နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဥပဒေ

ပြည်ထောင်စုမြန်မာနိုင်ငံတော်
နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့
နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဥပဒေ
[နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ ဥပဒေအမှတ် ၁၁/၉၃]
ရန်ကုန်မြို့၊ ၁၃၅၅ ခုနှစ်၊ ဒုတိယဝါဆိုလပြည့်ကျော် ၁၁ ရက်
(၁၉၉၃ ခုနှစ်၊ ဩဂုတ်လ ၁၃ ရက်)
[ ပြင်ဆင် : 11.08.2006, 22.07.2015 ]
နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့သည် အောက်ပါ ဥပဒေကို ပြဋ္ဌာန်း လိုက်သည်။

အခန်း (၁)
အမည်နှင့် အဓိပ္ပာယ်ဖော်ပြချက်
၁။ ဤဥပဒေကို နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဥပဒေဟု ခေါ်တွင်စေရ မည်။
၂။ ဤဥပဒေတွင်ပါရှိသော အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပာယ် သက်ရောက် စေရမည်-
(က) ဖွံ့ဖြိုးရေးဒေသ ဆိုသည်မှာ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့က နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ဆောင်ရွက်ရန် သတ်မှတ်သော နယ်စပ်ဒေသများကို ဆိုသည်၊
(ခ) ဗဟိုကော်မတီ ဆိုသည်မှာ ဤဥပဒေအရ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့က ဖွဲ့စည်း သော နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး ဗဟို ကော်မတီကို ဆိုသည်၊
(ဂ) လုပ်ငန်းကော်မတီ ဆိုသည်မှာ ဤဥပဒေအရ ဗဟိုကော်မတီက ဖွဲ့စည်းသော နယ်စပ်ဒေသနှင့် တိုင်း ရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီကို ဆိုသည်၊
(ဃ) လုပ်ငန်းဆပ်ကော်မတီ ဆိုသည်မှာ ဤဥပဒေအရ လုပ်ငန်းကော်မတီက လုပ်ငန်းတစ်ခုချင်း အလိုက် ဖွဲ့စည်းသော လုပ်ငန်းဆပ်ကော်မတီအသီးသီးကို ဆိုသည်၊
(င) ဒေသဆိုင်ရာ လုပ်ငန်းကော်မတီ ဆိုသည်မှာ ဤဥပဒေအရ လုပ်ငန်းကော်မတီက ဖွဲ့စည်းသော နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှုအကောင်အထည်ဖော်ရေး ဒေသဆိုင်ရာ လုပ်ငန်းကော်မတီကို ဆိုသည်။
(စ) ဝန်ကြီးဌာန ဆိုသည်မှာ ပြည်ထောင်စုအစိုးရ နယ်စပ်ရေးရာဝန်ကြီးဌာနကို ဆိုသည်။
<ပြင်ဆင် 11.08.2006, 22.07.2015>

အခန်း (၂)
ရည်ရွယ်ချက်များ
၃။ ဤဥပဒေ၏ရည်ရွယ်ချက်များမှာ အောက်ပါအတိုင်း ဖြစ်သည်-
(က) ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးဟူသော ဦးတည်ချက်များနှင့်အညီ နယ်စပ်ဒေသရှိ တိုင်းရင်းသားလူမျိုးများ၏ စီးပွား ရေး၊ လူမှုရေး၊ လမ်းပန်းဆက်သွယ်ရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်၊
(ခ) တိုင်းရင်းသားလူမျိုးများ၏ ယဉ်ကျေးမှု၊ စာပေ၊ ဓလေ့ထုံးစံတို့ကို မြတ်နိုးစွာ ထိန်းသိမ်းနိုင်စေရန်၊
(ဂ) တိုင်းရင်းသား လူမျိုးအချင်းချင်း ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မြဲစေရန်၊
(ဃ) စီးပွားရေးလုပ်ငန်းများ ထူထောင်ပေးခြင်းဖြင့် မူးယစ်ဆေးဝါးစိုက်ပျိုးမှု လုံးဝချုပ်ငြိမ်းစေရန်၊
(င) နယ်စပ်ဒေသ၏ လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် နယ်မြေအေးချမ်းသာယာရေးတို့ကို ထိန်း သိမ်းရန်။

