မြေဩဇာ ဥပဒေ

ပြည်ထောင်စုမြန်မာနိုင်ငံတော်
နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ


မြေဩဇာ ဥပဒေ
(နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥပဒေအမှတ် ၇/၂၀၀၂)


ရန်ကုန်မြို့၊ ၁၃၆၄ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁၀ ရက်
(၂၀၀၂ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်)
[ ပြင်ဆင် : 23.03.2015 ]


နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီသည် အောက်ပါဥပဒေကို ပြဋ္ဌာန်း လိုက်သည်။

အခန်း(၁)
အမည်နှင့် အဓိပ္ပာယ်ဖော်ပြချက်
၁။ ဤဥပဒေကို မြေဩဇာဥပဒေ ဟုခေါ်တွင်စေရမည်။
၂။ ဤဥပဒေတွင် ပါရှိသော အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပာယ်သက်ရောက်စေရ မည်-
(က) မြေဩဇာ ဆိုသည်မှာ သစ်သီးဝလံ၊ ပန်းမန်၊ သီးနှံနှင့် အပင်များ ရှင်သန်ကြီးထွားရေးအတွက် မြေဆီလွှာတွင် ဓာတုဆိုင်ရာ ပြောင်းလဲမှုဖြစ်စေရန် သို့မဟုတ် အခြားနည်းလမ်းတစ်ခုခုဖြင့် အာဟာရ ဓာတ်ရရှိစေရန် ထောက်ပံ့ပေးနိုင်သော ပစ္စည်းပါဝင်သည့် ဓာတ်မြေဩဇာ၊ ဇီဝမြေဩဇာနှင့် သဘာဝ မြေဩဇာတို့ကို ဆိုသည်။ ယင်းစကားရပ်တွင် စိုက်ပျိုးသူတစ်ဦးဦးက မိမိ၏ကိုယ်ပိုင်စိုက်ပျိုးရေး လုပ် ငန်းတွင် သုံးစွဲရန်ပြုလုပ်သည့် သဘာဝမြေဩဇာ မပါဝင်။
(ခ) ဓာတ်မြေဩဇာ ဆိုသည်မှာ သဘာဝအရ ပြုလုပ်ဖွဲ့စည်းမှုမဟုတ်ဘဲ ဓာတုပစ္စည်းများဖြင့် တစ်နည်း နည်းပြုပြင်စီမံထားသည့် မြေဩဇာကိုဆိုသည်။ယင်းစကားရပ်တွင်တွင်းထွက် သို့မဟုတ် စက်ရုံမှ ထုတ် လုပ်သည့် အော်ဂဲနစ် နှင့် အင်အော်ဂဲနစ် ဓာတ်မြေဩဇာတို့လည်း ပါဝင်သည်။
(ဂ) ဇီဝမြေဩဇာ ဆိုသည်မှာ အပင်များရှင်သန်ကြီးထွားရေးအတွက် အကျိုးပြုသက်ရှိများ ဖြစ်သည့် ဘက်တီးရီးယား၊ မှို စသည်တို့ဖြင့် ပွားများထုတ်လုပ်သည့် မြေဩဇာကိုဆိုသည်။
(ဃ) သဘာဝမြေဩဇာ ဆိုသည်မှာ သက်ရှိသတ္တဝါနှင့်အပင်တို့၏ ရုပ်ကြွင်းများ၊ စွန့်ပစ်ပစ္စည်းများနှင့် ဘေးထွက်ပစ္စည်းများကိုလည်းကောင်း၊ ယင်းတို့ကို ဆွေးမြည့်စေပြီး ပြုပြင်စီမံ၍ ရရှိသော ပစ္စည်းများ ကိုလည်းကောင်း ဆိုသည်။
(င) စံချိန်စံညွှန်း ဆိုသည်မှာ သက်ဆိုင်ရာမြေသြဇာတွင် ပါဝင်ရမည့် အပင်အာဟာရဓာတ် သို့မဟုတ် အခြားလိုအပ်သောပစ္စည်းများနှင့် စပ်လျဉ်း၍ မြေသြဇာကော်မတီက သတ်မှတ်သော အနည်းဆုံးပါဝင်ရ မည့် အချိုးအစားနှင့် အရည်အသွေးစံ သတ်မှတ်ချက်ကို ဆိုသည်။
(စ) အဆိပ်ရှိပစ္စည်း ဆိုသည်မှာသက်ရှိသတ္တဝါသို့မဟုတ် အပင်ကို အန္တရာယ်ဖြစ်စေသည့် သို့မဟုတ် အဆိပ်သင့်စေသည့် ဓာတုပစ္စည်းတစ်မျိုးမျိုးကို ဆိုသည်။
(ဆ ) အရည်အသွေးအာမခံချက် ဆိုသည်မှာ မြေဩဇာထုတ်လုပ်သူက စံချိန်စံညွှန်းနှင့် ကိုက်ညီမှုရှိ ကြောင်းအာမခံချက်ကို လည်းကောင်း၊ ပြည်တွင်းသို့တင်သွင်းသူ သို့မဟုတ် ပြည်ပသို့တင်ပို့သူက ပြည်ပ နှင့်ချုပ်ဆိုသည့် သဘောတူစာချုပ်ပါ စံချိန်စံညွှန်းနှင့် ကိုက်ညီမှုရှိကြောင်း အာမခံချက်ကိုလည်း ကောင်း ဆိုသည်။
(ဇ) အမှတ်တံဆိပ် ဆိုသည်မှာ မြေဩဇာ ထုပ်ပိုး သို့မဟုတ် ထည့်သွင်းထားသည့် ပစ္စည်းပေါ်တွင် ကပ် ထားသော သို့မဟုတ် ချိတ်ဆွဲထားသော ပုံနှိပ်ထားသည့် အမှတ်အသားကို ဆိုသည်။
(ဈ) မြေဩဇာလုပ်ငန်း ဆိုသည်မှာ မြေဩဇာကိုစီးပွားရေးအလို့ငှာ ထုတ်လုပ်ခြင်း၊ ပေါင်းစပ်ခြင်း၊ ရောနှောခြင်း၊ ပြန်လည်ထုတ်ပိုးခြင်း၊ သိုလှောင်ခြင်း၊ ဖြန့်ဖြူးရောင်းချခြင်း၊ ပြည်တွင်းသို့တင်သွင်း ခြင်းနှင့် ပြည်ပသို့ တင်ပို့ခြင်းလုပ်ငန်းများကို ဆိုသည်။
(ည) သိုလှောင်ခြင်း ဆိုသည်မှာ မြေဩဇာဖြန့်ဖြူးရောင်းချခြင်း လုပ်ငန်းလုပ်ကိုင်ရန်အလို့ငှာ သိုလှောင် ခြင်း ကိုဆိုသည်။
(ဋ) ဖြန့်ဖြူးရောင်းချခြင်း ဆိုသည်မှာ လိုင်စင်လျှောက်ထားရယူရန်အလို့ငှာ မြေဩဇာကော်မတီက သတ်မှတ်သောအလေးချိန်၊ ပမာဏထက်ကျော်လွန်သည့် မြေဩဇာဖြန့်ဖြူးရောင်းချခြင်းကို ဆို သည်။
(ဌ) မှတ်ပုံတင်လက်မှတ် ဆိုသည်မှာ မြေဩဇာကိုစီးပွားရေးအလို့ငှာထုတ်လုပ်ခြင်း၊ ပြည်တွင်းသို့တင် သွင်းခြင်း သို့မဟုတ် ပြည်ပသို့ တင်ပို့ခြင်းလုပ်ငန်းကို လုပ်ကိုင်ခွင့်ပြုကြောင်း ဤဥပဒေအရ ထုတ်ပေး သော ခွင့်ပြုချက်ကို ဆိုသည်။
(ဍ) လိုင်စင် ဆိုသည်မှာ မြေသြဇာကို စီးပွားရေးအလို့ငှါ သိုလှောင်ခြင်း သို့မဟုတ် ဖြန့်ဖြူးရောင်းချ ခြင်းလုပ်ငန်းကို လုပ်ကိုင်ခွင့်ပြုကြောင်း ဤဥပဒေအရ ထုတ်ပေးသောခွင့်ပြုချက်ကို ဆိုသည်။
(ဎ) ဦးစီးမှူး ဆိုသည်မှာ ပြည်နယ်၊ တိုင်း၊ ခရိုင်နှင့်မြို့နယ် အသီးသီးတွင် တာဝန်ထမ်းဆောင်သည့် စိုက်ပျိုးရေးဦးစီးဌာန၏ တာဝန်ခံကိုဆိုသည်။
(ဏ) စစ်ဆေးရေးအဖွဲ့ ဆိုသည်မှာ ပုဒ်မ ၂၂ အရ စိုက်ပျိုးရေးဦးစီးဌာနက တာဝန်ပေးအပ်ခြင်း ခံရသည့် ပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းထားသော အဖွဲ့ကိုဆိုသည်။
(တ) ဝန်ကြီး ဆိုသည်မှာ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီးကိုဆိုသည်။
(ထ) ဝန်ကြီးဌာန ဆိုသည်မှာ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနကို ဆိုသည်။
<ပြင်ဆင် 23.03.2015>

