မြန်မာနိုင်ငံလွှတ်တော်အဖွဲ့ဥပဒေ

မြန်မာနိုင်ငံလွှတ်တော်အဖွဲ့ဥပဒေ
(၂၀၁၈ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၄။)
၁၃၇၉ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၈ ရက်
(၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၈ ရက်)
ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။

အခန်း (၁)
အမည်နှင့် အဓိပ္ပာယ်ဖော်ပြချက်
၁။ ဤဥပဒေကို မြန်မာနိုင်ငံလွှတ်တော်အဖွဲ့ဥပဒေဟု ခေါ်တွင်စေရမည်။
၂။ ဤဥပဒေတွင် ပါရှိသော အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပာယ်သက်ရောက် စေရမည်-
(က) ဖွဲ့စည်းပုံအခြေခံဥပဒေဆိုသည်မှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ကို ဆိုသည်။
(ခ) ပြည်ထောင်စုလွှတ်တော်ဆိုသည်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဖွဲ့စည်းသော ပြည်ထောင်စု လွှတ်တော်ကို ဆိုသည်။
(ဂ) ပြည်သူ့လွှတ်တော်ဆိုသည်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဖွဲ့စည်းသော ပြည်သူ့လွှတ်တော်ကို ဆိုသည်။
(ဃ) အမျိုးသားလွှတ်တော်ဆိုသည်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဖွဲ့စည်းသော အမျိုးသား လွှတ်တော်ကို ဆိုသည်။
(င) တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ဆိုသည်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဖွဲ့စည်းသော တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ကို ဆိုသည်။
(စ) လွှတ်တော်ဆိုသည်မှာ ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ကို ဆိုသည်။
(ဆ) လွှတ်တော်အဖွဲ့ဆိုသည်မှာ ဤဥပဒေအရဖွဲ့စည်းသော မြန်မာနိုင်ငံလွှတ်တော်အဖွဲ့ကို ဆိုသည်။
(ဇ) နာယကဆိုသည်မှာ ပြည်ထောင်စုလွှတ်တော် နာယကအဖြစ် တာဝန်ထမ်းဆောင်သော အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ သို့မဟုတ် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကို ဆိုသည်။
(ဈ) ဒုတိယနာယကဆိုသည်မှာ ပြည်ထောင်စုလွှတ်တော် ဒုတိယနာယကအဖြစ် တာဝန်ထမ်းဆောင်သော အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ သို့မဟုတ် ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌကို ဆိုသည်။
(ည) ဥက္ကဋ္ဌဆိုသည်မှာ လွှတ်တော်အဖွဲ့၏ ဥက္ကဋ္ဌကို ဆိုသည်။
(ဋ) အဖွဲ့ဝင် ဆိုသည်မှာ လွှတ်တော်အဖွဲ့၏ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ အတွင်းရေးမှူးတို့ အပါအဝင် အဖွဲ့ဝင်အသီးသီးကို ဆိုသည်။
(ဌ) လွှတ်တော်အဖွဲ့ရုံးဆိုသည်မှာ ဤဥပဒေအရ ဖွဲ့စည်းသော မြန်မာနိုင်ငံလွှတ်တော်အဖွဲ့ရုံးကို ဆိုသည်။
(ဍ) ရုံးအဖွဲ့မှူးဆိုသည်မှာ လွှတ်တော်အဖွဲ့ရုံး၏ ရုံးအဖွဲ့မှူးကို ဆိုသည်။
(ဎ) အစည်းအဝေးဆိုသည်မှာ လွှတ်တော်အဖွဲ့အစည်းအဝေးကို ဆိုသည်။

