြားဘာသာသာသနာကိုလည်းကောင်း ထိခိုက်နစ်နာမှုမရှိစေဘဲ မိမိချစ်ခင် မြတ်နိုးသည့် စကား၊ စာပေ၊ ယဉ်ကျေးမှု၊ ကိုးကွယ်သည့်ဘာသာသာသနာနှင့် ဓလေ့ထုံးတမ်းများကို လွတ်လပ်စွာ ဆောင်ရွက်ပိုင်ခွင့်။
၃၅၅။ နိုင်ငံသားတိုင်းသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်း မည်သည့်အရပ်ဒေသ၌မဆို ဥပဒေနှင့်အညီ အခြေစိုက်နေထိုင်ခွင့်ရှိသည်။
၃၅၆။ နိုင်ငံတော်သည် နိုင်ငံသားများ၏ တရားဝင်ရရှိပိုင်ဆိုင်ထားသော ရွှေ့ပြောင်းနိုင်သောပစ္စည်း၊ မရွှေ့မပြောင်းနိုင်သောပစ္စည်းများနှင့်စပ်လျဉ်း၍ ဥပဒေအရ ကာကွယ်ပေးရမည်။
၃၅၇။ ဤဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်မဆန့်ကျင်လျှင် နိုင်ငံတော်သည် နိုင်ငံသား များ၏ နေအိမ်ဥပစာလုံခြုံမှု၊ ပစ္စည်းလုံခြုံမှု၊ စာပေးစာယူနှင့် အခြားဆက်သွယ်ရေးဆိုင်ရာ လုံခြုံမှုများ အတွက် ဥပဒေအရကာကွယ်ပေးရမည်။
၃၅၈။ နိုင်ငံတော်သည် ကျေးကျွန်ပြုမှုနှင့်လူကုန်ကူးမှုများကို တားမြစ်သည်။
၃၅၉။ နိုင်ငံတော်သည် ဥပဒေကျူးလွန်၍ ပြစ်ဒဏ်ပေးခြင်းကိုခံရသဖြင့် အလုပ်ဒဏ်ထမ်းဆောင် ခိုင်းခြင်းနှင့် အများပြည်သူအကျိုးအတွက် ဆောင်ရွက်ရန် နိုင်ငံတော်က ဥပဒေနှင့်အညီ တာဝန်ချထား ခြင်းမှတစ်ပါး အဓမ္မစေခိုင်းခြင်းကို တားမြစ်သည်။
၃၆၀။ (က) ဘာသာသာသနာရေးဆိုင်ရာ ကိုးကွယ်ဆောက်တည်မှုသည် စီးပွားရေး၊ ဘဏ္ဍာရေး၊ နိုင်ငံရေး၊ အခြားလောကီရေးရာ ဆောင်ရွက်မှုတစ်ခုခုနှင့် ဆက်စပ်နေပါက ပုဒ်မ ၃၄ ပါ ဘာသာသာ သနာရေးဆိုင်ရာ လွတ်လပ်ခွင့်များတွင် မပါဝင်စေရ၊
(ခ) ထိုသို့ ဘာသာသာသနာရေးနှင့်စပ်လျဉ်း၍ လွတ်လပ်သောအခွင့်အရေးများကိုပေးထားသော်လည်း အများပြည်သူအကျိုးကိစ္စနှင့် ပြုပြင်ရေးကိစ္စတို့အတွက် နိုင်ငံတော်၏ဥပဒေပြုခြင်းကိုမတားမြစ်ရ။
၃၆၁။ နိုင်ငံတော်သည် ဗုဒ္ဓဘာသာသာသနာတော်ကို နိုင်ငံတော်၏ နိုင်ငံသားအများဆုံး ကိုးကွယ်ရာ ဖြစ်သော ဂုဏ်ထူးဝိသေသနနှင့်ပြည့်စုံသည့် ဘာသာသာသနာဖြစ်သည်ဟုနိုင်ငံတော်က အသိအမှတ် ပြုသည်။
၃၆၂။ နိုင်ငံတော်သည် ခရစ်ယာန်ဘာသာသာသနာ၊ အစ္စလာမ်ဘာသာသာသနာ၊ ဟိန္ဒူ ဘာသာသာသနာ နှင့် နတ်ကိုးကွယ်သောဘာသာတို့ကို ဤဖွဲ့စည်းပုံအခြေခံဥပဒေအာဏာတည်သောနေ့၌ နိုင်ငံတော်တွင် ရှိနေကြသော ကိုးကွယ်ရာဘာသာများဟူ၍ အသိအမှတ်ပြုသည်။
၃၆၃။ နိုင်ငံတော်သည် အသိအမှတ်ပြုထားသော ဘာသာသာသနာများကို တတ်နိုင်သမျှ ကူညီစောင့် ရှောက်မည်။
၃၆၄။ နိုင်ငံရေးကိစ္စအလို့ငှာ ဘာသာသာသနာကို အလွဲသုံးစားမပြုရ။ ထို့ပြင် လူမျိုးရေးကြောင့် သော်လည်းကောင်း၊ ဘာသာရေးကြောင့်သော်လည်းကောင်း တစ်ဖက်နှင့်တစ်ဖက်တစ်ဂိုဏ်းနှင့် တစ်ဂိုဏ်း မုန်းတီးခြင်း၊ ရန်မူခြင်း၊ စိတ်ဝမ်းကွဲခြင်းတစ်မျိုးမျိုး ပေါ်ပေါက်လာစေရန်ရည်ရွယ်သော သို့မဟုတ် ပေါ်ပေါက်လာရန်အကြောင်းရှိသော အပြုအမူသည် ဤဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဆန့်ကျင် သည်။ ထိုအပြုအမူမျိုးအတွက် ပြစ်ဒဏ်ပေးနိုင်ရန် ဥပဒေပြဋ္ဌာန်းနိုင်သည်။
၃၆၅။ နိုင်ငံသားတိုင်းသည် ဥပဒေနှင့်အညီ မိမိတို့အမြတ်တနိုးထားရှိသော စာပေ၊ ယဉ်ကျေးမှု၊ အနုပညာနှင့် ဓလေ့ထုံးတမ်းတို့ကို လွတ်လပ်စွာ ပြုစုပျိုးထောင်ဆောင်ရွက်ပိုင်ခွင့် ရှိသည်။ ယင်းသို့ဆောင်ရွက်ရာတွင် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို ထိပါးမှုမရှိစေရန် ရှောင်ကြဉ်ရမည်။ ထို့ပြင် မိမိတို့၏ဆောင်ရွက်မှုသည် အခြားတိုင်းရင်းသား လူမျိုးတစ်မျိုးကိုဖြစ်စေ၊ လူမျိုးများကိုဖြစ်စေ ထိခိုက်နစ်နာစေနိုင်လျှင် သက်ဆိုင်သူများအချင်းချင်းညှိနှိုင်း၍ ပြေလည်မှုရရှိပြီးမှသာ ဆောင်ရွက်ခွင့် ရှိသည်။
၃၆၆။ နိုင်ငံသားတိုင်းသည် နိုင်ငံတော်ကချမှတ်ထားသော ပညာရေးဆိုင်ရာမူဝါဒများနှင့်အညီ-
(က) ပညာသင်ကြားပိုင်ခွင့်ရှိသည်၊
(ခ) ဥပဒေဖြင့်ပြဋ္ဌာန်းသည့် မသင်မနေရအခြေခံပညာများကို သင်ကြားရမည်၊
(ဂ) သိပ္ပံပညာစူးစမ်းရှာဖွေမှု၊ စာပေနှင့် အနုပညာခေတ်မီတိုးတက်စေရန် တီထွင်ကြံဆဖော်ထုတ် ရေးသားမှုနှင့် ယဉ်ကျေးမှုကိစ္စများတွင် လွတ်လပ်စွာ သုတေသနပြုဖော်ထုတ်ဆောင်ရွက်ခွင့်ရှိသည်။
၃၆၇။ နိုင်ငံသားတိုင်းသည် နိုင်ငံတော်ကချမှတ်ထားသော ကျန်းမာရေးဆိုင်ရာမူဝါဒများနှင့်အညီ ကျန်းမာရေးစောင့်ရှောက်မှုကို ခံယူခွင့်ရှိသည်။
၃၆၈။ နိုင်ငံတော်သည် ပညာရည်ထူးချွန်သော နိုင်ငံသားများအား လူမျိုး၊ ကိုးကွယ်ရာဘာသာ၊ အမျိုးသား၊ အမျိုးသမီးခွဲခြားမှုမထားရှိဘဲ ယင်းတို့၏ အရည်အချင်းအလိုက် ချီးမြှောက်ထောက်ပံ့မည်။
၃၆၉။ (က) နိုင်ငံသားတိုင်းသည် ဤဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ဖြစ်စေ၊ သက်ဆိုင်ရာဥပဒေများနှင့်ဖြစ်စေ မဆန့်ကျင်လျှင် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် တစ်ရပ်ရပ်တွင် ရွေးကောက်တင်မြှောက်ခွင့်နှင့် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့် ရှိသည်၊
(ခ) သက်ဆိုင်ရာ မဲဆန္ဒရှင်များသည် လွှတ်တော်တစ်ရပ်ရပ်မှ လွှတ်တော်ကိုယ်စားလှယ်ကို ဥပဒေနှင့် အညီ တာဝန်မှ ပြည်လည်ရုပ်သိမ်းခွင့်ရှိသည်။
၃၇၀။ နိုင်ငံသားများသည် နိုင်ငံတော်အတွင်း အမျိုးသားစီးပွားရေးဖွံ့ဖြိုးတိုးတက်စေရေးအတွက် စီးပွားရေးလုပ်ငန်းများကို ဥပဒေနှင့်အညီ လွတ်လပ်စွာလုပ်ကိုင်ဆောင်ရွက်ခွင့်ရှိသည်။
၃၇၁။ နိုင်ငံတော်သည် အမျိုးသားစီးပွားရေးဖွံ့ဖြိုးတိုးတက်စေရေးအတွက် နည်းပညာ၊ အရင်းအနှီး၊ စက်မှုပစ္စည်း၊ ကုန်ကြမ်း အစရှိသည်တို့ကို ရရှိစေရန်ကူညီမည်။
၃၇၂။ ဤဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်လည်းကောင်း၊ တည်ဆဲဥပဒေများပါ ပြဋ္ဌာန်း ချက်များနှင့်လည်းကောင်း မဆန့်ကျင်စေဘဲ စီးပွားရေးကိစ္စများကို ဆောင်ရွက်ရာတွင် ပစ္စည်းပိုင် ဆိုင်ခွင့်၊ သုံးစွဲခွင့်နှင့် ကိုယ်ပိုင်တီထွင်ခွင့်၊ မူပိုင်ခွင့်တို့ကို နိုင်ငံတော်က အာမခံသည်။
၃၇၃။ ပြစ်မှုကျူးလွန်သူ မည်သူ့ကိုမဆို ယင်းပြစ်မှုကျူးလွန်သည့်အချိန်က အတည်ဖြစ်လျက်ရှိသော သက်ဆိုင်ရာဥပဒေအရသာ ပြစ်မှုထင်ရှားစီရင်ရမည်။ ထို့ပြင် ယင်းဥပဒေအရ ချမှတ်နိုင်သော ပြစ်ဒဏ်ထက်ပို၍ ချမှတ်ခြင်းမပြုရ။
၃၇၄။ တစ်ဦးတစ်ယောက်သည် စီရင်ပိုင်ခွင့်ရှိသောတရားရုံးက ပြစ်မှုတစ်ရပ်အတွက် ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင်ဖြစ်စေ၊ အမှုမှအပြီးအပြတ်လွှတ်ခြင်းခံရလျှင်ဖြစ်စေ အဆိုပါပြစ်မှုထင်ရှား စီရင် သည့်စီရင်ချက် သို့မဟုတ် အမှုမှအပြီးအပြတ်လွှတ်သည့်စီရင်ချက်ကို အဆင့်မြင့်တရားရုံးက ပယ်ဖျက် ပြီးအမှုကို အသစ်တစ်ဖန်ပြန်လည်စစ်ဆေးစေရန် အမိန့်ချမှတ်သည့်အခါမှတစ်ပါး ယင်းပြစ်မှုအတွက် ထိုသူအား ထပ်မံစစ်ဆေးခြင်းမပြုရ။
၃၇၅။ ပြစ်မှုကျူးလွန်ကြောင်း စွပ်စွဲခံရသူတစ်ဦးဦးသည် ဥပဒေနှင့်အညီ ခုခံချေပခွင့်ရှိစေရမည်။