အခန်း (၃)
ဗဟိုကော်မတီဖွဲ့စည်းခြင်းနှင့် ယင်းကော်မတီ၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များ
၄။ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့သည်-
(က) နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး ဗဟိုကော်မတီကို ဖွဲ့စည်းရမည်၊
(ခ) ဗဟိုကော်မတီကို ဖွဲ့စည်းရာတွင် ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့ကို သတ်မှတ်ပေးရမည်။ လိုအပ်လျှင် ဒုတိယ ဥက္ကဋ္ဌနှင့် တွဲဖက်အတွင်းရေးမှူးတို့ကို သတ်မှတ်ပေးနိုင်သည်။
၅။ ဗဟိုကော်မတီ၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များမှာ အောက်ပါအတိုင်း ဖြစ်သည်-
(က) ဤဥပဒေပါ ရည်ရွယ်ချက်များကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် မူဝါဒချမှတ်ခြင်း၊
(ခ) ဝန်ကြီးဌာနက ရေးဆွဲပြီး လုပ်ငန်းကော်မတီမှ တစ်ဆင့်တင်ပြလာသော နှစ်တိုနှစ်ရှည် ပင်မ စီမံကိန်းများကို အတည်ပြုခြင်း၊ လမ်းညွှန်ခြင်း၊ အကောင်အထည်ဖော်ဆောင်ရွက်စေခြင်း၊
(ဂ) နယ်စပ်ဒေသများတွင် လတ်တလောဆောင်ရွက်ရန် သင့်သည့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ချမှတ်ပေး၍ အကောင်အထည်ဖော် ဆောင်ရွက်စေခြင်း၊
(ဃ) တိုင်းရင်းသား လူမျိုးများ၏ ယဉ်ကျေးမှု၊ စာပေ၊ ဓလေ့ထုံးစံများ ထိန်းသိမ်းရေးကို ရှေးရှုလျက် လုပ်ငန်းအစီအမံများ ချမှတ်ဆောင်ရွက်စေခြင်း၊
(င) နယ်စပ်ဒေသများတွင် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ စဉ်ဆက်မပြတ် အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်နိုင်ရန် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် နယ်မြေအေးချမ်းသာယာရေး အခြေအနေများ ထိန်းသိမ်းသည့် အစီအမံများ ချမှတ်ဆောင်ရွက်စေခြင်း၊
(စ) တိုးချဲ့ဆောင်ရွက်သင့်သော ဖွံ့ဖြိုးရေးဒေသများကို သတ်မှတ်နိုင်ရန် အဆုံးအဖြတ်ပြုခြင်း။