အခန်း(၂)
ရည်ရွယ်ချက်
၃။ ဤဥပဒေ၏ ရည်ရွယ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်-
(က) လွှတ်တော်အသီးသီး၏ လုပ်ငန်းဆောင်ရွက်မှုနည်းလမ်းများ မှန်ကန်ခိုင်မာပြီး အရည်အသွေး တိုးတက်မြင့်မားရေးအတွက် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရန်၊
(ခ) လွှတ်တော်အချင်းချင်း လုပ်ငန်းအတွေ့အကြုံဖလှယ်ရေးနှင့် စွမ်းရည်တိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရန်၊
(ဂ) နိုင်ငံတကာဥပဒေပြုအဖွဲ့အစည်းများ၊ ရည်ရွယ်ချက်တူညီသော အပြည်ပြည်ဆိုင်ရာအဖွဲ့ အစည်းများ၊ အစိုးရအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရန်၊
(ဃ) နိုင်ငံတကာလွှတ်တော်များအဖွဲ့နှင့် အာဆီယံပါလီမန်များညီလာခံအပါအဝင် နိုင်ငံတကာနှင့် ဒေသတွင်း လွှတ်တော်ဆိုင်ရာ အဖွဲ့အစည်းများတွင် ပါဝင်ဆောင်ရွက်ရန်။

အခန်း(၃)
လွှတ်တော်အဖွဲ့ ဖွဲ့စည်းခြင်း၊ သက်တမ်းနှင့် အစည်းအဝေးကျင်းပခြင်း
ဖွဲ့စည်းခြင်း
၄။ ပြည်ထောင်စုလွှတ်တော်သည် လွှတ်တော်အဖွဲ့ကို အောက်ပါအတိုင်း ဖွဲ့စည်းရမည်-

(က) နာယက ပြည်ထောင်စုလွှတ်တော် ဥက္ကဋ္ဌ
(ခ) ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော် သို့မဟုတ် အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ
(ဂ) ဒုတိယဥက္ကဋ္ဌ ပြည်သူ့လွှတ်တော် သို့မဟုတ် အမျိုးသားလွှတ်တော် အဖွဲ့ဝင်
(ဃ) ဥက္ကဋ္ဌ တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် အဖွဲ့ဝင်များ
(င) ဒုတိယနာယက ပြည်ထောင်စုလွှတ်တော် အတွင်းရေးမှူး
၅။ ပြည်ထောင်စုလွှတ်တော်ရုံး၊ ညွှန်ကြားရေးမှူးချုပ်သည် ရာထူးအလျောက် လွှတ်တော်အဖွဲ့ရုံး၏ ရုံးအဖွဲ့မှူးဖြစ်သည်။
သက်တမ်း
၆။ လွှတ်တော်အဖွဲ့၏ သက်တမ်းသည် ပြည်ထောင်စုလွှတ်တော်၏ သက်တမ်းနှင့်အညီ ဖြစ်သည်။
အစည်းအဝေးကျင်းပခြင်း
၇။ (က) အစည်းဝေးကို တစ်နှစ်လျှင် အနည်းဆုံးတစ်ကြိမ် ကျင်းပရမည်။
(ခ) အထူးအစည်းအဝေးကျင်းပရန် လိုအပ်သည်ဟု ဥက္ကဋ္ဌက ယူဆလျှင်ဖြစ်စေ၊ အဖွဲ့ဝင်စုစုပေါင်း ဦးရေ၏ ထက်ဝက်ကျော်က တင်ပြလျှင်ဖြစ်စေ ဥက္ကဋ္ဌက အစည်းအဝေးကို ခေါ်ယူကျင်းပရမည်။
(ဂ) အစည်းအဝေးကို ဥက္ကဋ္ဌက သတ်မှတ်သည့်နေ့ရက်၊ အချိန်နှင့် နေရာတွင် ကျင်းပရမည်။
(ဃ) အစည်းအဝေးသို့ အဖွဲ့ဝင်စုစုပေါင်းဦးရေ၏ ထက်ဝက်ကျော်တက်ရောက်လျှင် အစည်းအဝေး အထမြောက်သည်။
(င) အဖွဲ့ဝင်ဖြစ်သည့် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌကိုယ်တိုင် အစည်းအဝေးသို့ တက်ရောက်နိုင်ခြင်းမရှိပါက ဒုတိယဥက္ကဋ္ဌကို မိမိကိုယ်စား တက်ရောက်စေနိုင်သည်။
(စ) အစည်းအဝေး အထမြောက်ခြင်းမရှိပါက ဥက္ကဋ္ဌသည် အဖွဲ့ဝင်များ၏ တင်ပြချက်များနှင့် အကြံပြု ချက်များကို စာဖြင့်ပေးပို့ရန် တောင်းယူနိုင်သည်။
(ဆ) ရုံးအဖွဲ့မှူးသည် လွှတ်တော်အဖွဲ့ အစည်းအဝေးများတွင် အခမ်းအနားမှူးအဖြစ် ဆောင်ရွက်ရ မည်။