အခန်း(၂)
ရည်ရွယ်ချက်များ
၃။ ဤဥပဒေ၏ ရည်ရွယ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်-
(က) နိုင်ငံတော်၏ အခြေခံစီးပွားရေးဖြစ်သော လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူ ဖြစ်စေရန်၊
(ခ) မြေဩဇာလုပ်ငန်းများကို စနစ်တကျ ကွပ်ကဲထိန်းသိမ်းနိုင်ရန်၊
(ဂ) အရည်အသွေးပြည့်ဝပြီး စံချိန်စံညွှန်း ပြည့်မီသော မြေဩဇာကို စိုက်ပျိုးသူများ သုံးစွဲနိုင်ရန်၊
(ဃ) သင့်လျော်သော မြေဩဇာကိုသုံးစွဲခြင်းဖြင့် မြေဆီလွှာထိန်းသိမ်းရေး နှင့်ပတ်ဝန်းကျင် ထိန်းသိမ်း ရေးကိုအထောက်အကူပြုနိုင်ရန်၊
(င) မြေဩဇာကိုစိုက်ပျိုးသူများ စနစ်တကျသုံးစွဲနိုင်ရေးအတွက် ပညာပေးလုပ်ငန်းနှင့် သုတေသန လုပ် ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ရန်၊
(စ) မြေဩဇာလုပ်ငန်းနှင့် စပ်လျဉ်း၍ အစိုးရဌာန၊ အဖွဲ့အစည်းများ၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်း များ၊ ပြည်တွင်းပြည်ပမှ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရန်။

အခန်း(၃)
မြေဩဇာကော်မတီဖွဲ့စည်းခြင်း
၄။ ဝန်ကြီးဌာနသည် အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့်-
(က) လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီးကဥက္ကဋ္ဌ အဖြစ်လည်းကောင်း၊ စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က အတွင်းရေးမှူးအဖြစ်လည်းကောင်း၊ သက် ဆိုင်ရာအစိုးရဌာန၊ အဖွဲ့အစည်းများ၏ အကြီးအကဲများနှင့် ကျွမ်းကျင်သူပညာရှင်များက အဖွဲ့ဝင်များ အဖြစ်လည်းကောင်း ပါဝင်သော မြေဩဇာကော်မတီကို ဖွဲ့စည်းရမည်။
(ခ) ပုဒ်မခွဲ(က)အရ ဖွဲ့စည်းသော မြေဩဇာကော်မတီကို အခါအားလျော်စွာ ပြင်ဆင်ဖွဲ့စည်းနိုင်သည်။
<ပြင်ဆင် 23.03.2015>