၃၇၆။ နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ အများပြည်သူအေးချမ်းသာယာရေးနှင့် အများ ပြည်သူအကျိုးငှာ ဥပဒေနှင့်အညီကြိုတင်ကာကွယ်ထားရှိရန်လိုအပ်သောကိစ္စ သို့မဟုတ် တည်ဆဲဥပဒေ တစ်ရပ်ရပ်အရ ခွင့်ပြုသည့်ကိစ္စမှတစ်ပါး စီရင်ပိုင်ခွင့်ရှိသော တရားသူကြီး၏ ချုပ်မိန့်မရရှိဘဲ မည်သူ့ကို မျှ ၂၄ နာရီထက်ပို၍ ချုပ်နှောင်ခြင်းမပြုရ။
၃၇၇။ ဤအခန်း၌ ပေးအပ်ထားသော အခွင့်အရေးတစ်ရပ်ရပ်ကို ရယူလိုပါလျှင် သတ်မှတ်ချက် များနှင့်အညီ ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ လျှောက်ထားပိုင်ခွင့် ရှိရမည်။
၃၇၈။ (က) ဤအခန်း၌ ပေးအပ်ထားသောအခွင့်အရေးများနှင့် စပ်လျဉ်း၍ လျှောက်ထားလာသည့် ကိစ္စရပ်များတွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် အောက်ဖော်ပြပါ စာချွန်တော်အမိန့် တစ်ရပ်ရပ်ကို သင့်လျော်သည့်အတိုင်း ထုတ်ဆင့်ပေးခွင့်အာဏာရှိရမည်-
(၁) ရှေ့တော်သွင်းစာချွန်တော်အမိန့်၊
(၂) အာဏာပေးစာချွန်တော်အမိန့်၊
(၃) တားမြစ်စေစာချွန်တော်အမိန့်၊
(၄) အာဏာပိုင်မေးစာချွန်တော်အမိန့်၊
(၅) အမှုခေါ်စာချွန်တော်အမိန့်။
(ခ) ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ အပ်နှင်းသည့်စာချွန်တော်အမိန့်များ ထုတ်ဆင့်ခွင့် အာဏာသည် အခြားတရားရုံးများအား တည်ဆဲဥပဒေများအရ အပ်နှင်းထားသည့် စာချွန်တော်အမိန့် သဘောမျိုးသက်ရောက်သည့်အမိန့်ထုတ်ဆင့်ပိုင်ခွင့်အာဏာကို မထိခိုက်စေရ။
၃၇၉။ အောက်ဖော်ပြပါ အခြေအနေတစ်ရပ်ရပ်ပေါ်ပေါက်ချိန်တွင် အများပြည်သူလုံခြုံရေးအတွက် လိုအပ်သည့်ကိစ္စမှတစ်ပါး ပုဒ်မ ၃၇၇ ပါ အခွင့်အရေးများတောင်းခံပိုင်ခွင့်ကိုရပ်ဆိုင်းထားခြင်းမပြုရ-
(က) စစ်မက်ဖြစ်ပွားချိန်၊
(ခ)တိုင်းတစ်ပါးမှ ကျူးကျော်ဝင်ရောက်တိုက်ခိုက်ချိန်၊
(ဂ) ဆူပူသောင်းကျန်းမှုများ ဖြစ်ပေါ်နေချိန်။
၃၈၀။ နိုင်ငံခြားတိုင်းတစ်ပါးနှင့်ဆက်ဆံသော နိုင်ငံသားတိုင်းသည် ပြည်တွင်း၌ဖြစ်စေ၊ ပြည်ပ၌ဖြစ်စေ နိုင်ငံတော်၏ ကာကွယ်စောင့်ရှောက်မှုကို တောင်းခံခွင့်ရှိသည်။
၃၈၁။ အောက်ဖော်ပြပါ အခြေအနေနှင့်အချိန်အခါမှတစ်ပါး နိုင်ငံသားများ၏တရားဝင်ရပိုင်ခွင့်ရှိသော နစ်နာချက်များအတွက် ဥပဒေဖြင့်သတ်မှတ်ထားသော ရယူပိုင်ခွင့်များကို ငြင်းပယ်ခြင်းမပြုရ –
(က) တိုင်းတစ်ပါးမှ ကျူးကျော်ဝင်ရောက်တိုက်ခိုက်ချိန်၊
(ခ)ဆူပူသောင်းကျန်းမှုများ ဖြစ်ပေါ်နေချိန်၊
(ဂ) အရေးပေါ်အခြေအနေဖြစ်ပေါ်နေချိန်။
၃၈၂။ ကာကွယ်ရေးတပ်ဖွဲ့ဝင်များ သို့မဟုတ် ငြိမ်ဝိပ်ပိပြားရေးနှင့် လုံခြုံရေးတာဝန်ထမ်းဆောင်ရသော တပ်ဖွဲ့ဝင်များအား ယင်းတို့၏တာဝန်ဝတ္တရားများကို ကျေပွန်စွာထမ်းဆောင်နိုင်ရေးနှင့် စည်းကမ်း သေဝပ်မှုများရှိစေရေးတို့အတွက် ဤအခန်း၌ ပေးအပ်ထားသောအခွင့်အရေးများအနက် ကန့်သတ်ရန် သို့မဟုတ် ဖျက်သိမ်းရန် လိုအပ်သော အခွင့်အရေးများအနက် ကန့်သတ်ရန် သို့မဟုတ် ဖျက်သိမ်းရန် လိုအပ်သောအခွင့်အရေးများကို ဥပဒေပြဋ္ဌာန်း၍ ကန့်သတ်ခြင်း သို့မဟုတ် ဖျက်သိမ်းခြင်းပြုရမည်။
၃၈၃။ နိုင်ငံသားတိုင်းသည် အောက်ပါတို့ကို စောင့်ထိန်းရန်တာဝန်ရှိသည် –
(က) ပြည်ထောင်စုမပြိုကွဲရေး၊
(ခ) တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊
(ဂ) အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး။
၃၈၄။ နိုင်ငံသားတိုင်းသည် ဤဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များကို လိုက်နာစောင့်ထိန်းရန် တာဝန်ရှိသည်။
၃၈၅။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ လွတ်လပ်ရေး၊ အချုပ်အခြာအာဏာနှင့် နယ်မြေ တည်တံ့ခိုင်မြဲရေးတို့ကို ကာကွယ်စောင့်ရှောက်ရေးသည် နိုင်ငံသားတိုင်း၏ တာဝန်ဖြစ်သည်။
၃၈၆။ နိုင်ငံသားတိုင်းသည် ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ စစ်ပညာသင်ကြားရန် နှင့် နိုင်ငံတော် ကာကွယ်ရေးအတွက် စစ်မှုထမ်းရန်တာဝန်ရှိသည်။
၃၈၇။ နိုင်ငံသားတိုင်းသည် ပြည်ထောင်စုစိတ်ဓာတ်ကိုအခြေခံ၍ တိုင်းရင်းသားလူမျိုးအချင်းချင်း စည်းလုံးညီညွတ်ရေးနှင့် ပြည်သူတစ်ရပ်လုံးအေးချမ်းသာယာ ရေးတို့အတွက် ကြိုးပမ်းအားထုတ် ဆောင်ရွက်ရန် တာဝန်ရှိသည်။
၃၈၈။ ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီးပေါ်ထွန်းစေရေးသည် နိုင်ငံသားတိုင်း၏ တာဝန် ဖြစ်သည်။
၃၈၉။ နိုင်ငံသားတိုင်းသည် ဥပဒေအရ ပေးဆောင်ရမည့် အခွန်အကောက်များကိုပေးဆောင်ရန် တာဝန် ရှိသည်။
၃၉၀။ နိုင်ငံသားတိုင်းသည် အောက်ဖော်ပြပါကိစ္စရပ်များတွင် နိုင်ငံတော်အား ကူညီရန်တာဝန်ရှိသည် –
(က) အမျိုးသားယဉ်ကျေးမှုအမွေအနှစ်ကို ထိန်းသိမ်းစောင့်ရှောက်ခြင်း၊
(ခ) သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်ခြင်း၊
(ဂ) လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးမြင့်မားလာစေရန် ကြိုးပမ်းခြင်း၊
(ဃ) အများပြည်သူပိုင်ပစ္စည်းများကို ထိန်းသိမ်းစောင့်ရှောက်ခြင်း။

အခန်း (၉)
ရွေးကောက်တင်မြှောက်ခြင်း
လွှတ်တော်များသို့ ပြည်သူ့ကိုယ်စားလှယ်များ ရွေးကောက်တင်မြှောက်ခြင်း
၃၉၁။ လွှတ်တော်များသို့ ပြည်သူ့ကိုယ်စားလှယ်များကို ရွေးကောက်တင်မြှောက်ရာတွင် –
(က) ရွေးကောက်ပွဲစတင်ကျင်းပသည့်နေ့ရက်၌ အသက် ၁၈ နှစ်ပြည့်၍ ဥပဒေအရ အရည်အချင်း ပျက်ယွင်းသူမဟုတ်သည့်အပြင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသော နိုင်ငံသားနှင့် ဥပဒေအရ ဆန္ဒမဲပေးခွင့်ရှိ သူတိုင်းသည် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည်၊
(ခ) ဆန္ဒမဲပေးပိုင်ခွင့်ရှိသောနိုင်ငံသားနှင့် ဥပဒေအရ ဆန္ဒမဲပေးခွင့်ရှိသူတိုင်းသည် ရွေးကောက်ပွဲ တစ်ရပ်၌ မဲဆန္ဒနယ်တစ်နယ်တွင် လွှတ်တော်တစ်ရပ်စီအတွက် ဆန္ဒမဲတစ်မဲသာ ပေးပိုင်ခွင့်ရှိသည်၊
(ဂ) ထို့ပြင် ဤဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဆန္ဒမဲပေးပိုင်ခွင့်ရှိသော သက်ဆိုင်ရာတိုင်းရင်းသားများသည် မိမိတို့၏တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်အတွက် တိုင်းရင်းသားလူမျိုးလွှတ်တော်ကိုယ်စားလှယ်များ ရွေးကောက်တင်မြှောက်ရာတွင်လည်း ဆန္ဒမဲပေးပိုင် ခွင့်ရှိသည်၊
(ဃ) လျှို့ဝှက်ဆန္ဒမဲပေးခြင်းစနစ်ကိုကျင့်သုံးရမည်။
၃၉၂။ အောက်ပါပုဂ္ဂိုလ်များသည် ဆန္ဒမဲပေးပိုင်ခွင့်မရှိစေရ –
(က) သာသနာ့ဝန်ထမ်းများ၊
(ခ) ထောင်ဒဏ်ကျခံနေရသူများ၊
(ဂ) စိတ်ပေါ့သွပ်နေသည်ဟု သက်ဆိုင်ရာဥပဒေက ပြဋ္ဌာန်းထားသည့်အတိုင်းသတ်မှတ်ခြင်းခံရသူများ၊
(ဃ) လူမွဲအဖြစ် ဆုံးဖြတ်ကြေညာခံထားရခြင်းမှ လွတ်မြောက်ခွင့်မရသေးသူများ၊
(င) ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာဥပဒေအရ တားမြစ်ခြင်းခံရသူများ။
၃၉၃။ လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦးသည် ရွေးကောက်ပွဲတစ်ရပ်တွင် –
(က) လွှတ်တော်တစ်ရပ်အတွက်သာ ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်ရှိသည်၊