အခန်း (၄)
လုပ်ငန်းကော်မတီဖွဲ့စည်းခြင်းနှင့် ယင်းကော်မတီ၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များ
၆။ ဗဟိုကော်မတီသည်-
(က) လုပ်ငန်းကော်မတီကို ဖွဲ့စည်းရမည်၊
(ခ) လုပ်ငန်းကော်မတီကို ဖွဲ့စည်းရာတွင် ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့ကို သတ်မှတ်ပေးရမည်။ လိုအပ်လျှင် ဒုတိယဥက္ကဋ္ဌနှင့် တွဲဖက်အတွင်းရေးမှူးတို့ကို သတ်မှတ်ပေးနိုင်သည်။
၇။ လုပ်ငန်းကော်မတီ၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များမှာ အောက်ပါအတိုင်းဖြစ်သည်-
(က) ဝန်ကြီးဌာနက ရေးဆွဲတင်ပြသော နှစ်တိုနှစ်ရှည် ပင်မ စီမံကိန်းများကို စိစစ်၍ ဗဟိုကော်မတီသို့ တင်ပြအတည်ပြုချက်ရယူခြင်း၊
(ခ) ဗဟိုကော်မတီက အတည်ပြုပြီးသည့် နှစ်တိုနှစ်ရှည် ပင်မစီမံကိန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ရန် လမ်းညွှန်ခြင်းနှင့် လုပ်ငန်းများကို ကြီးကြပ်ခြင်း၊ စစ်ဆေးခြင်း၊
(ဂ) ဗဟိုကော်မတီက လတ်တလော ဆောင်ရွက်ရန် ချမှတ်ပေးသည့် ဖွံ့ဖြိုးရေးလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ရန် လမ်းညွှန်ခြင်းနှင့် လုပ်ငန်းများကို ကြီးကြပ်ခြင်း၊ စစ်ဆေးခြင်း၊
(ဃ) ဗဟိုအဆင့်တွင် လုပ်ငန်းဆပ်ကော်မတီများ ဖွဲ့စည်းခြင်းနှင့် တာဝန်များ သတ်မှတ်ပေးခြင်း၊
(င) ဒေသဆိုင်ရာ လုပ်ငန်းကော်မတီများ ဖွဲ့စည်းခြင်းနှင့် တာဝန်များ သတ်မှတ်ပေးခြင်း၊
(စ) လုပ်ငန်းဆပ်ကော်မတီများနှင့် ဒေသဆိုင်ရာ လုပ်ငန်းကော်မတီများအား ကဏ္ဍအလိုက်လုပ်ငန်း စီမံချက်များ ရေးဆွဲတင်ပြစေ၍ အကောင်အထည်ဖော်ဆောင်ရွက်စေခြင်း၊
(ဆ) ဝန်ကြီးဌာန၊ လုပ်ငန်းဆပ်ကော်မတီများနှင့် ဒေသဆိုင်ရာ လုပ်ငန်းကော်မတီများ၏ ဆောင်ရွက် ချက်များကို ပေါင်းစပ်ညှိနှိုင်းပေးခြင်း၊
(ဇ) ကုလသမဂ္ဂ အဖွဲ့အစည်းများ၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ ဒေသဆိုင်ရာအဖွဲ့အစည်းများ၊ ပြည်ပနိုင်ငံများ၊ အစိုးရမဟုတ်သည့်အဖွဲ့အစည်းများ၊ ပုဂ္ဂိုလ်များနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရန် စီမံဆောင်ရွက်ခြင်း၊
(ဈ) ဘဏ္ဍာငွေရရှိရေး၊ ခွဲဝေသုံးစွဲရေးနှင့်စပ်လျဉ်း၍ လိုအပ်သလို စီမံဆောင်ရွက်ခြင်း၊
(ည) ဖွံ့ဖြိုးရေးဒေသအတွင်းရှိ သတ်မှတ်ထားသောဒေသများတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများအတွက် အထူးခံစားခွင့်များကို သတ်မှတ်ပေးခြင်း၊
(ဋ) ဖွံ့ဖြိုးရေးဒေသများ သတ်မှတ်နိုင်ရန် ဝန်ကြီးဌာနက တင်ပြလာလျှင် ဗဟိုကော်မတီသို့ စိစစ်တင်ပြ ခြင်း၊
(ဌ) မိမိ၏ဆောင်ရွက်ချက်များကို ဗဟိုကော်မတီသို့ တင်ပြ အစီရင်ခံခြင်း။
<ပြင်ဆင် 11.08.2006>
၇-က။ လုပ်ငန်းကော်မတီက ဆုံးဖြတ်ခြင်းမပြုနိုင်သော ကိစ္စများပေါ်ပေါက်ပါက ဗဟိုကော်မတီသို့ တင်ပြဆောင်ရွက်ရမည်။
<ပြင်ဆင် 22.07.2015>