အခန်း (၄)
မြေဩဇာကော်မတီ၏ လုပ်ငန်းတာဝန်များ
၅။ မြေဩဇာကော်မတီ၏ လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်းဖြစ်သည်-
(က) မြေဩဇာလုပ်ငန်းနှင့် စပ်လျဉ်း၍ မူဝါဒချမှတ်ခြင်း၊လမ်းညွှန်ခြင်း၊
(ခ) မြေသြဇာ၏ စံချိန်စံညွှန်းကိုသတ်မှတ်ခြင်း၊ စစ်ဆေးရေးအဖွဲ့က တင်ပြလာသော မြေသြဇာ နမူနာ ဓာတ်ခွဲစမ်းသပ်စစ်ဆေးချက်နှင့်စပ်လျဉ်း၍ မြေသြဇာစံချိန်စံညွှန်းနှင့်ညီ မညီအဆုံးအဖြတ် ပေးခြင်း၊
(ဂ) ဖြန့်ဖြူးရောင်းချခြင်း လုပ်ငန်းလိုင်စင်ရယူရန် လိုအပ်သည့် မြေဩဇာအလေးချိန်၊ ပမာဏကို သတ် မှတ်ခြင်း၊
(ဃ) မြေဩဇာလုပ်ငန်းနှင့်စပ်လျဉ်း၍ ပတ်ဝန်းကျင်ညစ်ညမ်းမှုကင်းရှင်းစေရေး၊ လူနှင့်တိရစ္ဆာန်များ ကို အန္တရာယ်မဖြစ်စေရေးတို့အတွက် လိုအပ်သော ညွှန်ကြားချက်များ ထုတ်ပြန်ခြင်း၊
(င) မှတ်ပုံတင်လက်မှတ်ရရှိရန် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ သတ်မှတ်ချက်များနှင့်အညီ စိစစ်ပြီး မှတ်ပုံတင်လက်မှတ် ထုတ်ပေးရန် ခွင့်ပြုခြင်း သို့မဟုတ် ငြင်းပယ်ခြင်း၊
(စ) မှတ်ပုံတင်လက်မှတ်ကို ကာလအကန့်အသတ်ဖြင့် ဆိုင်းငံ့ခြင်း သို့မဟုတ် ပယ်ဖျက်ခြင်းနှင့် မှတ်ပုံ တင်လက်မှတ်သက်တမ်း တိုးမြှင့်ပေးခြင်း၊
(ဆ) မှတ်ပုံတင်လက်မှတ် သက်တမ်းသတ်မှတ်ခြင်း၊
(ဇ) မြေဩဇာနှင့်စပ်လျဉ်း၍ သုတေသနလုပ်ငန်းများ ဆောင်ရွက်စေခြင်း၊
(ဈ) စိုက်ပျိုးသူများက မြေဩဇာကို စနစ်တကျသုံးစွဲကြစေရန် ပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊
(ည) မြေဩဇာလုပ်ငန်းများနှင့် စပ်လျဉ်း၍ အစိုးရဌာန၊ အဖွဲ့အစည်းများ၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့ အစည်းများ၊ ပြည်တွင်း ပြည်ပမှ အစိုးရမဟုတ်သော အဖွဲ့အစည်း များနှင့် ပူးပေါင်းဆောင်ရွက်ခြင်း။
<ပြင်ဆင် 23.03.2015>
၆။ မြေဩဇာကော်မတီသည် မိမိ၏လုပ်ငန်းတာဝန်များကို ထိရောက်စွာဆောင်ရွက်နိုင်ရန်-
(က) မြေဩဇာကော်မတီ၏ အတွင်းရေးမှူးအား အဖွဲ့ခေါင်းဆောင်အဖြစ် ပါဝင်စေလျက် သင့်လျော် သော ကျွမ်းကျင်သူပညာရှင်များဖြင့် မြေဩဇာဆိုင်ရာ နည်းပညာအဖွဲ့ကို ဖွဲ့စည်းပြီး ယင်းအဖွဲ့၏ တာဝန်များကို သတ်မှတ်ရမည်။
(ခ) သင့်လျော်သော ပုဂ္ဂိုလ်များဖြင့် လုပ်ငန်းဆိုင်ရာဆပ်ကော်မတီများကို ဖွဲ့စည်းပြီး ယင်းဆပ်ကော် မတီများ၏ တာဝန်များကို သတ်မှတ်ရမည်။

အခန်း(၅)
မှတ်ပုံတင်လက်မှတ်
၇။ မြေဩဇာကို စီးပွားရေးအလို့ငှာ ထုတ်လုပ်ခြင်း၊ ပြည်တွင်းသို့တင်သွင်းခြင်း သို့မဟုတ် ပြည်ပသို့တင် ပို့ခြင်း လုပ်ငန်းလုပ်ကိုင်လိုသူသည် မှတ်ပုံတင်လက်မှတ်ရရှိရန် သတ်မှတ်ချက်များနှင့်အညီ မြေဩဇာ ကော်မတီသို့ လျှောက်ထားရမည်။
၈။ မြေဩဇာကော်မတီသည်-
(က) ပုဒ်မ ၇ အရ လျှောက်ထားချက်နှင့် စပ်လျဉ်း၍ သတ်မှတ်ချက်များနှင့် ညီမညီ မြေဩဇာဆိုင်ရာ နည်းပညာအဖွဲ့အား စစ်ဆေးတင်ပြစေရမည်။
(ခ) ပုဒ်မခွဲ (က) အရ တင်ပြချက်ကို စိစစ်ပြီး မှတ်ပုံတင်လက်မှတ်ထုတ်ပေးရန်ခွင့်ပြုခြင်း သို့မဟုတ် ငြင်းပယ်ခြင်းပြုနိုင်သည်။ ခွင့်ပြုပါက စည်းကမ်းချက်များသတ်မှတ်၍ လျှောက်ထားသူအား မှတ်ပုံတင် လက်မှတ် ထုတ်ပေးရမည်။
၉။ မှတ်ပုံတင်လက်မှတ်ရရှိသူသည်-
(က) ဤဥပဒေနှင့် ဤဥပဒေအရထုတ်ပြန်သော နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ၊ အမိန့်ကြော် ငြာစာများ၊ အမိန့်များနှင့် ညွှန်ကြားချက်များကို လိုက်နာရမည်။
(ခ) မှတ်ပုံတင်လက်မှတ်ပါ စည်းကမ်းချက်များကိုလိုက်နာရမည်။
(ဂ) အရည်အသွေးအာမခံချက်၊ အမှတ်တံဆိပ်နှင့် စံချိန်စံညွှန်းတို့ကို သတ်မှတ်ချက်များနှင့်အညီဆောင် ရွက်ရမည်။
(ဃ) သက်ဆိုင်ရာ ဦးစီးမှူးနှင့် စစ်ဆေးရေးအဖွဲ့များက လာရောက်စစ်ဆေးသည့်အခါ စစ်ဆေးခြင်းကို ခံယူရမည်။
<ပြင်ဆင် 23.03.2015>
၁၀။ မှတ်ပုံတင်လက်မှတ်ရရှိသူသည် လုပ်ငန်းဆက်လက် လုပ်ကိုင်လိုလျှင် မှတ်ပုံတင်လက်မှတ် သက်တမ်းတိုးမြှင့်ပေးရန် သက်တမ်းမကုန်ဆုံးမီ အနည်းဆုံး ရက်ပေါင်း ၃၀ ကြိုတင်၍ သတ်မှတ်ချက်များနှင့်အညီ မြေဩဇာကော်မတီသို့ လျှောက်ထားရမည်။
၁၁။ မြေဩဇာကော်မတီသည်-
(က) ပုဒ်မ ၁၀ အရ လျှောက်ထားချက်ကိုစိစစ်ပြီး သက်တမ်းတိုးမြှင့်ပေးရန် ခွင့်ပြုခြင်း သို့မဟုတ် ငြင်း ပယ်ခြင်းပြုနိုင်သည်။
(ခ) ပုဒ်မခွဲ (က) အရခွင့်ပြုပါက လျှောက်ထားသူအား မှတ်ပုံတင်လက်မှတ် သက်တမ်းတိုးမြှင့်ပေးရ မည်။
၁၂။ မှတ်ပုံတင်လက်မှတ်ရရှိသူသည် မှတ်ပုံတင်ခ၊ မှတ်ပုံတင်လက်မှတ် သက်တမ်းတိုးမြှင့်ခနှင့် ဓာတ်ခွဲ စမ်းသပ်စစ်ဆေးခတို့ကို သတ်မှတ်သည့် နည်းလမ်းများနှင့်အညီ စိုက်ပျိုးရေးဦးစီးဌာနသို့ ပေးသွင်းရမည်။
<ပြင်ဆင် 23.03.2015>