(ခ) မဲဆန္ဒနယ်တစ်နယ်တွင်သာ ရွေးကောက်တင်မြှောက်ခံရန်ယှဉ်ပြိုင်ခွင့်ရှိသည်။
၃၉၄။ (က) ပြည်ထောင်စုနယ်မြေ သို့မဟုတ် ပြည်ထောင်စုလွှတ်တော်က ဥပဒေပြဋ္ဌာန်း၍ သတ်မှတ်ထား သော ပြည်ထောင်စုနယ်မြေများအတွင်း မှီတင်းနေထိုင်ကြသော မဲဆန္ဒရှင်များသည် ပြည်သူ့လွှတ်တော် နှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များကိုသာ ရွေးချယ်တင်မြှောက်ခွင့်ရှိသည်၊
(ခ) ပြည်ထောင်စုလွှတ်တော်က ဥပဒေပြဋ္ဌာန်း၍ ပြည်ထောင်စုနယ်မြေအဖြစ် သတ်မှတ်လိုက်သော နယ်မြေတစ်ခုခုမှ ရွေးကောက်တင်မြှောက်ထားသည့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်သည် ဥပဒေတွင် သီးခြားခွင့်ပြုထားခြင်းမရှိလျှင် ယင်းလွှတ်တော်ကိုယ်စားလှယ်အဖြစ် ဆက်လက်ရပ်တည်ပိုင်ခွင့်မရှိစေရ။
၃၉၅။ ဤဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များအရသော်လည်းကောင်း၊ ရွေးကောက်တင်မြှောက် ခြင်းဆိုင်ရာ ဥပဒေပါပြဋ္ဌာန်းချက်များအရသော်လည်းကောင်း၊ အရည်အချင်းပျက်ယွင်းသူမဟုတ်ပါက နိုင်ငံသားတိုင်းသည် လွှတ်တော်တစ်ရပ်ရပ်သို့ ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်ရှိသည်။
လွှတ်တော်ကိုယ်စားလှယ်တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်း
၃၉၆။ (က) လွှတ်တော်ကိုယ်စားလှယ်တစ်ဦးကို အောက်ပါအကြောင်းတစ်ရပ်ရပ်ကြောင့် တာဝန်မှပြန် လည်ရုပ်သိမ်းခွင့်ရှိသည်-
(၁) နိုင်ငံတော်၏ကျေးဇူးသစ္စာတော်ကိုဖောက်ဖျက်ခြင်း၊
(၂) ဤဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ခြင်း၊
(၃) အကျင့်သိက္ခာပျက်ပြားခြင်း၊
(၄) ဤဖွဲ့စည်းပုံအခြေခံဥပဒေတွင် သတ်မှတ်ထားသည့် သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်၏ အရည်အချင်းပျက်ယွင်းခြင်း၊
(၅) ဥပဒေအရပေးအပ်သောတာဝန်များကို ကျေပွန်စွာမဆောင်ရွက်ခြင်း။
(ခ) သက်ဆိုင်ရာမဲဆန္ဒနယ်၏မူလမဲဆန္ဒရှင်များအနက် အနည်းဆုံးတစ်ရာခိုင်နှုန်းတို့က တာဝန်မှပြန်လည်ရုပ်သိမ်းလိုသော လွှတ်တော်ကိုယ်စားလှယ်နှင့် ပတ်သတ်သည့်တိုင်တန်းချက်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံတင်ပြရမည်၊
(ဂ) ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဥပဒေနှင့်အညီစုံစမ်းစစ်ဆေးရမည်၊
(ဃ) စွပ်စွဲချက်ကိုစုံစမ်းစစ်ဆေးသည့်အခါ သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ် ကိုယ်တိုင်သော် လည်းကောင်း၊ ကိုယ်စားလှယ်ဖြင့် သော်လည်းကောင်း ချေပခွင့်ပေးရမည်၊
(င) ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထိုစွပ်စွဲချက်သည်မှန်ကန်ပြီး စွပ်စွဲခံရသူသည် လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဆက်လက်ထမ်းရွက်စေရန် မသင့်ကြောင်း သဘောရရှိလျှင် ပြည် ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ဥပဒေနှင့်အညီ ဆောင်ရွက်ရမည်။
၃၉၇။ ပြည်ထောင်စုလွှတ်တော်သည် ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာ ကိစ္စများနှင့်စပ်လျဉ်း၍ လည်းကောင်း၊ တာဝန်မှပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ကိစ္စများနှင့်စပ်လျဉ်း၍ လည်းကောင်း လိုအပ် သောဥပဒေများကို ပြဋ္ဌာန်းရမည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဖွဲ့စည်းခြင်း
၃၉၈။ (က) နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် တစ်ရပ်ကိုဖွဲ့စည်းရမည်။ ယင်းသို့ဖွဲ့စည်းရာတွင် ဤဖွဲ့စည်းပုံအခြေခံဥပဒေပါပြည်ထောင်စုဝန်ကြီးခန့်ထားခြင်းနှင့်စပ်လျဉ်းသည့် ပြဋ္ဌာန်းချက်များနှင့်အညီ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌအပါအဝင် အဖွဲ့ဝင်အနည်းဆုံး ငါးဦးကို ခန့်အပ်တာဝန်ပေးနိုင်သည်၊
(ခ) ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည်-
(၁) အသက် ၅၀ နှစ်ပြည့်ပြီးသူဖြစ်ရမည်။
(၂) အသက်ကန့်သတ်ချက်မှအပ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအတွက် သတ်မှတ်ထားသည့် အရည်အချင်းများနှင့်ပြည့်စုံသူဖြစ်ရမည်။
(၃) (ကက) ပြည်ထောင်စုတရားသူကြီးချုပ် သို့မဟုတ် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရား သူကြီးအဖြစ်ဖြစ်စေ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော် တရားသူကြီးအဖြစ်ဖြစ်စေ၊ အလားတူရာထူးတာဝန်တစ်ခုခုတွင်ဖြစ်စေ အနည်းဆုံးငါးနှစ် ဆောင်ရွက်ခဲ့သူဖြစ်ရမည် သို့မဟုတ်
(ခခ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့်ထက်မနိမ့်သော တရားရေးအရာရှိ သို့မဟုတ် ဥပဒေအရာရှိရာထူးတွင် အနည်းဆုံး ၁၀ နှစ်တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ရမည် သို့မဟုတ်
(ဂဂ) တရားလွှတ်တော်ရှေ့နေအဖြစ် အနည်းဆုံး ၂၀ နှစ် အမှုလိုက်ပါဆောင်ရွက်ခဲ့သူဖြစ်ရမည် သို့မဟုတ်
(ဃဃ) ထင်ပေါ်ကျော်ကြားသည့် ဂုဏ်သတင်းရှိသော ပုဂ္ဂိုလ်အဖြစ် နိုင်ငံတော်သမ္မတက ယူဆသူ ဖြစ်ရမည်။
(၄) သိက္ခာသမာဓိနှင့်ပြည့်စုံပြီး အတွေ့အကြုံရင့်ကျက်သူဖြစ်ရမည်၊
(၅) ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်မရှိစေသော ပြဋ္ဌာန်းချက် များနှင့် ငြိစွန်းခြင်းမရှိသူ ဖြစ်ရမည်၊
(၆) နိုင်ငံတော်နှင့် နိုင်ငံသားများအပေါ် သစ္စာရှိသူဖြစ်ရမည်၊
(၇) နိုင်ငံရေးပါတီဝင်မဟုတ်သူဖြစ်ရမည်၊
(၈) လွှတ်တော်ကိုယ်စားလှယ်မဟုတ်သူဖြစ်ရမည်၊
(၉) လစာ၊ စရိတ်၊ ကြေးငွေရသောအခြားမည်သည့်ရာထူးကိုမျှလက်ခံခြင်းမပြုသူဖြစ်ရမည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ တာဝန်များ
၃၉၉။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ တာဝန်များမှာ အောက်ပါအတိုင်းဖြစ်သည် –
(က) လွှတ်တော်ရွေးကောက်ပွဲများ ကျင်းပခြင်း၊
(ခ) လွှတ်တော်ရွေးကောက်ပွဲများကို ကြီးကြပ်ခြင်း၊ ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်ကို ဖွဲ့စည်းခြင်းနှင့် ကြီးကြပ်စေခြင်း၊
(ဂ) မဲဆန္ဒနယ်များသတ်မှတ်ခြင်းနှင့် ပြင်ဆင်သတ်မှတ်ခြင်း၊
(ဃ) မဲစာရင်းများပြုစုခြင်းနှင့် ပြင်ဆင်ခြင်း၊
(င) သဘာဝဘေးအန္တရာယ်ကြောင့် သော်လည်းကောင်း၊ နယ်မြေလုံခြုံရေးအခြေအနေအရ သော်လည်း ကောင်း လွတ်လပ်ပြီးတရားမျှတသော ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်းမရှိသည့် မဲဆန္ဒနယ်များ၏ ရွေး ကောက်ပွဲများကို ရွှေ့ဆိုင်းခြင်း၊
(စ) ရွေးကောက်ပွဲဆိုင်ရာ သို့မဟုတ် နိုင်ငံရေးပါတီများဆိုင်ရာ နည်းဥပဒေများကို ဤဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ လည်းကောင်း၊ လုပ်ထုံးလုပ်နည်းများ၊ ညွှန်ကြားချက် စသည်များကို သက်ဆိုင်ရာဥပဒေများနှင့်အညီလည်းကောင်း ထုတ်ပြန်ခြင်း၊
(ဆ) ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုများကို စစ်ဆေးနိုင်ရေးအတွက် ဥပဒေနှင့်အညီ ရွေးကောက်ပွဲ ခုံအဖွဲ့များ ဖွဲ့စည်းခြင်း၊