အခန်း (၅)
ဝန်ကြီးဌာန၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များ
၈။ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရေးနှင့် စပ်လျဉ်း၍ ဝန်ကြီးဌာန၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များမှာ အောက်ပါအတိုင်းဖြစ် သည်-
(က) ဖွံ့ဖြိုးရေးဒေသများ သတ်မှတ်ရန် လုပ်ငန်းကော်မတီသို့ ထောက်ခံတင်ပြခြင်း၊
(ခ) နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စပ်လျဉ်း၍ နှစ်တိုနှစ်ရှည် ပင်မ စီမံကိန်းများကို လုပ်ငန်းဆပ်ကော်မတီများ၊ ဒေသဆိုင်ရာ လုပ်ငန်းကော်မတီများနှင့် ညှိနှိုင်း ရေးဆွဲတင်ပြခြင်း၊
(ဂ) အတည်ပြု ချမှတ်ပေးထားသည့် နှစ်တိုနှစ်ရှည် ပင်မစီမံကိန်းများ သတ်မှတ်ကာလအတွင်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ကြီးကြပ်ခြင်း၊ ညှိနှိုင်းခြင်း၊
(ဃ) ဗဟိုကော်မတီ သို့မဟုတ် လုပ်ငန်းကော်မတီက လတ်တလောဆောင်ရွက်ရန် ချမှတ်ပေးသော ဖွံ့ဖြိုးရေးလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်း၊ ကြီးကြပ်ခြင်း၊ ညှိနှိုင်းခြင်း၊
(င) ခွင့်ပြုချက်ရရှိသည့် ဘဏ္ဍာငွေ၊ အခြားရရှိသည့် ကူညီထောက်ပံ့ငွေနှင့် ပစ္စည်းများကို လုပ်ငန်း ကော်မတီ၏ လမ်းညွှန်ချက်နှင့်အညီ လုပ်ငန်းဆပ်ကော်မတီနှင့် ဒေသဆိုင်ရာ လုပ်ငန်းကော်မတီများသို့ ခွဲဝေပေးခြင်း၊
(စ) သတ်မှတ်ထားသည့် ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းများ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ သုံးစွဲခြင်း ရှိ မရှိ စစ်ဆေးခြင်း၊ ကြီးကြပ်ခြင်း၊
(ဆ) ဖွံ့ဖြိုးရေးဒေသရှိ တိုင်းရင်းသားလူမျိုးများ ဗဟုသုတပွားများစေရေး၊ ယဉ်ကျေးမှုဖလှယ်ရေးအစီအစဉ်များ ချမှတ်ခြင်း၊
(ဆ-၁) တိုင်းရင်းသားလူမျိုးများ၏ သဘောဆန္ဒနှင့်အညီ တိုင်းရင်းသားလူမျိုးရေးရာကိစ္စရပ်များကို အလေးထားဆောင်ရွက်ပေးခြင်း၊
(ဆ-၂) ဒေသဖွံ့ဖြိုးရေးကို ပြန်လည်တာဝန်ထမ်းဆောင်နိုင်သည့် လူ့စွမ်းအားအရင်းအမြစ်ကောင်းများ မွေးထုတ်ပေးရန်အတွက် နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များအား အခြေခံနှင့် အဆင့်မြင့်ပညာရပ် များ သင်ကြားပေးရန် စီမံဆောင်ရွက်ခြင်း၊
(ဇ) ဖွံ့ဖြိုးရေးဒေသရှိ တိုင်းရင်းသားလူငယ်များ ဘဝနောင်ရေးအတွက် အသက်မွေးဝမ်းကျောင်း ပညာရပ်များ သင်ကြားပေးသည့် ကျောင်းများ ထူထောင်ဖွင့်လှစ်ပေးခြင်း၊
(ဈ) ဖွံ့ဖြိုးရေးဒေသများတွင် ဘာသာ သာသနာ ထွန်းကားပြန့်ပွားရေးအတွက် စီစဉ်ဆောင်ရွက်ပေး ခြင်း၊
(ည) ဘိန်း စိုက်ပျိုးခြင်းအစား စိုက်ပျိုးရေး၊ မွေးမြူရေး၊ အိမ်တွင်း စက်မှုလက်မှုလုပ်ငန်းများ ထူ ထောင်ပေးရေးအတွက် စီမံဆောင်ရွက်ပေးခြင်း၊
(ဋ) ဘိန်းစိုက်ပျိုးခြင်း၊ သုံးစွဲခြင်း၊ ကူးသန်းရောင်းဝယ်ခြင်းတို့ကို မပြုလုပ်စေရန် ပညာပေးခြင်း၊
(ဌ) ဖွံ့ဖြိုးရေးဒေသရှိ မူးယစ်ဆေးဝါး သုံးစွဲနေသူများအား ဆေးဝါးကုသ၍ ပြန်လည်ထူထောင်ပေးရေး အတွက် အထူးစီမံချက်များ ချမှတ်ဆောင်ရွက်ခြင်း၊
(ဍ) နယ်စပ်ဒေသများတွင် မူးယစ်ဆေးဝါးစိုက်ပျိုးမှု လုံးဝချုပ်ငြိမ်းစေရေးအတွက် သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊
(ဎ) ဖွံ့ဖြိုးရေးဒေသရှိ နယ်ခြားနယ်နိမိတ် ကျောက်တိုင်များ၊ အထိမ်းအမှတ်များအား ထိန်းသိမ်း စောင့် ရှောက်ရေးအတွက် တာဝန်ပေးအပ်ဆောင်ရွက်စေခြင်း၊
(ဏ) ဖွံ့ဖြိုးရေးဒေသများတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများ အထူးခံစားခွင့်ရှိသင့်သည့် ဒေသများ သတ်မှတ်ရေးနှင့်စပ်လျဉ်း၍ လုပ်ငန်းကော်မတီသို့ ထောက်ခံတင်ပြခြင်း၊
(တ) မိမိ၏ ဆောင်ရွက်ချက်များကို လုပ်ငန်းကော်မတီသို့ တင်ပြအစီရင်ခံခြင်း။
<ပြင်ဆင် 22.07.2015>
၉။ ဝန်ကြီးဌာနသည် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ကုလသမဂ္ဂအဖွဲ့အစည်းများ၊ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်း များ၊ ဒေသဆိုင်ရာအဖွဲ့အစည်းများ၊ ပြည်ပနိုင်ငံများ၊ အစိုးရမဟုတ်သည့် အဖွဲ့အစည်းများနှင့် ပုဂ္ဂိုလ် များထံမှ အကူအညီရယူဆောင်ရွက်နိုင်သည်။
<ပြင်ဆင် 11.08.2006>