အခန်း(၄)
လွှတ်တော်အဖွဲ့၏ လုပ်ငန်းတာဝန်များ
၈။ လွှတ်တော်အဖွဲ့၏ လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်းဖြစ်သည်-
(က) ဤဥပဒေပါ ရည်ရွယ်ချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊
(ခ) ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များ၊ လွှတ်တော်ဆိုင်ရာဥပဒေများနှင့် ဆန့်ကျင်ခြင်း မရှိစေဘဲ ဥပဒေပြုခြင်းဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ညှိနှိုင်းဆောင်ရွက်ခြင်း၊
(ဂ) ပြည်ထောင်စုနှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များ ဆက်နွှယ်အကျုံးဝင်သောကိစ္စရပ်များနှင့် စပ်လျဉ်း၍ ညှိနှိုင်းဆောင်ရွက်ခြင်း၊
(ဃ) လွှတ်တော်အဖွဲ့၏ လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ လွှတ်တော်ကိုယ်စားလှယ်များ၏ စွမ်းရည် မြှင့်တင်ရေးနှင့် လွှတ်တော်ဝန်ထမ်းများ၏ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေးတို့အတွက် ဆွေးနွေး ဆောင်ရွက်ခြင်း၊ ပြည်တွင်းပြည်ပသင်တန်းများ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ အစည်းအဝေးများ၊ ညီလာခံ များနှင့် လေ့လာရေးခရီးစဉ်များ စေလွှတ်ခြင်း၊
(င) လွှတ်တော်အဖွဲ့၏ လုပ်ငန်းအဖွဲ့များ၊ အထောက်အကူပြုအဖွဲ့များကို လိုအပ်ပါက ဖွဲ့စည်းဆောင် ရွက်ခြင်း၊
(စ) လွှတ်တော်အဖွဲ့နှင့် နိုင်ငံတကာလွှတ်တော်များအဖွဲ့၊ အာဆီယံပါလီမန်များညီလာခံ အပါအဝင်နိုင်ငံ တကာနှင့် ဒေသတွင်းလွှတ်တော်ဆိုင်ရာ အဖွဲ့အစည်းများအကြား ဆက်သွယ်ရေး၊ ဆက်ဆံရေးကိစ္စများ ကို ဆောင်ရွက်ခြင်းနှင့် ၎င်းအဖွဲ့အစည်းများ၏ ရည်ရွယ်ချက်များ၊ ဆုံးဖြတ်ချက်များကို အဖွဲ့ဝင်များ၊ သက်ဆိုင်ရာအစိုးရအဖွဲ့အစည်းများ ပြည်သူများသိရှိစေရန် ဆောင်ရွက်ခြင်း၊
(ဆ) မြန်မာနိုင်ငံလွှတ်တော်များ၏ ဆောင်ရွက်ချက်များနှင့် တိုးတက်မှုများကို နိုင်ငံတကာလွှတ်တော် များသိရှိစေရန်ဆောင်ရွက်ခြင်း။
၉။ လွှတ်တော်အဖွဲ့၏ အတွင်းရေးမှူးသည်-
(က) အစည်းအဝေးများ ကျင်းပရန် စီစဉ်ဆောင်ရွက်ရမည်။
(ခ) လွှတ်တော်အဖွဲ့၏ ဆောင်ရွက်မှုကို အစည်းအဝေးတွင် တင်ပြရမည်။
(ဂ) လွှတ်တော်အဖွဲ့၏ နှစ်ပတ်လည်အစီရင်ခံစာကို ပြုစုပြီး အစည်းအဝေးတွင် တင်ပြရမည်။
(ဃ) ဥက္ကဋ္ဌက ပေးအပ်သော လုပ်ငန်းတာဝန်များကို ဆောင်ရွက်ရမည်။