(ဇ) ဥပဒေတစ်ရပ်ရပ်အရ ပေးအပ်သည့်တာဝန်များကို ထမ်းဆောင်ခြင်း။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ သို့မဟုတ် အဖွဲ့ဝင်များအား စွပ်စွဲပြစ်တင်ခြင်း
၄၀၀။ (က) နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ သို့မဟုတ်အဖွဲ့ဝင် တစ်ဦးဦးအား အောက်ပါအကြောင်းတစ်ရပ်ရပ်ဖြင့် စွပ်စွဲပြစ်တင်နိုင်သည်-
(၁) နိုင်ငံတော်၏ ကျေးဇူးသစ္စာတော်ကို ဖောက်ဖျက်ခြင်း၊
(၂) ဤဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ခြင်း
(၃) အကျင့်သိက္ခာပျက်ပြားခြင်း၊
(၄) ဤဖွဲ့စည်းပုံအခြေခံဥပဒေတွင် သက်ဆိုင်ရာပုဂ္ဂိုလ်အတွက် သတ်မှတ်ထားသည့် အရည်အချင်း ပျက်ယွင်းခြင်း၊
(၅) ဥပဒေအရ ပေးအပ်သောတာဝန်များကို ကျေပွန်စွာမဆောင်ရွက်ခြင်း။
(ခ) ပြည်ထောင်စုတရားသူကြီးချုပ် သို့မဟုတ် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး တစ်ဦးဦးကို စွပ်စွဲပြစ်တင်ခြင်းနှင့် စပ်လျဉ်းသည့် ဤဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းထားသည့် နည်းလမ်းများနှင့်အညီ ဆောင်ရွက်ရမည်။
၄၀၁။ (က) ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ သို့မဟုတ် အဖွဲ့ဝင်သည် ရာထူးတာဝန်ထမ်း ဆောင်နေစဉ် အကြောင်းတစ်ခုခုကြောင့် မိမိသဘောဆန္ဒအလျောက် ရာထူးမှနုတ်ထွက်လိုလျှင် ထိုသို့ နုတ်ထွက်လိုကြောင်းနိုင်ငံတော် သမ္မတထံ စာဖြင့်တင်ပြပြီး ရာထူးမှနုတ်ထွက်နိုင်သည်၊
(ခ) ရာထူးမှနုတ်ထွက်ခြင်းကြောင့်ဖြစ်စေ၊ တာဝန်မှရပ်စဲခံရခြင်းကြောင့်ဖြစ်စေ၊ ကွယ်လွန်ခြင်းကြောင့် ဖြစ်စေ၊ အခြားအကြောင်းတစ်ခုခုကြောင့်ဖြစ်စေ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ သို့မဟုတ် အဖွဲ့ဝင်နေရာလစ်လပ်လျှင် နိုင်ငံတော်သမ္မတသည် ဤဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြည်ထောင်စု ဝန်ကြီးခန့်ထားခြင်းနှင့်စပ်လျဉ်းသည့် ပြဋ္ဌာန်းချက်များနှင့်အညီ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌအသစ် သို့မဟုတ် အဖွဲ့ဝင်အသစ်အား ခန့်အပ်တာဝန်ပေးနိုင်သည်၊
(ဂ) ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ သို့မဟုတ် အဖွဲ့ဝင်သည် နိုင်ငံ့ဝန်ထမ်းဖြစ်လျှင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ သို့မဟုတ် အဖွဲ့ဝင်အဖြစ် ခန့်အပ်တာဝန်ပေးခြင်း ခံရသည့် နေ့မှစ၍ တည်ဆဲဝန်ထမ်းစည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ နိုင်ငံ့ဝန်ထမ်းအဖြစ်မှ အငြိမ်းစားယူပြီး ဖြစ်သည်ဟု မှတ်ယူရမည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ဆုံးဖြတ်ချက်နှင့် ဆောင်ရွက်ချက်များ
၄၀၂။ အောက်ပါကိစ္စရပ်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ဆုံးဖြတ်ချက်နှင့် ဆောင်ရွက်ချက်များသည် အပြီးအပြတ်အတည်ဖြစ်စေရမည်-
(က) ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာလုပ်ငန်းများ၊
(ခ) ရွေးကောက်ပွဲခုံအဖွဲ့များ၏ ဆုံးဖြတ်ချက်များ၊ အမိန့်များနှင့်စပ်လျဉ်းသည့် အယူခံမှုများနှင့် ပြင်ဆင်မှုများ၊
(ဂ) နိုင်ငံရေးပါတီဆိုင်ရာ ဥပဒေအရဆောင်ရွက်သောကိစ္စရပ်များ။
၄၀၃။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၏ တာဝန်များ၊ လုပ်ပိုင်ခွင့်များနှင့် ရပိုင်ခွင့်များကို ဥပဒေပြဋ္ဌာန်းသတ်မှတ်ရမည်။

အခန်း (၁၀)
နိုင်ငံရေးပါတီများ
နိုင်ငံရေးပါတီများဖွဲ့စည်းခြင်း
၄၀၄။ နိုင်ငံရေးပါတီတစ်ရပ်သည်-
(က) ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့ကို ဦးတည်ချက်ထားရှိရမည်၊
(ခ) နိုင်ငံတော်၏ကျေးဇူးသစ္စာကို စောင့်သိရိုသေရမည်။
၄၀၅။ နိုင်ငံရေးပါတီတစ်ရပ်သည် –
(က) စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို လက်ခံကျင့်သုံးရမည်၊
(ခ) ဤဖွဲ့စည်းပုံအခြေခံဥပဒေနှင့် တည်ဆဲဥပဒေများကို လေးစားလိုက်နာရမည်၊
(ဂ) နိုင်ငံရေးပါတီအဖြစ် ဥပဒေနှင့်အညီ ဖွဲ့စည်းမှတ်ပုံတင်ထားရမည်။
၄၀၆။ နိုင်ငံရေးပါတီတစ်ရပ်သည် နိုင်ငံတော်အတွင်း ဥပဒေနှင့်အညီ-
(က) လွတ်လပ်စွာစည်းရုံးခွင့်ရှိသည်၊
(ခ) ရွေးကောက်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ခွင့်ရှိသည်။
နိုင်ငံရေးပါတီများ ဆက်လက်ရပ်တည်ပိုင်ခွင့်မရှိခြင်း
၄၀၇။ နိုင်ငံရေးပါတီတစ်ရပ်ရပ်သည် အောက်ပါအကြောင်းတစ်ခုခုနှင့် ငြိစွန်းလျှင် ဆက်လက်ရပ် တည်ပိုင်ခွင့်မရှိစေရ –
(က) တည်ဆဲဥပဒေအရ မတရားအသင်းအဖြစ် ကြေညာခံရခြင်း၊
(ခ) နိုင်ငံတော်အား လက်နက်စွဲကိုင်၍ တော်လှန်ပုန်ကန်နေသော သောင်းကျန်းသူ အဖွဲ့အစည်း သို့မဟုတ် အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်သည်ဟု နိုင်ငံတော်က သတ်မှတ်သောအဖွဲ့အစည်းနှင့် ပုဂ္ဂိုလ်များ သို့မဟုတ် မတရားအသင်းအဖြစ် ကြေညာခံထားရသော အဖွဲ့အစည်းနှင့် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ဆက်သွယ်ခြင်း သို့မဟုတ် အားပေးကူညီခြင်း၊
(ဂ) နိုင်ငံခြားတိုင်းပြည်တစ်ခုခုမှ အစိုးရ သို့မဟုတ် ဘာသာရေးအဖွဲ့အစည်း သို့မဟုတ် အခြားအဖွဲ့အစည်းတစ်ခုခု သို့မဟုတ် ပုဂ္ဂိုလ်တစ်ဦးဦးထံမှ ငွေကြေး၊ ပစ္စည်း၊ အခြားအထောက်အပံ့ကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ရယူသုံးစွဲခြင်း၊
(ဃ) ဘာသာရေးကို နိုင်ငံရေးအတွက် အလွဲသုံးစားပြုခြင်း။
၄၀၈။ နိုင်ငံရေးပါတီတစ်ရပ်ရပ်သည် ပုဒ်မ ၄၀၇ ပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်နှင့် ငြိစွန်းကြောင်း မှတ်ပုံတင်ခွင့်ပေးနိုင်သော အဖွဲ့အစည်းကတွေ့ရှိလျှင် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်းကို ပယ်ဖျက်ရမည်။
၄၀၉။ ပြည်ထောင်စုလွှတ်တော်သည် နိုင်ငံရေးပါတီများနှင့်စပ်လျဉ်းသည့် လိုအပ်သောဥပဒေများကို ပြဋ္ဌာန်းရမည်။

အခန်း (၁၁)
အရေးပေါ်ကာလဆိုင်ရာပြဋ္ဌာန်းချက်များ
၄၁၀။ တိုင်းဒေသကြီးတစ်ခုတွင်ဖြစ်စေ၊ ပြည်နယ်တစ်နယ်တွင်ဖြစ်စေ၊ ပြည်ထောင်စုနယ်မြေ တစ်ခု တွင်ဖြစ်စေ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုတစ်စုတွင်ဖြစ်စေ အုပ်ချုပ်ရေးဆိုင်ရာ လုပ်ငန်းများကို ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်နိုင်စွမ်းမရှိကြောင်း သိရှိလျှင်သော် လည်းကောင်း၊ သက်ဆိုင်ရာဒေသအာဏာပိုင် အဖွဲ့အစည်းက တင်ပြလျှင်သော်လည်းကောင်း နိုင်ငံတော်သမ္မတသည် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီနှင့်ညှိနှိုင်းပြီး ဥပဒေကဲ့သို့ အာဏာတည်သည့်အမိန့်ထုတ်ပြန်၍ အရေးပေါ်အခြေအနေ ကြေညာနိုင်သည်။
၄၁၁။ ပုဒ်မ ၄၁၀ အရ အရေးပေါ်အခြေအနေ ကြေညာသည့်ကိစ္စရပ်တွင် နိုင်ငံတော်သမ္မတသည် –