အခန်း(၆)
လိုင်စင်
၁၃။ မြေသြဇာကို စီးပွားရေးအလို့ငှါ သိုလှောင်ခြင်းလုပ်ငန်း လုပ်ကိုင်လိုသူသည် လုပ်ငန်းလိုင်စင် ရရှိရန် သတ်မှတ်ချက်များနှင့်အညီ စိုက်ပျိုးရေးဦးစီးဌာနသို့ လျှောက်ထားရမည်။
(ခ) စိုက်ပျိုးရေးဦးစီးဌာနသည် ပုဒ်မခွဲ (က) အရ လျှောက်ထားချက်ကို စိစစ်ပြီး လိုင်စင်ထုတ်ပေး ရန်ခွင့်ပြုခြင်း သို့မဟုတ် ငြင်းပယ်ခြင်းပြုနိုင်သည်။ ခွင့်ပြုပါက စည်းကမ်းချက်များ သတ်မှတ်၍ လျှောက်ထားသူအား လိုင်စင်ထုတ်ပေးရမည်။
<ပြင်ဆင် 23.03.2015>
၁၄။ (က) မြေဩဇာကော်မတီက သတ်မှတ်သော အလေးချိန်၊ ပမာဏထက်ကျော်လွန်သည့် မြေဩဇာကို ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်း လုပ်ကိုင်လိုသူသည် လုပ်ငန်းလိုင်စင်ရရှိရန် သတ်မှတ်ချက်များနှင့်အညီ သက်ဆိုင်ရာပြည်နယ်၊ တိုင်းဦးစီးမှူးထံ လျှောက်ထားရမည်။
(ခ) ပြည်နယ်၊ တိုင်းဦးစီးမှူးသည် ပုဒ်မခွဲ (က) အရ လျှောက်ထားချက်ကို စိစစ်ပြီး လိုင်စင်ထုတ်ပေး ရန်ခွင့်ပြုခြင်း သို့မဟုတ် ငြင်းပယ်ခြင်းပြုနိုင်သည်။ ခွင့်ပြုပါက စည်းကမ်းချက်များ သတ်မှတ်၍ လျှောက်ထားသူအား လိုင်စင်ထုတ်ပေးရမည်။
<ပြင်ဆင် 23.03.2015>
၁၅။ လိုင်စင်ရရှိသူသည်-
(က) ဤဥပဒေနှင့် ဤဥပဒေအရ ထုတ်ပြန်သော နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ၊ အမိန့်ကြော် ငြာစာများ၊ အမိန့်များနှင့် ညွှန်ကြားချက်များကို လိုက်နာရမည်။
(ခ) လိုင်စင်ပါ စည်းကမ်းချက်များကို လိုက်နာရမည်။
(ဂ) သက်ဆိုင်ရာ ဦးစီးမှူးနှင့် စစ်ဆေးရေးအဖွဲ့များက လာရောက်စစ်ဆေးသည့်အခါ စစ်ဆေးခြင်းကိုခံ ယူရမည်။
<ပြင်ဆင် 23.03.2015>
၁၆။ မြေသြဇာလုပ်ငန်း လုပ်ကိုင်သူသည် မြေသြဇာထုပ်ပိုး သို့မဟုတ် ထည့်သွင်းထားသည့် ပစ္စည်း ပေါ်တွင် အောက်ပါအချက်များကို ဖော်ပြရမည်-
(က) တင်သွင်း ထုတ်လုပ်မှတ်ပုံတင်လက်မှတ်အမှတ်၊
(ခ) အမှတ်တံဆိပ်၊
(ဂ) မြေသြဇာ၏ အသားတင်အလေးချိန်၊
(ဃ) အရည်အသွေး အာမခံချက်၊
(င) မြေသြဇာတွင် ပါဝင်သည့် အပင်အာဟာရဓာတ် ရာခိုင်နှုန်း၊
(စ) ထုတ်လုပ်သည့် ကုမ္ပဏီ၊ လုပ်ငန်း၊ အသင်းအဖွဲ့အမည်၊ ထုတ်လုပ်ရာဒေသ၊ ထုတ်လုပ်သည့်ရက်စွဲ နှင့် သက်တမ်းကုန်ဆုံးသည့် ရက်စွဲ၊ သိုလှောင်ထားရှိရမည့်နည်းစနစ်၊
(ဆ) မြန်မာဘာသာဖြင့် ဖော်ပြထားသော သုံးစွဲရန် အညွှန်းစာနှင့် သတိပြုရန်အချက်များ။
<ပြင်ဆင် 23.03.2015>
၁၇။ လိုင်စင်ရရှိသူသည် ပုဒ်မ ၁၆ ပါ အချက်များဖော်ပြထားသော မှတ်ပုံတင် လက်မှတ်ရရှိထားသည့် မြေသြဇာကိုသာ သိုလှောင်ခြင်း သို့မဟုတ် ဖြန့်ဖြူးရောင်းချခြင်းပြုရမည်။
<ပြင်ဆင် 23.03.2015>
၁၈။ စိုက်ပျိုးရေးဦးစီးဌာနသည် မိမိထုတ်ပေးခွင့်ရှိသည့် လိုင်စင်နှင့် ပြည်နယ်၊ တိုင်းဦးစီးမှူးက ထုတ်ပေးခွင့်ရှိသည့် လိုင်စင်များ၏ သက်တမ်းကို သတ်မှတ်ရမည်။
<ပြင်ဆင် 23.03.2015>
၁၉။ (က) မြေသြဇာ သိုလှောင်ခြင်းလုပ်ငန်း လိုင်စင်ရရှိသူသည် လုပ်ငန်းကို ဆက်လက်လုပ်ကိုင်လိုလျှင် လိုင်စင်သက်တမ်းတိုးမြှင့်ပေးရန် သက်တမ်းမကုန်ဆုံးမီ အနည်းဆုံးရက်ပေါင်း ၃၀ ကြိုတင်၍ သတ်မှတ် ချက်များနှင့်အညီ စိုက်ပျိုးရေးဦးစီးဌာနသို့ လျှောက်ထားရမည်။
(ခ) စိုက်ပျိုးရေးဦးစီးဌာနသည် ပုဒ်မခွဲ (က) အရ လျှောက်ထားချက်ကို စိစစ်ပြီး လိုင်စင်သက် တမ်းတိုးမြှင့်ပေးရန် ခွင့်ပြုခြင်း သို့မဟုတ် ငြင်းပယ်ခြင်းပြုနိုင်သည်။
<ပြင်ဆင် 23.03.2015>
၂၀။ (က) မြေဩဇာဖြန့်ဖြူးရောင်းချခြင်း လုပ်ငန်းလိုင်စင်ရရှိသူသည် လုပ်ငန်းကိုဆက်လက် လုပ်ကိုင် လိုလျှင် လိုင်စင်သက်တမ်းတိုးမြှင့်ပေးရန် သက်တမ်းမကုန်ဆုံးမီ အနည်းဆုံး ရက်ပေါင်း ၃၀ ကြိုတင်၍ သတ်မှတ်ချက်များနှင့်အညီ သက်ဆိုင်ရာ ပြည်နယ် ၊ တိုင်းဦးစီးမှူးထံ လျှောက်ထားရမည်။
(ခ) သက်ဆိုင်ရာပြည်နယ်၊ တိုင်းဦးစီးမှူးသည် ပုဒ်မခွဲ(က)အရ လျှောက်ထားချက်ကို စိစစ်ပြီး လိုင်စင် သက်တမ်းတိုးမြှင့်ပေးရန် ခွင့်ပြုခြင်း သို့မဟုတ် ငြင်းပယ်ခြင်းပြုနိုင်သည်။
<ပြင်ဆင် 23.03.2015>
၂၁။ မြေဩဇာလုပ်ငန်းလိုင်စင်ရရှိသူသည် လိုင်စင်ခ၊ လိုင်စင်သက်တမ်းတိုးမြှင့်ခနှင့် ဓာတ်ခွဲစမ်း သပ်စစ်ဆေးခတို့ကို သတ်မှတ်သည့်နည်းလမ်းများနှင့်အညီ စိုက်ပျိုးရေးဦးစီးဌာန သို့မဟုတ် သက်ဆိုင်ရာ ပြည်နယ်၊ တိုင်း ဦးစီးမှူးရုံးသို့ ပေးသွင်းရမည်။
<ပြင်ဆင် 23.03.2015>