အခန်း(၅)
အဖွဲ့ဝင်များ၏ တာဝန်နှင့် အခွင့်အရေးများ
၁၀။ အဖွဲ့ဝင်များသည် လွှတ်တော်အဖွဲ့၏ ရည်ရွယ်ချက်များနှင့် လုပ်ငန်းတာဝန်များကို အကောင် အထည်ဖော်ဆောင်ရွက်ရမည်။
၁၁။ အဖွဲ့ဝင်များသည် လွှတ်တော်အဖွဲ့၏ ညှိနှိုင်းဆောင်ရွက်ချက်များကို ဆောင်ရွက်ရမည်ဖြစ်ပြီး ဆောင်ရွက်ပြီးစီးကြောင်းကို လွှတ်တော်အဖွဲ့သို့ ပြန်လည်အစီရင်ခံရမည်။
၁၂။ အဖွဲ့ဝင်များသည် အစည်းအဝေးတွင် လွှတ်တော်အလိုက် တွေ့ကြုံရသော လုပ်ငန်းဆိုင်ရာအခက် အခဲများကို ဆွေးနွေးညှိနှိုင်းရန် တင်ပြခွင့်ရှိသည်။
၁၃။ အဖွဲ့ဝင်များသည် လွှတ်တော်အဖွဲ့က ထုတ်ပြန်သော သတင်းအချက်အလက်များကို သိခွင့်ရှိသည်။

အခန်း(၆)
အထွေထွေ
၁၄။ ဤဥပဒေ အတည်ပြုမပြဋ္ဌာန်းမီက ဖွဲ့စည်းခဲ့သည့် မြန်မာနိုင်ငံလွှတ်တော်ဆိုင်ရာအဖွဲ့သည် ဤဥပဒေအရ ဖွဲ့စည်းသည့် မြန်မာနိုင်ငံလွှတ်တော်အဖွဲ့ဟု မှတ်ယူရမည်။
၁၅။ လွှတ်တော်အဖွဲ့ အတွင်းရေးမှူးသည် လွှတ်တော်အဖွဲ့၏ ဆောင်ရွက်မှုအစီရင်ခံစာကို ပြည်ထောင်စု လွှတ်တော်တွင် တင်ပြရမည့်အပြင် သက်ဆိုင်ရာ လွှတ်တော်များသို့လည်း ပေးပို့ရမည်။
၁၆။ ပုဒ်မ ၁၅ အရ ပေးပို့သောအစီရင်ခံစာကို တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌများသည် သက်ဆိုင်ရာတိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်တွင် တင်ပြရန် လိုအပ်သည်ဟု ယူဆပါက အနီးကပ်ဆုံးအစည်းအဝေးတွင် တင်ပြရမည်။
၁၇။ လွှတ်တော်အဖွဲ့၏ ရုံးလုပ်ငန်းနှင့် စီမံခန့်ခွဲမှုကိစ္စအဝဝကို ပြည်ထောင်စုလွှတ်တော်ရုံးက တာဝန်ခံ ဆောင်ရွက်ရမည်။
၁၈။ လွှတ်တော်အဖွဲ့၏ ကုန်ကျစရိတ်များကို ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းများနှင့်အညီ ပြည်ထောင်စု လွှတ်တော်ရုံး ရန်ပုံငွေမှ ကျခံသုံးစွဲရမည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျွန်ုပ်လက်မှတ်ရေးထိုးသည်။

(ပုံ) ထင်ကျော်
နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

Leave a comment