(က) သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ် သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စု၏ အုပ်ချုပ်ရေး အာဏာကို ရယူသုံးစွဲခွင့်ရှိသည်။ ထို့ပြင် ယင်းအုပ်ချုပ်ရေးအာဏာကို သင့်လျော်သည့် အဖွဲ့အစည်း တစ်ရပ်ရပ် ဖွဲ့စည်း၍ ဖြစ်စေ၊ သင့်လျော်သည့် ပုဂ္ဂိုလ်တစ်ဦးဦးအားဖြစ်စေ အပ်နှင်းဆောင်ရွက် စေနိုင်သည်၊
(ခ) ယင်းသို့ဆောင်ရွက်ရာတွင် လိုအပ်ပါက သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ် သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စုများက ဥပဒေပြုပိုင်ခွင့်ရှိသောကိစ္စရပ်များအနက် အုပ်ချုပ်ရေးဆိုင်ရာ ကိစ္စရပ်များအတွက် ဥပဒေပြုခွင့်အာဏာကိုသာ ကျင့်သုံးခွင့်ရှိသည်၊၊ သို့ရာတွင် ဥပဒေပြုခွင့်အာ ဏာကိုမူ မည်သည့်အဖွဲ့အစည်း သို့မဟုတ် မည်သည့်ပုဂ္ဂိုလ်ကိုမျှ အပ်နှင်းဆောင်ရွက်စေခြင်းမပြုရ။
၄၁၂။ (က) တိုင်းဒေသကြီးတစ်ခုတွင်ဖြစ်စေ၊ ပြည်နယ်တစ်နယ်တွင်ဖြစ်စေ၊ ပြည်ထောင်စုနယ်မြေ တစ်ခုတွင်ဖြစ်စေ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုတစ်စုတွင်ဖြစ်စေ၊ ယင်းတို့၏ တစ်စိတ်တစ်ဒေသတွင် ဖြစ်စေ ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို ထိပါးအန္တရာယ်ပြုမည့် အရေးပေါ်အခြေအနေ ပေါ်ပေါက်လျှင် သို့မဟုတ် ထိုသို့ပေါ်ပေါက်ရန် လုံလောက်သောအကြောင်းရှိကြောင်း သိရှိလျှင်သော် လည်းကောင်း၊ ထိုသို့ပေါ်ပေါက်ရန် လုံလောက်သော အကြောင်းရှိကြောင်း သက်ဆိုင်ရာဒေသ အာဏာပိုင်အဖွဲ့အစည်းက တင်ပြလျှင်သော်လည်းကောင်း နိုင်ငံတော်သမ္မတသည် အမျိုးသားကာကွယ် ရေးနှင့် လုံခြုံရေးကောင်စီနှင့် ညှိနှိုင်းပြီး ဥပဒေကဲ့သို့ အာဏာတည်သည့် အမိန့်ထုတ်ပြန်၍ အရေးပေါ် အခြေအနေ ကြေညာနိုင်သည်၊
(ခ) ပုဒ်မခွဲ (က)အရ နိုင်ငံတော်သမ္မတသည် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီနှင့် ညှိနှိုင်းရာတွင် အဖွဲ့ဝင်များစုံညီစွာ တက်ရောက်နိုင်ခြင်းမရှိပါက အဖွဲ့ဝင်များဖြစ်သော တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဝန်ကြီးဌာန ဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီးဌာန ဝန်ကြီးတို့နှင့် ညှိနှိုင်းပြီး အရေးပေါ်အခြေအနေကို အချိန်မီထုန်ပြန် ကြေညာ နိုင်သည်။ ယင်းသို့ ထုတ်ပြန်ကြေညာချက်ကို အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီသို့ အမြန် ဆုံးတင်ပြ အတည်ပြုချက်ရယူရမည်။
၄၁၃။ ပုဒ်မ ၄၁၂ အရ အရေးပေါ်အခြေနေ ကြေညာသည့် ကိစ္စရပ်တွင် –
(က) အရေးပေါ်အခြေအနေကြေညာချက် အကျိုးသက်ရောက်သည့်နယ်မြေဒေသအတွင်း မူလအခြေ အနေသို့ အမြန်ပြန်လည်ရောက်ရှိစေခြင်းငှာ ဒေသဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းများ၊ ယင်းအဖွဲ့အစည်း ဝင်များ၊ နယ်ဘက်ဆိုင်ရာ ဝန်ထမ်းအဖွဲ့အစည်းများ၊ ယင်းအဖွဲ့အစည်းဝင်များက တည်ဆဲဥပဒေများ နှင့်အညီ တာဝန်ထမ်းဆောင်ရာတွင် ထိရောက်မှုရှိစေရန် တပ်မတော်၏ အကူအညီကို ရယူဆောင် ရွက်နိုင်သည်၊
(ခ) နိုင်ငံတော်သမ္မတသည် လိုအပ်ပါက စစ်အုပ်ချုပ်ရေးအမိန့်တစ်ရပ် ထုတ်ပြန်နိုင်သည်။ ယင်းစစ် အုပ်ချုပ်ရေးအမိန့်တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား အုပ်ချုပ်ရေးဆိုင်ရာ လုပ်ပိုင်ခွင့်နှင့် တာဝန်များကိုလည်းကောင်း၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးနှင့် သက်ဆိုင်သည့် တရားစီရင်ရေးဆိုင်ရာ လုပ်ပိုင်ခွင့်နှင့် တာဝန်များကိုလည်းကောင်း သတ်မှတ်ပေးရမည်။ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်သည် ယင်းလုပ်ပိုင်ခွင့်နှင့် တာဝန်များကို မိမိကိုယ်တိုင် ကျင့်သုံးဆောင်ရွက်ခြင်း သို့မဟုတ် သင့်လျော်သည့် စစ်ဘက်အာဏာပိုင် တစ်ဦးဦးကို ကျင့်သုံးဆောင်ရွက်စေခြင်းပြုနိုင်သည်။
၄၁၄။ နိုင်ငံတော်သမ္မတသည် ဥပဒေကဲ့သို့အာဏာတည်သည့် အမိန့်ထုတ်ပြန်၍ အရေးပေါ်အခြေအနေ ကြေညာသည့်အခါ –
(က) ယင်းအမိန့်တွင် အရေးပေါ်အခြေအနေ အကျိုးသက်ရောက်သည့်နယ်မြေဒေသနှင့် အချိန်ကာလ တို့ကို သတ်မှတ်ဖော်ပြရမည်၊
(ခ) လိုအပ်ပါက အရေးပေါ်အခြေအနေ အကျိုးသက်ရောက်သည့် နယ်မြေဒေသအတွင်းနေထိုင်ကြသော နိုင်ငံသားများ၏ မူလအခွင့်အရေးတစ်ရပ်ရပ်ကိုဖြစ်စေ၊ တစ်ရပ်ထက်ပို၍ဖြစ်စေ လိုအပ်သလို ကန့်သတ် နိုင်သည် သို့မဟုတ် ရပ်ဆိုင်းထားနိုင်သည်။
၄၁၅။ နိုင်ငံတော်သမ္မတသည် အရေးပေါ်အခြေအနေကြေညာ၍ ပုဒ်မ ၄၁၀ နှင့် ၄၁၁ အရ အရေးယူ ဆောင်ရွက်ချက်များကိုလည်းကောင်း၊ ပုဒ်မ ၄၁၂ နှင့် ၄၁၃ အရ အရေးယူဆောင်ရွက်ချက်များကို လည်းကောင်း ပုဒ်မ ၂၁၂ (ခ) ၊ (ဂ) နှင့် (င) တို့နှင့်အညီ ဆောင်ရွက်ရမည်။
၄၁၆။ ပုဒ်မ ၄၁၅ အရ နိုင်ငံတော်သမ္မတ၏ တင်ပြချက်ကို ပြည်ထောင်စုလွှတ်တော်အစည်းအဝေးက အတည်ပြုသည့်အပြင် အချိန်ကာလ ထပ်မံတိုးမြှင့်သတ်မှတ်လျှင် ထိုဥပဒေကဲ့သို့ အာဏာတည် သောအမိန့်သည် တိုးမြှင့်သတ်မှတ်သည့် အချိန်ကာလကုန်ဆုံးသည်အထိအာဏာတည်ရမည်။
၄၁၇။ နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ဆူပူသောင်းကျန်းမှု၊ အကြမ်းဖက်မှုနှင့် အဓမ္မနည်းများ ဖြင့်ရယူဆောင်ရွက်ခြင်း သို့မဟုတ် ကြိုးပမ်းအားထုတ်ခြင်းကြောင့် ပြည်ထောင်စုပြိုကွဲစေမည့်၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု ပြိုကွဲစေမည့် သို့မဟုတ် အချုပ်အခြာအာဏာလက်လွတ်ဆုံးရှုံးစေမည့် အရေးပေါ်အခြေအနေ ပေါ်ပေါက်လျှင် သို့မဟုတ် ပေါ်ပေါက်ရန်လုံလောက်သောအကြောင်းတွေ့ရှိလျှင် နိုင်ငံတော်သမ္မတသည် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီနှင့် ညှိနှိုင်းပြီး ဥပဒေကဲ့သို့ အာဏာတည်သည့် အမိန့်ထုတ်ပြန်၍ အရေးပေါ် အခြေအနေကြေညာနိုင်သည်။ ယင်းအမိန့်တွင် အရေးပေါ်အခြေအနေ အကျိုးသက်ရောက်သည့်နယ်မြေသည် နိုင်ငံတစ်ဝန်းလုံးဖြစ်ကြောင်းနှင့် အချိန်ကာလသတ်မှတ်ချက်သည် အမိန့်ထုတ်ပြန်သည့်နေ့မှ တစ်နှစ်အထိဖြစ်ကြောင်းဖော်ပြရမည်။
၄၁၈။ (က) ပုဒ်မ ၄၁၇ အရ အရေးပေါ်အခြေအနေ ကြေညာသည့်ကိစ္စရပ်တွင် နိုင်ငံတော်သမ္မတသည် နိုင်ငံတော်အတွင်း မူလအခြေအနေသို့ အမြန်ပြန်လည်ရောက်ရှိစေခြင်းငှာ လိုအပ်သည့် အရေးယူ ဆောင်ရွက်မှုများပြုနိုင်ရန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား နိုင်ငံတော်၏ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးအာဏာများကို လွှဲအပ်ကြောင်း ကြေညာရမည်။ ယင်းသို့ကြေညာ သည့်နေ့မှစ၍ လွှတ်တော်အားလုံးနှင့် ဦးစီးအဖွဲ့များ၏ ဥပဒေပြုရေးဆိုင်ရာ လုပ်ငန်းများကို ရပ်ဆိုင်း ထားသည်ဟု မှတ်ယူရမည်။ ယင်းလွှတ်တော်များ၏ သက်တမ်းကုန်ဆုံးသည့်အခါ သက်ဆိုင်ရာ လွှတ်တော်များသည် အလိုအလျောက်ဖျက်သိမ်းပြီးဖြစ်သည်ဟု မှတ်ယူရမည်၊