အခန်း(၇)
စစ်ဆေးရေးအဖွဲ့အဖြစ်တာဝန်ပေးအပ်ခြင်း
၂၂။ စိုက်ပျိုးရေးဦးစီးဌာနသည် ဤဥပဒေပါ စစ်ဆေးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်-

(က) နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့်စစ်ဆေးရေးအဖွဲ့ကို အောက်ပါ အတိုင်း ဖွဲ့စည်းတာဝန်ပေးအပ်နိုင်သည်-
(၁) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်မြေအသုံးချရေး တာဝန်ခံ အဖွဲ့ခေါင်းဆောင်
(၂) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဦးစီးမှူးက တာဝန်ပေးအပ်သော ဝန်ထမ်းနှစ်ဦး အဖွဲ့ဝင်များ
(ခ) ခရိုင်အဆင့် စစ်ဆေးရေးအဖွဲ့ကို အောက်ပါအတိုင်း ဖွဲ့စည်းတာဝန်ပေးအပ်နိုင်သည်-
(၁) ခရိုင်မြေအသုံးချရေးတာဝန်ခံ အဖွဲ့ခေါင်းဆောင်
(၂) ခရိုင်ဦးစီးမှူးက တာဝန်ပေးအပ်သော ဝန်ထမ်းနှစ်ဦး အဖွဲ့ဝင်များ
(ဂ) မြို့နယ်အဆင့်စစ်ဆေးရေးအဖွဲ့ကို အောက်ပါအတိုင်း ဖွဲ့စည်းတာဝန်ပေးအပ်နိုင်သည်-
(၁) မြို့နယ်ဦးစီးမှူး အဖွဲ့ခေါင်းဆောင်
(၂) မြို့နယ်ဦးစီးမှူးက တာဝန်ပေးအပ်သောဝန်ထမ်းနှစ်ဦး အဖွဲ့ဝင်များ
၂၃။ စစ်ဆေးရေးအဖွဲ့၏တာဝန်များမှာအောက်ပါအတိုင်းဖြစ်သည်-
(က) မိမိအား တာဝန်ပေးအပ်သည့် နယ်မြေအတွင်း၌ မြေဩဇာ လုပ်ငန်းကိုစစ်ဆေးခြင်း၊
(ခ) မြေသြဇာကိုစံချိန်စံညွှန်းနှင့် ညီမညီ စစ်ဆေးရန် မြေသြဇာနမူနာကိုရယူခြင်း၊ ဓာတ်ခွဲစမ်းသပ် စစ်ဆေးခြင်းနှင့် စစ်ဆေးတွေ့ရှိချက်တို့ကို မြေအသုံးချရေးဌာနခွဲသို့ ဆက်လက်တင်ပြခြင်း၊
(ဂ) မြေဩဇာကို စိုက်ပျိုးရေး လုပ်ငန်းတွင်သာ သုံးစွဲခြင်းပြု မပြု စစ်ဆေးခြင်း၊
(ဃ) ဤဥပဒေပါ တားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း စစ်ဆေးတွေ့ရှိပါက သတ်မှတ်သည့် နည်းလမ်းများနှင့်အညီ စိုက်ပျိုးရေးဦးစီးဌာနမှတစ်ဆင့် မြေသြဇာကော်မတီသို့ တင်ပြခြင်း၊
(င) စိုက်ပျိုးရေးဦးစီးဌာနက ပေးအပ်သည့် အခြားတာဝန်များကို ဆောင်ရွက်ခြင်း။
<ပြင်ဆင် 23.03.2015>