အခန်း (၆)
အထွေထွေ
၁၀။ ဤဥပဒေအရ ပြင်ဆင်ဖွဲ့စည်းခြင်းမပြုမီ လက်ရှိဖွဲ့စည်းထားသည့် တိုင်းရင်းသား လူမျိုးများ၏ ဖွံ့ ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး ဗဟိုကော်မတီ၊ လုပ်ငန်းကော်မတီ၊ လုပ်ငန်းဆပ်ကော်မတီများ နှင့် ဒေသဆိုင်ရာ လုပ်ငန်းကော်မတီများကို ဤဥပဒေအရ ဖွဲ့စည်းထားသည့် ကော်မတီများ ဖြစ်သည်ဟု မှတ်ယူရမည်။
၁၁။ (က) ဗဟိုကော်မတီနှင့် လုပ်ငန်းကော်မတီတို့၏ ရုံးလုပ်ငန်းများကို ဝန်ကြီးဌာနလက်အောက်ရှိ ရုံးဝန်ထမ်းအဖွဲ့အစည်းက တာဝန်ယူဆောင်ရွက်ပေးရမည်၊
(ခ) ဗဟိုကော်မတီနှင့် လုပ်ငန်းကော်မတီတို့၏ အသုံးစရိတ်များကို ဝန်ကြီးဌာန၏ ဘတ်ဂျက်ရန်ပုံငွေမှ ကျခံရမည်။
၁၂။ ဤဥပဒေပါ ပြဋ္ဌာန်းချက်များကို ဆောင်ရွက်နိုင်ရန်-
(က) ဝန်ကြီးဌာနသည် လိုအပ်သော နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများကို အစိုးရအဖွဲ့၏ သဘော တူညီချက်ဖြင့် ထုတ်ပြန်နိုင်သည်၊
(ခ) ဗဟိုကော်မတီ၊ လုပ်ငန်းကော်မတီ သို့မဟုတ် ဝန်ကြီးဌာနသည် လိုအပ်သောအမိန့်၊ ညွှန်ကြားချက် များကို ထုတ်ပြန်နိုင်သည်။

(ပုံ) သန်းရွှေ
ဗိုလ်ချုပ်မှူးကြီး
ဥက္ကဋ္ဌ
နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့

Leave a comment