(ခ) ထိုသို့တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား နိုင်ငံတော်၏အာဏာကိုလွှဲအပ် ဆောင်ရွက်စေ သည့်နေ့ရက်မှစ၍ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် မည်သို့ပင်ပြဋ္ဌာန်းပါရှိစေကာမူ နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများမှအပ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ သက်ဆိုင်ရာလွှတ်တော်များ၏ သဘောတူညီ ချက်ဖြင့် ခန့်အပ်တာဝန်ပေးထားသော အဖွဲ့အစည်းဝင်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဦးစီးအဖွဲ့ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဝင်များအား တာဝန်မှရပ်စဲပြီးဖြစ် သည်ဟုမှတ် ယူရမည်။
၄၁၉။ နိုင်ငံတော်အာဏာလွှဲအပ်ခြင်းခံရသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ဥပဒေပြုရေး အာဏာ၊ အုပ်ချုပ်ရေးအာဏာနှင့် တရားစီရင်ရေးအာဏာတို့ကို ကျင့်သုံးဆောင်ရွက်ခွင့်ရှိသည်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည်ဥပဒေပြုရေးအာဏာကို မိမိကိုယ်တိုင်ဖြစ်စေ၊ မိမိကိုယ်တိုင် ပါဝင်သည့် အဖွဲ့အစည်းတစ်ရပ် ဖွဲ့စည်း၍ဖြစ်စေ ကျင့်သုံးဆောင်ရွက်နိုင်သည်။ အုပ်ချုပ်ရေးအာဏာနှင့် တရားစီရင်ရေးအာဏာများကို သင့်လျော်သည့်အဖွဲ့အစည်းတစ်ရပ်ရပ်ကိုဖွဲ့စည်း၍ ဖြစ်စေ၊ သင့်လျော် သည့်ပုဂ္ဂိုလ်တစ်ဦးဦးအားဖြစ်စေ လွှဲအပ်ကျင့်သုံးဆောင်ရွက်စေနိုင်သည်။
၄၂၀။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် အရေးပေါ်အခြေအနေ ကြေညာထားစဉ်ကာလအတွင်း လိုအပ်သည့်နယ်မြေဒေသတွင် နိုင်ငံသားများ၏ မူလအခွင့်အရေးတစ်ရပ်ရပ်ကိုဖြစ်စေ၊ တစ်ရပ်ထက်ပို ၍ဖြစ်စေ လိုအပ်သလိုကန့်သတ်နိုင်သည် သို့မဟုတ် ရပ်ဆိုင်းထားနိုင်သည်။
၄၂၁။ နိုင်ငံတော်သမ္မတသည် –
(က) ပုဒ်မ ၄၁၇ နှင့် ၄၁၈ အရ အရေးပေါ်အခြေအနေကြေညာ၍ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်အား နိုင်ငံတော်အာဏာလွှဲအပ်ဆောင်ရွက်စေသည့် ကိစ္စကို ပြည်ထောင်စုလွှတ်တော် ပုံမှန်အစည်းအဝေး ကျင်းပချိန်ဖြစ်လျှင်ယင်းအစည်းအဝေးသို့ဖြစ်စေ၊ ပြည်ထောင်စုလွှတ်တော် အရေးပေါ်အစည်းအဝေးခေါ်ယူစေ၍ဖြစ်စေ အစီရင်ခံတင်ပြရမည်၊
(ခ) တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ၎င်းအားပေးအပ်ထားသည့်တာဝန်ကိုပြီးမြောက်အောင် ဆောင်ရွက်ခြင်းမပြုနိုင်သေးသဖြင့် သတ်မှတ်အချိန်ကာလတိုးမြှင့်ပေးရန် အကျိုးအကြောင်းဖော်ပြ လျက် တင်ပြလာပါက အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီနှင့် ညှိနှိုင်းပြီး သာမန်အားဖြင့် တစ်ကြိမ်လျှင် ခြောက်လအထိနှစ်ကြိမ်တိုးမြှင့်ပေးနိုင်သည်။ ယင်းသို့တိုးမြှင့်ပေးသည့်ကိစ္စကို ပြည် ထောင်စုလွှတ်တော် အရေးပေါ်အစည်းအဝေးခေါ်ယူစေ၍ အစီရင်ခံတင်ပြရမည်။
၄၂၂။ နိုင်ငံတော်သမ္မတသည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ၎င်းအားပေးအပ်ထားသည့်တာဝန် ကို ပြီးမြောက်အောင်ဆောင်ရွက်ပြီးစီးကြောင်း တင်ပြလာသည့်အခါ ပြည်ထောင်စုလွှတ်တော် သက်တမ်းမကုန်ဆုံးသေးပါက ပြည်ထောင်စုလွှတ်တော် အရေးပေါ်အစည်းအဝေးခေါ်ယူစေ၍ အစီရင်ခံ တင်ပြပြီးသည့်နေ့မှစ၍ ဖြစ်စေ၊ ပြည်ထောင်စုလွှတ်တော်သက်တမ်းကုန်ဆုံးပြီးဖြစ်ပါက တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ထံမှ တင်ပြချက်လက်ခံရရှိသည့် နေ့မှစ၍ ဖြစ်စေ ပုဒ်မ ၄၁၈ အရ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်အား နိုင်ငံတော်အာဏာ လွှဲအပ်ဆောင်ရွက်စေခဲ့သည့်အမိန့်ကို အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီနှင့် ညှိနှိုင်းပြီးပယ်ဖျက်ကြောင်း ကြေညာရမည်။
၄၂၃။ နိုင်ငံတော်သမ္မတသည် ပုဒ်မ ၄၂၂ အရ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံမှ အစီရင်ခံစာကို ရရှိသည့်အခါ ပြည်ထောင်စုလွှတ်တော်သက်တမ်း မကုန်ဆုံးသေးပါက လွှတ်တော် အားလုံးနှင့် ဦးစီးအဖွဲ့များ၏ ဥပဒေပြုရေးဆိုင်ရာလုပ်ငန်းများအား ယာယီရပ်ဆိုင်းထားခြင်းကို ပယ်ဖျက်ရမည်၊၊ ထို့နောက် ဖွဲ့စည်းပုံအခြေခံဥပဒေပါ အုပ်ချုပ်ရေးနှင့်တရားစီရင်ရေးဆိုင်ရာ အဖွဲ့အစည်းအသစ်များကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဖွဲ့စည်းတာဝန်ပေးအပ်ရမည်။ ယင်းအဖွဲ့အစည်းများသည် ကျန်ရှိသော လွှတ်တော်သက်တမ်းအတွက်သာ တာဝန်ထမ်းဆောင်ရမည်။
၄၂၄။ နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများသည်လည်းကောင်း၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ တို့သည်လည်းကောင်း ပြည်ထောင်စုလွှတ်တော် သက်တမ်းကုန်ဆုံး စေကာမူ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ နိုင်ငံတော်သမ္မတအသစ်နှင့် ဒုတိယသမ္မတအသစ် တို့ကိုလည်း ကောင်း၊ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအသစ်နှင့်အမျိုးသားလွှတ်တော်ဥက္ကဋ္ဌအသစ်တို့ကိုလည်းကောင်း ရွေးချယ်တင်မြှောက်ပြီးသည်အထိ ဆက်လက်တည်ရှိသည်။
၄၂၅။ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီသည် ပြည်ထောင်စုလွှတ်တော်သက်တမ်း ကုန်ဆုံး သွားချိန်တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ၎င်းအားပေးအပ်ထားသည့်တာဝန်ကို ပြီးမြောက် အောင်ဆောင်ရွက်ခြင်းမပြုနိုင်သေးသဖြင့် သတ်မှတ်အချိန်ကာလ တိုးမြှင့်ပေးရန် အကျိုးအကြောင်း ဖော်ပြလျက် တင်ပြလာပါက သာမန်အားဖြင့်တစ်ကြိမ်လျှင် ခြောက်လအထိ နှစ်ကြိမ်တိုးမြှင့်ပေး နိုင်သည်။
၄၂၆။ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီသည် နိုင်ငံတော်သမ္မတက ပုဒ်မ ၄၁၇ နှင့် ၄၁၈ အရ အရေးပေါ်အခြေအနေကြေညာ၍ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား နိုင်ငံတော်အာဏာကို လွှဲအပ်ဆောင်ရွက်စေသည့်ကိစ္စနှင့်စပ်လျဉ်း၍ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ၎င်းအားပေးအပ် ထားသည့် တာဝန်ပြီးမြောက်အောင် ဆောင်ရွက်ပြီးကြောင်းတင်ပြသည့်အစီရင်ခံစာကို လက်ခံရရှိသည့် အခါ ပုဒ်မ ၄၁၈ အရ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား နိုင်ငံတော်အာဏာလွှဲအပ်ဆောင် ရွက်စေခဲ့သည့်အမိန့်ကို ပယ်ဖျက်ကြောင်းကြေညာရမည်။
၄၂၇။ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီသည် –
(က) ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ လွှတ်တော်များဖွဲ့စည်းခြင်း မပြုနိုင်သေးမီဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးအာဏာတို့ကို ကျင့်သုံးဆောင်ရွက်သည်၊
(ခ) ဤဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ နိုင်ငံတော်သမ္မတအသစ် ရွေးချယ်တင် မြှောက်ပြီး ပြည်ထောင်စုအဆင့် အာဏာပိုင်အဖွဲ့အစည်းများကို ဖွဲ့စည်းပြီးသည့်အချိန်ထိ နိုင်ငံတော် အာဏာကို ကျင့်သုံးဆောင်ရွက်ခွင့်ရှိသည်။ ထိုသို့ကျင့်သုံးဆောင်ရွက်ရာတွင် ဥပဒေပြုရေးအာဏာကို ကိုယ်တိုင်ကျင့်သုံးဆောင်ရွက်ရမည်။ အုပ်ချုပ်ရေးအာဏာနှင့်တရားစီရင်ရေးအာဏာများကို ပြည် ထောင်စုအဆင့်၊ တိုင်းဒေသကြီး သို့မဟုတ်ပြည်နယ်အဆင့်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုအဆင့် များအတွက် သင့်လျော်သည့် အဖွဲ့အစည်းများ ဖွဲ့စည်း၍ဖြစ်စေ၊ သင့်လျော်သည့် ပုဂ္ဂိုလ်တစ်ဦးဦး အားဖြစ်စေ လွှဲအပ်ကျင့်သုံး ဆောင်ရွက်စေနိုင်သည်။