အခန်း(၈)
စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူခြင်း
၂၄။ စီမံခန့်ခွဲရေး ပြစ်ဒဏ်များမှာ အောက်ပါအတိုင်းဖြစ်သည်-
(က) ခွင့်ပြုထားသော မြေဩဇာ လုပ်ငန်းကို ယာယီရပ်ဆိုင်းခြင်း၊
(ခ) ဒဏ်ကြေးငွေ ပေးဆောင်စေ၍ လိုအပ်ချက်များကို ပြုပြင်စေပြီး မြေဩဇာ လုပ်ငန်းကို ဆက်လက် လုပ်ဆောင်ခွင့်ပြုခြင်း၊
(ဂ) မှတ်ပုံတင်လက်မှတ် သို့မဟုတ် လိုင်စင်ကိုကာလ အကန့်အသတ်ဖြင့်ဆိုင်းငံ့ခြင်း၊
(ဃ) မှတ်ပုံတင်လက်မှတ် သို့မဟုတ် လိုင်စင်ကို ပယ်ဖျက်ခြင်း။
၂၅။ မြေဩဇာကော်မတီသည် ပုဒ်မ ၉ ပါ တာဝန်တစ်ရပ်ရပ်ကို လိုက်နာဆောင်ရွက်ရန် ပျက်ကွက်သော မှတ်ပုံတင်လက်မှတ်ရရှိသူအား ပုဒ်မ ၂၄ ပါ စီမံခန့်ခွဲရေးပြစ်ဒဏ်ချမှတ်ရမည်။ ထိုသို့ချမှတ်ရာတွင် စီမံ ခန့်ခွဲရေးပြစ်ဒဏ်တစ်ရပ်ရပ်ကို ဖြစ်စေ၊ တစ်ရပ်ထက်ပို၍ ဖြစ်စေချမှတ်နိုင်သည်။
၂၆။ စိုက်ပျိုးရေးဦးစီးဌာနသည် အောက်ပါအချက်တစ်ရပ်ရပ်ကိုစစ်ဆေးတွေ့ရှိလျှင်သက်ဆိုင်ရာ လုပ်ငန်းလိုင်စင်ရရှိသူအား ပုဒ်မ ၂၄ ပါစီမံခန့်ခွဲရေး ပြစ်ဒဏ်ချမှတ်ရမည်။ ထိုသို့ချမှတ်ရာတွင် စီမံခန့် ခွဲရေး ပြစ်ဒဏ်တစ်ရပ်ရပ်ကိုဖြစ်စေ၊ တစ်ရပ်ထက်ပို၍ဖြစ်စေ ချမှတ်နိုင်သည်-
(က) မြေသြဇာသိုလှောင်ခြင်း လုပ်ငန်းလိုင်စင်ရရှိသူက ပုဒ်မ ၁၅ ပါ တာဝန်တစ်ရပ်ရပ်ကို လိုက်နာ ဆောင်ရွက်ရန် ပျက်ကွက်ခြင်း၊
(ခ) ပယ်ဖျက်
(ဂ) မြေဩဇာသိုလှောင်ခြင်းလုပ်ငန်း လိုင်စင်ရရှိသူက ပုဒ်မ ၁၇ ပါပြဋ္ဌာန်းချက်ကို လိုက်နာဆောင်ရွက် ရန်ပျက်ကွက်ခြင်း၊
<ပြင်ဆင် 23.03.2015>
၂၇။ သက်ဆိုင်ရာပြည်နယ်၊ တိုင်းဦးစီးမှူးသည် ပုဒ်မ ၁၅ နှင့် ပုဒ်မ ၁၇ တို့ပါတာဝန်တစ်ရပ်ရပ်ကို လိုက်နာဆောင်ရွက်ရန် ပျက်ကွက်သောမြေဩဇာဖြန်ဖြူးရောင်းချခြင်း လုပ်ငန်းလိုင်စင်ရရှိသူအား ပုဒ်မ ၂၄ ပါ စီမံခန့်ခွဲရေး ပြစ်ဒဏ်ချမှတ်ရမည်။ ထိုသို့ချမှတ်ရာတွင် စီမံခန့်ခွဲရေးပြစ်ဒဏ်တစ်ရပ်ရပ် ကိုဖြစ် စေ၊ တစ်ရပ်ထက်ပို၍ဖြစ်စေ ချမှတ်နိုင်သည်။
<ပြင်ဆင် 23.03.2015>