၄၂၈။ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီသည် ဖွဲ့စည်းပုံအခြေခံဥပဒေပါ အဆင့်ဆင့်သော အာဏာပိုင်အဖွဲ့အစည်းများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဦးစီးအဖွဲ့ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ ဦးစီးအဖွဲ့များနှင့် ရွေးကောက်ပွဲကောက်မရှင်တို့ကို ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြဋ္ဌာန်းထား သော သက်ဆိုင်ရာအရည်အချင်းနှင့် ညီညွတ်သည့်ပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းတာဝန်ပေးအပ်ရမည်။
၄၂၉။ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီသည် ပုဒ်မ ၄၂၆ အရ အမိန့်ကို ပယ်ဖျက်ကြောင်း ကြေညာသည့်နေ့မှစ၍ ခြောက်လအတွင်း ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ အထွေထွေရွေးကောက်ပွဲ ကျင်းပပေးရမည်။
၄၃၀။ ပုဒ်မ ၄၂၈ အရ ဖွဲ့စည်းထားသည့်အဖွဲ့အစည်းများသည် အထွေထွေရွေးကောက်ပွဲများကျင်းပပြီး ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဖွဲ့စည်းသည့် ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးဆိုင်ရာ အဖွဲ့အစည်းများ ဖွဲ့စည်းပြီးသည်အထိ မိမိတို့၏ လုပ်ငန်းတာဝန်များကိုဆက်လက်ဆောင်ရွက်ရမည်။
၄၃၁။ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီသည် နိုင်ငံတော်အာဏာကို ကျင့်သုံးရာတွင် နိုင်ငံတော်သမ္မတအမည်ဖြင့် ဖော်ပြဆောင်ရွက်ရမည်။
၄၃၂။ အရေးပေါ်အခြေအနေ ထုတ်ပြန်ကြေညာထားစဉ်ကာလအတွင်းတွင် နိုင်ငံတော်သမ္မတကိုယ်စား ဖြစ်စေ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က နိုင်ငံတော်အာဏာကိုကျင့်သုံးနေသည့် ကာလအတွင်း ဖြစ်စေ၊ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီက နိုင်ငံတော်အာဏာကို ကျင့်သုံးနေသည့် ကာလအတွင်းဖြစ်စေ လုံခြုံရေး၊ တည်ငြိမ်ရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုး ရေးတို့ကို မူလအခြေအနေသို့ အမြန်ပြန်လည်ရောက်ရှိစေခြင်းငှာ လိုအပ်သည့် အရေးယူဆောင်ရွက် မှုပြုနိုင်ရန် လုပ်ပိုင်ခွင့်နှင့်တာဝန်များပေးအပ်ခြင်းခံရသည့် အာဏာပိုင်အဖွဲ့အစည်းတစ်ရပ်ရပ်၊ ယင်းအဖွဲ့အစည်းဝင်တစ်ဦးဦး၊ နယ်ဘက်ဝန်ထမ်း အဖွဲ့အစည်းတစ်ရပ်ရပ်၊ ယင်းအဖွဲ့အစည်းဝင် တစ်ဦးဦး၊ စစ်ဘက်ဆိုင်ရာ အဖွဲ့အစည်းတစ်ရပ်ရပ်၊ ယင်းအဖွဲ့အစည်းဝင် တစ်ဦးဦး၏ တရားဝင် ဆောင်ရွက်ချက်များသည် အတည်ဖြစ်စေရမည်။ ယင်းတရားဝင် ဆောင်ရွက်ချက်များအပေါ် အကြောင်း ပြုလျက်တရားစွဲဆိုခွင့်မရှိစေရ။

အခန်း (၁၂)
ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ခြင်း
၄၃၃။ ဤဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကိုပြင်ဆင်လိုပါက အောက်ဖော်ပြပါ သတ်မှတ်ထားသောနည်းလမ်းအတိုင်း ဆောင်ရွက်ရမည်-
(က) ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်ရန် တင်သွင်းသောအဆိုကို ဥပဒေမူကြမ်းအဖြစ်ဖြင့် တင်သွင်း ရမည်၊
(ခ) ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်ရန် အဆိုတင်သွင်းသော ဥပဒေမူကြမ်းတွင် အခြားအဆိုများ မပါရှိစေရ။
၄၃၄။ ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်ရန် ဥပဒေမူကြမ်းကို ပြည်ထောင်စုလွှတ်တော်တွင် တင်သွင်း ရမည်။
၄၃၅။ ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်ရန် ဥပဒေမူကြမ်းကို ပြည်ထောင်စုလွှတ်တော်ရှိ လွှတ်တော် ကိုယ်စားလှယ် စုစုပေါင်း၏ ၂၀ ရာခိုင်နှုန်းက တင်ပြလာလျှင် အဆိုပါပြင်ဆင်ချက် ဥပဒေမူကြမ်းကို ပြည်ထောင်စုလွှတ်တော်က လက်ခံဆွေးနွေးရမည်။
၄၃၆။ (က) ဤဖွဲ့စည်းပုံအခြေခံဥပဒေ၏ အခန်း (၁) ပုဒ်မ ၁ မှ ၄၈ အထိ၊ အခန်း (၂) ပုဒ်မ ၄၉ မှ ၅၆ ထိ၊ အခန်း (၃) ပုဒ်မ ၅၉၊ ၆၀၊ အခန်း (၄) ပုဒ်မ ၇၄၊ ၁၀၉၊ ၁၄၁၊ ၁၆၁၊ အခန်း (၅) ပုဒ်မ ၂၀၀၊ ၂၀၁၊ ၂၄၈၊ ၂၇၆၊ အခန်း (၆) ပုဒ်မ ၂၉၃၊ ၂၉၄၊ ၃၀၅၊ ၃၁၄၊ ၃၂၀၊ အခန်း (၁၁) ပုဒ်မ ၄၁၀ မှ ၄၃၂ ထိ၊ အခန်း (၁၂) ပုဒ်မ ၄၃၆ တို့ရှိ ပြဋ္ဌာန်းချက်များကို ပြင်ဆင်လိုလျှင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော်က ပြင်ဆင်ရန် သဘောတူလက်ခံပြီးနောက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပ၍ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး၏ ထက်ဝက်ကျော် ဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမည်၊
(ခ) ပုဒ်မ (က) တွင်ဖော်ပြထားသည့် ပြဋ္ဌာန်းချက်များမှအပ အခြားပြဋ္ဌာန်းချက်များကို ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမည်။

အခန်း (၁၃)
နိုင်ငံတော်အလံ၊ အထိမ်းအမှတ်တံဆိပ်၊ သီချင်းနှင့် မြို့တော်
၄၃၇။ (က) နိုင်ငံတော်အလံသည် အောက်တွင်ဖော်ပြထားသည့်အတိုင်းဖြစ်သည်၊

(ခ) နိုင်ငံတော်အလံနှင့် စပ်လျဉ်း၍ ဥပဒေပြဋ္ဌာန်းရမည်။
၄၃၈။ (က) နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်သည် အောက်ပါအတိုင်းဖြစ်သည်၊

(ခ) နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်နှင့် စပ်လျဉ်း၍ ဥပဒေပြဋ္ဌာန်းရမည်။
၄၃၉။ (က) နိုင်ငံတော်သီချင်းအဖြစ် အောက်ဖော်ပြပါ လက်ရှိ နိုင်ငံတော်သီချင်းကို သတ်မှတ်သည်၊
နိုင်ငံတော်သီချင်း
တရားမျှတ-လွပ်လပ်ခြင်းနဲ့မသွေ-
တို့ပြည်-တို့မြေ-
များလူခပ်သိမ်း-ငြိမ်းချမ်းစေဖို့-
ခွင့်တူညီမျှ-ဝါဒဖြူစင်တဲ့ပြည်-
တို့ပြည်-တို့မြေ-
ပြည်ထောင်စုအမွေ-အမြဲတည်တံ့စေ-
အဓိဋ္ဌာန်ပြုပေ-ထိန်းသိမ်းစို့လေ။
(ကမ္ဘာမကျေ၊ မြန်မာပြည်-
တို့ဘိုးဘွားအမွေစစ်မို့-ချစ်မြတ်နိုးပေ)၂
ပြည်ထောင်စုကို-အသက်ပေးလို့-တို့ကာကွယ်မလေ။
ဒါတို့ပြည်-ဒါတို့မြေ-တို့ပိုင်နက်မြေ။
တို့ပြည်-တို့မြေ-အကျိုးကို ညီညာစွာ-တို့တစ်တွေ
ထမ်းဆောင်ပါစို့လေ-တို့တာဝန်ပေ
အဖိုးတန်မြေ။
(ခ) နိုင်ငံတော်သီချင်းနှင့် စပ်လျဉ်း၍ ဥပဒေပြဋ္ဌာန်းရမည်။
၄၄၀။ နေပြည်တော်သည် နိုင်ငံတော်၏ မြို့တော်ဖြစ်သည်။

အခန်း (၁၄)
ကူးပြောင်းရေးကာလပြဋ္ဌာန်းချက်များ
၄၄၁။ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲတွင် ဆန္ဒမဲပေးခွင့်ရှိသူအားလုံး၏ ထက်ဝက်ကျော်မဲပေးသည့် ဆန္ဒမဲ၏မဲအများဖြင့် အတည်ပြုပြဋ္ဌာန်းလိုက်သည့် ဤဖွဲ့စည်းပုံအခြေခံဥပဒေသည် ပြည်ထောင်စု လွှတ်တော် ပထမအကြိမ်အစည်းအဝေးစတင်ကျင်းပသည့်နေ့မှစ၍ နိုင်ငံတော်တစ်ဝန်းလုံး၌ အာဏာ တည်သည်။
၄၄၂။ ဤဖွဲ့စည်းပုံအခြေခံဥပဒေ အာဏာမတည်မီ နိုင်ငံတော်၏ အချုပ်အခြာအာဏာကို နိုင်ငံ တော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီက ဆက်လက်ကျင့်သုံးဆောင်ရွက်ရမည်။