အခန်း(၉)
အယူခံခြင်း
၂၈။ (က) မြေဩဇာဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းလိုင်စင်နှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ ပြည်နယ်၊ တိုင်း ဦးစီးမှူးက ချမှတ်သည့် အမိန့် သို့မဟုတ် ဆုံးဖြတ်ချက်ကို မကျေနပ်သူသည် ယင်းအမိန့် သို့မ ဟုတ် ဆုံးဖြတ်ချက်ကို လက်ခံရရှိသည့်နေ့မှ ရက်ပေါင်း ၃၀ အတွင်း သတ်မှတ်ချက်များနှင့်အညီ စိုက်ပျိုးရေးဦးစီးဌာနသို့အယူခံနိုင်သည်။
(ခ) စိုက်ပျိုးရေးဦးစီးဌာနသည် ပုဒ်မခွဲ (က) အရ အယူခံခြင်းနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ ပြည်နယ်၊ တိုင်းဦးစီးမှူးကချမှတ်သည့်အမိန့် သို့မဟုတ် ဆုံးဖြတ်ချက်ကိုအတည်ပြုခြင်း၊ ပယ်ဖျက်ခြင်း သို့မဟုတ် ပြင်ဆင်ခြင်း ပြုနိုင်သည်။
(ဂ) ပုဒ်မခွဲ (ခ) အရ စိုက်ပျိုးရေးဦးစီးဌာန၏ ဆုံးဖြတ်ချက်သည် အပြီးအပြတ် ဖြစ်စေရမည်။
<ပြင်ဆင် 23.03.2015>
၂၉။ (က) မြေသြဇာသိုလှောင်ခြင်းလုပ်ငန်းလိုင်စင်နှင့် စပ်လျဉ်း၍ စိုက်ပျိုးရေးဦးစီးဌာနက ချမှတ်သည့် အမိန့် သို့မဟုတ် ဆုံးဖြတ်ချက်ကို မကျေနပ်သူသည် ယင်းအမိန့် သို့မဟုတ် ဆုံးဖြတ်ချက်ကို လက်ခံရရှိ သည့်နေ့မှ ရက်ပေါင်း ၃၀ အတွင်း သတ်မှတ်ချက်များနှင့်အညီ မြေသြဇာကော်မတီသို့ အယူခံနိုင်သည်။
(ခ) မြေဩဇာကော်မတီသည် ပုဒ်မခွဲ(က) အရ အယူခံခြင်းနှင့် စပ်လျဉ်း၍ စိုက်ပျိုးရေးဦးစီးဌာနက ချမှတ်သည့် အမိန့် သို့မဟုတ် ဆုံးဖြတ်ချက်ကို အတည်ပြုခြင်း ၊ ပယ်ဖျက်ခြင်း သို့မဟုတ် ပြင်ဆင်ခြင်း ပြုနိုင်သည်။
(ဂ) ပုဒ်မခွဲ (ခ) အရ မြေဩဇာ ကော်မတီ၏ဆုံးဖြတ်ချက်သည် အပြီးအပြတ်ဖြစ်စေရမည်။
<ပြင်ဆင် 23.03.2015>
၃၀။ (က) မှတ်ပုံတင်လက်မှတ်နှင့်စပ်လျဉ်း၍ မြေဩဇာကော်မတီက ချမှတ်သည့် အမိန့် သို့မဟုတ် ဆုံးဖြတ်ချက်ကို မကျေနပ်သူသည် ယင်းအမိန့် သို့မဟုတ် ဆုံးဖြတ်ချက်ကို လက်ခံရရှိသည့်နေ့မှ ရက်ပေါင်း ၃၀ အတွင်း သတ်မှတ်ချက်များနှင့်အညီ ဝန်ကြီးထံ အယူခံနိုင်သည်။
(ခ) ဝန်ကြီးသည် ပုဒ်မခွဲ (က) အရ အယူခံခြင်းနှင့် စပ်လျဉ်း၍ မြေဩဇာကော်မတီက ချမှတ်သည့် အမိန့် သို့မဟုတ် ဆုံးဖြတ်ချက်ကို အတည်ပြုခြင်း၊ ပယ်ဖျက်ခြင်း သို့မဟုတ် ပြင်ဆင်ခြင်း ပြုနိုင်သည်။
(ဂ) ပုဒ်မခွဲ (ခ) အရ ဝန်ကြီး၏ ဆုံးဖြတ်ချက်သည် အပြီးအပြတ် ဖြစ်စေရမည်။

အခန်း (၁၀)
တားမြစ်ချက်များ
၃၁။ မည်သူမျှ မှတ်ပုံတင်လက်မှတ်မရှိဘဲ မြေဩဇာကို စီးပွားရေးအလို့ငှာ ထုတ်လုပ်ခြင်း၊ ပြည်တွင်းသို့ တင်သွင်းခြင်း သို့မဟုတ် ပြည်ပသို့ တင်ပို့ခြင်းမပြုရ။
၃၂။ မည်သူမျှ လိုင်စင်မရှိဘဲ မြေဩဇာကို စီးပွားရေးအလို့ငှာ သိုလှောင်ခြင်း သို့မဟုတ် ဖြန်ဖြူး ရောင်းချခြင်း မပြုရ။
<ပြင်ဆင် 23.03.2015>
၃၃။ မည်သူမျှ မြေဩဇာအတုကို ဖြစ်စေ၊ မူလစံချိန်စံညွှန်း နှင့် ကိုက်ညီခြင်းမရှိသော မြေဩဇာကိုဖြစ် စေ ထုတ်လုပ်ခြင်း၊ သိုလှောင်ခြင်း သို့မဟုတ် ဖြန့်ဖြူးရောင်းချခြင်းမပြုရ။
၃၄။ မည်သူမျှ အဆိပ်ရှိ ပစ္စည်းများ ရောနှောပါဝင်သော မြေဩဇာကို ထုတ်လုပ်ခြင်း၊ သိုလှောင်ခြင်း သို့မဟုတ် ဖြန့်ဖြူးရောင်းချခြင်းမပြုရ။
၃၅။ မည်သူမျှ မြေဩဇာကို စိုက်ပျိုးရေးလုပ်ငန်းမှအပ အခြားနည်းသုံးစွဲခြင်း မပြုရ။

အခန်း (၁၁)
ပြစ်မှုနှင့်ပြစ်ဒဏ်များ
၃၆။ မည်သူမဆို ပုဒ်မ ၃၁၊ ၃၂၊ ၃၃ သို့မဟုတ် ၃၄ ပါ တားမြစ်ချက်ကိုဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်း ခံရလျှင် ထိုသူအား ထောင်ဒဏ် သုံးနှစ်အထိဖြစ်စေ၊ ငွေဒဏ်ကျပ် ၁၀ သိန်းအထိဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။ ထို့ပြင် ပြစ်မှုနှင့် သက်ဆိုင်သောသက်သေခံပစ္စည်းကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းရန်အမိန့် ချမှတ်ရမည်။
<ပြင်ဆင် 23.03.2015>
၃၇။ မည်သူမဆိုပုဒ်မ ၃၅ ပါတားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်းပြစ်မှုထင်ရှားစီရင်ခြင်း ခံရလျှင် ထိုသူအားထောင်ဒဏ် တစ်နှစ်အထိဖြစ်စေ၊ ငွေဒဏ်ကျပ်ငါးသိန်းအထိဖြစ်စေ၊ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။ ထို့ပြင် ပြစ်မှုနှင့်သက်ဆိုင်သော သက်သေခံပစ္စည်းကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းရန်အမိန့်ချမှတ်ရမည်။
<ပြင်ဆင် 23.03.2015>
၃၈။ တရားရုံးသည်ပြည်သူ့ဘဏ္ဍာအဖြစ်သိမ်းဆည်းသော မြေဩဇာကို စီမံခန့်ခွဲရန် စိုက်ပျိုးရေးဦးစီးဌာနသို့ လွှဲပြောင်းပေးရမည်။
<ပြင်ဆင် 23.03.2015>