၄၄၃။ ဤဖွဲ့စည်းပုံအခြေခံဥပဒေအာဏာတည်သည့်နေ့မတိုင်မီ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက ဖွဲ့စည်းပုံအခြေခံဥပဒေ အကောင်အထည်ဖော်ရေးအတွက် ကြိုတင်ဆောင် ရွက်သည့် လုပ်ငန်းရပ်များသည် ဤဖွဲ့စည်းပုံအခြေခံဥပဒေအရ ဆောင်ရွက်သည်ဟု မှတ်ယူရမည်။
၄၄၄။ (က) ဤဖွဲ့စည်းပုံအခြေခံဥပဒေ အာဏာတည်သည့်နေ့၌ တည်ရှိနေသော အစိုးရအဖွဲ့သည် ဖွဲ့စည်းပုံအခြေခံဥပဒေအရ တာဝန်ပေးအပ်သည့် အစိုးရအဖွဲ့မပေါ်ပေါက်မီ မိမိတို့၏ သက်ဆိုင်ရာ တာဝန်များကို ဆက်လက်ဆောင်ရွက်ရမည်၊
(ခ) ဤဖွဲ့စည်းပုံအခြေခံဥပဒေ အာဏာတည်သည့်နေ့၌ တည်ရှိနေသောတရားရုံးများသည် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ တည်ထောင်သည့်တရားရုံးများ မပေါ်ပေါက်မီ ဆက်လက်၍ တရားစီရင်ပိုင်ခွင့် အာဏာများ သုံးစွဲဆောင်ရွက်ရမည်။ အဆိုပါ တရားရုံးများတွင် မပြီးမပြတ် ကျန်ရှိနေသေးသော တရားမမှုများ၊ ပြစ်မှုဆိုင်ရာ အမှုများနှင့် အခွန်တော်အမှုများကို အမှုစတင်စစ်ဆေးစဉ်က ကျင့်သုံးသည့် ဥပဒေများနှင့်အညီ ဆက်လက်စစ်ဆေး စီရင်ရမည်။
၄၄၅။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့နှင့် နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီတို့၏ မူဝါဒလမ်းညွှန်မှုများ၊ ဥပဒေများ၊ နည်းဥပဒေများ၊ စည်းမျဉ်းများ၊ အမိန့်ပြန်တမ်းများ၊ ကြေညာချက်များကိုလည်းကောင်း၊ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့နှင့် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီတို့၏ ဆောင်ရွက်ချက်များ၊ တာဝန်များနှင့် ရပိုင်ခွင့်များကိုလည်းကောင်း ဆက်ခံသည်။ ယင်းအဖွဲ့၊ သို့မဟုတ် အဖွဲ့ဝင်တစ်ဦးဦး၊ သို့မဟုတ် အစိုးရအဖွဲ့ဝင်တစ်ဦးဦး၏ တာဝန်အရဆောင်ရွက်ချက်များအပေါ် အကြောင်းပြုလျက် ယင်းတို့အား တရားစွဲဆိုခြင်း၊ အရေးယူခြင်းမရှိစေရ။
၄၄၆။ တည်ဆဲဥပဒေများသည် ပြည်ထောင်စုလွှတ်တော်က ပယ်ဖျက်ခြင်း၊ ပြင်ဆင်ခြင်းမပြုသေးမီ ဤဖွဲ့စည်းပုံအခြေခံဥပဒေနှင့်မဆန့်ကျင်သမျှ အတည်ဖြစ်သည်။
၄၄၇။ တည်ဆဲနည်းဥပဒေများ၊ စည်းမျဉ်းများ၊ စည်းကမ်းများ၊ အမိန့်ကြော်ငြာစာများ၊ အမိန့်များ၊ ညွှန်ကြားချက်များနှင့် လုပ်ထုံးလုပ်နည်းများကို ပြည်ထောင်စုအစိုးရအဖွဲ့က ပယ်ဖျက်ခြင်း၊ ပြင်ဆင် ခြင်းမပြုသေးမီ ဤဖွဲ့စည်းပုံအခြေခံဥပဒေနှင့် မဆန့်ကျင်သမျှ အတည်ဖြစ်သည်။
၄၄၈။ ဤဖွဲ့စည်းပုံအခြေခံဥပဒေ အာဏာစတင်တည်သည့်နေ့တွင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီလက်အောက်၌ ဖွဲ့စည်းထားရှိသည့် တပ်မတော်အပါအဝင်ဌာန ဆိုင်ရာအဖွဲ့အစည်း များ၌ အမှုထမ်းရွက်ဆဲဖြစ်ကြသော နိုင်ငံ့ဝန်ထမ်းများသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အစိုးရက အခြားပြဋ္ဌာန်းခြင်းမပြုသမျှ ဆက်လက်အမှုထမ်းရမည်။

အခန်း (၁၅)
အထွေထွေပြဋ္ဌာန်းချက်များ
၄၄၉။ ဤဖွဲ့စည်းပုံအခြေခံဥပဒေသည် နိုင်ငံတော်အတွင်းရှိ ဥပဒေအားလုံး၏ အခြေခံဥပဒေဖြစ်သည်။
၄၅၀။ မြန်မာစာသည် ရုံးသုံးစာဖြစ်သည်။
၄၅၁။ နိုင်ငံတော်သည် ဥပဒေပြုရာတွင်လည်းကောင်း၊ အုပ်ချုပ်ရာတွင်လည်းကောင်း နိုင်ငံတော် အခြေခံမူများနှင့်အညီ အလေးဂရုပြု ဆောင်ရွက်ရမည်။ သို့ရာတွင် ထိုသို့ဆောင်ရွက်စေရန် မည်သည့် တရားရုံးတွင်မျှ တရားစွဲဆိုခွင့်မရှိစေရ။
၄၅၂။ ဤဖွဲ့စည်းပုံအခြေခံဥပဒေ၏ နိဒါန်း၊ ပုဒ်မများ၊ ပုဒ်မခွဲများ၊စကားလုံးစုများ၊ စကားလုံး တစ်လုံးချင်း၏ အနက်အဓိပ္ပာယ်၊ သဘောအယူအဆများ ဖွင့်ဆိုရာ၌ မြန်မာစာဖြင့် ရေးသားထား ချက်များအပေါ်တွင်သာ အခြေပြုရမည်။
၄၅၃။ ဤဖွဲ့စည်းပုံအခြေခံဥပဒေပါ စကားရပ်များကို အနက်အဓိပ္ပာယ်ဖွင့်ဆိုရာတွင် တည်ဆဲစကား ရပ်များ အနက်အဓိပ္ပာယ်ဖွင့်ဆိုရေးဥပဒေကို ကိုးကားရမည်။
၄၅၄။ ဤဖွဲ့စည်းပုံအခြေခံဥပဒေ မြန်မာစာမူတစ်ခုကို အမျိုးသားမော်ကွန်းတိုက်တွင် မော်ကွန်းတင် ထားရှိရမည်။ ထိုစာမူသည် ဤဖွဲ့စည်းပုံအခြေခံဥပဒေရှိ ပြဋ္ဌာန်းချက်များအတွက် အပြီးအပြတ် သက်သေအရာတည်စေရမည်။
၄၅၅။ ပြည်ထောင်စုအစိုးရသည် ပြည်ထောင်စုအစိုးရကသာ လုပ်ကိုင်ဆောင်ရွက်ရန် သတ်မှတ်ထား သော စီးပွားရေးလုပ်ငန်းတစ်ရပ်ရပ်ကို နိုင်ငံတော်၏ အကျိုးစီးပွားအလို့ငှာ –
(က) တိုင်းဒေသကြီးအစိုးရအဖွဲ့ သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ကို ပြည်ထောင်စုအစိုးရအဖွဲ့နှင့် ဖက်စပ်လုပ်ကိုင်ဆောင်ရွက်ရန်ဖြစ်စေ၊ စည်းကမ်းသတ်မှတ်ချက်ဖြင့် လုပ်ကိုင်ဆောင်ရွက်ရန်ဖြစ်စေ ခွင့်ပြုနိုင်သည်၊
(ခ) သမဝါယမအဖွဲ့အစည်း၊ စီးပွားရေးအဖွဲ့အစည်း သို့မဟုတ် ပုဂ္ဂိုလ်တစ်ဦးဦးကို ပြည်ထောင်စု အစိုးရအဖွဲ့နှင့် ဖက်စပ်လုပ်ကိုင်ဆောင်ရွက်ရန်ဖြစ်စေ၊ စည်းကမ်းသတ်မှတ်ချက်ဖြင့် လုပ်ကိုင်ဆောင် ရွက်ရန်ဖြစ်စေ ခွင့်ပြုနိုင်သည်။
၄၅၆။ ဤဖွဲ့စည်းပုံအခြေခံဥပဒေ အာဏာမတည်မီကာလက ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရနှင့် အခြားနိုင်ငံအစိုးရတို့ချုပ်ဆိုအတည်ဖြစ်ခဲ့သော စာချုပ်များအရသော်လည်းကောင်း၊ သဘောတူညီချက် များအရ သော်လည်းကောင်း ပေါ်ထွက်လာသော တရားမျှတသည့်တာဝန်များကို အဆိုပါအခြား နိုင်ငံကလည်း ပြည်ထောင်စုမြန်မာနိုင်ငံနှင့် စပ်လျဉ်း၍ ထားရှိအပ်သောပဋိညာဉ်များကို လေးစားပါက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကလည်း လေးစားသည်။
၄၅၇။ (က) ဤဖွဲ့စည်းပုံအခြေခံဥပဒေ အာဏာမတည်မီက ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရနှင့် ချုပ်ဆိုထားရှိခဲ့သော ပဋိညာဉ်များနှင့် စပ်လျဉ်း၍ဖြစ်စေ၊ တာဝန်များနှင့် စပ်လျဉ်း၍ဖြစ်စေ ပြည်ထောင် စုမြန်မာနိုင်ငံတော်အစိုးရအားတရားစွဲဆိုနိုင်သော အခွင့်အရေးအရ တရားစွဲဆိုရန် ပေါ်ပေါက်ခဲ့လျှင် ပြည်ထောင်စုအစိုးရအား တရားစွဲဆိုနိုင်သည်၊
(ခ) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏အမည်ဖြင့် တရားစွဲဆိုနိုင်သည်။ ထိုနည်းတူပင် တရားစွဲဆိုခြင်းကို ခံနိုင်သည်။

—– Footnote —–
[ပင်ရင်း- ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေစာအုပ် (မူရင်း) မှ ကူးယူတင်ပြသည်။]

—– Attachment —–
[ ပူးတွဲဖော်ပြသော စာရင်း 1 ] 01 ဇယား ၁ ပြည်ထောင်စုဥပဒေပြုစာရင်း (ပုဒ်မ ၉၆ ကို ရည်ညွှန်းသည်)
[ ပူးတွဲဖော်ပြသော စာရင်း 2 ] 02 ဇယား ၂ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဥပဒေပြုစာရင်း (ပုဒ်မ ၁၈၈ ကို ရည်ညွှန်းသည်)
[ ပူးတွဲဖော်ပြသော စာရင်း 3 ] 03 ဇယား ၃ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့၏ ဥပဒေပြုစာရင်း (ပုဒ်မ ၁၉၆ ကို ရည်ညွှန်းသည်)
[ ပူးတွဲဖော်ပြသော စာရင်း 4 ] 04 ဇယား ၄ ကတိသစ္စာပြုချက် သို့မဟုတ် ကျမ်းသစ္စာဆိုချက် ပုံစံ (ပုဒ်မ ၁၂၅ ကို ရည်ညွှန်းသည်)
[ ပူးတွဲဖော်ပြသော စာရင်း 5 ] 05 ဇယား ၅ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များက ကောက်ခံရမည့် အခွန်အခများ (ပုဒ်မ ၂၅၄ ကို ရည်ညွှန်းသည်)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s