အခန်း (၁၂)
အထွေထွေ
၃၉။ ဤဥပဒေ ပြဋ္ဌာန်းသည့်နေ့တွင် မြေဩဇာလုပ်ငန်းတစ်ခုခုကိုလုပ်ကိုင်နေသူသည် ယင်းလုပ်ငန်း ကို ဆက်လက်လုပ်ကိုင်လိုပါက ဤဥပဒေပြဋ္ဌာန်းသည့်နေ့မှ ရက်ပေါင်း ၉၀ အတွင်း လိုအပ်သော မှတ်ပုံတင်လက်မှတ် သို့မဟုတ် လိုင်စင်ရယူရန် သတ်မှတ်ချက်များ နှင့်အညီလျှောက် ထားရမည်။
၄၀။ ဝန်ကြီးဌာနသည် မှတ်ပုံတင်ခ၊ လိုင်စင်ခ၊ သက်တမ်းတိုးမြှင့်ခနှင့် ဓာတ်ခွဲစမ်းသပ်စစ်ဆေးခ တို့ကို သတ်မှတ်ရမည်။
၄၁။ ဝန်ကြီးဌာနသည် မြေဩဇာကိုသုံးစွဲခြင်းနှင့်မြေဩဇာလုပ်ငန်းတစ်ခုခုအတွက်မှတ်ပုံတင်လက် မှတ်လျှောက်ထားခြင်း၊ လိုင်စင်လျှောက်ထားခြင်း၊ အခကြေးငွေပေးဆောင်ခြင်းတို့နှင့် စပ်လျဉ်း၍ အစိုးရဌာန၊ အဖွဲ့အစည်းတစ်ခုခုအား ကင်းလွတ်ခွင့် ပြုနိုင်သည်။
၄၂။ စိုက်ပျိုးရေးဦးစီးဌာနသည် ဤဥပဒေအရရရန်ရှိသော ဒဏ်ကြေးနှင့် အခကြေးငွေများကို ပေးဆောင်ရန် ပျက်ကွက်သူထံမှ ထိုဒဏ်ကြေးနှင့် အခကြေးငွေများကို မြေခွန်မပြေကျန်ငွေဖြစ် ဘိသကဲ့သို့ အရကောက်ခံရန် သက်ဆိုင်ရာဦးစီးမှူး တစ်ဦးဦးအား တာဝန်ပေးအပ်ရမည်။
<ပြင်ဆင် 23.03.2015>
၄၃။ မှတ်ပုံတင်လက်မှတ် သို့မဟုတ် လိုင်စင်ကို ကာလအကန့်အသတ်ဖြင့် ဆိုင်းငံ့ခြင်း သို့မဟုတ် ပယ်ဖျက်ခြင်း ခံရသူသည် မိမိလက်ဝယ်တွင်ရှိသော မြေဩဇာနှင့် စပ်လျဉ်း၍ မြေဩဇာကော်မတီ သို့မဟုတ် စိုက်ပျိုးရေးဦးစီးဌာနက ညွှန်ကြားသည့်အတိုင်းလိုက်နာဆောင်ရွက်ရမည်။
<ပြင်ဆင် 23.03.2015>
၄၄။ မြေဩဇာကို ပြည်တွင်းသို့တင်သွင်းရန်ဖြစ်စေ၊ ပြည်ပသို့တင်ပို့ရန်ဖြစ်စေ ပါမစ် သို့မဟုတ် လိုင်စင်ထုတ်ပေးရန် လျှောက်ထားလာပါက ပါမစ် သို့မဟုတ် လိုင်စင်ထုတ်ပေးပိုင်ခွင့်ရှိသော အစိုးရ ဌာန၊ အဖွဲ့အစည်းသည် စိုက်ပျိုးရေးဦးစီးဌာန၏ ထောက်ခံချက်ကို လျှေက်လွှာနှင့်အတူ ပူးတွဲ တင်ပြနိုင်သူကိုသာ ပါမစ် သို့မဟုတ် လိုင်စင်ထုတ်ပေးနိုင်သည်။
<ပြင်ဆင် 23.03.2015>
၄၅။ ဤဥပဒေအရ တရားဆွဲဆိုသော ပြစ်မှုများတွင် မြေဩဇာနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေးဦးစီးဌာန၏ ဓာတ်ခွဲစမ်းသပ် စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာသည် ယင်းပြစ်မှုအတွက် အပြီးသတ် သက်သေခံချက် ဖြစ်စေရမည်။
<ပြင်ဆင် 23.03.2015>
၄၆။ ဤဥပဒေပုဒ်မ ၃၇ အရ တရားစွဲဆိုသော ပြစ်မှုကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က အရေးယူနိုင်သော ပြစ်မှုအဖြစ်သတ်မှတ်သည်။
၄၇။ ဤဥပဒေအရ တရားစွဲဆိုသော ပြစ်မှုနှင့် သက်ဆိုင်သည့် သက်သေခံပစ္စည်းကို တရားရုံးရှေ့ သို့တင်ပို့ရန် လွယ်ကူခြင်းမရှိပါက ယင်းသက်သေခံပစ္စည်းကိုတရားရုံး ရှေ့သို့တင်ပို့ခြင်းမပြုဘဲ မည်ကဲ့သို့ ထိန်းသိမ်းထားကြောင်းကို အစီရင်ခံစာ သို့မဟုတ် သက်ဆိုင်ရာ အခြားစာရွက်စာတမ်း အ ထောက်အထားများဖြင့် တင်ပြနိုင်သည်။ ယင်းသို့တင်ပြခြင်းကို တရားရုံးရှေ့သို့ သက်သေခံပစ္စည်း တင်ပြဘိသကဲ့သို့ မှတ်ယူကာ သက်ဆိုင်ရာ တရားရုံးက ဥပဒေနှင့်အညီ စီမံခန့်ခွဲခြင်း ပြုနိုင် သည်။
၄၈။ ဤဥပဒေပါပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင်-
(က) ဝန်ကြီးဌာနသည် လိုအပ်သော နည်းဥပဒေများနှင့် လုပ်ထုံးလုပ်နည်းများကို အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ထုတ်ပြန်နိုင်သည်။
(ခ) ဝန်ကြီးဌာန၊ မြေဩဇာ ကော်မတီနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့သည် လိုအပ်သော အမိန့် ကြော်ငြာစာ၊ အမိန့်နှင့် ညွှန်ကြားချက်များကို ထုတ်ပြန်နိုင်သည်။
<ပြင်ဆင် 23.03.2015>

(ပုံ)သန်းရွှေ
ဗိုလ်ချုပ်မှူးကြီး
ဥက္ကဋ္ဌ
နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ

Leave a comment